← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း။ ၃၃

ကျွိခနဲ မြည်သံနှင့်အတူ ကျောက်တုံးတံခါး ပွင့်သွားသည်။

ရွှယ်တာလုံမှာ ဖားလိုသော မျက်နှာပေးဖြင့် ရှေ့မှဦးဆောင်ဝင်လာပြီး ယဲ့ချန်၏ရှေ့တွင် ရပ်တန့်လိုက်သည်။ ထို့နောက် ယဲ့ချန်ကို လက်ညှိုးထိုးပြကာ….

“တတိယသခင်လေး... ဒီကောင်က ယဲ့ချန်ဆိုတဲ့ လူမိုက်ပါပဲ”

ထိုသို့ပြောပြီးနောက် ရွှယ်တာလုံက ယဲ့ချန်ကို အော်ဟစ်လိုက်သည်။

“တတိယသခင်လေးကိုယ်တိုင် ကြွလာတာတောင် မင်းက ဘာလို့ အမြန်ဦးမချသေးတာလဲ”

ယဲ့ချန်မှာ မြေပြင်ပေါ်၌ တင်ပလ္လင်ခွေ ထိုင်မြဲအတိုင်းပင်။ သူသည် နှာခေါင်းကို စိုက်ကြည့်ရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းထားကာ အေးစက်စွာ ပြောလိုက်သည်။

“ဘယ်က တတိယသခင်လေးလဲ ပဉ္စမသခင်လေးလဲ ငါ တစ်ယောက်မှ မသိဘူး”

ပြောပြီးနောက် ယဲ့ချန်သည် ဘာမှမဖြစ်သည့်အလား ဆက်၍ ထိုင်နေသည်။

ငါ့ရှေ့မှာ ရောက်နေတဲ့သူက ထာဝရအသက်ရှည်ခြင်းမိသားစုရဲ့ မျိုးဆက်ဖြစ်နေတော့ရော ဘာဖြစ်လဲ။

သူ့ဘေးတွင် အနန္တတန်ခိုးရှင် ချင်းအာရှိနေသရွေ့ သူသည် ရှေးယခင်မှ ယခုခေတ်တိုင်အောင် မည်သူ့ကိုမဆို ကျော်လွန်သွားမည့်သူဖြစ်ကြောင်း ယုံကြည်ချက်အပြည့် ရှိနေသည်။ မွန်မြတ်သော မျိုးရိုးမှ ဆင်းသက်လာသူများမှာ သူ မတ်တပ်ထရပ်၍ ကြိုဆိုရလောက်အောင် တန်ဖိုးမရှိပေ။

“ရိုင်းလှချည်လား”

ရွှယ်တာလုံမှာ ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ၏ အင်္ကျီလက်စကပ်များကို လိပ်တင်ကာ ယဲ့ချန်ကို သင်ခန်းစာပေးရန် ပြင်လိုက်သည်။

“တော်ပြီ... မင်း ထွက်သွားတော့”

ချန်ကျီရှင်းက ရွှယ်တာလုံကို တစ်ချက်ကြည့်ကာ အမိန့်ပေးလိုက်ပြီး သူ ထွက်သွားသည်အထိ စောင့်လိုက်သည်။

ချန်ကျီရှင်း၏ အကြည့်များသည် ယဲ့ချန်၏ မျက်နှာပေါ်မှတစ်ဆင့် သံချေးတက်နေသော ရှေးဟောင်းဓားဆီသို့ ကျရောက်သွားသည်။ သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှေးစင်းလိုက်မိသည်။

“ချင်းအာဆိုတဲ့ ထာဝရအသက်ရှည်ခြင်းဓားလား”

ချန်ကျီရှင်းက ရေရွတ်လိုက်သည်။

ခဏချင်းမှာပင် တည်ငြိမ်သောအမူအရာကို ထိန်းထားသည့် ယဲ့ချန်မှာ မျက်နှာပျက်သွားတော့သည်။ သူသည် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်ပြီး ချန်ကျီရှင်းကို မယုံသင်္ကာသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

“မင်း ခုနက ဘာပြောလိုက်တာလဲ”

ချန်ကျီရှင်းက ပြန်မဖြေဘဲ သူ၏မျက်ဝန်းများမှာ အနည်းငယ်မျှ လှုပ်ခတ်သွားသည်။

သူ၏ အတိတ်ဘဝ မဟာကျင့်ကြံခြင်းဂိမ်းထဲမှ ဇာတ်လမ်းမှတ်ဉာဏ်များမှာ ပြန်လည်အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။ သူ မှတ်မိနေသည်မှာ လုံးဝ မမှားနိုင်ချေ။

အတိတ်ဘဝက ဂိမ်းထဲရှိ အဓိကဇာတ်လမ်းကြောင်း ကိုးခုအနက် တစ်ခုတွင် ကံကြမ္မာရှင်တစ်ဦးသည် အစပိုင်း၌ အသုံးမကျသော အညတရတစ်ဦးသာ ဖြစ်ခဲ့သည်။ သို့သော် သူသည် ရှေးဟောင်းအပျက်အစီးများထဲသို့ မတော်တဆ ရောက်ရှိသွားရာမှ ချင်းအာနတ်ဘုရားဓားကို ရရှိခဲ့ပြီးနောက် လေပြင်းနှင့်တိုးသော နဂါးတစ်ကောင်ကဲ့သို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲသွားခဲ့သည်။ ထိုဓားအတွင်းရှိ ဓားဝိညာဉ်၏ လမ်းညွှန်မှုဖြင့် ကျင့်ကြံခြင်းလောကတွင် ထိပ်တန်းသို့ တက်လှမ်းနိုင်ခဲ့ပြီး နောက်ဆုံးတွင် ဓားနတ်ဘုရားရာထူးကိုပင် ဆုပ်ကိုင်နိုင်ခဲ့သူ ဖြစ်သည်။

