← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း။ ၂၃၅

လုံယီနှင့် အဖွဲ့သားများ စီးနင်းလိုက်ပါမည့် သင်္ဘောကြီးမှာ အသေအချာ ရွေးချယ်ထားသည့် သစ်သားသင်္ဘောကြီး ဖြစ်သည်။

၎င်းသည် အလျား ပေတစ်ရာကျော်နှင့် အနံ ၂၅ ပေခန့်ရှိကာ အခန်းနှစ်ထပ် ပါဝင်သည်။ သင်္ဘော၏ ကိုယ်ထည်မှာ နက်မှောင်သော အညိုရောင်ရှိပြီး ကုန်းပတ်နှင့် တိုင်မကြီးများကိုမူ နက်မှောင်သော အနီရောင် သစ်စေးများ သုတ်လိမ်းထားသည်။ သင်္ဘော၏ ရှေ့နှင့် နောက်တို့တွင် ခြေနင်းစက်များ တပ်ဆင်ထားပြီး အခကြေးငွေ အမြောက်အမြားပေး၍ ငှားရမ်းထားသော လှေလုပ်သားများက တက်မများကို ထိန်းချုပ်မောင်းနှင်ကြမည်ဖြစ်သည်။

သင်္ဘော၏ ပတ်ပတ်လည်တွင်လည်း ဖြစ်ပေါ်လာနိုင်သော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိစေရန် အကာအကွယ်အတားအဆီးများ တပ်ဆင်ထားသည်။ သင်္ဘောတစ်စင်းလုံးတွင် အမည်မသိ အပင်တစ်မျိုး၏ သင်းပျံ့သောရနံ့များ ဖုံးလွှမ်းနေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေသည်။

သင်္ဘောပေါ်သို့ တက်ရောက်သူဦးရေမှာ ၄၀ မပြည့်သော်လည်း သင်္ဘောပေါ်တွင် အသင့်ရှိနေသော လှေလုပ်သားများနှင့် ကပ္ပတိန်မှာလည်း ထိုအရေအတွက်ခန့်ပင် ရှိသည်။ လုံယီနှင့် ရှီချိုင်ဖုန်းတို့သည် ခွန်အားကြီးမားကြသော်လည်း သင်္ဘောမောင်းနှင်ခြင်းကဲ့သို့သော နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များကို ကျွမ်းကျင်ပညာရှင်များထံသို့သာ လွှဲအပ်ထားသင့်ကြောင်း သူတို့ကောင်းစွာ နားလည်ထားကြသည်။

အတိုတွင်း၌ ဤမျှများပြားသော လှေလုပ်သားများကို စုဆောင်းနိုင်ခြင်းမှာ သူတို့အနက် အများစုမှာ မျိုးရိုးကြီးမိသားစုများတွင် မွေးဖွားလာသူများဖြစ်ပြီး ငယ်စဉ်ကတည်းက သစ္စာရှိမှုရှိစေရန် ပြုစုပျိုးထောင်ခြင်းခံထားရသောကြောင့်ပင်။ သူတို့ထဲတွင် ပထမချီစွမ်းအားအဆင့် သို့မဟုတ် ဒုတိယချီစွမ်းအားအဆင့်ရှိသော သိုင်းသမားများစွာပင် ပါဝင်သည်။

“ကျောက်ဆူးကို မတင်ကြစမ်း”

“ရွက်တိုင်ကို မြှောက်လိုက်”

“ခြေနင်းစက်ကို နင်းကြ”

ဝါရင့်ကပ္ပတိန်ကြီး၏ အမိန့်ပေးသံအဆုံးတွင် သိုင်းသမားအဆင့်ရှိသော လှေလုပ်သားအချို့သည် ကျောက်ဆူးမောင်းတံကို အတူတကွ လှည့်လိုက်ကြရာ လေးလံလှသော ကျောက်သားကျောက်ဆူးကြီးမှာ ရေအောက်မှ တဖြည်းဖြည်း မြင့်တက်လာတော့သည်။ အချို့သော လှေလုပ်သားများက ရွက်တိုင်ကြိုးများကို ဆွဲတင်ကြပြီး ကျန်လူများမှာမူ သင်္ဘောဦးပိုင်းသို့သွားကာ ခြေနင်းစက်များကို စတင်နင်းကြတော့သည်။

သင်္ဘောပေါ်ရှိ ဝင်ရိုးတံများထံမှ လေးလံလှသော ကျွိ... ကျွိမြည်သံများ ထွက်ပေါ်လာတော့သည်။

သင်္ဘောကိုယ်ထည်မှာ အနည်းငယ် တုန်ခါသွားပြီးနောက် တဖြည်းဖြည်း ရွေ့လျားလာကာ အရှိန်ရလာသည်။ တောက်လောင်နေသော နေရောင်အောက်တွင် မြစ်ရေပြင်ကို ခွဲခြမ်းလျက် မသိနားမလည်နိုင်သော အနာဂတ်ဆီသို့ ဦးတည်ရွက်လွှင့်နေတော့သည်။

သင်္ဘောပေါ်ရှိ လူတိုင်းမှာ ကုန်းပတ်ပေါ်တွင် ရပ်နေကြပြီး တဖြည်းဖြည်း ဝေးကွာကျန်ရစ်ခဲ့သော ကမ်းခြေကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေကြသည်။

“ဒီတစ်သက်မှာ ငါတို့ ပြန်လာနိုင်ပါဦးမလား”

