အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း။ ၃၁
ဝုန်း….
ချန်ကျီရှင်း၏ စကားလုံးများသည် မျိုးနွယ်စုအကြီးအကဲ၏ စိတ်အာရုံထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွားတော့သည်။ သူသည် မထိန်းနိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိပြီး စိတ်ကိုပြန်လည်တည်ငြိမ်စေရန် အသက်ကို အကြိမ်ကြိမ် ပြင်းပြင်းရှူလိုက်ရသည်။
“အဓိပ္ပာယ်မရှိတာ”
အကြီးအကဲသည် သူ၏ တည်ငြိမ်မှုကို အတင်းအကျပ် ပြန်လည်စုစည်းကာ မေးခွန်းပြန်
ထုတ်လိုက်သည်။
“မင်းပြောတာသာ အမှန်ဆိုရင်... ငါတို့ရဲ့ ဘိုးဘေးကြီးက ဘာလို့ ဒီကျင့်စဉ်ကို အားကိုးပြီး ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တာလဲ”
သူ့စကားအဆုံးတွင် ချန်မိသားစုတပည့်များကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းကို အသာအယာ ငြိမ့်လိုက်ကြသည်။
အမှန်ပဲ ချန်ကျီရှင်းပြောသလိုသာဆို ဘိုးဘေးကြီးက ဘယ်လိုဖြစ်ပြီး အဲ့အဆင့်အတန်းကိုရောက်သွားတာလဲ။
ချန်ကျီရှင်းက အကြီးအကဲကို တစ်ချက်ကြည့်ကာ တည်ငြိမ်အေးဆေးစွာပင် ပြောလိုက်သည်။
“လောကကြီးက ကျယ်သလို လူတစ်ယောက်နဲ့တစ်ယောက်ကလည်း မတူညီကြပါဘူး”
“ဘိုးဘေးကြီးက ဒီကျင့်စဉ်ကို သုံးပြီး ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို ရောက်သွားနိုင်ခဲ့တာက... ဘိုးဘေးကြီးက မွေးရာပါ ဝိညာဉ်ငါးပါး ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်နေလို့ပဲ”
“မွေးရာပါ ဝိညာဉ်ငါးပါးခန္ဓာကိုယ်ဆိုတာ ရွှေ၊ သစ်သား၊ ရေ၊ မီးနဲ့ မြေဆိုတဲ့ ဓာတ်ကြီးငါးပါးရဲ့ မူလအမြစ်တွေကို အလိုအလျောက် ပေါင်းစပ်ပေးနိုင်တဲ့ စွမ်းအားရှိတယ်”
ဤနေရာတွင် ချန်ကျီရှင်းက စကားကို ခေတ္တရပ်လိုက်ပြီးနောက် အေးစက်စက် လှောင်ရယ်သံနှင့်အတူ ဆက်ပြောလိုက်သည်။
“အကြီးအကဲ... အကြီးအကဲမှာရော အဲဒီလို မွေးရာပါ ဝိညာဉ်ငါးပါးခန္ဓာကိုယ် ရှိလို့လား”
“ငါ... ငါက...”
ခဏချင်းမှာပင် အကြီးအကဲမှာ စကားအထစ်ထစ်အငေါ့ငေါ့ဖြစ်သွားပြီး ချန်ကျီရှင်းကို ကြည့်ကာ ဘာပြန်ပြောရမှန်း မသိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ချန်ကျီရှင်းပြောသကဲ့သို့ပင် ချန်မိသားစုကို တည်ထောင်ခဲ့သော ဘိုးဘေးကြီးသည် တကယ်ပင် ထိုထူးခြားသော ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ခဲ့သောကြောင့်ပင်။
“မင်း... မင်း... ဘယ်သူမဆို ဒီလိုမျိုး လျှောက်ပြောလို့ရတာပဲ မင်းမှာ ဘာသက်သေရှိလဲ ငါ ထပ်မေးမယ်... မင်းတစ်ယောက်တည်းပဲ ဒါကို မြင်နိုင်လောက်အောင် တော်နေတာလား။ ချန်မိသားစုထဲက ကျင့်ကြံမှုအဆင့်မြင့်တဲ့ ပညာရှင်ကြီးတွေက ဘာလို့ ဒါကို မမြင်ကြတာလဲ တခြားသူတွေကရော ဘာလို့ ဒီကျင့်စဉ်ကိုပဲ ဆက်ပြီး လေ့ကျင့်နေကြတာလဲ”
အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်ပြန်သည်။
ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းမှာ မအောင့်နိုင်တော့ဘဲ ခပ်တိုးတိုး ရယ်မောလိုက်မိသည်။
သူ၏ အမူအရာမှာ တစ်စုံတစ်ယောက်က သူ့ကို အကျိုးအကြောင်းနှင့် ယှဉ်ပြီး ပြောလျှင် သူက လူမိုက်တစ်ယောက်လို အဓိပ္ပာယ်မရှိသည်များကိုသာ ပြန်ပြောနေသည့်အလားပင်။
ချန်ကျီရှင်းက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း အေးစက်တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ဘာကြောင့်လဲ ဟုတ်လား အတိတ်ကို အလွန်အကျွံ တန်ဖိုးထားပြီး လက်ရှိပစ္စုပ္ပန်ကို အထင်သေးတတ်တဲ့ ခင်ဗျားတို့လို လူမိုက်တွေ အများကြီး ရှိနေလို့ပေါ့”
ထိုစကားကြောင့် အကြီးအကဲမှာ လူမိုက်ဟူသော အသုံးအနှုန်းကို ကြားလိုက်ရသဖြင့် ဒေါသတကြီး တုန်ရီသွားတော့သည်။ သူ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း...
