ကျင့်ကြံရင်း သိုသိုသိပ်သိပ် နေချင်ပါတယ်ဆိုမှ
Vol. 19 Ch. 204
ရက်အနည်းငယ်အကြာ နံနက်နေထွက်ချိန် စုန့်ဝမ် လေထဲ ရပ်နေရင်း အရုဏ်ဦး၏ ပထမဆုံး အလင်းရောင်ကို ကြည့်နေခဲ့သည်။
ထိုအချိန်မှာင် ကျော့ရွှေယွင်၏ ဂူတံခါး ပွင့်လာသည်ကို သူ သတိပြုမိလိုက်သည်။ ကျော့ရွှေယွင်သည် ယာယီဂူထဲမှ ပင်ပန်းနွမ်းနယ်ဟန်ဖြင့် ထွက်လာပြီး ခြေလှမ်းများပင် ယိမ်းယိမ်းယိုင်ယိုင် ဖြစ်နေသည်။
လေထဲတွင် ပျံဝဲနေသော စုန့်ဝမ်ကို မြင်လိုက်ရသောအခါ သူမမျက်လုံးထဲတွင် ထိတ်လန့်ရိပ် ဖြတ်ပြေးသွားသော်လည်း လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။
"ဂျူနီယာမောင်လေးဝူ၊ မင်းကိစ္စတွေ အဆင်ပြေခဲ့ရဲ့လား၊ ဘယ်တုန်းက ပြန်ရောက်တာလဲ"
"စီနီယာအစ်မ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ရက်လောက်တည်းက ပြန်ရောက်နေတာပါ"
စုန့်ဝမ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ပြန်ရောက်လာချိန်တွင် သူအော်ရာကို တမင်တကာ မဖုံးကွယ်ဘဲ ထားခဲ့ပါသော်လည်း ကျော့ရွှေယွင်က မသိသည်မှာ အနည်းငယ် ထူးဆန်းနေသည်။ အာရုံစူးစိုက်မှု လွန်ကဲစွာ အသုံးချနေခြင်း ဖြစ်နိုင်သည်။
စုန့်ဝမ်၏ အကြည့်မှာ ကျို့ရွှေယွင်၏ ခါးတွင် အသစ်ရှိနေသော အရာတစ်ခုကို သတိပြုမိသွားသည်။ ၎င်းမှာ ဝိညာဉ်သားရဲအိတ်တစ်ခု ဖြစ်သည်။
စုန့်ဝမ်အကြည့်က ထိုအိတ်ပေါ်သို့ ရောက်သွားသည်ကို မြင်သောအခါ ကျော့ရွှေယွင် သိသိသာသာ ပျာယာခတ်သွားသည်။ ဝိညာဉ်သားရဲအိတ်ကို ဝတ်ရုံလက်ဖြင့် မသိမသာ ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ လုပ်နေရင်း အာရုံလွှဲရန် ကြိုးပမ်းသည့်အနေဖြင့် ကျော့ရွှေယွင်က စကားလမ်းကြောင်း အမြန်ပြောင်းလဲလိုက်သည်။
"ဂျူနီယာမောင်လေးဝူ၊ ချန်မိသားစုကိစ္စကို ဘယ်လို သတင်းပို့ဖို့ စဉ်းစားထားလဲ"
စုန့်ဝမ်သည် ကျော့ရွှေယွင်၏ စိတ်သဘောထားကို သတိပြုမိလိုက်သည်။ ကျော့ရွှေယွင်သည် ချန်မိသားစုမှ သွေးမိစ္ဆာအား သူမ သိမ်းပိုက်လိုက်သည်ကို လူမသိစေချင်ကြောင်း သူကောင်းစွာ သိရှိသည်။ "အမှန်အတိုင်း သတင်းပို့မှာပေါ့" ဟု စုန့်ဝမ်က နားမလည်ဟန်ဆောင်ကာ ပြန်ဖြေလိုက်သည်။
