← Chapters

ရှေးဟောင်းဝိညာဥ်ကို အသက်သွင်းမိတာလား

Vol. 19 Ch. 202

ရှေးဟောင်းဝိညာဥ်ကို အသက်သွင်းမိတာလား

Vol. 19 Ch. 202

သစ်သားရုပ်တု ပျက်စီးသွားသောအခါ ထိုဝိညာဥ်သည် ဒေါသထွက်ရမည့်အစား ဝမ်းသာအားရ တုံ့ပြန်ခဲ့သည်။

"ကောင်းတယ်၊ ကောင်းတယ်။ မင်းဆီမှာ ကောင်းကင်မိုးကြိုး လျှို့ဝှက်ကျင့်စဉ် ကိုးမျိုးထဲက တစ်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ငါ ရွှယ်မေ တကယ်ကို ကံကောင်းတာပဲ။ ငါ့ဝိညာဉ်က နှစ်ပေါင်းသောင်းနဲ့ချီပြီး ပိတ်လှောင်ခံထားရတာ၊ အခု ခေါင်းတလားထဲက လွတ်လာတာနဲ့ ဝိညာဉ်သံခြေကျင်းကို ချိုးဖျက်ပေးနိုင်သူနဲ့ တွေ့ရတာပဲ .. ဟီး ဟီး"

ထိုဝိညာဥ်သည် အောင်နိုင်သူကဲ့သို့ ရယ်မောလိုက်သည်။ သစ်သားရုပ်တုပေါ်တွင် ကျန်ရှိနေသော သင်္ကေတများမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး နောက်ဆုံးတွင် ဝိညာဉ်စွမ်းအင် လုံးဝမရှိသော သာမန်ပုံစံများအဖြစ် ပြောင်းလဲသွားသည်။ သစ်သားရုပ်တုမှာလည်း ပုပ်သိုးပျက်စီးသွားပြီး အပိုင်းပိုင်း အစစ ကြေမွလွင့်စဉ်သွားသည်။

ချက်ချင်းဆိုသလို ထွင်းဖောက်မြင်ရသော လှပသည့် အမျိုးသမီးကျင့်ကြံသူ၏ ဝိညာဥ်ပုံရိပ်တစ်ခု လေထဲတွင် ပေါ်ထွက်လာသည်။

"မင်းကို ငါဘယ်လိုကျေးဇူးဆပ်ရမလဲ လူငယ်လေး။ မင်းဝိညာဉ်ကိုပါ ငါဝါးမြိုလိုက်ရင်ရော ဘယ်လိုလဲ။ ဟိ ဟိ..."

ရွှယ်မေဆိုသူ၏ ဝိညာဉ်ပုံရိပ်ကို ကြည့်ရင်း စုန့်ဝမ်သည် ကြောက်ရွံ့မည့်အစား တည်ငြိမ်နေခဲ့သည်။ ရုပ်ခန္ဓာမရှိသော ဝိညာဉ်သက်သက်က သူ့ကို ဘာလုပ်နိုင်မည်နည်း။

"မင်းရဲ့ဝိညာဉ်က မိုးကြိုး ဘယ်နှစ်ချက်ကို ခံနိုင်မလဲ ကြည့်ကြတာပေါ့"

စုန့်ဝမ်က လက်တစ်ဖက်ကို မြှောက်လိုက်သည်နှင့် မဟာဂူမိုးကြိုး ပြန်လည်ပေါ်ပေါက်လာသည်။ မိုးကြိုးက ရွှယ်မေ၏ ဝိညာဉ်ကို ထိမှန်ခါနီးတွင် သူမသည် မျက်စိရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ စုန့်ဝမ်၏ ရှေ့တည့်တည့်တွင် ပြန်လည်ပေါ်လာသည်။

"စိုးရိမ်စရာ မရှိဘူး၊ လျှပ်စီးစွမ်းအားက ဝိညာဉ်ခန္ဓာကိုယ်ကို မထိရင် ဒဏ်ရာမရစေနိုင်ဘူး၊ အလကားပဲ။ မင်းရဲ့ကျင့်ကြံမှုက နိမ့်လွန်းတော့ ထုတ်လိုက်တဲ့ မိုးကြိုးက အရမ်းနှေးလွန်းတယ်"

စကားပြောနေစဉ် ရွှယ်မေ၏ ဝမ်းဗိုက်မှ အမြှင်များစွာ ထွက်ပေါ်လာပြီး စုန့်ဝမ်၏ သိစိတ်ပင်လယ်ဆီသို့ တိုးဝင်သွားသည်။