ချန်ကျီရှင်းကပင် ဆက်၍ ပြောလိုက်သည်။
“ခင်ဗျားတို့လို လူတွေက ကိုယ့်အခြေအနေနဲ့ကိုယ် ဘယ်လို လိုက်လျောညီထွေအောင် လုပ်ရမလဲဆိုတာကို နားမလည်ဘဲ ရှေးလူကြီးတွေကိုပဲ မျက်စိမှိတ်ပြီး အတုခိုးနေကြတာ။ ဘိုးဘေးတွေရဲ့ ထုံးတမ်းစဉ်လာကို မဖောက်ဖျက်ရဘူး။ အစဉ်အလာဟောင်းတွေကို မပြောင်းလဲရဘူး။ ဘိုးဘေးတွေ ပြောသမျှ အကုန်မှန်တယ်။ သူတို့ရဲ့ နည်းလမ်းတွေက အစွမ်းအထက်ဆုံးပဲလို့ ခင်ဗျားတို့ ယုံကြည်နေကြတာ”
“ဘိုးဘေးတွေရဲ့ စကားက မှားနေရင်တောင် ခင်ဗျားတို့က အမှန်ဖြစ်အောင် အတင်းအဓမ္မ အဓိပ္ပာယ်ဖွင့်ပြီး ကွေ့ဝိုက်ပြီး တွေးနေကြတာပဲ”
“တကယ်တော့ ခေတ်အဆက်ဆက် ပြောင်းလဲလာတာနဲ့အမျှ မျိုးဆက်သစ်တိုင်းက အရင်မျိုးဆက်ထက် ပိုပြီး အစွမ်းထက်လာကြတယ်ဆိုတာ ခင်ဗျားတို့ မသိကြဘူး။ ခေတ်တွေက တိုးတက်နေတာဗျ။ ကျွန်တော်တို့က ဘိုးဘေးတွေရဲ့ ပခုံးပေါ်မှာ ရပ်နေကြတာမို့ သူတို့ထက် ပိုမြင့်တဲ့နေရာကနေ ပိုဝေးတဲ့နေရာကို မြင်နိုင်ဖို့ ကံပါလာပြီးသားပဲ”
သူက ခေတ္တမျှ စကားကို ရပ်လိုက်သည်။
ချန်ကျီရှင်းသည် ဝေးကွာလှသော တောင်တန်းကြီးများဆီသို့ လှမ်းမျှော်ကြည့်ရင်း လေးလေးပင်ပင် ပြောလိုက်သည်။
“ဘိုးဘေးတွေအပေါ်မှာ ထားရှိရမယ့် သဘောထားက လေးစားမှုနဲ့ ကြည်ညိုမှုပဲ။ သူတို့က လက်ရှိ ချန်မိသားစု ဖြစ်တည်လာအောင် လမ်းဖောက်ပေးခဲ့သူတွေမို့ သူတို့ကို ရိုသေထိုက်ပါတယ်”
“ဒါပေမဲ့ ဘိုးဘေးတွေ ပြောခဲ့သမျှ လုပ်ခဲ့သမျှကို ရွှေပေလွှာလို သတ်မှတ်ပြီး မျက်စိမှိတ် လိုက်နာရမယ်လို့ မဆိုလိုဘူး သူတို့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေကို ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုက်ညီတာပဲဖြစ်ဖြစ် မကိုက်ညီတာပဲဖြစ်ဖြစ် အတင်းအဓမ္မ လိုက်လုပ်နေဖို့ မဟုတ်ဘူး”
“အနှစ်သာရကို ယူပြီး အမှိုက်တွေကို စွန့်ပစ်ရမှာ အဲဒါမှ ချန်မိသားစုရဲ့ ကျင့်ကြံသူတွေမှာ ရှိသင့်တဲ့ သဘောထားနဲ့ လက်တွေ့လုပ်ဆောင်မှုပဲ”
ချန်ကျီရှင်း စကားအဆုံးတွင်မူ တောင်ထိပ်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ချန်မိသားစုတပည့်များအားလုံးမှာ မျက်လုံးအဝိုင်းသားနှင့် ချန်ကျီရှင်းကို စိုက်ကြည့်နေကြသည်။ ထိုစဉ်မှာပင် ချန်ကျောက်ရှန်းသည်လည်း ခေါင်းကို ငုံ့ထားရင်း တစ်စုံတစ်ခုကို လေးနက်စွာ စဉ်းစားနေပုံပင်။
“မင်း...”
သို့သော်လည်း အကြီးအကဲမှာမူ လူမိုက်ဟူသော စကားလုံးကိုသာ စိတ်ထဲတွင် စွဲလမ်းနေဆဲဖြစ်ပြီး အေးစက်သော အပြုံးနှင့်အတူ ပြောလိုက်သည်။
“မင်းလို လူငယ်တစ်ယောက်က စကားကြီးစကားကျယ်တွေ ပြောတာတော့ ဘယ်သူမဆို လုပ်နိုင်တာပေါ့။ သက်သေက ဘယ်မှာလဲ မင်းပြောတာတွေအတွက် သက်သေပြစရာ တစ်ခုခု ရှိလို့လား”
ချန်ကျီရှင်းက အကြီးအကဲကို လှည့်ကြည့်လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ရုတ်တရက် ခပ်တိုးတိုး ရယ်မောလိုက်သည်။
ထားလိုက်ပါတော့။
ငါ သူ့လိုနလပိန်တုံးကို ဘာလို့ ဒီလောက်တောင် အများကြီး ရှင်းပြနေမိတာလဲ။
“ကုမရတော့ဘူးပဲ”
ချန်ကျီရှင်းက နောက်ဆုံးတစ်ခွန်းကိုသာ ပြောလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
ထိုစဉ်မှာပင်…
“သက်သေပြနေဖို့ မလိုတော့ပါဘူး”
“ဘာလို့လဲဆိုတော့... ငါကိုယ်တိုင်က အကောင်းဆုံး သက်သေပဲမို့လို့”
ညင်သာသော သက်ပြင်းချသံတစ်ခု ပဲ့တင်ထပ်သွားသည်။
နောက်တစ်စက္ကန့်တွင်မူ ရှေးဟောင်းတာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင် အသက်အရွယ်ကြောင့်ဖြစ်သော အစအနများဖြင့် ပြည့်နှက်နေသည့် သေမင်းအရှိန်အဝါများ လွှမ်းမိုးနေသော အဖိုးအိုတစ်ဦး တောင်ထိပ်ပေါ်တွင် ပေါ်လာသည်။
ချန်မိသားစုတပည့်များအားလုံးမှာ အသံလာရာသို့ လှည့်ကြည့်လိုက်ကြပြီး ဇဝေဇဝါ ဖြစ်သွားကြသည်။
ဒီပုဂ္ဂိုလ်က ဘယ်သူလဲ။
သင်ကြားရေးအကြီးအကဲမှာမူ ထိုပိန်လှီလှသော အဖိုးအိုကို မြင်လိုက်ရသည့် ခဏ၌ မှင်သက်သွားပြီးနောက် သူ၏မျက်နှာတွင် မယုံနိုင်စရာကောင်းသော ဝမ်းသာအားရမှုများ ချက်ချင်းပင် ပေါ်ပေါက်လာသည်။
သူသည် ထိုပုဂ္ဂိုလ်ကို ရိုသေစွာဖြင့် နှုတ်ဆက်စကား ဆိုရန် ပြင်လိုက်သော်လည်း...
