← Chapters

ရှီးလျန်မြို့တော်မှ အစပြုမည်

Vol. 5 Ch. 457

ရှီးလျန်မြို့တော်မှ အစပြုမည်

Vol. 5 Ch. 457

ကျယ်ယန်း တောင်ရှုမျှော်ခင်းသည် ရတနာတစ်ပါးကဲ့သို့ လှပလွန်းလေသည်။ မိုင်တစ်ရာ ပတ်ဝန်းကျင်မှ မိုးမြေစွမ်းအား များသည် ကျယ်ယန်းတောင်သို့ လာရောက် စုစည်း နေကြလေသည်။ ထို့ကြောင့် ကျယ်ယန်းတောင်တွင် နေထိုင်သည့် ကျားနက်ကြီးမား ဝိညာဉ်စွမ်းအား ပြည့်ဝသည့် ကျားကြီးတစ်ကောင် ဖြစ်နေသည်မှာ အံ့သြစရာတော့ မရှိပေ။

ဆန်းလျန်က ကျားနက်ကြီးကို ရပ်တန့်ရန် လည်ပင်းကို အသာပုတ်ကာ အချက်ပြလိုက်သည်။ ထို့နောက် သူက အရှေ့သို့ လက်ညှိုးတစ်ချက် ညွှန်ပြလိုက်ပြီး…

"အဲဒီမှာ ဘာလဲ"

ကျယ်ယန်းတောင်မှာ မိုးမြေစွမ်းအားများဖြင့် ပြည့်နေလေသည်။ တောင်၏ ဖွဲ့စည်းပုံ အရဆိုရင် တောင်၏ အောက်ဖက်ပိုင်းတွင် ဝိညာဉ်ဂူများ ရှိသင့်လေသည်။ ထို့ကြောင့် ဆန်းလျန် ရှေ့တွင် မြင်တွေ့နေရသည့် အလင်းရောင်မှာ ဝိညာဉ်ဂူ ဟုတ်မဟုတ် မသေချာလှပေ။ အလင်းရောင် ရှိရာသို့ တောင်တစ်ခုလုံးမှ ဝိညာဉ် စွမ်းအားများ စုဝေးနေသည့်တိုင် ထိုအရာသည် လူတစ်ယောက်ယောက်က ပြုလုပ်ထားသည့် အရံအတား တစ်ခုနှင့်တော့ ဆင်တူခြင်းမရှိပေ။

ကျားနက်ကြီးက ထိုအလင်းရောင် ရှိရာကို တစ်ချက်ကြည့်လိုက်ပြီး မာန်ဖီ လိုက်လေသည်။

ကျားနက်ကြီး ဆိုလိုသည့် အဓိပ္ပာယ်ကို ဆန်းလျန် နားလည်လိုက်လေသည်။ ကျားနက်ကြီး ပြောသည်မှာ ယခင်အချိန်များတုန်းက ဆန်းလျန် ကဲ့သို့သော လူတစ်ယောက်သည် ထိုနေရာတွင် နေထိုင်ခဲ့သည် ဟူ၍ ဖြစ်လေသည်။ ကျားနက်ကြီးသည် ထိုနေရာသို့ မသွားရဲသည့် အတွက် ထိုနေရာသည် မည်သို့သော နေရာ ဖြစ်သည်ကိုတော့ သိရှိခဲ့ခြင်း မရှိပေ။

ဆန်းလျန်သည် အလင်းရောင် ထွက်ပေါ်နေရာသို့ ငေးကြည့်နေပြီး ထိုနေရာသည် ထူးဆန်းသည်ဟု ခံစားလိုက်မိ လေသည်။ သို့သော် နေလည်း ဝင်တော့မည် ဖြစ်သည့်အတွက် ထိုနေရာသို့ မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့တွင် ထပ်လာလျှင်လည်း ရသည်ပဲလေ။

