ရှေးဟောင်းလျှို့ဝှက်ချက်လား
Vol. 19 Ch. 199
ကျုံးလျန်၏ ရှင်းပြချက်ကို ကြားပြီးနောက် မြောင်ဖက အံ့ဩစွာဖြင့် မေးလိုက်သည်။
"ဒါဆိုရင် ဒီမှာ ဘာရတနာတွေ ရှိနေတာလဲဆိုတာ ခင်ဗျားတို့ မသိဘူးပေါ့"
တန်ဖူက ခေါင်းယမ်းရင်း "သွေးတိမ်တိုက်ဂူက ပျက်စီးသွားတာ နှစ်ပေါင်းသောင်းချီ ကြာပါပြီ။ ဝိညာဉ်ဆေးမြစ်တွေ ရှိရင်တောင် ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းပြီး ဖုန်မှုန့် ဖြစ်သွားလောက်ပါပြီ။ သာမန် ဝိညာဉ်လက်နက်တွေတောင် နှစ်ပေါင်းသောင်းချီကြာတဲ့ တိုက်စားမှုကို မခံနိုင်ဘူး၊ အစွမ်းထက်တဲ့ ရှေးဟောင်းရတနာပဲ ကျန်နိုင်တယ်"ဟု ဖြေလိုက်သည်။
ကျုံးလျန်ကလည်း ဝင်ရှင်းပြသည်။
"ငါက အစွမ်းထက်တဲ့ ရတနာတွေအတွက် လာတာမဟုတ်ဘဲ ကျင့်ကြံသူတွေရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်စေမည့် အစွမ်းထက်တဲ့ ကျင့်စဉ်တစ်ခု သွေးတိမ်ဂူမှာ ရှိတယ်လို့ မှတ်တမ်းတင်ထားလို့ ဒီကျင့်စဉ်ကို ရှာဖွေနေတာပါ။ ဒီကျင့်စဉ်က ဝိညာဥ်ရတနာတွေထက် မနိမ့်ကျဘူး၊ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ရင် ကျင့်စဉ်ကို ရတဲ့အခါ ဝေမျှနိုင်ပါတယ်"
မြောင်ဖက "သွေးတိမ်တိုက်ဂူက နတ်ဆိုးအင်အားစုလေ၊ နတ်ဆိုးကျင့်စဉ်က ငါတို့ကို တိုးတက်အောင် ဘယ်လို ကူညီပေးနိုင်မယ်လို့ ဘယ်လို ယုံကြည်ရမလဲ"ဟု မေးသည်။
ထန်ဖူက ခပ်ပြတ်ပြတ် ပြန်ဖြေသည်။
"အခွင့်အရေးတွေက မရေရာပါဘူး၊ ကံပေါ်မူတည်တယ်"
မြောင်ဖ ခဏတာ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
"ဒီထိတောင် ရောက်နေမှတော့ မထူးပါဘူး။ မင်းတို့ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့"
ထန်ဖူက ကျုံးလျန်ကို လှည့်ကြည့်ကာ "ခေါင်းဆောင်ကျုံး၊ ခင်ဗျား ဘယ်လို ထင်လဲ"ဟု မေးလိုက်သည်။
"ဘုန်းကြီးလေးပါးရဲ့ အကူအညီနဲ့ဆိုရင် အဲဒီ ကြေးဝါဖုတ်ကောင် လေးကောင်ကို ရင်ဆိုင်ရတာ ပိုလွယ်ကူလိမ့်မယ်" ဟု ကျုံးလျန်က မြောင်ဖနှင့် အခြားသူများ ပါဝင်လာခြင်းကို သဘောတူကြောင်း စိတ်အားထက်သန်စွာ ပြောဆိုသည်။ ကျုံးလျန်သည် မြောင်ဖက ရင်ပြင်ပေါ်တွင် သူ့ငယ်သားနှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းအကြောင်း တစ်လုံးမှ မပြောခဲ့ဘဲ ဖြစ်ပျက်ခဲ့ခြင်း မရှိသကဲ့သို့ ပြုမူနေခဲ့သည်။