“ရှူး...”
ပိန်လှီလှသော အဖိုးအိုက သူ့ကို ခေါင်းအသာခါယမ်းပြကာ တားမြစ်လိုက်သည်။ ထို့နောက် ထွက်ခွာရန် လှည့်လိုက်သော ချန်ကျီရှင်းကို ကြည့်ကာ မေးလိုက်သည်။
“ကျီရှင်းလေး... မင်းကို ငါတစ်ခုလောက် မေးပါရစေ။ ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို တက်လှမ်းဖို့အတွက် တခြားနည်းလမ်းရော ရှိသေးလား”
ချန်ကျီရှင်းမှာ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မရင်းနှီးသော ထိုအဖိုးအိုကို လှည့်ကြည့်ကာ ခေါင်းခါရင်း ပြောလိုက်သည်။
“ကျွန်တော် ပြောခဲ့သလိုပါပဲ... လောကကြီးက ကျယ်သလောက် လူတစ်ယောက်ချင်းစီမှာလည်း မတူညီတဲ့ လမ်းစဉ်တွေ ရှိကြတာပါ”
“ကျွန်တော့်အမြင်အရတော့ ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို တက်လှမ်းဖို့ဆိုတာ ရှေးလူကြီးတွေကို အတုခိုးနေရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ စစ်မှန်တဲ့ပုံစံကို ရှာဖွေပြီး ကိုယ့်လမ်းကိုကိုယ် လျှောက်နိုင်မှ အဲဒီအပေါ်မှာ အချိန်ပေးပြီး နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်မှသာ အခွင့်အရေးကို ရှာတွေ့နိုင်မှာပါ”
ပြောပြီးနောက်တွင်မူ ချန်ကျီရှင်းသည် ဆက်၍ မနေတော့ဘဲ လှည့်ထွက်သွားတော့သည်။
ပိန်လှီသောအဖိုးအိုသည် ချန်ကျီရှင်း ထွက်ခွာသွားသော ပုံရိပ်ကို လေးနက်စွာ စဉ်းစားနေသည့် အမူအရာဖြင့် ကြည့်ကာ ကျန်ရစ်ခဲ့သည်။
“ဒီကလေးကတော့ စကားကြီးစကားကျယ်တွေ ပြောနေတာပဲ... သူ့ကိုတော့ ငါ နောက်မှ သေချာ ကိုင်တွယ်ရမယ်...”
သင်ကြားရေးအကြီးအကဲမှာ မျက်နှာချိုသွေးလျက် ရှေ့သို့ အပြေးအလွှား တိုးသွားရင်း ရေရွတ်လိုက်သည်။
သို့သော် သူ၏စကားပင် မဆုံးသေးမီမှာပင်…
“မလိုတော့ပါဘူး။ ဖြစ်နိုင်တာက... သူ ပြောတာ မှန်နေလိမ့်မယ်”
ပိန်လှီလှသော အဖိုးအိုမှာ ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး သူ၏ပုံရိပ်မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။
သင်ကြားရေးအကြီးအကဲမှာ ထိုစကားကို ကြားလိုက်ရချိန်၌ တစ်ကိုယ်လုံး ကျောက်ရုပ်ကဲ့သို့ အေးခဲသွားရသည်။
“အကြီးအကဲ... ခုနက ပုဂ္ဂိုလ်ကြီးက ဘယ်သူလဲဟင်”
“ဟုတ်ပ... ကျွန်တော်တို့ ချန်မိသားစုမှာ သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး”
“သူက အသစ်ရောက်လာတဲ့ အထူးဧည့်သည်တော် အကြီးအကဲလား”
ချန်မိသားစုတပည့်များမှာ စူးစမ်းလိုစိတ်ဖြင့် အကြီးအကဲအနားသို့ ဝိုင်းအုံလာကြသည်။
အကြီးအကဲမှာ သတိပြန်ဝင်လာပြီးနောက် သူတို့ကို စူးစူးဝါးဝါး ကြည့်ကာ “မမေးသင့်တာကို မမေးနဲ့ ကိုယ့်ဟာကိုယ် ဆက်ပြီး ကျင့်ကြံကြစမ်း” ဟု အော်ဟစ်ကာ ငေါက်ငမ်းလိုက်သည်။
...
...
