← Chapters

ကျားနက်ကြီးကိုစီး၍

Vol. 5 Ch. 456

ကျားနက်ကြီးကိုစီး၍

Vol. 5 Ch. 456

လူသားများက လောကတွင် ဖြစ်ပျက်နေသည့် အရာများကိုသာ မြင်နိုင်ကြသည်။

နတ်ဘုရားများကတော့ ထိုအရာများကို ကျော်လွန်ပြီး သိမြင်နိုင်လေသည်။

ဆန်းလျန်က သူ့ကိုယ်သူ ကြယ်စင်များထက်ပင် မြင့်မြတ်သည်ဟု ဆိုသည့်စကားကို ဟန်ယင်းက နားလည်နိုင်ခြင်း မရှိပေ။

သူမသည် သခင်လေးချန်ချင်ကို ကျောတွင်ပိုးပြီး ဆန်းလျန်ကို လက်တွင်ချီကာ ခရီးဆက်ခဲ့ လေသည်။

သူမတွင် အားအင်လည်း သိပ်မရှိတော့ပေ။ ဆန်းလျန်က သူမအသက်ရှူ မှန်စေရန် အတွက် ကူညီ ပေးနေလေသည်။ ဆန်းလျန် ထိုသို့ ကူညီပေးခြင်းက အစပိုင်းတွင် သိပ်မသိသာသည့်တိုင် အချိန်ကြာလာသည့် အခါတွင်တော့ သူမ၏ စွမ်းအားများ တဖြည်းဖြည်း မြင့်တက်လာသည်ကို သူမ သဘောပေါက် လိုက်မိလေသည်။

သူတို့သည် တောအုပ်လေး တစ်အုပ်ကို ဖြတ်ကျော် ခဲ့ကြသည်။ တောတွင်းသူပုန်များနှင့် တွေ့လျှင်ပင် ဆန်းလျန်လေးက သူတို့ကို ကာကွယ် ပေးလိမ့်မည်ဟု ဟန်ယင်းက ယုံကြည် နေမိလေသည်။

ဆန်းလျန်သည် လမ်းပင် မလျှောက်တတ် သေးသည့် မွေးကင်းစ ကလေးငယ် တစ်ယောက် ဖြစ်သည့်တိုင် ဟန်ယင်းကတော့ သူ့ကို ယုံကြည် နေခဲ့လေသည်။ အဘယ်ကြောင့် ယုံကြည် နေမိသည်ဆိုသည့် အချက်ကတော့ မသေချာလှပေ။

အမှန်တော့ ဟန်ယင်းသည် စိတ်ထား ဖြူစင်ရိုးသားသူ တစ်ယောက်ဖြစ်ပြီး အခြား သူများထက် သနားကြင်နာတတ်သူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်ကလည်း သူမကို ယုံကြည် စိတ်ချလေသည်။

ဆန်းလျန်က သူမ၏ အားပြတ် မသွားစေရန် အတွက် အသက်ရှူနည်း စနစ်ကို သင်ပြပေးရင်း သူမကို ကူညီပေးခဲ့သည်။ သူမသည် ဆန်းလျန်၏ အကူအညီဖြင့်ပင် ကျယ်ယန်း တောင်ခြေသို့ ရောက်ရှိ လာခဲ့လေသည်။

တောင်ခြေတွင် မြစ်တစ်စင်းက စီးဆင်းနေပြီး တောင်ကြော တစ်လျှောက် စိမ်းလန်း စိုပြည်လွန်းသည့် တောအုပ်များကို တွေ့မြင်နိုင်လေသည်။ အချို့သော သစ်ပင်များမှာ မြင့်မား လွန်းလှသည့် အတွက် ကောင်းကင်ထိအောင် ထိုးဖောက်နိုင်သည်ဟု ထင်မှတ်ရဖွယ် ရှိလေသည်။ နှစ်ပေါင်း ထောင်ချီရှိနေပြီ ဖြစ်သည့် နှစ်ရှည်သစ်ပင်များ ဖြစ်ဟန်တူသည်။

သူရောက်ရှိနေသည့် လောကသည် ထူးခြားသည်ဟု ဆန်းလျန် တွေးလိုက်မိသည်။ အဘယ်ကြောင့် ဆိုသော သစ်ပင်များမှ သစ်ရွက်များမှာ ကျောက်စိမ်းသားကဲ့သို့ ချောမွေ့နေပြီး တောက်ပ နေသောကြောင့် ဖြစ်လေသည်။ အရွက်များကလည်း ကြီးမားလွန်းလှသည်။

