အခန်း (၂၃၃-၂၃၄)
Vol. 24 Ch. 233-234
အခန်း။ ၂၃၃
“အဲ့ဒီအမျိုးသမီးကျင့်ကြံသူက မသေမျိုးဆရာသခင် သေဆုံးပြီး လေးရက်အကြာမှာ ရောက်လာတာ။ သူမရဲ့ အရှိန်က တော်တော်လေး မြန်တယ်။ အခု သူမလည်း သေသွားပြီဆိုတော့ ငါးပါးသောဓာတ်ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေက ဒီထက်တောင် ပိုမြန်နိုင်တယ်။ နှစ်ရက် ဒါမှမဟုတ် သုံးရက်အတွင်း ရောက်လာနိုင်ခြေရှိတယ်။ ဘေးကင်းဖို့ဆိုရင် တစ်ရက်အတွင်း ထွက်ခွာတာက အကောင်းဆုံးပဲ”
ဝေယိုသောက်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
“လုံကျန်းမြစ်ကို ဖြတ်ကျော်ဖို့ဆိုတာက အရမ်း အန္တရာယ်များလွန်းတယ် မဟုတ်လား ရှေးယခင်ကတည်းက အောင်မြင်ခဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူးလေ”
ဟူနန်က ချီတုံချတုံဖြင့် ဝေခွဲမရဖြစ်နေသည်။ သူမသည် အမျိုးသမီးကျင့်ကြံသူ၏ လိုက်လံသတ်ဖြတ်မှုကို ခံခဲ့ရသူ ဖြစ်သည်။ အခြားတစ်ဖက်မှ ကြည့်လျှင်လည်း သူမသည် ရန်သူကို အပြင်းအထန် ပြန်လည်ခုခံခဲ့သူဖြစ်ရာ ငါးပါးသောဓာတ်ဂိုဏ်း၏ အမည်းစက်
စာရင်းတွင် ပါဝင်နေမည်မှာ သေချာလှသည်။
“အဲ့ဒီ ဝတ်စုံနက်နဲ့ မသေမျိုးဆရာသခင်တောင် မြစ်ကို ဖြတ်ကျော်လာနိုင်တာပဲ။ ငါတို့လည်း ဖြစ်နိုင်ခြေ ရှိတာပဲလေ”
ကျန်းမိသားစုခေါင်းဆောင်က ပြောလိုက်သည်။
ကျရောက်တော့မည့် ဘေးအန္တရာယ်ကို တွေးမိကာ လူတိုင်း၏ စိတ်နှလုံးမှာ မတည်မငြိမ် ဖြစ်နေကြရသည်။ သူတို့သည် ပြင်ဆင်မှုများပြုလုပ်ရန်နှင့် ဆုံးဖြတ်ချက်ချရန်အတွက် တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။ အိုးအိမ်စည်းစိမ်ကို စွန့်ခွာရမည့်ကိစ္စမှာ ကြီးမားလှသဖြင့် လူအတော်များများ ယနေ့ည အိပ်ပျော်နိုင်ကြမည် မဟုတ်ပေ။
အစွန်းရောက်လက်သီးဂိုဏ်းအတွင်း၌မူ မကြာမီမှာပင် ဂိုဏ်းသားများသာ ကျန်ရစ်တော့သည်။
“ဒီည အသေအချာ စဉ်းစားကြပါ”
ဝေယိုသောက်က တပည့်များကို လေးနက်သော အသံဖြင့် မှာကြားလိုက်သည်။
“ငါ ဆုံးဖြတ်ပြီးပြီ မနက်ဖြန်ကစပြီး ဂိုဏ်းကို တစ်နှစ်ကြာ ပိတ်ထားမယ်။ ဒီမုန်တိုင်း ပြီးသွားမှပဲ ပြန်ဖွင့်ဖို့ အခြေအနေကို ကြည့်ကြတာပေါ့”
“ဘယ်သူမဆို ထွက်သွားချင်တယ်ဆိုရင် ဂိုဏ်းချုပ်လျူကို ပြောကြ...”
