← Chapters

အကြောင်းရင်း

Vol. 5 Ch. 454

အကြောင်းရင်း

Vol. 5 Ch. 454

ဆယ်လပြည့်သည့် နေ့တွင်တော့ ဆန်းလျန်၏မိခင်မှာ သူ့ကို မွေးဖွားတော့မည် ဖြစ်သည့် အတွက် လိုအပ်သည့် အရာများ အားလုံးကို ပြင်ဆင်ထားပြီး ဖြစ်လေသည်။

ထိုသို့ဖြင့်…

မိခင်ဖြစ်သူမှာ မွေးဖွားခါနီး ဗိုက်နာလာသည့် အချိန်တွင်တော့ မိန်းကလေး အစေခံများမှာလည်း ရေနွေးအိုးတည်သူ တည်၊ အခြားသော လုပ်စရာရှိသည်များကို လုပ်ရင်း အလုပ်ရှုပ်နေကြကာ လက်သည် အဘွားကြီးကလည်း မိခင်ဖြစ်သူ အကောင်းဆုံး မွေးဖွားနိုင်ရန် ကူညီပေးလေသည်။

ထိုနေ့ ညနေခင်း အချိန်တွင်တော့ ဆန်းလျန်ကို မွေးဖွားခဲ့လေသည်။

ဆန်းလျန်သည် လူ့လောကသို့ ပြန်လည် မွေးဖွားခြင်းဖြင့် ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

မွေးဖွားလာသည့် ဆန်းလျန်လေးသည် ခန္ဓာကိုယ် ကောင်းကောင်း မဖွံ့ဖြိုးသေးသည့် အတွက် ပေါင်မပြည့်ဘဲ အလွန်မှ သေးငယ်လေသည်။

မိခင်ဖြစ်သူက သူ့ကို မွေးဖွားထားရသည့် အတွက် အားနည်း နေသည့်တိုင် အားယူပြီး စကားပြောလိုက်သည်။

“ကျွန်မသမီးလေးကို ကြည့်ပါရစေ”

မိခင်ဖြစ်သူ၏ စကားကြောင့် ဆန်းလျန်မှာ များစွာ အံ့သြ သွားရလေသည်။

“သေရပြီ… သူက ငါက သမီးလေး ဖြစ်လာမယ်ဆိုတာ ဘယ်လိုလုပ် ကြိုသိနေပါလိမ့်”

လက်သည် အဘွားကြီးက ဆန်းလျန်ကို ရေချိုး သန့်စင်ပေးပြီး မိခင်ဖြစ်သူ၏ လက်ထဲသို့ ထည့်ပေး လိုက်လေသည်။

မိခင်ဖြစ်သူသည် ဆန်းလျန်လေးကို ပွေ့ချီလိုက်ပြီး ချစ်ခင်မြတ်နိုးသည့် မျက်ဝန်းအစုံဖြင့် ကြည့်နေလေသည်။ ဆန်းလျန်မှာ စိတ်မသက်မသာ ခံစားနေရပြီး မျက်လုံးကို စုံမှိတ် ထားလိုက်တော့သည်။

ဆန်းလျန်၏ မိခင်ဖြစ်သူက ပြုံးလိုက်ရင်း…

“ကြည့်ပါဦး၊ သမီးလေးရဲ့ မျက်လုံးတွေက လှလိုက်တာ၊ ကောင်းကင်က ကြယ်စင်လေးတွေ ကျနေတာပဲ”

သို့သော် လက်သည် အဘွားကြီးက သူမကို မအီမလည် အပြုံးဖြင့် ပြုံးပြလိုက်လေသည်။

ဆန်းလျန်၏ မိခင်မှာ လက်သည် အဘွားကြီး၏ အပြုံးကြောင့် စိတ်ရှုပ်သည့်ပုံ ပေါက်သွားပြီး…

“အဘွား၊ ဘာများဖြစ်လို့လဲ”

“ဟို…. ဟို… ဟို….”