ပြောပြီးမှ ကျုံးလျန် မျက်မှောင်ကြုတ်ကာ ခန်းမဝင်ပေါက်ကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေသည်။
"ငါတို့ ဒီကို ရောက်တာ ၁၅ မိနစ်ကျော်ပြီ၊ ဘာလို့ တခြားသူတွေနဲ့ မတော်တဆ ရောက်လာတဲ့ ဟိုလူက ရောက်မလာသေးတာလဲ"
မြောင်ဖက "သူတို့အားလုံး ကျောက်ရုပ်တု ၁၃ ရုပ်လက်ချက်နဲ့ သေကုန်လောက်ပြီ။ ရုပ်တုတွေရဲ့ ခွန်အားက အခြေတည် အထွတ်အထိပ်အဆင့်နဲ့ နီးစပ်နေပြီ။ သူတို့က ခုနကမှ နိုးထလာပြီး မြန်မြန်ဆန်ဆန် မလှုပ်ရှားနိုင်လို့သာပေါ့၊ ငါတို့သာ အပြေးမမြန်ရင် ဒီကို ရောက်နိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
တန်ဖူသည် စင်မြင့်ကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး တွေးရခက်နေသည်။
"အဲဒီ ကြေးဝါဖုတ်ကောင် လေးကောင်က အခြေတည် အထွတ်အထိပ်အဆင့်မှာ ရှိတယ်၊ ငါတို့ သုံယောက်နဲ့ ညီမျှပေမယ့် သူတို့ခန္ဓာကိုယ်တွေက အရမ်းကြံ့ခိုင်တယ်၊ ရင်ဆိုင်ရ ခက်ခဲနိုင်တယ်။ ငါတို့ သာမန်ဖုတ်ကောင်တွေကို ရှင်းလင်းနေချိန် သူတို့က ဘာလို့ စင်မြင့်ပေါ်မှာပဲ ငြိမ်နေပြီး ဝင်မတိုက်ခိုက်တာလဲ"
မြောင်ဖက "သူတို့ကို စင်မြင့်ပေါ်ကနေ ထွက်မသွားအောင် တားဆီးထားတဲ့ တားမြစ်ချက် တစ်မျိုးမျိုး ရှိနေပုံရတယ်"ဟု တွေးတွေးဆဆ ပြောလာသည်။
ထန်ဖူ၏ မျက်လုံးများ တောက်ပလာသည်။
"ဒါဆိုရင် သူတို့ကို ရင်ဆိုင်ရ သိပ်မခက်တော့ဘူးပေါ့၊ နောက်ဆုံးတော့ သူတို့ကို သတ်နိုင်မှာပါ"
မြောင်ဖ ခေါင်းခါလိုက်သည်။
"ဒီလောက်တော့ မလွယ်ဘူး"
"စမ်းကြည့်မှ သိမှာပါ"ဟူ ထန်ဖူက ပြောပြီး ကြာပွတ်ဖြင့် လှမ်းရိုက်လိုက်သည်။ ကြာပွတ်မှာ အနက်ရောင် သတ္တုအပိုင်းအစများဖြင့် ချိတ်ဆက်ထားသည်။ ထန်ဖူက ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်သောအခါ ကြာပွတ်မှာ လျင်မြန်စွာ ရှည်ထွက်လာပြီး ကြေးဝါဖုတ်ကောင် တစ်ကောင်ကို စတင်ရစ်ပတ်ရန် ကြိုးစားလိုက်သည်။
"ထန်မိသားစုရဲ့ မဟာမီးလျှံကြာပွတ်လား"
ကျုံးလျန် အံ့ဩစွာဖြင့် အော်လိုက်မိသည်။ ထိုကျာပွတ်သည် ထန်မိသားစု၏ အဆင့်အမြင့်ဆုံး ဝိညာဥ်လက်နက် ဖြစ်သည်။