ကျန်းဝေချုန်းက အားငယ်စွာ ပြောလိုက်သည်။ သူသည် မျိုးရိုးကြီးမိသားစုမှ သခင်လေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက စည်းစိမ်ချမ်းသာများကြားတွင် ကြီးပြင်းလာသူဖြစ်သည်။ ယခုမူ အန္တရာယ်များလှသော ခရီးကိုဖြတ်ကာ မသိရသေးသော နယ်မြေတစ်ခုသို့ သွားနေရခြင်းမှာ သေခြင်းရှင်ခြင်းပင် မရေရာလှသဖြင့် သူ၏စိတ်ထဲတွင် ခံစားရခက်နေခြင်းပင်။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။ မသေမျိုးဆရာသခင်၏ စားပွဲကို တက်ခဲ့ခြင်းနှင့် လုံယီနှင့် ပတ်သက်မှုရှိနေခြင်းတို့ကြောင့် ဤမြို့တွင် ဆက်နေပါက သေချာပေါက် သေရမည်သာ ဖြစ်သည်။

“ပြန်လာတော့ကော ဘာထူးမှာလဲ။ နောက်နှစ်တစ်ရာကြာရင် ဝါဂွမ်းမြေပုံတစ်ခုပဲ ဖြစ်သွားမှာကို”

သူ၏ဘေးမှ ကျားဟုန်က စိတ်ပျက်ရိပ်မပြဘဲ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကျန်းဝေတနှင့် ရွှီယွန်းတို့ ဇနီးမောင်နှံမှာမူ တစ်ဦး၏လက်ကို တစ်ဦးက တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အပြန်အလှန် ပြုံးပြနေကြသည်။ သူတို့အတွက်မူ မည်သည့်နေရာသို့ ရောက်ရောက် အတူရှိနေလျှင် လုံလောက်ပုံပင်။

လုံယီသည် သင်္ဘောပေါ်ရှိ လူများကို တစ်ချက်ကြည့်လိုက်ရာ အများစုမှာ ကျန်းဝေချုန်းကဲ့သို့ပင် တွေဝေငေးမောနေကြသည်ကို တွေ့ရသည်။ သူ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဤသည်မှာ လူသားတို့၏ စိတ်အင်အားဖြင့် ချက်ချင်းဖြေရှင်းနိုင်သော ကိစ္စမဟုတ်ကြောင်း သူနားလည်သည်။

သူသည် ဝါရင့်ကပ္ပတိန်ကြီး၏ ဘေးသို့ လျှောက်သွားကာ အေးအေးလူလူ စကားပြောလိုက်

သည်။ ကပ္ပတိန်ကြီးမှာ မျိုးရိုးကျောက် ဖြစ်ပြီး အသက်ငါးဆယ်ကျော် ရှိပြီဖြစ်သည်။ ဆံပင်များမှာ ဖြူစပြုနေပြီး ဆိတ်မုတ်ဆိတ်လေးနှင့် ဖြစ်သော်လည်း သူ၏ ကြံ့ခိုင်သော ကိုယ်ထည်နှင့် ပြည့်ဝသော သွေးစွမ်းအင်များအရ ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်သိုင်းသမားတစ်ဦးဖြစ်ကြောင်း သိသာလှသည်။ သူသည် ရှေ့ရှိ ရေပြင်ကို အာရုံစိုက်ကာ အသေအချာ ကြည့်ရှုနေသည်။

“ဦးလေးကျောက်... ကျွန်တော် ကြားတာတော့ ဦးလေးက လုံကျန်းမြစ်ကို ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ဖူးပြီး အကြိမ်တိုင်းလည်း ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့တယ်ဆို။ ထိုင်ဝမ်မြို့မှာ ဦးလေးထက် လုံကျန်းမြစ်အကြောင်း ပိုသိတဲ့သူ ရှိမယ်မထင်ဘူး”

“အာ... ဂိုဏ်းချုပ်လျူရယ် ကျွန်တော့်ကို ကျောက်ကြီးလို့ပဲ ခေါ်ပါ”

လုံယီ၏ ချီးကျူးစကားကြောင့် ကပ္ပတိန်ကြီးမှာ မျက်နှာလေး နီသွားကာ မသိစိတ်ဖြင့် မုတ်ဆိတ်ကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။

“ကျွန်တော့်မိသားစုက မျိုးရိုးစဉ်ဆက် တံငါသည်တွေပါ။ ကျွန်တော့်ရဲ့ ဘိုးဘေးကြီး လက်ထက်ကတည်းက လုံကျန်းမြစ်ကို ဖြတ်ကျော်ဖို့ စတင်ကြိုးစားခဲ့တာ။ တစ်ခါမှတော့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲ့ဒီကြိုးစားမှုတွေကနေ အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်။ ကျွန်တော့်မှာ ယုံကြည်ချက် အနည်းအကျဉ်းသာ မရှိရင်တော့ ခင်ဗျား ဘယ်လောက်ပဲ ပိုက်ဆံပုံပေးပေး ဒီအလုပ်ကို ကျွန်တော် လက်ခံရဲမှာ မဟုတ်ဘူး”

သင်္ဘောကပ္ပတိန်ကြီးက ရှေ့ရှိ ပိုမိုကြည်လင်နေသော ရေပြင်ကို လက်ညှိုးထိုးပြရင်း “လုံကျန်းမြစ်ရဲ့ အန္တရာယ်က ရေမျက်နှာပြင်အောက်မှာရှိတဲ့ ငါးမိစ္ဆာတွေကြောင့်ပါ။ ကျွန်တော့်အဘိုးလက်ထက်တုန်းက မတော်တဆ ရှာဖွေတွေ့ရှိခဲ့တာတစ်ခုရှိတယ်။ အဲ့ဒါကတော့ အမည်မသိ တောမြက်ပင်တစ်မျိုးရဲ့ အမြစ်ကနေ ဖော်စပ်ထားတဲ့ အရည်ပဲ။ အဲ့ဒီအရည်ရဲ့ ရနံ့က ငါးမိစ္ဆာ တော်တော်များများကို မလာအောင် ဟန့်တားပေးနိုင်တယ်”

