ရှေးခေတ်သမိုင်းအရဆိုလျှင်
Vol. 19 Ch. 203
နောက်တစ်နေ့တွင် စုန့်ဝမ်သည် ကျော့ရွှေယွင် အနားယူနေသော နေရာမှ မိုင်အနည်းငယ် အကွာတွင် ယာယီဂူတစ်ခုကို ဖန်တီးလိုက်သည်။
ကျော့ရွှေယွင်နှင့် သဘောတူထားသော တစ်လပြည့်ရန် ဆယ်ရက်ကျော် ကျန်ရှိနေသေးသဖြင့် စုန့်ဝမ်သည် ခဏတာ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
ကူပိုးကောင်များကို ယာယီဂူ၏ ပတ်ဝန်းကျင်တွင် ကင်းစောင့်ခိုင်းထားကာ၊ ဝိညာဥ်ဖုံးကွယ်အစီအရင်နှင့် ကိုးနန်းယင်အစီအရင်တို့ကို ခင်းကျင်းပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒုန်း၊ ဒုန်း၊ ဒုန်း”
လေးလံလှသော အလောင်းရုပ်သေးမွေးမြူခေါင်းတလား သုံးလုံး ဂူအတွင်း ပေါ်လာသည်။
စုန့်ဝမ်သည် အလောင်းရုပ်သေးဖန်တီးနည်းစနစ်ကို အသုံးပြု၍ ကြေးဝါဖုတ်ကောင် သုံးကောင်ကို စတင် ပြုပြင်မွမ်းမံသည်။ ခဏအတွင်းမှာပင် ဂူတစ်ခုလုံး အလောင်းစွမ်းအင်များ ဖုံးလွှမ်းသွားပြီး ပုပ်သိုးနေသောအနံ့များဖြင့် ပြည့်နှက်သွားသည်။
၁၅ ရက် အကြာတွင် စုန့်ဝမ်သည် ကြေးဝါဖုတ်ကောင် သုံးကောင်ကို အောင်မြင်စွာ ပြုပြင်မွမ်းမံပြီး ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် နှစ်ကောင်ကို ခေါင်းတလားထဲ ထည့်လိုက်ပြီး တစ်ကောင်ကို ချန်ထားခဲ့သည်။
ယခင်က လီမိသားစုထံမှ ရွှမ်ယင်ကျောက်နှစ်လုံး ရရှိခဲ့ရာ ငွေအလောင်းရုပ်သေး ပြုပြင်စဉ်က တစ်လုံး သုံးလိုက်သဖြင့် တစ်လုံး ကျန်သေးသည်။ ယခု ကြေးဝါဖုတ်ကောင်ကို တတိယအဆင့်တစ်ပိုင်း အလောင်းရုပ်သေးအဖြစ် ပြုပြင်ရန် စီစဉ်လိုက်သည်။
ရွှမ်ယင်ကျောက်၊ သွေးအဆီအနှစ်၊ ဝိညာဉ်ကျောက်နှင့် ယင်နတ်ဆိုးနှင်းရည်တို့ကို ခေါင်းတလားထဲ ထည့်လိုက်ပြီး လုပ်ငန်း စတင်လိုက်သည်။
နောက်ထပ် ခုနစ်ရက် ကုန်ဆုံးသွားသည်။
ငွေအလောင်းရုပ်သေး ဖန်တီးမှု ပြီးမြောက်ခြင်း မရှိသေးသော်လည်း ကျော့ရွှေယွင်နှင့် ချိန်းဆိုထားချိန်မှာ နှစ်ရက်သာ လိုသဖြင့် အပြီးသတ်ရန် အချိန်မလောက်ပေ။
ထို့ကြောင့် လုပ်ငန်းစ်ကို ခေတ္တရပ်တန့်ပြီး ယာယီ စည်းတံဆိပ်ခတ်သည်။ အလောင်းမွေးမြူခေါင်းတလားကို သိမ်းဆည်းပြီးနောက် သွေးရောင်ကျောက်ပြား နှစ်ချပ်ကို ထုတ်ယူကာ စတင် စစ်ဆေးကြည့်ရှုသည်။
