← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း။ ၂၃၁+၂၃၂

ဓားပျံသည် ရှဲကနဲ မြည်သံနှင့်အတူ လုံယီထံသို့ တိုးဝင်လာသည်။ ၎င်းသည် စစ်မှန်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူသားတို့ကမ္ဘာ၏ အမြန်နှုန်း အကန့်အသတ်ကိုပင် ကျော်လွန်သွားခဲ့သည်။

ထိပ်တန်းသိုင်းဆရာသခင်များပင်လျှင် ဤတိုက်ခိုက်မှုကို အကြိမ်ကြိမ် ခုခံနိုင်ရန် ခက်ခဲလှသည်။ လက်နက်မှာလည်း ပျက်စီးလုနီးပါး ဖြစ်နေသော လုံယီအတွက်မူ ပို၍ပင် ဆိုဖွယ်ရာမရှိတော့ပေ။ သို့သော် လုံယီ၏ ပုဆိန်သိုင်းမှာ ယခုအခါ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ စိတ်အာရုံထဲတွင် မမြင်ရသော်လည်း စစ်မှန်သော လင်းယုန်တစ်ကောင်မှာ အသက်ဝင်နေပြီး သူ၏ အသိစိတ်ကို သာမန်သိုင်းသမားများထက် များစွာ သာလွန်သော အဆင့်သို့ မြှင့်

တင်ပေးထားသည်။

အမျိုးသမီးကျင့်ကြံသူ၏ ဓားပျံက မည်မျှပင် မြန်နေပါစေ သူ၏ စိတ်ကို အာရုံစူးစိုက်လိုက်သောအခါ တစ်ကမ္ဘာလုံး၏ လည်ပတ်မှုနှုန်းမှာ နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ့ကို သတ်ရန်လာနေသော ဓားပျံမှာလည်း ထိုအထဲတွင် အပါအဝင်ပင်။

ချွင်…

လုံယီသည် ကိုယ်ကိုလှည့်၍ပုဆိန်ကို လွှဲလိုက်ရာ ဓားပျံကို တိကျစွာ ပိတ်ဆို့နိုင်ခဲ့သည်။

ချွင် ချွင် ချွင်…

လုံယီသည် နေရာမှာပင် ခေါက်တုံ့ခေါက်ပြန် လှုပ်ရှားရင်း အချိန်ကိုက် တိကျသော လှုပ်ရှားမှုလေးများဖြင့် ဓားပျံကို အကြိမ်ကြိမ် ပိတ်ဆို့နေသဖြင့် အမျိုးသမီးကျင့်ကြံသူ၏ အကြည့်များမှာ ပိုမို၍ လေးနက်လာတော့သည်။ သို့သော် လုံယီ ယာယီရှာဖွေထားသော ဤပုဆိန်မှာ သာမန် နက်မှောင်သံမဏိဖြင့်သာ ပြုလုပ်ထားခြင်းပင်။

ဓားပျံ၏ ပြင်းထန်လှသော တိုက်ခိုက်မှုများအောက်တွင် ပုဆိန်၏ တစ်ဝက်ခန့်မှာ အက်ကွဲပျက်စီးသွားပြီဖြစ်ရာ လုံးဝဥဿုံ ပျက်စီးသွားရန် လက်တစ်လုံးအလိုသာ လိုတော့သည်။

“အခုပဲ ဒူးထောက်လိုက်စမ်း ဒါဆိုရင် အလောင်းပုံမပျက်ဘဲ သေခွင့်ရမယ်”

အမျိုးသမီးကျင့်ကြံသူက သူမ၏ နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူအပြုံးတစ်ခုဖြင့် လှောင်ပြောင်လိုက်သည်။

သူမသည် ဓားပျံကို ဆက်လက်ထိန်းချုပ်ကာ လုံယီထံသို့ အဆက်မပြတ် ပစ်လွှတ်နေတော့သည်။ သို့သော်လည်း လုံယီက ပုဆိန်ကို အေးအေးလူလူပင် လွှင့်ပစ်လိုက်ပြီး ဓားပျံကို လက်ဗလာဖြင့် ရင်ဆိုင်လိုက်သည်ကို မြင်လိုက်ရသည်။

ဝုန်း…

သူက လက်သီးဖြင့် ထိုးနှက်လိုက်ရာ လေထုမှာပင် တုန်ခါသွားသယောင်ရှိပြီး သူ၏ရှေ့တွင် ထူထဲသော အဖြူရောင် လေလှိုင်းကြီးတစ်ခု ပေါက်ကွဲထွက်သွားသည်။ ဓားပျံမှာ သူ၏လက်သီးချက်ကြောင့် ပေပေါင်းများစွာ အဝေးသို့ လွင့်စင်သွားပြီး လေထဲတွင် ဝုန်... ဝုန်

နှင့် တုန်ခါနေတော့သည်။ ကြည့်ရသည်မှာ ၎င်း၏ ဝိညာဉ်ဓာတ်ပင် ထိခိုက်သွားပုံပင်။

“ဒါ... သားရဲတစ်ကောင် အသွင်ပြောင်းနေတာလား”

အမြဲတမ်း တည်ငြိမ်နေတတ်သော အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာထက်တွင် ရှားရှားပါးပါး မိန်းမောတွေဝေသည့် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။

လုံယီ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သာမန်သိုင်းသမားများ၏ စိတ်ကူးစိတ်သန်းကို ကျော်လွန်နေရုံသာမက သူမကဲ့သို့သော ကျင့်ကြံသူတစ်ဦးအတွက်ပင် တစ်ခါမျှ မကြားဖူးသော အခြေအနေမျိုးပင်။