သူက ကျားနက်ကြီးကို ဆိတ်တစ်ကောင် ဖမ်းဆီးရန် အတွက် အမိန့်ပေး လိုက်ပြီးသည့် နောက် ကျားနက်ကြီး နေထိုင်ရာ ကျောက်ဂူဆီသို့ ပြန်လာ ခဲ့ကြလေသည်။

ကောင်းကင်ထက်တွင် လရောင်က ထိန်ထိန်သာနေခဲ့ပြီ ဖြစ်သည်။ ဆန်းလျန်သည် လမင်းကို ငေးကြည့် နေမိလေသည်။ လပြည့်နေ့ ဖြစ်သည့်အတွက် လမင်းက အပြည့်အ၀ လင်းလက် တောက်ပလျက် ရှိလေသည်။

လရောင်သည် တောနက်တစ်ခုလုံးသို့ ဖြန့်ကြက် တောက်ပနေသည်မှာ ငွေရောင် ရေတံခွန်တစ်ခု စီးဆင်းနေသည့် အလားပင် ထင်မှတ်ရလေသည်။

ဆန်းလျန်က ကောင်းကင်ထက်မှ လရောင်ကို သေသေချာချာ လေ့လာ ကြည့်သည့် အခါတွင်တော့ လမင်း၏ အစစ်အမှန်ကို ဖုံးအုပ်ထားသည့် အလွှာတစ်ထပ် ရှိနေသည်ကို ခံစားလိုက်မိ လေသည်။ လရောင်၏ အောက်တွင် ဖုံးကွယ် ထားသည့် တည်ရှိမှု တစ်ခု ရှိနေနိုင်လေသည်။

လရောင်တွင် ထိုက်ယင်း စွမ်းအားများ ရောင်ပြန်ဟပ် နေလေသည်။ ဆန်းလျန်သည် တစ်ချိန်တုန်းက ချင်းရွှမ် နတ်တံခါးတွင် ပိုင်စုဟွမ် ကျင့်ကြံခဲ့သည့် "လမင်းရောင်ခြည် ကျင့်စဉ်" ကို ပြန်လည် သုံးသပ် နေမိလေသည်။ သန့်စင်သည့် ထိုက်ယင်း အလင်းစွမ်းအားကိုသာ ပိုင်ဆိုင်မည် ဆိုလျှင် လမင်းရောင်ခြည် ကျင့်စဉ်သည် ထင်သလောက် ကျင့်ကြံရခက်လိမ့်မည် မဟုတ်ပေ။

သို့သော် ဆန်းလျန်၏ လက်ရှိ အခြေအနေတွင် တန်ခိုးစွမ်းအား ဆိုသည်က လိုသလို ရရှိနေနိုင်သည့် အခြေအနေ ဖြစ်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် ချိကုန်း ကျင့်စဉ်ကဲ့သို့ သာမန် ကျင့်ကြံမှုများကို လေ့ကျင့်ရန် မလိုအပ်ပေ။

ဆန်းလျန် ကျားနက်ကြီးနေသည့် ကျောက်ဂူအဝကို ရောက်သည်နှင့် မီးပုံတစ်ပုံ ဖိုထားသည်ကို သတိပြုလိုက် မိသည်။ မီးပုံမှထင်းများ တဖျစ်ဖျစ် တောက်လောင်သံကိုပင် ကြားနေ ရလေသည်။ ဟန်ယင်းသည် ဆိတ်တစ်ကောက်ကို ကိုက်ချီလာသည့် ကျားနက်ကြီးကို လှမ်းမြင် လိုက်ရလေသည်။

ကျားနက်ကြီးသည် ဆိတ်သေကို စမ်းချောင်း နံဘေးတွင် ချထားခဲ့ပြီး ဂူအတွင်းသို့ ဝင်လာလေသည်။

ဆန်းလျန်၏ မိခင်ဖြစ်သူ သခင်မလေး ချန်ချင်မှာလည်း သတိပြန်ရနေပြီ ဖြစ်လေသည်။

သူမသည် ကျားနက်ကြီး၏ လည်ဂုတ်ပေါ်တွင် ထိုင်နေသည့် ကလေးငယ်ကို တွေ့သည့်အခါ သူမ၏ ဖြူဖျော့နေသည့် မျက်နှာထက်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်သွားလေသည်။

သူမက တစ်ချက် တုံ့ဆိုင်းနေပြီးမှ….

