မှော်ဆရာ
Vol. 5 Ch. 458
သူတို့သုံးယောက် စကားပြောပြီး သွားသည်နှင့် ဟန်ယင်းမှာလည်း ဆိတ်သား ကင်ပြီးသွားပြီ ဖြစ်လေသည်။ မိန်းကလေး နှစ်ယောက်ကတော့ ဆိတ်သားကင်ကို အားပါးတရ စားသောက် လိုက်ကြပြီး ဆန်းလျန်ကတော့ ကလေးငယ်မျှသာ ဖြစ်သည့်အတွက် စား၍မရပါ။ သူက ပတ်ဝန်းကျင်မှ အသက်ဓာတ် စွမ်းအားများကိုသာ သူ၏ ခန္ဓာကိုယ် ဖွံ့ဖြိုးရန်အတွက် စုပ်ယူ လိုက်လေသည်။
သူက ကလေးငယ် တစ်ယောက်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားသည့်တိုင် နတ်ဘုရား စွမ်းအားများကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည့် အတွက် သွေးပါသည့် အစားအသောက်များကို စားသောက်ခြင်းက သူ၏ မူလဝိညာဉ်ခန္ဓာကို ညစ်ညမ်း စေနိုင်လေသည်။
ချန်ချင်နှင့်ဟန်ယင်းမှာ ဆန်းလျန်၏ အပြုအမူများကြောင့် ထူးဆန်း နေကြသည့်တိုင် သိပ်ပြီး မအံ့သြကြတော့ပါ။ သူတို့သည် ထိုကလေးနှင့် ပတ်သက်ပြီး အံ့သြစရာများစွာကို ကြုံတွေ့ခဲ့ပြီးပြီ မဟုတ်လား။ မိန်းကလေး နှစ်ယောက်သည် ဆိတ်သားကင် စားသောက်ပြီးသည်နှင့် အိပ်ပျော် သွားကြလေသည်။ ဆန်းလျန်က သူတို့ နှစ်ယောက်ကို ကျင့်စဉ်အချို့ သင်ပေးရန် ဆုံးဖြတ် ထားသော်လည်း သိပ်ပြီး အလျင်မလိုသေးပါ။
ဆန်းလျန်က ဂူအပြင်ဘက်တွင် ကျားနက်ကြီးနှင့် အပေါ်တွင် ထိုင်ရင်း စိတ်အာရုံ စူးစိုက်မှု ကျင့်စဉ်ကို ကျင့်ကြံနေလေသည်။ မိုးမြေစွမ်းအားများကို စုပ်ယူလိုက်သည့် အတွက် သူ၏ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသည့် တုံ့ပြန်မှုများကိုလည်း သူက လေ့လာ နေလေသည်။
ရုတ်တရက် …
သူ၏နှလုံးသားသည် တစ်ချက် တုန်လှုပ်သွားပြီး သူ၏ စိတ်အာရုံထဲတွင် ပုံရိပ်တစ်ခုကို မြင်တွေ့ လိုက်ရလေသည်။
လရောင်အောက်တွင် ခန်းမဆောင်ကြီး တစ်ခုကို ရှိနေပြီး ထိုခန်းမဆောင်ထဲတွင် ချောမော လှပပြီး မြင့်မြတ်သည့် မျိုးရိုးမှဖြစ်ပုံရသည့် အမျိုးသမီး တစ်ဦးသည် ခေါင်းဖြတ် အသတ်ခံ ထားရလေသည်။
ခန်းမထဲတွင် ထူးဆန်းသည့် ရယ်မောသံ တစ်ချက် ထွက်ပေါ်လာလေသည်။