မဟာမီးလျှံကြာပွတ် ကြေးဝါဖုတ်ကောင်နှင့် သုံးပေအကွာသို့ ရောက်သောအခါ ကြေးဝါဖုတ်ကောင် လေးကောင်ထံမှ အနက်ရောင် အလောင်းချီများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအနက်ရောင် အလောင်းချီများ လေထဲတွင် စုဝေးပြီး စင်မြင့်တစ်ခုလုံးကို ဖုံးအုပ်ထားသော အနက်ရောင် ရောင်စဥ်တန်းတစ်ခု ဖြစ်ပေါ်လာသည်။
"ဘန်း"
ကြာပွတ်၏ အဖျားမှာ အနက်ရောင် ရောင်စဥ်တန်းကို ပြင်းထန်သော အသံဖြင့် ရိုက်ချလိုက်သည်။
ရောင်စဥ်တန်းတွင် လုံးဝ ထိခိုက်မှု မရှိပေ။
မြောင်ဖသည် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"ဒီကြေးဝါဖုတ်ကောင်တွေကို တိုက်ခိုက်ရေး အစီအရင်နဲ့ ဖန်တီးထားပုံရတယ်၊ ထိုးဖောက်ဖို့ ခက်ခဲနိုင်တယ်"
ထန်ဖူက "ဒါဆိုရင် ဘာလုပ်ကြမလဲ၊ တိုက်ခိုက်ရမယ်ဆိုရင် မြောင်ဖဆရာတော်၊ သူတို့ကို အနိုင်ယူဖို့ ယုံကြည်မှု ရှိလား" ဟု ပြန်မေးလိုက်သည်။
မြောင်ဖက ပြန်ဖြေသည်။
"ကြေးဝါဖုတ်ကောင် တစ်ကောင်တည်းဆိုရင် ငါတို့လေးပါး စုပေါင်းပြီး ရင်ဆိုင်နိုင်တယ်၊ ဒါပေမဲ့ လေးကောင်လုံးကို တပြိုင်တည်း ရင်ဆိုင်ရမယ်ဆိုရင်တော့ ပျံလွန်တော်မူဖို့ပဲ ရှိလိမ့်မယ်"
ကျုံးလျန်က တွေးတွေးဆဆ ပြောသည်။
"သူတို့ကို စင်မြင့်ပေါ်ကနေ တစ်ကောင်ချင်းစီ ဆွဲဆောင်ခေါ်ထုတ်နိုင်မယ့် နည်းလမ်း ရှာတွေ့ရင် တိုက်ခိုက်ရေးပုံစံ ပျက်သွားပြီး တိုက်ခိုက်လို့ ရလိမ့်မယ်"
ထန်ဖူက စိုးရိမ်စွာဖြင့် "တိုက်ခိုက်ရေးပုံစံ ပျက်သွားရင် ဒီကောင်တွေ စင်မြင့်ကို ဆက်ပြီး စောင့်ကြပ်တော့မှာ မဟုတ်ဘူး။ လေးကောင်လုံးကို တပြိုင်နက် ရင်ဆိုင်ရရင် ငါတို့ ဆုံးရှုံးမှု များနိုင်တယ်"ဟု ပြောလိုက်သည်။
ကျုံးလျန်၏ မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ဒါဆိုရင် ငါတို့မှာ လောင်းကြေးထပ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး"
"ဒါပေမဲ့ ဒီကောင်တွေကို စင်မြင့်ပေါ်ကနေ ဘယ်လို ခေါ်ထုတ်မလဲ" ဟု ထန်ဖူက မေးလိုက်သည်။
"အဲဒါကို ငါ့တာဝန် ထားလိုက်"
ထန်ဖူနှင့် မြောင်ဖတို့ အံ့ဩသွားသည်။ ကျုံးလျန်က အန္တရာယ်အများဆုံး လုပ်ငန်းကို တက်ကြွစွာ တာဝန်ယူလိုက်ခြင်း ဖြစ်သည်။
