အကြံကိုယ်စီ ရှိကြသည်
Vol. 19 Ch. 195
ချန်မိသားစု ဆေးဖော်စပ်ခန်း၊
ကျော့ရွှေယွင် လှိုဏ်ဂူအထွက်လမ်းမှ ထွက်ပြေးလာချိန်တွင် ဓားပျံတစ်လက် သူမကို ဖြတ်ကျော်ပြီး နောက်ဘက်ရှိ ချန်ရွှေ့တာဆီသို့ ဦးတည်သွားသည်ကို မြင်လိုက်ရသည်။
ချက်ချင်းဆိုသလိုပင် စုန့်ဝမ်၏ ပုံရိပ်မှာလည်း မြေအောက်လှိုဏ်ဂူ အဝင်ဝတွင် ပေါ်လာသည်။
"ဂျူနီယာဝူ... ရှင် ဘာလုပ်နေတာလဲ" ဟု ကျော့ရွှေယွင်က အံ့အားသင့်စွာ မေးလိုက်သည်။
"ချန်ရွှေ့တာက ကိုယ့်ဆွေမျိုးသားချင်းတွေကို အသုံးချပြီး သွေးမိစ္ဆာတွေ မွေးမြူနေတယ်။ ဒီလို လုပ်ရပ်မျိုးကို လက်ခံနိုင်စရာ မရှိဘူး။ ဂိုဏ်းအကြီးအကဲတစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ဆေးတွေ ဖော်စပ်ခိုင်းနေတာနဲ့တင် သူ့ရာဇဝတ်မှုတွေက ပြစ်ဒဏ်ပေးဖို့ ထိုက်တန်ပါတယ်။ အခုက သူ့ကို သတ်ဖို့ အကောင်းဆုံး အချိန်ပဲ" ဟု စုန့်ဝမ်က သမာသမတ်ကျင့်ကြံသူဟန်ဖြင့် ပြောလိုက်သည်။
သွေးမိစ္ဆာ လွတ်မြောက်လာခြင်းမှာ လှိုဏ်ဂူအတွင်း ပုန်းအောင်းနေသည့် ကူပိုးကောင်က သွေးမိစ္ဆာကို ထိန်းချုပ်ထားသော သံမှိုစည်းတံဆိပ်များအား လျှို့ဝှက်စွာ ဖယ်ရှားပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
ကျော့ရွှေယွင် တုန်လှုပ်သွားသည်။ ချန်ရွှေ့တာက ကိုယ့်ဆွေမျိုးတွေကို သွေးမိစ္ဆာအဖြစ် မွေးမြူကြောင်းကို သူမ မအံ့ဩပါ၊ အစကတည်းက သံသယရှိခဲ့ပြီး ဖြစ်သည်။ သူမ အံ့အားသင့်ရသည်မှာ စုန့်ဝမ်က ချန်ရွှေ့တာကို ဆန့်ကျင်ရဲခြင်းပင် ဖြစ်သည်။
"ချန်ဟန် ဘယ်မှာလဲ" ဟု ကျော့ရွှေယွင်က အရေးတကြီး မေးသည်။
"ချန်ဟန်ကို ကျွန်တော် အလစ်တိုက်ခိုက်ပြီး သတ်လိုက်ပြီ။ ချန်ရွှေ့တာ သွေးမိစ္ဆာ မွေးမြူတဲ့ အကြောင်းတွေကို ချန်ဟန်က သူ မသေခင် ပြောပြသွားတာပါ"
ရှင်းပြပြီးသည်နှင့် စုန့်ဝမ်က ကျော့ရွှေယွင်ကို စကားပြောခွင့် မပေးဘဲ တိုက်တွန်းလိုက်သည်။
"စီနီယာအစ်မကျော့... တွန့်ဆုတ်မနေနဲ့။ ဒါက ချန်ရွှေ့တာကို ဖယ်ရှားဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ မဟုတ်ရင် သူ သွေးမိစ္ဆာကို အနိုင်ယူပြီး ထွက်လာရင် ကျွန်တော်တို့ လွတ်မြောက်ဖို့ ခက်လိမ့်မယ်"