အမျိုးသမီး၏ ခေါင်းပြတ် ခန္ဓာကိုယ်အတွင်းမှ အစိမ်းရောင် တန်ခိုးစွမ်အား အခိုးအငွေ့တစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် ဝတ်ဆင်ထားသည့် လူတစ်ယောက်က ထိုအစိမ်းရောင် တန်ခိုး စွမ်းအားကို အိတ်တစ်အိတ် အတွင်းသို့ ထည့်သွင်း သိမ်းဆည်း လိုက်လေသည်။
ဆန်းလျန်မှာ ထိုအမျိုးသမီးသည် သူနှင့်တစ်စုံတစ်ရာ ပတ်သက်နေသည်ကို ခံစားလိုက်ရပြီး လက်ရှိဘဝတွင် ဆန်းလျန်၏ အဘွားတော်စပ်သူ ရှီးလျန်မြို့တော် သခင်မပင် ဖြစ်ကြောင်း သိရှိ လိုက်လေသည်။
ရှီးလျန်မြို့တော် သခင်မကို သတ်ဖြတ်လိုက်သည့် အနက်ရောင်ဝတ် လူသတ်သမားသည် ထူးခြားသည့် စွမ်းအား တစ်ခုကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သူ သိမ်းယူ လိုက်သည့် ရှီးလျန်မြို့တော် သခင်မထံမှ ထွက်ပေါ် လာသည့် အစိမ်းရောင် တန်ခိုးစွမ်းအား များမှာ ရှီးလျန် မြို့တော်တွင် နေထိုင်သည့် ပြည်သူများ၏ စိတ်ဆန္ဒ စွမ်းအားများပင် ဖြစ်လေသည်။
ရှီးလျန်မြို့တွင် ဖြစ်ပေါ်ခဲ့သည့် ပုန်ကန်မှုသည် ရိုးရှင်းသည့် ပုန်ကန်မှု တစ်ခုတော့ ဟုတ်ပုံ မပေါ်ပေ။
ဆန်းလျန်သည် မျက်လုံးဖွင့်လိုက်ပြီး ကျောက်ဂူထဲတွင် အိပ်ပျော်နေသည့် မိခင်ဖြစ်သူကို တစ်ချက် လှမ်းကြည့် လိုက်လေသည်။ သို့သော် သတင်းဆိုးကို ဒီညတော့ ပြောပြ ဖြစ်တော့မည် မဟုတ်ပေ။ မိခင်ဖြစ်သူ ဒီနေ့တစ်ညတော့ အေးအေးချမ်းချမ်း အိပ်ပါစေတော့။
ဆန်းလျန်က မျက်လုံးများကို ပြန်မှိတ်လိုက်ကာ ခန်းမဆောင် အတွင်းသို့ စိတ်အာရုံ စူးစိုက်မှုကို ပြန်လည် ပို့လွှတ် လိုက်လေသည်။
ခန်းမဆောင်ထဲတွင် အနက်ရောင်ဝတ် လူသတ်သမား ရှိနေသေးသည်။
ထိုအချိန်မှာပင် … သံချပ်ကာ ဝတ်ဆင်ထားသည့် အမျိုးသမီး စစ်သူကြီး တစ်ယောက် ခန်းမဆောင် အတွင်းသို့ ဝင်လာလေသည်။ သူမ၏ မျက်ခုံးများသည် မင်ကဲ့သို့ နက်မှောင်နေပြီး သူမဆီမှ လူသတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ သူမ၏ လက်ထဲတွင်လည်း ဓားတစ်လက် ကိုင်ထားသည်။
"မှော်ဆရာ… အခြေအနေ ဘယ်လိုရှိလဲ"
အမျိုးသမီးစစ်သူကြီးက အနက်ရောင်ဝတ် လူကို မေးလိုက်ခြင်း ဖြစ်လေသည်။