"သားလေး…"

ဆန်းလျန်က မိခင်ဖြစ်သူကို ခေါင်းညိတ် ပြလိုက်ရင်း…

"အမေ၊ ဟန်ယင်းက အမေ့ကို ကျွန်တော့် အကြောင်းတွေ ပြောပြ ပြီးလောက်ပြီပေါ့၊ အမေ စိတ်မပူပါနဲ့၊ ကျွန်တော်က အမေ့ရဲ့သား အဖြစ် လူပြန်ဝင်စားခဲ့တဲ့ သူပါ၊ ကျွန်တော်နဲ့အမေက အမြဲတမ်း သားအမိတွေပါပဲ"

ဆန်းလျန်က သူ၏ မိခင်ဝမ်းတွင်းမှာပင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် အဘယ့်ကြောင့် သမီးလေးမမွေးဘဲ သားလေး မွေးလာရသည်ကို ချန်ချင် သံသယ ရှင်းအောင် ပြောပြ လိုက်လေသည်။ ချန်ချင်မှာ ကျီမုမြစ်ရေကို သောက်ခဲ့သည့်တိုင် သမီးလေး မမွေးခဲ့ဘဲ သားလေး မွေးလာရခြင်းမှာ ထူးဆန်းသည့် လူတစ်ယောက် လူပြန်ဝင်စားခြင်း ဖြစ်သောကြောင့် ဆိုသည့် အချက်ကို သဘောပေါက် သွားရသည်။

ဆန်းလျန်သည် သူ မည်သူမည်ဝါဖြစ်သည်ကို ဖုံးကွယ် ထားသည့်တိုင် သူနှင့် မိခင်ကြားတွင် သားအမိ သံယောဇဉ်ကတော့ ရှိမြဲ ဖြစ်လေသည်။ သို့သော်… အခြားသော သားနှင့်မိခင်ကဲ့သို့ ခိုင်မာသည့် သံယောဇဉ်ကြိုးကတော့ သူတို့ နှစ်ယောက်ကြားတွင် မရှိခဲ့ပေ။

ဆန်းလျန်သည် ထူးခြားသည့် တန်ခိုးစွမ်းအားများနှင့် ပြည့်နေသူ ဖြစ်ပြီး သူသည် ဒဏ္ဍာရီထဲမှ ထွက်ပေါ်လာသည့် လူတစ်ယောက်နှင့်ပင် တူနေလေသည်။

ချန်ချင်သည် မြို့တော်သခင်မ၏ သမီးဖြစ်သည့် အတွက် စာပေ ပညာရပ်များစွာကို လေ့လာခွင့် ရခဲ့လေသည်။ "တာ့ရှား" တိုင်းပြည်မှ စာအုပ် တစ်အုပ်ထဲတွင် သူမဖတ်ဖူးသည့် စာတစ်ကြောင်း ရှိလေသည်။

"ကလေးငယ် ကြီးပြင်းလာသည့် အခါ စိတ်ရင်းမှန်သော၊ ပညာရှိသော၊ ရိုးသားပြီး ကြင်နာတတ်သည့် သူတစ်ယောက် ဖြစ်လာခဲ့သည်။ သူသည် လေ့လာမှု အားကောင်းပြီး တန်ခိုး စွမ်းအားလည်း မြင့်မားလေသည်"

ဆိုသည့် စာကြောင်း ဖြစ်လေသည်။

ထိုစာကြောင်းမှာ ဒဏ္ဍာရီထဲမှ သူရဲကောင်း တစ်ယောက် အကြောင်းကို ဖော်ကျူး ထားခြင်း ဖြစ်သည့်တိုင် သူမ၏ သားငယ်သည် ထိုစာကြောင်းထဲမှ ကလေးငယ် ထက်ပင် သာလွန် လွန်းလှလေသည်။