စုန့်ဝမ်၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်နိုင်တော့မည်ဟု ထင်မှတ်လိုက်ချိန်တွင် ရွှယ်မေ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူမ၏ အမူအရာမှာ အလွန်အမင်း ထိတ်လန့်သွားသည့်ပုံစံသို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်အရာတစ်ခုနှင့် တွေ့ဆုံလိုက်ရသည့်အလား ဖြစ်သွားသည်။

ဝိညာဥ်အမြှင်များ ဝင်ရောက်သွားသည်နှင့် စုန့်ဝမ်၏ သိစိတ်ပင်လယ်အတွင်းမှ ပြင်းထန်သော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး ထိုဝိညာဥ်အမြှင်များမှ တဆင့် ရွှယ်မေ၏ ဝိညာဉ်ကို စုပ်ယူရန် ကြိုးစားနေသည်။

"အား…"

ရွှယ်မေ၏ ဝိညာဉ်ဆီမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး၊ ဝမ်းဗိုက်မှ ထွက်နေသော အမြှင်များ တိခနဲ ပြတ်တောက်သွားသည်။

တစ်ဖက်လူက လွတ်မြောက်ရန် အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်လိုက်သည်ကို မြင်သောအခါ စုန့်ဝမ်လည်း အံ့အားသင့်သွားသည်။ သူက ရွှယ်မေ၏ ဝိညာဉ်ကို အကုန်အစင် ဝါးမြိုနိုင်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ ရွှယ်မေဝိညာဉ်ခန္ဓာကိုယ်မှာ အလွန်မြန်လှပြီး မဟာဂူမိုးကြိုးကိုပင် ရှောင်တိမ်းနိုင်ခဲ့သဖြင့် စုန့်ဝမ်မှာ ဘာဆက်လုပ်ရမှန်း မသိဖြစ်သွားသည်။

"မင်းခန္ဓာကိုယ်ထဲမှာ ဘယ်လိုတစ္ဆေမျိုး ရှိနေတာလဲ။ ဘာလို့ ငါ့ဝိညာဉ်ကို ဝါးမြိုနိုင်ရတာလဲ"

ပေတစ်ရာကျော်ထိ နောက်ဆုတ်သွားပြီးမှ ရွှယ်မေ ရပ်တန့်နိုင်ခဲ့ပြီး စုန့်ဝမ်ကို အလန့်တကြား မေးလိုက်သည်။ ပြတ်တောက်သွားသော အမြှင်များမှာ ဝိညာဉ်ခန္ဓာကိုယ်၏ အစိတ်အပိုင်းများဖြစ်သည်။ ယခုအချိန်တွင် သူမ၏ဝိညာဉ်မှာ မပြည့်စုံတော့ဘဲ အချိန်မီ ပြန်လည်ပြုပြင်ရန် နည်းလမ်းမရှာနိုင်ပါက မကြာမီ ပျောက်ကွယ်သွားလိမ့်မည်။

"ငါ့ဝိညာဉ် ပူးကပ်ဖို့ သင့်တော်တဲ့ ခန္ဓာကိုယ်တစ်ခု အမြန်ရှာရမယ်၊ ပြီးမှ ငါ့ခန္ဓာကိုယ်ကို ဘယ်လိုပြုပြင်မလဲ စဉ်းစားရမယ်" ဟု ရွှယ်မေက တွေးလိုက်သည်။ သူမ၏ အကြည့်က နောက်ဆုံးတွင် ငွေအလောင်းရုပ်သေးဆီ ရောက်သွားသည်။

ငွေအလောင်းရုပ်သေးမှာ အသက်စွမ်းအင်အချို့ စတင်ပေါ်ပေါက်နေပြီး ၎င်းတွင် ဝိညာဉ်မရှိသဖြင့် ဝိညာဉ်ပူးကပ်ရန် အကောင်းဆုံး ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။ ဆုံးဖြတ်ပြီးသည်နှင့် ရွှယ်မေသည် ကျောက်ခန်းမဆီသို့ ဝိညာဉ်စွမ်းအားတစ်ခု လွှတ်လိုက်သည်။