ကျို့ရွှေယွင်သည် ခဏတာ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ အမှန်အတိုင်း သတင်းပို့သင့်တယ်။ ချန်ရွှေ့တာက အရမ်းယုတ်မာတာပဲ၊ သွေးမိစ္ဆာကို အစာကျွေးဖို့ သူ့မိသားစုဝင်တွေကို အသုံးချခဲ့တယ်။ နောက်ဆုံးတော့ သွေးမိစ္ဆာက သူ့ကို ပြန်တိုက်ခိုက်ပြီး နှစ်ယောက်လုံး အတူတူ သေသွားကြတာပဲ။ အဲဒီအတိုင်းပဲ မဟုတ်လား မောင်လေးဝူ"
စုန့်ဝမ်က ဇဝေဇဝါပုံစံဖြင့် ကြည့်လိုက်သည်။
"စီနီယာအစ်မ.. ဘာကို ဆိုလိုတာလဲ"
"ဂျူနီယာမောင်လေးဝူ၊ ဟန်ဆောင်နေဖို့ မလိုပါဘူး။ မင်းက လူတော်တစ်ယောက်ပဲ၊ ငါဘာကို ဆိုလိုလဲဆိုတာ မင်းနားလည်မှာပါ"
စုန့်ဝမ်က အသာအယာ ပြုံးလိုက်သည်။
"စီနီယာအစ်မ ပြောတာ မှန်ပါတယ်။ သွေးမိစ္ဆာက ချန်ရွှေ့တာနဲ့အတူ သေဆုံးသွားခဲ့တာပါ။ ဒါပေမဲ့ သွေးမိစ္ဆာနဲ့ တိုက်ပွဲမှာ ကျွန်တော် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်။ ပြန်ကောင်းဖို့အတွက် ဆေးလုံးတွေနဲ့ ဝိညာဉ်ဆေးပင်တွေ အများကြီး လိုလိမ့်မယ် ထင်တယ်ဗျာ"
ကျော့ရွှေယွင်က စုန့်ဝမ်ကို အေးစက်စက် ကြည့်လိုက်သည်။ ချန်မိသားစုနှင့် တိုက်ပွဲအတွင်း စုန့်ဝမ်မှာ မည်သည့်ဒဏ်ရာမျှ မရရှိခဲ့ကြောင်း သူမ ကောင်းစွာ သိသည်။ ယခု ပြောသည်မှာ အခြေအနေကို အခွင့်ကောင်းယူကာ အကျိုးအမြတ်များ ပိုမိုတောင်းခံနေခြင်းသာ ဖြစ်သည်။
"ဂျူနီယာမောင်လေးဝူ၊ မင်းက ချန်ရွှေ့တာနဲ့ ချန်ဟန်တို့ သိုလှောင်လက်စွပ်တွေကို ယူထားပြီးပြီပဲ၊ အဲဒါနဲ့တင် မလုံလောက်သေးဘူးလား"
စုန့်ဝမ်က "သူတို့ရဲ့ လက်စွပ်ထဲမှာ ဒဏ်ရာပျောက်ဆေးတွေ အလုံအလောက် မပါဘူးဗျ" ဟု ပြန်ဖြေသည်။
ကျော့ရွှေယွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် လက်ကို မြှောက်ကာ စုန့်ဝမ်ဆီသို့ သိုလှောင်အိတ်တစ်ခု ပစ်ပေးလိုက်သည်။
"ဒီထဲမှာ ဝိညာဉ်ကျောက် တစ်သောင်း ရှိတယ်။ အဲဒါဆိုရင် မင်းအပြည့်အဝ ပြန်ကောင်းဖို့ လုံလောက်မှာပါ"
စုန့်ဝမ်သည် သိုလှောင်အိတ်ကို မဆိုင်းမတွ လက်ခံလိုက်ပြီး အိတ်ကပ်ထဲ ထည့်လိုက်သည်။
"စီနီယာအစ်မရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်"
……….