ဟန်ယန်းသည် သခင်မလေး ချန်ချင်နှင့် ဆန်းလျန်လေးတို့ကို တောင်ပေါ် တစ်နေရာရှိ စမ်းချောင်းလေး အနားသို့ ခေါ်ဆောင် လာခဲ့လေသည်။ သူမလည်း အလွန်ပင်ပန်းနေပြီ ဖြစ်လေသည်။ သူမက သခင်မလေးနှင့် ဆန်းလျန်လေးကို ခဏထားခဲ့ပြီး စားစရာ သွားရှာရန် တွေးလိုက် မိလေသည်။

ထိုအချိန်မှာပင်…

လေပြင်း တစ်ချက် တိုက်ခတ်လာပြီး ကျားနက်ကြီး တစ်ကောင်မှာ ကျောက်တုံးများ နောက်မှ ခုန်ထွက် လာလေသည်။

နဂါးက တိမ်ကို ထိန်းချုပ်သည်ဆိုလျှင် ကျားကတော့ လေကို ထိန်းချုပ်သူ ဖြစ်လေသည်။ ထို့ကြောင့် ကျားနက်ကြီး ခုန်ထွက်လာသည်နှင့် လေပြင်းများ စတင်တိုက်ခတ် လာတော့သည်။ ဟန်ယင်းမှာ ကျားနက်ကြီးကို တိုက်ခိုက်ရန် အတွက် လုံးဝအင်အား မရှိတော့ပေ။ သူမသည် ကျားနက်ကြီးကို တုန်လှုပ်စွာဖြင့် ကြည့်နေမိတော့သည်။

သူမက ပါးလွှာ ပျော့ပျောင်းသည့် ဓားရှည်ကို တင်းတင်း ဆုပ်ကိုင်ထားမိလေသည်။ ကျားကြီးမှာ သာမန် ကျားတစ်ကောင်ထက်ပင် ကြီးသေးသည်။ ကျားကြီးက ခုန်ထွက်လာပြီး သူတို့ရှိရာသို့ လမ်းလျှောက် လာလေသည်။ အကြည့်များကလည်း အေးစက် ကြောက်မက် ဖွယ်ရာပင်။

သူတို့အားလုံးတော့ တစ်ခါတည်း အသက်ပျောက်ပြီဟု ဟန်ယင်း တွေးလိုက်မိလေသည်။

ရုတ်တရက် …

သူမသည် သခင်မလေးချန်ချင်၏ ထူးဆန်းသည့် သားငယ်လေးကို သတိရသွားမိသည်။ ထိုကလေးငယ်သည် သူတို့ကို ကူညီနိုင်ပါမည်လား။

သူမ ထိုသို့စဉ်းစား လိုက်မိသည့်အချိန်မှာပင် ကျားကြီးက တစ်ချက်တည်း ခုန်အုပ် လိုက်လေသည်။

သို့သော်… ကျားကြီးက သူမကို ခုန်အုပ်ခြင်းမဟုတ်ပါ။ ဆန်းလျန်လေးကို ခုန်အုပ်လိုက်ခြင်း ဖြစ်လေသည်။ ဟန်ယင်းသည် ထိတ်လန့်စွာဖြင့် အော်ဟစ် လိုက်မိလေသည်။ ဆန်းလျန်လေးသည် လမ်းပင် မလျှောက်တတ် သေးသည့် မွေးကင်းစ ကလေးငယ်လေး ဖြစ်လေသည်။ မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားသည့် ကြယ်စင်တစ်စင်း လူဝင်စားသည် ဆိုပါစေ ယခုတစ်ကြိမ်တွင်တော့ ဘဝဆုံးရပြီဟု သူမ ထင်လိုက်မိ လေသည်။

သူမက ရှိသမျှ အားအကုန်သုံးကာ ကျားနက်ကြီးကို ဓားဖြင့် ထိုးစိုက် ချလိုက်လေသည်။ သို့သော် သူမ၏ ဓားသည် လေထဲတွင် ရပ်တန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ကျားနက်ကြီးမှာ ဆန်းလျန်ရှေ့ရှိ မြေပြင်ထက်တွင် ကြောင်လေး တစ်ကောင်အလား ဝပ်တွား နေသည်ကို အံ့သြဖွယ်ရာ တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။