စကားပင် မဆုံးသေးမီမှာပင် တစ်စုံတစ်ယောက်က လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
“ဂိုဏ်းချုပ်လျူ... ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့ချင်ပါတယ်”
ပထမဆုံး ပြောလိုက်သူမှာ ကျားဟုန်ပင်။ သူမ၏ လေသံမှာ ပြတ်သားနေပြီး မည်သည့် တွေဝေမှုမျှ မရှိချေ။ ဝတ်စုံနက်နှင့် ကျင့်ကြံသူက သူမတွင် ကျင့်ကြံရန် ဝိညာဉ်အမြစ်မရှိကြောင်း ပြောခဲ့သည့်အချိန်မှစ၍ သူမသည် ရက်အနည်းငယ်မျှ စိတ်ဓာတ်ကျနေခဲ့သော်လည်း ယခုမူ သူမသည် အပြည့်အဝ နိုးကြားတက်ကြွလာပြီ ဖြစ်သည်။
လုံကျန်းမြစ်သည် မြို့နှင့် ဝေနိုင်ငံ၏ အစွန်အဖျားကြားတွင် တည်ရှိသော သဘာဝအတားအဆီးကြီးတစ်ခု ဖြစ်သည်။
ကျားဟုန်သည် အစွန်းရောက်လက်သီးဂိုဏ်း၏ နံပါတ်တစ် အလှပူတင်းလေး ဖြစ်သည်။ ဝင်းပစိုပြေသော အသားအရေ၊ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်မျက်ဝန်းအစုံမှာ ဖော်ပြမတတ်သာသော အလင်းတန်းများဖြင့် တောက်ပနေတတ်သည်။
“ကောင်းပြီလေ ဒါပေမဲ့ မင်းအဖေကကော သဘောတူပါ့မလား”
လုံယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ကျွန်မ ထွက်သွားမှ သူ ပိုဘေးကင်းမှာပါ”
ကျားဟုန်က တိုးညှင်းစွာ ပြန်ဖြေသည်။
သူမက ထိုသို့ပြောသော်လည်း ၎င်းမှာ သူမ၏ စိတ်ရင်းအမှန် မဟုတ်နိုင်ကြောင်း လုံယီ ခံစားမိနေသည်။ သို့သော်လည်း ကျားဟုန်သည် အစွန်းရောက်လက်သီးဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြန်ရာ သူက သူမကို သဘောမကျသော်လည်း တမင်တကာ ပစ်ပယ်ထားမည်မဟုတ်ပေ။
ကျားဟုန်အပြင် ဟောင်ယွဲ့ ဟုခေါ်သော ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်တပည့်တစ်ဦးကလည်း လိုက်ပါရန် ဆန္ဒပြုခဲ့သည်။ ဟောင်ယွဲ့မှာ မိဘမဲ့တစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံး ဆုံးပါးသွားခဲ့သူဖြစ်ရာ ထိုသို့ ဆုံးဖြတ်ခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။ သူတို့နှစ်ဦးမှအပ ကျန်ရှိသူများကမူ စဉ်းစားရန် အချိန်လိုအပ်နေသေးသည်။ ဤသည်မှာ အလွန်ပင် ခက်ခဲလှသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေသည်မှာ အသေအချာပင်။
အစွန်းရောက်လက်သီးဂိုဏ်းမှ ထွက်ခွာလာပြီးနောက် လုံယီသည် သူငှားရမ်းထားသော အခန်းသို့ ပြန်လာခဲ့သည်။ ခြံဝင်းအတွင်း၌ လူသုံးယောက် ရှိနေသည်။ ကြမ်းတမ်းသော်လည်း စေ့စပ်သေချာသည့် လုရန်၊ ဗိုက်ပူပူကြီးကို အမှတ်တမဲ့ ဖော်ထားတတ်သည့် လျူယွမ်နှင့် ခြေထောက်တစ်ဖက် မသန်သော်လည်း လူမိုက်ပုံစံပေါက်သည့် ဝူပြောင်တို့ပင်။
လုံယီ ရောက်လာသည်ကို မြင်သောအခါ သူတို့အားလုံး ဝမ်းသာအားရဖြင့် တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြသည်။
“ဆရာကြီး”
“အစ်ကိုကြီးယီ”
“အစ်ကို”
လုံယီသည် လက်ဆောင်ရထားသော ထိပ်တန်း နွီအာဟုန်အရက်အိုးတစ်အိုးနှင့် အစွန်းရောက်လက်သီးဂိုဏ်း မီးဖိုချောင်မှ ယူလာသော အမဲသားချက် ဆယ်ပေါင်ခန့်ကို ချထားကာ သူတို့နှင့်အတူ အေးအေးလူလူ စကားစမြည် ပြောဆိုနေ လိုက်သည်။
စကားဝိုင်းကြားတွင် သူသည် မကြာမီ လုံကျန်းမြစ်ကို ဖြတ်ကျော်ပြီး ဝမ်ကျန်းခရိုင်မှ ထွက်ခွာတော့မည့်အကြောင်းကို ထည့်သွင်းပြောကြားလိုက်သည်။ ထိုစကားကြောင့် လူသုံးယောက်စလုံး အကြီးအကျယ် ထိတ်လန့်သွားကြပြီး ခဏမျှ စကားပင် မပြောနိုင်အောင် ဖြစ်သွားကြတော့သည်။
“ထွက်သွားချင်တဲ့သူရှိရင် မနက်ဖြန် အစွန်းရောက်လက်သီးဂိုဏ်းကိုလာပြီး ငါ့ကို လာရှာကြပေါ့”
လုံယီက အေးအေးလူလူပင် ပြောလိုက်သည်။
“လုံကျန်းမြစ်ရဲ့ တစ်ဖက်ကမ်းမှာ တခြားနိုင်ငံတစ်ခု ရှိတယ်လို့ ပုံပြင်စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်”
လျူယွမ်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။
“နေရာတစ်ခုတည်းမှာပဲ တစ်သက်လုံး နေရတာက အရမ်းပျင်းစရာကောင်းလွန်းတယ်။ အစ်ကိုကြီးယီမှာ ဒီလို ရည်မှန်းချက်ကြီးရှိနေမှတော့ ကျွန်တော်လည်း အတူလိုက်ပြီး အတွေ့အကြုံသစ်တွေ ရှာဖွေသင့်တာပေါ့ ဒါမှ လူဖြစ်ရကျိုး နပ်မှာ”
လျူယွမ်၏ စကားကို ကြားသောအခါ လုရန်နှင့် ဝူပြောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဝူပြောင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“အစ်ကိုကြီး... ကျွန်တော့်လို အသုံးမကျတဲ့သူကတော့ ဒီမြို့မှာပဲ နေတာ အကောင်းဆုံးပါ။ ဟိုဘက်အထိလိုက်ပြီး အစ်ကိုကြီးကို ဒုက္ခမပေးချင်တော့ဘူး”
လုရန်၏ မျက်နှာမှာမူ ဝေခွဲမရဖြစ်နေဟန်ရှိပြီး ရုတ်တရက် ထရပ်ကာ လုံယီ၏ရှေ့တွင် ဒူးထောက်လိုက်သည်။
“ဆရာကြီး... ကျွန်တော်သာ တစ်ကိုယ်တည်းဆိုရင် ဆရာကြီးနောက်ကို အသေအချာ လိုက်မှာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ မြို့ထဲက မိသားစုတစ်ခုနဲ့ စေ့စပ်ထားမိလို့ပါ...”