ကျော့ရွှေယွင် ချန်ရွှေ့တာဘက်သို့ လှည့်ကြည့်လိုက်သည်။ သွေးမိစ္ဆာမှာ သွက်လက်စွာ လှုပ်ရှားနေပြီး ၎င်း၏ လှုပ်ရှားမှုမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ထူးဆန်းကာ မှန်းဆရ ခက်ခဲလှသည်။ သွေးမိစ္ဆာမှာ ဒဏ်ရာရထားသော်လည်း သွက်လက်စွာ လှုပ်ရှားနိုင်ပြီး စုန့်ဝမ်၏ ဓားပျံက ဘေးမှ ကူညီပေးနေသဖြင့် ချန်ရွှေ့တာကို ထိန်းထားနိုင်ခဲ့သည်။
ချန်ရွှေ့တာမှာ သွေးရုပ်သေးဝိညာဉ်ဆေးလုံး ဖော်စပ်မှုကို ဦးဆောင်ခဲ့သဖြင့် ဝိညာဉ်စွမ်းအင်နှင့် စိတ်စွမ်းအင်များစွာ ကုန်ဆုံးထားရာ လက်ရှိတွင် အထွတ်အထိပ် အခြေအနေတွင် မရှိတော့ပေ။ ထို့အပြင် မြေအောက်လှိုဏ်ဂူ၏ ကျဉ်းမြောင်းသော နေရာကြောင့် သွေးမိစ္ဆာနှင့် နီးကပ်စွာ တိုက်ခိုက်ရမည့် အခြေအနေသို့ ရောက်ရှိသွားသည်။ ၎င်းက အနီးကပ်တိုက်ခိုက်နိုင်စွမ်း မြင့်မားသော သွေးမိစ္ဆာကို ပိုမို အားသာစေသည်။
ကျော့ရွှေယွင်သည် အံတင်းတင်းကြိတ်ကာ သူမ၏ ဓားပျံကို ဆင့်ခေါ်ပြီး ချန်ရွှေ့တာကို ဝင်ရောက်တိုက်ခိုက်သည်။ ဓားပျံ နှစ်လက်၏ အကူအညီဖြင့် သွေးမိစ္ဆာမှာ ပိုမိုသွက်လက်လာပြီး တိုက်ခိုက်နိုင်စွမ်းလည်း တိုးတက်လာသည်။
ချန်ရွှေ့တာမှာမူ ကာကွယ်ရုံသာ တတ်နိုင်သော အခြေအနေသို့ ဆိုက်ရောက်သွားသည်။ ဤအတိုင်း ဆက်သွားပါက ဝိညာဉ်စွမ်းအင် ကုန်ဆုံးပြီး ရှုံးနိမ့်မည်ကို သူ သိလိုက်သည်။ ထို့ကြောင့် တိုက်ပွဲကို အမြန်ဖြတ်ဖို့ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။
ချန်ရွှေ့တာက ဓားဖြင့် ကျော့ရွှေယွင်၏ ဓားပျံကို ခုတ်ပိုင်းလိုက်သည်။ တချိန်တည်းမှာပင် သူ၏ ကိုယ်ခန္ဓာကို အနည်းငယ် ယိမ်းနွဲ့ကာ သွေးမိစ္ဆာ၏ ချွန်ထက်သော လက်သည်းများကို လွတ်သည်ဆိုရုံ ရှောင်တိမ်းလိုက်သည်။ သို့သော် လက်သည်းများမှ ထွက်လာသော သွေးစွမ်းအင်က သူ့ဘယ်ဘက်ပခုံးကို ထိမှန်သွားသဖြင့် အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာ သုံးချက် ရရှိသွားသည်။
ရုတ်တရက် ချန်ရွှေ့တာ၏ ဘယ်လက်တွင် ဓားမြှောင်ငယ်တစ်ခု ပေါ်လာပြီး သွေးမိစ္ဆာ သူ့အနားမှ ဖြတ်သွားချိန်တွင် သွေးမိစ္ဆာ၏ ခါးဆီသို့ ထိုးစိုက်လိုက်သည်။ ဓားမြှောင်မှာ သွေးမိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားပြီး ဓားချီများက ခန္ဓာကိုယ်အတွင်းပိုင်းကို ထိခိုက်ပျက်စီးသွားစေသည်။ သွေးမိစ္ဆာ၏ လှုပ်ရှားမှုများ အားလျော့နည်းသွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ချန်ရွှေ့တာသည် သွေးမိစ္ဆာကို အလဲထိုးနိုင်ရန် ကြိုးစားနေချိန် ဘေးကြပ်နံကြပ် အခြအနေသို့ ဆိုက်ရောက်သွားသည်။ သွေးမိစ္ဆာကို တိုက်ခိုက်လိုက်ချိန် စုန့်ဝမ်ဓားပျံက ချန်ရွှေ့တာ၏ ကျောပြင်ကို ထိုးဖောက်လာသည်။