တတိယမြောက် တောင်ထိပ်သို့ ပြန်အရောက် အဝေးကတည်းကပင် ချန်ကျီရှင်းသည် ဟင်းချက်သည့် အနံ့မွှေးမွှေးလေးကို ရလိုက်သည်။
ပိလော့မှာ ခြင်္သေ့ခေါင်း ဝက်သားလုံးဟင်းပန်းကန်ကို စားပွဲပေါ်သို့ ချလိုက်စဉ် ချန်ကျီရှင်း ပြန်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“အယ်... သခင်လေး ဒီနေ့ ဘာလို့ ဒီလောက်တောင် စောစောပြန်လာတာလဲ ဟိုအကြီးအကဲက သခင်လေးကို ထပ်ပြီး အပြစ်တင်နေပြန်ပြီလား”
“သူက ငါ့ကို အပြစ်တင်တာလား ငါက သူ့ကို ဒုက္ခမပေးခဲ့တာပဲ ကံကောင်းတယ်လို့ မှတ်ရမယ်”
ချန်ကျီရှင်းမှာ ခေါင်းကို ပေါ့ပေါ့ပါးပါးပင် ခါယမ်းလိုက်ပြီး ထမင်းစားရန် ပြင်ဆင်လိုက်သည်။ သူသည် ခြင်္သေ့ခေါင်း ဝက်သားလုံးတစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်ပြီး ဝါးလိုက်ချိန်၌ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားတော့သည်။
“ပိလော့... မင်းရဲ့လက်ရာက ပိုပိုပြီး ကောင်းလာပါလား”
ပိလော့မှာ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းလေးငုံ့ကာ “သခင်လေး ကြိုက်ရင်ပဲ ကျေနပ်ပါပြီရှင်”
“သိပ်ကြိုက်တာပေါ့”
ချန်ကျီရှင်းက ပြုံးလျက် “တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လင်းအန်မြို့ရဲ့ လမ်းဘေးကနေ မင်းကို ခေါ်လာခဲ့တာက ငါ့ဘဝရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ။ မင်းရဲ့ ဟင်းချက်လက်ရာကတော့... တကယ့်ကို အံ့မခန်းပဲ”
လွန်ခဲ့သော ရှစ်နှစ်ခန့်က ချန်ကျီရှင်းတို့ မိသားစုသည် လင်းအန်မြို့၏ လမ်းမများပေါ်တွင် အေးခဲကာ သေလုမြောပါး ဖြစ်နေသော တောင်းရမ်းစားသောက်သူ မိန်းကလေးငယ် ပိလော့ကို ကောက်ယူကာ မွေးစားခဲ့ခြင်းပင်။ ပိလော့မှာ ထိုစကားကို ကြားသောအခါ ခေါင်းညိတ်၍ ပြုံးရယ်ရင်း “အဲဒါက ကျွန်မအတွက်တော့ အကောင်းဆုံး ကံကြမ္မာပါပဲ သခင်လေးရယ်”
စကားကို ခေတ္တရပ်လိုက်ပြီးနောက်...
ပိလော့မှာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နဖူးကို လက်နှင့် ရိုက်လိုက်သည်။
“အလိုလေး... ကျွန်မရဲ့ မှတ်ဉာဏ်ကတော့ ခက်ပြီ... ဟုတ်သားပဲ သခင်လေး... ကျွန်မ မကြာသေးခင်က လူတစ်ယောက်ကို ရှာတွေ့ထားတယ်”
“အော်”
ချန်ကျီရှင်းက သူ၏ ထမင်းစားတံစို့ကို ပြန်ချလိုက်ပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။
“ဘယ်သူလဲ သူ အခု ဘယ်မှာလဲ”
ပိလော့က အလျင်အမြန် ပြန်ဖြေသည်။
“အဲဒီလူရဲ့ နာမည်က ယဲ့ချန်တဲ့။ သူ့ရဲ့ စကားအသုံးအနှုန်းတွေက တကယ့်ကို ထူးဆန်းတယ် သခင်လေးရဲ့။ သူက တစ်ယောက်ယောက်နဲ့ ရန်ဖြစ်တိုင်း မင်းကတော့ သေလမ်းကို ရွေးနေတာပဲ။ မင်းတို့က ကြက်ဆင်တွေထက် မပိုပါဘူး။ ငါ ယဲ့ချန်ကို အရှက်ခွဲလို့ မရဘူး။ ဒီနေ့ မင်းတို့လုပ်ရပ်အတွက် နောင်တရစေရမယ်။ ငါ စကားတစ်ခွန်းပဲ ပြောလိုက်ရင် ဒီမြို့တစ်မြို့လုံး ဓားစက်ဝန်းအောက် ရောက်သွားစေရမယ်။ ယုံသလားဆိုပြီး အမြဲပြောတတ်တာ”
“အခု သူက လင်းအန်မြို့မှာပဲ ရှိနေတာပါ။ ဒါပေမဲ့ မြို့ထဲက နဂါးနက်ဂိုဏ်းကို သွားစော်ကားမိလို့ သူတို့လူတွေရဲ့ အရိုက်အနှက်ခံရပြီး သေလုမြောပါး အခြေအနေနဲ့ အကျဉ်းကျနေတာပါ”
အခန်း။ ၃၂
“ယဲ့ချန် ဟုတ်လား”
ချန်ကျီရှင်းက မျက်ခုံးနှစ်ဖက်ကို ပင့်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် စဉ်းစားဆင်ခြင်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။
ဤလူသည် ဤကျင့်ကြံခြင်းလောကကြီး၏ ကံကြမ္မာအလိုကျ ရွေးချယ်ခံရသူများထဲမှ တစ်ဦး ဖြစ်မဖြစ် သူ အသေအချာ မသိနိုင်သော်လည်း ထိုသူ၏ ပြုမူပြောဆိုပုံများကို ကြည့်ရလျှင် ဖြစ်နိုင်ခြေ အတော်လေး များနေသည်။
“ငါ သွားကြည့်လိုက်ဦးမယ်”
ချန်ကျီရှင်းက ထိုစကားတစ်ခွန်းကိုသာ ပြောကာ ချက်ချင်းပင် ထရပ်၍ ဇီဝေတောင်အောက်သို့ ဆင်းသွားတော့သည်။
“သခင်လေး... ထမင်းအရင် ကုန်အောင်စားဦးလေ...”
