အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း။ ၃၅
ချန်ကျီရှင်း၏ စိတ်အာရုံထဲတွင် အေးစက်စက် အသိပေးသံများ တဆက်တည်း ပဲ့တင်ထပ်သွားသည်။
“ကံကြမ္မာရှင်ကို သတ်လိုက်တာက သူတို့ရဲ့ ကံကြမ္မာနဲ့ ပါရမီတွေကိုပါ လုယူနိုင်တာလား”
ချန်ကျီရှင်း၏ မျက်ခုံးများ အသာအယာ မြင့်တက်သွားသည်။
ကံကြမ္မာဆိုသည်မှာ ဖော်ပြ၍မရနိုင်အောင် ဆန်းကြယ်လှသော အရာမျိုးဖြစ်သည်။ မျက်စိနှင့် မမြင်နိုင်သော်လည်း အမှန်တကယ် တည်ရှိနေသည်မှာ အသေအချာပင်။
ကံကြမ္မာ အားကောင်းသူများသည် မည်သည့်နေရာသို့သွားသွား ကောင်းချီးမင်္ဂလာများနှင့် တွေ့ကြုံရတတ်သည်။ ကမ်းပါးပေါ်မှ ခုန်ချလျှင်ပင် ရှေးဟောင်းအမွေအနှစ်များကို ရှာတွေ့တတ်သလို လမ်းဘေးက အမှိုက်ကောက်လျှင်ပင် မြှုပ်နှံထားသော ရတနာများ ဖြစ်နေတတ်သည်။
ကံကြမ္မာ ပိုမိုအားကောင်းသူများဆိုလျှင် သူတို့၏ ပတ်ဝန်းကျင်ရှိ လူများကိုပင် တိုက်ရိုက် လွှမ်းမိုးနိုင်ကြသည်။ ဥပမာအားဖြင့် သူမှတ်မိနေသော ကံကြမ္မာရှင်တစ်ဦးမှာ အဘက်ဘက်မှ သာမန်ကာလျှံကာသာ ဖြစ်သော်လည်း မသေမျိုးတာအိုဂိုဏ်းကြီးတစ်ခုမှ သူတော်စင်မိန်းကလေး၏ ချစ်မြတ်နိုးမှုကို ရရှိခဲ့ပြီး သူမက သူ့ကိုသာ အတင်းအကျပ် လက်ထပ်ယူခဲ့သည်။
ဒါက ကံကြမ္မာပဲ။
ဂိမ်းထဲက အဓိကဇာတ်ကြောင်း ကိုးခုရဲ့ ကံကြမ္မာရှင်တွေက သာမန်ထက် ထူးကဲလွန်းတဲ့ ကံကြမ္မာတန်ဖိုးတွေကို ပိုင်ဆိုင်ထားကြတာပဲ။
“အရင်က ငါ့ရဲ့ ကံကြမ္မာတန်ဖိုးက 7% ပဲ ရှိခဲ့တာမလား။ တကယ့်ကို နည်းလွန်းတာပဲ”
ချန်ကျီရှင်းမှာ မချိပြုံးပြုံးရင်း စိတ်ထဲမှ ခေါင်းခါယမ်းလိုက်မိသည်။ ထို့နောက် သူသည် လက်ထဲမှ ရှေးဟောင်းဓားကို မြှောက်ကြည့်လိုက်သည်။
ခဏချင်းမှာပင် အလွန်တရာ ရင်းနှီးလှသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။ သူသည် မွေးရာပါ ဓားလမ်းစဉ်ပါရမီရှင်တစ်ဦး ဖြစ်လာသကဲ့သို့ပင်။ လောက၌ မည်သည့် ဓားကျင့်စဉ်မဆို သူ နားမလည်နိုင်သည်ဟူ၍ မရှိတော့ချေ။
“ဒါက ဓားလမ်းစဉ်ပါရမီပဲ ဖြစ်ရမယ်”
ချန်ကျီရှင်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
...
...
ချန်ကျီရှင်း ဇီဝေတောင်၏ တတိယတောင်ထိပ်ကို ပြန်ရောက်ချိန်၌ ကောင်းကင်မှာ ညနေစောင်းနေပြီ ဖြစ်သည်။
“သခင်လေး ပြန်လာပြီပဲ ကျွန်မ ဟင်းတွေကို ပြန်နွေးပေးပါ့မယ်ရှင်”
ပိလော့က အပြေးအလွှား ကြိုဆို လိုက်သည်။
ပိလော့က ဝမ်းသာအားရနှင့် ဆီးကြိုကာ နှုတ်ဆက်လိုက်သော်လည်း...