ချန်ရွှေ့တာမှာ ထိတ်လန့်သွားသည်။ ကာကွယ်ရေး ဝိညာဉ်လက်နက်ကို အသုံးပြုရန် အချိန်မရှိတော့သဖြင့် ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ဝိညာဉ်ဒိုင်းတစ်ခုသာ ဖန်တီးနိုင်တော့သည်။ ဝိညာဉ်ဒိုင်း အပြည့်အဝပုံမပေါ်မီ ဓားပျံမှာ ရုတ်တရက် အရှိန်မြှင့်ပြီး တိုးဝင်လာသည်။
စုန့်ဝမ်မှာ သူ့အင်အား အစစ်အမှန် ဖုံးကွယ်ထားမှန်း ချန်ရွှေ့တာ သိလိုက်ချိန်တွင် နောက်ကျသွားပြီ ဖြစ်သည်။ သူ့ကျောတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
“အား …”
ဓားပျံမှာ ချန်ရွှေ့တာ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး ရင်ဘတ်မှ ဖောက်ထွက်သွားသည်။ ဓားပျံအရှိန်ဖြင့် ချန်ရွှေ့တာမှာ ရှေ့သို့ လွင့်ထွက်သွားသည်။ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် ကျော့ရွှေယွင်၏ ဓားပျံက တောက်ပသော အလင်းတစ်ချက်နှင့်အတူ ချန်ရွှေ့တာ၏ ဦးခေါင်းကို တိခနဲ ဖြတ်ချလိုက်ပါတော့သည်။
စုန့်ဝမ်သည် ချန်ရွှေ့တာ၏ ဘေးသို့ ရောက်ရှိလာသည်။ ကျော့ရွှေယွင်က ချန်ရွှေ့တာဆီသို့ မလာ၊ သွေးမိစ္ဆာဆီ လျင်မြန်စွာ ချဥ်းကပ်သွားသည်။
ချန်ရွှေ့တာ၏ ဓားမြှောင်ငယ်မှာ သွေးမိစ္ဆာ၏ ခန္ဓာကိုယ်ထဲတွင် စိုက်ဝင်နေပြီး ပြင်းထန်သော ဒဏ်ရာကြောင့် သွေးမိစ္ဆာမှာ သေလုနီးပါး ဖြစ်နေသည်။ ချန်ရွှေ့တာ ခေါင်းဖြတ်ခံရသည်ကို မြင်သောအခါ သွေးမိစ္ဆာ၏ သွေးနီရောင်မျက်လုံးများတွင် ကျေနပ်မှု အရိပ်အယောင် ပေါ်လာသည်။ ၎င်းမှာ ချန်ရွှေ့တာ၏ သွေးကျိန်စာကြောင့် သွေးမိစ္ဆာ ဖြစ်လာခဲ့ရပြီး ထိုအတောအတွင်း စိတ်ပင်မကူးနိုင်လောက်သော ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။