အမျိုးသမီးကျင့်ကြံသူသည် သတိပြန်ဝင်လာသည်နှင့်တစ်ပြိုင်နက် သူမ၏မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူမ၏ဓားပျံမှာ ထိုနေရာတွင် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးဖြစ်သော ရှီချိုင်ဖုန်းထံသို့ ရုတ်တရက် ဦးတည်ကာ ပျံသန်းသွားတော့သည်။

“မင်း... လုပ်ရဲလှချည်လား”

လုံယီက ဒေါသတကြီး အော်လိုက်သည်။

သူသည် မြေပြင်ကို အားကုန်နင်းလိုက်ရာ ကျင်းကြီးတစ်ကျင်း ဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ကောင်းကင်ယံသို့ မြှင့်တက်ကာ ရှီချိုင်ဖုန်းရှိရာသို့ ပြေးဝင်သွားသည်။ သို့သော် သူ၏အရှိန်မှာ ထိုထက်ပိုမိုမြန်ဆန်သော ဓားပျံကို မမီနိုင်ခဲ့ပေ။

အလွန်အရေးကြီးသော အခိုက်အတန့်တွင် အဘိုးကြီးရှီမှာ မဆိုင်းမတွပင် ရှေ့သို့ တိုးထွက်လာပြီး ရှီချိုင်ဖုန်း၏ ရှေ့မှ ကာကွယ်ပေးလိုက်သည်။

ဖတ်….

ဓားပျံသည် အဘိုးကြီးရှီ၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး စူးရှသော သွေးပန်းပွင့်များ လွင့်စင်ထွက်လာသည်။ ကံကောင်းထောက်မစွာဖြင့် အဘိုးကြီးရှီ၏ စစ်မှန်သောခွန်အားကြောင့် ဓားပျံမှာ ခဏမျှ တုံ့ဆိုင်းသွားခဲ့သဖြင့် ရှီချိုင်ဖုန်းမှာ အခြားတစ်ဖက်သို့ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့သည်။

“အဖေ”

ရှီချိုင်ဖုန်းသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်မိသည်။

ဒုန်း…ဍ

လုံယီ ရောက်ရှိလာပြီး သူ၏လက်သီးမှာ ရွှေရောင်ဖျော့ဖျော့ ဝင်းလက်နေသည်။ နောက်ထပ် ပြင်းထန်လှသော လက်သီးတစ်ချက်မှာ ဓားပျံပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားပြီး ဓားပျံမှာ ဝုန်... ဝုန်ဟု နှစ်ချက်မျှ တုန်ခါသွားကာ အမျိုးသမီးကျင့်ကြံသူထံသို့ ပြန်လည် ပျံဝဲသွားတော့သည်။

“မင်း ငါ့ရဲ့ဓားပျံကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့။ မင်းကို အပိုင်းပိုင်းဖြစ်အောင် ငါ စုတ်ဖြဲပစ်မယ်”

အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် တည်တင်းနေပြီး သူမ၏ မျက်လုံးများမှာလည်း မီးတောက်များ ထွက်လာတော့မည့်အလားပင်။

လုံယီမှာမူ သူမကို သတ်ပစ်ရန် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သဖြင့် အမျိုးသမီးကျင့်ကြံသူ၏ အနီးသို့ တစ်ဖန် ပြန်လည် တိုးဝင်လာပြန်သည်။ အမျိုးသမီးမှာ အနောက်သို့ အလျင်အမြန် ဆုတ်ခွာရင်း မီးအဆောင်စာရွက်များကို အဆက်မပြတ် ပစ်လွှတ်နေတော့သည်။ ထိုစာရွက်များမှာ မီးတောက်ငှက်များအဖြစ် ပြောင်းလဲကာ လုံယီကို တိုက်ခိုက်သော်လည်း လုံယီကမူ ကမ္ဘာကို တုန်လှုပ်စေမည့် အရှိန်အဟုန်ဖြင့် အားလုံးကို ရှောင်တိမ်းနိုင်ခဲ့သည်။

ဝုန်း... ဝုန်း... ဝုန်း

မြေပြင်ပေါ်တွင် မြွေတစ်ကောင်အလား အကွေ့အကောက် လမ်းကြောင်းဖြင့် ပြေးဝင်နေသော လူရိပ်တစ်ခုနှင့်အတူ ပတ်ဝန်းကျင်တွင်လည်း မြေလှန်မတတ် ပေါက်ကွဲမှုများ တဆက်တည်း ဖြစ်ပေါ်နေသည်။ မီးလျှံများမှာ ကောင်းကင်သို့ ထိုးတက်နေပြီး ဖုန်မှုန့်များနှင့် ကျောက်တုံးကျောက်ခဲများမှာလည်း အရပ်ရပ်သို့ လွင့်စင်နေတော့သည်။

ထိုပေါက်ကွဲမှုများမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုများပင်လျှင် သာမန် ချီလှည့်ပတ်မှုအဆင့်သိုင်းသမားတစ်ဦးကို ဒဏ်ရာရစေရန် လုံလောက်လှသည်။ သို့သော် ထိုလူရိပ်မှာမူ မည်သည့်ထိခိုက်မှုမျှ မရှိဘဲ ပြတ်သားသော အကြည့်၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် အမျိုးသမီးကျင့်ကြံသူနှင့် အကွာအဝေးကို တဖြည်းဖြည်း ကျူံ့လာနေပြီ ဖြစ်သည်။

“သေစမ်း”

သူတို့နှစ်ဦးကြား အကွာအဝေးမှာ ပေအနည်းငယ်သာ လိုတော့သည့်အခါ လုံယီသည် ပြင်းထန်လှသော လက်သီးချက်ဖြင့် ထိုးနှက်လိုက်သည်။