ပထမကျောက်ပြားတွင် အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းကျင့်စဉ်ဟု ခေါ်သော ကျင့်စဉ်တစ်ခုကို မှတ်တမ်းတင်ထားသည်။ ၎င်းမှာ "အလောင်းဘုရင် သွေးသွေးသန့်စင်နည်းစနစ်ကဲ့သို့ မြင့်မြတ်သွေးတံခါးဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကျင့်စဉ်၏ အနှစ်ချုပ်အရ ၎င်းမှာ ခန္ဓာကိုယ်နှင့် ဝိညာဥ်စွမ်းအား နှစ်မျိုးလုံးကို ကျင့်ကြံရသော ကျင့်စဉ်ဖြစ်သည်။ ကျင့်စဉ်ကို အဆင့်ကိုးဆင့် ခွဲထားပြီး ကျင့်ကြံမှု အဆင့်ကိုးဆင့်နှင့် ကိုက်ညီကာ၊ အောင်မြင်သွားပါက နတ်ဘုရားအဆင့်သို့ တိုက်ရိုက် ရောက်ရှိနိုင်သည်။
သို့သော် စုန့်ဝမ်လက်ထဲရှိ ကျောက်ပြားတွင် ပထမသုံးဆင့်သာ ပါဝင်ပြီး ရွှေအမြုတေအဆင့်ထိသာ ကျင့်ကြံနိုင်မည်။ စုန့်ဝမ်ကို အံ့အားသင့်စေသည်မှာ ဤကျင့်စဉ်သည် နတ်ဆိုးကျင့်စဉ်ဖြစ်သော်လည်း အလောင်းစွမ်းအင်ကို အသက်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။ ဤကျင့်စဉ်မှ ရရှိသော ဝိညာဉ်စွမ်းအားတွင် နတ်ဆိုးလမ်းစဉ်၏ မသန့်စင်သော စွမ်းအင်နှင့် သန့်စင်သော အသက်စွမ်းအင် နှစ်မျိုးလုံး ပါဝင်နေသည်။
ဤကျင့်စဉ်မှာ အနှစ်သာရအားဖြင့် အလောင်းဘုရင် သွေးသန့်စင်နည်းစနစ်နှင့် သက်ရှည်ကျင့်စဉ်တို့ ပေါင်းစပ်ထားသည့် သဘောပင် ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ထိုကျင့်စဉ်နှစ်ခုစလုံးမှာ ဤကျင့်စဉ်၏ အစိတ်အပိုင်းများသာ ဖြစ်နိုင်သည်။
၎င်းမှာ တစ်စုံတစ်ဦးက အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို တမင်တကာ အပိုင်းပိုင်းခွဲပြီး ကျင့်ကြံခြင်းလောကထဲသို့ ဖြန့်ဝေထားသကဲ့သို့ ဖြစ်နေသည်။ အထူးသဖြင့် သက်ရှည်ကျင့်စဉ်မှာ ကျင့်ကြံခြင်းလောကတွင် အကျယ်ပြန့်ဆုံး ပျံ့နှံ့နေသော ကျင့်စဉ်ဖြစ်ပြီး၊ ၎င်းကို အသုံးပြု၍ ချီစွမ်းအင်များကို စုပ်ယူကာ လူတစ်ဦး၏ သက်တမ်းကို တိုးစေနိုင်သည်။
ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူက သက်ရှည်ကျင့်စဉ်ကို ကျင့်ကြံလျှင် သက်တမ်းကို နှစ်တစ်ရာခန့် တိုးပေးနိုင်သည်။ အခြေတည်အဆင့်က တစ်ထောင်၊ ရွှေအမြုတေအဆင့်က …
