ကောင်းကင်က ကြယ်တွေထက်တောင် ပိုပြီး မြင့်မြတ် သေးတယ်
Vol. 5 Ch. 455
ဆန်းလျန်သည် သူ၏ မိခင်ဖြစ်သူ၏ မျက်ဝန်းများကို ဝိညာဉ်စွမ်းအား အပြည့်ပါသော အကြည့် တစ်ချက်ဖြင့် စိုက်ကြည့် လိုက်လေသည်။ ဆန်းလျန်၏ ကြယ်စင်ရောင် လင်းလက်နေသည့် အကြည့်ကို ရင်ဆိုင် လိုက်ရသည်နှင့် သူမ၏ ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်များ ခံစား လိုက်ရလေသည်။
ဆန်းလျန်၏မျက်ဝန်းဆီမှ ကြယ်စင်ရောင် အလင်းတန်းများသည် သူမ၏ ခန္ဓာကိုယ် အတွင်းသို့ စီးဆင်းသွားကာ သွေးကြောများထဲ အထိ ပျံ့နှံ့သွားသည့် အလား ခံစား လိုက်ရလေသည်။ ထို့နောက် သူမ၏ မသိစိတ်ထဲတွင် သူမကိုယ်တိုင်ပင် နားမလည်နိုင်သည့် အဖြစ်အပျက်များ စတင်ဖြစ်ပျက် လာတော့သည်။
ဆန်းလျန်၏ မျက်ဝန်းများသည် တဖြည်းဖြည်း မှေးမှိန်သွားလေသည်။
အမျိုးသမီး စစ်သည်တော်များသည် သူတို့ကို တစ်ဖက်တစ်ချက်မှ ဝန်းရံပြီး တိုက်ခိုက် နေကြလေသည်။ ဟန်ယင်းက သူမ၏ ဓားရှည်ကို ဆွဲထုတ်လိုက်လေသည်။ သူမ၏ ဓားရှည်သည် ပျော့ပျောင်း ပါးလွှာသည့် ဓားတစ်လက်ဖြစ်ပြီး အမျိုးသမီး စစ်သည်တော်များ၏ လည်ပင်း နေရာများကို တစ်ချက်တည်းဖြင့် ခုတ်ဖြတ် ပစ်နေလေသည်။ ဟန်ယင်းသည် ဓားသိုင်း အလွန်ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လေသည်။
သို့သော် သူမ ရင်ဆိုင်နေရသည့် သူများမှာ ကျွမ်းကျင်စွာ လေ့ကျင့်ထားသည့် အမျိုးသမီး စစ်သည်တော်များ ဖြစ်သည့်အပြင် အကြောက်တရား မရှိအောင် ဂါထာမန္တန် အစီအရင် တစ်ခုဖြင့် ထိန်းချုပ် ခံထားရပုံ ရလေသည်။ သူတို့သည် ဓားရှည်များကို ကိုင်ကာ သေမည်ကို မကြောက်ရွံ့သည့် အလား ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက် နေကြလေသည်။
တိုက်ပွဲက ပြင်းထန်သည့် အလျောက် ဟန်ယင်းမှာ အားနည်းလာပြီး တဖြည်းဖြည်း လက်ရည် ကျလာလေသည်။ သူမ ဓားကိုင်ထားသည့် လက်က အနည်းငယ် တုန်ခါနေပြီး ရန်သူများကို ထိုးခုတ်နေသည့် ဓားချက်များက လွဲချော်စ ပြုလာလေပြီ။
အမျိုးသမီး စစ်သည်တော်များကို သူမကို နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်နေခြင်း ဖြစ်သည့်တိုင် သူမ၏ ဓားချက်ကတော့ ရန်သူများ၏ ဦးနှောက်များကို တတ်နိုင်သမျှ ထိုးဖောက် ပစ်နေဆဲ ဖြစ်လေသည်။
ထိုအချိန်မှာပင်….