ထိုအခါ သူ၏လက်သီးမှာ ဂွမ်းပုံတစ်ခုထဲသို့ နစ်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းမှာ အမျိုးသမီးကျင့်ကြံသူက သူမရှေ့တွင် ခုခံထားသော လေတံတိုင်းပင်။ သို့သော် လုံယီ၏ ပေါင်သောင်းချီသော အားအရှိန်အောက်တွင် ထိုလေတံတိုင်းမှာ ချက်ချင်းပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ဝုန်းကနဲ ပေါက်ကွဲသွားတော့သည်။

ထိုကွာဟချက်ကို အခွင့်ကောင်းယူကာ အမျိုးသမီးကျင့်ကြံသူသည် အဝါရောင်အဆောင်စာရွက်တစ်ရွက်ကို ထပ်မံပစ်လွှတ်လိုက်ပြန်သည်။ ၎င်းမှာ တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်ရသော ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး လုံယီ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ တင်းကျပ်စွာ တုံ့နှောင်လိုက်တော့သည်။

လုံယီ၏ သွေးစွမ်းအင်များ ဆူပွက်လာပြီး ခဏချင်းအတွင်းမှာပင် တောက်ပသော နေမင်းအသေးစားလေးတစ်ခုအဖြစ် ပြောင်းလဲကာ ထိုကြိုးကို ရုန်းထွက်ရန် ကြိုးစားနေ၏။ သို့သော် ထိုအချိန်မှာပင် အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းထဲ၌ ရက်စက်သော အရိပ်အယောင်များ ဝင်းလက်သွားသည်။

သူမသည် ပါးစပ်မှ ထွေးထုတ်လိုက်ရာ ပုတီးစေ့အရွယ် လိမ္မော်နီရောင် မီးလုံးလေးတစ်လုံး ထွက်ပေါ်လာပြီး ကြယ်တံခွန်တစ်ခုအလား လုံယီထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

ဝုန်း….

ထိတွေ့လိုက်သည်နှင့် ထိုမီးလုံးမှာ လိမ္မော်နီရောင် မီးလျှံများအဖြစ် ပေါက်ကွဲထွက်သွားပြီး လုံယီကို တောက်လောင်နေသော မီးပုံကြီးအတွင်းသို့ လုံးဝဝါးမြိုပစ်လိုက်သည်။

“မဖြစ်နိုင်ဘူး”

ရှီချိုင်ဖုန်းသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်မိသည်။ ထိုနာကျင်မှုကြောင့် သူမ၏ အရှိန်အဟုန်မှာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ဆဠမချီစွမ်းအားအဆင့်မှ ချီလှည့်ပတ်မှုအပြည့်အဝအဆင့်သို့ အံ့ဩဖွယ်ရာ အဆင့်တက်သွားခဲ့သည်။ သို့သော် နှမြောစရာကောင်းသည်မှာ သိုင်းသမားတစ်ဦးအတွက် ထိုအဆင့်တက်မှုက ဤတိုက်ပွဲရလဒ်ကို ပြောင်းလဲရန် မလုံလောက်ခြင်းပင်။

ရှီသားအဖ၏ မျှော်လင့်ချက်မဲ့နေသော အခြေအနေနှင့် အမျိုးသမီးကျင့်ကြံသူ၏ အောင်နိုင်သူအပြုံးအောက်တွင် မီးလျှံများကြားမှ မည်းမှောင်နေသော လူရိပ်တစ်ခုမှာ ရုတ်တရက် တိုးထွက်လာပြီး အမျိုးသမီးကျင့်ကြံသူထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ဝူး…

လက်သီးတစ်ချက် ပစ်လွှတ်လိုက်ရာ နတ်ဘုရားများနှင့် တစ္ဆေများပင် ထိတ်လန့်သွားရလောက်အောင် ပြင်းထန်လှသည်။

“မဖြစ်နိုင်ဘူး”

အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။ သူမသည် သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော လက်ညှိုးဖြင့် နဖူးအလယ်ကို ထောက်လိုက်ရာ သူမ၏တစ်ကိုယ်လုံးကို ကာကွယ်ပေးသော တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်ရသည့် အဖြူရောင် အစီရင်ခံအကာအကွယ်တစ်ခု ပေါ်ပေါက်လာသည်။

ထိုအကာအကွယ်မှာ မည်းမှောင်နေသော လူရိပ်၏ ပထမဆုံး လက်သီးချက်ကို ဟန့်တားနိုင်ခဲ့သော်လည်း ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။

အမျိုးသမီးကျင့်ကြံသူသည် သူမ၏ မီးတောက်မီးလုံးကို ပြန်လည်ခေါ်ယူရန် ကြိုးစားနေစဉ်မှာပင် သူမရှေ့ရှိ မည်းမှောင်နေသော လူရိပ်ထံမှ ချပ်ဝတ်ထိုးဖောက်ခြင်းဟူသော တိုးညှင်းသည့် ရွတ်ဆိုသံကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။

ထို့နောက်တွင်မူ အမျိုးသမီးကျင့်ကြံသူသည် သူမ၏ ကိုယ်တွင်းအင်္ဂါများကို လက်တစ်ဖက်ဖြင့် ဆွဲညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အလွန်အမင်း နာကျင်မှုနှင့်အတူ အမြင်အာရုံများ ရုတ်တရက် အမှောင်အတိ ကျသွားတော့သည်။

“ချမ်းသာ...”