နောက်နှစ်ရက်အကြာတွင် စုန့်ဝမ်နှင့် ကျော့ရွှေယွင်တို့ သားရဲသခင်ဂိုဏ်း ဆေးတောင်ထိပ်သို့ ပြန်ရောက်လာခဲ့ကြသည်။ ရောက်သည်နှင့် တာဝန်ရေးရာဌာနသို့ တိုက်ရိုက်သွားခဲ့ကြပြီး လူဝေ့ချိုင်နှင့် တွေ့ဆုံ သတင်းပို့ကြသည်။
ကျော့ရွှေယွင်၏ အစီရင်ခံမှုကို ကြားပြီးနောက် လူဝေ့ချိုင်၏ အမူအရာမှာ အံ့အားသင့်သွားပြီး၊ သံသယအချို့ဖြင့် စုန့်ဝမ်နှင့် ကျော့ရွှေယွင် နှစ်ဦးလုံးကို စစ်ဆေးနေခဲ့သည်။ ချန်ရွှေ့တာက သွေးမိစ္ဆာကို အစာကျွေးရန် သူ၏ ဆွေမျိုးများကို အသုံးပြုခဲ့သည်ဆိုသည့် အချက်ကို သူသံသယဖြစ်နေခြင်း မဟုတ်ပေ။ ဒုတိယအဆင့် ဝိညာဉ်သားရဲတစ်ကောင်နှင့် နှိုင်းယှဉ်ပါက သာမန်လူသား သို့မဟုတ် ချီစုစည်းအဆင့် ကျင့်ကြံသူများ၏ အသက်မှာ အရေးမပါလှပေ။
ယုံကြည်ရန် ခက်ခဲနေသည်မှာ ချန်ရွှေ့တာသည် သွေးမိစ္ဆာနှင့်အတူ သေဆုံးသွားသည် ဆိုသည့် အချက်ပင် ဖြစ်သည်။ သို့သော် သူက သံသယကို တိုက်ရိုက်မပြောဘဲ ပုံမှန်လေသံဖြင့်သာ ပြောလိုက်သည်။
"မင်းတို့ပြောတဲ့အတိုင်း ငါသတင်းပို့လိုက်မယ်။ ဂိုဏ်းက အတည်ပြုဖို့ လူလွှတ်လိမ့်မယ်၊ ပြီးတော့ ချန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းယူဖို့ တခြား ကျင့်ကြံသူ မိသားစုတွေကို စီစဉ်ပေးလိမ့်မယ်။ သွေးမိစ္ဆာ သေသွားပြီဆိုတော့ တာဝန် ပြီးမြောက်ပြီ။ မင်းတို့ တစ်ယောက်ချင်းစီကို ဆုကြေးအနေနဲ့ ဝိညာဉ်ကျောက် သုံးထောင်နဲ့ အကျိုးပြုအမှတ်တစ်ရာစီ ပေးမယ်"
စုန့်ဝမ် သားရဲသခင်ဂိုဏ်းသို့ ရောက်နေသည့် သုံးနှစ်အတွင်း အသုံးများသော ဒုတိယအဆင့် ဆေးဖော်စပ်နည်း နှစ်ဆယ်ကို သင်ယူခဲ့ပြီး ဖြစ်သည်။ သုံးနှစ်တာ လေ့ကျင့်ရေးကာလ ပြီးဆုံးပါက ဆေးဖော်စပ်နည်း အသစ်များ သင်ယူလိုလျှင် အကျိုးပြုအမှတ်များဖြင့် လဲလှယ်ရယူရမည်ဖြစ်သည်။
ဆေးနည်းတစ်ခုချင်းစီ၏ အဆင့်နှင့် ရှားပါးမှုအပေါ် မူတည်၍ လိုအပ်သော အမှတ် အရေအတွက် ကွာခြားသည်။ အခြေတည်အဆင့် ကျင့်ကြံသူအားလုံး ရယူရန် အိပ်မက်မက်နေကြသော ရွှေအမြုတေဆေးလုံး ဖော်စပ်နည်းကို လဲလှယ်မည်ဆိုလျှင် အကျိုးပြုအမှတ် တစ်သိန်းတိတိ လိုအပ်သည်။ ချန်မိသားစု တာဝန်မှာ အကျိုးပြုအမှတ် တစ်ရာသာ ရရှိစေခဲ့သည်။
တာဝန်ဌာနမှ ထွက်ခွာပြီးနောက် စုန့်ဝမ်သည် အကြီးအကဲချိုက်ကျင့်လွယ်ထံ သွားရောက်ကာ ခွင့်တိုင်ကြားသည်။ သက်ရှည်ကျင့်စဉ်ဖြင့် အခြေတည် အလယ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ တက်လှမ်းရန် တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်နေပြီ ဖြစ်သည်။