၎င်းကို မြင်သောအခါ လုံယီက မျက်မှောင်ကြုတ်လျက် “မလိုက်ချင်ရင်လည်း မလိုက်နဲ့လေ ငါ မင်းကို အတင်းအကျပ် မတိုက်တွန်းပါဘူး။ ဘာလို့ ဒူးထောက်နေတာလဲ ထစမ်း” ဟု ပြောလိုက်သည်။
လုံယီ၏ အမူအရာမှာ ဟန်ဆောင်နေခြင်းမဟုတ်သည်ကို မြင်မှသာ လုရန်သည် ဝန်လေးစွာဖြင့် ပြန်ထလိုက်သော်လည်း သူ၏မျက်နှာထက်တွင်မူ အားနာစိတ်များ ဖုံးဖိမရအောင် ရှိနေဆဲပင်။
လုံယီက လေးနက်သော အသံဖြင့် “ဒီတစ်ခါ ထိုင်ဝမ်မြို့ကနေ ထွက်ခွာရတာက တကယ်ကို မလွှဲမရှောင်သာလို့ပါ။ ဒီခရီးက အခက်အခဲတွေ အများကြီးရှိသလို ငါကိုယ်တိုင်တောင် ဘေးကင်းပါ့မလား မသေချာဘူး။ ဒါကြောင့် မင်းတို့ကို အတူလိုက်ဖို့ ငါ မတောင်းဆိုပါဘူး။ လျူယွမ်... မင်းလည်း အသေအချာ ပြန်စဉ်းစားဦး။ စိတ်လိုက်မာန်ပါ မဆုံးဖြတ်နဲ့။ ဒါက ကလေးကစားစရာ မဟုတ်ဘူး”
သို့သော် လျူယွမ်က ဂရုမစိုက်ဟန်ဖြင့် “လူ့ဘဝဆိုတာ လွတ်လွတ်လပ်လပ် နေထိုင်ပြီး ဘဝရဲ့ အရသာအသစ်တွေကို မြည်းစမ်းကြည့်ဖို့ပဲလေ။ မဟုတ်ရင်တော့ တစ်နေ့တစ်နေ့ သေးနုပ်တဲ့ ကိစ္စတွေနဲ့ပဲ အချိန်ကုန်ပြီး ပျင်းစရာကောင်းနေမှာပဲ။ တစ်သက်လုံးနေရတာနဲ့ တစ်ရက်တည်းနေရတာ ဘာထူးမှာလဲ အစ်ကိုကြီးယီ ကျွန်တော့်ကို မတားပါနဲ့။ ကျွန်တော် တကယ်ပဲ အတွေ့အကြုံသစ်တွေအတွက် လိုက်ခဲ့ချင်တာပါ”
“ကောင်းပြီ ကောင်းပြီ... အခုတော့ မင်းက ငါ့ကိုတောင် တရားပြန်ဟောနေပြီပေါ့လေ”
လုံယီက ရယ်မောလိုက်သည်။
“ကဲ... ဘာလို့ ကြောင်ပြီးကြည့်နေကြတာလဲ သောက်ကြစမ်း”
မနက်ဖြန်ဆိုလျှင် ခွဲခွာကြရတော့မည်ဖြစ်ရာ ဤဘဝတွင် ပြန်ဆုံနိုင်ရန် ခဲယဉ်းမည်ကို လူလေးယောက်စလုံး သိနားလည်ထားကြသည်။ သူတို့အားလုံး စိတ်မကောင်းဖြစ်နေကြသဖြင့် အရက်ကို အရှိန်အဟုန်ဖြင့် သောက်ရင်း အတိတ်ဟောင်းများကို အောက်မေ့ကာ သတိရနေကြတော့သည်။
ဝူပြောင်နှင့် လုံယီတို့သည် ဆင်းရှန်းရွာအကြောင်း၊ ယန်အာနှင့် ချန်စွန်းရှီးတို့အကြောင်းကို ပြောဖြစ်ကြသည်။ လုံယီသည် ရွှံ့စေးဖြင့် ပိတ်ထားသော စာတစ်စောင်ကို ဝူပြောင်အား ကမ်းပေးလိုက်ပြီး အခွင့်သာလျှင် ချန်စွန်းရှီးတို့ထံသို့ ပေးပို့ပေးရန် မှာကြားလိုက်သည်။ သူကိုယ်တိုင်မှာမူ ထိုသို့သွားရန် အချိန်ရတော့မည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် လုံယီသည် ဝူပြောင်အား ငွေသားအမြောက်အမြား ပေးအပ်ခဲ့ပြီး ထိုအထဲတွင် ချန်စွန်းရှီးနှင့် အခြားသူများအတွက် ဝေစုလည်း ပါဝင်သည်။
လုရန်နှင့် လုံယီတို့မှာမူ မြစ်ဂိုဏ်းအကြောင်းများကို စကားဖလှယ်ဖြစ်ကြသည်။ ခန်းမသခင်အဖြစ် ရာထူးတိုးပြီးနောက်ပိုင်း ကိစ္စရပ်များမှာ ယခင်ကထက် ပိုမိုရှုပ်ထွေးလာပြီး အတွင်းပိုင်း ပဋိပက္ခများမှာလည်း ပြင်းထန်လာခဲ့သည်။ လတ်တလော စေ့စပ်လိုက်သည့်ကိစ္စမှာလည်း ဂိုဏ်းထဲမှ လူကြီးတစ်ဦးက သူ့ကို စည်းရုံးသိမ်းသွင်းရန် လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားခြင်း သဘောမျိုး အနည်းငယ် သက်ရောက်နေသည်။