သွေးမိစ္ဆာ ဖြစ်စတွင် စိတ်ရှုပ်ထွေးနေပြီး သွေးကျိန်စာ၏ ထိန်းချုပ်မှုအောက်တွင် ရုပ်သေးရုပ်ကဲ့သို့ အမိန့်နာခံနေရကာ တွန်းလှန်နိုင်ခြင်း မရှိခဲ့ပေ။ ချန်မိသားစုဝင်များကို လိုက်လံ သတ်ဖြတ်ပြီး အလောင်းများကို စားသုံးခဲ့ရခြင်းမှာ သွေးကျိန်စာ၏ ထိန်းချုပ်မှုအောက်မှ အတင်းအဓမ္မ ခိုင်းစေခံရခြင်းကြောင့် ဖြစ်သည်။ ရင့်ကျက်လာသည်နှင့်အမျှ ၎င်း၏ ဉာဏ်ရည်မှာ လျင်မြန်စွာ တိုးတက်လာပြီး ချန်ရွှေ့တာမှာ သူ၏ အကြီးမားဆုံး ရန်သူ ဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာသည်။ ထို့ကြောင့် လွတ်မြောက်လာပြီးနောက် မတွန့်ဆုတ်ဘဲ ချန်ရွှေ့တာကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကျော့ရွှေယွင်သည် သွေးမိစ္ဆာထဲသို့ ဝိညာဉ်စွမ်းအင်များ ပေးပို့ကာ ဓားမြှောင်ငယ်နှင့် အတွင်းရှိ ကျန်ရစ်သော ဓားချီများကို ဖယ်ရှားပေးလိုက်သည်။ ထို့အပြင် သားရဲများအတွက် ကုသဆေးနှစ်လုံးကို ထုတ်ယူကာ တိုက်ကျွေးပြီး ယာယီ အသက်ကယ်တင်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ကျနေသော စည်းတံဆိပ်သံမှိုများကို ကောက်ယူကာ သွေးမိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ထိုးစိုက်၍ ချုပ်နှောင်လိုက်သည်။
ကျော့ရွှေယွင် သွေးမိစ္ဆာကို ဖမ်းဆီးနေစဉ် စုန့်ဝမ်က ချန်ရွှေ့တာ၏ သိုလှောင်လက်စွပ်ကို စစ်ဆေးပြီးဖြစ်သည်။ ၎င်းအတွင်းတွင် သွေးနီရောင်တံဆိပ်ပြားတစ်ခုကို တွေ့ရှိခဲ့သည်။ တံဆိပ်မှာ အနည်းငယ် အကြမ်းဆန်ပြီး စာသားများ မပါဝင်ပေ။ စုန့်ဝမ်လည်း စစ်ဆေးမနေဘဲ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။
ကျော့ရွှေယွင်က စုန့်ဝမ် ချန်ရွှေ့တာ၏ သိုလှောင်လက်စွပ် ကိုင်ထားသည်ကို မြင်လိုက်သောအခါ "ဂျူနီယာဝူ... အကျိုးအမြတ်ကို တို့တွေ ခွဲယူသင့်တယ် ထင်တယ်" ဟု ပြောလိုက်သည်။
"စီနီယာအစ်မက ဘယ်လို ခွဲဝေရင် အကောင်းဆုံးလို့ ထင်လဲ"
"အညီအမျှပဲ ခွဲကြမယ်"
စုန့်ဝမ်က သွေးမိစ္ဆာကို တစ်ချက်ကြည့်လိုက်သည်။ ကျော့ရွှေယွင်က သွေးမိစ္ဆာအား အသက်ကယ်နေသည်ကို ကြည့်ပြီး သူမ၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည်။
ချန်ရွှေ့တာသည် ဆွေမျိုးသားချင်း သောင်းနှင့်ချီ စတေး၍ သွေးမိစ္ဆာကို ဝိညာဉ်သားရဲအဖြစ် မွေးမြူရန် စေ့စပ်သေချာစွာ ပြုစုခဲ့သည်။ ယခု ချန်ရွှေ့တာ သေဆုံးပြီး သွေးမိစ္ဆာ ပြင်းထန်စွာ ဒဏ်ရာရကာ ဖမ်းဆီးခံလိုက်ရသဖြင့် ကျော့ရွှေယွင်မှာ ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ သူမတွင် ကိုယ်ပိုင် ဝိညာဉ်သားရဲ မရှိချေ။