လိုဏ်ဂူသို့ ပြန်ရောက်သည်နှင့် စုန့်ဝမ် သတင်းစကားတစ်ခု လက်ခံရရှိခဲ့သည်။ ထိုသတင်းမှာ အရှေ့ဟွာဖန်းစျေး လုံခြုံရေးအဖွဲ့၏ အကြီးအကဲဝမ်မင်ထံမှ ဖြစ်သည်။ ထိုသူသည် စုန့်ဝမ်ကို သားရဲသခင်ဂိုဏ်းသို့ ဝင်ရန် ပထမဆုံး အကြံပြုခဲ့သူ ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ခန့်က ဝမ်မင်သည် စုန့်ဝမ်ထံ လာရောက်၍ ဆေးလုံးအချို့ ဖော်စပ်ပေးရန် တောင်းဆိုခဲ့ဖူးသည်။
စုန့်ဝမ်လည်း သေချာ စဉ်းစားပြီးနောက် သဘောတူခဲ့သည်။ သူ၏ ဆေးဖော်စပ်မှု စွမ်းရည်ကို လေ့ကျင့်ရန်နှင့် မြှင့်တင်ရန် အခွင့်အရေးတစ်ခု ဖြစ်သလို၊ ဝိညာဉ်ကျောက်အချို့ကို ရရှိစေသောကြောင့် အကျိုးရှိ၍ ဖြစ်သည်။ နေ့စဉ်ဘဝတွင် စုန့်ဝမ်သည် ငွေကြေးချို့တဲ့သကဲ့သို့ ဟန်ဆောင်နေသဖြင့် ရရှိမည့် ဝိညာဉ်ကျောက်များကို ငြင်းပယ်နေခြင်းက အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။
ဂိုဏ်းတာဝန် မဟုတ်ပါက ဆေးလုံးအမြောက်အမြား ဖော်စပ်ပေးခြင်းကို ဂိုဏ်းစည်းကမ်းအရ တင်းကြပ်စွာ တားမြစ်ထားသော်လည်း ကျိုးစစ်ယိမှလွဲ၍ ကျန်ရှိသော ဆေးဖော်စပ်သူ အားလုံးနီးပါးမှာ ကိုယ်ပိုင်အလုပ်များကို တစ်ချိန်မဟုတ် တစ်ချိန် လက်ခံလုပ်ကိုင်ဖူးကြသည်။ ဂိုဏ်းမှလည်း တာဝန်လစ်ဟင်းမှု မရှိသရွေ့ မသိဟန်ဆောင် လွှတ်ပေးထားလေ့ရှိသည်။
ဝမ်မင်၏ သတင်းစကားမှာ သူ့အတွက် အားဖြည့်ဆေးတစ်သုတ် ဖော်စပ်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်။ ယင်းက ဝမ်မင်၏ တတိယအကြိမ် တောင်းဆိုမှု ဖြစ်သည်။ သို့သော် ယခုအချိန်တွင် စုန့်ဝမ်မှာ ဆေးဖော်ပေးရန် အချိန်မရှိသဖြင့် ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
နောက်ထပ် လပေါင်းအတန်ကြာအောင် စုန့်ဝမ်သည် လိုဏ်ဂူအိမ်အတွင်း၌သာ နေထိုင်ပြီး ကျင့်ကြံခြင်းကို အာရုံစိုက်နေခဲ့သည်။ တစ်ခါတစ်ရံ ဝိညာဉ်ဆေးပင်တောင်သို့ သွား၍ ဝိညာဥ်ဆေးပင် ဝယ်ယူခြင်းမှလွဲ၍ အပြင်မထွက်ခဲ့ပေ။ လိုဏ်ဂူအိမ်ထဲတွင် ဆေးလုံးဖော်စပ်ခြင်း၊ ဝိညာဉ်စွမ်းအား စုပ်ယူခြင်းတို့ဖြင့် အချိန်ကုန်ဆုံးခဲ့သည်။
ပြင်းထန်သော ကျင့်ကြံမှုအတွင်း ရှစ်လတာကာလမှာ တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။ ဤကာလအတွင်း စုန့်ဝမ်သည် ဂိုဏ်းမှ တစ်ကြိမ်သာ ထွက်ခွာခဲ့ပြီး တစ်ပတ်ခွဲခန့် ကြာမြင့်ခဲ့သည်။ ထိုရက်ပိုင်းတွင် လူသူကင်းဝေးသော နေရာတစ်ခုကို ရှာဖွေပြီး တတိယအဆင့်တစ်ပိုင်း ငွေအလောင်းရုပ်သေး စီရင်မှုကို အောင်မြင်စွာ အပြီးသတ်ခဲ့သည်။
…….