သူမဘဝတွင် မည်သည့် အခါမှ မေ့နိုင်တော့မည် မဟုတ်သည့် မြင်ကွင်းတစ်ခုကို တွေ့မြင် လိုက်ရလေသည်။
သာမန် လူတစ်ယောက်မျှသာ ဖြစ်သည့် သခင်မလေးသည် ဟန်ယင်းဆီသို့ ဝင်ရောက် လာသည့် မြားချက်ကို လက်ဖြင့် ဖမ်းလိုက်လေသည်။ ထို့နောက် ထိုမြားဖြင့် အမျိုးသမီး စစ်သည်တော် တစ်ယောက်၏ လက်ကောက်ဝတ်ကို ထိုးစိုက် ချလိုက်လေသည်။
ထိုအခါ အမျိုးသမီး စစ်သည်တော်၏ လက်ကောက်ဝတ်မှာ လည်ထွက်သွားပြီး သူ၏ ဓားချက်မှာ အခြားသော အမျိုးသမီး စစ်သည်တော် တစ်ဦးကို ထိုးခုတ်မိလျက်သား ဖြစ်သွား လေတော့သည်။
ကလေး တစ်ယောက်ကို ပွေ့ချီထားသည့် မိန်းကလေး တစ်ယောက်သည် စစ်မြေပြင်တွင် မြားတစ်လက်ဖြင့် လူသတ်နေသည့် မြင်ကွင်းမှာ အလွန်မှ ထူးခြားသည့် မြင်ကွင်းပင် ဖြစ်လေသည်။ ထို့ပြင် သူမသည် သူမထံသို့ ဝင်ရောက်လာသည့် ဓားချက်များကိုလည်း ထူးဆန်းသည့် သိုင်းကွက်များကို အသုံးပြုကာ ရှောင်ရှား နေခဲ့လေသည်။
သခင်မလေးက ကူညီတိုက်ခိုက် ပေးသည့်အတွက် ဟန်ယင်းမှာလည်း အနည်းငယ် သက်သာရာ ရသွားလေသည်။
ထို့နောက်တွင်တော့ သခင်မလေးသည် အမျိုးသမီး စစ်သည်တော်များကို မြို့တံခါး ရှိရာသို့ မျှားခေါ်သွားလေသည်။
မြို့တံခါးထက်တွင် နေရာယူထားကြသည့် ပုန်ကန်သူ စစ်သည်များသည် ဟန်ယင်းတို့ကို မြားဖြင့် ပစ်ခတ်လျှင် ကိုယ့်လူကိုယ်လည်း ပြန်လည် ပစ်ခတ်သကဲ့သို့ ရှိမည်ဖြစ်သည့် အတွက် မြားဖြင့် မပစ်ခတ်ရဲကြပေ။
အမျိုးသမီး စစ်သည်တော် အုပ်စုတစ်စုသည် မြို့တံခါးထက်မှ ဆင်းလာလေသည်။
သို့သော် သခင်မလေးနှင့် ဟန်ယင်း နှစ်ယောက်ပေါင်းကာ စစ်သည်တော် နှစ်ဆယ်ခန့်ကို သတ်ဖြတ်ပစ်ခဲ့သည့် အတွက် အားလုံးက သူတို့ကို ကြောက်ရွံ့ကာ အနောက်သို့ ဆုတ်သွား ကြလေတော့သည်။
ထိုအချိန်တွင်… အစိမ်းရောင် အလင်းတန်း အလွှာပါးတစ်ခုသည် သခင်မလေးကို ဝန်းရံထားပြီး သခင်မလေးသည် ဟန်ယင်း၏ လက်ကို ဆွဲကိုင်လိုက်ကာ မြို့တံခါးမှ ထွက်ခွာ သွားတော့သည်။
မြို့တံခါး အပြင်ဘက်သို့ ရောက်သည်နှင့် သခင်မလေးသည် ဟန်ယင်း၏ ရင်ခွင်အတွင်းသို့ သတိလစ် မေ့မျော သွားလေတောသည်။
“အမြန်သွား…”
ကလေးငယ် အသံတစ်သံကို ဟန်ယင်း ကြားလိုက်ရလေသည်။
သို့သော်… ဟန်ယင်းမှာ ထိုအသံမည်သည့် နေရာက ထွက်ပေါ်လာသည်ကို ရှာဖွေရန် အချိန်မရပါ။ သူမသည် သခင်မလေးနှင့် သားငယ်ကို ပွေ့ချီကာ ဟူချိန်မြစ် အတွင်းသို့ ခုန်ချလိုက်တော့သည်။
