သွေးတိမ်တိုက်ဂူ
Vol. 19 Ch. 198
ဤနေရာတွင် လူသတ်ခွင့် မရှိပေ။ သူရုတ်တရက် ကျူးကျော်ဝင်ရောက်လာသည်ကို မြင်သော်လည်း ထန်ဖူတို့ သူ့ကို မတိုက်ခိုက်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ စုန့်ဝမ်လည်း တည်ငြိမ်သော အမူအရာဖြင့် သူ့ပတ်လည်ရှိ ကျောက်ရုပ်တုများကိုသာ အာရုံစိုက်ထားလိုက်သည်။
"ဖြောက်"
ကျောက်တုံးကွဲသံအနည်းငယ် ထွက်ပေါ်လာသည်။
ချက်ချင်းပင် လူတိုင်း မျက်နှာ တင်းမာသွားကြသည်။ ကျောက်ရုပ်တုတစ်ခု၏ လက်ချောင်းများ အနည်းငယ် လှုပ်ရှားသွားသည်ကို မြင်လိုက်ရပြီး ၎င်း၏ အဆစ်နေရာမှ အပိုင်းအစတစ်ခု ပြုတ်ကျလာသည်။
ချက်ချင်းပင် ကျောက်တုံး ကွဲအက်သည့်အသံသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျောက်ရုပ်တု ၁၃ ရုပ်၏ မျက်လုံးများမှာ သွေးနီရောင်အလင်းဖြင့် တောက်ပလာသည်။
"ဗုန်း"
ကျောက်ရုပ်တုတစ်ခုသည် ၎င်း၏ ဘယ်ဘက်ခြေထောက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။
"ဗုန်း၊ ဗုန်း၊ ဗုန်း..."
မကြာမီမှာပင် ကျောက်ရုပ်တုအားလုံးမှာ အသက်ဝင်လာကြသည်။
အစပိုင်းတွင် ဤရုပ်တုများမှာ ကြာရှည်စွာ ထိုင်နေရသူများကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းနေပြီး ဖြည်းညှင်းစွာ လှုပ်ရှားနေသော်လည်း မကြာမီမှာပင် ပိုမိုသွက်လက်လာကြသည်။
ကျောက်ရုပ်တုများသည် ၎င်းတို့၏ ကျောဘက်ရှိ တောင်ပံများကို အနည်းငယ် ခါယမ်းလိုက်သည်။ ပျံသန်းခြင်း တားမြစ်စည်းကြောင့် မပျံတက်နိုင်သော်လည်း ရှေ့သို့ ခုန်ပေါက်လာပြီး အနီးအနားရှိ ကျင့်ကြံသူများကို တိုက်ခိုက်လိုက်ကြသည်။
"ချွမ်"
ကျင့်ကြံသူတစ်ဦးက ဓားရှည်ဖြင့် ကျောက်ရုပ်တု၏လက်ကို ခုတ်ပိုင်းလိုက်ရာ ကျယ်လောင်သောအသံနှင့်အတူ ထိုကျင့်ကြံသူမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
ကျောက်ရုပ်တုမှာ လက်မှ အပိုင်းအစအနည်းငယ်သာ ပြုတ်ကျသွားပြီး ရပ်တန့်ခြင်း မရှိဘဲ ထိုကျင့်ကြံသူဆီသို့ ဆက်လက်ခုန်ဝင် တိုက်ခိုက်လိုက်သည်။
သို့သော် ထန်ဖူ၏ မျက်နှာအမူအရာမှာ ထိတ်လန့်ခြင်းမှ ပျော်ရွှင်ခြင်းသို့ ပြောင်းလဲသွားသည်။ ကျောက်ရုပ်တုများ ၎င်းတို့၏ မူလနေရာများမှ ထွက်ခွာသွားသောအခါ ရုပ်တုတစ်ခု၏ နေရာတွင် နက်ရှိုင်းသည့် ကျင်းပေါက်တစ်ခု ပေါ်လာသည်။ ၎င်းမှာ သူ ရှာဖွေနေခဲ့သည့် ရတနာဂူ၏ ဝင်ပေါက်ပင် ဖြစ်သည်။
"ကျောက်ရုပ်တုတွေကို ရှောင်ပြီး ဂူထဲဝင်ကြ"
ထန်ဖူက အော်ဟစ်လိုက်ပြီး ဝင်ပေါက်ဆီသို့ ဦးဆောင်သွားသည်။