“ငါ မစားတော့ဘူး”
ချန်ကျီရှင်းက ပြုံးလျက် ပိလော့၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီးနောက် သူ၏ အဆောင်ဆောင်ထဲသို့ လှည့်ဝင်သွားခဲ့သည်။ သူသည် ခုတင်ခေါင်းရင်းရှိ နံရံတစ်ခုကို လက်နှင့် အသာအယာ ဖိနှိပ်လိုက်သည်။
ကလောက်... ကလောက်... ကလောက်
စက်သွားများ လည်ပတ်သွားသည့်အသံမျိုး ပဲ့တင်ထပ်သွားသည်။ သူ၏ ခုတင်ခေါင်းရင်းရှိ ကျောက်ပြာချပ်ကြီးမှာ ဘေးတစ်ဖက်တစ်ချက်သို့ ဖြည်းဖြည်းချင်း ပွင့်ထွက်သွားပြီး မှောင်ရိပ်သန်းနေသော တံခါးပေါက်တစ်ခု ပေါ်လာတော့သည်။
ချန်ကျီရှင်းသည် ထိုအမှောင်တံခါးအတွင်းသို့ လှမ်းဝင်သွားပြီးနောက် တံခါးမှာလည်း အလိုအလျောက် ပြန်ပိတ်သွားသည်။ မှောင်မည်းနေသော စင်္ကြံလမ်းအတွင်း၌ ရေစက်ကျသံများသာ တစက်စက်နှင့် ကြားနေရ၏။
ခြေလှမ်းအစိတ်ခန့် လျှောက်လှမ်းပြီးနောက်တွင်မူ သူ၏ အမြင်အာရုံမှာ ရုတ်တရက် ကျယ်ပြန့်သွားတော့သည်။ စတုရန်းပေ ရာနှင့်ချီ ကျယ်ဝန်းသော ဂူတစ်ခုမှာ သူ၏ရှေ့၌ ပေါ်လာသည်။ ဂူနံရံများတွင် လက်သီးဆုပ်ခန့်ရှိသော အလင်းပေးပုလဲများကို မြှုပ်နှံထားသဖြင့် ဂူအတွင်းမှာ တောက်ပလင်းထိန်နေ၏။
ဤသည်မှာ ချန်ကျီရှင်း၏ လျှို့ဝှက်ခန်းမဆောင်ဖြစ်ပြီး နိဗ္ဗာနနယ်ပယ်အောက်ရှိ မည်သည့် စိတ်ဝိညာဉ်စူးစမ်းမှုကိုမဆို တားဆီးနိုင်သော ဝင်္ကပါအစီအရင်ပေါင်း တစ်ရာကျော် ခင်းကျင်းထားသော နေရာဖြစ်သည်။ အကယ်၍ နိဗ္ဗာနနယ်ပယ်နှင့် အထက်ရှိ ပုဂ္ဂိုလ်များက စူးစမ်းရန် ကြိုးစားလျှင်ပင် ချန်ကျီရှင်းမှာ ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။
“ကဲ... စကားပြောကြရအောင်”
ချန်ကျီရှင်းက တင်ပလ္လင်ခွေ ထိုင်လိုက်ရင်း ချင်းအာရှေးဟောင်းဓားကို ရှေ့သို့ ချလိုက်သည်။
ရှေးဟောင်းဓားမှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကြည်လင်အေးစက်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။
“မင်း ဘာလိုချင်တာလဲ”
ချန်ကျီရှင်းက အနည်းငယ် ပြုံးလိုက်ပြီး “ရိုးရှင်းပါတယ်... ယဲ့ချန်ဆိုတဲ့ကောင်ကတော့ သေသွားပြီ။ အခု မင်း ငါ့ကို အသုံးတော်ခံဖို့ စဉ်းစားကြည့်မလား”
သူ့စကားအဆုံးတွင်မူ...
ရှေးဟောင်းဓားမှာ ဒေါသတကြီး တုန်ခါသွားပြီး အေးစက်သောအသံဖြင့် “မင်း... မင်း... အိပ်မက်တောင် မမက်နဲ့...”
သူမ၏ စကားမဆုံးခင်မှာပင် ချန်ကျီရှင်းက ပြုံးလျက် ဖြတ်ပြောလိုက်သည်။
“ငြင်းဖို့ စိတ်မစောပါနဲ့ဦး။ ငါ ပြောတာကို အရင်ဆုံး ဆုံးအောင် နားထောင်ကြည့်ပါဦးလား”
“ယဲ့ချန်ဆိုတဲ့လူက သစ္စာတရားထက် နာမည်ဂုဏ်သတင်းကို ပိုမက်မောတယ်။ စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး အပေါ်ယံမှာတော့ သူရဲကောင်းလိုလိုနဲ့ တကယ့်တကယ်တော့ သတ္တိကြောင်တဲ့သူပဲ။ ငါ သူ့ကို မသတ်ခဲ့ရင်တောင် သူ့နောက်ကို လိုက်နေတာဟာ မင်းအတွက်တော့ အနာဂတ်မရှိတာနဲ့ အတူတူပဲ”
အေးစက်သောအမျိုးသမီးအသံမှာ တစ်ခုခု ပြန်လည်ချေပရန် ပြင်လိုက်သော်လည်း သေချာစဉ်းစားကြည့်ပြီးနောက် တိတ်ဆိတ်သွားတော့သည်။
ချန်ကျီရှင်းပြောသွားသော အချက်များသည် ယဲ့ချန်၏ စရိုက်ဆိုးများသာ ဖြစ်သည်။
“ဒါဆို... ငါ့နောက်ကို ဘာလို့ မလိုက်ချင်ရတာလဲ”
“ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် မင်းရဲ့ မူလစွမ်းအားတွေ ပြန်ရဖို့အတွက် နတ်ဘုရားလက်နက်
ချီတွေကို စုပ်ယူဖို့ လိုအပ်နေတာ မဟုတ်ဘူးလား”
“ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ့ရဲ့ ဇီဝေချန်မိသားစုမှာ တခြားအရာတွေ ရှိချင်မှရှိမှာ။ ဒါပေမဲ့ နယ်မြေကျယ်ဝန်းမှုနဲ့ ကြွယ်ဝချမ်းသာမှုမှာတော့ ဘယ်သူ့ကိုမှ မရှုံးဘူး”
“ချန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်အနေနဲ့ ငါ စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ နတ်
ဘုရားလက်နက်တွေ အများကြီးက ငါ့ရှေ့ကို ရောက်လာမှာပဲ”
ချန်ကျီရှင်းသည် သူ၏မေးစေ့ကို လက်ဖြင့်ထောက်ကာ မျက်လုံးများကို မှေးစင်းလျက် နောက်ပြောင်ကျီစယ်သော အပြုံးဖြင့် ပြောလိုက်သည်။
ထိုစကားကြောင့် ချင်းအာရှေးဟောင်းဓားမှာ တုန်ခါသွားရပြန်သည်။
ဒီလူက ငါ့ရဲ့ စွမ်းအားတွေ ပြန်ရဖို့ နတ်ဘုရားလက်နက်ချီလိုအပ်နေတယ်ဆိုတာကို ဘယ်လိုဖြစ်ပြီး သိနေတာလဲ။
နောက်တစ်စက္ကန့်တွင်မူ...