“ပြီးတော့ သွားတဲ့လမ်းကြောင်းပေါ် မူတည်ပြီးတော့လည်း အန္တရာယ်က ကွာခြားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အတော်လေး ဘေးကင်းတဲ့ လမ်းကြောင်းတစ်ခုကို ရှာဖွေထားပြီးသားပါ။ လုံကျန်းမြစ်ထဲကနေ လုံးဝထွက်ခွာနိုင်ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဘေးကင်းကင်းနဲ့ သွားနိုင်မှာပါ”

“ဒါတင်မကသေးဘူး။ မြစ်ထဲမှာ သွားလာတဲ့အခါ လိုက်နာရမယ့် အယူအဆတွေ အထူးသဖြင့် ညဘက်မှာ သတိထားရမယ့်အချက်တွေ ရှိပါတယ်။ ဂိုဏ်းချုပ်လျူအနေနဲ့ စည်းကမ်းသုံးချက်ကို လူတွေကို လိုက်နာအောင် ဝိုင်းပြီး ကြပ်မတ်ပေးစေချင်ပါတယ်”

ကပ္ပတိန်ကြီး၏ လေသံမှာ အလွန်လေးနက်နေသည်ကို မြင်သောအခါ လုံယီသည်လည်း တည်ငြိမ်လေးနက်သော အမူအရာကို ဖမ်းလိုက်သည်။

“ပြောပါ ဦးလေး ကျွန်တော် နားထောင်နေပါတယ်”

“ပထမအချက် ညဘက်မှာ ဆူညံသံ မထွက်စေရဘူး။ ရေအောက်က သတ္တဝါတွေက အသံကြားရင် စုပြုံရောက်လာတတ်ကြလို့ပါ။ ဒုတိယအချက် ညဘက်မှာ ကုန်းပတ်ပေါ် မတက်ရဘူး။ ငါတို့က ရနံ့နဲ့ ဖျောက်ပစ်ထားတယ်ဆိုပေမဲ့ လူနံ့ကို ရေအောက်က သတ္တဝါတွေက ရနိုင်သေးတယ်။ အထူးသဖြင့် မြစ်ထဲကို တိုက်ရိုက် အညစ်အကြေး မစွန့်ရဘူး။ ခင်ဗျားတို့ရဲ့ အညစ်အကြေးတွေကိုတောင် ကျွန်တော်တို့က အိတ်နဲ့ သေချာထုတ်ပြီးမှ မြစ်ထဲကို မျှောရတာပါ။ တတိယအချက်ကတော့...”

ကပ္ပတိန်ကြီးသည် သူ၏ မိသားစုဝင်များ မျိုးရိုးစဉ်ဆက် အသက်နှင့်ရင်းပြီး ရရှိခဲ့သော အတွေ့အကြုံများအပေါ် အခြေခံသည့် စည်းကမ်းများစွာကို ချပြလိုက်သည်။ လုံယီသည် အခန်းထဲသို့ ပြန်ရောက်သောအခါ ထိုစည်းကမ်းများကို လူတိုင်းအား သေချာစွာ ပြန်လည်မှာကြားလိုက်ရာ အားလုံးကလည်း မပေါ့ဆရဲဘဲ အသေအချာ မှတ်သားထားကြသည်။

သို့သော် ထူးဆန်းသော အခြေအနေတစ်ခု ရှိနေသေးသည်။

လုံယီသည် သင်္ဘော၏ ဘယ်ဘက် ပေ ၁၀၀ ခန့်အကွာရှိ ရေပြင်ကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အနက်ရောင် သတ္တဝါကြီးတစ်ကောင်မှာ သင်္ဘောနောက်မှ အေးအေးလူလူ လိုက်ပါနေခြင်းပင်။ ၎င်းမှာ ဆင်းရှန်းရွာမှ လုံယီနောက်ကို တကူးတက လိုက်လာသော ဝက်ဝံနက်ဝိညာဉ် ဖြစ်သည်။

ဒီဝက်ဝံကြီးက ဘာလို့ ငါ့နောက်ကို တကောက်ကောက် လိုက်နေရတာလဲဆိုတာ ငါ စဉ်းစားလို့ကို မရဘူး။ ဒါမှမဟုတ် ငါ့နောက်လိုက်ရင် တစ်ခုခု အကျိုးအမြတ် ရနိုင်မယ်လို့များ ဒီကောင်ကြီးက ထင်နေတာလား မသိဘူး...

ဝက်ဝံနက်ဝိညာဉ်ကြီးမှာ မြစ်ရေထဲတွင် ပျော်မြူးစွာ ရေချိုးနေရင်း ရုတ်တရက် ဗွမ်းကနဲ ရေထဲသို့ ငုပ်လျှိုးသွားပြီးနောက် မကြာမီမှာပင် ဖွပ်ကနဲ ပြန်လည် ပေါ်ထွက်လာသည်။ ယပ်တောင်လောက်ရှိသော ၎င်း၏ သန်မာလှသည့် လက်ဝါးကြီးထဲတွင် တစ်ပေကျော်ခန့် ရှည်လျားပြီး လတ်လတ်ဆတ်ဆတ် ခုန်ပေါက်နေသော အနီရောင်ငါးကြင်း ဒါဇင်ဝက်ခန့်ကို ဆုပ်ကိုင်ထားသည်။ ၎င်းသည် သင်္ဘောဘက်သို့ ကျွမ်းကျင်စွာ ကူးခတ်လာပြီး ထိုငါးများကို ကုန်းပတ်ပေါ်သို့ ပစ်တင်ပေးလိုက်သည်။