လုရန်နှင့် လျူယွမ်တို့သည် ယခင်က ဘေးအန္တရာယ်များကြားမှ လုံယီကို မြို့ထဲသို့ ပြန်မလာရန် သတင်းပေးခဲ့ဖူးသဖြင့် သူတို့၏ သစ္စာရှိမှုမှာ သံသယဖြစ်ဖွယ် မရှိပေ။ ထို့ကြောင့်လည်း လုံယီသည် သူတို့အတွက် များပြားလှသော အခြေခံပိုင်ဆိုင်မှုများကို ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။ ငွေသားများအပြင် ပေါ့ပါးသောကိုယ်ဖျတ်အတတ်နှင့် စွမ်းအင်ပိတ်ဆို့ခြင်းအတတ်ကဲ့သို့သော သူကိုယ်တိုင် သီးသန့်စုဆောင်းထားသည့် သိုင်းပညာရပ်များကိုလည်း ပေးအပ်ခဲ့သည်။ ဤအတတ်များမှာ လုံယီအတွက် အသုံးမဝင်တော့သော်လည်း လုရန်အတွက်မူ မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းနိုင်သော အဖိုးတန်အမွေအနှစ်များ ဖြစ်လာပေလိမ့်မည်။ သူ့လူများအပေါ်တွင်မူ လုံယီသည် မည်သည့်အခါမျှ လက်တွန့်လေ့မရှိပေ။
လျူယွမ်ကမူ မြို့ထဲမှ အတင်းအဖျင်း သတင်းစုံများကို ဖောက်သည်ချနေသည်။ ချမ်းသာသောသူဌေးကြီးတစ်ဦး၏ မယားငယ်မှ မွေးသောသားမှာ အမှန်စစ်စစ် သူ၏မြေးဖြစ်နေခြင်း သို့မဟုတ် လူတစ်ယောက်သည် ပြည့်တန်ဆာရုံမှ အမျိုးသမီးတစ်ဦးမှာ သူ၏ဇနီးဖြစ်နေသည်ကို သိလိုက်ရခြင်း စသည့် အကြောင်းအရာများကြောင့် အားလုံးမှာ ဟားတိုက်ရယ်မောခဲ့ကြသည်။
မည်မျှကြာအောင် သောက်ခဲ့ကြသည်မသိပေ။ လျူယွမ်နှင့် ကျန်နှစ်ဦးမှာ စားပွဲပေါ်တွင်ပင် မှောက်လျက် အိပ်ပျော်သွားကြပြီး ဟောက်သံများပင် ထွက်ပေါ်နေတော့သည်။ လုံယီ၏ မျက်ဝန်းများမှာမူ တောက်ပနေဆဲဖြစ်ပြီး မူးယစ်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။
သူသည် ကောင်းကင်ယံမှ ရွှေရောင်လပြည့်ဝန်းကြီးကို ကြည့်ကာ “ဒီညက လူသတ်ဖို့ အကောင်းဆုံးညပဲ” ဟု တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ကိုယ်ကိုတစ်ချက် လှည့်လိုက်သည်နှင့် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
မြို့၏ မြောက်ဘက်ပိုင်းရှိ သတိမထားမိလောက်သော ခြံဝင်းတစ်ခုအတွင်း၌ ထိုအချိန်တွင် အခန်းတိုင်း၌ လူများစွာ အိပ်ပျော်နေကြသည်။ ဤလူများမှာ စုပြုံနေထိုင်နေကြသော်လည်း သူတို့၏ အသက်ရှူသံများမှာမူ သာမန်မဟုတ်ချေ။ ထက်ဝက်ကျော်မှာ ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်သိုင်းသမားများဖြစ်ပြီး အချို့မှာ ချီလှည့်ပတ်မှုအဆင့်သိုင်းသမားများပင်။
အခန်းတစ်ခန်းအတွင်း၌ တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်နေ၏
“ငါ အတည်ပြုနိုင်တဲ့ သတင်းတစ်ခု ရထားတယ်။ အဲ့ဒီလူယုတ်မာ လုံယီက မသေမျိုးဂိုဏ်းရဲ့ လက်စားချေမှုကို ကြောက်လို့ ထွက်ပြေးဖို့ ပြင်နေပြီတဲ့။”
“မျိုးနွယ်စုခေါင်းဆောင်ကြီးက သားရဲလှိုင်းကြားမှာ လုံယီရဲ့ အကြံအဖန်ကြောင့် သေဆုံးခဲ့ရတာ။ ငါတို့ကတော့ အဲ့ဒီစားပွဲကို မတက်ခဲ့လို့ ဘေးကင်းသွားတာပဲ။ မသေမျိုးဂိုဏ်းက ကိစ္စတွေကို အပြတ်ရှင်းပြီးသွားရင် ငါတို့ ဖန်းမိသားစုပြန်လည် ထွန်းကားလာမှာ အသေအချာပဲ”
“လုံယီ မရှိတော့ရင် အစွန်းရောက်လက်သီးဂိုဏ်းဆိုတာ ဘာမှမဟုတ်တော့ဘူး။ အချိန်တန်ရင် ငါတို့ သူတို့ကို အမြစ်ပြတ် သုတ်သင်ပြီး ငါတို့ ရင်ထဲက အာဃာတတွေကို ရှင်းပစ်မယ်”
သူတို့အုပ်စုသည် အနာဂတ်တွင် လက်စားချေမည့် အိပ်မက်များကို မက်မောစွာ ပြောဆိုနေကြစဉ်မှာပင် ရုတ်တရက် ဒုန်းကနဲ အသံနှင့်အတူ အနက်ရောင် အရိပ်တစ်ခုမှာ ခြံဝင်းအတွင်းသို့ ခုန်ဆင်းလာတော့သည်။