သူမ၏ အသနားခံစကားပင် မဆုံးသေးမီမှာပင် သူမ၏ ကိုယ်တွင်းအင်္ဂါများမှာ ဒုတိယအကြိမ် ပြင်းထန်စွာ ဆွဲညှစ်ခြင်းကို ခံလိုက်ရပြန်သည်။ စိတ်အာရုံ မတည်မငြိမ်ဖြစ်သွားချိန်တွင် သူမရှေ့ရှိ အကာအကွယ်အတားအဆီးမှာလည်း အလိုအလျောက် အားနည်းသွားပြီး မည်းမှောင်နေသော လူရိပ်၏ ထိုးဖောက်ခြင်းကို အလွယ်တကူ ခံလိုက်ရတော့သည်။

ဝုန်း….

နောက်တစ်ခဏတွင် သူမ၏ ဦးခေါင်းတစ်ခုလုံးမှာ ရင်ဘတ်အတွင်းသို့ နစ်ဝင်သွားသည်အထိ ပြင်းထန်စွာ အရိုက်ခံလိုက်ရသည်။

ဒုန်း ဒုန်း ဒုန်း…

မည်းမှောင်နေသော လူရိပ်မှာ စိတ်မချနိုင်သေးဘဲ ပေါင်ပေါင်းငါးသောင်း၊ ခြောက်သောင်းခန့်ရှိသော အားအရှိန်များဖြင့် အကြိမ်ကြိမ် ဆက်လက်ထိုးနှက်နေတော့သည်။ သူမ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ပြတ်ထွက်သွားပြီး အသားစပုံကြီးအဖြစ် ပြောင်းလဲသွားသည့်တိုင်အောင်ပင်။

ထိုအခါမှသာ ထိုလူရိပ်မှာ ရပ်တန့်သွားပြီး တစ်ကိုယ်လုံးကို ခါယမ်းလိုက်သည်။ ခန္ဓာကိုယ်ပေါ်ရှိ မည်းနက်နေသော ပြာများနှင့် အမှုန်အမွှားများမှာ မြေပြင်ပေါ်သို့ ရှဲရှဲဟု အသံမြည်လျက် ကြွေကျသွားပြီးနောက် ကျောက်စိမ်းဖြူရောင်သန်းနေသော ဗလာကျင်းနေသည့် ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာတော့သည်။

၎င်းကို မြင်သောအခါ ရှီချိုင်ဖုန်းသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ သူမ၏ အကြည့်မှာ လုံယီ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခုထံသို့ မတော်တဆ ရောက်ရှိသွားပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ ဒဏ်ရာရနေသော သူမ၏ဖခင်ထံသို့ အပြေးအလွှား သွားကြည့်တော့သည်။

လုံယီမှာမူ တစ်ကိုယ်လုံး ဗလာကျင်းလျက် ရပ်နေ၏။ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်အားလုံးမှာ မီးလောင်ကျွမ်းသွားသဖြင့် သူသည် ဆံပင်မရှိ၊ မျက်ခုံးမရှိသော ကတုံးသိုင်းသမားကြီးတစ်ဦး ဖြစ်သွားရရှာသည်။

ယခုအချိန်တွင် သူ၏ရင်ထဲ၌ အနည်းငယ် ထိတ်လန့်တုန်လှုပ်နေဆဲပင်။ လွန်ခဲ့သော စက္ကန့်ပိုင်းလေးက သူသည် သေခြင်းနှင့် ရှင်ခြင်းကြားတွင် ရှိနေခဲ့ခြင်းပင်။ ထိုမီးတောက်မှာ ဒီဂရီထောင်ချီသော အပူရှိန်ရှိသော်လည်း သူ၏ ခံနိုင်ရည်ပါရမီက ဒဏ်ရာ ၈၀ ရာခိုင်နှုန်းကို လျှော့ချပေးခဲ့ပြီး မီးဒဏ်ခံနိုင်ရည်ပါရမီက မီးစွမ်းအင်တိုက်ခိုက်မှု၏ ၉၀ ရာခိုင်နှုန်းကို ကာကွယ်ပေးခဲ့ခြင်းကြောင့်သာ အသက်ဘေးမှ လွတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အန္တရာယ်ကြုံရချိန်တွင် ဒဏ်ရာများကို အမြန်ဆုံး ပြန်လည်ကုသပေးသည့် စနစ်

ကြောင့်သာ သူ ရှင်သန်နိုင်ခဲ့ခြင်းပင်။ သူ ရှင်သန်နိုင်ခဲ့သော်လည်း ပုဆိန်သိုင်း အဆင့်မြှင့်ပြီးနောက် ကျန်ရှိနေသော စွမ်းအင်အမှတ် ၅၀ နီးပါးမှာ ကုန်ခန်းသွားခဲ့ပြီး နောက်ဆုံး ၂ မှတ်သာ ကျန်တော့သည်။ နောင်တွင် ဤကဲ့သို့ အရေးပေါ်အခြေအနေများအတွက် စွမ်းအင်အမှတ်များကို ပိုမိုစုဆောင်းထားရမည်ဟု သူ တွေးလိုက်မိသည်။

လုံယီသည် အဘိုးကြီးရှီ၏ ဒဏ်ရာကို သွားရောက်စစ်ဆေးရာ အဆုတ်ကို ထိုးဖောက်ခံထားရသဖြင့် ပြင်းထန်သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း တွေ့လိုက်ရသည်။

“ကျွန်မ အဖေ့ကို ဆရာဝန်ဆီ မြန်မြန်ခေါ်သွားလိုက်ဦးမယ်”

ရှီချိုင်ဖုန်းမှာ မထွက်ခွာမီ လုံယီ၏ အောက်ပိုင်းအစိတ်အပိုင်းတစ်ခုကို ခိုးကြည့်သွားသေးသည်။

“တောက်”

အမွေးနုတ်ခံရတဲ့ ကြက်တစ်ကောင်လို ဖြစ်သွားပြီပဲ...

