← Chapters

လျှို့ဝှက်နယ်မြေရှိနေတာလား

Vol. 19 Ch. 196

လျှို့ဝှက်နယ်မြေရှိနေတာလား

Vol. 19 Ch. 196

မြေအောက်လှိုဏ်ဂူသို့ ရောက်သောအခါ စုန့်ဝမ်သည် ပေ ၃၀၀ ကျော် မြင့်မားသော ကျောက်နံရံ၏ ထိပ်သို့ ပျံတက်သွားသည်။ ကျောက်နံရံပေါ်တွင် ဆယ်ပေပတ်လည်ခန့် ရှိသော ကျောက်အခန်းတစ်ခု ရှိသည်။

ထိုစဉ်က ချန်ရွှေ့တာနှင့် သူငယ်ချင်းတစ်ဦးသည် ဤကျောက်အခန်းထဲတွင် အရိုးစုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ နှစ်ပေါင်းများစွာက သေဆုံးပြီး ဖြစ်သော်လည်း အရိုးများမှာ ယိုယွင်းပျက်စီးခြင်း မရှိပေ။ ထိုလူမှာ အလွန် အစွမ်းထက်သဖြင့် နှစ်ပေါင်းများစွာ ကြာသော်လည်း အရိုးများ ကြံ့ခိုင်နေခြင်း ဖြစ်နိုင်သည်။ အရိုးစု၏ ညာဘက်လက်ညှိုးတွင် ရှေးဟောင်း သိုလှောင်လက်စွပ် တစ်ခု ရှိသည်။ သိုလှောင်လက်စွပ်ကို မြင်လိုက်ရသောအခါ ချန်ရွှေ့တာသည် လောဘတက်လာပြီး သူငယ်ချင်းဖြစ်သူကို အလစ်ချောင်း လုပ်ကြံခဲ့သည်။ သို့သော် ထိုသူငယ်ချင်း၏ တိုက်ခိုက်မှုကြောင့် သူသည်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ချန်ရွှေ့တာ စိတ်ပျက်ရသည်မှာ ဒဏ်ရာရခဲ့ပြီးမှ ရရှိလာသော သိုလှောင်လက်စွပ်ထဲတွင် မှော်ရတနာများ မပါရှိဘဲ နှစ်ကာလကြာမြင့်သဖြင့် အမှုန့်ဖြစ်သွားသော ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများသာ ပါရှိခြင်း ဖြစ်သည်။ ကျင့်စဥ်နည်းစနစ်ဟူ၍ သွေးကျိန်စာနည်းစနစ်ကို မှတ်တမ်းတင်ထားသော တံဆိပ်တစ်ခုသာ ရရှိခဲ့သည်။

လှိုဏ်ဂူနှင့် ကျောက်နံရံကို စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက် တန်ဖိုးရှိသည့်အရာ မတွေ့ရှိခဲ့ပေ။ ကျောက်တံခါးများ သို့မဟုတ် လျှို့ဝှက်လမ်းကြောင်းများ မရှိပေ။ မိုးရေကြောင့် တိုက်စားခံရခြင်း မရှိပါက ဤနေရာမှာ လုံးဝ ပိတ်လှောင်ထားသော နေရာ ဖြစ်လိမ့်မည်။ ၎င်းက စုန့်ဝမ်ကို စိတ်ပျက်သွားစေသည်။ မိုင်ထောင်ကျော် ခရီးနှင်လာရသည်မှာ အကျိုးမဲ့ လက်ဗလာဖြင့် ပြန်ရမည့်ကိန်း ဆိုက်နေသည်။

သူ မစူးစမ်းရသေးသည့် တစ်ခုတည်းသော နေရာမှာ မှောင်မည်းနေသော မြေအောက်မြစ် ဖြစ်သည်။ စုန့်ဝမ် ထွက်ခွာသင့်၊ မသင့် စဉ်းစားနေချိန်တွင် လှိုဏ်ဂူမြေပြင်မှာ ရုတ်တရက် အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး လင်းထိန်သွားသည်။