၎င်း၏ သေးငယ်သော မျက်လုံးအစုံမှာ လုံယီကို ဖားသည့်အကြည့်ဖြင့် ကြည့်နေသည်မှာ အတော်ပင် ရယ်စရာကောင်းလှသည်။

“ဒါ... ဒါ နဂါးမြစ်ငါးကြင်းတွေပဲ”

ကျန်းဝေတက အံ့ဩတကြီး အော်ဟစ်လိုက်သည်။

“ဟားဟား... တော်လိုက်တဲ့ ဝက်ဝံဗျာ အခုတော့ ငါတို့တစ်တွေ အရသာရှိရှိ စားရတော့မှာပဲ”

ကပ္ပတိန်ကြီးက ရယ်မောလိုက်သည်။

“တကယ်တော်တာပဲ”

လုံယီကလည်း လက်မထောင်ပြ၍ ချီးကျူးလိုက်သည်။

မြှောက်ပင့်ပေးမှုကို သဘောကျသွားသော ဝက်ဝံနက်ကြီးမှာ ရေအောက်သို့ အဆက်မပြတ် ငုပ်လျှိုးကာ ငါးများကို ဖမ်းဆီးပြီး ကုန်းပတ်ပေါ်သို့ ပစ်တင်ပေးတော့သည်။ အဖိုးတန် နဂါးမြစ်ငါးကြင်းများသာမက ငါးခူ၊ ငါးရံ့၊ မြစ်ဂဏန်း၊ ယောက်သွား၊ ငါးရှဉ့်နှင့် မြစ်ပုစွန်များ... အားလုံးမှာ သဘာဝမြစ်ထွက်များဖြစ်ပြီး လုံယီ၏ ယခင်ဘဝကပင် ရှာဖွေစားသောက်ရန် ခဲယဉ်းလှသော အရာများ ဖြစ်သည်။

နာရီဝက်ခန့်အတွင်းမှာပင် ကုန်းပတ်ပေါ်တွင် လတ်ဆတ်သော ရေထွက်ကုန်များ ပုံလိုက်ရသဖြင့် လူတိုင်း သွားရည်ကျလာကြတော့သည်။

“အဘိုးကြီး တာအိုရေ... အလုပ်လုပ်ဖို့ အချိန်တန်ပြီ”

ကပ္ပတိန်ကြီးက လှမ်းခေါ်လိုက်သည်။

“လာပြီ လာပြီ”

ထိပ်ပြောင်ပြောင် အဘိုးအိုတစ်ဦး ပြေးထွက်လာသည်။ သူသည် ပျော်ရွှင်စွာဖြင့် ရေထွက်

ကုန်များကို အိတ်များထဲ ထည့်ကာ သင်္ဘောပဲ့ပိုင်းရှိ မီးဖိုချောင်သို့ ချက်ပြုတ်ရန် ယူဆောင်သွားတော့သည်။

ဝက်ဝံနက်ကြီးမှာ အလွန်ပင် ကျွမ်းကျင်သော်လည်း လုံယီကမူ ညဘက်တွင် လူမသိအောင် ငြိမ်ငြိမ်သက်သက် နေရန် သတိပေးလိုက်သည်။ ဝက်ဝံနက်ကြီးသည် လူစကားကို နားလည်သဖြင့် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြပြီးနောက် အနီးနားရှိ ရေပြင်တွင် ကစားရန် ကူးခတ်သွားတော့သည်။

နာရီအနည်းငယ်ကြာပြီးနောက် မြစ်ထွက်ကုန်များကို ပြုတ်ထားသော အိုးကြီးတစ်အိုးကို အခန်းထဲသို့ ယူဆောင်လာသည်။ ဤသင်္ဘောခန်းမှာ အတော်ပင် ကျယ်ဝန်းလှသဖြင့် ခါးမကုန်းဘဲ လမ်းလျှောက်နိုင်ပြီး စားပွဲနှင့် ထိုင်ခုံများလည်း အစုံအလင်ရှိရာ လူတိုင်း အထဲတွင် စုထိုင်ကာ စားသောက်ကြသည်။ လှေလုပ်သားများကမူ အထဲသို့ဝင်ရန် ဖိတ်ခေါ်သော်လည်း ငြင်းပယ်ကြပြီး ကုန်းပတ်ပေါ်တွင်သာ ဒူးနှစ်ဖက်ကို စားပွဲလုပ်၍ ထိုင်စားကြသည်။

ရိုးရှင်းစွာ ပြုတ်ထားသော ငါးနှင့် ပုစွန်များမှာ ကောင်းမွန်လတ်ဆတ်သော ကုန်ကြမ်းများကြောင့် အလွန်ပင် အရသာရှိလှသည်။

အချိန်များမှာ ခဏချင်းပင် ကုန်ဆုံးသွားပြီး ညမှောင်လာခဲ့သည်။ ကြိတ်ဆုံကျောက်တုံးကြီးလောက်ရှိသော လမင်းကြီးသည် ကောင်းကင်ယံတွင် ချိတ်ဆွဲထားသကဲ့သို့ ရှိနေပြီး ၎င်း၏ ရောင်ပြန်ဟပ်မှုမှာ ရေမျက်နှာပြင်ပေါ်တွင် တဖိတ်ဖိတ် တောက်ပနေသည်။ လူတိုင်းသည် ကပ္ပတိန်ကြီး၏ သတိပေးချက်ကို အမှတ်ရကြသဖြင့် အခန်းများအတွင်းသို့ ဝင်ရောက် အနားယူကြပြီး မည်သည့် ဆူညံသံမျှ မထွက်အောင် သတိထားနေကြတော့သည်။