လုံယီသည် အရေထူသူဖြစ်သော်လည်း ယခုအခါတွင်မူ သူ၏မျက်နှာမှာ အနည်းငယ် ပူထူသွားရသည်။ သူသည် အနီးနားရှိ အဆောက်အအုံတစ်ခုမှ အဝတ်အစားအချို့ကို ရှာဖွေဝတ်ဆင်လိုက်ပြီးနောက် အမျိုးသမီးကျင့်ကြံသူ၏ အကြွင်းအကျန်များထံသို့ သွားကာ သိမ်းဆည်းစရာ ပစ္စည်းများကို စတင်ရှာဖွေတော့သည်။

[စွမ်းရည်ပြမျက်နှာပြင်ပေါ်တွင် ရှင်းလင်းပြတ်သားသော ရွေးချယ်စရာများ ပေါ်ထွက်လာသည်။

ရွေးချယ်နိုင်သော အရာများကို တွေ့ရှိရသည်။ အောက်ပါ သုံးခုအနက်မှ တစ်ခုကို ရွေးချယ်ပါ

၁။ စွမ်းအင် ၇၃ မှတ်

၂။ အနည်းငယ် မြှင့်တင်ထားသော မီးဓာတ်ဆိုင်ရာ လိုက်လျောညီထွေမှု

၃။ ဓားပျံထိန်းချုပ်ခြင်းအတတ် သီးသန့်]

ပထမရွေးချယ်စရာကို ထည့်စဉ်းစားနေရန်ပင်မလိုပေ။ စွမ်းအင်အမှတ်များကို ရှာဖွေရန်မှာ အလွန်လွယ်ကူလှသဖြင့် ဤမျှတန်ဖိုးကြီးသော အခွင့်အရေးနှင့် မလဲနိုင်ပေ။

ဒုတိယရွေးချယ်စရာမှာမူ ယခင်အတွေ့အကြုံအရ သူ၏ မီးဓာတ်ဝိညာဉ်အမြစ်၏ အရည်အသွေးကို အနည်းငယ် မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ သို့သော် လုံယီတွင် လက်ရှိ၌ အနိမ့်ဆုံးအရည်အသွေးရှိသော ယင်နှင့် လေဝိညာဉ်အမြစ်များ ရှိနှင့်ပြီးသားဖြစ်သည်။ ဝိညာဉ်အမြစ်များ များပြားနေခြင်းထက် ရှိရင်းစွဲအမြစ်များကို အရည်အသွေးကောင်းအောင် သန့်စင်ခြင်းကသာ ပိုကောင်းမည်ဟု သူ အမြဲခံစားရသည်။

တတိယရွေးချယ်စရာဖြစ်သော သီးသန့်ဟု ဖော်ပြထားသည့် အတတ်မှာမူ ဤဓားပျံကိုသာ ထိန်းချုပ်နိုင်ခြင်း သို့မဟုတ် ဤဓားပျံကို အကောင်းဆုံး ထိန်းချုပ်နိုင်ခြင်းမျိုး ဖြစ်နိုင်သည်။

လုံယီသည် မြေပြင်ပေါ်မှ လက်ကိုင်မပါသော သုံးလက်မအရွယ် ငွေရောင်ဓားပျံငယ်လေးကို ကောက်ယူကြည့်လိုက်သည်။ ၎င်းမှာ သာမန်သတ္တုများထက် များစွာပေါ့ပါးနေပြီး သစ်သားတစ်ခုကဲ့သို့ပင် ခံစားရသည်။ သို့သော် တိုက်ခိုက်နေစဉ်အတွင်း၌မူ ၎င်းမှာ အလွန်ပင် လေးလံနေခဲ့သည်မှာ မည်သည့်နည်းလမ်းကြောင့်မှန်း သူ မသိခဲ့ပေ။

ခဏမျှ စဉ်းစားပြီးနောက် သူသည် တတိယရွေးချယ်စရာကိုသာ ဆုံးဖြတ်လိုက်တော့သည်။ သူ၏ စွမ်းရည်ပြမျက်နှာပြင်တွင် ကော်လံအသစ်တစ်ခု ချက်ချင်းပေါ်လာသည်။

[မှော်အတတ်: ဓားပျံထိန်းချုပ်ခြင်းအတတ် (အစပြုအဆင့်)]

ကံဆိုးစွာဖြင့် ထိုကျွမ်းကျင်မှုအကွက်မှာ မီးခိုးရောင်ဖြစ်နေပြီး လောလောဆယ် အဆင့်မြှင့်

တင်၍ မရနိုင်သေးပေ။ အကြောင်းမှာ သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် ပထမဆုံးလိုအပ်သောကြောင့်ပင်။

လုံယီသည် အမျိုးသမီးကျင့်ကြံသူ၏ အကြွင်းအကျန်များထံ သွားကာ အသေအချာ ရှာဖွေလိုက်သည်။ သူမ ပစ်လွှတ်ခဲ့သော အဆောင်စာရွက်များကိုမူ ရှာမတွေ့ခဲ့ပေ။ သို့သော် ထူးခြားစွာ ပြုလုပ်ထားသည့် လက်ဖဝါးအရွယ်အစားရှိ ပန်းရောင်ပိုးအိတ်ငယ် တစ်လုံးကိုမူ သူ ကောက်ရခဲ့သည်။ ဤအိတ်၏ ပစ္စည်းမှာ အလွန်ထူးခြားပြီး သွေးများစွန်းထင်ခြင်း မရှိသလို သတ္တုဓားဖြင့်ပင် လှီးဖြတ်၍ မရနိုင်ချေ။ လုံယီသည် ထိုအိတ်ကို သိမ်းဆည်းလိုက်သည်။