လက်သည်အဘွားကြီးမှာ မခင်ဖြစ်သူ၏ လက်ထဲမှ ဆန်းလျန်လေးကိုသာ ကြည့်ရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် စကား ပြောမထွက်နိုင် ဖြစ်နေရလေသည်။

မိခင်ဖြစ်သူမှာ ဆန်းလျန်ကို ဖွဖွလေး ရစ်ပတ်ထားသည့် အနှီးကို အသာလှပ်လိုက်ကာ ကလေးငယ်၏ အောက်ပိုင်းကို ကြည့်လိုက်မိသည့် အခါတွင်တော့ သူမ၏မျက်နှာမှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားရလေသည်။

သူမသည် မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် လက်သည် အဘွားကြီးကို ကြည့်လိုက်ရင်း…

“ကျွန်မကလေးရော၊ ကျွန်မကလေး ဘယ်မှာလဲ”

လက်သည် အဘွားကြီးမှာ ချက်ချင်း ဒူးထောက်လိုက်ရင်း…

“သခင်မလေး၊ ဒီကလေးက သခင်မလေးရဲ့ ကလေးပါ၊ ဒီက အစေခံတွေ အားလုံး ကျွန်မဘက်က သက်သေရှိပါတယ်”

မိခင်ဖြစ်သူသည် သူမ ပတ်ဝန်းကျင်တွင် ရပ်နေကြသည့် မိန်းကလေး အစခံများကို တစ်ချက် ဝေ့ကြည့် လိုက်လေသည်။ အစေခံ မိန်းကလေးများသည် လက်သည် အဘွားကြီး၏ စကားများမှာ မှန်ကန်ကြောင်း ထောက်ခံသည့် အကြည့်များဖြင့် သူမကို မဝံ့မရဲ ကြည့်နေကြလေသည်။

သို့သော်… သူမအနေဖြင့် သားလေးတစ်ယောက် မွေးဖွားလာရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ဆန်းလျန်မှာ မျက်လုံးကို စုံမှိတ် ထားသည့်တိုင် ပတ်ဝန်းကျင် တစ်ခုလုံးမှ အဖြစ်အပျက်များကို  အကုန် သိရှိနေလေသည်။ သို့သော် သူက သမီးလေး မဟုတ်ဘဲ သားလေး ဖြစ်နေသည် ဆိုသည့်အချက်က သူ၏မိခင်ကို အဘယ့်ကြောင့် ထိတ်လန့် တုန်လှုပ် သွားစေသည်ကို နားမလည်နိုင်သေးပေ။

နောက်ဆုံးတွင်တော့ မိခင်ဖြစ်သူသည် အနည်းငယ် စိတ်တည်ငြိမ်စ ပြုလာလေသည်။

သူမက သက်ပြင်းတစ်ချက် ချလိုက်ရင်း…

“ဒီကလေးက တကယ်ပဲ ကျွန်မရဲ့ ကလေးပေါ့”

လက်သည် အဘွားကြီးက ထိတ်လန့် တုန်လှုပ်သည့် လေသံဖြင့်…

“ဟုတ်ပါတယ်၊ ဒီကလေးက သခင်မလေး ဝမ်းနဲ့လွယ်ပြီး မွေးလာတဲ့ သခင်မလေးရဲ့ သွေးသားပါပဲ”

“ကျွန်မက ကျီမုမြစ်ရေကို သောက်ခဲ့တာလေ၊ ဘယ်လိုလုပ် သားလေး မွေးရတာလဲ၊ မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ…”

လက်သည် အဘွားကြီးမှာ ဒူးထောက်လျက်သားနှင့်ပင် မည်သည့်စကား ပြန်ပြောရမှန်း မသိလောက်အောင် တုန်လှုပ်နေလေသည်။

သားယောက်ျားလေး မွေးသည့် အကြောင်းသာ လူသိရှင်ကြား ဖြစ်သွားပါက အလွန်ကြီးမားသည့် အရှုပ်အထွေးများ ဖြစ်လာတော့မည် ဖြစ်လေသည်။

“ဒါဆို သခင်မလေးက ကလေးကို မွေးပြီးပြီးချင်း သေသွားတယ်လို့ သတင်းလွှင့် လိုက်ရမလား”

အဘွားအိုက ရှိသမျှ သတ္တိကို အသုံးပြုကာ မေးလိုက်လေသည်။

သခင်မလေးက အဘွားအိုကို အေးစက်စွာ စိုက်ကြည့်လိုက်ရင်း…

“ဒီလိုလုပ်လိုက်လို့ ကိစ္စအားလုံးက ပြီးသွားမယ် ထင်လို့လား”