အခန်း။ ၂၃၆

လုံယီ၊ တာအိုဆရာ ရွှမ်ကျိ၊ ချူဖုန်းနှင့် သင်္ဘောကပ္ပတိန်တို့သည် သင်္ဘောပဲ့ပိုင်းရှိ ပဲ့ကိုင်ခန်းတွင် အတူတကွ ရပ်နေကြသည်။

ဤနေရာမှာ သင်္ဘော၏ အမြင့်ဆုံးအမှတ်ဖြစ်ပြီး မမျှော်လင့်ဘဲ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို စောင့်ကြည့်ရန် အကောင်းဆုံးနေရာပင်။ ကံကောင်းထောက်မစွာဖြင့် ပထမဆုံးညမှာ အေးအေးချမ်းချမ်းပင် ကုန်ဆုံးသွားခဲ့သည်။

နောက်ရက်မှစ၍ သိုင်းဆရာသခင်အဆင့်ရှိ ကျွမ်းကျင်သူ သုံးဦးဖြစ်သော လုံယီ၊ ချူဖုန်းနှင့် ရွှမ်ကျိတို့သည် ညဘက် ကင်းစောင့်ရန် အလှည့်ကျ တာဝန်ယူကြသည်။ အဘိုးကြီးရှီမှာမူ ဒဏ်ရာပြင်းထန်သဖြင့် အနားယူရန် လိုအပ်သောကြောင့် ပါဝင်ခြင်းမရှိပေ။ ကပ္ပတိန်အတွက်မူ ဒုတိယနှင့် တတိယ ပဲ့ကိုင်ရှင်များ ရှိသဖြင့် အင်အားကုန်ခန်းမည်ကို စိုးရိမ်စရာ မလိုချေ။

ကပ္ပတိန်ကြီး ရွေးချယ်ထားသော လမ်းကြောင်းမှာ ကောင်းမွန်လွန်း၍လားမသိပေ။ နှစ်ရက်ဆက်တိုက် သင်္ဘောကြီးမှာ မည်သည့် အနှောင့်အယှက်မျှ မကြုံခဲ့ရပေ။

“ဟင်း... ဒီလုံကျန်းမြစ်က လူတွေပြောသလောက်လည်း မဟုတ်ပါဘူး။ ဘာလို့ အားလုံးက ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်သလိုတွေ ပြောနေကြတာလဲ မသိဘူး”

နေ့ခင်းဘက် ကုန်းပတ်ပေါ်တွင် ကျန်းဝေတသည် ချစ်စဖွယ်ကောင်းသော ရွှီယွန်းကို ပြုံးပြရင်း ပြောလိုက်သည်။ သူတို့နှစ်ဦးမှာ လက်ချင်းချိတ်ထားကြပြီး အလွန်ပင် ချိုမြိန်နေကြသည်။

“သူတို့မသိသေးလို့ နေမှာပေါ့”

ရွှီယွန်းက တွေဝေစွာ ပြန်ပြောလိုက်သည်။

သူမ၏ စကားပင် မဆုံးသေးမီမှာပင် သူတို့၏ ခေါင်းပေါ်တွင် အနက်ရောင် အရိပ်တစ်ခု ကျရောက်လာတော့သည်။

“တောက်”

ကျန်းဝေတ မော့ကြည့်လိုက်ရာ တစ်ကိုယ်လုံး တုန်ရင်သွားရသည်။ ၎င်းမှာ ဆယ်ပေကျော် ရှည်လျားသော ရေငှက်ကြီး တစ်ကောင် ဖြစ်သည်။ လည်ပင်းမှာ သွယ်လျပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အမွေးအတောင်များ ရှိသော်လည်း ၎င်း၏ ရွှေရောင်ခြေသည်းများမှာမူ အားကောင်းမောင်းသန် ကွေးညွှတ်နေသည်။

ပြောင်လက်နေသော အနက်ရောင် နှုတ်သီးမှာ ချွန်ထက်ရှည်လျားပြီး အေးစက်စူးရှသော ဓားတစ်လက်အလား ဝင်းလက်နေသဖြင့် ၎င်း၏ အစွမ်းထက်မှုကို သံသယဖြစ်စရာ မလိုပေ။ ကျန်းဝေတသည် စကားတစ်လုံးမှ မပြောတော့ဘဲ ရွှီယွန်း၏ လက်ကိုဆွဲကာ အခန်းထဲသို့ အသည်းအသန် ပြေးဝင်သွားရင်း အကျယ်ကြီး အော်ဟစ်လိုက်တော့သည်။

“လုံယီ”

ရေငှက်ကြီးသည် ထိုအသံကို ကြားလိုက်ရချိန်တွင် မဆိုင်းမတွဘဲ တောင်ပံများကို ဖြန့်ကာ အရှိန်အဟုန်ဖြင့် ထိုးဆင်းလာတော့သည်။ ထက်လှသော နှုတ်သီးမှာ ကျန်းဝေတ၏ ကျောပြင်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေပြီ ဖြစ်သည်။

“လာစမ်း”

ဆွဲဆောင်မှုရှိသော အမျိုးသမီးအသံတစ်ခုသည် ဒုတိယထပ် အခန်းအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ထို့နောက်တွင် သွယ်လျသော ကိုယ်ဟန်တစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ရေငှက်ကြီး၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိသွားတော့သည်။