သူတို့ရှိရာသို့ စစ်သည်တော်များ၏ မြားမိုးများက ရွာကျ လာသေးသည့်တိုင် သူတို့ကတော့ ဟူချိန် မြစ်ရေထဲသို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။
ဆန်းလျန်၏ မိခင်နှင့် ဆန်းလျန်ကို ဟန်ယင်းက ကမ်းခြေပေါ်သို့ ဆွဲတင်လိုက်လေသည်။ ဆန်းလျန်၏ မိခင်ဖြစ်သူမှာ အလွန်မောပန်းနေပြီး အားအင်လည်း ကုန်ခန်းနေပြီ ဖြစ်လေသည်။
သို့သော်… သူမ၏ရင်ခွင်ထဲတွင် ဆန်းလျန်လေးကို ပွေ့ချီထားဆဲ ဖြစ်လေသည်။
ဟန်ယင်းမှာ မွေးကင်းစ ကလေးငယ်လေးသည် ရေစီးနှင့် မျောပါမသွားသည့် အပြင် ရေကူးလာရသည့်တိုင် အသက် သေဆုံးသွားခြင်း မရှိသည်ကို အံ့သြ နေမိလေသည်။ ဟူချိန်မြစ်ထဲတွင် မွေးကင်းစ ကလေးငယ် တစ်ယောက် အသက်ရှင်သန်နိုင်ရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ကလေးငယ်သည် သူ၏ မိခင်ရင်ခွင် အတွင်းမှ လေးဖက်ထောက်ပြီး မြေပြင်ထက်သို့ ဆင်းသွားကာ ကိုယ်တုံးလုံးလေးဖြင့် ထိုင်နေလေသည်။
“အခုလို ကယ်လာပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်”
ဟန်ယင်းမှာ မြို့တော် သခင်မကိုယ်တိုင် သေသေချာချာ လေ့ကျင့် သင်ကြား ပေးထားသည့် ညစစ်သည် တစ်ယောက် ဖြစ်သည့်အတွက် အလွန်စိတ်ဓာတ် ခိုင်မာသူ တစ်ယောက် ဖြစ်လေသည်။
သို့သော် လောလောဆယ် ကြုံတွေ့လိုက်ရသည့် မြင်ကွင်းအကြောင့် အလွန် အံ့သြထိတ်လန့် သွားရသည်။
“လက်စသတ်တော့ စကားပြောနေတာ မင်းကိုး…”
ဆန်းလျန်က သေးငယ်သည့် မျက်နှာလေးဖြင့်ပင် အတောက်ပဆုံး ပြုံးပြ လိုက်လေသည်။ ထိုအပြုံးသည် အလွန်မှ ချစ်စရာ ကောင်းလွန်းလှလေသည်။
“ကျွန်တော် မဟုတ်လို့ ဘယ်သူက ပြောနေမှာလဲ”
ဟန်းယင်းသည် သူမ၏ ဓားဖြင့် ကလေးငယ်ကို ချိန်ရွယ် ထားလိုက်လေသည်။
“မင်းက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ…”
ကလေးငယ်လေး ဆန်းလျန်က သူမကို တည်ငြိမ်စွာ စိုက်ကြည့် နေလေသည်။ ပြီးမှ သေးငယ် နူးညံ့သည့် လက်လေးများဖြင့် ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်ပြီး….
“ကျွန်တော်က ကောင်းကင်က ကြယ်တစ်ပွင့်ကြွေပြီး လူ့ပြည်ကို ဆင်းသက် လာတာလို့ မင်းသတ်မှတ်လို့ ရပါတယ်၊ ကျွန်တော်က ဒုက္ခပေးမယ့်သူ မဟုတ်ပါဘူး၊ ပြီးတော့ ကျွန်တော်က သူ့ရဲ့သားလေ….”