လက်သည် အဘွားကြီးမှာ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေရလေသည်။

သူမက…

“မြို့တော်သခင်မက ပြန်မရောက်သေးပါဘူး၊ ဒီတော့ သခင်လေးကို အဝေးကို ပို့ပစ်ဖို့ အချိန် ရှိပါသေးတယ်၊ ကျီမုမြစ်ရေက အမြဲတမ်း စီးဆင်း နေတာပဲ၊ သခင်လေးကို ကျီမု မြစ်ရေထဲ မျှောလိုက်မယ် ဆိုရင်တောင် သခင်လေး ကံကောင်းရင် အသက်ရှင် နိုင်ပါသေးတယ်၊ ဒါပေမဲ့ မြို့တော်သခင်မသာ ယောကျ်ားလေး တစ်ယောက် မွေးဖွားတယ် ဆိုတာ သိသွားရင်တော့ ဒီကလေး အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး”

ဆန်းလျန်၏မိခင်သည် ကလေးငယ်၏ ပါးပြင်နုနုလေးကို အသာ ပွတ်သပ် လိုက်ရင်း နဖူးထက်သို့ အနမ်းလေး တစ်ပွင့် ခြွေလိုက်သည်။

“မင်းဟာ ဘယ်လိုဖြစ်လို့ သားလေး ဖြစ်လာရလဲ မသိတော့ပါဘူးကွယ်၊ ဒါပေမဲ့ အမေ့ရဲ့ သွေးသား ဖြစ်နေမှတော့ သားကို အမေက အကောင်းဆုံး ကာကွယ်ပေးပါ့မယ်၊ ဒါပေမဲ့ အမေ မလုပ်နိုင်ခဲ့ရင်လည်း သားက အမေ့ကို အပြစ်မတင်နဲ့နော်”

ထို့နောက် သူမက ပြတင်းပေါက် အပြင်ဘက်သို့ တစ်ချက် စိုက်ကြည့်လိုက်ရင်း…

“ဟန်ယင်း၊ မင်းအဲဒီမှာ ရှိနေတာ ငါသိတယ်၊ ဒီကလေးကို အဝေးကို ခေါ်သွား၊ ဒီမြို့ အပြင်ဘက်ကို ခေါ်သွားပြီး ဝေးနိုင်သမျှ ဝေးဝေးကို ထွက်သွားတော့”

သခင်မလေး၏ စကားဆုံးသွားသည်နှင့် အိမ်အတွင်းသို့ လူရိပ် တစ်ရိပ် ခုန်ဝင်လာလေသည်။

တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။ သူမ၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန် လွန်းလှသည့်အတွက် လူသား တစ်ယောက်၏ မျက်လုံးဖြင့် တွေ့မြင်နိုင်ရန်ပင် ခဲယဉ်း လွန်းလေသည်။

ထို ဟန်ယင်းဆိုသည့် မိန်းမပျိုမှာ ဆန်းလျန်၏ မိခင်ဖြစ်သူကို စောင့်ရှောက်ပေးနေသည့် မိန်းကလေး ဖြစ်မှန်း ဆန်းလျန် ချက်ချင်း သိလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ဆန်းလျန်သည် ကျီမုမြစ်အကြောင်း စဉ်းစား နေမိလေသည်။ ထိုမြစ်အကြောင်းကို ယခင်ကလည်း ဆန်းလျန် ကြားဖူးလေသည်။ ထိုမြစ်ရေကို သောက်မိပါက မိန်းကလေးတိုင်း ကိုယ်ဝန် ရနိုင်လေသည်။ သို့သော် သားယောကျ်ားလေးတော့ ရရှိနိုင်မည် မဟုတ်ဘဲ သမီးမိန်းကလေးသာ မွေးဖွားမည် ဖြစ်လေသည်။ ဆန်းလျန်မှာ သူ၏မိခင်သည် ကျီမုမြစ်ရေကို သောက်ခဲ့သူ တစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူသည် မိခင်ဝမ်းထဲတွင် မိန်းကလေး သဘာ၀ ဖြစ်တည်လာသည်ကို အံ့သြမနေမိတော့ပါ။

ထို့ပြင် သူ့ဖခင်ကို မတွေ့ရသည့် အကြောင်းရင်းကိုလည်း သူသိသွားရပြီ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် သူ့တွင် အဖေမရှိသောကြောင့် ဖြစ်လေသည်။