စုန့်ဝမ်မှာ အံ့အားသင့်သွားပြီး ဓားပျံကို ဆင့်ခေါ်ရန်ပင် အချိန်မရလိုက်ဘဲ ခေါင်းမူးဝေသွားသည်။

ထို့နောက် အပြာရောင် အလင်းတန်းမှာ ပျောက်ကွယ်သွားပြီး စုန့်ဝမ်မှာလည်း မြေအောက်လှိုဏ်ဂူထဲမှ ပျောက်ကွယ်သွားသည်။

...

မြေအောက် အလွန်နက်ရှိုင်းသော နေရာတွင် ဧရာမ မြေအောက်လိုဏ်ဂူတစ်ခု ရှိသည်။ ထိုလိုဏ်ဂူ၏ အလယ်ဗဟိုတွင် ရှေးဟောင်း ခန်းမကြီးတစ်ခု ရှိသည်။ ခန်းမကြီးမှာ အလွန်တရာ ကြီးမားသော ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး သက်တမ်းမည်မျှ ကြာမြင့်ခဲ့ပြီကိုပင် မှန်းဆရန် ခက်ခဲလောက်အောင် ရှေးကျလှသည်။

ခန်းမ၏ ကျောက်တံခါးများနှင့် နံရံများတွင် အလင်းအနည်းငယ် ထွက်ပေါ်နေသော ရှေးဆန်ပြီး ထူးဆန်းသည့် ပုံစံများကို ထွင်းထုထားသည်။

ခန်းမရှေ့တွင် ရင်ပြင်တစ်ခု ရှိပြီး ပတ်လည်တွင် ကြီးမားသော ရုပ်တု ၁၃ ခု ရှိသည်။ ထိုရုပ်တုများမှာ လူသားပုံသဏ္ဌာန် ဖြစ်သော်လည်း ကျောဘက်တွင် တောင်ပံများ ပါရှိကာ ပါးစပ်တွင် အစွယ်များ ပါရှိပြီး ရုပ်အသွင်မှာ ဆိုးရွားကြမ်းတမ်းလှသည်။

ခန်းမနှင့် မျက်နှာချင်းဆိုင်တွင် ရေတံခွန်တစ်ခုမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် လှိုဏ်ဂူ၏ မျက်နှာကျက်မှ စီးဆင်းကျရောက်နေသည်။ ရေတံခွန်အောက်ခြေတွင် ရေအနက် မသိရှိနိုင်သော ရေကန်တစ်ခု ရှိသည်။

ရင်ပြင်ပေါ်တွင် လူအုပ်စု သုံးစု ရှိနေပြီး၊ တင်းမာခက်ထန်သော အမူအရာများဖြင့် တစ်ဦးနှင့်တစ်ဦး ထိပ်တိုက် ရင်ဆိုင်နေကြသည်။

အကြီးဆုံး အုပ်စုမှာ အဖွဲ့ဝင် ရှစ်ဦး ပါဝင်ပြီး အပြာရောင် ဝတ်စုံများ ဝတ်ဆင်ထားကာ ကျင့်ကြံခြင်းမိသားစုမှ ဖြစ်ကြောင်း ထင်ရှားသည်။

အင်အားအနည်းဆုံးအုပ်စုမှာ အဖွဲ့ဝင် လေးဦးသာ ပါဝင်ပြီး သင်္ကန်းများကို ဝတ်ဆင်ထားကာ မဟာယန ကျင့်ကြံသူများ ဖြစ်ကြောင်း သိသာလှသည်။

နောက်ထပ် အုပ်စုတစ်ခုမှာ ကွဲပြားသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လေလွင့်ကျင့်ကြံသူများ ဖြစ်သည်။