ထိုသို့ဆိုလျှင် သက်တမ်းတိုးပေးနိုင်မှုမှာ ဆယ်ဆ သို့မဟုတ် ထို့ထက်မက တိုးလာပေလိမ့်မည်။ စုမိသားစုဘိုးဘေး သက်တမ်းတိုးရန် သက်ရှည်ကျင့်စဥ်ကျင့်ကြံသူ တစ်ထောင်ဆီမှ သွေးအဆီအနှစ်နှင့် အသက်စွမ်းအားကို စုပ်ယူရာတွင် အသုံးချသည့် အစီအရင်ကို တွေးမိသောအခါ စုန့်ဝမ် တုန်လှုပ်သွားပြီး၊ ကျောထဲတွင် အေးစိမ့်လာသည်။
အကယ်၍ နောက်ကွယ်တွင် အကွက်ချကြံစည်မှုများ ရှိခဲ့လျှင်၊ မရှိဟု ယုံကြည်ရန် အလွန်ခက်ခဲလှသည်။
စုန့်ဝမ် ခေါင်းခါလိုက်သည်။ နောက်ကွယ်တွင် မည်သည့် အစီအစဉ်များ ရှိနေပါစေ၊ အရေးမကြီးပေ။ သက်ရှည်ကျင့်စဉ်မှာ ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းသောင်းချီ ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။ ထိုအစီအစဉ်ကို ရေးဆွဲခဲ့သူများပင် အချိန်မြစ်ကြောင်းအတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ၊ ဤလောကတွင် ရှိနေတော့မည် မဟုတ်၊ ရှိပါကလည်း နှစ်သောင်းချီကာလအတွင်း ကျင့်ကြံမှုလောကတခွင် ဂယက်ရိုက်ခဲ့မည်မှာ မုချပင်။ ယခုမူ ဘာမှ မဖြစ်ခဲ့။
လက်ထဲရှိ အလောင်းဘုရင်ပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို ကြည့်ရင်း စုန့်ဝမ် စဉ်းစားခန်း ဝင်နေသည်။ ယခင်က သူ၏ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ကျင့်စဉ်နှစ်မျိုးလုံးကို တပြိုင်တည်း ကျင့်ကြံနိုင်သည်ဟု အမြဲ ယုံကြည်ခဲ့သည်။
ယခုကြည့်ရသည်မှာ ထိုသို့ မဟုတ်နိုင်တော့။ ဤကျင့်စဉ်နှစ်ခုမှာ အခြေခံအားဖြင့် အရင်းအမြစ် တစ်ခုတည်းမှ လာခြင်း ဖြစ်သည်။
"ကျင့်စဉ်တွေမှာ လမ်းမှန်နဲ့၊ နတ်ဆိုးလမ်းဆိုပြီး ခွဲခြားထားတာ မရှိဘူးထင်တယ်။ သန့်စင်တဲ့စွမ်းအင်ပဲဖြစ်ဖြစ်၊ မသန့်စင်တဲ့ စွမ်းအင်ပဲဖြစ်ဖြစ်၊ သူတို့က ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်ရဲ့ ကွဲပြားတဲ့ အသွင်သဏ္ဍာန်တွေပဲ။ ဘယ်လိုပဲ ကွဲပြားပါစေ နောက်ဆုံးတော့ လောကကြီးရဲ့ အစိတ်အပိုင်းတွေပဲ" ဟု စုန့်ဝမ်က နားလည်လာသည်။
ယခုအချိန်တွင် သူ့အနေဖြင့် အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းကျင့်စဉ်သို့ ကူးပြောင်းကျင့်ကြံနိုင်ပြီး၊ သူ့ဝိညာဉ်ပင်လယ်တွင်းရှိ စွမ်းအင်နှစ်ခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားလိမ့်မည်ဟု ခံစားလိုက်ရသည်။