ကျုံးလျန်က မြောင်ဖကို လှည့်ပြောလိုက်သည်။
"ဒီကောင်တွေကို စင်မြင့်ပေါ်က ခေါ်ထုတ်နိုင်ရင် သူတို့က ငါ့နောက်ကို အသေအကြေ လိုက်လာလိမ့်မယ်။ အဲဒီအချိန်မှာ ကိုယ်တော်လေးပါးက သူတို့ကို ကြားဖြတ် တားဆီးပေးဖို့ တောင်းဆိုချင်ပါတယ်"
"စိတ်ချပါ၊ ခေါင်းဆောင်ကျုံး၊ ကိုယ်တော် တာဝန်ယူပါတယ်"
ထန်ဖူကလည်း ဝင်အာမခံသည်။
"ခေါင်းဆောင်ကျုံး၊ စိတ်မပူပါနဲ့။ ဒီကောင်တွေကို ခေါ်ထုတ်နိုင်ရင် ငါတို့ ထန်မိသားစုက ကိုယ်တော်လေးပါးနဲ့အတူ သူတို့ကို တားဆီးပေးမှာပါ"
ကျုံးလျန် ခေါင်းညိမ့်လိုက်သည်။
"ဒါဆိုရင် ခင်ဗျားတို့ကိုပဲ အားကိုးပါ့မယ်"
ခန်းမ၏ စင်မြင့်ပတ်လည်တွင် ကျောက်လှေကားထစ် ၈၁ ထစ်ရှိပြီး ထိုလှေကားများသည် ခန်းမကြမ်းပြင်နှင့် ချိတ်ဆက်ထားသည်။
ပထမဆုံးသော ကျောက်လှေကားထစ်ပေါ်သို့ ကျုံးလျန် ခြေချလိုက်သည်နှင့် စင်မြင့်ပေါ်ရှိ ကြေးဝါဖုတ်ကောင် ၄ ကောင် တပြိုင်တည်း လှည့်ကြည့်လာသည်။ ၎င်းတို့၏ နက်ပြာရောင် မျက်လုံးများဖြင့် စူးစိုက်ကြည့်နေရာ ကျုံးလျန်မှာ ဖိအားများပြီး အသက်ရှူရပင် ခက်ခဲလာသည်။ ကျုံးလျန်မျက်လုံးထဲတွင် ထိတ်လန့်သည့် အရိပ်အယောင် အနည်းငယ် ပေါ်လာသော်လည်း စိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်ကာ ဆက်တက်သွားသည်။
စင်မြင့်နှင့် နီးကပ်လာသည်နှင့်အမျှ ကြေးဝါဖုတ်ကောင်များထံမှ ထွက်ပေါ်လာသော အော်ရာမှာ ပိုမိုပြင်းထန်လာပြီး စင်မြင့်ပေါ်သို့ ခြေချပါက ချက်ချင်းပင် အပိုင်းပိုင်း ဆွဲဖြဲပစ်ခံရမည့်အလား ခံစားရသည်။
ထန်ဖူ၊ မြောင်ဖနှင့် အခြားသူတို့မှာ ကြေးဝါဖုတ်ကောင်များ၏ လှုပ်ရှားမှုကို စိုးရိမ်တကြီး စောင့်ကြည့်နေကြပြီး ဖုတ်ကောင်များ ရုတ်တရက် အသက်ဝင် လှုပ်ရှားလာမည်ကို ကြောက်ရွံ့နေကြသည်။ တချိန်တည်းမှာပင် ကျုံးလျန်သည် ကြေးဝါဖုတ်ကောင်များကို စင်မြင့်ပေါ်မှ မည်သို့ ဆွဲဆောင်ခေါ်ထုတ်မည်ကိုလည်း အလွန် သိလိုနေကြသည်။
ကျုံးလျန်သည် နောက်ဆုံးလှေကားထစ်သို့ ရောက်သောအခါ နောက်ထပ်ခြေလှမ်းကို အလျင်စလို မလှမ်းဘဲ ထိုနေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေလိုက်သည်။ ထိုအချိန်တွင် သူ့မျက်နှာပေါ်၌ တုန်လှုပ်မှု အရိပ်အယောင် လုံးဝမရှိဘဲ တည်ငြိမ်နေသည့်အပြင် ထူးဆန်းသော အပြုံးတစ်ခုပင် ပေါ်လာသည်။