ကျောက်ရုပ်တုများသည် အစွမ်းထက်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်သော်လည်း နိုးထလာစသာ ရှိသေးသဖြင့် အနည်းငယ် လေးလံနှေးကွေးနေသည်။
ထန်ဖူသည် ကျောက်ရုပ်တုနှစ်ရုပ်ကြားမှ လှည့်ပတ်ရှောင်ပြီး နက်ရှိုင်းသော ဂူထဲသို့ ရှေ့ဆုံးမှ ခုန်ဝင်သွားသည်။ သူ့နောက်တွင် မြောင်ဖတို့အုပ်စု လိုက်ပါခုန်ဝင်သွားသည်။ ထို့နောက် ကျုံးလျန်လည်း ထပ်ကြပ်မခွာ လိုက်ပါသွားသည်။ ၎င်းနောက် ထန်မိသားစုဝင်များနှင့် လေလွင့်ကျင့်ကြံသူများပါ နက်ရှိုင်းသော ဂူထဲသို့ လိုက်ပါဝင်ရောက်သွားကြသည်။
စုန့်ဝမ်မှာ ဂူဝင်ပေါက်နှင့် အဝေးဆုံးနေရာတွင် ရှိနေသည်။ ထို့ကြောင့် တုံ့ဆိုင်းမနေတော့ဘဲ လျှပ်စီးစွမ်းအား အသုံးချပြီး အရှိန်ဖြင့် ဂူပေါက်ဝဆီသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။
ဂူဝင်ပေါက်ရှေ့တွင် ထန်မိသားစုမှ အခြေတည် နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဂူထဲသို့ ခုန်ဝင်ရန် ပြင်ဆင်နေသည်။ ထိုအခိုက် သူ့နောက်ကျောဘက်မှ လျှပ်စီးတန်းတစ်ခု ပြေးဝင်လာသဖြင့် ဝိညာဉ်လက်နက်ဒိုင်းဖြင့် ကာကွယ်လိုက်ရသည်။
လျှပ်စီးမှာ ဒိုင်းကို ထိမှန်သွားသည်။ ဒိုင်းမှာ ယိမ်းယိုင်သွားသော်လည်း ကွဲမသွားပေ။ သို့သော် ပြင်းထန်သော တုန်ခါမှုကြောင့် သူ့ခန္ဓာကိုယ်မှာ ထိန်းချုပ်မှု လွတ်သွားပြီး ရှေ့သို့ လွင့်စဉ်သွားကာ ကျောက်ရုပ်တုတစ်ခုနှင့် တိုက်မိသွားသည်။
"ဖြောင်း"
ထိုသူမှာ ကြီးမားသော ကျောက်လက်ဝါးဖြင့် ရိုက်ချခံလိုက်ရပြီး မလှမ်းမကမ်းရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ ရိုက်ချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ခန္ဓာကိုယ်မှာ ကျိုးကြေသွားသည်။ ပြန်မထနိုင်ခင်မီ ကြီးမားသော ကျောက်ခြေထောက်ဖြင့် နင်းချေခံလိုက်ရပြီး အသားပျော့ဖက်သဖွယ် ပြားကပ်သွားသည်။
ထိုအချိန်တွင် စုန့်ဝမ်က အခွင့်ကောင်းကို အသုံးချကာ နက်ရှိုင်းသော ဂူထဲသို့ ပြေးဝင်သွားသည်။ ဂူမှာ အဆုံးမရှိသကဲ့သို့ မတ်စောက်စွာ ဆင်းသွားသည်။ နက်ရှိုင်းသော ဂူထဲသို့ ဝင်လိုက်သည်နှင့် ပျံသန်းခြင်းနှင့် ဆွဲငင်အား တားမြစ်စည်းများ ပျောက်ကွယ်သွားကြောင်း စုန့်ဝမ် သတိပြုမိလိုက်သည်။
ထို့ကြောင့် အရှိန်ကိုထိန်းပြီး ပျံဝဲဆင်းသက်ခဲ့သည်။ ဝိညာဉ်အာရုံကို ထုတ်လွှတ်ကြည့်ရာ ဂူ၏ အနက်မှာ သူ့အာရုံခံနိုင်စွမ်းထက် ကျော်လွန်နေကြောင်း တွေ့ရသည်။ သူ့အာရုံခံနိုင်စွမ်းအတွင်း ကျင့်ကြံသူ တစ်ဦးတစ်ယောက်၏ မည်သည့် အရိပ်အယောင်ကိုမျှ မတွေ့ရပေ။ ပုန်းကွယ်နေခြင်းလား၊ အဝေးသို့ ရောက်သွားခြင်းလား မသေချာသဖြင့် ကူပိုးကောင်ကို စေလွှတ်ပြီး အောက်ဘက်သို့ စူးစမ်းထောက်လှမ်းစေခဲ့သည်။