ငွေရောင်အလင်းတန်းတစ်ခု ဝင်းလက်သွားပြီးနောက် ရေငှက်ကြီးမှာ နှစ်ပိုင်းပြတ်ကာ ကုန်းပတ်ပေါ်သို့ ဘုန်းကနဲ မြည်ဟည်းလျက် ပြုတ်ကျလာရာ သင်္ဘောတစ်စင်းလုံးပင် သိသိသာသာ တုန်ခါသွားရသည်။

ရှီချိုင်ဖုန်းသည် သူမ၏ ငွေရောင်ချိတ်ကောက်ကို ကိုင်စွဲထားရင်း သေဆုံးသွားသော ရေငှက်ကြီးကို ကျေနပ်အားရစွာ ကြည့်ကာ “ဒီနှစ်ရက်လုံး တော်တော်ပျင်းနေတာ။ အခုတော့ စိတ်လှုပ်ရှားစရာလေး ကြုံရပြီပဲ” ဟု တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“တောက် ငါ့ကို ခိုးတိုက်ချင်သေးတယ်။ ဒီနေ့တော့ မင်းကို အသားဟင်း လုပ်ပစ်မယ်”

ကျန်းဝေတသည် ဒေါသတကြီး ပြေးထွက်လာပြီး ရေငှက်ကြီးကို အားရပါးရ တစ်ချက် ကန်လိုက်သည်။

သို့သော် သင်္ဘောကပ္ပတိန် ရောက်လာချိန်တွင်မူ မျက်နှာမှာ ပျက်ယွင်းနေပြီး “မြန်မြန်... ဒါကို မြစ်ထဲ ပစ်ချလိုက်ကြ” ဟု အော်ဟစ်လိုက်သည်။

သို့သော် နောက်ကျသွားခဲ့သည်။

ရှဲ... ရှဲ... ရှဲ...

ဝေးကွာလှသော ကောင်းကင်ယံမှ ဖြူဖွေးနေသော တိမ်တိုက်ကြီးတစ်ခုသည် သင်္ဘောရှိရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်။ အနီးကပ် ကြည့်လိုက်သောအခါ ၎င်းမှာ ဆယ်ပေကျော် ရှည်လျားသော ရေငှက်ကြီးများ အုပ်စုလိုက်ကြီးပင်။

အုပ်စုခေါင်းဆောင်မှာမူ ပို၍ပင် ကြီးမားလှပြီး တောင်ပံဖြန့်လိုက်လျှင် ၂၅ ပေခန့်ရှိရာ ယခင်က မြို့ကို တိုက်ခိုက်ခဲ့သော လင်းယုန်မိစ္ဆာနှင့်ပင် အရှုံးမပေးနိုင်လောက်ချေ။

“ရွက်တိုင်တွေကို အဖျက်မခံနိုင်ဘူး မြန်မြန် ကာကွယ်ကြ”

ကပ္ပတိန်က ဟစ်အော်လိုက်သည်။

“ဒါကတော့ ငါ့အလုပ်ပဲ”

ချူဖုန်းသည် သူ၏ ပေါ့ပါးသောကိုယ်ဖျတ်အတတ်ကို အသုံးပြုလိုက်ရာ ခြေထောက်အောက်တွင် ဖြူလွလွ အလင်းတန်းများ ပေါ်ထွက်လာပြီး ရှူး... ရှူး... ဟူသော အသံနှင့်အတူ ကောင်းကင်မြင့်သို့ ပျံတက်သွားသည်။ သူ၏ လက်ထဲတွင် ရွှေရောင်ဖရဲသီးလက်နက်ကြီးကို မြှောက်ကိုင်ထား၏။

“သေစမ်း”

သူသည် အကြီးဆုံးသော ငှက်ဘုရင်ကြီးကို တည့်တည့်ချိန်ကာ လက်နက်ဖြင့် ပစ်ပေါက်လိုက်ရာ လေထုကို ခွဲခြမ်းသွားသော ပြင်းထန်သည့် အသံကြီး ထွက်ပေါ်လာသည်။ ငှက်ဘုရင်ကြီး၏ မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်ပေါက်သွားပြီး ဘေးသို့ အသည်းအသန် ရှောင်တိမ်းလိုက်သဖြင့် သီသီလေး လွတ်သွားခဲ့သည်။

သို့သော် ရွှေရောင်ဖရဲသီးကြီးမှာ ထူထပ်လှသော ငှက်အုပ်ကြီးထဲသို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။

ဝုန်း….

မြေပြင်ပေါ်တွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဖြူဖွေးသော လေဖိအားလှိုင်းများမှာ ပတ်ဝန်းကျင်သို့ အရူးအမူး လွင့်စင်သွားပြီး ငှက်များ၏ နာကျင်စွာ အော်ဟစ်သံများနှင့်အတူ အမွေးအတောင်များမှာ နှင်းပွင့်များအလား ကြွေကျလာတော့သည်။

ရေငှက်ကြီးများမှာလည်း ဗွမ်း... ဗွမ်း... ဟူသော အသံများနှင့်အတူ ရေထဲသို့ အစီအရီ ပြုတ်ကျကုန်ပြီး လှိုင်းလုံးကြီးများ ထွက်ပေါ်လာတော့သည်။

ချူဖုန်းသည် သိုင်းဆရာသခင်များကြားတွင်ပင် အနှိုင်းမဲ့အစွမ်းရှိသူ တစ်ဦးဖြစ်ရာ သူ၏ ရွှေရောင်ဖရဲသီး လက်နက်ကြီးဖြင့် ပြင်းထန်သော တစ်ချက်တည်းသော တိုက်ခိုက်မှုက ငှက်အုပ်ကြီးကို ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။