အခန်း။ ၂၃၄
ခြံဝင်းအတွင်းရှိ လူများမှာ လန့်နိုးလာကြပြီး တံခါးကို ဖွင့်လိုက်သည်နှင့် သူတို့၏ မျက်နှာများမှာ သေလူကဲ့သို့ ချက်ချင်းပင် ဖြူလျော့သွားကြတော့သည်။
“လုံယီ... မင်း ငါတို့အားလုံးကို တကယ်ပဲ အမြစ်ဖြတ် သတ်ပစ်ချင်နေတာလား”
သူတို့ထဲတွင် အသက်အကြီးဆုံး အဘိုးအိုတစ်ဦးက အဆုံးစွန်သော အာဃာတများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် အော်လိုက်သည်။
“ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့ပြီးသားပဲ။ ဒါပေမဲ့ မင်းတို့က အသက်ရှူကျင့်စဉ်တွေနဲ့ ဆေးဖက်ဝင် အပင်စိုက်ခင်းတွေကို လွှဲမပေးခဲ့တဲ့အပြင် အနာဂတ်မှာ လက်စားချေဖို့ပါ အိပ်မက်မက်နေကြသေးတယ်။ မင်းတို့ကို အသက်ချမ်းသာပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး”
အနက်ရောင် အရိပ်ကြီးက အေးစက်စွာ ပြောဆိုရင်း နက်မှောင်သော ပုဆိန်ကြီးကို မြှောက်လိုက်သည်။
နောက်တစ်ခဏတွင်မူ စူးရှသော အော်ဟစ်သံများမှာ တဆက်တည်း ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် ပြန်လည် တိတ်ဆိတ်သွားတော့သည်။ ထိုအရိပ်မှာမူ ရပ်တန့်မနေဘဲ နောက်ထပ်နေရာတစ်ခုသို့ လျင်မြန်စွာ ရွေ့လျားသွားပြန်သည်။
ထိုညတွင် လုံယီသည် မြို့အတွင်း၌ ဝှက်ထားသော ဖန်းမိသားစု၊ ဖူလင်အစောင့်အရှောက်အဖွဲ့နှင့် ရွှီမိသားစုတို့၏ အခြေစိုက်စခန်းများစွာကို အင်အားသုံးကာ အမြစ်ပြတ် သုတ်သင်ပစ်လိုက်သည်။ သူတို့၏ အင်အားစုအားလုံးကို အပြီးတိုင် မချေမှုန်းနိုင်ခဲ့သည့်တိုင်အောင် အကြီးအကျယ် အားနည်းသွားစေခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာသည်အထိ ပြန်လည်ဦးမော့လာနိုင်တော့မည် မဟုတ်ပေ။
အစွန်းရောက်လက်သီးဂိုဏ်းအနေဖြင့် ဤရန်သူများကို စုံစမ်းစစ်ဆေးနေသည်မှာ ကြာပြီဖြစ်သလို တပ်မှူးဝမ်ထံမှ ရရှိသော သတင်းအချက်အလက်များကြောင့်လည်း လုံယီသည် သူတို့၏ အခြေအနေကို လက်ဝါးပေါ်တွင် တင်ထားသကဲ့သို့ အသေအချာ သိရှိနေခြင်းပင်။ ယခင်က သူတို့ကို သုတ်သင်ရန် အခွင့်အရေး မရှိခဲ့သလို အလောတကြီးလည်း မလုပ်ခဲ့ပေ။ သို့သော် သူသည် မနက်ဖြန်တွင် ထွက်ခွာတော့မည် ဖြစ်သည်။ ဤကဲ့သို့ ရက်ရက်စက်စက် မရှင်းလင်းခဲ့ပါက ကျန်ရစ်ခဲ့မည့် ဂိုဏ်းသားများနှင့် သူငယ်ချင်းများမှာ အနာဂတ်တွင် ကြောက်မက်ဖွယ်ကောင်းသော ကံဆိုးမိုးမှောင်ကျမှုများနှင့် ရင်ဆိုင်ရနိုင်သည်။
တစ်ညလုံး မြို့အနှံ့ ရက်စက်စွာ သုတ်သင်ရှင်းလင်းခဲ့ခြင်းကြောင့် လုံယီ၏ စွမ်းအင်အမှတ်များမှာ တစ်ညတည်းနှင့်ပင် ဂဏန်းသုံးလုံးအထိ ပြန်လည် ပြည့်တက်လာခဲ့သည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် နောက်တစ်နေ့ မွန်းတည့်အချိန်သို့ ရောက်ရှိလာတော့သည်။