သူမသည် စာအလွန်ဖတ်သူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူမက ညီမဖြစ်သူ ချန်ယွင်ကိုလည်း ပုံပြင်များ အမြဲတမ်း ပြောပြလေ့ ရှိလေသည်။

"အမေက ရှီးလျန်မြို့တော်က မြို့တော်သခင်မရဲ့ သမီးပါ၊ အမေတို့ မျိုးနွယ်ကတော့ ချန်မျိုးနွယ်ပေါ့၊ သားက အမေတို့ မျိုးနွယ် နာမည်ကို ယူမလား၊ ဒါမှမဟုတ် သားမှာ နာမည် ရှိပြီးသားလား"

ချန်ချင်က မေးလိုက်လေသည်။

သူမက ထူးဆန်းသည့် သူများကို သတိထားကာ ဆက်ဆံရမည် ဖြစ်သည်ကို သဘောပေါက် လေသည်။

ထို့ပြင် လက်ရှိအချိန်တွင် ရှီးလျန် မြို့တော်တွင်လည်း ပုန်ကန်မှု ဖြစ်ပွားနေပြီး သူနှင့် ဟန်ယင်း အနေဖြင့် မြို့တော်ကို ပြန်ရန်မှာလည်း မဖြစ်နိုင်သေးပေ။ သို့သော် သူမ၏ ထူးခြားသည့် သားငယ်ထံမှ အကူအညီ ရယူနိုင်လေသည်။

ဟန်ယင်းသည် သူမ၏မိခင်က အထူး လေ့ကျင့်ပေးထားသည့် ညစစ်သည် တစ်ယောက် ဖြစ်လေသည်။ သို့သော် သူမသည် ချန်ချင်လောက် ဗဟုသုတနှင့် ပြည့်စုံခြင်း မရှိပေ။ သူမက ကမ္ဘာကြီးသည် ကျယ်ပြောလှပြီး ထူးဆန်းမှုများလည်း ရှိသည်ဆိုသည့် အချက်လောက်မျှသာ သိထားသူ ဖြစ်လေသည်။

"ကျွန်တော်က ဘဝနှစ်ခုတောင် ပြောင်းခဲ့ပြီးပါပြီ၊ ဒါကြောင့် နာမည်တော့ မပြောင်း ချင်တော့ဘူး၊ အရင်ဘ၀ ကံကောင်းလို့ အမေရှိခဲ့ပေမယ့် အဖေမရှိခဲ့ဘူး၊ အခုဘဝလည်း ဒီလိုပါပဲ၊ ဒါကြောင့် ချန်မျိုးနွယ်ကို ကျွန်တော် မယူတော့ပါဘူး၊ အမေနဲ့ ဒီကအစ်မဟန်ယင်းက ကျွန်တော့်ကို ဆန်းလျန်လို့ ခေါ်နိုင်ပါတယ်"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

ဆန်းလျန်၏စကားများက လူကြီး ဆန်လှသည့်တိုင် သူ၏ အသံလေးကတော့ ကလေးသံလေးမျှသာ ဖြစ်လေသည်။

"ဆန်းလျန်" ဆိုသည့် အမည်ကို ကြားသည်နှင့် ထိုအမည် နောက်ကွယ်မှ စာလုံးများ၏ ရည်ရွယ်ချက်ကို သိရှိသွားသည့် မိန်းကလေး နှစ်ယောက်သည် ဆန်းလျန် အပေါ်တွင်ပိုပြီး အံ့သြ ချစ်ခင်မိကြလေသည်။