ထိုသူအားလုံး၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်အဆင့် ဖြစ်ကြသည်။ မြေပြင်ပေါ်တွင် မကြာသေးမီက သေဆုံးသွားသော အလောင်းနှစ်လောင်း ရှိနေပြီး သွေးများက မြေပြင်ကို သွေးနီရောင်သို့ ပြောင်းလဲသွားစေသည်။

ရင်ပြင်ပေါ်ရှိ လေထုမှာ တင်းမာနေသော်လည်း မည်သည့် အုပ်စုမျှ မဆင်မခြင် မလုပ်ဝံ့ကြပေ။ ရှေးဟောင်းခန်းမကြီးကို စောင့်ကြပ်နေသော ရုပ်တု ၁၃ ခုအား အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်နေကြသကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေကြသည်။

"မြောင်ဖ … မင်းလို တုံးအတဲ့ ဘုန်းကြီးအိုကြီးက၊ ငါတို့ကို နောက်ယောင်ခံပြီး သွေးတိမ်တိုက်ဂူထဲထိ လိုက်လာရဲတယ်ပေါ့လေ"

ပြောလိုက်သူမှာ ကျင့်ကြံသူမိသားစုမှ အရပ်ရှည်ရှည် အမျိုးသားတစ်ဦး ဖြစ်သည်။

မြောင်ဖဟု ခေါ်ခံရသူမှာ အရပ်ပုပြီး ခန္ဓာကိုယ် ကြံ့ခိုင်သော မဟာယနရဟန်းတစ်ပါး ဖြစ်သည်။ ထိုရဟန်းသည် လက်အုပ်ချီထားပြီး မျက်နှာသွင်ပြင်က ကရုဏာရှင်အလား နူးညံ့သိမ်မွေ့လှသည်။

"ထန်ဖူ … ဒီသွေးတိမ်တိုက်ဂူက ဘယ်သူမှ ပိုင်တဲ့နေရာ မဟုတ်ဘူး။ ငါတို့ရဟန်းတွေ ခိုးဝင်လာတယ်လို့ မင်းဘယ်လိုလုပ် ပြောရဲတာလဲ"

ထန်ဖူ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါက မဟာမိတ်ခေါင်းဆောင်ကျုံးနဲ့အတူ အခက်အခဲ အများကြီး ကျော်ဖြတ်ပြီးမှ ဒီနေရာကို ရောက်လာခဲ့တာ။ မင်းလို ကောက်ကျစ်တဲ့မြေခွေးက ငါတို့နောက်ကနေ အချောင်လိုက်ပြီး အကျိုးအမြတ်တွေကို ခိုးယူချင်နေတာပဲ"

တန်ဖူ၏ ဆဲဆိုမှုကို ရင်ဆိုင်ရသော်လည်း မြောင်ဖကမူ တည်ငြိမ်အေးဆေးနေဆဲပင်။

"ရှေးတည်းက ရတနာဆိုတာ သူတို့နဲ့ ထိုက်တန်တဲ့သူဆီမှာပဲ တည်ရှိတတ်ကြပါတယ်။ ဒီနေရာဟာ ငါတို့ မဟာယနဂိုဏ်းနဲ့ ဆက်စပ်မှုရှိပြီး မဟာယနကျင့်ကြံသူပဲ ပိုင်ဆိုင်သင့်တယ်လို့ ငါတွက်ချက်မိတယ်"