ကျားနက်ကြီးသည် လျှာကိုထုတ်ကာ ဆန်းလျန်ကို လျက်နေလေသည်။ ဆန်းလျန်က သူ၏ နူးညံ့လှပသည့် လက်လေးများဖြင့် ကျားနက်ကြီး၏ လျှာကို လှမ်းကိုင်လေသည်။

ထို့နောက် ကလေးငယ်သည် ကျားနက်ကြီး၏ အမွေးများကို လက်လေးဖြင့် နူးညံ့စွာ ပုတ်ခတ်နေရင်း ဟန်ယင်းကို စကား လှမ်းပြောလိုက်သည်။

"သူပြောတာက ကျောက်ဆောင်တွေ အနောက်ဘက်မှာ ဂူတစ်ဂူရှိတယ်တဲ့၊ အဲဒီကို ကျွန်တော့် အမေကို ခေါ်သွားပေးပါ၊ ပြီးတော့ မီးလဲ မွှေးထားလိုက်ဦး၊ ကျွန်တော်နဲ့ ရှောင်ဟေးက အစာ သွားရှာလိုက်ဦးမယ်"

ဆန်းလျန်မှာ ကျားနက်ကြီးကို ရှောင်ဟေးဟုပင် အမည် ပေးထားလိုက်ပြီ ဖြစ်လေသည်။

(ရှောင်ဟေး = အနက်လေး)

ဟန်ယင်းမှာ သူမမျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ ကျားနက်ကြီးက ဆန်းလျန်ရှေ့တွင် ခေါင်းကို ငုံ့ပေးလိုက်တော့ ဆန်းလျန်လေးက လေးဖက် တွားကာ ကျားနက်ကြီး လည်ပင်းပေါ်သို့ တက်သွားလေသည်။

ထူးဆန်းလှသည့် မြင်ကွင်းကြောင့် ဟန်ယင်းမှာ ပါးစပ် အဟောင်းသားပင် ဖြစ်သွားရသည်။ မွေးကင်းစ ကလေးငယ် တစ်ယောက်က ကျားနက်ကြီး လည်ပင်းပေါ်သို့ တက်သွားသည်တဲ့။ မယုံနိုင်စရာ မြင်ကွင်းပါပေ။

ထို့နောက် ကျားနက်ကြီးသည် ဆန်းလျန်နှင့်အတူ တောနက်ထဲသို့ ဝင်သွားလေတော့သည်။ ဟန်ယင်းလည်း မတတ်သာတော့ဘဲ ဆန်းလျန်ပြောခဲ့သည့် အတိုင်း ကျောက်ဆောင်များ အနောက်ဘက်ရှိ ဂူရှိရာသို့ ထွက်ခွာ လာခဲ့လေသည်။ ဂူမှာ ကျောက်ဂူ တစ်ခုဖြစ်ပြီး အတွင်းဘက်တွင် ခြောက်ခြောက် သွေ့သွေ့ ရှိလေသည်။ ကျားနက်ကြီး နေထိုင်သည့် ကျားတွင်း ဖြစ်ပုံရလေသည်။

ဆန်းလျန်ကတော့ မိုးမြေစွမ်းအားများကို လှည့်ပြောင်း ဆော့ကစားရင်း ကျားနက်ကြီးကို စီးကာ သာယာကြည်နူးဖွယ် အချိန်လေးကို ဖြတ်သန်း နေလေသည်။

ကျယ်ယန်း တောင်ထိပ်တွင် မိုးမြေစွမ်းအားများ မြင့်မားလွန်းသည့်တိုင် ဆန်းလျန်က မိုးမြေ စွမ်းအားများကို ချက်ချင်းစုပ်ယူပြီး ကျင့်ကြံခြင်း မပြုလုပ်သေးပါ။ သူက မိုးမြေ စွမ်းအားများကို ဖမ်းယူလိုက်ပြီး နတ်ဘုရား စွမ်းအားများကို အသုံးပြုကာ စစ်ဆေး ကြည့်လိုက်လေသည်။

တောနက်ထဲမှ မိုးမြေ စွမ်းအားများမှာ မြို့ထဲမှ မိုးမြေ စွမ်းအားများထက် သိပ်သည်းပြီး သန့်စင်လေသည်။