"သွေးမိစ္ဆာကို ဘယ်လို ခွဲဝေကြမလဲ" ဟု စုန့်ဝမ်က မေးသည်။
ကျော့ရွှေယွင်၏ အမူအရာတွင် ဘာမျှ မခွဲပေးလိုသော အရိပ်အယောင်များ ပေါ်လာပြီး စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် "သွေးမိစ္ဆာနဲ့ သွေးရုပ်သေးသန့်စင်နည်းလမ်းကို ကျွန်မ ယူမယ်။ တခြားဟာတွေ အားလုံး ရှင်ယူလိုက်" ဟု ပြောသည်။
စုန့်ဝမ်သည် အေးဆေးစွာ ပြုံးလိုက်သည်။
"ဒါဆိုလည်း စီနီယာအစ်မ ပြောတဲ့အတိုင်းပေါ့"
စကားဆုံးသည်နှင့် သွေးရုပ်သေးသန့်စင်နည်းစနစ်ပါ ကျောက်စိမ်းပြားကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူကာ ကျော့ရွှေယွင်ထံ ပစ်ပေးလိုက်သည်။ ထို့နောက် ချန်ရွှေ့တာ၏ အလောင်းကို သိမ်းဆည်းလိုက်ပြီး ထွက်ပေါက်ဘက်သို့ ထွက်သွားသည်။
လှိုဏ်ဂူအပြင်ဘက် ရောက်သောအခါ ကျော့ရွှေယွင်မှာ ချက်ချင်း လိုက်မလာဘဲ လှိုဏ်ဂူထဲတွင် ချထားသော ဖုံးကွယ်ခြင်းအစီအရင်အား သိမ်းယူနေသည်ကို စုန့်ဝမ် သတိပြုမိသည်။
စုန့်ဝမ်လည်း စောင့်နေရင်း ဝိညာဉ်ချည်နှောင်ခြင်း နည်းစနစ်ကို အသုံးပြုကာ ချန်ရွှေ့တာ၏ ဝိညာဉ်ကို ပိတ်လှောင် ချုပ်နှောင်လိုက်သည်။
လုပ်စရာများ လက်စသတ်ပြီးသည်နှင့် သူတို့နှစ်ဦးသည် ဓားပျံ ကိုယ်စီစီးနင်းကာ ချန်မိသားစုမှ ထွက်ခွာသွားကြသည်။
…….
တစ်နာရီခန့်အကြာတွင် ချန်မိသားစုမှ မိုင်ရာချီ ကွာဝေးသော တောင်တန်းတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာအရောက် နှစ်ဦးသား တိုင်ပင်ပြီး ကမ်းပါးယံတစ်ခုပေါ်တွင် တစ်မိုင်ခန့် ကွာဝေးသောနေရာ၌ လှိုဏ်ဂူနှစ်ခု ထွင်းဖောက်ကာ အသီးသီး ဝင်ရောက်သွားကြသည်။ ဂိုဏ်းပြန်မရောက်မီ သိမ်းဆည်းရမိ အကျိုးအမြတ်များအား စစ်ဆေးရန် လိုအပ်သည် မဟုတ်ပါလား။ ထို့အပြင် ကုန်ခမ်းသွားသော ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်လည်း လိုအပ်သေးသည်။
နေရာယူပြီးသည်နှင့် စုန့်ဝမ်က ချန်ရွှေ့တာ၏ ဝိညာဉ်ကို စစ်ဆေးရန် ကြိုးပမ်းသလို၊ ကျော့ရွှေယွင်လည်း သွေးမိစ္ဆာကို ထိန်းချုပ်ရန် ကြိုးပမ်းရင်း ကိုယ်စီ အလုပ်ရှုပ်နေကြသည်။
တစ်နာရီခန့်အကြာတွင် ကျော့ရွှေယွင် စုန့်ဝမ်လှိုဏ်ဂူ အပြင်ဘက်သို့ ရောက်လာသည်။
"ဂျူနီယာဝူ... ခဏလောက် အနှောင့်အယှက်ပေးပါရစေ၊ ဆွေးနွေးစရာ ရှိလို့ပါ"