ထိုအမျိုးသမီး စစ်သူကြီးမှာ ကောင်းကျယ်ပင် ဖြစ်လေသည်။ သူမက ကောင်းအိမ်တော်မှ သခင်မဖြစ်ပြီး ပုန်ကန်မှုကို ဦးဆောင်သူလည်း ဖြစ်လေသည်။ ရှီးလျန်မြို့တော် သခင်မ သေဆုံးသွားပြီ ဖြစ်သည့်အတွက် သူမသည် ရှီးလျန်မြို့တော်တွင် အာဏာအရှိဆုံး လူတစ်ယောက် ဖြစ်လာခဲ့ပြီ။
"ကျုပ် သူ့ဆီက ပြည်သူတွေရဲ့ ဆန္ဒစွမ်းအားတွေကို ယူထားလိုက်ပြီ၊ အခု မင်း ရှီးလျန်မြို့တော်ကို အာဏာ သိမ်းလို့ ရပြီ"
မှော်ဆရာဆိုသူက ပြန်ပြောလိုက်သည်။
ကောင်းကျယ်က ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်ပြီး…
"ကောင်းတယ်၊ သိပ်ကောင်းတယ်၊ နောက်ဆုံးတော့ ငါစောင့်မျှော်နေတဲ့ နေ့ရက်ကို ရောက်လာပြီပေါ့"
"ဒါဆို မင်း ကျုပ်ကို ကတိပေးထားတဲ့ ကိစ္စကရော"
မှော်ဆရာက အေးစက်သည့် အကြည့်များဖြင့် ကောင်းကျယ်ကို စိုက်ကြည့်ရင်း မေးလိုက် လေသည်။
မှော်ဆရာ၏ အမေးနှင့် အကြည့်ကြောင့် ကောင်းကျယ်သည် ကျောရိုး တစ်လျှောက် စိမ့်သွားမတတ် ထိတ်လန့် သွားရသည်။
"ငါနည်းနည်း သတိလစ်သွားလို့ ချန်ချင် လွတ်သွားတယ်၊ ဒါပေမဲ့ သူမက အဘွားကြီးလောက် အစွမ်းမထက်ပါဘူး၊ သိပ်မကြာခင် ဖမ်းမိမှာပါ"
"သူ့မှာ နောက်ထပ် သမီးတစ်ယောက် ရှိသေးတယ် မဟုတ်လား၊ သူ့ကို ကျုပ်လိုချင်တယ်"
"အဘွားကြီးက အကုန် ပြင်ဆင်သွားခဲ့တာ၊ သူက သမီးအငယ်ကိုလည်း ကုန်သည်တွေနဲ့ အတူ တာ့ရှား ပြည်ဘက်ကို ရှောင်တိမ်းခိုင်းလိုက်ပြီ၊ ဒါပေမဲ့ သူ့ကိုလိုက်ဖမ်းဖို့ ငါ့လက်အောက်က လူတွေကို အမိန့်ပေးထားပါတယ်"
ကောင်းကျယ်က ပြန်ဖြေလိုက်လေသည်။
ထိုအဖြေစကားကို ကြားသည်နှင့် မှော်ဆရာ၏ မျက်ဝန်းများတွင် အစိမ်းရောင် အလင်းတန်းများ တောက်ပ လာလေသည်။ ထိုအလင်းတန်းများည် ရှည်လျားသည့် ကြိုးများ အဖြစ် ပြောင်းလဲသွားကာ ကောင်းကျယ်၏ ခန္ဓာကိုယ်ကို ချည်နှောင် ထားလိုက်လေသည်။ ကောင်းကျယ်မှာ နာကျင်မှုကြောင့် အော်ဟစ် ညည်းညူ နေရတော့သည်။
"လောကမှာ ကတိမတည်တဲ့ လူတွေကို ကျုပ်အမုန်းဆုံးပဲ၊ မင်း သူ့ကို တစ်လအတွင်း ရှာမပေးနိုင်ရင် မင်းဘ၀ သေတာထက် ဆိုးသွားစေရမယ် ဆိုတာ မှတ်ထားစမ်း"