ပိလော့၏ စကားပင် မဆုံးသေးမီမှာပင် ချန်ကျီရှင်းမှာ တတိယတောင်ထိပ်မှ ဆင်းသွားခဲ့ပြီ ဖြစ်သည်။
...
...
လင်းအန်မြို့သည် ယန့်ကျိုးနယ်၏ အဓိကမြို့ကြီးများထဲမှ တစ်ခုဖြစ်ပြီး ရှေးယခင်ကတည်းက စည်ကားဝပြောခဲ့သော မြို့ဖြစ်သည်။
ထို့ပြင် ဤမြို့မှာ အစဉ်အမြဲပင် ချန်မိသားစု၏ နယ်မြေအဖြစ် တည်ရှိခဲ့သည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က ချန်ကျီရှင်း တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်းတွင် ချန်မိသားစုသည် ဤအခြေအနေများကို ပိုမိုဂရုပြုလာခဲ့ပြီး ယခုအခါ လင်းအန်မြို့၌ အကာအကွယ်အတားအဆီးတစ်ခုကိုပါ ထည့်သွင်းထားခဲ့သည်။ အကယ်၍ ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်အထက် တိုက်ပွဲများ ဖြစ်ပွားလာပါက ထိုအကာအကွယ်မှာ အလိုအလျောက် ပေါ်ပေါက်လာပြီး တိုက်ခိုက်သူများကို ချက်ချင်းပင် ဖိနှိပ်ပစ်မည်ဖြစ်သည်။
ဆယ်နှစ်တာ ပြန်လည်ထူထောင်ပြီးနောက်တွင် လင်းအန်မြို့၏ စည်ကားမှုမှာ အတိတ်ကထက်ပင် ပိုမိုသာလွန်လာခဲ့သည်။ ထို့အတူ နဂါးနက်ဂိုဏ်းကဲ့သို့သော လမ်းသရဲဂိုဏ်းလေးများလည်း အပြိုင်အဆိုင် ပေါ်ပေါက်လာခဲ့ကြသည်။
နဂါးနက်ဂိုဏ်းသည် လင်းအန်မြို့၏ အင်အားကြီးဂိုဏ်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင်တစ်ထောင်ကျော် ရှိသည်။ သူတို့၏ ခေါင်းဆောင် ရွှယ်တာလုံမှာ ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်တွင် ရှိသည်။
ဤကျင့်ကြံမှုအဆင့်မှာ ကျင့်ကြံခြင်းလောကတွင် ပြောပလောက်သည့် အဆင့်မဟုတ်သော်လည်း သာမန်လူသားများကြားတွင်မူ သူသည် ယှဉ်ပြိုင်၍မရသော သူရဲကောင်းတစ်ဦးပင်။
သို့သော်လည်း ရွှယ်တာလုံသည် အရာရာကို ချင့်ချိန်လုပ်ကိုင်တတ်သူဖြစ်ပြီး နဂါးနက်ဂိုဏ်းကို ဦးဆောင်ရာတွင်လည်း စည်းကျော်သည့် လုပ်ရပ်မျိုးကို လုံးဝ မလုပ်ခဲ့ပေ။ ထို့ကြောင့်ပင် ချန်
မိသားစုကလည်း နားတစ်ဖက်ပိတ်၍ မျက်စိတစ်ဖက်မှိတ်ကာ လွှတ်ထားပေးခဲ့ခြင်းပင်။
တကယ်တော့ ရေကြည်လွန်းလျှင် ငါးမခိုဆိုသကဲ့သို့ လူစုလူဝေးရှိရာအရပ်တွင် အငြင်းပွားမှုများ၊ တိုက်ခိုက်မှုများဖြင့် ပြည့်နှက်နေသည့် ကျန်းဟူလောကမှာ အမြဲရှိနေစမြဲပင်။
လင်းအန်မြို့အတွင်း ဂိုဏ်းအသီးသီးက အာဏာလုရင်း ဆူပူသောင်းကျန်းနေသည်ထက် နဂါးနက်ဂိုဏ်း တစ်ဂိုဏ်းတည်းကသာ ကြီးစိုးထားခြင်းက ပို၍ စနစ်ကျသည်။ အကယ်၍ တစ်နေ့တွင် နဂါးနက်ဂိုဏ်းကို အသုံးမကျတော့ဘူးဟု ယူဆပါကလည်း သူတို့ကို အလွယ်တကူ အမြစ်ပြတ်ချေမှုန်းပြီး နောက်ထပ် ဂိုဏ်းသစ်တစ်ခုကို အစားထိုး မွေးမြူရုံသာ ရှိသည်။
ယနေ့တွင်မူ နဂါးနက်ဂိုဏ်းဌာနချုပ်၏ ခြံဝင်းတစ်ခုအတွင်း၌ နဂါးနက်ဂိုဏ်းခေါင်းဆောင် ရွှယ်တာလုံသည် ညိုမှောင်သော အသားအရေနှင့် ခံ့ညားစွာပင် ကုလားထိုင်ကြီးပေါ်တွင် သက်သောင့်သက်သာ ထိုင်နေသည်။ သူ၏ လက်ထဲတွင် နွေးထွေးသော လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး ခွက်မျက်နှာပြင်ပေါ်မှ လက်ဖက်ရည်ပွင့်လေးများကို အသာအယာ မှုတ်ထုတ်နေ၏။
သူ၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ ချောမောလှပသော အစေခံမိန်းကလေး နှစ်ဦးက သူ၏ခြေထောက်များကို နှိပ်နယ်ပေးနေကြသည်။
“ဒါမှ တကယ့်ဘဝလို့ ခေါ်တာပေါ့”
ရွှယ်တာလုံမှာ မထိန်းနိုင်ဘဲ ကျေနပ်စွာ သက်ပြင်းချလိုက်မိသည်။