စုန့်ဝမ်လည်း အစီအရင်ကို ဖယ်ရှားကာ လှိုဏ်ဂူပြင်ပသို့ ထွက်လာပြီး "စီနီယာအစ်မ ဂိုဏ်းကို ပြန်ဖို့ ပြင်ဆင်နေတာလား" ဟု မေးသည်။
ကျော့ရွှေယွင်က ခေါင်းခါပြသည်။
"ကျွန်မ သိမြင်မှုတချို့ ရထားလို့ ဒီမှာ ခဏလောက် တံခါးပိတ် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တယ်။ ရှင် ဂိုဏ်းကို ပြန်ချင်ရင် တစ်ယောက်တည်း ပြန်သွားလို့ရတယ်လို့ ပြောဖို့ လာတာပါ"
ကျော့ရွှေယွင်သည် သွေးမိစ္ဆာနှင့် ဝိညာဉ်သားရဲ စာချုပ်ချုပ်ဆိုရန် ကြိုးစားသော်လည်း အဆင်မပြေခဲ့ပေ။ သွေးမိစ္ဆာမှာ ဒဏ်ရာ ပြင်းထန်စွာရနေသော်လည်း တင်းခံနေသေးသည်။ သွေးမိစ္ဆာကို ထိန်းချုပ်ရန် လွယ်ကူသည် မဟုတ်ကြောင်း သူမ သဘောပေါက်သည်။ ချန်ရွှေ့တာ သွေးရုပ်သေးဝိညာဉ်ဆေးလုံးကို ဖော်စပ်ရန် အသည်းအသန် ကြိုးပမ်းခဲ့ခြင်းကို ယခုမှ နားလည်သွားသည်။
သူမအနေဖြင့် သွေးမိစ္ဆာနှင့် ဝိညာဉ်စာချုပ် အောင်မြင်အောင် ချုပ်ဆိုနိုင်ရန် သွေးမိစ္ဆာ၏ ဉာဏ်ရည်ကို အရင်ဆုံး လျှော့ချရန် လိုအပ်သည်။ ဤလုပ်ငန်းစဉ်မှာ သားရဲသခင်ဂိုဏ်းအတွင်း၌ လုပ်ဆောင်ရန် မသင့်လျော်ပေ။ ထို့ကြောင့် သားရဲသခင်ဂိုဏ်းသို့ မပြန်မီ သွေးမိစ္ဆာကို အရင် ထိန်းချုပ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအကြောင်းကို ကြားသောအခါ စုန့်ဝမ် အတွေးနက်သွားသည်။ သူလည်း ချန်ရွှေ့တာ၏ ဝိညာဉ်ကို စစ်ဆေးပြီးဖြစ်ရာ လွန်ခဲ့သော ရှစ်နှစ်က ချန်ရွှေ့တာသည် သွေးကျိန်စာနည်းစနစ်ကို ရှေးဟောင်းနေရာတစ်ခုမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိထားသည်။ ရှေးဟောင်းနေရာမှာ ဤနေရာမှ မိုင်တစ်ထောင်ခန့်သာ ဝေးသည်။ ထိုနေရာတွင် မြင့်မြတ်သွေးတံခါးဂိုဏ်းနှင့် ဆက်စပ်သော သဲလွန်စများ ရှိပြီး စုန့်ဝမ်မှာ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်၏ သဲလွန်စများကို စူးစမ်းရန် စိတ်ဝင်စားနေသည်။
"ကျွန်တော့်လည်း ကိစ္စလေးတချို့ ရှိနေလို့ ဂိုဏ်းကို ချက်ချင်း မပြန်နိုင်သေးဘူး" ဟု စုန့်ဝမ်က ပြန်ဖြေသည်။
ကျော့ရွှေယွင်၏ မျက်လုံးများမှာ တောက်ပလာသည်။
"ဂျူနီယာဝူ... ကိစ္စတွေကို ရှင်းဖို့ ဘယ်လောက်ကြာမလဲ"
"အနည်းဆုံး လဝက်လောက်၊ အကြာဆုံးဆို တစ်လလောက် ကြာမယ်" ဟု စုန့်ဝမ်က ပေါ့ပေါ့ပါးပါး ပြောသည်။