သေချာ စဉ်းစားပြီးနောက် မစွန့်စားလိုသေးသဖြင့် စုန့်ဝမ်သည် ကျင့်စဉ်ကူးပြောင်းရန် အစီအစဉ်ကို ယာယီ ဘေးဖယ်ထားလိုက်သည်။ ကျင့်စဉ် ပြောင်းလဲခြင်းသည် ယခုအချိန်အထိ တည်ဆောက်ထားသော ကျင့်ကြံမှုစွမ်းအားများကို ဖျက်ဆီးပစ်ရမည် ဖြစ်သည်။
လက်ရှိတွင် သက်ရှည်ကျင့်စဉ်ကို အခြေတည် အလယ်အဆင့်၏ အထွက်အထိပ်အထိ ကျင့်ကြံပြီး ဖြစ်သဖြင့်၊ နှောင်းပိုင်းအဆင့်သို့ တက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ယခုအချိန်တွင် သူ့စွမ်းအားများကို ဖျက်ဆီးပစ်ရန် စုန့်ဝမ် နှမြောနေမိသည်။ ဒုတိယအချက်မှာ အလောင်းဘုရင်ပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို ကျင့်ကြံရန် နတ်ဆိုးလမ်းစဥ်မှ ဝိညာဉ်ပစ္စည်းများစွာ လိုအပ်သည်။
လက်ရှိအခြေအနေအရ ထိုပစ္စည်းများကို စုဆောင်းရန် အလွန်ခက်ခဲသည်။ တစ္ဆေဈေးကွက်မှ တချို့တလေကို ရရှိနိုင်သော်လည်း ရေရှည်အတွက် ထောက်ပံ့မှုပေးရန် ခက်ခဲသည်။
တတိယအချက်မှာ အလောင်းနတ်ဆိုးဂိုဏ်း၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်ရန် သားရဲသခင်ဂိုဏ်းတွင် ပုန်းအောင်းနေရသဖြင့် အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို ကျင့်ကြံရန် အမှန်တကယ်ပင် အဆင်မပြေလှပေ။
ထို့ကြောင့် အဆိုပါ ကျောက်ပြားကို သိမ်းဆည်းပြီး ဒုတိယကျောက်ပြားကို စတင် လေ့လာသည်။ ထိုကျောက်ပြားတွင် ပါဝင်သော အကြောင်းအရာများမှာ ရွှယ်မေ၏ မှတ်တမ်းများ ဖြစ်နေသည်။
ဖတ်ရှုရင်း စုန့်ဝမ်သည် ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း သဘောပေါက်သွားသည်။ သွေးတိမ်တိုက်ဂူမှာ မြင့်မြတ်သွေးတံခါးဂိုဏ်း၏ လက်အောက်ခံဂိုဏ်းတစ်ခု ဖြစ်သည်။ ရွှယ်မေသည် သွေးတိမ်တိုက်ဂူ၏ အကြီးအကဲဖြစ်ပြီး တစ်ချိန်က ဝိညာဥ်သန္ဓေ အလယ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ခဲ့သည်။ ထိုအဆင့်သို့ ရောက်ပြီးနောက် သူမ၏ ကျင့်ကြံမှုမှာ ရပ်တန့်နေခဲ့သည်။ ဝိညာဥ်သန္ဓေ နှောင်းပိုင်းဆင့်နှင့် ဝိညာဥ်အသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ရွှယ်မေသည် ဂိုဏ်း၏ အမြင့်ဆုံးကျင့်စဉ်ဖြစ်သော အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို ရယူရန် ကြိုးပမ်းခဲ့သည်။
ရွှယ်မေသည် ထိုကျင့်စဉ်ကို အလွန်အမင်း တန်ဖိုးထားပြီး ထျန်းယွမ်လောကတွင် အကောင်းဆုံးကျင့်စဉ်ဟု ယုံကြည်ခဲ့သည်။ ထျန်းယွမ်လောကမှာ စုန့်ဝမ် နေထိုင်ရာ လက်ရှိလောက၏ အမည် ဖြစ်သည်။