လူ့ဘဝဆိုသည်မှာ ဆယ်စုနှစ် အနည်းငယ်မျှသာ ရှိသည်။ ခက်ခဲပင်ပန်းလှသည့် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်တွင် ရုန်းကန်နေမည့်အစား တစ်နေရာရာတွင် အေးအေးလူလူ လှဲလျောင်းရင်း ဘဝကို ဆယ်စုနှစ် အနည်းငယ်မျှ အေးချမ်းစွာ ခံစားသွားခြင်းက ပို၍ ကောင်းသည်ဟု သူ ယူဆထားသည်။ သူသည် ကျင့်ကြံခြင်းလောကတွင် ကျင်လည်ခဲ့ဖူးသော်လည်း အကြိမ်ကြိမ် အခက်တွေ့ခဲ့ရပြီးနောက် ထာဝရအသက်ရှည်ခြင်းနှင့် နတ်ဘုရားဖြစ်ရန် ကြိုးပမ်းမှုများကို စိတ်ကုန်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
တကယ်တော့ သူ့တွင် ပါရမီလည်းမရှိသလို ကျောထောက်နောက်ခံလည်း မရှိပေ။ ဆုပ်ကိုင်၍မရသော ထာဝရရှင်သန်ခြင်းကို လိုက်လံဖမ်းဆုပ်နေမည့်အစား ဤလောကီစည်းစိမ်များကြားတွင် ပစ္စုပ္ပန်ကို အကောင်းဆုံး ခံစားသွားခြင်းကသာ ပို၍ မှန်ကန်ပေလိမ့်မည်။
“ဆရာကြီး... အပြင်မှာ လူငယ်လေးတစ်ယောက်က ဆရာကြီးကို တွေ့ချင်လို့တဲ့ဗျ”
ဝဝဖိုင့်ဖိုင့် ဂိုဏ်းသားတစ်ဦးမှာ ခန်းမထဲသို့ အပြေးအလွှား ဝင်လာရင်း သတင်းပို့သည်။
“ငါ့ကို တွေ့ချင်တယ် ဟုတ်လား ဒီနေ့ ငါ စိတ်ကြည်နေတုန်းမှာ သူ့ကို မြန်မြန် ထွက်သွားခိုင်းလိုက်စမ်း”
ရွှယ်တာလုံက စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်သည်။
“ဟုတ်ကဲ့ပါ”
ဂိုဏ်းသားမှာ ခေါင်းညိတ်လိုက်ပြီး အပြင်က လူငယ်ကို မောင်းထုတ်ရန် ပြင်လိုက်စဉ်မှာပင်...
ရွှယ်တာလုံမှာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် လှမ်းအော်လိုက်သည်။
“နေဦး ပြောစမ်း... အဲဒီလူငယ်က ဘယ်လို ပုံစံမျိုးလဲ”
ဂိုဏ်းသားမှာ ခေတ္တစဉ်းစားလိုက်ပြီး “ဆရာကြီး... အဲဒီလူငယ်က ကြည့်ရတာ အရမ်းကို ချောမောသန့်ပြန့်ပြီး သပ်သပ်ရပ်ရပ်ပဲ။ ဝတ်စားထားတာကလည်း တန်ဖိုးကြီး အဝတ်အထည်တွေဖြစ်ပြီး အမူအရာကလည်း ထူးခြားလွန်းတယ်။ သာမန်အရပ်သားတွေနဲ့ လုံးဝ မတူတာမို့ မွန်မြတ်တဲ့ မျိုးရိုးက ဖြစ်မယ်ထင်တယ် ဆရာကြီး”
ထိုစကားကို ကြားလိုက်ရချိန်၌ ရွှယ်တာလုံမှာ တစ်ကိုယ်လုံး တုန်တက်သွားပြီး ထိုင်ရာမှ မတ်မတ်ထိုင်လိုက်မိသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒါ... တတိယသခင်လေးများလား”
သူသည် ဂိုဏ်းသားကို အလျင်အမြန်ပင် ပြန်မေးလိုက်သည်။
“မင်း... မင်း အဲဒီလူငယ်ကို သွားပြီးတော့ မစော်ကားမိဘူး မဟုတ်လား”
ဂိုဏ်းသားဖြစ်သူက ပြုံးလျက်ပင် ပြန်ဖြေသည်။
“စိတ်ချပါ ဆရာကြီး သူ့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အမူအရာကို ကြည့်ကတည်းက သာမန်မျိုးရိုးက မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် သူ့ကို စကားစပြောထဲက ယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံခဲ့တာပါ။ ဘယ်လိုမှ မစော်ကားမိပါဘူး”
“အင်း... မင်း တော်တယ်”
ရွှယ်တာလုံမှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့သည်။ ထို့နောက် ခြေထောက်ကို နှိပ်နယ်ပေးနေသော ချောမောလှပသည့် အစေခံမလေးများကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ထရပ်ကာ သူ၏ အင်္ကျီကော်လာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်သည်။
သူသည် ခြံဝင်းဝင်ပေါက်ဆီသို့ အလျင်အမြန်ပင် လျှောက်လှမ်းသွားတော့သည်။
အဝေးကတည်းကပင်...