ဤပိုးအိတ်မှာ ဘာလဲဆိုသည်ကိုမူ ယခင်ဘဝက ဝတ္ထုများစွာ ဖတ်ခဲ့ပြီး ရုပ်ရှင်များစွာ ကြည့်ခဲ့သော လုံယီအတွက်မူ ဝေဝါးဝါး ခန့်မှန်းချက်တစ်ခု ရှိပြီးသားပင်။

အမျိုးသမီးကျင့်ကြံသူကို ပင်ပင်ပန်းပန်း သတ်ဖြတ်နိုင်ခဲ့သော်လည်း လုံယီ၏ ရင်ထဲတွင်မူ ပျော်ရွှင်မှု အလျဉ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ပို၍ကြီးမားသော ပြဿနာများမှာ ရှေ့တွင် စောင့်ကြိုနေသောကြောင့်ပင်။ ၎င်းကို ပြဿနာဟု ရိုးရိုးလေး ဖော်ပြရုံနှင့်ပင် မလုံလောက်တော့ချေ။

ထိုည အစွန်းရောက်လက်သီးဂိုဏ်းအတွင်း၌...

“ဂိုဏ်းချုပ်... မြို့ထဲက မီးလောင်မှုတွေကိုတော့ အကုန်ငြှိမ်းသတ်နိုင်ပါပြီ။ အိမ်ခြေ ၁၃၀ ကျော် ထိခိုက်ခဲ့ပြီး လူအသေအပျောက်တွေ ရှိသလို အိမ်တွေလည်း ပြာကျကုန်ပါတယ်...”

“တပ်မှူးဝမ်... မြို့စားမင်း၊ စစ်သူကြီးယွဲ့နဲ့ တပ်မှူးကောင်းတို့ အားလုံး မရှိကြတော့ဘူး။ အခု မြို့ထဲက အရေးကိစ္စတွေကို ခင်ဗျားပဲ တာဝန်ယူရတော့မယ်။ ဘာလုပ်သင့်တယ်လို့ ထင်သလဲ”

“ဂိုဏ်းချုပ်ဝေ... စိတ်ချပါ။ မြို့စားမင်းအိမ်တော်ကနေ ရန်ပုံငွေတွေ ချပေးပြီး အိမ်တွေကို ပြန်ဆောက်ပေးမှာပါ။ ဘယ်သူ့ကိုမှ အိုးမဲ့အိမ်မဲ့ မဖြစ်စေရပါဘူး”

“ကျွန်တော်ကတော့ ခဏလောက် စောင့်ကြည့်သင့်တယ် ထင်တာပဲ။ အခု အဲ့ဒီအရူးမ သေသွားပြီဆိုတော့ ငါးပါးသောဓာတ်ဂိုဏ်းက လူလွှတ်ပြီး လက်စားချေမှာ သေချာတယ်။ အခုပြန်ဆောက်ပြီးမှ နောက်တစ်ခါ ထပ်အလောင်ခံရရင် ဘယ်လိုလုပ်မလဲ”

“...”

ထိုအချိန်တွင် ဂိုဏ်းအတွင်း၌ လူအများအပြား စုဝေးနေကြသည်။ ဂိုဏ်းချုပ်ဝေ၊ လုံယီ၊ ကျိုးပုဖုန်းနှင့် အစွန်းရောက်လက်သီးဂိုဏ်း၏ အတွင်းစည်းတပည့်များသာမက အခြားသော အဖွဲ့အစည်းများမှ အသက်ရှင်ကျန်ရစ်သူများလည်း ရှိနေသည်။

မြို့စားမင်းအိမ်တော်မှ တပ်မှူးဝမ်၊ ကျန်းမိသားစုဝင်များ၊ ရှီမိသားစုဝင်များ၊ နတ်သမီးဟူနန်၊ နဂါးသတ်ဓားဆုန်ချီကျွင်းနှင့် ချူဖုန်း...

အမျိုးသမီးကျင့်ကြံသူ သေဆုံးသွားသော်လည်း လူတိုင်း၏ မျက်နှာထက်တွင် တင်းမာမှုများ ပြည့်နှက်နေဆဲပင်။

ဤဆိုးရွားလှသော အဖြစ်အပျက်က သူတို့ကို တစ်ခု ရှင်းရှင်းလင်းလင်း နားလည်စေခဲ့သည်။ ၎င်းမှာ မသေမျိုးဆရာသခင်များသည် သာမန်လူသားများအပေါ် စေတနာမရှိကြဘဲ လူ့အသက်များကိုလည်း မြက်ပင်တစ်ပင်အလား သဘောထားကာ တန်ဖိုးမထားကြခြင်းပင်။

ထိုအမျိုးသမီးမှာ သူမ၏ ဂိုဏ်းတူအမျိုးသားအတွက် လက်စားချေရန် ရောက်လာပြီး လူသတ်ပွဲကျင်းပခဲ့သည်။ ယခု သူမပါ သေဆုံးသွားပြီဖြစ်ရာ နောက်ဆက်တွဲ လက်စားချေမှုများမှာ မလွဲမသွေ ရောက်ရှိလာတော့မည်ဖြစ်ပြီး ဤနေရာရှိ မည်သူမျှ လွတ်မြောက်နိုင်ဖွယ် မရှိချေ။

ဒဏ္ဍာရီလာ မသေမျိုးဂိုဏ်းတစ်ခုဖြစ်သော ငါးပါးသောဓာတ်ဂိုဏ်းတွင် ထိုအမျိုးသမီးထက် သာလွန်အားကောင်းသူများစွာ ရှိနေမည်မှာ အသေအချာပင်။ အမျိုးသမီးကျင့်ကြံသူ တစ်ယောက်တည်းနှင့်ပင် မြို့တစ်မြို့လုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရလျှင် ထိုထက် အစွမ်းထက်သူ ရောက်လာပါက အခြေအနေမှာ မတွေးဝံ့စရာပင်။