ထို့နောက် အောက်ဆက်မဆင်းသေးဘဲ ဂူဝင်ပေါက်၏ အောက်ဘက်နားတွင် စောင့်နေပြီး လျှပ်စီးလှံတံရှည် ၃ ချောင်း ဖန်တီးကာ တိုက်ခိုက်ရန် အသင့်စောင့်နေခဲ့သည်။ ရင်ပြင်ပေါ်တွင် ထန်မိသားစုများ ကျန်ရှိနေသေးသည်။ ထိုသူများကို မသုတ်သင်ပါက နောင်တွင် စိတ်အေးရမည် မဟုတ်ပေ။
အသက်ရှူကြိမ် အနည်းငယ်ကြာပြီးနောက် ထန်မိသားစုမှ ကျင့်ကြံသူတစ်ဦး၏ ဂူဝင်ပေါက်တွင် ပေါ်လာသည်။ ချက်ချင်းပင် လျှပ်စီးလှံတံ ၃ ချောင်းမှာ ဂူဝင်ပေါက်ဆီ ပစ်လွှင့်သွားသည်။
အငိုက်မိသွားသော ထန်မိသားစုဝင်မှာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း အကွာအဝေးမှာ နီးကပ်လွန်းသဖြင့် လွတ်အောင် မရှောင်တိမ်းနိုင်ခဲ့ပေ။ လျှပ်စီးလှံ နှစ်ချောင်း သူ့ကို ထိုးဖောက်သွားပြီး ချက်ချင်းပင် အသက်ပျောက်သွားသည်။
ထိုအချိန်တွင် လူလေးဦးသာ ရင်ပြင်ပေါ်တွင် ကျန်ရှိတော့သည်။ ထန်မိသားစုဝင် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ သူတို့မှာ ဂူပေါက်ဝထဲ ပြေးဝင်ရန် တုံ့ဆိုင်းသွားကြသည်။ ရင်ပြင်ထဲတွင် ထွက်ပြေးစရာ နေရာမရှိသဖြင့် နောက်ဆုံးတွင် ကျောက်ရုပ်တုများ လက်ချက်ဖြင့်ပင် အသက်ဆုံးရှုံးသွားကြသည်။ ကျောက်ရုပ်တုများသည် ဂူထဲထိ လိုက်မလာကြပေ။ ရင်ပြင်ပေါ်တွင် အသက်ရှင်ကျန်သူ မရှိတော့သည့်အခါ ရောက်ရာနေရာတွင် ရပ်တန့်သွားပြီး မလှုပ်မယှက် ဖြစ်သွားကြသည်။
အသက်ရှင်ကျန်သူ မရှိတော့မှ စုန့်ဝမ် ဂူတွင်းသို့ ဆင်းလာပြီး နောက်ဆုံးတွင် မြေပြင်သို့ ခြေချမိသွားသည်။ ၎င်းမှာ ရေစီးသန်သော မြေအောက်မြစ်တစ်ခု ဖြစ်သည်။ စေလွှတ်ခဲ့သည့် ကူပိုးကောင်ဆီမှ ထန်ဖူတို့အဖွဲ့ မြစ်အတိုင်း အောက်ဘက်သို့ ဆင်းသွားကြောင်း သိရှိလိုက်ရသည်။
စုန့်ဝမ်လည်း အော်ရာကို တတ်နိုင်သမျှ ဖုံးကွယ်ထားပြီး သူတို့နောက်မှ လိုက်ပါသွားသည်။ ပေ ၅၀ ကျော် ဆက်သွားပြီးနောက် ကြီးမားသော မြေအောက်မြစ်တစ်ခု ပေါ်လာသည်။ ကန်အလယ်တွင် ကျောက်ဆောင်ကျွန်းငယ် ရှိနေပြီး ၎င်းပေါ်တွင် ရှေးဟောင်း ကျောက်ခန်းမကြီးတစ်ခု တည်ရှိသည်။ ကျောက်ခန်းမမှာ ခမ်းနားကြီးကျယ်ပြီး ကျွန်းငယ်တစ်ခုလုံးနီးပါး နေရာယူထားသည်။
စုန့်ဝမ်ထက်အရင် ရောက်ရှိနေသူများမှာ ကန်အလယ်ရှိ ကျောက်ခန်းမထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ခန်းမအတွင်းမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်လှိုင်းများနှင့် တိုက်ခိုက်သံများကို ကြားနေရသည်။