မှော်ဆရာက အေးစက်စွာဖြင့် ပြောလိုက်လေသည်။
ကောင်းကျယ်မှာ ဒဏ်ရာရသွားပြီး အမျိုးသမီး စစ်သည်တော် တစ်ယောက်က သူမကို တွဲခေါ်ကာ ခန်းမဆောင် အတွင်းမှ ခေါ်ထုတ် သွားလေသည်။ သူမသည် မှော်ဆရာကို အလွန်အမင်း ဒေါကန် နေတော့သည်။
သို့သော်… မှော်ဆရာကတော့ ကောင်းကျယ်ကဲ့သို့ ဘာမှမဟုတ်သည့် မိန်းမတစ်ယောက်ကို အရေးလုပ်နေမည့်သူ တစ်ယောက် မဟုတ်ပါ။ ကောင်းကျယ်က သူ့အတွက် အသုံးမဝင်တော့လျှင် အသုံးဝင်သည့် နောက်တစ်ယောက်ကို ထပ်မံ ရှာဖွေမည်သာ ဖြစ်လေသည်။
သူက ထွက်ပြေးသွားသည့် မိန်းကလေးငယ် အကြောင်းကို စဉ်းစားနေမိသည်။
သူသည် ထိုမိန်းကလေးငယ်ကို ဖမ်းဆီးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သူမတွင် ထူးဆန်းသည့် ဘယက် လည်ဆွဲတစ်ခု ရှိနေပြီး ထိုလည်ဆွဲကြောင့် သူမအနားသို့ ကပ်ပင် မကပ်နိုင်ခဲ့ပေ။ ထို့ပြင် သူမသည် မြို့တော်သခင်မ၏ သမီးလည်း ဖြစ်သောကြောင့် ကိုယ်ရံတော် များကလည်း သူမကို မျက်ခြေမပြတ် စောင့်ကြပ် နေကြလေသည်။
ထို့ကြောင့် သူက ကောင်းအိမ်တော်၏ ပုန်ကန်မှုကို ကူညီရန် အတွက် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။ သူက ကောင်းအိမ်တော်ကို ကူညီကာ မြို့တော် သခင်မကို သုတ်သင် ရှင်းလင်း ပေးခဲ့လေသည်။ သို့သော်… ကောင်းအိမ်တော် သခင်မသည် မိန်းကလေးငယ် တစ်ယောက်ကိုပင် ဖမ်းဆီးထားနိုင်ရန် အသုံးမကျ ဖြစ်လိမ့်မည်ဟု သူက ထင်မထားခဲ့မိပေ။
ထိုမိန်းကလေးငယ်သည် သူ့အတွက် အလွန် အသုံးဝင် လေသည်။ သူက ထိုမိန်းကလေးငယ်ကို မြင်မြင်ချင်း မျက်စိကျခဲ့ခြင်း ဖြစ်လေသည်။ သူမထံမှ ထွက်ပေါ်နေသည့် ဝိညာဉ် စွမ်းအားများသည် သူ၏ ကျင့်စဉ်လမ်းတွင် အဆင့်တက်လှမ်း နိုင်ရန်အတွက် များစွာ အထောက်အကူ ပြုနိုင်လေသည်။ သူသည် ကျင့်စဉ်လမ်းတွင်သာ အဆင့်တက်နိုင်လျှင် သူ၏ မျိုးနွယ်စု ရှိရာသို့ ပြန်သွားကာ ယခင်က သူပိုင်ဆိုင်ခဲ့သည့် နေရာကို ပြန်လည် ရယူနိုင်မည် ဖြစ်သည်။