"ဒါဆိုရင် တစ်လအကြာမှ ဒီနေရာမှာ ပြန်တွေ့ပြီး ဂိုဏ်းကို အတူတူ ပြန်ကြရအောင်" ဟု ကျော့ရွှေယွင်က အကြံပြုသည်။ သူမအနေဖြင့် သွေးမိစ္ဆာကို ထိန်းချုပ်ရန် တစ်လလောက်ဆို လုံလောက်မည်ဟု တွက်ချက်ထားသည်။
စုန့်ဝမ်က ခေါင်းညိတ်ကာ "ကောင်းပါပြီ... တစ်လပြည့်ရင် စီနီယာအစ်မကို ဒီနေရာမှာပဲ လာတွေ့ပါ့မယ်" ဟု ပြောသည်။
ညှိနှိုင်းပြီးသည်နှင့် စုန့်ဝမ် အချိန်မဖြုန်းတော့ဘဲ သိမ်းစရာရှိသည်များ အမြန်သိမ်းပြီး ဓားပျံ စီးနင်းကာ ကောင်းကင်သို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
ကျော့ရွှေယွင်က စုန့်ဝမ် ပျောက်ကွယ်သွားသည်အထိ လှမ်းကြည့်နေပြီးမှ အကြည့်ကို ပြန်ရုတ်လိုက်ပြီး သူမ၏ လှိုဏ်ဂူထဲသို့ လျင်မြန်စွာ ဝင်သွားသည်။
…….
တစ်ရက်အကြာတွင် တောင်တန်းများ ဝန်းရံထားသော ချိုင့်ဝှမ်းတစ်ခုသို့ စုန့်ဝမ် ရောက်လာသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်မှာ အလွန်တရာ နည်းပါးပြီး လူသူကင်းမဲ့ကာ ကျင့်ကြံသူများ လာရောက်ခြင်း မရှိပေ၊ အားကောင်းသော သားရဲတစ်ကောင်မျှပင် မရှိပေ။
ချန်ရွှေ့တာ၏ မှတ်ဉာဏ်များအရ ရှေးဟောင်းနေရာ၏ အဝင်ဝမှာ ဤချိုင့်ဝှမ်းအတွင်း၌ ရှိသည်။ စုန့်ဝမ်လည်း ချိုင့်ဝှမ်းတွင်း ဆင်းသက်လာသည်။
အောင်ခြေရောက်သည်နှင့် မိုးရေများ တိုက်စားထားသော လှိုဏ်ဂူကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ လှိုဏ်ဂူအဝင်ဝမှာ ကြီးမားခြင်း မရှိဘဲ သုံးပေခန့်သာ ကျယ်ပြီး အောက်သို့ နက်ရှိုင်းစွာ ဆင်းသွားကာ မှောင်မည်းနေသည်။
ချန်ရွှေ့တာ၏ မှတ်ဉာဏ်များတွင် လှိုဏ်ဂူအတွင်း အန္တရာယ် မရှိကြောင်း ဖော်ပြထားသော်လည်း စုန့်ဝမ်မှာ မိုက်ရူးရဲ မလုပ်ပေ။ ဝိညာဉ်အာရုံကို ဖြန့်ကြတ်ပြီး စစ်ဆေးကြည့်သည်။ လှိုဏ်ဂူမှာ နက်ရှိုင်းပြီး အောက်သို့ ပေ ၃၀၀၀ ကျော် ဆင်းသွားကာ ကျယ်ဝန်းသော မြေအောက်ဂူတစ်ခုသို့ ရောက်ရှိသွားသည်။
မြေအောက်ဂူမှာ ဧကတစ်ရာကျော် ကျယ်ဝန်းပြီး မြေအောက်မြစ်တစ်ခု ဖြတ်သန်းစီးဆင်းနေသည်။ မြစ်ရေမှာ လျင်မြန်စွာ စီးဆင်းနေပြီး တစ်ခါတစ်ရံတွင် ရေဝဲများ ဖြစ်ပေါ်နေသည်။
ထို့နောက် ကူပိုးကောင်နှစ်ကောင် စေလွှတ်ပြီး၊ အန္တရာယ် မရှိကြောင်း ထပ်မံ အတည်ပြုပြီးမှ စုန့်ဝမ် အထဲသို့ ခုန်ချလိုက်သည်။