စုန့်ဝမ်လည်း သူ့အော်ရာကို ဆက်လက် ဖုံးကွယ်ထားပြီး ကန်ဘေးရှိ ကျောက်တုံးများကြားတွင် ပုန်းအောင်းကာ ကန်အလယ်ကျွန်းသို့ အလျင်စလို မဝင်ခဲ့ပေ။ ကူပိုးကောင်တစ်ကောင်ကိုသာ ကျောက်ခန်းမထဲသို့ စေလွှတ်ခဲ့သည်။
ကျောက်ခန်းမအတွင်းတွင် ခြောက်သွေ့ပြီး အရိုးပေါ် အရေတင် ဖြစ်နေသော ဖုတ်ကောင်များက ထန်ဖူတို့ကို ဝိုင်းဝန်း တိုက်ခိုက်နေသည်။ ဖုတ်ကောင်များမှာ နုနယ်ပုံပေါက်သော်လည်း သူတို့၏ ခန္ဓာကိုယ်မှာ ဖျက်ဆီးရန် ခက်ခဲလှသည်။ ခွန်အားမှာလည်း အခြေတည် အလယ်အဆင့် ကျင့်ကြံသူများနှင့် ညီမျှနေသဖြင့် တန်ဖူတို့အဖွဲ့မှာ အသည်းအသန် ရုန်းကန်နေရသည်။
အခြေတည် အထွတ်အထိပ်အဆင့်ရှိသော ထန်ဖူပင်လျှင် ပြန်တွန်းလှန်နိုင်ရုံသာ ရှိပြီး ဖုတ်ကောင်များ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်ခြင်း မရှိပေ။
သို့သော် မြောင်ဖနှင့် အခြားဘုန်းကြီးသုံးပါးမှာမူ ထူးခြားသော ဖျက်ဆီးနိုင်စွမ်းကို ပြသနေကြသည်။ မဟာယန နည်းစနစ်များသည် ဖုတ်ကောင်များအပေါ် ပြင်းထန်စွာ သက်ရောက်နိုင်စွမ်း ရှိနေသည်။
မြောင်ဖက ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသော ရွှေရောင်သပိတ်ကို ကိုင်ဆောင်ကာ ဖုတ်ကောင်များကို တိုက်ခိုက်နေသည်။ အလင်းတန်းဖြင့် ထိမိသည်နှင့် ဖုတ်ကောင်များ၏ ခန္ဓာကိုယ်မှ အပုပ်နံ့များ အမြန်ပင် ပျောက်ကွယ်သွားကာ ခြောက်ခြားဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ကျောက်ခန်းမ၏ အလယ်တွင် ၁၀ ပေရှည်သော ကြေးဝါခေါင်းတလား တင်ထားသည့် စင်မြင့်တစ်ခု ရှိသည်။ ခေါင်းတလားမှာ နှစ်ပေါင်းများစွာ မဖွင့်လှစ်ဘဲ ပိတ်ထားခဲ့သကဲ့သို့ သံချေးများ ဖုံးလွှမ်းနေသည်။ ၎င်း၏ တည်ရှိမှုက ကျောက်ခန်းမတစ်ခုလုံးကို လွှမ်းခြုံနေပြီး ရှေးဟောင်းဆန်သော အရှိန်အဝါဖြင့် ဖုံးလွှမ်းထားသည်။
ပိုမိုအစွမ်းထက်ပုံရသော ကြေးဝါရောင်ဖုတ်ကောင် လေးကောင်မှာ ခေါင်းတလားဘေးတွင် မလှုပ်မယှက် ရပ်တည်နေပြီး လှုပ်ရှားခြင်း မရှိသေးပေ။
ခဏကြာပြီးနောက် တန်ဖူတို့အဖွဲ့သည် သာမန်ဖုတ်ကောင်များကို ရှင်းလင်းလိုက်ကြသည်။ ဖုတ်ကောင် တစ်ဒါဇင်အနက် တစ်ဝက်ကျော်ကို ဘုန်းကြီးလေးပါးက ရှင်းလင်းလိုက်သည်။
"မြောင်ဖ၊ ကျုံးလျန်၊ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