သက်ရှည်ကျင့်စဉ် အခြေတည် နှောင်းပိုင်းအဆင့် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီးနောက် စုန့်ဝမ် လိုဏ်ဂူအိမ်မှ ထွက်လာခဲ့သည်။
ထို့နောက် အကြီးအကဲချိုက်ကျင်လွယ်အား သတင်းပို့ပြီး ဆေးဖော်စပ်ခန်းသို့ ဝင်၍ ဆေးလုံးဖော်စပ်ခြင်းကို လေ့ကျင့်နေခဲ့သည်။ ထိုရက်ပိုင်းအတွင်း ဆေးဖော်စပ်ခန်းနှင့် လိုဏ်ဂူအိမ်အကြား သွားလာလုပ်ကိုင်ရင်း အေးအေးချမ်းချမ်း အချိန်ကုန်လွန်စေခဲ့သည်။
ဆေးတောင်ထိပ်တွင် ဆေးဖော်စပ်သူများစွာ စုဝေးနေသဖြင့် ဆေးဖော်စပ်ရာတွင် အခက်အခဲများ ကြုံတွေ့ရတိုင်း အကြံဉာဏ် တောင်းခံရန် လူရှာရလွယ်ကူသည်။ ထို့ကြောင့် ဆေးဖော်စပ်မှုစွမ်းရည်လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ထိုသို့ဖြင့် လပေါင်းအတန်ကြာ ကုန်ဆုံးသွားခဲ့ပြန်သည်။
တစ်နေ့တွင် စုန့်ဝမ် ဆေးဖော်ခန်းမှ ထွက်လာစဉ် ကျိုးစစ်ယိနှင့် ဆုံမိခဲ့သည်။
စုန့်ဝမ်ကို တွေ့သည်နှင့် "ဂျူနီယာဝူ၊ ငါ မင်းအတွက် အလုပ်ကောင်းတစ်ခု ရှာပေးထားတယ်" ဟု ကျိုးစစ်ယိ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောလိုက်သည်။
မဟာယန်နိုင်ငံရှိ သားရဲမွေးမြူရေးစခန်းတာဝန် ပြီးတည်းက ကျိုးစစ်ယိသည် စုန့်ဝမ်အပေါ် များစွာ ရင်းနှီးလာခဲ့ပြီး သူ့ကို ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည်။ ယခင်လများအတွင်း ကျိုးစစ်ယိသည် ဆေးဖော်စပ်နည်းအသစ် ပို့ချချိန်တွင် လာရောက်သင်ယူခြင်းမှလွဲ၍ ဆေးဖော်စပ်ခန်းသို့ လာခဲလှသည်။ သူဘာလုပ်နေသည်ကို စုန့်ဝမ် မသိပေ။
"ကျေးဇူးတင်ပါတယ် စီနီယာကျိုး။ အဲဒါ ဘာအလုပ်လဲဆိုတာ မေးလို့ရမလားဗျ"
ကျိုးစစ်ယိက ခန်းမထဲရှိ အခြားဆေးဖော်စပ်သူများကို ဝေ့ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြန်ပြောသည်။
"ဒီနေရာမှာ ပြောဖို့ မသင့်တော်ဘူး။ ငါ့နောက် လိုက်ခဲ့။ အဲဒါက အကျိုးကျေးဇူး များများရနိုင်မယ့် အလုပ်ပဲ"
စုန့်ဝမ် ပြန်မပြောနိုင်ခင်မှာပင် ကျိုးစစ်ယိသည် ခန်းမထဲမှ အလျင်အမြန် ထွက်သွားပြီး ဓားပျံစီးကာ ပျံသန်းသွားခဲ့သည်။
စုန့်ဝမ်သည် ဘာမှမတတ်နိုင်ဘဲ ခေါင်းခါလိုက်ပြီး သူမနောက်မှ ဓားပျံစီးကာ လိုက်သွားခဲ့သည်။