ထို့ကြောင့်ပင် နည်းဗျူဟာများ ဆွေးနွေးရန် လူတိုင်း အစွန်းရောက်လက်သီးဂိုဏ်းသို့ စုရုံးရောက်ရှိနေကြခြင်းပင်။

“မြို့ပြင်ကို လူစုခွဲပြီး ပုန်းနေကြရင်ကော လုံကျန်းပြည်နယ်ကြီးက ဒီလောက်ကျယ်တာ အဲ့ဒီမသေမျိုး ငှက်ကုလားအုတ်တွေက ငါတို့တစ်ယောက်ချင်းစီကို လိုက်ရှာနိုင်ပါ့မလား”

ချူဖုန်းက သူ၏ ကျယ်လောင်သော အသံကြီးဖြင့် အကြံပြုလိုက်သည်။

“ဒါက ပညာရှိတဲ့ လုပ်ရပ်မဟုတ်ဘူး။ ကိုယ့်အသက်ကို ကံတရားအပေါ်မှာပဲ ပုံအပ်ထားသလို ဖြစ်မနေဘူးလား တကယ်လို့ သူတို့ ရှာတွေ့သွားရင် မင်းကော လွတ်အောင် ပြေးနိုင်ပါ့မလား” လက်တစ်ဖက်ပြတ်နေသော တာအိုဆရာ ရွှမ်ကျိက ပြန်လည်ချေပလိုက်သည်။

“ဒါဆိုရင် ဆန့်ကျင်ဘက်ကို လုပ်ကြည့်မလား... အလယ်ပိုင်းလွင်ပြင်ဘက်ကိုသွားပြီး ပုန်းနေကြရင်ကော”

နတ်သမီးဟူနန်က ထူးခြားသော အကြံတစ်ခု ပေးလိုက်သည်။

၎င်းကို ကြားသောအခါ လူအများအပြား၏ မျက်လုံးများ ဝင်းလက်သွားကြသည်။

“လမ်းမှာ တခြားမသေမျိုးဂိုဏ်းတွေက လူတွေနဲ့ တိုးရင်ကော ဘယ်လိုလုပ်မလဲ”

ဝေယိုသောက်က မျက်မှောင်ကြုတ်လျက် “ဒါတင်မကသေးဘူး။ မသေမျိုးဂိုဏ်းတွေက အလယ်ပိုင်းလွင်ပြင်မှာ အခြေစိုက်တာလေ။ ငါတို့အလာကို သူတို့က ထောင်ချောက်တွေနဲ့ စောင့်နေရင် ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်သွားလိမ့်မယ်”

“နန်းတော်ကို သတင်းပို့တာကော မကောင်းဘူးလား။ ဧကရာဇ်မင်းမြတ်ကတော့ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်”

တပ်မှူးဝမ်က ပြောသည်။

“မသေမျိုးကျင့်ကြံသူတွေက ဒီလောက်အထိ ထင်တိုင်းကြဲပြီး သတ်ဖြတ်ရဲတယ်ဆိုကတည်းက သူတို့မှာ ကြောက်ရွံ့စရာမရှိလို့ပဲ။ ဒါမှမဟုတ် သူတို့က နန်းတော်ရဲ့ သဘောထားကို ဂရုမ

စိုက်တာ ဒါမှမဟုတ်ရင်လည်း နန်းတော်ကိုယ်တိုင်က သူတို့ရဲ့ အစွမ်းကို အမှီပြုနေရတာ ဖြစ်

နိုင်တယ်”

လုံယီက ရုတ်တရက် ဝင်ပြောလိုက်သည်။

သူ၏စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသော်လည်း အသေအချာ ပြန်စဉ်းစားကြည့်သောအခါ ကျိုးကြောင်းဆီလျော်လှသည်။ လောကီနယ်ပယ်ကို ကျော်လွန်နေသော ကျင့်ကြံသူများကို သာမန်လူသားတို့၏ ဥပဒေ၊ နည်းလမ်းများဖြင့် တိုင်းတာ၍ မရနိုင်ချေ။ နန်းတော်က သူတို့ကို အားကိုးနေရသည်ဆိုခြင်းမှာ မယုံနိုင်စရာ ဖြစ်သော်လည်း လုံးဝမဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ပေ။

“ဒါလည်း မရ ဟိုဟာလည်း မရနဲ့... ငါတို့အားလုံး ကိုယ့်လည်ပင်းကိုယ် လှီးလိုက်ကြတော့မလား”

ဒေါသကြီးသော ချူဖုန်းက မျက်လုံးအစုံ ပြူးကျယ်လျက် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“လုံကျန်းပြည်နယ်ကနေ ထွက်ခွာဖို့ ဝေနိုင်ငံကနေ စွန့်ခွာဖို့ကပဲ ငါတို့ ရှင်သန်နိုင်မယ့် တစ်ခုတည်းသော လမ်းဖြစ်လိမ့်မယ်”

ဝေယိုသောက်က ခဏတာ တိတ်ဆိတ်ပြီးနောက် စကားစလိုက်သည်။

ထိုစကားကြောင့် တစ်လောကလုံး တိတ်ဆိတ်သွားရသည်။ ဤအကြံကို မည်သူမျှ မစဉ်းစားဖူးသည်တော့ မဟုတ်ပေ။ သို့သော် ပထမအချက်မှာ လူအတော်များများက မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ထားကြပြီး မိမိတို့၏ အိုးအိမ်စည်းစိမ်ကို အလွယ်တကူ မစွန့်ခွါလိုကြခြင်းပင်။