ထန်ဖူက စင်မြင့်ပေါ်ရှိ ဖုတ်ကောင်လေးကောင်ကို ကြည့်ကာ မေးသည်။ ထိုဖုတ်ကောင်လေးကောင်မှာ ပိုမိုကြီးမားပြီး ခန္ဓာကိုယ် ကြံ့ခိုင်ကာ သူတို့၏ ခွန်အားမှာ ယခင်ဖုတ်ကောင်များထက် များစွာ သာလွန်သည်။
"ဒီဘုန်းကြီးကို ဘာရှာနေလဲဆိုတာ ပြောပြလို့ ရမလား"ဟု မြောင်ဖက မေးလိုက်သည်။ ကျုံးလျန်လည်း ထန်ဖူကို ပြောလိုက်ရမည်လားသူသည့် အကြည့်ဖြင့် ကြည့်နေသည်။ ရန်သူက အားကောင်းသဖြင့် အကျိုးရလဒ်ကို မသိဘဲ စွန့်စားရန် တွန့်ဆုတ်လာကြသည့်သဘောပင်။
ထန်ဖူကလည်း အခြေအနေကို သဘောပေါက်သည်။ ဖုတ်ကောင်များကို ရင်ဆိုင်ရာတွင် မြောင်ဖတို့၏ မဟာယန ကျင့်ကြံမှုနည်းစနစ်များကို အားကိုးရမည် ဖြစ်သဖြင့် ခဏစဉ်းစားပြီးနောက် ကျုံးလျန်ကို ခေါင်းညိတ်ပြလိုက်ကာ သူတို့ ဤနေရာသို့ လာရသည့် အကြောင်းရင်းကို ရှင်းပြခွင့် ပေးလိုက်သည်။
ကျုံးလျန်လည်း ဒဏ်ရာကုသဆေး တစ်လုံး သောက်လိုက်ပြီး ပြောပြလာသည်။ သူတို့၏ လေလွင့်ကျင့်ကြံသူမဟာမိတ်မှာ လွတ်လပ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အဓိကအားဖြင့် လေလွင့်ကျင့်ကြံသူချင်း ဆက်သွယ်ရန်နှင့် အတွေ့အကြုံများ၊ သတင်းအချက်အလက်များ ဖလှယ်ရန် ကူညီပေးခြင်း ဖြစ်သည်။ ထိုမဟာမိတ်အဖွဲ့တွင် ပါဝင်သူများမှာ နောက်ခံမရှိသော လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ မဟာမိတ်အဖွဲ့တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ မရှိပေ။ ကျုံးလျန်မှာ မဟာမိတ်အဖွဲ့ ခေါင်းဆောင် ဖြစ်ပြီး ကျင့်ကြံမှု အမြင့်ဆုံး ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က မဟာမိတ်အဖွဲ့ဝင် ချီစုစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် မြစ်ငယ်တစ်ခုထဲမှ ရှေးဟောင်းကျောက်ပြားတစ်ချပ်ကို တွေ့ရှိခဲ့သည်။ ထိုကျောက်ပြားတွင် သွေးတိမ်တိုက်ဂူဟုခေါ်သော အင်အားစုအကြောင်း၊ ဂုဏ်သတင်း၊ ပျက်စီးသွားသည့် လုပ်ငန်းစဉ်အပြင် သွေးတိမ်တိုက်ဂူသို့ ဝင်ရောက်ရန် မြေပုံတစ်ခုပါ ပါဝင်သည်။
ကျောက်ပြားကို တွေ့ရှိသည့် ကျင့်ကြံသူက သွေးတိမ်တိုက်ဂူကဲ့သို့သော ရှေးဟောင်းလျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ခြင်းမှာ ချီစုစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် မဖြစ်နိုင်ကြောင်း ယုံကြည်ခဲ့သည်။ ထို့ကြောင့် ကျောက်ပြားကို ခေါင်းဆောင်ကျုံးလျန်ထံ ပေးအပ်ခဲ့သည်။