ကျိုးစစ်ယိသည် စုန့်ဝမ်ကို ဦးဆောင်ခေါ်ယူပြီး သားရဲသခင်ဂိုဏ်း၏ အတွင်းပိုင်းဆီသို့ ပျံသန်းသွားခဲ့သည်။ ခဏအကြာတွင် သူတို့သည် တောင်ကြားတစ်ခု အပေါ်သို့ ရောက်ရှိလာခဲ့သည်။ တောင်ကြားတစ်ခုလုံး မြူနှင်းများ ဖုံးလွှမ်းနေသည်မှာ အတွင်းပိုင်း မြင်ကွင်းကို လုံးဝဖုံးကွယ်ထားသကဲ့သို့ ရှိသည်။ ထို့အပြင် တောင်ကြားကို အစီအရင်တစ်ခုဖြင့် ကာကွယ်ထားသဖြင့် အမြင်အာရုံနှင့် ဝိညာဉ်အာရုံကို ပိတ်ဆို့ထားသည်။
ဤတောင်ကြားမှာ ဂိုဏ်း၏ ကန့်သတ်နယ်မြေများထဲမှ တစ်ခု ဖြစ်လိမ့်မည်ဟု တွေးမိပြီး စုန့်ဝမ် စိတ်လေးသွားသည်။ သားရဲသခင်ဂိုဏ်းသို့ ဝင်ခဲ့ခြင်းမှာ အလောင်းနတ်ဆိုးဂိုဏ်း၏ အန္တရာယ်မှ ပုန်းခိုရန်သာဖြစ်ပြီး၊ နက်နက်ရှိုင်းရှိုင်း ပတ်သတ်လိုခြင်း မရှိပေ။
"စီနီယာအစ်မကျိုး၊ ကျွန်တော့်ကို ဘာလို့ ဒီကို ခေါ်လာတာလဲ။ ဒါက ဂိုဏ်းရဲ့ ကန့်သတ်နယ်မြေလေ”
ကျိုးစစ်ယိ အသာအယာ ပြုံးလိုက်သည်။
"ငါရှိနေတာပဲ၊ ဘာကို ကြောက်နေတာလဲ။ လာပါ၊ ငါ့နောက် လိုက်ခဲ့"
စကားဆုံးသည်နှင့် သူမသည် တောင်ကြားအဝနားသို့ ဆင်းသက်လိုက်သည်။
ကျိုးစစ်ယိက မည်သည့် လှုပ်ရှားမှုမျှ မလုပ်သော်လည်း သူမရှေ့ရှိ မြူနှင်းများ စတင် လှုပ်ခတ်လာပြီး၊ ခဏအကြာတွင် ကျဉ်းမြောင်းသော တောင်ကြားလမ်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
"ဂျူနီယာမောင်လေးဝူ၊ မြန်မြန်လာ"
ကျိုးစီယီက လေထဲတွင် ရပ်နေဆဲဖြစ်သာ စုန့်ဝမ်ကို လှမ်းခေါ်လိုက်သည်။
စုန့်ဝမ်က မလှုပ်ရှားဘဲ ပြန်မေးလိုက်သည်။
"စီနီယာအစ်မကျိုး၊ အနည်းဆုံးတော့ ဒီနေရာက ဘာလဲဆိုတာ ပြောပြလို့ရမလား။ ဒါက ဂိုဏ်းရဲ့ ကန့်သတ်နယ်မြေဆိုရင် ကျွန်တော် မဆင်မခြင် မဝင်ရဲဘူးဗျ"
ကျိုးစီယီက စိတ်မရှည်စွာဖြင့် မျက်လုံးလှန်လိုက်သည်။ "မင်းကလည်း အရမ်းသတိကြီးတာပဲ။ ငါက မင်းကို ဒုက္ခပေးမှာ ကျလို့"
သူတို့ စကားပြောနေစဥ် တောင်ကြားတွင်းမှ လူရိပ်တစ်ခု ပေါ်လာပြီး ခဏအတွင်း စုန့်ဝမ်အနားသို့ ရောက်လာသည်။
ထိုသူမှာ မဟာယန်နိုင်ငံရှိ သားရဲမွေးမြူရေးစခန်းတွင် ဆုံတွေ့ခဲ့ဖူးသော အကြီးအကဲလျိုကျန်း ဖြစ်သည်။
"အကြီးအကဲဝူ၊ မတွေ့ရတာ ကြာပြီ။ နေကောင်းရဲ့လား"
လျိုကျန်းက စုန့်ဝမ်ကို ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်သည်။