(ကျီမုမြစ်ရေဆိုသည်မှာ ဝူခုံးကားထဲမှ မိန်းမတိုင်းပြည်တွင် စီးဆင်းသည့် ကျီမုမြစ်နှင့် အတူတူပင် - ဘာသာပြန်သူ)

ထို့ပြင် သူ၏ မိခင်ဖြစ်သူ၏ ပတ်ဝန်းကျင်တွင်လည်း ယောကျ်ားလေး ဆို၍ တစ်ယောက်မှ မတွေ့ရပေ။ သမားတော်များပင်လျှင် မိန်းကလေးများ ဖြစ်ကြလေသည်။  ဆန်းလျန်မှာ မိန်းမတိုင်းပြည်သို့ ရောက်ရှိနေခြင်း ဖြစ်လေတော့သည်။

မိန်းမတိုင်းပြည်တွင် ယောကျ်ားလေး တစ်ယောက် ဖွားမြင်ခြင်းမှာ နှစ်သက်ဖွယ်ရာ ကောင်းသည့် အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်လေသည်။ သို့သော် ဆန်းလျန်မှာ ထိုသို့ မဖြစ်ခဲ့ပါ။ သူ့မှာတော့ ယောကျ်ားလေး ဖြစ်လာသည့် အတွက် ပြဿနာများကို ရင်ဆိုင် နေရလေသည်။

ထို့ပြင် ဆန်းလျန်မှာ သန္ဓေသားငယ်၏ မိန်းကလေး သဘာဝကို ယောကျ်ားလေး အဖြစ်သို့ အတင်းအဓ္ဓမ ပြောင်းလဲ ထားသည့် အတွက် သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းမှုမှာ ရှုပ်ထွေးနေဆဲ ဖြစ်လေသည်။

ထို့ပြင် သူ၏ ခန္ဓာကိုယ်မှာလည်း ကောင်းစွာလည်း ဖွံ့ဖြိုးခြင်း မရှိသေးပေ။ သူ၏ ပင်ကိုယ် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ချို့တဲ့မှုများကို ခံစားနေရပြီး ထိုအရာကို ပြုပြင်နိုင်ရန်အတွက် များစွာ အချိန် ယူရဦးမည် ဖြစ်လေသည်။

ဆန်းလျန်၏ လူပြန်ဝင်စားခြင်းမှာ မိခင်ဝမ်းတွင်းမှ လူဖြစ်သည် အထိ အခက်အခဲပေါင်း များစွာဖြင့် ကြမ်းတမ်းလျက်ရှိ လေတော့သည်။

အတိတ်ဘဝမှ ကံကောင်းခြင်းများကို အသုံးချနိုင်ခဲ့၍သာ တော်တော့သည်ဟု ဆန်းလျန် တွေးနေမိသည်။

ဆန်းလျန်၏ မူလ ဝိညာဉ်ခန္ဓာသည် သူ၏ ရုပ်ခန္ဓာ အသစ်ဖြစ်သည့် ကလေးငယ်၏ ခန္ဓာကိုယ်အတွင်းတွင် နက်ရှိုင်းစွာဖြင့် တည်ရှိနေလေသည်။ ကြီးမားသော နတ်ဘုရား စွမ်းအား များသည်သာလျှင် သူ့အတွက် တစ်ခုတည်းသော အာမခံချက် ဖြစ်လေသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကြီးထွားလာသည်နှင့်အမျှ သူသည်သူ၏ မူလဝိညာဉ်ခန္ဓာနှင့် ရုပ်ခန္ဓာကို ပြန်လည် ပေါင်းစည်းနိုင်ပြီး သူကျင့်ကြံခဲ့သမျှကို ပြန်လည် အသုံးပြုနိုင်မည် ဖြစ်လေသည်။

ယခု ကလေးငယ် ဘဝနှင့်လည်း သူ၏ မူလဝိညာဉ်ခန္ဓာမှ နတ်ဘုရား တန်ခိုးစွမ်းအားများကို သူအသုံးပြု နိုင်လေသည်။ သို့သော် ယခုအချိန်တွင် အသုံးပြုလိုက်ပါက ပေးဆပ်ရမည့် တန်ဖိုးက များလေသည်။