"သေလိုက်လေ၊ ဒီသွေးတိမ်တိုက်ဂူက နတ်ဆိုးအင်အားစုရဲ့ နေရာဆိုတာ အရူးတောင် သိတယ်။ မင်းတို့ မဟာယန ကျင့်ကြံသူတွေနဲ့ ဘာမှမဆိုင်ဘူး။ မင်းတို့က ခိုးဝင်ရုံတင်မကဘဲ မဟာမိတ်ခေါင်းဆောင်ကျုံးရဲ့ ငယ်သားနှစ်ယောက်ကိုပါ သတ်ဖြတ်ခဲ့လို့ ဒီမှာရှိတဲ့ တားမြစ်စည်းတွေ ပွင့်သွားခဲ့တာ။ အခု ဒီသွေးတိမ်တိုက်ဂူထဲက ပြန်ထွက်လို့ မရတော့ဘူး။ ကျောက်ရုပ်တု ၁၃ ရုပ်လည်း သက်ဝင်လာတော့မယ်၊ ဒါတွေအားလုံးက ကရုဏာတရားအကြောင်း ပြောပြီး စိတ်နှလုံးယုတ်မာတဲ့ မင်းလို ဘုန်းကြီးအယောင်ဆောင် မြေခွေးတွေကြောင့်ပဲ"

ထန်ဖူသည် တစ်ဖက်လူကို အပိုင်းပိုင်းဖြတ်ပစ်ချင်နေသည့်ပုံ ပေါက်နေသော်လည်း ဤနေရာရှိ တားမြစ်စည်းများနှင့် ရင်ပြင်ပေါ်ရှိ ကျောက်ရုပ်တု ၁၃ ရုပ်ကြောင့် မည်သို့မျှ မလှုပ်ရှားရဲပေ။ အကယ်၍ ဤရင်ပြင်ပေါ်တွင် နောက်ထပ် လူတစ်ဦးသာ သေဆုံးသွားပါက ရုပ်တုများ အသက်ဝင်လာနိုင်ဖွယ် ရှိသည်။

မြောင်ဖက မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို ကြည့်ကာ ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် ဆိုလာသည်။

"ဒီထဲက ထွက်ပြီးရင်တော့ ဒီအပြစ်မရှိတဲ့ လူနှစ်ယောက် မြန်မြန်ဆန်ဆန် ဘဝကူးပြောင်းနိုင်ဖို့ ပြန်လည်မွေးဖွားခြင်းမန္တန်ကို အကြိမ်တစ်ထောင် ရွတ်ဖတ်ပေးပါ့မယ်"

ထန်ဖူ၏ မျက်လုံးများမှာ မြောင်ဖကို ပြာကျသွားအောင် မီးရှို့ပစ်ချင်သည့်အလား ဒေါသဖြင့် တောက်လောင်နေသည်။

"အားလုံးပဲ၊ စကားများနေတာ ရပ်လိုက်ကြရအောင်။ ခုချိန်မှာ ငါတို့တွေ ပူးပေါင်းမှ ဖြစ်မယ်၊ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေလို့ မဖြစ်ဘူး" ဟု လေလွင့်ကျင့်ကြံသူတစ်ဦးက ကြားဝင် ပြောလိုက်သည်။

ထိုသူမှာ ထန်ဖူပြောခဲ့သော လေလွင့်ကျင့်ကြံသူတို့၏ ခေါင်းဆောင် ကျုံးလျန် ဖြစ်သည်။

မြောင်ဖ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ခေါင်းဆောင်ကျုံး၊ မင်းပြောတာ အမှန်ဆုံးပဲ"

သို့သော် ထန်ဖူမှာ မြောင်ဖတို့နှင့် ပူးပေါင်းရန် ဆန္ဒမရှိပေ။

"ဟွန်း… ဒီဘုန်းကြီးတွေက ငါတို့ကို နောက်ကျော ဓားနဲ့ထိုးမလားဆိုတာ ဘယ်သူသိမှာလဲ"

မြောင်ဖက လက်အုပ်ချီရင်း "အကြီးအကဲထန်၊ စိတ်ချပါ။ ခုနက ငါ့ပေါ့ဆမှုကြောင့်ပါ၊ လူသတ်လိုက်ရင် ဒီနေရာက တားမြစ်စည်းတွေ ပွင့်သွားမယ်လို့ ငါမသိခဲ့ဘူး။ အခု ငါသိသွားပြီဆိုတော့ နောက်ထပ် လူသတ်ဖို့ ဘယ်လုပ်ရဲတော့မှာလဲ" ဟု ပြောသည်။