ဆန်းလျန်က သူ၏ဘေးတွင် သတိလစ် မေ့မျောနေပြီ ဖြစ်သည့် မိခင်ဖြစ်သူကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဆန်းလျန်လေး၏ အကြည့်များဖြင့် ရင်ဆိုင်လိုက်ရသည့် ဟန်ယင်းသည် ထိုကလေးကို လုံးဝ မသတ်ရက်တော့ပေ။
“မင်းက တကယ်ပဲ ကောင်းကင်က လာတဲ့ ကြယ်စင်ပေါ့”
သူမက စိတ်လှုပ်ရှားခြင်း များစွာဖြင့် မေးလိုက်လေသည်။
“လောကမှာ သူရဲကောင်းတွေ သေသွားရင် ကောင်းကင်မှာ ကြယ်စင်တွေ ဖြစ်သွားတယ် မဟုတ်လား၊ ကျုပ်က အဲဒီ သူရဲကောင်းတွေ ထက်တောင် မြင့်မြတ်တဲ့ သူပါ”
ဆန်းလျန်က သူ့ကိုယ်သူ ကိုယ်ရည်သွေးနေခြင်း မဟုတ်ပါ။ လင်ထိုင်ဖန်း ကျွမ်းတောင်တွင် ယန်ရွှီးနှင့် တိုက်ခိုက်ပြီးသည့်နောက် သူ၏ မူလဝိညာဉ် ခန္ဓာသည် လောကကို ကျော်လွန်ကာ မိုးကောင်းကင် နတ်ဘုရားတစ်ပါး အဆင့်ထိ တက်လှမ်း သွားခဲ့လေသည်။ သူသည် “ထိုက်ယီနတ်ဘုရား” အဆင့် မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။ သို့သော် မဟာပဲ့တင်သံ ဗိမာန်ပြိုကျသည့် အချိန်တွင် ရွေးခြယ်စရာ မရှိသည့် အတွက်သာ အသူရာ ချောက်ရှိ သံသရာလည်ခြင်းဘုံသို့ ရောက်ရှိကာ လူပြန်ဝင်စားခဲ့ရခြင်း ဖြစ်လေသည်။
“ဒါဆိုရင် ဒီပုန်ကန်မှုကို တားဆီး ပေးနိုင်မလား၊ ပြီးတော့ မင်းကလည်း အခုဆိုရင် မြို့တော် သခင်မရဲ့ မျိုးဆက် ဖြစ်လာပြီပဲ”
ဟန်ယင်းက ဆန်းလျန်ကို နူးညံ့စွာ ပြောလိုက်သည်။
“ကျွန်တော် ကူညီပေးနိုင်ပါတယ်၊ ဒါပေမဲ့ လောလောဆယ်မှာတော့ မကူညီနိုင်သေးဘူး”
ဆန်းလျန်က ပြန်ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ၊ မင်းပြောတော့ မင်းက ကောင်းကင်က ကြယ်တွေထက်တောင် ပိုပြီးမြင့်မြတ် သေးတယ်ဆို၊ ငါတို့ကိုကူညီဖို့ မင်းအတွက် တန်ခိုးစွမ်းအားလေး နည်းနည်းသုံးလိုက်ရင် ရပြီပဲ မဟုတ်လား”
ဆန်းလျန်က ဟူချိန်မြစ်ရေကို လက်ညှိုး ထိုးပြလိုက်သည်။ တစ်ချိန်တည်းမှာပင် ငါးတစ်ကောင်ကလည်း ရေထဲမှ ခုန်ထွက် လာလေသည်။
“လူတစ်ယောက်ကို ငါးကူမျှားပေးတာထက် ဆာရင် ငါးမျှားတတ်အောင် သင်ပေး လိုက်တာက ပိုမကောင်းဘူးလား”
ဟန်ယင်းသည် ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်ပါ။ သူမသည် အတန်ကြာ စဉ်းစားနေပြီးမှ နောက်ဆုံးတော့ မေးလိုက်လေသည်။
“မင်းက ငါးစားချင်လို့လား…”
သောက်ကျိုးနဲဟု ဆန်းလျန်တွေးလိုက်မိသည်။ သူက ချင်းရွှမ်နတ်တံခါးတွင် တပည့်များကို သင်ကြား ပေးနေသည်မှာ အကျင့်ပါနေသည့် အတွက် ထိုသို့ ပြောလိုက်မိခြင်း ဖြစ်လေသည်။ ကျင့်ကြံသူများသည် အသိဉာဏ် မြင့်မားကြသည့် အလျောက် ဥပမာပေးလိုက်သည်နှင့် ချက်ချင်းပင် နားလည်နိုင်စွမ်း ရှိကြလေသည်။
ဟန်ယန်းသည် သာမန်လူများထက် သာသော်လည်း သာမာန် သိုင်းသမား တစ်ယောက်သာ ဖြစ်လေသည်။ မိုးမြေစွမ်းအားများကို စုပ်ယူပြီး ကျင့်ကြံနေကြသည့် ကျင့်ကြံသူများနှင့် မည်သည့် နည်းနှင့်မျှ မယှဉ်နိုင်ပေ။