မည်သို့ပင်ဖြစ်စေ ယခုတော့ သူသည် လူ့လောကသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး သူ၏ ရည်မှန်းချက်များ ဖြစ်လာရန်အတွက် ဆက်လက် လုပ်ဆောင်ရတော့မည် ဖြစ်လေသည်။

ဆန်းလျန်သည် လက်ရှိ အချိန်တွင်တော့ အရာအားလုံးကို တိတ်တဆိတ် လေ့လာရန်သာ ဆုံးဖြတ် ထားလိုက်လေသည်။ နောက်ပိုင်းတွင်တော့ သူက လောက တစ်ခုလုံးတွင် ထပ်မံသင်ယူရန် လိုအပ်သည်များကို သင်ယူရဦးမည် ဖြစ်လေသည်။ လောလောဆယ် အချိန်တွင် ဆန်းလျန်သည် သူရင်ဆိုင်နေရသည့် အခြေအနေကို ကျော်လွှားနိုင်ရန် လိုအပ်လေသည်။ လိုအပ်လျှင် နတ်ဘုရား စွမ်းအားများကိုလည်း အသုံးပြုသင့်လျှင် သုံးရမည် ဖြစ်လေသည်။

ထိုအချိန်…

အိမ်အပြင်ဘက်မှ အော်ဟစ် ဆူညံသံများ ထွက်ပေါ်လာလေသည်။

“ကောင်းကျယ်က ပုန်ကန်ဖို့ စီစဉ်နေတာဖြစ်မယ်…”

ဟန်ယင်းက ပြောလိုက်ခြင်း ဖြစ်လေသည်။

ဟန်ယင်း၏ စကားကြောင့် သခင်မလေးက ဒေါသ ထွက်သွားသည်။

“သူက လုပ်ရဲသလား…”

ဟန်ယင်းက…

“မနေ့ညက သူလွှတ်လိုက်တဲ့ ညစစ်သည် တစ်ယောက် ရောက်လာသေးတယ်၊ အဲဒီ ညစစ်သည်ကို ကျွန်မ နှိမ်နင်းလိုက်တယ်၊ ပြီးတော့ မြို့တော် သခင်မကိုလည်း သတင်းပို့ထားတယ်၊ မြို့တော် သခင်မက သခင်မလေးကို ကာကွယ်ပေးဖို့ပဲ သေချာမှာပါတယ်၊ ကောင်းကျယ် ပုန်ကန်တဲ့ အတွက် မြို့တော်သခင်မလည်း သခင်မလေးဆီကို လာမကြည့်နိုင်တာ ဖြစ်ပါလိမ့်မယ်၊ အခုတော့ မြို့တော် တစ်ခုလုံးလည်း ရုတ်ရုတ်သဲသဲနဲ့ တိုက်ပွဲဖြစ်နေပြီ၊ သခင်မလေး ဒီနေရာက အမြန် ထွက်သွားဖို့ လိုတယ်၊ ပြီးမှ နောက်ထပ်လုပ်ရမယ့်ကိစ္စတွေ ကျွန်မတို့ စဉ်းစားကြတာပေါ့”

ဆန်းလျန်မှာ စိတ်ပျက် သွားရလေသည်။

ကံဆိုးမှုများက တစ်ခုပြီးတစ်ခု ဖြစ်လာပြီးသည်မှ မလုံလောက်သေး။ ပုန်ကန်မှုနှင့် တွေ့နေရပြန်လေပြီ။

ဆန်းလျန်၏ မိခင်ကို ဟန်ယင်းက တွဲလိုက်ပြီး အိမ်အပြင်ဘက်သို့ ခေါ်ထုတ် သွားလေသည်။

လက်သည် အဘွားအိုနှင့် အခြားအစေခံများမှာလည်း အယောင်ယောင် အမှားမှားဖြင့် အိမ်အပြင်သို့ လိုက်ထွက် လိုက်ကြလေသည်။ သို့သော် ဟန်ယင်းမှာ သာမန် လူများထက် အဆမတန် လျှင်မြန်လွန်းသူ ဖြစ်လေသည်။ သူမသည် ဆန်းလျန်၏ မိခင်နှင့် ဆန်းလျန်ကို ပွေ့ချီရင်းကပင် အိမ်တော်တံတိုင်းကို ဖြတ်ကျော်ခုန်တက်ကာ အမှောင်ထုထဲတွင် ပျောက်ကွယ် သွားလေတော့သည်။