အေးစက်သောအမျိုးသမီးအသံက လှောင်ပြောင်သည့်လေသံဖြင့် “အဲဒါတော့ ဘာဖြစ်လဲ ဒီလောက်လေးနဲ့ ငါ့ကို ဝယ်ယူလို့ရမယ်လို့ မင်း ထင်နေတာလား”
“ဝယ်ယူတာ ဟုတ်လား”
ချန်ကျီရှင်းက ရယ်မောလိုက်ပြီး ချင်းအာရှေးဟောင်းဓား၏ ဝိညာဉ်အာရုံကို ညင်သာစွာ ထိတွေ့လိုက်သည်။
ဘုန်း…
စိတ်ဝိညာဉ်စွမ်းအင်တစ်ခုမှာ လေးလံသော တူကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေးဟောင်းဓားကို အရှိန်ဖြင့် ထုချလိုက်သည်။
ရှေးဟောင်းဓားမှာ ပြင်းထန်စွာ တုန်ခါသွားပြီး နာကျင်စွာ အော်ဟစ်လိုက်ရသည်။
“ချင်းအာ... မင်း ကိုယ့်အခြေအနေကိုယ် သေချာနားမလည်သေးဘူး ထင်တယ်နော်”
ချန်ကျီရှင်းသည် ရှေးဟောင်းဓားကို ပြန်ချလိုက်သည်။ သူ၏ အပြုံးမှာ နွေးထွေးနေဆဲဖြစ်သော်လည်း “လက်ရှိမှာတော့ မင်းက စဉ်းပေါ်ကငါးပဲ၊ ငါက ဓားနဲ့ စဉ်းတီတုံးပဲ။ ငါ မင်းကို ဒီလောက်အများကြီး ရှင်းပြနေတာ။ မင်းနဲ့ ဒီလို အပေးအယူလုပ်ဖို့ ဆွေးနွေးနေတာက မင်းရဲ့ အလားအလာကို ငါ တန်ဖိုးထားလို့ပဲ။ မင်းကို ဝယ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး”
“ဒါကို မင်း စိတ်ထဲမှာ အမြဲမှတ်ထားတာ အကောင်းဆုံးပဲ”
ဓားအတွင်းရှိ ကမ္ဘာငယ်လေးထဲတွင်မူ အေးစက်သောအမျိုးသမီးမှာ အံတင်းတင်းကြိတ်ထားပြီး သူမ၏ မျက်ဝန်းထဲတွင် အရှက်ရမှုများဖြင့် ပြည့်နှက်နေတော့သည်။
သူမသည် ထာဝရအသက်ရှည်ခြင်းဓားဝိညာဉ်အဖြစ် ဓားနတ်ဘုရားနောက်သို့ လိုက်ပါခဲ့စဉ်က မည်သည့်နေရာသို့ ရောက်ရောက် လူထောင်သောင်းချီ၍ ရိုသေကိုးကွယ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။
ယခုကဲ့သို့ စော်ကားမော်ကား အပြောခံရသည်မှာ ဤတစ်ကြိမ်က ပထမဆုံးပင်။
“မင်းမှာ သတ္တိရှိရင် ငါ့ကို အခုချက်ချင်း ဖျက်ဆီးပစ်လိုက်စမ်း”
အမျိုးသမီးအသံမှာ အံတင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည့်အသံပင်။
“ချင်းအာက တကယ်ကို မာန်ရှိပြီး ဖြောင့်မတ်တဲ့ စိတ်ထားရှိတာပဲ။ ယဲ့ချန်ထက်စာရင် အများကြီး ပိုသာပါတယ်”
ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်ပြီး မတ်တပ်ထရပ်သည်။
“စိတ်မလောပါနဲ့ဦး။ မင်းကို စဉ်းစားဖို့ သုံးရက် အချိန်ပေးမယ်”
ထို့နောက် ချန်ကျီရှင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်အမြောက်အမြားကို ထုတ်လွှတ်လိုက်ပြီး ရှေးဟောင်းဓားကို တင်းကြပ်စွာ ချည်နှောင်ထားသည့် ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
“ဒီသုံးရက်အတွင်း ချင်းအာတစ်ယောက် စိတ်အေးအေးထားပြီး စဉ်းစားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ”
ချန်ကျီရှင်းသည် ရှေးဟောင်းဓားကို ကြည့်ကာ ပြုံးပြလိုက်ပြီးနောက် လက်ခုပ်တစ်ချက် တီးလိုက်သည်။
ဂူအတွင်းရှိ အလင်းပေးပုလဲများမှာ တစ်ပြိုင်နက်တည်း ငြိမ်းသွားပြီး တစ်ဂူလုံး မှောင်အတိ ကျသွားတော့သည်။ ထို့နောက် ချန်ကျီရှင်း လှည့်ထွက်သွားခဲ့သည်။