ယခင်ဘဝက ဘုရားသခင်အမြင်ရှိခဲ့သော ချန်ကျီရှင်းအတွက်မူ ဤအချက်များကို အလွန်ပင် ရှင်းရှင်းလင်းလင်း သိမြင်နေသည်။

တကယ်တော့... ဒီကံကြမ္မာရှင်ဆိုတဲ့လူကိုယ်တိုင်ကကျ အရမ်းကို အားနည်းလွန်းတယ်။ အမှန်တကယ် စွမ်းအားကြီးတာက သူမဟုတ်ဘူး... ချင်းအာနတ်ဘုရားဓားထဲမှာ ကိန်းအောင်းနေတဲ့ ထာဝရအသက်ရှည်ခြင်း ဓားဝိညာဉ်ပဲ။ အဲဒီဓားဝိညာဉ်ကသာ နောက်ကွယ်ကနေ အစွမ်းပြနေတာ….

ထိုစဉ်က ဤဓားဝိညာဉ်နှင့် ပတ်သက်၍ ကျော်ကြားလှသော စကားစုများမှာလည်း လူအများကြားတွင် အလွန်ပင် ရေပန်းစားခဲ့ဖူးသည်။

[မင်းရဲ့အိမ်က ဘယ်မှာလဲ လမ်းပဲညွှန်လိုက်ပါ။ ငါ ဓားတစ်ချက်ပဲ သုံးဖို့ လိုလိမ့်မယ်]

[ချင်းအာက အတိုက်အခံကင်းနေသရွေ့တော့ ကံကြမ္မာရှင်က လွတ်လပ်နေမှာပဲ]

[ကံကြမ္မာရှင် သေချင်သေပါစေ။ ချင်းအာကတော့ အသက်ရှင်ရမယ်]

ထို့ကြောင့် ဤထာဝရအသက်ရှည်ခြင်းဓားဝိညာဉ်၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှပြီး လူကြိုက်လည်း အလွန်များကြောင်း သိသာလှသည်။

“ဒါဆို ဒီကောင်က တကယ်ပဲ ကံကြမ္မာရှင်ပေါ့”

ချန်ကျီရှင်း၏ အကြည့်များသည် မရေမရာဖြစ်နေသော ယဲ့ချန်၏ မျက်နှာပေါ်သို့ တစ်ဖန် ပြန်လည်ကျရောက်သွားသည်။ ယဲ့ချန်သည် ချန်ကျီရှင်း၏ အကြည့်ကို သတိပြုမိလိုက်ချိန်၌ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး “မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ချင်းအာအကြောင်း သတင်းကို မင်း ဘယ်လိုရလဲဆိုတာလည်း ငါ ဂရုမစိုက်ဘူး။ ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်”

“မင်း အခုချက်ချင်း ထွက်သွားမယ်ဆိုရင် ခုနကကိစ္စကို ဘာမှမဖြစ်ခဲ့သလို ငါ သဘောထားပေးမယ်။ မဟုတ်ရင်တော့... မင်း သေလမ်းကို ရွေးလိုက်တာပဲ”

“သေလမ်း ဟုတ်လား”

ချန်ကျီရှင်း ရယ်မောလိုက်မိသည်။ ဤကောင်မှာ တကယ့်ကို ကံကြမ္မာရှင်စစ်စစ်ပင်။

သူသည် လက်ထဲရှိ အဖြူရောင် ခေါက်ယပ်တောင်ကို ရွှပ်ခနဲ ပိတ်လိုက်ပြီး သူ၏ မျက်ဝန်းများကို ဖြည်းဖြည်းချင်း မှေးစင်းကာ ပြုံးစစဖြင့် ပြောလိုက်သည်။

“ဒါဆို ငါလည်း မင်းကို ရွေးချယ်စရာ တစ်ခု ပေးမယ်။ ဒီရှေးဟောင်းဓားကို ငါ့ဆီ လွှဲပေးလိုက် ဒါဆို မင်းကို ငါ လွှတ်ပေးမယ်။ ဘယ်လိုလဲ”

ထိုစကားအဆုံးတွင်...

ယဲ့ချန်မှာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားပြီး “ချင်းအာကိုများ မက်မောရဲတယ်ပေါ့ မင်း သေချင်နေပြီပဲ”

ဘုန်း ဘုန်း ဘုန်း…

သူသည် သူ၏ လက်ခြေများတွင် ခတ်ထားသော သံခြေကျင်းလက်ကျင်းများကို ရိုက်ချိုးပစ်လိုက်သည်။

ယဲ့ချန်က အကျယ်ကြီး အော်ဟစ်လိုက်သည်။

“ချင်းအာ... တိုက်ခိုက်စမ်း”

ဝှူး…

ရှေးဟောင်းဓားမှာ ချက်ချင်းပင် ဟင်းလင်းပြင်သို့ ပျံတက်သွားပြီး ထိတ်လန့်ဖွယ်ရာ ဓားချီများကို ထုတ်လွှတ်လိုက်သည်။ တစ်ခန်းလုံးတွင် ဓားချီများမှာ ရှေ့နောက် ယှက်ဖြာသွားတော့သည်။

ကျောက်စိမ်းပြာများဖြင့် တည်ဆောက်ထားသော အကျဉ်းထောင်နံရံများပေါ်တွင် အက်ကြောင်းများစွာမှာ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသည်။

“သေစမ်း”

ယဲ့ချန်သည် သူ၏လက်ကို ပြင်းထန်စွာ ဖိချလိုက်သည်။

ရှေးဟောင်းဓားမှာ ချန်ကျီရှင်းထံသို့ မြားတစ်စင်းကဲ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ဒေါင်…