မျိုးနွယ်စုရှိရာသို့ ပြန်နိုင်လျှင် သူသည် အစစ်အမှန် မှော်ဆရာ တစ်ပါး ဖြစ်လာမည် ဖြစ်ပြီး နတ်ဘုရား တစ်ပါးကဲ့သို့ မည်သည့် အခါမှ သေနိုင်တော့မည် မဟုတ်ပေ။
နောက်တစ်နေ့နံနက်…
ချန်ချင်သည် အိပ်ယာမှ နိုးလာသည်နှင့် ဆန်းလျန်ထံမှ သတင်းဆိုးကို ကြားလိုက် ရလေတော့သည်။
ချန်ချင်မှာလည်း ညက သူမ၏အမေကို အိပ်မက် မြင်မက် ခဲ့လေသည်။ သူမ၏အမေသည် သူမတို့ ညီအစ်မ နှစ်ယောက်ကို အလွန်မှ စည်းကမ်း တင်းကျပ်ခဲ့သည့်တိုင် ချစ်ခင် ကြင်နာခဲ့သူ တစ်ယောက် ဖြစ်လေသည်။ ယခုတော့ သူမနှင့် အမေသည် သေကွဲကွဲခဲ့ရပြီ။
ဆန်းလျန်က သူရောက်ရှိ နေသည့် ရှီးလျန်မြို့တော်သည် အသူရာ ချောက်ကိုးထပ်၏ အစိတ်အပိုင်း တစ်နေရာဖြစ်နေပြီး ဤနေရာသို့ ရောက်လာ သူတိုင်းသည် ဇာတ်သိမ်း လှမည် မဟုတ်သည်ကို သိရှိနေခဲ့လေသည်။ ထို့ပြင် ချန်ချင်သည် သူမ၏မိခင်ကို အိပ်မက်ထဲတွင် တွေ့ခဲ့သည့်တိုင် ထိုအရာသည် ပျံ့ကျဲနေသည့် ဝိညာဉ် အပိုင်းအစများသာ ဖြစ်လေသည်။
သာမန်လူသားများ သေဆုံးသွားကြလျှင် ထိုသူများ၏ ဝိညာဉ်သည် ထိုကဲ့သို့ အပိုင်းအစများ အဖြစ် ကွဲထွက် မသွားတတ်ကြပေ။ အနည်းဆုံးတော့ ဝိညာဉ် သိပ်သည်းမှု မပျောက်ဆုံးပဲ တစ္ဆေတစ်ကောင်တော့ ဖြစ်သွားမည် ဖြစ်လေသည်။
ယခုတော့ ထိုသို့ ဝိညာဉ် အပိုင်းအစများ ကွဲထွက် သွားခြင်းမှာ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့်လား၊ ကျီမုမြစ်ရေကို သောက်ခဲ့သည့် အတွက်လား ဆိုသည့် အချက်ကတော့ မသေချာပေ။
ချန်ချင်က ဝမ်းနည်း ကြေကွဲနေသည့် တိုင်အောင် ဆန်းလျန်ကတော့ ဝမ်းမနည်းမိပါ။
သူ၏စိတ်ထဲတွင် ချန်ချင်မှာ သူ၏ မိခင်ဖြစ်သည့်တိုင် ယခင်က ဆန်းသခင်ကြီးနှင့် ဆန်းရော့ရှီ တို့ကို သံယောဇဉ်ဖြစ်သလောက်ပင် ချန်ချင်အပေါ်တွင် သံယောဇဉ် မဖြစ်မိပေ။
ဆန်းလျန်၏ အေးစက်မှုများကြောင့် ချန်ချင်မှာ စိတ်မသက်မသာ ခံစားနေမိလေသည်။
သူမက ဆန်းလျန်ကို တစ်ခုခု ပြောချင်နေသည့်တိုင် မည်သည့် စကားမှ ပြောထွက် မလာခဲ့ပေ။ သူမသည် ဆန်းလျန်၏ မျက်ဝန်း လှလှလေးများကိုသာ ငေးကြည့် နေမိလေသည်။
ဆန်းလျန်က ကျားနက်ကြီး ရှာဖွေလာသည့် အသီးအနှံများကို လက်ညှိုးထိုးပြလိုက်ပြီး…