ထန်ဖူက သံသယဖြင့် တွေဝေနေသောကြောင့် မြောင်ဖကပင် ဆက်ပြောလာသည်။

"ပြီးတော့ ရှေးဟောင်းအပျက်အစီးတွေကို ရှာဖွေရာမှာ ဘယ်သူမှ မသေဘူးလို့ အာမခံချက်မရှိပါဘူး။ မင်းက ဘာလို့ ဒီလောက်တောင် အရေးလုပ်နေရတာလဲ။ ဒီနေရာက စွန့်ပစ်ထားတာ ကြာပြီဆိုပေမဲ့ တားမြစ်စည်းတွေ ပုံမှန်အတိုင်း အလုပ်လုပ်နေတာ အံ့ဩစရာပဲ။ ငါတို့ရှေ့မှာရှိတဲ့ ဒီခန်းမကြီးထဲကို ဘယ်လိုဝင်ရမလဲဆိုတာပဲ ဆွေးနွေး ….."

မြောင်ဖ စကားမဆုံးခင်မှာပင် တောက်ပသော အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရင်ပြင်တစ်ခုလုံး လင်းထိန်သွားသည်။ လူအားလုံး အနည်းငယ် တုန်လှုပ်သွားသော်လည်း အပြာရောင်အလင်းတန်းမှ လွဲ၍ အခြားအန္တရာယ် မတွေ့ရပေ။

ခဏအကြာတွင် အပြာရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ခန်းမကြီး၏ တံခါးဝတွင် လူတစ်ဦး ရုတ်တရက် ပေါ်လာသည်။

"နေရာရွေ့ပြောင်းစနစ်"

ရင်ပြင်ပေါ်ရှိ လူတိုင်း သတိကြီးစွာထားပြီး ခန်းမတံခါးဝရှိ ထိုလူဆီသို့သာ မျက်စိစိုက်ကြည့်နေကြသည်။

"မင်းက ဘယ်သူလဲ၊ ဒီကို ဘာလို့ ရောက်လာတာလဲ"

ထန်ဖူက လေသံမာမာဖြင့် မေးမြန်းလိုက်သည်။

ထိုလူမှာ ဤနေရာသို့ နေရာရွေ့ပြောင်းခံလိုက်ရသည့် စုန့်ဝမ် ဖြစ်သည်။

စုန့်ဝမ်လည်း ရုတ်တရက် ရွေ့ပြောင်းခံလိုက်ရသဖြင့် အံအားသင့်သွားသော်လည်း အလျင်အမြန်ပင် စိတ်တည်ငြိမ်အောင် စုစည်းလိုက်နိုင်သည်။

ထို့နောက် ထန်ဖူကို ကြောက်ရွံ့သည့်ပုံစံဖြင့် ကြည့်ကာ "စီနီယာ… ကျွန်တော်က လေလွင့်ကျင့်ကြံသူတစ်ဦးပါ။ ရှေးဟောင်းဂူတစ်ခုထဲ အမှတ်မထင် ရောက်လာချိန် ဂူထဲက နေရာရွေ့ပြောင်းစနစ် ရုတ်တရက် ပွင့်လာပြီး ဒီနေရာကို ရောက်လာတာပါ၊ ဘာကြောင့်မှန်းတော့ မသိပါဘူး" ဟု ပြောလိုက်သည်။

ထန်ဖူ၊ မဟာမိတ်ခေါင်းဆောင်ကျုံးနှင့် မြောင်ဖတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အခြေအနေကို အားလုံး နားလည်သွားကြသည်။ ထင်ရသည်မှာ သူတို့က တားမြစ်စည်းကို အမှတ်မထင် ဖွင့်မိရာမှ ဆက်စပ်နေသော လိုဏ်ဂူထဲရှိ နေရာရွေ့ပြောင်းစနစ်ကို နှိုးဆွမိပြီး ထိုသူကို ဤနေရာသို့ ခေါ်ဆောင်မိခဲ့ခြင်း ဖြစ်ဟန်တူသည်။