ထိုကျင့်စဉ်ကို ရရှိရန်အတွက် ရွှယ်မေသည် မြင့်မြတ်သွေးတံခါးဂိုဏ်းမှ ပါရမီရှင်ကို လုပ်ကြံရာတွင် ပူးပေါင်းကြံစည်ခဲ့သည်။ သို့သော် ခက်ခက်ခဲခဲ ရယူခဲ့ရသော ကျင့်စဉ်တွင် ပထမသုံးဆင့်သာ ပါဝင်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။ ပိုဆိုးသည်မှာ မြင့်မြတ်သွေးတံခါးဂိုဏ်း၏ ပါရမီရှင်ကို လုပ်ကြံခဲ့သည့်ကိစ္စ ပေါ်ပေါက်သွားခြင်းပင်။
မြင့်မြတ်သွေးတံခါးဂိုဏ်းက သွေးတိမ်တိုက်ဂူ တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် မြင့်မြတ်သွေးဂိုဏ်း၏ လှုပ်ရှားမှုသတင်း ပေါက်ကြားသွားပြီး မတိုက်ခိုက်မီမှာပင် သွေးတိမ်တိုက်ဂူမှ ဂိုဏ်းဝင်များ အုပ်စုလိုက် ထွက်ပြေးသွားကြသည်။
အခြားတပည့်များ ထွက်ပြေး လွတ်မြောက်နိုင်သော်လည်း၊ နောက်ကွယ်မှ ကြိုးကိုင်သူ ရွှယ်မေမှာမူ သူမ၏ ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။ မြင့်မြတ်သွေးတံခါးဂိုဏ်း၏ အစွမ်းထက် ကျင့်ကြံသူများ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် သူမ၏ ရုပ်ခန္ဓာ ပျက်စီးသွားပြီး သူမ၏ ဝိညာဥ်သန္ဓေမှာလည်း ဖမ်းဆီးခံလိုက်ရသည်။
အခြားဂိုဏ်းငယ်များကို သတိပေးရန်အတွက် မြင့်မြတ်သွေးတံခါးဂိုဏ်းသည် သူမ၏ ဝိညာဉ်ကို ဆွဲထုတ်ပြီး ဝိညာဉ်ထိန်းသစ်သားဖြင့် ပြုလုပ်ထားသော ဝိညာဉ်သံခြေကျင်းအတွင်း စည်းတံဆိပ်ခတ် ချုပ်နှောင်ကာ၊ မြေအောက်မြစ်ရှိ ကျွန်းငယ်လေးတွင် အဆုံးမရှိသော နှိပ်စက်ညှဉ်းပန်းမှုများ ခံယူရန် ထားခဲ့သည်။
အဆုံးမရှိသော နှိပ်စက်မှုများကြားတွင် ရွှယ်မေ၏ ဝိညာဉ်မှာ အကြိမ်ကြိမ် ပြိုကွဲလုနီးပါး ဖြစ်ခဲ့သော်လည်း ဝိညာဉ်ထိန်းသစ်သား၏ အာဟာရဖြည့်ပေးမှုကြောင့် ပြန်လည် အားကောင်းလာခဲ့သည်။ ထိုသို့ဖြင့် သူမ မသိလိုက်ဘဲ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
တစ်နေ့တွင် သူမကို နှိပ်စက်နေသော မြင့်မြတ်သွေးတံခါးဂိုဏ်းသားများ နောက်ထပ် ပေါ်မလာတော့ဘဲ၊ ကျောက်ခန်းမကို စောင့်ကြပ်ရန် ကြေးဝါဖုတ်ကောင် နှစ်ဆယ့်လေးကောင်ကိုသာ ထားရှိခဲ့သည်။ ထိုအချိန်မှစ၍ ရွှယ်မေ၏ ဝိညာဉ်မှာ ဝိညာဉ်ထိန်းသစ်သား၏ အာဟာရကြောင့် ပိုမို အားကောင်းလာခဲ့သည်။