“ပြန်လာခဲ့စမ်း”
“ချန်မျိုးနွယ်စုတ်လေး... ဘာလို့ သုံးရက် စောင့်နေဦးမှာလဲ သတ္တိရှိရင် ငါ့ကို အခုချက်ချင်း ဖျက်ဆီးပစ်လိုက်လေ”
“ပြန်လာခဲ့လို့ ပြောနေတယ်”
အေးစက်သောအမျိုးသမီးအသံမှာ မည်သို့ပင် အော်ဟစ်နေပါစေ ချန်ကျီရှင်းကမူ ဘာမှမကြားသကဲ့သို့ပင် ဂူအတွင်းမှ ဖြည်းဖြည်းချင်း လှမ်းထွက်သွားခဲ့သည်။
လျှို့ဝှက်ခန်းမထဲမှ ထွက်လာပြီးနောက်တွင် ဓားဝိညာဉ်ကို မသိမ်းသွင်းနိုင်ခဲ့သော်လည်း ချန်ကျီရှင်း၏ မျက်နှာမှာ ပုံမှန်အတိုင်းပင် ရှိနေသည်။ အမှန်တကယ်တွင် သူသည် ချင်းအာနတ်ဘုရားဓားကို အလွန်အမင်း အလေးအနက်ထားခြင်း မရှိပေ။
အကယ်၍ သူမကို အသုံးချနိုင်လျှင် အကောင်းဆုံးပင်။ ၎င်းမှာ ထာဝရအသက်ရှည်ခြင်းနယ်ပယ်အထိ တိုးတက်နိုင်စွမ်းရှိသော ခေတ်ပြိုင်နတ်ဘုရားလက်နက်တစ်ခုကို ပိုင်ဆိုင်လိုက်ရခြင်းနှင့် အတူတူပင်။ အကယ်၍ အသုံးမချနိုင်လျှင်လည်း ကိစ္စမရှိပေ။ တခြားသူလက်ထဲ မရောက်သွားလျှင်ပင် လုံလောက်နေပြီဖြစ်သည်။
ရိုးရှင်းစွာ ပြောရလျှင် ချန်ကျီရှင်း၏ စိတ်ဓာတ်မှာ [ငါမရရင် ဘယ်သူမှ မရစေရဘူး] ဆိုသည်ပင်။
အကယ်၍ သုံးရက်ကြာပြီးနောက်တွင်မှ...
ထာဝရအသက်ရှည်ခြင်းဓားဝိညာဉ် ချင်းအာက ခေါင်းမာနေဦးမည်ဆိုလျှင်မူ သူမ ဆန္ဒရှိသည့်အတိုင်းပင် ဓားကို အမှန်တကယ် ဖျက်ဆီးပစ်ပေလိမ့်မည်။
“ပြောရဦးမယ်... ယူကျိုးက တောင်ဘက်နယ်စပ်နဲ့ နီးတယ်။ အကယ်၍ ချင်းအာက အညံ့မခံဘူးဆိုရင် ဒီတောင်ဘက်နယ်စပ် စမ်းသပ်ပွဲအတွင်းမှာ ယူကျိုးက ဓားနတ်ဘုရားရဲ့ အကြွင်းအကျန်နေရာဆီ ငါ သွားကြည့်ရမယ်။ ပထမအချက်က ဓားနတ်ဘုရားရဲ့ အမွေအနှစ်ကို ရနိုင်မလား ကြည့်ဖို့ ဒုတိယအချက်ကတော့ ချင်းအာကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းကို ရှာဖို့ပဲ... သူမရဲ့ အသိစိတ်ကို တိုက်ရိုက် ဖျက်ဆီးပစ်တာမျိုးပေါ့”
“ဒီနည်းလမ်းက ဓားရဲ့ စွမ်းအားကို သိသိသာသာ အားနည်းသွားစေမှာ မှန်ပေမဲ့ ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်”
ချန်ကျီရှင်းသည် ပြတင်းပေါက်အနားတွင် ရပ်လျက် သစ်ကိုင်းပေါ်တွင် ချိတ်ဆွဲထားသော လသာသာညကို ငေးကြည့်ရင်း စိတ်ထဲမှ ဆုံးဖြတ်ချက် တစ်ခုကို တိတ်တဆိတ် ချလိုက်သည်။
အခန်း။ ၃၆
မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးရက်တာ အချိန်က ကုန်ဆုံးသွားခဲ့သည်။
ဤသုံးရက်အတွင်း ဇီဝေတောင်တစ်ခုလုံးမှာ ပျားများကဲ့သို့ အလုပ်များနေကြသည်။ အကြောင်းမှာ တောင်ဘက်နယ်စပ်ရှိ တောင်တန်းတစ်သိန်းစမ်းသပ်ပွဲစတင်တော့မည် ဖြစ်သောကြောင့်ပင်။