"ဂျိမ်း …"

ထိုအခိုက် ခန်းမကြီးအတွင်းမှ ကျောက်တံခါးများ ဖြည်းညှင်းစွာ ပွင့်သွားပြီးနောက် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ကျုံးလျန်၊ မြောင်ဖနှင့် ထန်ဖူတို့ သတိကြီးစွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ဤနေရာသို့ ရောက်လာရန် အခက်အခဲပေါင်းစုံ ရင်ဆိုင်ခဲ့ရပြီး တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ခန်းမကြီးထဲရှိ ရတနာများ ရယူနိုင်ရန် ဖြစ်သည်။ ယခု ဤနေရာတွင် ပိတ်မိနေပြီဖြစ်ရာ တစ်ခုတည်းသော ထွက်ပေါက်လမ်းကြောင်းမှာ ခန်းမကြီးထဲတွင်သာ ရှိနိုင်လိမ့်မည်။

မကြာမီကပင် အဖွဲ့သုံးဖွဲ့ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနေခဲ့ကြသော်လည်း ယခုအခါတွင်မူ ပြိုကွဲတော့မည့် အရိပ်အယောင်များ စတင်ပေါ်ပေါက်လာသည်။

"မင်း … ဖယ်ပေးစမ်း။ ဝင်ပေါက်ကို ပိတ်မရပ်နဲ့"

ထန်ဖူက ဖြည်းဖြည်းချင်း ပွင့်လာသည့် ကျောက်တံခါးကို စိုက်ကြည့်ရင်း တံခါးအနီးတွင် ရပ်နေသော စုန့်ဝမ်ကို အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့ … စီနီယာ"

စုန့်ဝမ်မှာ ကြောက်လန့်နေဟန်ဖြင့် တစ်စက္ကန့်မျှ မနှောင့်နှေးရဲဘဲ ရင်ပြင်၏ အစွန်းဘက်သို့ ဆုတ်ခွာသွားသည်။

စုန့်ဝမ် ရင်ပြင်အစွန်းဘက်သို့ ရွေ့လျားသွားသည်နှင့် ရုတ်တရက် ဖိအားတစ်ခု ပေါ်ပေါက်လာသည်။ ရင်ပြင်အစွန်းနှင့် နီးကပ်လေ၊ ဖိအား ပိုမိုပြင်းထန်လာလေ ဖြစ်သည်။ အစွန်းသို့ မရောက်ခင်မှာပင် ထိုဖိအားကြောင့် မတ်တပ်ရပ်ရန်ပင် ခက်ခဲသွားသည်။

"ဆွဲငင်အားတားမြစ်စည်းပဲ"

စုန့်ဝမ် တုန်လှုပ်သွားသည်။ ဆွဲငင်အားတားမြစ်စည်းမှာ အလွန်ပြင်းထန်ပြီး စုန့်ဝမ်၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ရင်ပြင်အတွင်းမှ ထွက်သွားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ကျောက်တံခါးများ အပြည့်အဝ ပွင့်သွားသည့်အခါ အဖွဲ့သုံးဖွဲ့မှ လူတစ်ဦးစီကို ခန်းမကြီးအတွင်းသို့ စေလွှတ်လိုက်သည်။

ခဏအကြာတွင် ခန်းမထဲမှ အသံများ ထွက်လာပြီး ဘေးကင်းကြောင်းနှင့် ဝင်လာရန် အချက်ပြလာသည်။ လူအားလုံး ဝင်သွားသဖြင့် ရင်ပြင်တွင် စုန့်ဝမ်တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။

All Chapters