အခြေတည်အဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေပြီး ချိုးဖျက်ရန် အခွင့်အရေး မရရှိခဲ့သော ကျုံးလျန်မှာ ကျောက်ပြားကို ရရှိပြီးနောက် သွေးတိမ်တိုက်ဂူတွင် ရွှေအမြုတေဆင့်သို့ တက်လှမ်းရန် အခွင့်အရေးကို ရှာဖွေလိုခဲ့သည်။ ထို့ကြောင့် သူသည် သွေးတိမ်တိုက်ဂူ၏ တည်နေရာကို သိရှိရန် ကျောက်ပြားကို သေချာစွာ လေ့လာခဲ့သည်။ သို့သော် ကျောက်ပြားမှာ အလွန်တရာ ဟောင်းနွမ်းနေသဖြင့် မှတ်တမ်းတင်ထားသော နေရာအမည်များမှာ လက်ရှိ ကျင့်ကြံမှုလောကနှင့် အလွန်ကွာခြားနေသည်။ သူနှင့် မဟာမိတ်အဖွဲ့၏ စွမ်းအားဖြင့်ဆိုလျှင် တည်နေရာကို ရှာဖွေရန် ခက်ခဲသည်။
ထို့ကြောင့် သူငယ်ချင်းဖြစ်သူ ထန်ဖူထံ အကူအညီ တောင်းခံခဲ့သည်။ ထန်မိသားစုမှာ ဆုတ်ယုတ်သွားသော ကျင့်ကြံသူမိသားစု ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များက မိသားစု၏ နောက်ဆုံးကျန်ရှိသော ရွှေအမြုတေအဆင့်ဘိုးဘေး ကွယ်လွန်သွားပြီးနောက် အခြေတည်အဆင့်ရှိသူများ များစွာ ရှိသော်လည်း ရွှေအမြုတေအဆင့် ချိုးဖျက်နိုင်သူ မထွက်ပေါ်လာခဲ့ပေ။
ထန်ဖူမှာ ထန်မိသားစု၏ အကြီးအကဲ ဖြစ်ပြီး မိသားစုတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ကာ အခြေတည် အထွတ်အထိပ်အဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေသူ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦး ပူးပေါင်းပြီး သွေးတိမ်တိုက်ဂူ၏ တည်နေရာကို ရှာဖွေရန် ရှေးဟောင်းစာပေများကို စတင်စစ်ဆေးကြသည်။
ထန်မိသားစုမှာ ဆုတ်ယုတ်သွားသော်လည်း ယခင်က ထင်ရှားသော ရွှေအမြုတေအဆင့် မိသားစု ဖြစ်ခဲ့သည့်အတွက် အခြေခံအုတ်မြစ်မှာ ကျုံးလျန်ကဲ့သို့ လေလွင့်ကျင့်ကြံသူထက် အဆပေါင်းများစွာ သာလွန်သည်။ ထန်မိသားစု စုဆောင်းထားသော ရှေးဟောင်းစာအုပ်များတွင် သွေးတိမ်တိုက်ဂူအကြောင်း မှတ်တမ်းများ တွေ့ရှိခဲ့ကြသည်။
သွေးတိမ်တိုက်ဂူမှာ လွန်ခဲ့သော နှစ်ပေါင်းသောင်းနှင့်ချီက နတ်ဆိုးအင်အားစုတစ်ခုဖြစ်ပြီး ထိုစဉ်က နတ်ဆိုးသခင်၏ လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်ဟန်တူသည်။ မည်သည့်အကြောင်းရင်းကြောင့် ဖြစ်မှန်းမသိဘဲ နောက်ပိုင်းတွင် နတ်ဆိုးသခင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ သွေးတိမ်တိုက်ဂူ၏ မှတ်တမ်းများကို ရှာတွေ့သော်လည်း နှစ်ပေါင်းသောင်းနှင့်ချီ ကြာမြင့်ခဲ့ပြီး လောကမှာ များစွာ ပြောင်းလဲသွားပြီဖြစ်ရာ တိကျသော တည်နေရာကို ရှာဖွေရန် မလွယ်ကူပေ။
အချိန်ယူ ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ထန်ဖူနှင့် ကျုံးလျန်တို့သည် သွေးတိမ်တိုက်ဂူ၏ တည်နေရာကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။