ချန်မိသားစုဝင်တိုင်းသည် ထိုစမ်းသပ်ပွဲတွင် အစွမ်းပြနိုင်ရန်နှင့် ဆယ်စုနှစ်တစ်ခုလျှင် တစ်ကြိမ်သာ ကျင်းပမြဲဖြစ်သော အရှေ့ဘက်လျှို့ဝှက်နယ်မြေပြိုင်ပွဲကြီးတွင် မိသားစုကိုယ်စားလှယ်အဖြစ် ပါဝင်နိုင်ရန်အတွက် ကျင့်ကြံခြင်း၌ အစွမ်းကုန် ကြိုးစားနေကြသလို လက်နက်ကိရိယာများနှင့် အဆောင်လက်ဖွဲ့များကိုလည်း ပြင်ဆင်နေကြသည်။ အထူးသဖြင့် မိသားစုခွဲများမှ ဆင်းသက်လာသူများမှာ ပို၍ပင် ကြိုးစားကြသည်။ သူတို့၏ ရည်မှန်းချက်မှာ ဤစမ်းသပ်ပွဲ၌ ထူးချွန်စွာ စွမ်းဆောင်ပြပြီး မိသားစုခေါင်းဆောင်၏ အသိအမှတ်ပြုမှုကို ရယူကာ အခွင့်အလမ်းကောင်းများ ပိုမိုရရှိရန်ပင်။
သို့သော် ချန်ကျီရှင်းမှာမူ အခြားသူများ မည်မျှပင် ပြိုင်ဆိုင်မှု ပြင်းထန်နေပါစေ စိတ်အေးလက်အေးပင် ရှိနေသည်။ သူသည် သူ၏ ပုံမှန်နေ့စဉ်ဘဝကို စနစ်တကျပင် ဖြတ်သန်းနေ၏။ လျှို့ဝှက်ခန်းမဆောင်အတွင်း ကျင့်ကြံခြင်းအပြင် ပိလော့ကို စနောက်ကျီစယ်ရင်း အချိန်ကုန်လွန်စေသည်။
လျှို့ဝှက်ခန်းမဆောင်အတွင်း ပိတ်လှောင်ခံထားရသော ချင်းအာမှာမူ ပထမက ဤသုံးရက်အတွင်း ချန်ကျီရှင်းသည် သူမကို နည်းမျိုးစုံဖြင့် နှိပ်စက်စော်ကားလိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော် သူမ အံ့သြသွားရသည်မှာ ချန်ကျီရှင်းသည် သူမကို နှိပ်စက်ရန် ဝေးစွလျှို့ဝှက်ခန်းမထဲသို့ ဝင်လာတိုင်း သူမဘက်ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ ကျင့်ကြံခြင်း ပြီးဆုံးသည်နှင့် အေးအေးဆေးဆေး ပြန်ထွက်သွားတတ်ခြင်းပင်။ သူမဘက်က စကားစတင်ပြောလျှင်ပင် ချန်ကျီရှင်းက ပြန်မထူးချေ။
ထိုအရာက ပြင်းပြင်းထန်ထန် ခုခံဖို့ ပြင်ဆင်ထားသည့် ချင်းအာအတွက်တော့ အတော်လေး ကသိကအောက် ဖြစ်စေခဲ့သည်။ နောက်ပိုင်းတွင် အပျင်းပြေစေရန်အတွက် သူမသည် ချန်ကျီရှင်းကို စတင်လေ့လာမိတော့သည်။
ထိုအခါမှ သူမသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသော အမှန်တရားတစ်ခုကို တွေ့ရှိသွားတော့သည်။
ဤလူငယ်လေး၏ ကျင့်ကြံမှုမှာ နတ်ဘုရားခရီးသွားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ စစ်မှန်သော ကိုယ်ပိုင်အနှစ်သာရနယ်ပယ်သို့ ရောက်ရှိရန် ဆံခြည်တစ်မျှသာ လိုတော့သည့် အနေအထားပင်။
အသက်ဆယ်နှစ်အရွယ်နဲ့ နတ်ဘုရားခရီးသွားနယ်ပယ်အထွတ်အထိပ်။
ဒါက ဘယ်လိုမျိုး အယူအဆကြီးလဲ။
ယဲ့ချန်က သူ့ကို မယှဉ်နိုင်တာ အသာထားဦး။ သမိုင်းတစ်လျှောက် ဓားသိုင်းပညာမှာ အနှိုင်းမဲ့တယ်လို့ ကျော်ကြားခဲ့တဲ့ ငါ့ရဲ့ သခင် ဓားနတ်ဘုရားတောင်မှ ဒီအရွယ်မှာ ဒီလောက်အထိ မစွမ်းဆောင်နိုင်ခဲ့ဘူး။
ဒီကျင့်ကြံမှု အရှိန်အဟုန်က သမိုင်းတစ်လျှောက် ဒဏ္ဍာရီအားလုံးကို ချိုးဖျက်ပစ်လိုက်တာပဲ မဟုတ်ဘူးလား။
ချင်းအာမှာ တုန်လှုပ်သွားရသည်။ သို့သော် ဤအချက်တစ်ခုတည်းနှင့်တင် မပြီးသေးချေ။