"မှတ်တမ်းမှာ ပါတဲ့အတိုင်းပဲ၊ စင်မြင့်ပေါ်ကို မတက်သရွေ့ ဒီကြေးဝါဖုတ်ကောင်တွေက တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒါဆိုရင် ကျောက်ပြားမှတ်တမ်းထဲက ဖုတ်ကောင်တွေကို ဆွဲဆောင်တဲ့ နည်းလမ်းကလည်း အလုပ်ဖြစ်မှာပဲ" ဟု ကျုံးလျန် တွေးလိုက်သည်။
ထို့နောက် သူ့လက်များဖြင့် မန္တန်သင်္ကေတ အချို့ကို ဖန်တီးလိုက်ပြီး ကြေးဝါဖုတ်ကောင်များဆီသို့ ဦးတည်စေလိုက်သည်။ ၎င်းနောက် သိုလှောင်လက်စွပ်တွင်းမှ ကြီးမားသော အသားတုံး လေးတုံးကို စင်မြင့်၏အောက်ခြေ ထောင့်လေးထောင့်သို့ ပစ်ပေါက်လိုက်သည်။
ချက်ချင်းပင် ကြေးဝါဖုတ်ကောင်များ၏ မျက်လုံးများမှာ အနီရောင်သို့ ပြောင်းလဲသွားပြီး သူတို့၏ ပါးစပ်မှ တိုးညှင်းသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထို့နောက် လေထဲသို့ မြင့်မားစွာ ခုန်ပျံလိုက်ပြီး စင်မြင့်အောက်ရှိ အသားတုံးများဆီသို့ ခုန်အုပ်လိုက်ကာ ဆာလောင်မွတ်သိပ်နေသော တောရိုင်းတိရစ္ဆာန်များကဲ့သို့ အသားတုံးများကို ကိုက်ဖြတ် ဝါးမျိုကြတော့သည်။ အသားတုံးများမှာ ဖုတ်ကောင်များ အငမ်းမရ ဝါးမျိုမှုကြောင့် ချက်ချင်းပင် အစအနပါမကျန် ပြောင်သလင်းခါသွားသည်။
သို့သော် အသားတုံးများသည် ဖုတ်ကောင်များအား လုံးဝ မကျေနပ်စေဘဲ သွေးနှင့် အသားအပေါ် ပိုမိုဆာလောင်မှုကို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ဖုတ်ကောင်များသည် သွေးများ စွန်းထင်းနေသော အစွယ်များဖြဲပြီး ထန်ဖူတို့ လူအုပ်ကြီးကို လှည့်ကြည့်လာကြသည်။
ဤအခြေအနေကို မြင်သောအခါ ထန်ဖူနှင့် မြောင်ဖတို့ အကြီးအကျယ် မျက်နှာပျက်သွားသည်။
"ဘာလို့ ဖုတ်ကောင်တွေက ကျုံးလျန်ကို မတိုက်ခိုက်တာလဲ"ဟု မြောင်ဖက တုန်လှုပ်စွာဖြင့် ဘေးရှိ ထန်ဖူကို မေးလိုက်သည်။
"ခွေးကောင်ကျုံးလျန် .. ငါ့ကိုပြတဲ့ ကျောက်ပြားမှတ်တမ်းက မစုံဘူးပဲ၊ သူက အရေးကြီးတဲ့ အချက်အလက်တွေကို တမင်တကာ ဖုံးကွယ်ထားတာ"