စောစောက ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်သွားခဲ့သော ငှက်ဘုရင်ကြီးသည် ကိုယ်ဟန်ကို ပြန်လည်ထိန်းသိမ်းပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော် မမျှော်လင့်ဘဲ အခြားလူတစ်ယောက်မှာ ၎င်း၏အောက်ခြေမှ ပျံတက်လာပြီး သွယ်လျသော လည်ပင်းဆီသို့ ဓားဖြင့် တိကျစွာ ထိုးစိုက်လိုက်တော့သည်။

ဖြူလွလွ ဓားစွမ်းအင်သည် လေထုထဲတွင် ဝင်းလက်သွားပြီး ငှက်ဘုရင်ကြီး၏ ဦးခေါင်းကို အလွယ်တကူပင် ဖြတ်တောက်ပစ်လိုက်ရာ ခေါင်းမပါသော ခန္ဓာကိုယ်ကြီးမှာ မြစ်ထဲသို့ ဗွမ်း ကနဲ မြည်ဟည်းကာ ပြုတ်ကျသွားတော့သည်။

ငှက်ဘုရင်ကြီးကို တစ်ချက်တည်းနှင့် အပြတ်ရှင်းလိုက်သူမှာ တာအိုဆရာ ရွှမ်ကျိပင်။ သူသည် လက်တစ်ဖက်သာ ရှိသော်လည်း သူ၏ သိုင်းပညာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေဆဲဖြစ်ပြီး ဤသင်္ဘောပေါ်ရှိ ထိပ်သီးတိုက်ခိုက်ရေးသမား သုံးဦးအနက် တစ်ဦးလည်း ဖြစ်သည်။

သူတို့၏ ခေါင်းဆောင် သေဆုံးသွားခြင်းနှင့် အပေါင်းအဖော်များစွာ အသတ်ခံလိုက်ရခြင်းတို့ကြောင့် ကျန်ရှိနေသော ရေငှက်များမှာ ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ တောင်ပံများကို အားကိုးတကြီး ခတ်လျက် အဝေးသို့ ထွက်ပြေးသွားကြတော့သည်။

“ဟူး... ဘယ်လိုတောင် အစွမ်းထက်တဲ့ ဓားစွမ်းအင်လဲ”

“တကယ်ကို အားကျစရာပဲ ဒါက သိုင်းဆရာသခင်ရဲ့ အစွမ်းအစပဲ”

သင်္ဘောပေါ်ရှိ လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ မှင်သက်နေကြပြီး သူတို့ကိုယ်တိုင်လည်း ထိုသို့ ကောင်းကင်ယံ တိုက်ပွဲတွင် ပါဝင်ဆင်နွှဲချင်စိတ်များ ပေါက်လာကြသည်။ ကံဆိုးသည်မှာ သူတို့တွင် ပေါ့ပါးသောကိုယ်ဖျတ်အတတ်မရှိသဖြင့် ထိုကဲ့သို့ အဆင့်မြင့်နယ်ပယ်တွင် ဝင်ရောက်မတိုက်ခိုက်နိုင်ခြင်းပင်။

အင်အားအကြီးဆုံးဖြစ်သော လုံယီမှာမူ သင်္ဘောဦးပိုင်းတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေပြီး အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေသည်။ သိုင်းဆရာသခင် နှစ်ဦးရှိနေသဖြင့် သူကိုယ်တိုင် ကိုယ်ထိလက်ရောက် ပါဝင်ရန် မလိုအပ်သေးပေ။ ထို့ပြင် သေဆုံးသွားသော ရေငှက်အချို့ထံမှလည်း စွမ်းအင်အမှတ်များကို သူ အမြောက်အမြား ရရှိလိုက်သေးသည်။

သို့သော်လည်း သင်္ဘောကပ္ပတိန်ကြီးမှာမူ သွေးများ စွန်းထင်နေသော ရေပြင်ကိုကြည့်ကာ စိုးရိမ်ပူပန်နေပြီး လှေလုပ်သားများကို အော်ဟစ်အမိန့်ပေးလိုက်သည်။

“မြန်မြန်... ဒီရေပြင်ကနေ ဝေးရာကို အမြန်ဆုံး ရွက်လွှင့်ကြစမ်း”

ကျန်းဝေတက ရယ်မောရင်း “ဦးလေးကျောက်ရာ... ငှက်မိစ္ဆာတွေကို ငါတို့ နှိမ်နင်းပြီးပြီပဲ။ ဘာကြောက်စရာ ရှိသေးလို့လဲ”

ကပ္ပတိန်ကြီးက သူ့ကို ပြန်မဖြေဘဲ အမြန်မောင်းရန်သာ အဆက်မပြတ် တိုက်တွန်းနေတော့သည်။

“ဟိုမှာ... ရေအောက်ကို ကြည့်ဦး...”

ရွှီယွန်း၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။

ကျန်းဝေတလည်း တစ်ခုခု မှားယွင်းနေပြီဟု ခံစားမိကာ ရေမျက်နှာပြင်ကို ဝေ့ဝဲကြည့်လိုက်သည့်အခါတွင်မူ သူ၏ ဦးရေပြားပင် စိမ့်တက်သွားရတော့သည်။

သင်္ဘောရှိရာသို့ ရေအောက်မှ ကြီးမားသော အနက်ရောင်အရိပ်များ အဆက်မပြတ် စုရုံးကာ ရောက်ရှိလာနေသည်။ ခုနက ရေထဲသို့ ပြုတ်ကျသွားသော ရေငှက်အချို့မှာ မသေသေးဘဲ ရေပြင်ပေါ်တွင် တောင်ပံခတ်နေကြသော်လည်း ထိုအရိပ်များ အနားရောက်လာသည်နှင့် ကြောက်လန့်တကြား အော်ဟစ်ကာ မသိသာသော အားတစ်ခု၏ ဆွဲငင်မှုကြောင့် ရေအောက်သို့ ရုတ်တရက် နစ်မြုပ်၍ ပျောက်ကွယ်သွားကြတော့သည်။