လေတိုက်ခတ်သည့် အတွက် ဆန်းလျန်လေး၏ မျက်နှာနုနုလေးမှာ နာကျင်လျက် ရှိလေသည်။

သို့သော် ဆန်းလျန်သည် ပတ်ဝန်းကျင်ကို သေသေချာချာ လေ့လာ နေလေသည်။ ကြည့်လေရာရာတွင် သူမြင်တွေ့ နေရသည်မှာ မိန်းကလေးများသာ ဖြစ်လေသည်။ အိမ်အပြင်ဘက်တွင် တိုက်ခိုက် နေကြသည့် မိန်းကလေး စစ်သည်တော်များကို တွေ့မြင် ရလေသည်။ စစ်သည်တော် အဖွဲ့တစ်ဖွဲ့သည်သူတို့၏ ညာဘက် လက်များတွင် အနီရောင် ပဝါများကို ချည်ထားကြလေသည်။ ကျန်သည့် စစ်သည်တော် တစ်ဖွဲ့ကတော့ ထိုသို့ ချည်နှောင်ထားခြင်း မရှိပေ။ သူတို့သည် ဆင်တူ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင် ထားကြလေသည်။

ဆန်းလျန် ကြည့်နေစဉ်မှာပင် အနီရောင်ပဝါ ချည်နှောင် ထားခြင်း မရှိသည့် စစ်သည်တော်များဘက်မှ ရှုံးနိမ့် နေသည်ကို တွေ့ရလေသည်။

ဆန်းလျန်အနေဖြင့် သူ၏ မူလဝိညာဉ်ခန္ဓာမှ နတ်ဘုရား တန်ခိုးစွမ်းအားကို ထုတ်လွှတ်ကာ ထိုတိုက်ပွဲကို ရပ်တန့်၍ ရလေသည်။

သို့သော် ဆန်းလျန်သည် ထိုမျှအထိတော့ မပေးဆပ်ရဲပေ။ ယခုကဲ့သို့ ဘာမှန်းမသိသည့် အခြေအနေမျိုးတွင် ငြိမ်ငြိမ်နေသည်ကသာ အကောင်းဆုံး ဖြစ်လေသည်။ ထို့ကြောင့်သူက တိတ်တဆိတ် စောင့်ကြည့်ရန်သာ ဆုံးဖြတ် လိုက်တော့သည်။

ဟန်ယင်းမှာ မနေ့ညက တိုက်ပွဲတွင် ဒဏ်ရာရထားသည့် အတွက် ဆန်းလျန်နှင့် သူ၏မိခင်ကို ကာကွယ်ရင်း ပြေးလွှားနေသည့်တိုင် တဖြည်းဖြည်း နှေးကွေးလာလေသည်။

ဆန်းလျန်သည် မွေးရာပါ နတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် အခြားသူများထက် သာလွန်သည့် အကြားအာရုံရှိလေသည်။ သူ၏နားထဲတွင် ဟန်ယင်း၏ အနားမှ သွေးကြောများ ကွဲထွက်သွားသည့် အသံကို ကြားနေရလေသည်။

သူ၏ နှာခေါင်းထဲတွင်လည်း သွေးနံ့များကို ရရှိလိုက်လေသည်။

သူတို့မြို့တံခါးသို့ မရောက်မီမှာပင် မြားတံများသည် သူတို့ရှိရာသို့ မိုးများအလား ကျရောက် လာကြလေသည်။

မိန်းကလေး စစ်သည်တော် ဆယ်ယောက်ကျော်သည် သူတို့ကို တစ်ဖက် တစ်ချက်မှ ဝန်းရံ ထားလိုက်ကြသည်။ သူတို့က ဆန်းလျန်၏မိခင်ကို ဖမ်းဆီးလိုကြခြင်း ဖြစ်ဟန် တူလေသည်။

ဆန်းလျန်လည်း သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။

“ဒီအခြေအနေကို ကျော်လွန်ဖို့ ငါတော့ တစ်ခုခု လုပ်ရတော့မယ် ထင်တယ်”

ဆန်းလျန် တွေးလိုက်မိလေသည်။

***

All Chapters