အစွန်းရောက်လက်သီးဂိုဏ်းအတွင်း၌ လိုက်ပါမည့်သူများကို အတည်ပြုလိုက်ကြသည်။ ကျားဟုန်နှင့် ဟောင်ယွဲ့တို့အပြင် ချန်မူကျူ အပါအဝင် အတွင်းစည်းတပည့် ငါးဦး ထပ်မံလိုက်ပါရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤတပည့်အများစုမှာ ဟောင်ယွဲ့ကဲ့သို့ပင် သံယောဇဉ်တွယ်စရာ နောက်ကြောင်းမရှိသူများ ဖြစ်ကြသည်။ ချန်မူကျူမှာမူ လက်တစ်ဖက် ဆုံးရှုံးသွားပြီးနောက်ပိုင်း ဂုဏ်သရေရှိ မိသားစုတစ်ခုမှ အမျိုးသမီးနှင့် စေ့စပ်ထားခြင်းမှာ ပျက်ပြယ်သွားခဲ့ရသဖြင့် အကြီးအကျယ် စိတ်ဓာတ်ကျနေသူ ဖြစ်သည်။
ထို့ပြင် အိမ်တွင် ညီအစ်ကို မောင်နှမများစွာ ရှိနေသဖြင့် မိဘများကို ပြုစုစောင့်ရှောက်ရန်အတွက်လည်း ချန်မူကျူ စိုးရိမ်စရာ မရှိတော့ပေ။
ကျန်ရှိနေသော တပည့်များ၊ အကြီးအကဲများနှင့် ဂိုဏ်းချုပ် ဝေယိုသောက်ကိုယ်တိုင်ပင်လျှင် မည်သူမျှ ထွက်ခွာရန် ဆန္ဒမရှိကြတော့ချေ။
“ဒီနေ့ပြီးရင် ငါတို့အားလုံး ကိုယ့်အိမ်ကိုယ်ပြန်ကြရုံပဲ။ ငါးပါးသောဓာတ်ဂိုဏ်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ။ ငါတို့အားလုံးကို တစ်ယောက်မကျန် လိုက်သတ်ဖို့အထိတော့ သေးသိမ်မယ်မထင်ပါဘူး”
ဝေယိုသောက်က ရယ်မောရင်း ပြောလိုက်သည်။
“ဒါ့အပြင် မင်းပေးထားတဲ့ စွမ်းအင်ပိတ်ဆို့ခြင်းအတတ်ကိုလည်း ငါ လေ့ကျင့်ပြီးပြီ။ မကြာခင်မှာ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို သာမန်သိုင်းသမားတစ်ယောက်အဆင့်အထိ လျှော့ချထားနိုင်တော့မှာပါ”
အကြီးအကဲကျန်းကလည်း “ငါတို့က အိုလှပြီ။ ပြဿနာရှာဖို့ အားအင်မရှိတော့ပါဘူး။ တကယ်လို့ အဖမ်းခံရရင်တောင် ဒီအသုံးမကျတဲ့ အသက်တစ်ချောင်းပဲ ပေးလိုက်ရမှာပေါ့” ဟု ပြောလိုက်သည်။
“ဟုတ်တယ် မြေးတွေကို ပြန်ထိန်းဖို့ အချိန်ကောင်းပဲ။ ငါ့သားက သိုင်းပညာမှာ ပါရမီမပါတော့ တောမှာပဲ အခြေချနေတာ။ အခုတော့ ငါလည်း အနားယူလို့ရပြီ”
တစ်ချိန်က ခန့်ညားထည်ဝါသော အရှိန်အဟုန်ရှိခဲ့သည့် အကြီးအကဲချုပ် ကျိုးပုဖုန်းက ပြောသည်။ သူသည် လေးလံသောဓားဂိုဏ်းနှင့် တိုက်ပွဲတွင် ကုသ၍မရနိုင်သော ဒဏ်ရာတစ်ခု ရရှိခဲ့ပြီးနောက် ယခုအခါ အနားယူရန်သာ ဆုံးဖြတ်လိုက်ပုံပင်။ သူ၏ မျက်နှာထက်တွင် အရေးအကြောင်းများစွာ ထင်ဟပ်နေပြီး အိုမင်းရင့်ရော်မှုကို ပြသနေသည်။
သို့သော် သူသည် သူ၏ တံခါးပိတ်တပည့်ဖြစ်သူ ကျားဟုန်ကို စောင့်ရှောက်ပေးရန် လုံယီအား သီးသန့် အကူအညီတောင်းခဲ့သည်။ ဂိုဏ်းအတွက် တစ်သက်လုံး ပေးဆပ်ခဲ့သော အကြီးအကဲတစ်ဦး၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုမှုကို လုံယီ ငြင်းပယ်ရန် ခက်ခဲလှသည်။
အစွန်းရောက်လက်သီးဂိုဏ်းမှ တပည့်အနည်းငယ်အပြင် အခြားသော အဖွဲ့အစည်းများမှ လူများလည်း ရောက်ရှိလာကြသည်။
ကျန်းမိသားစုမှ ကျန်းထျန်းလင်၊ ကျန်းဝေတ၊ ကျန်းဝေချုန်းနှင့် သူတို့၏ ဇနီးသည်များ၊ ဆဌမမြောက် ဘိုးဘိုးကြီး၊ အစောင့်အကြပ်ဖန်နှင့် ဇနီး၊ အိမ်သား ၅ ဦး အပါအဝင် စုစုပေါင်း ၁၂ ဦး၊ ရှီမိသားစုမှ အဘိုးကြီးရှီ၊ ရှီချိုင်ဖုန်း၊ ရှီချင်းတနှင့် အစေခံအိုကြီး စုစုပေါင်း ၄ ဦး။
ယခင်က သားရဲမုဆိုးအစောင့်အကြပ်အဖြစ် အတူလုပ်ခဲ့ဖူးသော သူငယ်ချင်းယန်ဇီ။ ဤ ဆံပင်ကျစ်ဆံမြီးနှင့် သိုင်းသမားလေးက လုံယီနှင့်အတူ လောကကြီးကို လှည့်လည်ကြည့်ရှုချင်သည်ဟု ပြတ်ပြတ်သားသား ကြေညာခဲ့သည်။