ထန်ဖူသည် စင်မြင့်ပေါ်ရှိ ကြေးဝါခေါင်းတလားဆီသို့ ချဥ်းကပ်သွားနေသော ကျုံးလျန်ကို မုန်းတီးရွံရှာစွာဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် အစကတည်းက ကျုံးလျန်၏ အသုံးချခြင်းကို ခံလိုက်ရမှန်း နောက်ဆုံးမှ သဘောပေါက်သွားသည်။
ထိုအချိန်တွင် လူတိုင်း ကျောက်ခန်းမ အပြင်ဘက်သို့ ထွက်ပြေးရန် ပြင်ကြသည်။
"ဝုန်း"
ထိုအချိန်တွင် ကျောက်ခန်းမ၏ တံခါးကြီးမှာ ထူးဆန်းစွာဖြင့် အလိုအလျောက် ပိတ်သွားပြီး၊ ထန်ဖူတို့ တစ်ဖွဲ့လုံး ကျောက်ခန်းမအတွင်း၌ ပိတ်မိသွားကြသည်။
မြောင်ဖလည်း ကြံရာမရဖြစ်ပြီး တောင်ဝှေးဖြင့် ကျောက်တံခါးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ဘန်း"
မြောင်ဖမှာ နောက်သို့ ခြေနှစ်လှမ်း လန်ထွက်သွားသည်။ ကျောက်တံခါးမှာ အနည်းငယ် တုန်ခါသွားသော်လည်း မူလအတိုင်းပင် ပြန်ဖြစ်သွားသည်။
မြောင်ဖမျက်နှာ မည်းမှောင်သွားသည်။ ကျောက်တံခါးကို မဖျက်ဆီးနိုင်ခြင်းမှာ သူတို့သည် ကြေးဝါဖုတ်ကောင် ၄ ကောင်နှင့် အသက်လု တိုက်ခိုက်ရတော့မည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား။
ကြေးဝါဖုတ်ကောင် ၄ ကောင် ပြေးဝင်လာသည်ကို မြင်သောအခါ မြောင်ဖက "မပြေးကြနဲ့၊ အားလုံးပေါင်းပြီး တိုက်မှ ရမယ်၊ ဒီကောင်တွေကို မသတ်နိုင်ရင် ငါတို့ အသက်ရှင်လျက် ပြန်ထွက်နိုင်မှာ မဟုတ်ဘူး" ဟု အော်ဟစ် သတိပေးလိုက်သည်။
ပြောနေရင်း မြောင်ဖရှေ့တွင် ရွှေရောင်သပိတ်တစ်ခု ပေါ်လာပြီး ကြေးဝါဖုတ်ကောင် တစ်ကောင်ကို ရွှေရောင်အလင်းတန်းဖြင့် ထိုးချိန်လိုက်သည်။ ရွှေရောင်အလင်းတန်း ထိမှန်သွားသော ကြေးဝါဖုတ်ကောင်မှာ မမြင်ရသော စွမ်းအားတစ်ခုဖြင့် ဖိနှိပ်ခံလိုက်ရသကဲ့သို့ အရှိန်နှုန်း လျော့ကျသွားပြီး လှုပ်ရှားမှုများ နှေးကွေးသွားသည်။ ကြေးဝါဖုတ်ကောင်၏ ခန္ဓာကိုယ်မှ အလောင်းချီများမှာလည်း သဘာဝရန်သူနှင့် တွေ့ဆုံလိုက်သကဲ့သို့ ဖြည်းညှင်းစွာ ပျောက်ကွယ်လာသည်။
အခြားကျင့်ကြံသူများလည်း ထွက်ပြေး၍ မရတော့ကြောင်း သဘောပေါက်ကာ ကြေးဝါဖုတ်ကောင်များကို နည်းလမ်းမျိုးစုံ ထုတ်သုံးပြီး တိုက်ခိုက်လိုက်ကြသည်။