အဖြူရောင် ဝတ်စုံရှည်ကို ဆင်မြန်းထားပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားသည့် တံခါးဝတွင် ရပ်နေသော နုပျိုခန့်ညားသည့် သူဌေးသားလေးတစ်ဦးကို သူ မြင်လိုက်ရသည်။
“ဟားဟား... ဒီနေ့ ငါ့ရဲ့ ဘယ်ဘက်မျက်လုံးက တလှုပ်လှုပ် ဖြစ်နေတာ။ အခုတော့ တကယ့်ကို မွန်မြတ်လှတဲ့ တတိယသခင်လေး ရောက်လာတာကိုး”
ရွှယ်တာလုံ၏ မျက်နှာတွင် ဖားသည့် အပြုံးများ ချက်ချင်း ဖုံးလွှမ်းသွားပြီး ချန်ကျီရှင်းထံသို့ အပြေးအလွှား သွားလေတော့သည်။ သူသည် တံခါးစောင့်နေသော ဂိုဏ်းသားကို ကြည့်ကာ ပါးကို ဖြတ်ခနဲ ရိုက်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်း မျက်လုံးတွေက ကန်းနေတာလား တတိယသခင်လေး ရောက်နေတာကို မင်းက တားဆီးရဲတယ်ပေါ့လေ”
ရွှယ်တာလုံ၏ လက်ရုံးဖြစ်သူ ဂိုဏ်းသားမှာလည်း အခြေအနေကို ချက်ချင်းရိပ်မိသဖြင့် ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် အော်ဟစ်ငိုယိုဟန် ဆောင်လိုက်သည်။
“ဆရာကြီး... ကျွန်တော်က တတိယသခင်လေး ကြွလာတာမှန်း မသိလို့ပါဗျာ ကျွန်တော့်ရဲ့ မျက်စိမွဲမှုကိုပဲ အပြစ်တင်ပါတော့...”
“ကဲ... တော်တော့ ဟန်ဆောင်နေတာတွေ ရပ်လိုက်စမ်း”
ချန်ကျီရှင်းက လက်ယမ်းပြကာ သူတို့၏ စကားကို ဖြတ်လိုက်သည်။
ရွှယ်တာလုံမှာ သူ၏ သရုပ်ဆောင်ကွက် ပေါ်သွားသဖြင့် ကသိကအောက် ဖြစ်စွာဖြင့် ရယ်မောလိုက်ရသည်။
ချန်ကျီရှင်းက တိုက်ရိုက်ပင် သူသိချင်သည့်အကြောင်းအရာကိုသာ မေးလိုက်သည်။
“ရွှယ်တာလုံ... ငါ မင်းကို မေးမယ် မကြာခင်က ယဲ့ချန်ဆိုတဲ့လူကို မင်းတို့ ဖမ်းထားသေးလား အဲဒီလူ အခု ဘယ်မှာလဲ”
ထိုစကားကို ကြားသောအခါ ရွှယ်တာလုံက အလျင်အမြန် ပြန်ဖြေသည်။
“တတိယသခင်လေး... အဲဒီလူမိုက်က အခု ကျွန်တော်တို့ နဂါးနက်ဂိုဏ်းရဲ့ အကျဉ်းထောင်ထဲမှာ ရှိပါတယ် စိတ်ချပါ... ကျွန်တော် သူ့ကို ဘာမှ အန္တရာယ် မပြုရသေးပါဘူး...”
စကားပင် မဆုံးသေးမီမှာပင်…
“ငါ့ကို အဲဒီကို ခေါ်သွား”
ချန်ကျီရှင်းက စကားသုံးခွန်းတည်းကိုသာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ တတိယသခင်လေး ဒီဘက်က ကြွပါခင်ဗျာ”
ရွှယ်တာလုံက ရှေ့မှနေ၍ အပြေးအလွှား လမ်းပြပေးပြီး ကျောက်တုံးဥယျာဉ်များ၊ အဆောင်ဆောင်သော ပြာသာဒ်များနှင့် စင်္ကြံလမ်းများကို ဖြတ်ကျော်ကာ ခေါ်ဆောင်သွားတော့သည်။ လမ်းတစ်လျှောက်တွင်လည်း နုပျိုလှပသော အစေခံမိန်းကလေး အများအပြားမှာ ရွှယ်တာလုံကို ရိုသေစွာ ဦးညွှတ်နှုတ်ဆက်နေကြသည်။
“ရွှယ်တာလုံ... မင်းကတော့ တကယ့်ကို သက်သောင့်သက်သာ နေထိုင်နေတာပဲနော်”
ချန်ကျီရှင်းက ရုတ်တရက်ပင် ပြုံးစစဖြင့် ပြောလိုက်သည်။
လမ်းပြနေသည့် ရွှယ်တာလုံမှာ ထိုစကားကြောင့် ချက်ချင်းပင် တောင့်ခဲသွားပြီး နဖူးမှ ချွေးစေးများ တရစပ် စီးကျလာတော့သည်။
“တ... တတိယသခင်လေး ဒီမိန်းကလေးတွေက သူတို့သဘောနဲ့သူတို့ ထမင်းရှင်ရှာရင်း ကျွန်တော့်ဆီမှာ လာအလုပ်လုပ်ကြတာပါဗျာ။ ကျွန်တော် တစ်ယောက်ကိုမှ အတင်းအဓမ္မ မခေါ်ထားပါဘူး”
ရွှယ်တာလုံက အသံတုန်တုန်ရီရီဖြင့် သတိကြီးစွာ ဖြေလိုက်သည်။
အပြင်လောကတွင် သူသည် နဂါးနက်ဂိုဏ်းချုပ်အဖြစ် မောက်မာရိုင်းစိုင်းပြီး မိုးသက်လေမုန်တိုင်းကိုပင် အမိန့်ပေးနိုင်သူ ဖြစ်သော်လည်း ချန်မိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော ချန်ကျီရှင်းရှေ့တွင်မူ သူသည် ပုစွန်ဆိတ်လေးတစ်ကောင်ထက် မပိုပေ။ အကယ်၍ ချန်ကျီရှင်းကသာ သူ့အပေါ် အနည်းငယ်မျှ မကျေနပ်မှုပြလိုက်ပါက ချန်မိသားစုကို ဖားချင်သူများက နောက်တစ်နေ့တွင် သူ၏ဦးခေါင်းကို မြို့ရိုးပေါ်၌ လာရောက်ချိတ်ဆွဲထားကြပေလိမ့်မည်။
“တကယ်လို့ မင်းပြောတာ အမှန်ဆိုရင် ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ လမ်းဆက်ပြစမ်း”
ချန်ကျီရှင်းက စကားအနည်းငယ်ဖြင့် သတိပေးလိုက်ပြီး သူလိုချင်သော အခြေအနေကို ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်ကဲ့ပါ...”