ကြည်လင်ပြတ်သားသော အသံတစ်ခုသာ ထွက်ပေါ်လာသည်။

ချန်ကျီရှင်းသည် သူ၏ယပ်တောင်ကို ပေါ့ပါးစွာပင် ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုရှေးဟောင်းဓားကို လွင့်ထွက်သွားစေခဲ့သည်။ ဓားဦးဖျားမှာ မြေပြင်ထဲသို့ ခြောက်လက်မခန့် နစ်ဝင်သွားပြီး ဓားရိုးမှာ တုန်ခါနေတော့သည်။

“ယဲ့... ယဲ့ချန် ဒီလူရဲ့ ကျင့်ကြံမှုက တကယ့်ကို နက်ရှိုင်းတယ်။ အနည်းဆုံးတော့ နတ်ဘုရားခရီးသွားနယ်ပယ်ပဲ”

“ငါ နိုးထလာတာ မကြာသေးတော့ သူ့ကို မယှဉ်နိုင်ဘူး”

“မြန်မြန်... အခုချက်ချင်း ထွက်ပြေးတော့”

ပင်ပန်းနွမ်းနယ်နေသော အမျိုးသမီးအသံမှာ ယဲ့ချန်၏ စိတ်အာရုံထဲတွင် ပဲ့တင်ထပ်လာသည်။

ယဲ့ချန်မှာ ကြောင်အသွားရသည်။ သူ၏ ချင်းအာမှာ တစ်ခါမှ မရှုံးနိမ့်ဖူးသော်လည်း ယခုမူ သာမန်လူငယ်လေးတစ်ဦး၏ လက်ချက်ဖြင့် အရေးနိမ့်သွားရသည်ကို သူ မယုံနိုင်အောင် ဖြစ်နေမိသည်။

သို့သော် သူသည် ချက်ချင်းပင် သတိပြန်ဝင်လာပြီး ချင်းအာနတ်ဘုရားဓားကို ဆွဲယူကာ မြေပြင်ကို အားဖြင့်နင်း၍ ကောင်းကင်ယံသို့ ပျံတက်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။

“ငါက မင်းကို ထွက်သွားလို့ရပြီလို့ ပြောလို့လား”

ချန်ကျီရှင်းသည် သူ၏ မျက်ဝန်းရှည်များကို မှေးစင်းလိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။

“မွေးရာပါ ချီစွမ်းအင်လက်ဝါး”

ဝုန်း…

ချက်ချင်းပင် ရွှေရောင်လက်ဝါးကြီးတစ်ခုမှာ ဟင်းလင်းပြင်တွင် ပေါ်ပေါက်လာပြီး ပြင်းထန်စွာ ဖိချလိုက်တော့သည်။

ဤရွှေရောင်လက်ဝါးကြီးမှာ အလွန်တရာ ကြီးမားလှပြီး လက်ဖဝါးပေါ်ရှိ လက္ခဏာကြောင်းများကိုပင် ရှင်းလင်းစွာ မြင်တွေ့နိုင်ရသည်။ လက်ဝါးကြီး အထက်မှ ဖိချလိုက်ချိန်၌ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွားပြီး ထွက်ပြေးမည့်လမ်းစအားလုံးကို ပိတ်ဆို့ထားလိုက်သည်။

ယဲ့ချန်မှာ မျက်နှာပျက်သွားပြီး ဘာမှပင် မတုံ့ပြန်နိုင်မီ ခေါင်းမော့ကြည့်လိုက်ချိန်၌ ရွှေရောင်လက်ဝါးကြီးမှာ သူ၏ မြင်ကွင်းတစ်ခုလုံးကို ပြည့်နှက်သွားပြီးနောက် ပြင်းထန်စွာ ဖိချခြင်းကို ခံလိုက်ရတော့သည်။

ဘုန်း….

မြေပြင်မှာ အက်ကွဲသွားပြီး ကျောက်စိမ်းပြာစများနှင့် သစ်သားစများမှာ လွင့်စင်သွားသည်။

သူသည် လက်ဝါးကြီး၏ ဖိနှိပ်မှုကြောင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး သွေးတစ်လုပ် အန်လိုက်ရသည်။ သူသည် ပြန်လည်လှုပ်ရှားရန် ကြိုးစားသော်လည်း ရွှေရောင်လက်ဝါးကြီးမှာ အပေါ်သို့ ပြန်တက်သွားပြီးနောက် ပို၍ ပြင်းထန်သောအားဖြင့် ထပ်မံ ဖိချလိုက်ပြန်သည်။

ဘုန်း ဘုန်း ဘုန်း….

ဘုန်း ဘုန်း ဘုန်း….

မြုံစိစိ အသံများ တဆက်တည်း ထွက်ပေါ်နေပြီး မြေပြင်မှာလည်း အဆက်မပြတ် တုန်ခါနေသည်။

ရွှေရောင်လက်ဝါးကြီး ကွယ်ပျောက်သွားချိန်တွင်မူ အကျဉ်းထောင်တစ်ခုလုံးမှာ ပုံပျက်ပန်းပျက်ဖြစ်ကာ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ကာ ကြေမွနေ၏။

ယဲ့ချန်မှာမူ ရွှံ့ညွန်တုံးတစ်ခုကဲ့သို့ မြေပြင်ပေါ်တွင် ပျော့ခွေလဲလျောင်းနေပြီး သူ၏ အရိုးအများစုမှာလည်း ကြေမွသွားခဲ့ပြီဖြစ်သည်။ သူ၏ဘေးတွင်ရှိသော သံချေးတက် ရှေးဟောင်းဓားမှာလည်း အလင်းရောင်များ မှိန်ဖျော့သွားကာ နာကျင်စွာ ညည်းတွားနေသည့်အလား အသံတိုးတိုးလေးများ ထွက်ပေါ်နေ၏။