ထန်ဖူက မဟာမီးလျှံကြာပွတ်ဖြင့် ကြေးဝါဖုတ်ကောင် တစ်ကောင်ကို ရိုက်နှက်ရစ်ပတ်လိုက်သည်။ ကြာပွတ်မှာ ဖုတ်ကောင်လက်ကို ရစ်ပတ်မိခါနီးတွင် ဖုတ်ကောင်က လက်ဖြင့် ရိုက်ချလိုက်သည်။ သို့သော် ကြာပွတ်မှာ အသိဥာဏ် ရှိနေသည့်အလား ဘေးသို့ ရှောင်တိမ်းသွားပြီး လျင်မြန်စွာဖြင့် ဖုတ်ကောင်၏ ဘယ်ဘက်ခြေထောက်ကို ရစ်ပတ်လိုက်ပြီး ထိုမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာ ချုပ်နှောင်လိုက်သည်။
ဖုတ်ကောင်ကို ဖမ်းချုပ်မိသည်နှင့် ထန်ဖူက ကြာပွတ်ဆီသို့ ဝိညာဥ်စွမ်းအင် ထည့်သွင်းလိုက်ရာ ပြင်းထန်သော မီးလျှံများ တောက်လောင်လာပြီး ဖုတ်ကောင်ကို ဝါးမြိုသွားသည်။
ကြေးဝါဖုတ်ကောင်ထံမှ ထွက်လာသော အေးစက်သည့် အလောင်းချီနှင့် ပြင်းထန်သော မီးလျှံများ တိုးတိုက်မိကာ အနီးဝန်းကျင်တွင် ပြင်းထန်သော စွမ်းအင်လှိုင်းများ ရိုက်ခတ် ဖုံးလွှမ်းသွားသည်။ မီးလျှံနှင့် အလောင်းစွမ်းအင်မှာ အပြန်အလှန် အားပြိုင်နေပြီး မည်သူမျှ အသာမရကြပေ။
"ထန်စီ၊ ငါ့ကို ကူပြီး ဒီကောင်ကို အရင်သတ်ပေး"
ထန်ဖူက အော်ဟစ် အကူအညီ တောင်းလိုက်သည်။
မြောင်ဖမှလွဲလျှင် ကျန်ရဟန်းသုံးပါးမှာ ကြေးဝါဖုတ်ကောင် တစ်ကောင်ကို ပူးပေါင်း၍ အနိုင်နိုင် ရင်ဆိုင်နေရသည်။ ထန်မိသားစုဝင် သုံးဦးနှင့် လေလွင့်ကျင့်ကြံသူ သုံးဦးက အတူပူးပေါင်းပြီး ကြေးဝါဖုတ်ကောင် တစ်ကောင်ကို မနည်းပင် တားဆီးထားရသည်။
ထန်ဖူ၏ အမိန့်ကြောင့် ထန်စီသည် တိုက်ပွဲမှာ ထွက်ခွာပြီး ထန်ဖူ ရင်ဆိုင်နေရသော ဖုတ်ကောင်ကို ဓားပျံဖြင့် ထိုးစိုက် တိုက်ခိုက်လိုက်သည်။
"ချွမ် .. ချွမ်.."
ဓားမှာ သတ္တုကို ထိမှန်သကဲ့သို့ အသံများ ထွက်ပေါ်လာပြီး မီးပွားများ လွင့်စဉ်သွားသော်လည်း ကြေးဝါဖုတ်ကောင်တွင် ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေခဲ့ပေ။
ထိုမြင်ကွင်းကြောင့် မြောင်ဖက "ဒီဖုတ်ကောင်တွေ ခန္ဓာကိုယ်က အရမ်းမာကြောတယ်၊ သာမန် ဝိညာဉ်လက်နက်တွေနဲ့ ထိခိုက်အောင် လုပ်ဖို့ မလွယ်ဘူး" ဟု လှမ်းပြောသည်။
"ဒါဆိုရင် ဘာလုပ်ကြမလဲ" ဟု ထန်ဖူက ပြန်မေးသည်။
"မင်းတို့ ကြေးဝါဖုတ်ကောင် သုံးကောင်ကို ခဏတားထားပေး၊ သူတို့ အနားမကပ်လာစေနဲ့။ ငါ့မဟာယနနည်းစနစ်နဲ့ ဒီကောင်ကို သတ်ပြီးရင် မင်းတို့ကို ကူညီပေးမယ်" ဟု မြောင်ဖက ပြန်ဖြေသည်။
ထန်ဖူက "ကောင်းပြီ" ဟုဆိုကာ ခေါင်းညိတ်လိုက်သည်။