ချန်ကျီရှင်းရဲ့ ပါရမီကတော့ တကယ့်ကို မယုံနိုင်စရာပဲ။ သူ့ရဲ့ ဉာဏ်အလင်းပွင့်မှုက လူသားအဆင့်ထက်တောင် ကျော်လွန်နေပြီး နတ်ဘုရားတွေကပဲ ဖန်ဆင်းပေးထားသလား အောက်မေ့ရတယ်။ ဘယ်ကျင့်စဉ်ပဲဖြစ်ဖြစ် သူ့လက်ထဲရောက်ရင် ခဏလေး ကြည့်လိုက်ရုံနဲ့ အမှားအယွင်းမရှိ ပြန်လုပ်ပြနိုင်ရုံတင်မကဘူး။ မူရင်းထက်တောင် ပိုကောင်းအောင် ပြင်နိုင်သေးတာ။ ငါ အဂုဏ်ယူဆုံးဖြစ်တဲ့ ဓားလမ်းစဉ်မှာတောင် သူက ခြွင်းချက်မရှိဘူး။ ပုံမှန်ဆို နေ့ညမပြတ် ကျင့်မှရတဲ့ ဓားပညာကို သူက သုံးရက်တည်းနဲ့ အပိုင်ရသွားတာ။ ဒါက ... သမိုင်းမှာ တစ်ခါမှ မရှိဖူးတဲ့ ထူးခြားဆန်းပြားတဲ့ ပါရမီရှင်ကြီးပဲ….
ယနေ့တွင်မူ ချန်ကျီရှင်းသည် ထုံးစံအတိုင်း လျှို့ဝှက်ခန်းမထဲ၌ တရားထိုင် ကျင့်ကြံနေသည်။ သူသည် လရောင်ဝတ်စုံကို ဆင်မြန်းထားပြီး တစ်ကိုယ်လုံးမှာ နက်ရှိုင်းသည့် တရားရိပ်ထဲတွင် နစ်မြောနေပုံပင်။ သူ အသက်တစ်ချက် ရှူသွင်းလိုက်တိုင်း ပတ်ဝန်းကျင်ရှိ ဝိညာဉ်
စွမ်းအင်များမှာ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်သွားကြသည်။
ချင်းအာက ဘေးမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေစဉ်မှာပင် “သုံးရက် ပြည့်သွားပြီ။ မင်း ဆုံးဖြတ်ချက် ချပြီးပြီလား”
ချန်ကျီရှင်းက မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
ထိုစကားကြောင့် ဓားဝိညာဉ် ချင်းအာမှာ ကြောင်တောင်တောင်ဖြစ်သွားရသည်။
ဤသုံးရက်အတွင်း ချန်ကျီရှင်းဆီမှ ရရှိခဲ့သည့် တုန်လှုပ်မှုများက ပြင်းထန်လွန်းသဖြင့် သူမမှာ ဤကိစ္စကို လုံးဝ မေ့လျော့နေခဲ့ခြင်းပင်။
သူမသည် အကျင့်ပါနေသည့်အတိုင်း ငြင်းပယ်ရန် ပြင်လိုက်သော်လည်း စကားလုံးများကို ပြန်လည်မျိုချလိုက်ပြီး တိတ်ဆိတ်သွားခဲ့သည်။
အရင်က သူမ ချန်ကျီရှင်းကို ငြင်းပယ်ခဲ့ခြင်းမှာ သူ့အား ရက်စက်လွန်းသူဟု ထင်မြင်ခဲ့သောကြောင့်ပင်။ သို့သော် အနီးကပ် လေ့လာမှုအရ ချန်ကျီရှင်းထံတွင် သွေးဆာနေသည့် အငွေ့အသက်မျိုး မရှိသည်ကို သူမ တွေ့လိုက်ရသည်။ ၎င်းအပြင် သူမ ငြင်းရန် ခက်ခဲနေရသည့် နောက်ထပ် အကြောင်းပြချက် တစ်ခုလည်း ရှိနေသေးသည်။
သူမသည် ချန်ကျီရှင်း၏ လက်ထဲသို့ ကျရောက်ကာ မကောင်းမှုပြုရာတွင် အားပေးကူညီသည့် လက်နက်တစ်ခု မဖြစ်လိုခဲ့ပေ။
သို့သော် ယခုမူ သူမကိုယ်သူမ ပြန်လည်မေးခွန်းထုတ်နေမိပြီဖြစ်သည်။
"ချန်ကျီရှင်းမှာ ဒီလောက်ကောင်းတဲ့ အစွမ်းတွေ ရှိနေတာပဲ။ သူသာ တကယ် မကောင်းတဲ့လမ်းကို လျှောက်တော့မယ်ဆိုရင် ငါက သူ့ကို ဘယ်လိုလုပ် တားနိုင်မှာလဲ။ ငါ့ရဲ့ တည်ရှိမှုကရော သူ့အတွက် တကယ်ကော အဓိပ္ပာယ် ရှိရဲ့လား။ ငါ ရှိနေလဲ သူကတော့ သူပဲ... ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး"
ဤအတွေးများက ချင်းအာကို နက်ရှိုင်းစွာ စဉ်းစားစေခဲ့သည်။ ချန်ကျီရှင်းက သူမကို အတင်းအကျပ် မတိုက်တွန်းဘဲ တိတ်ဆိတ်စွာပင် စောင့်ကြည့်နေခဲ့၏။
ခေတ္တအကြာတွင် ရှုပ်ထွေးနေသော ခံစားချက်များ ပါဝင်နေသည့် အေးစက်သောအမျိုးသမီးအသံက ချန်ကျီရှင်း၏ စိတ်အာရုံထဲတွင် ပဲ့တင်ထပ်လာသည်။