တဖြည်းဖြည်းနှင့် သူမ၏ ဝိညာဉ်မှာ ဝိညာဉ်သံခြေကျင်း၏ တားမြစ်ချက်များကို ကျော်ဖြတ်ပြီး၊ ဝိညာဉ်စွမ်းအင် အချို့ကို ခေါင်းတလား အပြင်ဘက်အထိ ဆန့်ထုတ်နိုင်ခဲ့သည်။ လွတ်မြောက်နိုင်ပြီဟု ထင်မှတ်ခဲ့သော်လည်း၊ သူမ၏ ဝိညာဉ်စွမ်းအားမှာ သံခြေကျင်းကို လှုပ်ရှားနိုင်ရုံသာ ရှိပြီး ခေါင်းတလားထဲမှ ထွက်ခွာ၍ မရခဲ့ပေ။
ခေါင်းတလား အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ခန်းမကို စောင့်ကြပ်နေသော ကြေးဝါအသေကောင် နှစ်ဆယ့်လေးကောင် စုရုံးရောက်ရှိလာပြီး ခေါင်းတလားကို တင်းတင်းကျပ်ကျပ် ပြန်လည် ပိတ်ဆို့လိုက်လေ့ ရှိသည်။
ရွှယ်မေသည် စည်းပိတ်ချုပ်နှောင်ခံထားရသဖြင့် စွမ်းအား မထုတ်နိုင်သောကြောင့် ကိုယ့်အားကိုယ်ကိုး လွတ်မြောက်ရန် ခက်ခဲကြောင်း သိရှိသွားသဖြင့် ပြင်ပအကူအညီ ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ဝိညာဉ်စွမ်းအား အသုံးပြု၍ ကျောက်ပြားအချို့ကို ရှာဖွေပြီး သွေးတိမ်တိုက်ဂူနှင့် မြေအောက်မြစ်တွင်းရှိ ကျွန်းငယ်လေး၏ မြေပုံကို ထည့်သွင်းရေးဆွဲခဲ့သည်။ ထို့နောက် ဝိညာဉ်စွမ်းအားဖြင့် ထိုကျောက်ပြားများကို မြေအောက်မြစ်တွင်း ပစ်ထည့်ပြီး ရေစီးကြောင်းက ၎င်းတို့ကို ပြင်ပသို့ သယ်ဆောင်သွားစေရန် စီစဥ်ခဲ့သည်။
ထိုကျောက်ပြားများ ပြင်ပလောကသို့ ရောက်ရှိသွားပြီး ကျင့်ကြံသူများ တွေ့ရှိပါကာ ရှာဖွေရန် လာရောက်မည်မှာ မုချပင်။ ထိုအချိန်တွင် လွတ်မြောက်ရန် အခွင့်သာမည်ဟု မျှော်လင့်ခဲ့သည်။ စောင့်ဆိုင်းနေစဉ်အတွင်း အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မရေရာပေ။ ဝိညာဉ်သံခြေကျင်း ပြုလုပ်ရန် အသုံးပြုထားသော ဝိညာဉ်ထိန်းသစ်သား၏ ဝိညာဉ်စွမ်းအင်ပင် ကုန်ခမ်းလုနီးပါး ဖြစ်လာခဲ့သည်။ ၎င်း၏ ဝိညာဥ်စွမ်းအင် ကုန်ခမ်းသည်နှင့် ဝိညာဉ်သံခြေကျင်းရှိ စည်းတံဆိပ်သင်္ကေတများသည် ရွှယ်မေ၏ ဝိညာဉ်ပေါ်သို့ တိုက်ရိုက်သက်ရောက်ပြီး သူမ၏ ဝိညာဉ်ကို ပျက်စီးစေမည် ဖြစ်သည်။ ၎င်းမှာ မြင့်မြတ်သွေးတံခါးဂိုဏ်းက ချန်ထားခဲ့သော အစီအစဉ်တစ်ခု ဖြစ်သည်။
နောက်ဆုံးတွင် ရွှယ်မေ၏ အကြံအစည် အောင်မြင်ခဲ့သည်။ ကျုံးလျန်သည် ထိုကျောက်ပြားများထဲမှ တစ်ခုကို ရရှိခဲ့ပြီး မြေအောက်မြစ်ရှိ ကျောက်ခန်းမကို ရှာဖွေတွေ့ရှိကာ ကြေးဝါခေါင်းတလားကို မှောက်လှန်ပြီး ဝိညာဉ်သံခြေကျင်း ပထမအဆင့်မှ လွတ်မြောက်စေခဲ့သည်။