ချန်ကျီရှင်းသည် ရှေ့သို့လှမ်းလာပြီး ကုန်း၍ ယဲ့ချန်၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ဆွဲကိုင်ကာ သူ၏ကိုယ်တစ်ပိုင်းကို မြေပြင်မှ ကြွတက်လာအောင် ဆွဲမလိုက်သည်။

နောက်တစ်စက္ကန့်တွင်မူ သူသည် ယဲ့ချန်၏ဦးခေါင်းကို သူ၏ပါးစပ်နားသို့ ဆွဲကပ်လိုက်ပြီး အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။

“ကဲ... အခု ငါတို့ ဂိမ်းတစ်ခု ဆော့ရအောင်”

“မင်း ဒီဓားကို ငါ့ဆီ လွှဲပေးမလား ပြီးတော့ ဒီဓားကို ဘယ်ကရခဲ့လဲဆိုတာ ငါ့ကို ပြောပြမလား”

“အဲဒီလိုသာ လုပ်မယ်ဆိုရင် ငါ မင်းကို လွှတ်ပေးမယ့်အပြင် အနည်းဆုံး နတ်ဘုရားခရီးသွား

နယ်ပယ်အထိ ရောက်နိုင်တဲ့ ထိပ်တန်းကျင့်စဉ်တစ်ခုရယ်၊ လှပတဲ့ ကိုယ်လုပ်တော် ဆယ်ယောက်ရယ်၊ ပြီးတော့ နတ်ဘုရားစစ်သည်တော်တစ်ဦးကိုပါ လက်ဆောင်ပေးမယ်”

“ဒါမှမဟုတ်ရင်တော့...”

ချန်ကျီရှင်းက လေသံအေးအေးဖြင့် ဆက်ပြောသည်။

“မင်းက သေတဲ့အထိ ဆက်ပြီးခေါင်းမာနေဦးမယ်ဆိုရင်တော့ မင်းရဲ့အရိုးတွေကို တစ်ခုချင်းစီ ငါချိုးမယ်၊ အရေခွံကို နွှာမယ်၊ ပြီးရင် မြို့ရိုးပေါ်မှာ လှန်းထားပြီး ငှက်တွေ၊ ပုရွက်ဆိတ်တွေစားဖို့ ပစ်ထားလိုက်မယ်”

“ငါ ကြည့်ချင်သေးတယ်... မင်းရဲ့အရိုးက ပိုမာမလား။ လူတွေကို နှိပ်စက်ဖို့အတွက် သီးသန့်ထုတ်ထားတဲ့ ဇီဝေချန်မိသားစုရဲ့ နှိပ်စက်ရေးကိရိယာတွေက ပိုမာမလားဆိုတာ”

“ငါ့ကို ယုံစမ်းပါ... မင်းကို အသာတကြည် သေခွင့်ရဖို့တောင် ခက်ခဲအောင် ငါ လုပ်ပစ်မယ်”

စကားအဆုံးတွင် ချန်ကျီရှင်းသည် ယဲ့ချန်၏ဆံပင်ကို လွှတ်လိုက်သဖြင့် သူ၏ဦးခေါင်းမှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြန်ကျသွားသည်။

“အခု မင်းကို အသက်ရှူအကြိမ် ဆယ်ကြိမ်စာ အချိန်ပေးမယ်။ မင်းရဲ့ အဖြေကို ပြောပြတော့”

ခဏချင်းမှာပင် မြေပြင်ပေါ်တွင် ဝပ်နေသော ယဲ့ချန်၏မျက်နှာတွင် အလွန်အမင်း စိတ်ဒွိဟဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။

“တစ်ဆယ်”

“ကိုး”

“ရှစ်”

“...”

ချန်ကျီရှင်းက တကယ်ပင် အချိန်စတင်ရေတွက်နေသည်ကို မြင်သောအခါ ယဲ့ချန်၏ မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးမှုများမှာ ထိတ်လန့်တုန်လှုပ်မှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။

“ယဲ့ချန်... သူ့ကို မယုံနဲ့ ဒီလူက ရက်စက်လွန်းတယ်။ ဘယ်လိုမှ စိတ်ကောင်းရှိတဲ့သူ မဟုတ်ဘူး။ မင်းသာ ရှေးဟောင်းအပျက်အစီးတွေရှိတဲ့နေရာကို ပြောပြလိုက်ရင် သူ မင်းကို ချက်ချင်း သတ်ပစ်လိမ့်မယ်”

“မင်း မပြောဘူးဆိုရင်တော့ သူ မင်းကို လောလောဆယ် သတ်မှာမဟုတ်ဘူး။ အဲဒီမှာ မျှော်လင့်ချက် အလင်းတန်းလေး ရှိသေးတယ်”

ရှေးဟောင်းဓားမှာ တုန်ခါသွားပြီး ပင်ပန်းနွမ်းနယ်နေသော အမျိုးသမီးအသံမှာ ယဲ့ချန်၏ စိတ်အာရုံထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေသည်။

ထိုအခါ ယဲ့ချန်၏မျက်နှာပေါ်ရှိ ထိတ်လန့်မှုများမှာ တစ်ဖန် စိတ်ဒွိဟဖြစ်မှုအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြန်သည်။

“အင်း... အချင်းချင်း ဆက်သွယ်နေကြတာလား”

ချန်ကျီရှင်းမှာ မျက်လုံးများကို ဖြည်းဖြည်းချင်း မှေးစင်းလိုက်ရင်း ချင်းအာနတ်ဘုရားဓားကို စိုက်ကြည့်လိုက်သည်။

အခန်း။ ၃၄

“ငါ ဘာလုပ်ရမလဲ ငါ ဘယ်လိုလုပ်ရမလဲ”