“ချန်ကျီရှင်း... ငါ မင်းကို အသုံးတော်ခံဖို့ သဘောတူပါတယ်။ ဒါပေမဲ့ မင်း ငါ့ကို တစ်ခုတော့ ကတိပေးရမယ်။ ငါ့ကို မကောင်းတဲ့နေရာတွေမှာ အသုံးမချပါဘူးလို့။ ဒါကို မင်း လုပ်နိုင်မလား”
ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းက လေသံအေးအေးဖြင့် ပြောလိုက်သည်။
“ချင်းအာ... မင်းက ငါ့ကို အပေးအယူ လာလုပ်နေတာလား။ စေတနာနဲ့ သတိပေးပါရစေ။ လက်ရှိမှာ မင်းဆီမှာ ငါ့ကို တောင်းဆိုချက်တွေ ထုတ်ဖို့ အခြေအနေမှာ မရှိဘူးနော်”
“ကောင်းပြီလေ”
ဓားဝိညာဉ် ချင်းအာမှာ စိတ်ဓာတ်ကျသွားဟန်ဖြင့် အတော်ကြာ စဉ်းစားနေပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပုံပင်။
“ငါ့မှာ နောက်ထပ် မေတ္တာရပ်ခံချက်တစ်ခု ရှိသေးတယ်။ အဲဒါကိုသာ မင်း သဘောတူမယ်ဆိုရင် ဒီနေ့ကစပြီး ငါက မင်းလက်ထဲက အထက်မြက်ဆုံး ဓားတစ်ချောင်း ဖြစ်စေရမယ်။ ဘယ်လိုလဲ”
ချန်ကျီရှင်းသည် ချင်းအာ၏ စကားလုံးများတွင် တောင်းဆိုချက်မှ မေတ္တာရပ်ခံချက်သို့ ပြောင်းလဲသွားသည်ကို အကဲခတ်မိလိုက်သည်။
“ကောင်းပြီ... ပြောစမ်းပါ”
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်သည်။
“တစ်နေ့... နောင်တစ်ချိန်မှာ မင်း စွမ်းအားကြီးလာတဲ့အခါ၊ ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို ထိတွေ့နိုင်တဲ့အထိ ဖြစ်လာတဲ့အခါ... ငါ့ရဲ့သခင် ဓားနတ်ဘုရားဘယ်ရောက်နေလဲဆိုတာ ရှာပေးနိုင်မလား”
ဓားဝိညာဉ် ချင်းအာသည် ချန်ကျီရှင်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေမိသည်။ ဤသည်မှာ သူမ၏ အကြီးမားဆုံး ဆန္ဒပင်။
သူမ၏သခင်ကဲ့သို့ စွမ်းအားကြီးမားသူတစ်ဦးသည် ဤကျယ်ပြောလှသော ကမ္ဘာကြီးထဲတွင် ဘာစကားတစ်ခွန်းမှ မထားခဲ့ဘဲ ဒီအတိုင်း ပျောက်ကွယ်သွားလိမ့်မည်ဟု သူမ မယုံကြည်နိုင်ပေ။
“ရတာပေါ့”
ချန်ကျီရှင်းက စကားနှစ်ခွန်းတည်းဖြင့် ဖြေလိုက်သည်။
ဓားအတွင်းရှိ ဟင်းလင်းပြင်ထဲတွင် ချင်းအာသည် ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသည့်အလား သက်ပြင်းချလိုက်မိသည်။
“ကျေးဇူးတင်ပါတယ်”
သူမက ရိုးသားစွာပင် ပြောလိုက်၏။
“ဟားဟား... အခုတော့ ငါတို့က မိသားစုဝင်တွေ ဖြစ်သွားပြီပဲ။ ကျေးဇူးတင်နေဖို့ မလိုပါဘူး”
ချန်ကျီရှင်း၏ မျက်နှာတွင် အပြုံးများ ဝေဆာသွားပြီး သူကိုယ်တိုင်လည်း အလွန်ပင် ဝမ်းသာသွားသည်။ ဤသည်မှာ တစ်ချိန်က ထာဝရအသက်ရှည်ခြင်းနယ်ပယ်အဆင့်ရှိသော လက်နက်တစ်ခုပင်။
ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် ထာဝရအသက်ရှည်ခြင်းအဆင့်ရှိ လက်နက်များဆိုသည်မှာ အလွန်တရာ ရှားပါးလှသည်။
ထိုကဲ့သို့သော လက်နက်တစ်ခုကို ပိုင်ဆိုင်လိုက်ရသဖြင့် ရင်ခုန်စိတ်လှုပ်ရှားခြင်း မရှိဘူးဟု ပြောလျှင် ညာရာရောက်ပေလိမ့်မည်။
နောက်တစ်စက္ကန့်တွင်မူ...