ထို့နောက် ဆန်းလျန်က သူတို့နှစ်ယောက်နှင့် စကားပြော နေခဲ့လေသည်။

ရှီးလျန် မြို့တော်သည် နှစ်ပေါင်း ထောင်နှင့်ချီအောင် ကြာခဲ့ပြီ ဖြစ်သည့် မြို့တော်ကြီးတစ်ခု ဖြစ်လေသည်။ မြို့တော်ကို တည်ထောင်ခဲ့သူ မြို့တော်သခင်သည် ဆင်းရဲပြီး ဖိနှိပ်ခံနေရသည့် အမျိုးသမီးထုကို ဦးဆောင်ကာ ကယ်တင်ခဲ့ပြီး လက်ရှိနေရာတွင် ရှီးလျန်မြို့တော်ကို တည်ထောင်ခဲ့ခြင်း ဖြစ်လေသည်။ ကျီမုမြစ်သည် ရှီးလျန်မြို့တော်၏ အခြေခံကျသည့် မြစ်တစ်မြစ် ဖြစ်ပြီး ရှီးလျန်မြို့မှ မိန်းကလေးများသည် မျိုးဆက်ပြန့်ပွားရန် အတွက် ယောကျ်ားများဖြင့် အိမ်ထောင်ပြုရန် မလိုအပ်ပေ။

မြို့တော်တည်ပြီး နှစ်ထောင်ပေါင်း များစွာ ကြာခဲ့ပြီးည့်နောက် ရှီးလျန် မြို့တော်မှာလည်း တဖြည်းဖြည်း ပြောင်းလဲ လာရလေသည်။ ရှီးလျန်မြို့တွင် မှီတင်း နေထိုင်သည့် လူဦးရေမှာ အလွန် များပြားလာသည့် အတွက် တာဝန်ယူရမှုများလည်း များပြား လာခဲ့လေသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် တာ့ရှားတိုင်းပြည်မှ အထည်အလိပ် ကုန်သည်များက လာရောက်ကာ အရောင်းအဝယ် ပြုလုပ်ကြလေသည်။ ရှီးလျန်မှလည်း တာ့ရှား တိုင်းပြည်သို့ အခြားသော ကုန်စည်များ ပြန်လည် တင်ပို့ရောင်းချကာ အမြတ်များစွာ ရရှိခဲ့ကြလေသည်။

လူသားများရှိနေသရွေ့၊ စစ်ပွဲများကလည်း ရှိနေမည် ဖြစ်လေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ခန့်က ရှီးလျန်မြို့တော်၏ သခင်မသည် တဖြည်းဖြည်း သြဇာ အာဏာကျဆင်း လာခဲ့လေသည်။ ထိုအချိန်မှာပင် စစ်တပ်ကို ထိန်းချုပ်ရသည့် ကောင်းအိမ်တော်က တဖြည်းဖြည်း သြဇာအာဏာ မြင့်မား လာခဲ့လေသည်။

ထို့ပြင် ကောင်းအိမ်တော်မှာ တာ့ရှားတိုင်းပြည်နှင့်လည်း စီးပွားရေး ကောင်းကောင်း လုပ်ဆောင်နိုင်သည့် အတွက် အလွန်လည်း ကြွယ်ဝ ချမ်းသာလေသည်။

ထို့ကြောင့် အာဏာရှိသည့် အိမ်တော်နှစ်ခု အပြန်အလှန် ပြဿနာ ရှိကြခြင်းသည် လူထုအုံကြွမှုကိုပါ ဖြစ်ပေါ် စေလေသည်။

ရှီးလျန်မြို့တော်တွင် လူထုအုံကြွမှုမှာ နှစ်ပေါင်းများစွာ ဖြစ်ပွား နေခဲ့လေသည်။

မြို့တော် သခင်မသည် သမီးဖြစ်သူ ချန်ချင်ကို စိတ်ပူသည့် အတွက် ဟန်ယင်းကို စောင့်ရှောက် ခိုင်းထားခဲ့လေသည်။ လွန်ခဲ့သည့် ရက်များတွင်တော့ ချန်ချင်ကို လုပ်ကြံရန် ရောက်လာသည့် သူများကို ဟန်ယင်းက တိုက်ခိုက် နှိမ်နင်းခဲ့ရသည်။