အစိမ်းရောင် အလင်းတန်းတစ်ခု ကျောက်ခန်းမတစ်ခုလုံးကို လင်းထိန်သွားစေပြီး ခဏအတွင်း ပျောက်ကွယ်သွားသည်။ ၎င်းမှာ တစ်စုံတစ်ရာသော တားမြစ်ချက်ကို ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်ပြီး၊ မူလက ခန့်ညားထည်ဝါသော ကျောက်ခန်းမမှာ ရုတ်တရက် ဟောင်းနွမ်းအိုမင်းသွားကာ နှစ်ပေါင်းများစွာ တိုက်စားခံထားရသော ပျက်စီးမှု လက္ခဏာများ ပေါ်ပေါက်လာသည်။

လူအားလုံး ကျောက်ခန်းမထဲမှ ထွက်ပြေးသွားပြီးနောက် ကြေးဝါဖုတ်ကောင် သုံးကောင်မှာ ထွက်လိုက်မလာဘဲ အထဲတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ ကျောက်ခန်းမ၏ တားမြစ်ချက်များ ပျောက်ကွယ်သွားသည်နှင့် ထိုကြေးဝါဖုတ်ကောင် ၃ ကောင် ပြန်အသက်ဝင်လာသည်။

ဖုတ်ကောင်များ ကျောက်ခန်းမထဲမှ ပြေးထွက်လာပြီး တစ်ဦးတည်းသော အသက်ရှင် ကျန်နေသော စုန့်ဝမ်ဆီ ပြေးဝင်လာကြသည်။

စုန့်ဝမ်လည်း ငွေအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်ကို စေလွှတ် တားဆီးစေလိုက်သည်။

တိုက်ပွဲပြင်းထန်နေချိန်တွင် ရွှယ်မေက အခွင့်အရေးယူကာ ငွေအလောင်းရုပ်သေးဆီ ပြေးဝင်သွားပြီး သူမ၏ဝိညာဉ်ကို ထိုခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ပေါင်းစပ်လိုက်သည်။ ဖြစ်ရပ်မှာ မြန်ဆန်လွန်းသဖြင့် စုန့်ဝမ် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။

ရွှယ်မေ၏ဝိညာဉ် ငွေအလောင်းရုပ်သေးထဲ ပေါင်းစပ်သွားကြောင်း သိလိုက်ချိန်တွင် ငွေအလောင်းရုပ်သေးမှာ သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။

ငွေအလောင်းရုပ်သေး၏ လှုပ်ရှားမှုမှာ အနည်းငယ် တောင့်တင်းနေသော်လည်း မြစ်ကမ်းဆီသို့ အလျင်အမြန် ခုန်ပေါက်ပြေးသွားသည်။

စုန့်ဝမ်က အလောင်းရုပ်သေး ထိန်းချုပ်မန္တန် အသက်သွင်းလိုက်သည်။ ငွေအလောင်းရုပ်သေးမှာ ရုတ်တရက် တောင့်တင်းသွားပြီး မြစ်ထဲသို့ ကျဆင်းသွားသော်လည်း၊ ချက်ချင်းပင် ရေထဲမှ ပြန်ခုန်ထွက်လာကာ မြစ်တစ်ဖက်ကမ်းသို့ ဆက်လက် ထွက်ပြေးသွားသည်။

ငွေအလောင်းရုပ်သေးမှာ စုန့်ဝမ်၏ လက်အောက်တွင် အားအကောင်းဆုံး အင်အားတစ်ခု ဖြစ်သဖြင့် လွယ်လွယ်နှင့် အဆုံးရှုံးမခံနိုင်ပေ။ ထို့ကြောင့် တစ္ဆေဘုရင်ပါ အတူခေါ်ပြီး လိုက်လံဖမ်းဆီးကြသည်။

တစ်ချိန်တည်းမှာပင် လျှပ်စီးတန်းတစ်ခု ကျရောက်လာပြီး ငွေအလောင်းရုပ်သေးကို ထိမှန်သွားသဖြင့် လွင့်စင် လဲကျသွားသည်။ လဲကျသွားသော်လည်း ချက်ချင်းပင် ပြန်ထပြီး မြေအောက်မြစ်ကြောင်းအတိုင်း ဆက်ပြေးသွားသည်။

ရွှယ်မေ၏ ဝိညာဉ်က ငွေအလောင်းရုပ်သေးအတွင်း ပေါင်းစပ်နေချိန် ကြာလာသည်နှင့်အမျှ သူမ၏ ထိန်းချုပ်မှုမှာ ပိုမိုကျွမ်းကျင်လာပြီး အရှိန်လည်း မြန်လာသည်။ အကွာအဝေးမှာ တဖြည်းဖြည်း ဝေးကွာသွားပြီး နောက်ဆုံးတွင် စုန့်ဝမ်၏ ဝိညာဉ်အာရုံခံနိုင်စွမ်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