ယဲ့ချန်၏ စိတ်အာရုံတစ်ခုလုံး ဗရုတ်သုတ်ခဖြစ်ကုန်ပြီး သူ၏ တည်ငြိမ်မှုများ လုံးဝ ပျောက်ဆုံးသွားရသည်။ ချန်ကျီရှင်း ပြောခဲ့သည့် စကားများကို ပြန်တွေးမိတိုင်း သူ၏ ဝိညာဉ်ပင် ကြွေလွင့်မတတ် ထိတ်လန့်သွားရပြီး တစ်ကိုယ်လုံးမှာလည်း မရပ်မနား တုန်ရီနေတော့သည်။

“အချိန် သိပ်မကျန်တော့ဘူးနော်”

“ငါ မင်းကို စေတနာနဲ့ တစ်ခု သတိပေးမယ်။ မင်း ဒီဓားကို လွှဲပေးတာပဲဖြစ်ဖြစ် မလွဲပေးတာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဒီဓားက ငါ့လက်ထဲပဲ ရောက်လာမှာ”

“မင်း အလေးအနက် စဉ်းစားရမှာက... မင်းရဲ့ အဲဒီ လျှို့ဝှက်ချက်ဆိုတာကြီးကို ဖက်တွယ်ပြီး ဓားနဲ့အတူ အသေခံမလားဆိုတာပဲ”

ချန်ကျီရှင်းသည် သူ၏ယပ်တောင်ကို ရွှပ်ခနဲ ပြန်ဖွင့်လိုက်ပြီး အေးအေးဆေးဆေးပင် ကြည့်နေသည်။ သူ၏ မျက်နှာတွင် အလျင်စလိုဖြစ်နေသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။

“ခြောက်”

“ငါး”

ဂဏန်းနှစ်လုံး ထပ်မံ ထွက်ပေါ်လာသည်။

ဆုံးဖြတ်ချက် မချနိုင်ဘဲ ဒွိဟဖြစ်နေသော ယဲ့ချန်သည် အံတင်းတင်းကြိတ်လိုက်သည်။ သူ တစ်ခုခု ဆုံးဖြတ်တော့မည့် ပုံစံပင်။

“ယဲ့ချန် သူ မင်းကို လိမ်နေတာ”

ရှေးဟောင်းဓားမှာ အဆက်မပြတ် တုန်ခါနေပြီး ပင်ပန်းနွမ်းနယ်နေသော အမျိုးသမီးအသံတွင် စိုးရိမ်တကြီး တားမြစ်နေသည့် အရှိန်အဝါများ ပါဝင်နေသည်။

ဝှီးး….

နောက်တစ်စက္ကန့်တွင်မူ ထိုရှေးဟောင်းဓားသည် ဒေါသတကြီး ပျံတက်လာပြီး ချန်ကျီရှင်းထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။

“ကြည်လင်ခြင်းနယ်ပယ်ရဲ့ အစွမ်းအစလောက်နဲ့ ငါ့ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတယ်ပေါ့”

ချန်ကျီရှင်း၏ မျက်နှာမှာ အေးစက်သွားပြီး သူ၏ယပ်တောင်ကို လှည့်ပတ်လိုက်ကာ တိုက်ခိုက်လာသော ဓားသွားကို ချက်ချင်းပင် ထိန်းချုပ်လိုက်သည်။

ဒေါင် ဒေါင် ဒေါင်…

ချန်ကျီရှင်းသည် သူ၏လက်ချောင်းများကို ဆန့်ထုတ်ကာ ဓားသွားကို သုံးကြိမ်တိုင်တိုင် တောက်လိုက်သည်။

ချက်ချင်းပင် ရှေးဟောင်းဓားမှာ တုန်ခါသွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည့်အလား အသံတစ်ခု ထွက်ပေါ်လာသည်။

သူ၏ နောက်ဆုံးတစ်ကြိမ် လက်ချောင်းနှင့် တောက်လိုက်မှုကြောင့် ရှေးဟောင်းဓားမှာ လွင့်ထွက်သွားပြီး ယဲ့ချန်၏ဘေးသို့ ကျရောက်သွားပြန်သည်။

ရှေးဟောင်းဓားမှာ ပြန်လည်ထကြွရန် ကြိုးစားနေသည်ကို မြင်သောအခါ ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို မှေးစင်းလိုက်သည်။

ဝုန်း…

ထိတ်လန့်ဖွယ်ရာ စိတ်ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာပြီး ရွှေရောင်တူငယ်လေးတစ်ခုအဖြစ် ပြောင်းလဲကာ ဓားပေါ်သို့ ပြင်းထန်စွာ ထုချလိုက်၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေးဟောင်းဓားသည် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် လက်မဝက်မျှပင် မလှုပ်ရှားနိုင်တော့ချေ။

“သုံး”

ချန်ကျီရှင်းသည် ယဲ့ချန်ကို ငုံ့ကြည့်ကာ အေးစက်သော လေသံဖြင့် ဂဏန်းတစ်ခုကို ရွတ်ပြောလိုက်သည်။

ထိုခဏ၌ မြေပြင်ပေါ်တွင် တုန်တုန်ရီရီ ဝပ်တွားနေသော ယဲ့ချန်သည် နောက်ထပ် တုံ့ဆိုင်းမနေရဲတော့ပေ။

“ချင်းအာ... ငါ တောင်းပန်ပါတယ်။ မင်း ငါ့အတွက် အများကြီး လုပ်ပေးခဲ့တာကို ငါ သိပါတယ်။ ဒါပေမဲ့... ဒါပေမဲ့ ငါ အသက်ရှင်ချင်သေးတယ်”

“ငါ့ကို အပြစ်မတင်ပါနဲ့တော့”

ယဲ့ချန်သည် ရှေးဟောင်းဓားကို အလျင်အမြန် ပြောလိုက်ပြီးနောက် ချန်ကျီရှင်းကို မော့ကြည့်ကာ မျက်နှာတွင် အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးရင်း…