ဆန်းလျန်သည် အစကတည်းကပင် သူပြန်လည် မွေးဖွားလာသည့် လောက၏ ထူးခြားချက်ကို ရိပ်မိလေသည်။ ယခု သူရောက်ရှိနေသည့် လောကရှိ မိုးမြေစွမ်းအားများမှာ အနည်းငယ် အုံ့မှိုင်းနေသည့် အတွက် သိပ်ပြီးနေလို့ မကောင်းသည့် လောကတစ်ခု ဖြစ်လေသည်။

အခြေခံသဘာဝ ဒြပ်စင်စွမ်းအားများ ဖြစ်သည့် ကောင်းကင်၊ မြေကြီး၊ တောင်၊ ရွှံ့နွံ၊ ရေ၊ မီး၊ လေနှင့် လျှပ်စီး  ဆိုသည့် ဒြပ်စင်စွမ်းအား ရှစ်မျိုးကတော့ ဤလောကတွင် တည်ရှိလေသည်။ သို့သော် မြေကြီး၊ တောင်၊ ရွှံ့နွံ နှင့် ရေ ဒြပ်စင်များက ကောင်းကင်၊ မီး၊ လေ နှင့် လျှပ်စီးများထက် ပိုပြီး စွမ်းအား ကြီးမားနေသည်ကို ဆန်းလျန် သတိပြုမိ ထားလေသည်။

ဆန်းလျန်က မိုးမြေစွမ်းအား အနည်းငယ်ကို စုပ်ယူကာ သူ၏ အသွေးအသားထဲသို့ ပျံ့နှံ့စေလိုက်သည်။ ထို့နောက် အုံ့မှိုင်းနေသည့်မိုးမြေစွမ်းအားများက သူ့ခန္ဓာကိုယ်သို့ သက်ရောက်မှု ရှိမရှိ စောင့်ကြည့် လိုက်လေသည်။ အုံ့မှိုင်းနေသည့် မိုးမြေ စွမ်းအားများမှ အုံ့မှိုင်းသည့် အငွေ့အသက်များသည် ဆန်းလျန်၏ အသွေးအသားထဲသို့ ဝင်ရောက်သွားခြင်း မရှိပေ။ သန့်စင်သည့် မိုးမြေ စွမ်းအားများကသာ ဝင်ရောက် သွားလေသည်။

မိုးမြေစွမ်းအားများကို စုပ်ယူလိုက်မိသည်နှင့် ဆန်းလျန်သည် မျက်နှာကို သန့်ရှင်းသော ရေဖြင့် ဆေးကြော ခံလိုက်ရသကဲ့သို့ လန်းဆန်းသွားကာ နတ်ဘုရား စွမ်းအားများပင် ပြန်လည် ပြည့်ဝ လာလေသည်။

ကျားနက်ကြီးက ဆန်းလျန်ကို သယ်ဆောင်ကာ တောန်ကထဲတွင် လျှောက်သွား နေလေသည်။ ကျယ်ယန်း တောင်ထိပ်ရှိ သန့်စင်သည့် မိုးမြေစွမ်းအားများ အားလုံးသည် ကျားနက်ကြီး၏ လည်ဂုတ်ကို စီးထားသည့် ဆန်းလျန်ဆီသို့ စုရုံး ရောက်ရှိ လာကြလေသည်။

တောနက်ထဲတွင် အတန်ကြာ လှည့်လည် သွားလာနေပြီးသည့်နောက် ကျားနက်ကြီးပင်လျှင် ဝိညာဉ် စွမ်းအားများ တိုးတက် လာတော့သည်။

ကျားနက်ကြီးသည် လူမြင်လျှင် ငမ်းငမ်းတက် ကိုက်ဖြတ် စားသောက်ချင်သည့် ကျားရိုင်း ကျားဆိုးကြီး တစ်ကောင် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကို တွေ့မြင် လိုက်ရသည်နှင့် ကျားနက်ကြီးသည် သူ၏ ငယ်စဉ်ဘဝက အဖြစ်အပျက် တစ်ခုကို ချက်ချင်း အမှတ်ရသွားမိသည်။ ထိုအချိန်က သူသည် ကျားပေါက်လေး တစ်ကောင်မျှသာ ရှိသေးသည်။