ရွှယ်တာလုံသည် သူ၏လက်မောင်းဖြင့် နဖူးမှချွေးများကို အမြန်သုတ်လိုက်ပြီးနောက် ကျောက်တုံးဥယျာဉ်ကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။ သူက ခါးကြားမှ သော့ကို တုန်တုန်ရီရီဖြင့် ထုတ်ယူကာ ကျောက်တုံးတံခါးကို ဖွင့်လိုက်သည်။
ထိုအချိန်တွင်...
ကျောက်တုံးဥယျာဉ်အတွင်းရှိ လျှို့ဝှက်လှိုဏ်ဂူထဲမှ အကျဉ်းခန်းတစ်ခု၌ အလွန်တရာ ချောမောခန့်ညားသော လူငယ်တစ်ဦးသည် ကောက်ရိုးပုံပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေသည်။ သူ၏ ဒူးပေါ်တွင်မူ သံချေးများ တက်နေသော ရှေးဟောင်းဓားရှည်တစ်ချောင်း ရှိနေ၏။
ရုတ်တရက် ထိုသံချေးတက်နေသော ဓားမှာ အသာအယာ တုန်ခါသွားသည်။
“ယဲ့ချန်... လူတစ်ယောက် လာနေပြီ”
အမျိုးသမီး အသံတစ်ခုမှာ သူ၏ စိတ်အာရုံထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
ထိုလူငယ်သည် ချက်ချင်းပင် မျက်လုံးကို ဖွင့်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“နဂါးနက်ဂိုဏ်းချုပ် ရွှယ်တာလုံပဲ ဖြစ်မှာပါ။ သူ့ရဲ့ ပြစ်မှုတွေက အများကြီးပဲ။ နောက်မှ သူ့ကို သတ်ပြီး တရားမျှတမှုကို ဖော်ဆောင်ရမယ်။ လူထုအတွက်လည်း ဘေးဒုက္ခတွေ ဖယ်ရှားပေးရာ ရောက်တာပေါ့”
သံချေးတက်ဓားမှာ ထပ်မံတုန်ခါသွားပြီး အစောက အမျိုးသမီးအသံမှာ အားကိုးရာမဲ့စွာဖြင့် “ယဲ့ချန်... ငါ နိုးထလာတာ မကြာသေးသလို အခုလောလောဆယ် ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်ရဲ့ စွမ်းအားလောက်ပဲ ရှိသေးတာ။ ဒီနေရာက ဇီဝေချန်မိသားစုရဲ့ နယ်မြေပဲ။ ပြဿနာအကြီးအကျယ် ရှာတာ မကောင်းဘူး။ ပြီးတော့ ငါကြည့်ရသလောက် ဒီဂိုဏ်းချုပ်က ပင်ကိုယ်ဗီဇ မဆိုးပါဘူး။ အနည်းဆုံးတော့ သူက မီးရှို့တာ၊ လူသတ်တာ၊ လုယက်တာမျိုးတွေ မလုပ်ထားဘူး။ သူ့ပြစ်မှုက သေထိုက်တဲ့အထိတော့ မဟုတ်ပါဘူး။ ငါ့အထင်တော့ ငါတို့ ဒီအတိုင်း အသာလေးနေပြီး ပြဿနာကို ရှောင်သင့်တယ် ထင်တယ်”
ယဲ့ချန်ဟု အမည်ရသော ထိုလူငယ်မှာ ထိုစကားကို ကြားသောအခါ မကျေမနပ်ဖြစ်သွားပြီး မျက်မှောင်ကြုတ်လျက် “ချင်းအာ... မင်းက ထာဝရအသက်ရှည်ခြင်းဓားဝိညာဉ်ပဲ ဘာလို့ ဒီအသေးအမွှား ချန်မိသားစုကို ကြောက်နေရတာလဲ ဂိုဏ်းချုပ်ကို သတ်ပြီးတာနဲ့ ငါတို့ ဒီကနေ ထွက်သွားမှာပဲ။ ဘယ်သူက အချိန်မီ လိုက်နိုင်မှာလဲ”
သူက ခေတ္တမျှ ရပ်လိုက်ပြီးနောက် ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
“ငါတော့ ဂရုမစိုက်ဘူး။ အဲဒီဂိုဏ်းချုပ်ကို ကြည့်ရတာ ငါ့မျက်စိထဲ တစ်မျိုးပဲ။ ငါ တစ်ခုပဲ မေးမယ်... ချင်းအာ မင်း ငါ့ကို ကူညီမှာလား မကူညီဘူးလား”
အမျိုးသမီးအသံမှာ အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်ပြီး “ကောင်းပြီလေ... ငါ မင်းကို ကူညီပါ့မယ်”
“ဒါမှပေါ့။ ဒီနဂါးနက်ဂိုဏ်းက ငါ ယဲ့ချန် ကျင့်ကြံခြင်းလောကမှာ နာမည်ကျော်ဖို့အတွက် ပထမဆုံး ခြေနင်းတုံး ဖြစ်စေရမယ်”
ယဲ့ချန်မှာ ကျေနပ်စွာ ပြုံးလိုက်မိသည်။
ရုတ်တရက်...
အမျိုးသမီးအသံမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ဖြင့် လေသံမှာ တည်ကြည်သွားပြီး “နေဦး ယဲ့ချန်... ဂိုဏ်းချုပ်ရဲ့ ဘေးမှာ နောက်ထပ်လူတစ်ယောက် ပါလာပုံပဲ”