ထိုရေငှက်များကို ရှင်းလင်းပြီးနောက်တွင်လည်း ထိုအရိပ်များမှာ ရပ်တန့်မသွားဘဲ သင်္ဘောရှိရာသို့သာ ဆက်လက် တိုးကပ်လာနေသည်။

“ဂျွတ်... ဂျွတ်... ဂျွတ်”

“ခွပ်... ခွပ်... ခွပ်”

သွားကျိန်းစရာကောင်းသော အသံများ ထွက်ပေါ်လာသည်။ ၎င်းမှာ သင်္ဘော၏ သစ်သားကိုယ်ထည်ကို ကိုက်ခဲဝါးမြိုနေသည့် အသံပင် ကျယ်ပြောလှသော လုံကျန်းမြစ်လယ်တွင် သင်္ဘောသာ ပေါက်ထွက်သွားပါက လူတိုင်း၏ ကံကြမ္မာမှာ မတွေးဝံ့စရာပင်။

“သူတို့ကို မောင်းထုတ်မှဖြစ်မယ်”

ကပ္ပတိန်ကြီးသည် အခန်းထဲမှ ခရမ်းရောင်သန်းနေသော အရည်များ ပြည့်နေသည့် သစ်သားပုံးကြီးတစ်ပုံးကို ဆွဲထုတ်လာသည်။ ၎င်းထံမှ ပြင်းထန်သော သစ်ပင်ရနံ့များ ထွက်ပေါ်နေပြီး ၎င်းမှာ ငါးမိစ္ဆာများကို နှိမ်နင်းရန် သူ၏မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော တောမြက်မြစရည်ပင်။

ထိုအရည်များကို သင်္ဘောဘေးပတ်ပတ်လည်မှ မြစ်ထဲသို့ လောင်းချလိုက်ရာ အမည်မသိ အနက်ရောင် သတ္တဝါများ၏ ချဉ်းကပ်မှုကို ခေတ္တနှေးကွေးသွားစေသော်လည်း သူတို့၏ တိုက်ခိုက်လိုစိတ်ကိုမူ လုံးဝ ရပ်တန့်နိုင်ခြင်း မရှိပေ။

“သေစမ်း”

ချူဖုန်းသည် ဒေါသတကြီးဖြင့် သင်္ဘောပေါ်မှ ခုန်ဆင်းကာ ပေါ့ပါးသောကိုယ်ဖျတ်အတတ်ကို အသုံးပြု၍ ရေပြင်ပေါ်တွင် လမ်းလျှောက်ရင်း သူ၏ ရွှေရောင်ဖရဲသီး လက်နက်ဖြင့် ထိုအရိပ်များကို ပြင်းထန်စွာ ထုရိုက်လိုက်သည်။

ဝုန်းကနဲ မြည်ဟည်းသွားပြီး လူတစ်ဖက်စာမက ကြီးမားသော ရေတိုင်ကြီးမှာ ကောင်းကင်သို့ ပန်းထွက်သွားသည်။ ထိုနှင့်အတူ အနက်ရောင် သတ္တဝါအချို့မှာ ကုန်းပတ်ပေါ်သို့ လွင့်စင်ကျလာပြီး တဖျပ်ဖျပ် ခုန်ပေါက်နေကြတော့သည်။ လူတိုင်း ကြည့်လိုက်မိရာ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။

ထိုသတ္တဝါများမှာ ဖရဲသီးအရွယ်အစားခန့်ရှိသော လုံးဝန်းသည့် အနက်ရောင် ငါးမိစ္ဆာ များဖြစ်ပြီး တစ်ကိုယ်လုံးတွင် မည်းနက်နေသော ဆူးချွန်များဖြင့် ဖုံးလွှမ်းထားကာ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးဖြူကြီးများ ရှိသည်။ သူတို့၏ ပါးစပ်ကို ဟလိုက်ချိန်တွင် စီတန်းနေသော ထက်မြက်သည့် သွားများကို တွေ့ရပြီး အလွန်ပင် ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါက်နေသည်။ ကုန်းပတ်ပေါ်တွင်ပင် သူတို့သည် တဝူးဝူးနှင့် ကလေးငိုသံကဲ့သို့ ထူးဆန်းသောအသံများပြုရင်း ရေထဲသို့ ပြန်ဆင်းရန် အသည်းအသန် ခုန်ပေါက်နေကြသည်။

“တောက် သေစမ်း”

လှေလုပ်သားတစ်ဦးက ဒေါသတကြီးဖြင့် ဓားကို ဆွဲထုတ်ကာ ထိုငါးမိစ္ဆာကို အားကုန်လွှဲခုတ်လိုက်သည်။

ချွင်... ချွင် ဟူသော အသံများနှင့်အတူ ဓားသွားမှာ ငါးမိစ္ဆာ၏ ဆူးချွန်များနှင့် ထိမိပြီး မာကျောသော အရာတစ်ခုကို ထိမှန်သကဲ့သို့ အသံထွက်ပေါ်လာသော်လည်း ငါးမိစ္ဆာ၏ ခုခံမှုကို မဖောက်ထွင်းနိုင်ခဲ့ပေ။ ဤမြင်ကွင်းကြောင့် လူတိုင်း၏ ရင်ထဲတွင် စိမ့်ကနဲ အေးသွားရတော့သည်။

All Chapters