ဆန်းလျန်က…
“ကျွန်တော်က မင်းကို တန်ခိုးစွမ်းအားတွေ ရအောင် သင်ပြ ပေးနိုင်တယ်လို့ ပြောချင်တာပါ”
ဆန်းလျန် စကားကြောင့် ဟန်ယင်းက အံ့သြသင့်သွားလေသည်။
“ကူညီရမှာ အခက်အခဲ ဖြစ်နေလို့လား၊ မင်းကူညီနိုင်ရင် ကူညီပေါ့၊ မကူညီနိုင်ရင်လည်း ထားလိုက်ပါ”
သူမသည် ဆန်းလျန်နှင့် စကားပြောပြီးသည့်နောက် ဆန်းလျန်ကို မမုန်းရက်တော့ပေ။ ထို့ပြင် သူမ စိတ်ထဲတွင်လည်း စိတ်သက်သာရာ ရသွားပြီး ဓားကို ပြန်ရုတ်သိမ်း လိုက်လေသည်။
မကြာသေးခင်ကပင် သခင်မလေးချန်ချင်သည် မြားတစ်လက်ကို အသုံးပြုကာ အမျိုးသမီး စစ်သည်တော်များကို တိုက်ခိုက် ခဲ့လေသည်။ ထိုထူးဆန်းသည့် အဖြစ်အပျက်ကို မြင်တွေ့ ပြီးသည့်နောက် ကလေးငယ်သည် အစွမ်း ရှိသင့်သလောက်တော့ ရှိသည်ဟု သူမက ယုံကြည် ထားလေသည်။
သို့သော် …. ကြယ်များထက်ပင် မြင့်မြတ်သည် ဆိုသည်မှာ ထိုကလေးငယ်က အလကား ချဲ့ကား ပြောဆိုနေခြင်း ဖြစ်နိုင်သည်ဟု မှတ်ယူ ထားလိုက်လေသည်။
“ဒါဖြင့်လည်း ကောင်းပါပြီ၊ ကျွန်တော်တို့ သားအမိနှစ်ယောက်ကို ခြောက်သွေ့ တိတ်ဆိတ်တဲ့ နေရာ တစ်ခုလောက်ကို ခေါ်သွားပေးပါဦး၊ အမေက အရမ်းပင်ပန်းနေပြီ၊ ဒီတိုင်းသာ ဆက်သွားရင် အမေတော့ ဒုက္ခရောက်တော့မှာပဲ”
ဆန်းလျန်က ပြောလိုက်လေသည်။
“ကြည့်ရတာ မင်းက ဒီလောက်လည်း အစွမ်းမထက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် သခင်မလေးရဲ့ ကျန်းမာရေးကတော့ စိတ်ပူရမှာပဲပေါ့”
ဟန်ယင်းက ပြန်ပြော လိုက်လေသည်။
ဆန်းလျန်သည် မွေးဖွားပြီးသည့်နောက် သူရောက်ရှိနေသည့် လောကကို တိတ်တဆိတ် လေ့လာရန် ဆုံးဖြတ် ထားခဲ့လေသည်။ သို့သော်… အခြေအနေများက ပြောင်းလဲသွားသည့် အတွက် မတတ်သာတော့ဘဲ ဟန်ယင်းနှင့် စကားပြောလိုက်ရခြင်း ဖြစ်လေသည်။ သူက သတိလစ်နေသည့် မိခင်ဖြစ်သူကို တန်ခိုးစွမ်းအား အသုံးပြုကာ ကုသပေးနိုင်လေသည်။ ထိုသို့ ပြုလုပ်လိုက်လျှင် ဟန်ယင်း အနေဖြင့်လည်း သူ့ကိုပိုပြီး ယုံကြည်လာမည် ဖြစ်လေသည်။
သို့သော်… သူ၏ ရုပ်ခန္ဓာမှာ ပျက်စီးလွယ်သည့် မွေးကင်းစ ကလေးတစ်ယောက်မျှသာ ဖြစ်နေသေးသည့် အတွက်က တစ်ကြောင်း၊ ဟန်ယင်းမှာလည်း အထူးလေ့ကျင့် သင်ကြားခံ ထားရသည် စစ်သည်တော် ဖြစ်သည့်အတွက် သူ၏မိခင်ကို ကောင်းကောင်း ကူညီပေးနိုင်သည်က တစ်ကြောင်းကြောင့် သူက တန်ခိုးစွမ်းအားများကို ထုတ်ဖော် အသုံးပြုခြင်း မရှိတော့ဘဲ ဟန်ယင်းကိုသာ အားကိုးရန် ဆုံးဖြတ် လိုက်လေသည်။
သို့ရာတွင် သူရောက်ရှိနေသည့် လောကသည် သဘာဝ လွန်စွမ်းအားများကို သိပ်ပြီး အသုံးပြုကြသည့်ပုံ မပေါ်သည့်အတွက် လက်ရှိတွင် ဟန်ယင်း မရှိလျှင်ပင် ဆန်းလျန်သည် သူ့ကိုယ်သူ ကောင်းကောင်း ကာကွယ်နိုင်မည်ကတော့ သေချာသလောက် ရှိလေသည်။
***