"ဒီသစ်သီးတွေက အဆိပ်ကင်းတယ်၊ အဲဒါတွေကို ဒီမနက် စားထားလိုက်လေ၊ နှစ်ရက် သုံးရက်လောက်တော့ ကျွန်တော်တို့ ဒီမှာ နေကြရဦးမယ် ထင်တယ်၊ အမေနဲ့ အစ်မဟန်ယင်း ကောင်းကောင်း အနားယူဖို့လိုတယ်၊ အမေက စိတ်ချမ်းချမ်းသာသာနဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့ အားမွေးထားပါ၊ အဘွားကလည်း အမေဒီလို အသက်ရှင် သွားတာကိုပဲ တွေ့မြင်ချင်မှာ မဟုတ်လား"
ဆန်းလျန်၏ စကားများက တည်ငြိမ်ပြီး ဓမ္မဓိဌာန်ကျလေသည်။
ဆန်းလျန်က ချန်ချင်ကို နှစ်သိမ့်နိုင်ရန်အတွက် ကျားနက်ကြီးကို သစ်သီးများ ရှာဖွေ ခိုင်းထားခဲ့ခြင်း ဖြစ်လေသည်။
ချန်ချင်မှာတော့ နတ်ဘုရား တစ်ပါးအလား ဖြစ်သည့် သူမ၏ သားငယ်သည် သူမ၏ စားရေးသောက်ရေး ကိစ္စများတွင် ဂရုစိုက် ပေးနေသည့် အတွက် အံ့သြနေရပြန်သည်။
ရှီးလျန်မြို့တော်ကို အုပ်ချုပ်ရသည့် တာဝန်များဖြင့် အလုပ်အမြဲ ရှုပ်နေသည့်တိုင် သူမ၏ မိခင်သည်လည်း သူမကို ထိုသို့ပင် ဂရုစိုက်ခဲ့လေသည်။ ယခုတော့ သူမက ဘဝတွင် ပထမဆုံး မိခင် ဖြစ်လာရသူ ဖြစ်လေသည်။ သို့သော် သူတို့ နှစ်ယောက်၏ သားအမိ ဆက်ဆံရေးက ပြောင်းပြန် ဖြစ်နေသကဲ့သို့ ခံစားနေရလေသည်။
ဟန်ယင်းနှင့် ချန်ချင်မှာ ယခင်က ရင်းနှီးကြသူများ မဟုတ်ပေ။ သို့သော် ဒုက္ခသုက္ခများကို အတူတူ ဖြတ်သန်းခဲ့ကြရပြီး ယခု တစ်ရက်နှစ်ရက် အတွင်းတွင်တော့ ညီအစ်မ များကဲ့သို့ ခင်မင် သွားကြလေတော့ သည်။
နှစ်ရက်ခန့် ကြာသည့် အချိန်တွင်တော့ ဟန်ယင်းမှာလည်း အားပြန်ပြည့် လာခဲ့ပြီး ချန်ချင်မှာလည်း အတော်အတန် နေကောင်း လာခဲ့ပြီ ဖြစ်လေသည်။ သားဦးလေး မွေးဖွားပြီး သွေးနုသားနု အချိန်တွင် မိခင်ဖြစ်သူ သေဆုံးရသည့် သတင်းကို ကြားရခြင်းသည် သူမ အတွက်တော့ လွယ်ကူနေခြင်း မရှိခဲ့ပါ။
သို့သော်… ဆန်းလျန်က နှစ်ရက်လုံးလုံး ကျယ်ယန်းတောင် တစ်ခွင်သို့ ကျားနက်ကြီးနှင့် အတူ လှည့်လည် သွားလာရင်း ဝိညာဉ် စွမ်းအား ပြည့်ဝသည့် သစ်သီးများကို သူတို့ နှစ်ယောက်အတွက် ရှာဖွေ ပေးခဲ့လေသည်။
***