ဒုတိယအချက်မှာ ဝေနိုင်ငံမှ ထွက်ခွာရန်မှာ အလွန်ခက်ခဲပြီး အဆုံးအစမရှိ ကျယ်ပြောလှသော လုံကျန်းမြစ်ကြီးကို ဖြတ်ကျော်ရမည် ဖြစ်သည်။ ရှေးယခင်မှ ယနေ့တိုင် ထိုအတိုင်းအဆမရှိသော မြစ်ကြီးကို ဖြတ်ကျော်ကာ တစ်ဖက်ကမ်းက မသိနားမလည်သော နယ်မြေအသစ်သို့ အောင်မြင်စွာ ရောက်ရှိသွားသူဟူ၍ မကြားဖူးချေ။

လုံကျန်းမြစ်၏ နက်ရှိုင်းသော ရေအောက်ပိုင်းတွင် ကြောက်မက်ဖွယ်ရာများစွာ ရှိနေပြီး သားရဲတစ်ရာတောင်တန်းထက်ပင် ဝိညာဉ်သားရဲ အရေအတွက် ပိုမိုများပြားသည်ဟု ပြောကြသည်။ သာမန်တံငါသည်များသည် ကမ်းခြေမှ နှစ်မိုင်ထက်ပို၍ မသွားရဲကြဘဲ ရေထဲသို့ ဆင်းသည့်

အချိန်တိုင်း အသက်နှင့်ရင်း၍ သွားကြရခြင်းပင်။

ထို့ကြောင့်ပင် နဂါးမြစ်ငါးကြင်းမှာ အလွန်ရှားပါးပြီး အဆင့်မြင့်အရာရှိကြီးများနှင့် သူဌေးကြီးများသာ စားသုံးနိုင်ခြင်း ဖြစ်သည်။ လုံကျန်းမြစ်နှင့် ပတ်သက်၍ ထိတ်လန့်ဖွယ်ရာ ဒဏ္ဍာရီများစွာ ရှိနေသည်။

တောင်တစ်လုံးခန့် ကြီးမားသော ငါးကြီးများသည် သင်္ဘောများနှင့် လူများကို တစ်လုပ်တည်းနှင့် ဝါးမြိုပစ်တတ်ကြသည်။

သစ်ပင်တစ်ပင်စာခန့် ထူထဲသော ခြေလက်များစွာရှိသည့် အနက်ရောင် ရေဘဝဲကြီးများသည် တံငါလှေများကို ပေါ့ပေါ့ပါးပါးပင် နှစ်ပိုင်းပိုင်းပစ်တတ်သည်။

ထူးဆန်းပြီး စူးရှလှသော သီချင်းသံများကို ကြားရလေ့ရှိပြီး ထိုအသံကြားတိုင်း မြစ်အတွင်း၌ ဝဲကယက်ကြီးများ ဖြစ်ပေါ်ကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုပစ်လေ့ရှိသည်။

လက်ရှိတွင် လုံယီသည် ဝေယိုသောက်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ရှေ့သို့ တိုးထွက်ကာ ပြောလိုက်သည်။

“ကျွန်တော်တို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရပါမယ်။ လုံကျန်းမြစ်ကို ဖြတ်ကျော်ဖို့ ကျွန်တော်တို့ ပြင်ဆင်ပြီးပါပြီ။ ဒီဆန္ဒရှိတဲ့သူ ဘယ်သူမဆို မနက်ဖြန် မွန်းတည့်အချိန်မှာ အစွန်းရောက်လက်သီးဂိုဏ်းကို လာခဲ့ကြပါ။ ကျွန်တော်တို့ အတူတူ ထွက်ခွာကြပါမယ်”

လုံယီ၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ အခြားအဖွဲ့အစည်းများမှ လူများသာမက အစွန်းရောက်လက်သီးဂိုဏ်းမှ တပည့်အများစုပင် မှင်သက်သွားကြသည်။ ၎င်းမှာ လုံယီက အမျိုးသမီးကျင့်ကြံသူကို သတ်ပြီးနောက် ဝေယိုသောက်နှင့် အရေးပေါ် တိုင်ပင်ပြီးမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်ပင်။

အခြားသူများကို ငါးပါးသောဓာတ်ဂိုဏ်းက ချမ်းသာပေးကောင်း ပေးနိုင်သော်လည်း လုံယီမှာမူ သတ်ဖြတ်မည့်စာရင်းတွင် ထိပ်ဆုံးမှ ပါနေမည်မှာ သေချာသည်။ လုံကျန်းမြစ်ကို ဖြတ်ကျော်

ခြင်းမှာ တစ်သောင်းပုံတစ်ပုံမျှသာ အခွင့်အရေးရှိသော်လည်း ဤနေရာတွင် ဆက်နေခြင်းမှာမူ အသေအချာ သေရမည်ဖြစ်ကြောင်း သူနားလည်သည်။

“ဂိုဏ်းချုပ်လျူ... အချိန်က အရမ်းတိုလွန်းမနေဘူးလား။ စဉ်းစားဖို့ နောက်ထပ် နှစ်ရက်

လောက် ထပ်မပေးနိုင်ဘူးလား”

မြေပိုင်ရှင်ကြီးလျူက မနေနိုင်ဘဲ ပြောလိုက်သည်။ သူသည် စည်းစိမ်ချမ်းသာနှင့် မယားအခြံအရံများစွာ ရှိသူဖြစ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်တိုင် သူ၏ ပိုင်ဆိုင်မှုအားလုံးကို စွန့်ခွာပြီး အသက်နှင့်ရင်းကာ နယ်မြေသစ်ရှာရန် သူ ချက်ချင်း မဆုံးဖြတ်နိုင်သေးပေ။

All Chapters