“တတိယသခင်လေး... ကျွန်တော် ပြောပါ့မယ် အခုပဲ အကုန်ပြောပြပါ့မယ်”

“အော်”

ချန်ကျီရှင်းသည် ထိုစကားကို ကြားသောအခါ မျက်ခုံးနှစ်ဖက်ကို ပင့်လိုက်သည်။ သူ၏ ခန့်ညားသော မျက်နှာပေါ်တွင် လှောင်ပြုံးနှင့် ကျေနပ်သည့်အမူအရာ တစ်ဝက်စီ ရောယှက်နေသော အပြုံးတစ်ခု ပေါ်လာတော့သည်။

ယဲ့ချန်က ငါ ထင်ထားတာထက်တောင် ပိုပြီး သတ္တိနည်းနေတာပဲ။

“ယောက်ျားကောင်းဆိုတာ ဘယ်အချိန်မှာ အညံ့ခံရမယ်။ ဘယ်အချိန်မှာ မတ်မတ်ရပ်ရမယ်ဆိုတာကို သိရတယ်လေ။ မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ”

ချန်ကျီရှင်းက ပြုံးလျက် ပြောလိုက်သော်လည်း ၎င်းမှာ ချီးကျူးစကားလား သို့မဟုတ် လှောင်ပြောင်စကားလားဆိုသည်မှာမူ မသေချာလှချေ။

“တတိယသခင်လေး ပြောတာ မှန်ပါတယ်ခင်ဗျာ။ ဒါက ကိရိယာတစ်ခုသက်သက်ပဲလေ။ ကျွန်တော့်အသက်နဲ့ လဲရလောက်အောင် ဘယ်တန်ပါ့မလဲ”

ယဲ့ချန်သည် ဖားသည့်အနေဖြင့် အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။ ထူးဆန်းသည်မှာ ဆုံးဖြတ်ချက် ချပြီးသွားချိန်တွင် သူ၏စိတ်ထဲ၌ ပို၍ ပေါ့ပါးသွားခြင်းပင်။

အမှန်ပင်။

ငါက အခုမှ ငယ်ငယ်လေးပဲ ရှိသေးတာ။ ငါက အဲဒီရှေးဟောင်းအပျက်အစီးတွေထဲက ရှေးဟောင်းဓားနတ်ဘုရားရဲ့ အမွေအနှစ်ကိုတောင် ရထားတဲ့သူ။ နောင်တစ်ချိန်မှာ ကောင်းကင်ယံအထိ ပျံတက်သွားမယ့် အနာဂတ်ကြီး ရှိနေတာပဲဟာ…

ဘာလို့ ဓားတစ်ချောင်းတည်းအတွက်နဲ့ ဒီနေရာမှာ အသက်အသေခံရမှာလဲ။

“ယဲ့ချန်...”

ရှေးဟောင်းဓားသည် ပြုံးဖြဲဖြဲဖြစ်နေသော ယဲ့ချန်၏မျက်နှာကို ကြည့်ကာ ရင်ထဲတွင် ခါးသီးသော ဝေဒနာကို ခံစားလိုက်ရသည်။

သူမက အသက်စွန့်ပြီး ကာကွယ်ပေးခဲ့တဲ့သူက သူမကို ကိရိယာတစ်ခုလို့ပဲ သတ်မှတ်ထားတာလား။

နောက်တစ်စက္ကန့်တွင်မူ ယဲ့ချန်သည် ချင်းအာနတ်ဘုရားဓားကို ကောက်ယူကာ ချန်ကျီရှင်း၏ ခြေရင်းသို့ တွားသွားလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ဓားကို မြှောက်၍ ပြုံးလျက် ဆက်သလိုက်သည်။

“တတိယသခင်လေး... သခင်လေးအနေနဲ့ အဲဒီ ရှေးဟောင်းအပျက်အစီးတွေဆီ သွားပြီး ရှေးဟောင်းဓားနတ်ဘုရားရဲ့ အမွေအနှစ်ကို ရယူလိုက်ရုံပါပဲ။ အဲဒီအခါကျရင် ဒီဓားကို လုံးဝ ထိန်းချုပ်နိုင်ပြီး သခင်လေး စိတ်ကြိုက် အသုံးချနိုင်ပါလိမ့်မယ်”

“တတိယသခင်လေး... ကျွန်တော့်ကို အရင်က ကတိပေးခဲ့တာတွေ... အဲဒါတွေ တည်သေးတယ် မဟုတ်လားဟင်”

ချန်ကျီရှင်းသည် လက်ကို ဆန့်ထုတ်ကာ ချင်းအာနတ်ဘုရားဓားကို လှမ်းယူလိုက်သည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာ ရုန်းကန်နေသော ဓားဝိညာဉ်ကို နှိမ်နင်းထားလိုက်သည်။

ထို့နောက် ချန်ကျီရှင်းသည် ယဲ့ချန်ကို ကြည့်ကာ ပြုံးလိုက်ပြီး “တည်တာပေါ့ အမြဲတမ်း တည်ပါတယ်။ အခြေအနေကို နားလည်တတ်တဲ့သူကို ငါက သဘောကျတယ်။ မင်းကအနာဂတ်မှာ သေချာပေါက် အောင်မြင်မယ့်သူပဲ”

“ကဲ... ပြောစမ်းပါဦး အဲဒီ ရှေးဟောင်းအပျက်အစီးတွေက ဘယ်မှာလဲ”

“ကောင်းပြီ... ကောင်းပြီ... အခုပဲ ပြောပြပါ့မယ်”

ယဲ့ချန်က အလန့်တကြားနှင့်ပင် “အရှေ့ဘက်လျှို့ဝှက်နယ်မြေ၊ ယူကျိုးပြည်နယ်၊ နတ်ဘုရားမြစ်တောင်တန်းရဲ့ ကမ်းပါးယံအောက်မှာပါ”