ထို့နောက် အလွန်တရာ ကံကောင်းထောက်မစွာဖြင့် စုန့်ဝမ်သည် မိုးကြိုးလျှို့ဝှက်ကျင့်စဉ် ကိုးမျိုးထဲမှ တစ်ခုဖြစ်သော မဟာဂူမိုးကြိုးကို အသုံးပြု၍ ဝိညာဉ်သံခြေကျင်းပေါ်ရှိ စည်းတံဆိပ်ကို ဖျက်ဆီးမိပြီး ရွှယ်မေမှာ အချိန်ယူ အားစိုက်ဖျက်ဆီးစရာ မလိုတော့ဘဲ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
စုန့်ဝမ် လက်ထဲရှိ သွေးရောင်ကျောက်ပြား နှစ်ချပ်မှာလည်း ရွှယ်မေ ချန်ထားခဲ့ခြင်း ဖြစ်သည်။ မှတ်တမ်းပါ အချက်များနှင့် ကိုယ်တိုင်ကြုံခဲ့ရသော အဖြစ်အပျက်များ ဆက်စပ်မိသွားပြီး အခြေအနေကို စုန့်ဝမ် နားလည်သွားသည်။
မည်သို့ပင်ဆိုစေ ရွှယ်မေမှာ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက ဝိညာဥ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ရှေးဟောင်း လျှို့ဝှက်ကျင့်စဉ်များစွာကို သိရှိကျင့်ကြံထားသူ ဖြစ်ပေလိမ့်မည်။ ရွှယ်မေ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားလျှင် အချို့သော အစွမ်းထက် ကျင့်ကြံသူများသည် ရွှယ်မေဆီမှ ရှေးဟောင်းကျင့်စဉ်များ ရယူရန် လောဘတက်လာနိုင်သည်။
ထို့ကြောင့် စုန့်ဝမ်လည်း အရှုပ်အရှင်းများ မဖြစ်စေရန် ရွှယ်မေ၏ ကိုယ်တိုင်ရေး မှတ်တမ်းကျောက်ပြားကို ဖျက်ဆီးပစ်လိုက်ပြီး ကျင့်စဉ်ပါဝင်သော ကျောက်ပြားကိုသာ သိမ်းဆည်းလိုက်သည်။ ထို့နောက် ကြေးဝါခေါင်းတလားကို ထုတ်ယူလိုက်သည်။ ကြေးဝါခေါင်းတလားမှာ အလျား ၁၀ ပေခန့် ရှိပြီး ရှေးဟောင်းလက်ရာများဖြင့် ဖုံးလွှမ်းနေသည်။ သို့သော် ၎င်းတွင် ဝိညာဉ်စွမ်းအား လက္ခဏာ မတွေ့ရဘဲ သာမန်ခေါင်းတလားတစ်ခုကဲ့သို့သာ ထင်မြင်ရသည်။
စုန့်ဝမ်သည် ဝိညာဉ်စွမ်းအင်များ ထည့်သွင်း၍ စမ်းသပ်ကြည့်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် သိုလှောင်လက်စွပ်ထဲသို့ ပြန်သိမ်းဆည်းလိုက်သည်။
စစ်ဆေးပြီးသည်နှင့် စုန့်ဝမ်သည် ယာယီဂူမှ ထွက်ခွာပြီး ကျော့ရွှေယွင် အနားယူနေသည့် ကမ်းပါးယံဆီသို့ ဓားစီး၍ ပျံသန်းသွားခဲ့သည်။
လိုဏ်ဂူရှေ့အရောက် ကျော့ရွှေယွင် ထွက်မလာသေးသဖြင့် သူမကို မနှောင့်ယှက်ဘဲ အနီးနားရှိ ဂူတစ်ခုတွင် အနားယူ ကျင့်ကြံနေခဲ့သည်။