လေလွင့်သိုင်းသမားလေးဖြစ်သူ လျူယွမ်မှာမူ အရက်အိုးတစ်လုံးနှင့် ကျောပိုးအိတ်အမည်းလေးတစ်လုံးကိုသာ လွယ်ထားပြီး အလွန်ပင် ပေါ့ပေါ့ပါးပါးနှင့် ခန့်ညားနေတော့သည်။
အခြားမြို့များမှ လာရောက်ပူးပေါင်းသူ နှစ်ဦးသာ ရှိသည်။ သူတို့မှာ လက်တစ်ဖက်ပြတ်နေသော တာအိုဆရာ ရွှမ်ကျိနှင့် အကြောင်းပြချက် မရှိဘဲ ရွှေရောင်ဖရဲသီးလက်နက်ကြီးနှစ်လုံးကို ကိုင်ထားသည့် ချူဖုန်းတို့ပင်။
လိုက်ပါရန် ဆုံးဖြတ်ထားသူ စုစုပေါင်းမှာ အယောက် ၃၀ နှင့် ၄၀ ကြားသာ ရှိတော့သည်။
သို့သော်လည်း လိုက်လံပို့ဆောင်သူ အရေအတွက်မှာ အလွန်များပြားလှသဖြင့် မြင်ကွင်းမှာ အတော်ပင် ခမ်းနားထည်ဝါလှသည်။
အစွန်းရောက်လက်သီးဂိုဏ်းမှ အခြားဂိုဏ်းသားများ၊ မြေပိုင်ရှင်လျူ၊ တပ်မှူးဝမ်တို့အပြင် ဟူနန်နှင့် ဆုန်ချီကျွင်းကဲ့သို့သော ထိပ်တန်းသိုင်းပညာရှင်များလည်း ပါဝင်ကြသည်။ ဆန်းပြားလှပသော မြင်းရထား ဒါဇင်ပေါင်းများစွာသည် ပို့ဆောင်မည့်သူများနှင့် ထွက်ခွာမည့်သူများကို တင်ဆောင်ကာ လုံကျန်းမြစ်ကမ်းပါးသို့ အတူတကွ ဦးတည်လာခဲ့ကြသည်။
ထိုနေရာတွင် လူများကို တင်ဆောင်ရန် လှေငယ်အချို့က စောင့်ကြိုနေကြပြီး တစ်မိုင်မပြည့်သော အကွာအဝေးတွင်မူ ကြီးမားခမ်းနားသော သစ်သားသင်္ဘောကြီးတစ်စင်းမှာ ငြိမ်သက်စွာ ဆိုက်ကပ်ထားသည်။
ဗြန်း ဗြန်း…
အနည်းငယ် နောက်ကျိနေသော မြစ်ရေပြင်မှာ မြစ်ကမ်းပါးကို အဆက်မပြတ် ရိုက်ခတ်နေပြီး လတ်ဆတ်သော မြစ်လေညင်းက လူတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်သွားရာ စိတ်နှလုံးကို လန်းဆန်းစေသည်။ အဝေးသို့ မျှော်ကြည့်လိုက်လျှင် နေရောင်အောက်ရှိ လုံကျန်းမြစ်မှာ ငွေရောင်အတိ ဝင်းလက်နေပြီး အဆုံးအစမရှိ ကျယ်ပြောလှသဖြင့် မိုးကုတ်စက်ဝိုင်းနှင့် တစ်သားတည်း ဖြစ်နေတော့သည်။
လုံယီနှင့် သူ၏အဖွဲ့သားများသည် အထုပ်အပိုးများကိုယ်စီဖြင့် လှေငယ်များပေါ်သို့တက်ကာ သင်္ဘောကြီးရှိရာသို့ သွားရောက်ရန် ပြင်ဆင်လိုက်ကြသည်။
“နေပါဦး”
အဝေးမှနေ၍ ကြည်လင်ပြတ်သားသော အမျိုးသမီးအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းကို ကြားလိုက်ရချိန်တွင် စိတ်ပျက်အားငယ်နေသော ကျန်းဝေတ၏ မျက်နှာထက်တွင် အတိုင်းထက်အလွန် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ဦးသည် သူမ၏ ဂါဝန်စကို မကာ အသည်းအသန် ပြေးလာနေခြင်းပင်။
“ကျွန်မ... ကျွန်မလည်း ရှင်တို့နဲ့အတူ လိုက်ခဲ့မယ်”
“မင်းအဖေက သဘောတူလို့လား”
ကျန်းဝေတသည် သူ၏ဝမ်းသာအားရအပြုံးကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။
ထိုမိန်းကလေးမှာ ရွှီယွန်းဖြစ်ပြီး အစွန်းရောက်လက်သီးဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦး ဖြစ်သည်။ သူမနှင့် ကျန်းဝေတတို့မှာ အပြန်အလှန် မေတ္တာရှိနေကြသူများဖြစ်ကြောင်း လုံယီလည်း သိရှိထားသည်။
“မဟုတ်ဘူး ကျွန်မ ခိုးထွက်လာခဲ့တာ”
ရွှီယွန်းက တိုးတိုးလေး ကပ်ပြောလိုက်သည်။
“သွားကြစို့ မြန်မြန် လှေပေါ်တက်”
ကျန်းဝေတက တစ်စုံတစ်ယောက် နောက်က လိုက်လာမည်ကို စိုးရိမ်သဖြင့် သူမ၏ လက်ကိုဆွဲကာ အလောတကြီး ပြောလိုက်သည်။
“ခဏနေဦး”
ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေး တစ်စုံတစ်ယောက်က ထပ်မံ အော်ဟစ်တားဆီးလိုက်ပြန်သဖြင့် ကျန်းဝေတမှာ ထိတ်လန့်တုန်ရင်သွားရသည်။ သို့သော် လုံယီနှင့် အဖွဲ့သားများကို ရပ်တန့်စေခဲ့သူမှာ သူကြောက်နေသည့် သဘောမတူသော အဖေမဟုတ်ခဲ့ပေ။
၎င်းမှာ လုံယီ အလွန်ရင်းနှီးသော လူတစ်ယောက် ဖြစ်နေသည်။ သူသည် အသက်ငါးဆယ်ဝန်းကျင်၊ အနည်းငယ် ဝဖြိုးပြီး ခန့်ညားလှသော အနက်နှင့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ပြောင်လက်နေသော သားရေဦးထုပ်ကို ဆောင်းထားသည်။ သူသည် မြင်းကို အပြင်းနှင်၍ ပြေးဝင်လာခြင်းပင်။
သူကား ဆင်းရှန်းရွာ၏ နံပါတ်တစ်သူဌေးကြီး မြေပိုင်ရှင်ကြီးကျားပင်။
သူ့ဘေးတွင်မူ မတ်တပ်ရပ် လမ်းလျှောက်နေသော သတ္တဝါကြီးတစ်ကောင် ပါလာသည်။ ၎င်းသည် အေးအေးလူလူ လမ်းလျှောက်နေသော်လည်း အရှိန်မှာ မြင်းတစ်ကောင်ထက် မနှေးပေ။ ၎င်းမှာ ဆယ်ပေကျော် မြင့်မားပြီး ပြောင်လက်နေသော အမွေးအမှင်များရှိသည့် ဝက်ဝံနက်ကြီး တစ်ကောင် ဖြစ်သည်။ ၎င်း၏ ကြက်ဥအရွယ် မျက်လုံးအစုံမှာ လိမ္မာပါးနပ်မှုများ ရှိနေပြီး သာမန်သားရဲများကဲ့သို့ ရန်လိုသည့် အရိပ်အယောင် လုံးဝမရှိချေ။
“မြေပိုင်ရှင်ကြီး... ကျွန်တော့်ကို လိုက်ပို့ဖို့ တကူးတက လာတာလား”
လုံယီက ပြုံးလျက် မေးလိုက်သည်။
“ဒီဝက်ဝံနက်ဝိညာဉ်က မင်းကိုလိုက်ရှာဖို့ ငါ့ကို ခဏခဏ လာပူဆာနေတာနဲ့ မြို့ထဲကို ရောက်လာတာ။ မင်းထွက်သွားတော့မယ်ဆိုတာ ကြားရတာနဲ့ အပြေးလိုက်လာတာ။ ကံကောင်းလို့ မီသွားတယ်”
လုံယီသည် ဝက်ဝံနက်ဝိညာဉ်ကို ကြည့်လိုက်ရာ ၎င်းမှာ သူ့ကို အသနားခံသော မျက်လုံးများဖြင့် ကြည့်နေပြီး ရှေ့ခြေနှစ်ဖက်ကို မြှောက်ကာ အဆက်မပြတ် အရိုအသေပေးနေသည်ကို တွေ့လိုက်ရသည်။
“မင်းရဲ့ ခန္ဓာကိုယ်ကြီးက ဒီလောက်ကြီးတာ ငါတို့လှေပေါ်မှာ မင်းအတွက် နေရာမရှိဘူးကွ”
လုံယီ၏ စကားပင် မဆုံးသေးမီမှာပင် ဝက်ဝံနက်ကြီးသည် ဗွမ်းကနဲ မြည်သံနှင့်အတူ လုံကျန်းမြစ်ထဲသို့ ခုန်ဆင်းသွားတော့သည်။ ရေမျက်နှာပြင်ပေါ်တွင် အမွေးအမှင်များ ပြည့်နေသော ဦးခေါင်းကြီး ပေါ်လာပြီး ရေထဲ၌ အေးအေးလူလူ ကူးခတ်နေတော့သည်။
“ကဲ... အချိန်ကိုက် ရောက်လာပြီဆိုတော့ သွားကြစို့”
လုံယီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လူတိုင်း လှေငယ်များပေါ်သို့ စတင်တက်ရောက်ကြတော့သည်။
လှေပေါ်တွင် လှေလှော်သမားများက တက်များကို မြှောက်လိုက်ကြပြီး သင်္ဘောကြီးရှိရာသို့ ကျွမ်းကျင်စွာ လှော်ခတ်သွားကြသည်။ မထွက်ခွာမီ လုံယီသည် နောက်သို့ လှည့်ကြည့်ကာ ကမ်းခြေမြင်ကွင်းကို အကြာကြီး ငေးမောနေမိသည်။
ကမ်းခြေတွင် ဝေယိုသောက်၊ ကျိုးပုဖုန်း၊ အကြီးအကဲကျန်း၊ လုရန်၊ ဝူပြောင်၊ ကျန်းချန်ယွဲ့၊ ကျင်းဖုန်း၊ တပ်မှူးဝမ်၊ ဟူနန်နှင့် ဆုန်ချီကျွင်းတို့...
ဤရင်းနှီးကျွမ်းဝင်သော မျက်နှာများသည် တဖြည်းဖြည်းနှင့် သေးငယ်သွားကာ အမြင်အာရုံထဲတွင် ဝေဝါးပျောက်ကွယ်သွားတော့သည်။ ဤတစ်ခါ ခွဲခွာခြင်းသည် မည်သည့်နှစ်၊ မည်သည့်လတွင်မှ ပြန်လည်ဆုံတွေ့နိုင်မည်ကို မည်သူမျှ မသိနိုင်တော့ပေ။