စုန့်ဝမ်လည်း ဘာမှ မတတ်နိုင်တော့သဖြင့် ရပ်လိုက်ပြီး မကျေမနပ်ဖြင့်သာ ကျန်ရစ်ခဲ့တော့သည်။ ထို့နောက် ကျွန်းငယ်လေးဆီသို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ကြေးဝါဖုတ်ကောင် သုံးကောင်မှာ ကျွန်းပေါ်တွင် ဆက်လက်သောင်းကျန်းနေဆဲဖြစ်သည်။ ထန်ဖူနှင့် အခြားသူများ၏ ရုပ်အလောင်းများမှာ သူတို့၏ ဝါးမြိုခြင်းကြောင့် အစအနပင် မကျန်တော့။

ဤကြေးဝါဖုတ်ကောင်များမှာ အလွန် အားကောင်းပြီး သာမန် ဒုတိယအဆင့် အထွက်အထိပ် ဖုတ်ကောင်များထက် များစွာ သာလွန်သည်။ တတိယအဆင့်တစ်ပိုင်း ငွေအလောင်းရုပ်သေးကို ဆုံးရှုံးလိုက်ရသဖြင့် ဤကြေးဝါဖုတ်ကောင်များကို အစားထိုးရန် ဆုံးဖြတ်လိုက်သည်။

စုန့်ဝမ် လက်ကို ဝှေ့ယမ်းလိုက်ရာ ကြိုးရှည်တစ်ချောင်း ထွက်ပေါ်လာပြီး ဖုတ်ကောင် တစ်ကောင်ကို ရစ်ပတ် ထိန်းချုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မှ မိုးကြိုးလျှပ်စီးတစ်ခု ကျရောက်လာပြီး ထိမှန်သွားသည်။ တစ္ဆေဘုရင်က ကျန်ရှိသော ကြေးဝါဖုတ်ကောင် နှစ်ကောင်ကို တားဆီးထားသည်။

ထိုကြိုးရှည်မှာ ရွှေအမြုတေကျင့်ကြံသူ ချင်းယန်၏ ဝိညာဥ်လက်နက်ဖြစ်ပြီး အရှေ့ဟွာဖန်းစျေး အပြင်ဘက်တွင် စုန့်ဝမ်ကို ဖမ်းဆီးစဉ်က သူမ အသုံးပြုခဲ့သော ဝိညာဉ်ချုပ်နှောင်ကြိုးပင် ဖြစ်သည်။ ဝိညာဉ်ချုပ်နှောင်ကြိုးမှာ ရန်သူများကို ချည်နှောင်ရန် အဓိက အသုံးပြုသော အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်သည်။ ယခုအခါ ၎င်းမှာ ကြေးဝါဖုတ်ကောင်များကို ဖမ်းဆီးရန် အသုံးဝင်နေသည်။

ဆယ်မိနစ်ခန့်အကြာ ပြင်းထန်သော တိုက်ပွဲအပြီး၌ စုန့်ဝမ်သည် ကြေးဝါဖုတ်ကောင် သုံးကောင်လုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး အလောင်းမွေးမြူရေးခေါင်းတလားထဲ ထည့်လိုက်သည်။

ထို့နောက် ကျောက်ခန်းမတဝိုက်တွင် ပြန့်ကျဲနေသော သိုလှောင်လက်စွပ် ၁၂ ကွင်းကို သိမ်းဆည်းလိုက်ပြီး ရွှယ်မေအား ထိန်းသိမ်းထားသော ခေါင်းတလားကိုလည်း သိမ်းဆည်းလိုက်သည်။ သေဆုံးသွားသော ကျင့်ကြံသူများ၏ ရုပ်အလောင်းများမှာ ကြေးဝါဖုတ်ကောင်များ၏ လက်ချက်ဖြင့် အစအနပင် မကျန်တော့သလို၊ ဝိညာဉ်များကိုလည်း ရွှယ်မေက အကုန်အစင် ဝါးမြိုလိုက်ပြီး ဖြစ်သည်။

ရွှယ်မေကို ဖမ်းချုပ်ထားသော ကြေးဝါခေါင်းတလားနှင့် ပတ်သက်၍ လောလောဆယ်တွင် မည်သည့် ထူးခြားချက်ကိုမျှ ခွဲခြားမသိမြင်နိုင်သေးပေ။ သို့သော် ၎င်းသည် နှစ်ပေါင်းသောင်းနှင့်ချီသော တိုက်စားမှုကို ခံနိုင်ရည်ရှိသဖြင့် ထူးခြားချက်များ ရှိနေမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