ထိုစကားကို ကြားလိုက်သည်နှင့် ချန်ကျီရှင်းသည် သူ၏လက်ကြီးကို ဆန့်ထုတ်ကာ ယဲ့ချန်၏ဦးခေါင်းကို လှမ်းဖမ်းလိုက်သည်။ သူ၏မျက်နှာမှာလည်း ချက်ချင်းပင် မည်းမှောင်သွားကာ “မင်းက လိပ်စာအတုတစ်ခုပေးပြီး ငါ့ကို လှည့်စားလို့ရမယ် ထင်နေတာလား”

“ထားလိုက်ပါတော့... မင်းကို ငါ အခွင့်အရေးပေးခဲ့ပေမဲ့ မင်းကတော့ အသုံးမကျဘူးပဲ။ မင်း သေသင့်ပြီ”

ချန်ကျီရှင်း၏ မျက်ဝန်းများထဲမှ အေးစက်လှသော သတ်ဖြတ်လိုစိတ်များမှာ ဝုန်းခနဲ ထွက်ပေါ်လာသည်။ ယဲ့ချန်မှာ ဆွံ့အသွားပြီးနောက် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားကာ “တတိယသခင်လေး... ကျွန်တော် အမှန်အတိုင်း ပြောတာပါ ကျွန်တော် လုံးဝ မလိမ်ပါဘူး”

သူ၏အသံမှာ ငိုသံပင် စွက်နေတော့သည်။

“ငါ သိပါတယ်... မင်းကို စနောက်ကြည့်တာပါ”

မူလက မည်းမှောင်နေသော ချန်ကျီရှင်း၏မျက်နှာမှာ ချက်ချင်းဆိုသလိုပင် ခင်မင်ရင်းနှီးသော အပြုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

“မင်း ဒီနောက်ပြောင်မှုကို စိတ်မရှိဘူးမလား”

ယဲ့ချန်၏မျက်နှာမှာ ဖြူလျော့နေပြီး နဖူးမှ ချွေးစေးများမှာလည်း တရစပ် စီးကျနေသည်။ သူသည် စိတ်ပိုင်းဆိုင်ရာအရ ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း အားယူကာ ပြန်ပြုံးပြလိုက်ရသည်။

“စိတ်... စိတ်မရှိပါဘူးဗျာ တတိယသခင်လေးက တကယ့်ကို နောက်ပြောင်တတ်သူပဲ”

“ဟားဟား... ငါကိုယ်တိုင်လည်း ငါ့ကိုယ်ငါ နောက်ပြောင်တတ်တယ်လို့ ထင်တာပဲ”

ချန်ကျီရှင်းသည် လက်လှမ်းကာ ယဲ့ချန်၏ဆံပင်များကို ဖွဖွလေး ပွတ်သပ်လိုက်ရင်း ပြုံးကာ ပြောလိုက်သည်။

“ဒီမှာပဲ ခဏနေဦး... ငါ တစ်ယောက်ယောက်ကို လွှတ်ပြီး မင်းရဲ့ဒဏ်ရာတွေကို ကုပေးခိုင်းမယ်။ ပြီးရင် မင်းကို လွှတ်ပေးမယ်”

“ကျေးဇူးတင်ပါတယ် တတိယသခင်လေး တကယ် ကျေးဇူးတင်ပါတယ်ဗျာ”

ယဲ့ချန်မှာ အလွန်အမင်း စိတ်သက်သာရာရသွားပြီး ဝမ်းသာအားရ ဖြစ်သွားတော့သည်။ ချန်ကျီရှင်းသည် သူ့ကို နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်ပြုံးပြလိုက်ပြီးနောက် ချင်းအာနတ်ဘုရားဓားကို ကိုင်ဆောင်ကာ ကျောက်တုံးအကျဉ်းထောင်ထဲမှ ထွက်ခွာသွားသည်။

ချန်ကျီရှင်း ထွက်သွားပြီးနောက် ယဲ့ချန်၏မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သော အမူအရာအဖြစ် ပြောင်းလဲသွားသည်။ သူသည် ပျော့ခွေနေသော သူ၏ခန္ဓာကိုယ်ကို ကြည့်လိုက်၊ ဓားကိုကိုင်ပြီး ထွက်သွားသော ချန်ကျီရှင်း၏ပုံရိပ်ကို ကြည့်လိုက်နှင့် သူ၏မျက်ဝန်းထဲတွင် နာကျည်းချက်များ ပြည့်နှက်လာတော့သည်။

“ဇီဝေ... ချန်မိသားစု”

သူသည် ထိုစကားလုံးများကို လည်ချောင်းထဲမှ အတင်းညှစ်ထုတ်ကာ ရေရွတ်လိုက်သည်။

ယနေ့ ရရှိခဲ့သော အရှက်တကွဲ အကျိုးနည်းဖြစ်မှုများကို ယဲ့ချန် တစ်သက်မမေ့ပေ။ အကယ်၍ သူသာ ယနေ့ လွတ်မြောက်သွားခဲ့လျှင် တစ်နေ့တွင် ဤအကြွေးကို အဆတစ်ရာမက ပြန်ဆပ်မည်ဟု ကြုံးဝါးနေတော့သည်။

“မင်းက ဂိမ်းဆော့ရတာ ဝါသနာပါတာပေါ့ ဟုတ်လား ကောင်းပြီလေ... ဒါဆိုရင် မင်းတို့ ချန်

မိသားစု တစ်စုလုံးရဲ့ အသက်တွေနဲ့ ငါ ဂိမ်းကစားပြမယ်”

ယဲ့ချန်သည် သူ၏လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် အငြိုးအတေးများနှင့် ပြည့်နှက်နေတော့သည်။