ချန်ကျီရှင်းသည် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကြည်လင်ခြင်းနယ်ပယ်အဆင့်ရှိ နတ်ဘုရားလက်နက် ငါးခုမှာ သူ၏ရှေ့၌ ပေါ်လာတော့သည်။
“ကဲ... ဒါက မင်းအတွက် အကြိုလက်ဆောင်ပဲ”
ချန်ကျီရှင်းက အပြုံးနုနုဖြင့် ပြောလိုက်သည်။
ထိုခဏ၌ ဓားဝိညာဉ် ချင်းအာမှာ သူမရှေ့ရှိ ကြည်လင်ခြင်းအဆင့်ရှိ လက်နက်ငါးခုကို ကြည့်ကာ မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။
ကောင်းကင်ဘုံက လက်ဆောင်တွေ မိုးရွာချလိုက်သလိုမျိုး ခံစားချက်ကြောင့် သူမမှာ မူးနောက်သွားရသည်။
မြတ်စွာဘုရား... စတွေ့ချင်းမှာတင် ကြည်လင်ခြင်းအဆင့်ရှိတဲ့ လက်နက်ငါးခုတောင် ပေးတာလား တကယ့်ကို ရက်ရောလွန်းလှချေလား။
ယဲ့ချန်နောက်ကို လိုက်ခဲ့တဲ့ လပေါင်းများစွာကို ပြန်တွေးကြည့်ရင် ကြည်လင်ခြင်းအဆင့် လက်နက်တွေနေနေသာသာ ဘယ်အဆင့်ရှိတဲ့ ရတနာမျိုးကိုမှ ကောင်းကောင်းမွန်မွန် မမြင်ခဲ့ရဘူး။ ဂုဏ်သိက္ခာရှိလှတဲ့ ထာဝရအသက်ရှည်ခြင်းအဆင့် လက်နက်တစ်ချောင်းဖြစ်ပါလျက်နဲ့ နေ့တိုင်း အစုတ်အပြတ်တွေကိုပဲ ဝါးမြိုနေခဲ့ရတာ။
ယခုလို နှိုင်းယှဉ်ချက်များက ချင်းအာကို သူမအနေဖြင့် လမ်းမှန်ကို ရွေးချယ်တာ နောက်ကျသွားတယ်ဟုပင် ခံစားမိစေသည်။
ဝှူး…
မျက်တောင်တစ်ခတ်အတွင်းမှာပင်
ရှေးဟောင်းဓား ချင်းအာသည် ဟင်းလင်းပြင်သို့ ပျံတက်သွားပြီး လေထဲတွင်ဝဲကာ နတ်ဘုရားလက်နက်တစ်ခုပေါ်သို့ ကျရောက်သွားသည်။
ရှူး…
မမြင်နိုင်သော လက်နက်စွမ်းအင်မျှင်လေးများသည် ထိုလက်နက်အတွင်းမှတစ်ဆင့် ရှေးဟောင်းဓား ချင်းအာ၏ ကိုယ်ထည်အတွင်းသို့ စီးဝင်သွားတော့သည်။ ချက်ချင်းပင် ရှေးဟောင်းဓားမှာ အနည်းငယ် တောက်ပလာပြီး သူမ၏ အရှိန်အဝါမှာလည်း သိသိသာသာ အားကောင်းလာသည်။
ခရက်…
လက်ဖက်ရည်တစ်ခွက် သောက်စာမျှ အချိန်အတွင်းမှာပင် ထိုနတ်ဘုရားလက်နက်မှာ အပိုင်းပိုင်းအပြတ်ပြတ် ကြေမွသွားပြီး ဝိညာဉ်ဓာတ်များ ကင်းမဲ့ကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထို့နောက်...
ဒုတိယတစ်ခု…
တတိယတစ်ခု….
စတုတ္ထတစ်ခု…
ပဥ္စမတစ်ခု…
တစ်နာရီခန့် ကြာပြီးနောက်...
“ဂတ်...”
လေချဉ်တက်သံနှင့်အတူ ရှေးဟောင်းဓားချင်းအာသည် မြေပြင်မှ ပျံတက်လာကာ ချန်ကျီရှင်း၏အနားသို့ ရောက်ရှိလာပြီး သူ့ပတ်ပတ်လည်တွင် တဝဲဝဲလည်နေတော့သည်။
“ဟိုလေ... နောက်ထပ် ရှိသေးလားဟင်”
ဓားဝိညာဉ် ချင်းအာမှာ တံတွေးတစ်ချက် မျိုချရင်း မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။