အားလုံး လက်စသတ်ပြီးနောက် စုန့်ဝမ်သည် ကျောက်ခန်းမမှ ထွက်ခွာပြီး မြေအောက်မြစ်ကြောင်းအတိုင်း အောက်ဘက်သို့ ထွက်လာခဲ့သည်။

ရွှယ်မေသည် မြစ်အထက်ပိုင်း သွေးတိမ်တိုက်ဂူရှိရာဘက်သို့ ထွက်ပြေးသွားခြင်း ဖြစ်သည်။ ထိုဂူအတွင်း၌ အစွမ်းထက်သော ကျောက်ရုပ်တု တစ်ဆယ့်သုံးခု ရှိနေပြီး၊ အကယ်၍ ရွှယ်မေက ထိုရုပ်တုများကို ထိန်းချုပ်နိုင်ပါက သွေးတိမ်တိုက်ဂူသို့ ပြန်သွားခြင်းမှာ သေလမ်းရှာသကဲ့သို့ ဖြစ်ပေလိမ့်မည်။

မိုင်အနည်းငယ် သွားပြီးနောက် မြေအောက်မြစ်ကမ်းပါးမှာ ဆက်သွား၍ မရတော့ဘဲ ရေများ စီးဆင်းသွားသော တွင်းတစ်ခုသာ ရှိတော့သည်။ စုန့်ဝမ်အတွက် ရေထဲသို့ ငုပ်ဆင်းပြီး ရေစီးကြောင်းအတိုင်း အောက်ဘက်သို့ လိုက်သွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

ဆယ်မိုင်ခန့် ရေငုပ်ကူးခတ်သွားပြီးနောက် လမ်းခွဲတစ်ခု ပေါ်လာသည်။ မြေအောက်မြစ်မှာ သုံးလမ်းကွဲသွားပြီး မတူညီသော ဦးတည်ချက် သုံးခုသို့ စီးဆင်းသွားသည်။ စုန့်ဝမ်လည်း အနည်းငယ် ပိုကြီးသောလမ်းကြောင်းကို ရွေးချယ်ပြီး ဆက်သွားခဲ့သည်။

နောက်ထပ် မိုင်သုံးဆယ်ခန့် ဆက်သွားပြီးနောက် လမ်းခွဲများ ထပ်မံ ပေါ်လာပြီး လမ်းကြောင်းများမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာသဖြင့် ဖြတ်သန်းရန်ပင် ခက်ခဲလာသည်။

စုန့်ဝမ်သည် သူ၏ ဓားကို ထုတ်ကာ လမ်းရှင်းရင်း ရှေ့သို့ တိုးသွားခဲ့ရသည်။

……

နှစ်ရက်အကြာမှ မြေအောက်မြစ်သည် လိုဏ်ဂူတစ်ခုအတွင်း ရောက်ရှိပြီး ရှေ့တွင် အလင်းရောင် အနည်းငယ် ပေါ်လာသည်။ မြေအောက်မြစ် မြေပေါ်သို့ ပြန်ပေါ်ခဲ့ပြီ။

စုန့်ဝမ်၏ ဝမ်းသာသွားပြီး အရှိန်မြှင့်လိုက်ရာ ခဏအကြာတွင် မြေအောက်မြစ်ထဲမှ ထွက်လာနိုင်ခဲ့သည်။ ထိုနေရာသည် တောင်ခြေတစ်ခုဖြစ်ပြီး စိမ်းလန်းသော သစ်ပင်များဖြင့် ဝန်းရံနေကာ အရိပ်ကောင်းလှသည်။

ကူပိုးကောင်ကို ကင်းထောက်ခိုင်းပြီး ဆယ်မိုင်အတွင်း မည်သည့်အန္တရာယ်မျှ မရှိကြောင်း အတည်ပြုလိုက်သည်။

ထို့နောက် ဓားကို စီးနင်းကာ ပတ်ဝန်းကျင် လေ့လာပြီး ရောက်ရှိသည့်နေရာ အတည်ပြုကာ ကျော့ရွှေယွင် အနားယူနေသော ဂူဆီသို့ ဦးတည်သွားခဲ့သည်။ မိုင်ပေါင်း အတော်ဝေးသော်လည်း ဓားပျံဖြင့် သွားပါက တစ်ရက်ခရီးသာ ရှိသည်။

All Chapters