အခုတော့ မင်းနိုင်နေဦးမှာပေါ့... ဒါပေမဲ့ ငါ့မှာ ဓားနတ်ဘုရားရဲ့ အမွေအနှစ် ရှိတယ်။ ငါ့ရဲ့ ဒီထူးချွန်တဲ့ ဓားပညာပါရမီနဲ့ဆိုရင် တစ်နေ့ကျရင်တော့ ဒီနေ့ ငါခံလိုက်ရတဲ့ အရှက်ကွဲမှုတွေအားလုံးအတွက် မင်းကို အသေအချာ လက်စားချေပြမယ်။ အဲဒီနေ့ကျရင်တော့ မင်း ငါ့ခြေရင်းမှာ ဒူးထောက်စေရမယ်လို့ ငါ ယုံကြည်တယ်။

မင်း ဒီနေ့ ငါ့ကို လွှတ်ပေးခဲ့မိတဲ့အတွက် မင်းသေချာပေါက် နောင်တရစေရမယ်…

...

...

ကျောက်တုံးအကျဉ်းထောင်၏ အပြင်ဘက်တွင် နေရောင်မှာ စူးရှစွာ တောက်ပနေသည်။ ရွှယ်တာလုံသည် အပြင်ဘက်၌ ရိုရိုသေသေဖြင့် စောင့်ဆိုင်းနေသည်မှာ အတော်ကြာမြင့်နေပြီ ဖြစ်သော်လည်း အကျဉ်းထောင်ဘက်သို့ တစ်ချက်မျှပင် လှည့်မကြည့်မိစေရန် သတိထားနေခဲ့သည်။

သူက ခေါင်းငုံ့လျက် “တတိယသခင်လေး... အထဲကလူကို ဘယ်လို စီမံပေးရမလဲခင်ဗျာ” ဟု ရိုသေသေ မေးလိုက်သည်။

ချန်ကျီရှင်းက ကိုယ်လက်အကြောဆန့်ရင်း ပေါ့ပေါ့ပါးပါးပင် “ယဲ့ချန်ရဲ့ ခေါင်းကို ဖြတ်ပြီး ခွေးသားဈေးထဲ သွားပစ်လိုက်တော့” ဟု အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”

ရွှယ်တာလုံက ပြန်ဖြေကာ ရင်ထဲတွင် စိမ့်ခနဲ ဖြစ်သွားသော်လည်း ဓားကိုဆွဲ၍ အကျဉ်းထောင်အတွင်းသို့ အပြေးအလွှား ဝင်သွားတော့သည်။ မကြာခင်မှာပင် အကျဉ်းထောင်အတွင်းမှ စူးစူးဝါးဝါး အော်ဟစ်သံများနှင့် ကျိန်ဆဲသံများ ထွက်ပေါ်လာပြီး ခဏအကြာတွင် အရာအားလုံးက ငြိမ်သက်သွားတော့သည်။

ရွှယ်တာလုံသည် သွေးများစိုရွှဲလျက် အပြင်သို့ ပြန်လည်ထွက်လာပြီး ဂုန်နီအိတ်ဖြင့် ထုတ်ထားသောအရာကို ပြသကာ “တတိယသခင်လေး... အားလုံး ပြီးပါပြီ” ဟု တင်ပြလိုက်သည်။ ချန်ကျီရှင်းက ခေါင်းအသာငြိမ့်ပြပြီး သူ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံဖြင့် အရာအားလုံး စနစ်တကျ ဖြစ်သွားပြီဖြစ်ကြောင်း စစ်ဆေးလိုက်သည်။

“ပြီးရင် စက္ကူလုပ်ငန်းဆီသွားပြီး စက္ကူနဲ့လုပ်ထားတဲ့ ချောမောလှပတဲ့ အစေခံမလေး ဆယ်ယောက် လုပ်ခိုင်းလိုက်။ ပြီးတော့ စက္ကူစတစ်ချောင်းပေါ်မှာ နတ်ဘုရားခရီးသွားလို့ ရေးပြီး ဟောင်းနွမ်းနေတဲ့ ဓားစုတ်တစ်ချောင်းနဲ့အတူ သူ့အတွက် အကုန်လုံးကို မီးရှို့ပေးလိုက်ပါ။ ငါက ကတိဆိုရင် တည်တဲ့သူမျိုးလေ”

ထိုသို့ပြောကာ ဓားကိုကိုင်၍ ထွက်ခွါသွားတော့သည်။

နဂါးနက်ဂိုဏ်းဝင်းအတွင်းမှ ထွက်လာပြီးနောက် ချန်ကျီရှင်းသည် လူသူကင်းမဲ့သော လမ်းကြားလေးတစ်ခုအတွင်းသို့ ချိုးဝင်လိုက်သည်။ ထိုအချိန်မှာပင် အေးစက်လှသော အသိပေးသံတစ်ခုမှာ သူ၏ စိတ်အာရုံအတွင်း ပဲ့တင်ထပ်သွားသည်။

[သင်သည် ကံကြမ္မာအလိုကျ ရွေးချယ်ခံရသူတစ်ဦးကို သတ်ဖြတ်ပြီး သူတို့၏ ကံကြမ္မာနှင့် ပါရမီအချို့ကို သိမ်းပိုက်နိုင်ခဲ့ပါပြီ]

[သင်၏ မူလကံကြမ္မာတန်ဖိုး ၇ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း ထပ်မံတိုးလာပါပြီ။ စုစုပေါင်း ကံကြမ္မာတန်ဖိုး: ၃၇ ရာခိုင်နှုန်း]

[သင်သည် နတ်မင်းကြီး၏ ကောင်းချီးမင်္ဂလာဆိုသည့် ဘွဲ့ထူးကို ရရှိခဲ့ပါသည်]

[သင်သည် အဆင့်မြင့် ဓားလမ်းစဉ်ပါရမီကို ရရှိသွားပါပြီ]

All Chapters