ရှီးလျန်မြို့တော် သခင်မတွင် ချန်ချင်နှင့် ချန်ယွင်ဆိုသည့် သမီးနှစ်ယောက် ရှိလေသည်။ ချန်ယွင်က ငယ်သေးသည့် အတွက် သိပ်ပြီး ပြဿနာမရှိလှပေ။ ချန်ချင်ကတော့ သမီးအကြီး ဖြစ်သည့်အတွက် ချန်ချင်ကိုသာ သုတ်သင် လိုက်နိုင်လျှင် တစ်ရန် အေးသွားမည်ဟု ကောင်းအိမ်တော်က ယူဆထားလေသည်။

ထိုသို့သော မိသားစုကိစ္စများနှင့် တိုင်းရေးပြည်ရာများနှင့် ပတ်သက်လျှင် ဆန်းလျန်က သိပ်ပြီး စိတ်ရှုပ်ခံတတ်သူ တစ်ယောက် မဟုတ်ပါ။ သို့သော် ယခုအချိန်တွင် သူက ချန်ချင်၏ သားဖြစ်နေလေပြီ။ သူ့အနေဖြင့် ချန်ချင်ကို ကူညီရန် လိုအပ်လေသည်။ ထို့ပြင် ရှီးလျန်မြို့တော်ကို ပြန်လည် တည်ဆောက်နိုင်လျှင် သူ့အတွက်လည်း အကျိုး မယုတ်နိုင်ပေ။ သူ့နေဖြင့် အဆင်ပြေပြေနှင့် လျှို့ဝှက်စွာ နေထိုင်ပြီး သူရောက်ရှိ နေသည့် လောက အကြောင်းကို စူးစမ်း လေ့လာ နိုင်လေသည်။

သူလူပြန်ဝင်စားသည့် အချိန်တွင် သူ၏ မူလဝိညာဉ်ခန္ဓာမှာ ဝရုန်းသုန်းကားဖြင့် ဤလောကသို့ ရောက်ရှိ လာရသည့် အတွက် သူ့အနေဖြင့် လူဖြစ်ရေးကသာ အရေးကြီးနေသည့် အတွက် ဤလောကကို အထူးတလည် လေ့လာနေရန် အချိန်မရခဲ့ပေ။

အသူရာချောက်ရှိ သွေးနီရောင် ပင်လယ်ထဲတွင် သူမျောနေစဉ်တွင် ရွှေရောင် အလင်းတန်းများကို အသုံးပြုခဲ့သူသည် ထူးခြားသည့် တန်ခိုးစွမ်းအားရှိသူ တစ်ယောက် ဖြစ်သည်ကို သူသတိပြုခဲ့ မိလေသည်။

ထိုသူ၏ တန်ခိုးစွမ်းအားမှာ မည်မျှ နက်ရှိုင်းသည်ကို ဆန်းလျန် မခန့်မှန်းနိုင်ပေ။ သို့သော် ထိုသူ၏ တန်ခိုးစွမ်းအားများသည် သူ့ထက်တော့ မသာနိုင်ကြောင်း ကောင်းကောင်း ရိပ်မိခဲ့လေသည်။

ထိုသူသည် ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်ခဲ့သည်မှာ တမင်သက်သက် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ခဲ့ခြင်းလား၊ ပုံမှန်ပင် ပြုလုပ်ခဲ့ခြင်းလား ဆိုသည်ကိုတော့ ဆန်းလျန် မသိခဲ့ပေ။

ဆန်းလျန်သည် သူကြုံတွေ့ရမည့် အရာများအတွက် စိတ်လှုပ်ရှားလျက် ရှိနေလေပြီ။

ယခုအချိန်တွင်တော့…

သူ့ဘဝသည် ရှီးလျန်မြို့တော်မှ အစပြုမည် ဖြစ်လေသည်။

***

All Chapters