ထိုနေ့ညတွင်…

အဖြူရောင် အလင်းတန်းများ ဖြာလင်းနေပြီး ဓားတစ်လက်ကို စီးနှင်လာသည့် လူတစ်ယောက်ကို ကျားနက်လေး တွေ့မြင်ခဲ့ရလေသည်။ ထိုသူသည် တောနက် အတွင်းသို့ ဝင်ရောက်လာပြီး သစ်ကိုင်းများ ကိုလည်း ခုတ်ဖြတ်ပစ်ခဲ့သည်။

ထို့နောက် တွင်တော့ ထိုသူသည် လက်ရှိ ကျားနက်ကြီး ခန္ဓာကိုယ်၏ ခြောက်ဆမှ ခုနစ်ဆအထိ ကြီးမားသည့် ဧရာမ စပါးအုံးမြွေကြီး တစ်ကောင်နှင့် ရင်ဆိုင်ခဲ့လေသည်။ ထိုလူက ဘူးသီးခြောက်တစ်လုံးကို ထုတ်ယူကာ အဖုံးဖွင့်လိုက်သည့် အခါတွင်တော့ စပါးအုံးမြွေကြီးမှာ တဖြည်းဖြည်း ကျုံ့သွားကာ မြွေသေးသေးလေး တစ်ကောင် အဖြစ်သို့ ကူးပြောင်းသွားပြီး ဘူးသီးခြောက် အတွင်းသို့ ဝင်ရောက် သွားလေတော့သည်။

ထိုအချိန်က ကျားနက်လေးမှာ ထိုသူကို မြင်ရပြီးသည့်နောက် ဘဝတွင် ပထမဆုံး ကြောက်ရွံ့မှုကို ခံစားခဲ့ရလေ သည်။ ထို့နောက်တွင်တော့ ထိုသူကဲ့သို့သော လူများကို ကျင့်ကြံသူများဟု ခေါ်သည်ကို သူသိခဲ့ရသည်။ ကျားနက်ကြီး ကိုယ်တိုင်က ကျင့်ကြံသူ နတ်မိစ္ဆာ တစ်ယောက် ဖြစ်လာမည်ဆိုလျှင်ပင် ထိုကျင့်ကြံသူများကို အနိုင်ရအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ယခုလည်း ကျားနက်ကြီးသည် ဆန်းလျန်ကို မြင်တွေ့ လိုက်ရသည်နှင့် ကလေးငယ် တစ်ယောက်မျှသာ ဖြစ်သည့်တိုင် ကျင့်ကြံသူများကို သွားပြီး သတိရလိုက်မိ လေသည်။ ဆန်းလျန်၏ ရှေ့တွင် ငယ်စဉ်က ခံစားခဲ့ရသည့်  ကြောက်ရွံ့ခြင်းကို ပြန်လည် ခံစားရလေသည်။

ကျားနက်ကြီးသည် သူ၏ လည်ဂုတ်ပေါ်တွင် လိုက်ပါလာသည့် ကလေးငယ်ကို ယခုအချိန်ထိပင် ကြောက်စိတ် မပြေသေးပေ။ ထို့ကြောင့် ကလေးငယ် ပေးသမျှ အမိန့်များကို နာခံနေခြင်း ဖြစ်လေသည်။

ဆန်းလျန် အဖို့တော့ ကျားနက်ကြီးနှင့် အတူ ရှိနေရသည်မှာ သာမန် လူများနှင့် ရှိနေရခြင်းထက် ပိုပြီး အဆင်ပြေလေသည်။

ဆန်းလျန်သည် ယန်ရွှီးနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့် အတွက် မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်၏ အားနည်းချက်၊ အားသာချက်များကို အစမှ အဆုံးတိုင် နားလည်နေခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့်သူက မိုးကောင်းကင် နတ်မိစ္ဆာ ပညာကို အိပ်မက် လိပ်ပြာကျင့်စဉ်ဖြင့် ပေါင်းစပ်ကာ ကျားနက်ကြီး၏ နှလုံးသားကို ထိန်းချုပ်လိုက်ခြင်း ဖြစ်လေသည်။

သားရဲများ၏ နှလုံးသားကို ထိန်းချုပ်ရန်မှာ လူသားများ၏ နှလုံးသားကို ထိန်းချုပ်ရန်ထက် ပိုမို လွယ်ကူ လေသည်။

***

All Chapters