"အကြီးအကဲလုပါလား။ ဘယ်တုန်းက ဂိုဏ်းကို ပြန်ရောက်တာလဲဗျ"
"ပြန်ရောက်တာ သုံးနှစ်လောက် ရှိပြီ"
စုန့်ဝမ် စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။ သူနှင့် ကျိုးစစ်ယိတို့ မဟာယန်နိုင်ငံရှိ သားရဲမွေးမြူရေးစခန်း တာဝန်ပြီးဆုံးသည်မှာ သုံးနှစ်ကျော်ခန့်သာ ရှိသေးသည်။ သူတို့ ထိုနေရာမှ ထွက်ခွာပြီး မကြာမီမှာပင် လျိုကျန်းလည်း ဂိုဏ်းသို့ ပြန်လည်ပြောင်းရွှေ့ခံရခြင်း ဖြစ်မည်။
"အကြီးအကဲလျိုက အခု ကျမ်းစာတိုက် အကြီးအကဲ ဖြစ်နေပြီ" ဟု ကျိုးစစ်ယိက ကြားဖြတ်ပြောလိုက်သည်။
စုန့်ဝမ်သည် လုကျန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
"တကယ်လား၊ ဂုဏ်ယူပါတယ် အကြီးအကဲလျို”
လျိုကျန်းက ပြုံးလိုက်သည်။
"ဒါတွေအားလုံးက အကြီးအကဲကျိုး ကျေးဇူးကြောင့်ပါ၊ သူက ကျွန်တော့်ကို မြွေလူသား မွေးမြူတာ အောင်မြင်အောင် ကူညီပေးခဲ့လို့ပါ"
စုန့်ဝမ်က အံအားသင့်စွာဖြင့် ကျိုးစစ်ယိကို တစ်ချက် ကြည့်လိုက်မိသည်။ ကျိုးစစ်ယိ၏ အရည်အချင်း အစစ်အမှန်ကို သူမရိပ်စားမိခဲ့ပေ။ မြွေလူသား မျိုးစပ်မွေးနိုင်ခဲ့ခြင်းက လျိုကျန်းကို အရေးပါလှသော ကျမ်းစာတိုက်အကြီးအကဲရာထူး ရရှိစေခဲ့ပြီး ကျိုးစစ်ယိလည်း ဆေးတောင်ထိပ်၏ အကြီးအကဲတစ်ဦး ဖြစ်လာစေခဲ့သည်။ ထိုလုပ်ငန်းမှာ ဂိုဏ်းအတွက် အလွန်အရေးကြီးပုံ ရသည်။
"မင်းတို့နှစ်ယောက် ဘာလို့ ဝင်ပေါက်မှာ ရပ်နေတာလဲ။ အထဲကို မဝင်ကြဘူးလား" ဟု လျိုကျန်းက မေးသည်။
ကျိုးစစ်ယိ "အကြီးအကဲရုန်က လူအင်အား လိုအပ်နေတယ်၊ ဒါကြောင့် ဂျူနီယာဝူကို စမ်းကြည့်ခိုင်းမလို့ ခေါ်လာတာ။ ဒါပေမဲ့ သူကတော့ ဒီနေရာက ဂိုဏ်းရဲ့ ကန့်သတ်နယ်မြေ ဖြစ်မှာကို စိုးရိမ်ပြီး မဝင်ရဲဖြစ်နေတာ" ဟု ပြောလိုက်သည်။
လျိုကျန်းက ရယ်မောလိုက်ပြီး "စိတ်ချပါ အကြီးအကဲဝူ။ ငါနဲ့ အကြီးအကဲကျိုး ဒီမှာရှိနေတာပဲ၊ မင်း လုံးဝ ဘေးကင်းမှာပါ" ဟု ပြောသည်။
သူတို့နှစ်ဦးက ထပ်ခါတလဲလဲ တိုက်တွန်းနေသောကြောင့် စုန့်ဝမ်လည်း သူတို့နှင့်အတူ တောင်ကြားထဲသို့ လိုက်သွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ တစ်ခါတစ်ရံတွင် အလွန်အမင်း သတိကြီးနေခြင်းက တစ်ဖက်လူစိတ်ထဲ သံသယမျိုးစေ့ ချပေးသလို ဖြစ်စေတတ်သည် မဟုတ်ပါလား။