← Chapters

ရင်ခုန်မိတဲ့တစ်ခဏ

Vol. 30 Ch. 415

ရင်ခုန်မိတဲ့တစ်ခဏ

Vol. 30 Ch. 415

အခန်း (၄၁၅) ရင်ခုန်မိတဲ့တစ်ခဏ

ဟန်လုန်အာ၏ မေးခွန်းကြောင့် အခြားသူများအားလုံး မျက်နှာပျက်သွားကြသည့်တိုင် မည်သူမှ ဟန်လုန်အာကို အပြစ်မဆိုကြပေ။

ရွှီဖေးက ရန်ကျောက်ကဲကို စိုးရိမ်စွာဖြင့် လှမ်းကြည့်သည်။ ယင်လုန်ထူက အခြေအနေများကို နားမလည်သော်လည်း တစ်ချိန်က ရန်ကျောက်ကဲ၏ချစ်ရသူမိန်းကလေး လင်းယုရှောင်အကြောင်းကို သူကတော့ သိရှိသည်ပင်။

လွန်ခဲ့‌သော (၃)နှစ်က အရှေ့ထန်နိုင်ငံတွင် ရီကျင်းလက်ချက်ဖြင့် လင်းယုရှောင် သေဆုံးခဲ့ရသည်။

အားဟူမှာလည်း ‌ခေါင်းတစ်ချက်ကုတ်ရင်း ရန်ကျောက်ကဲစိတ်ထဲမှ ခံစားချက်အမှန်ကို မသိနိုင်သည့်အတွက် ငေးကြည့်နေရုံသာ တတ်နိုင်သည်။

ထိုမေးခွန်းကိုကြားတော့ ဖန်းယွင်ရှန်း၏နှလုံးသားသည်လည်း တုန်လှုပ်သွားသည်။

သူမ တောင်ပေါ်မရောက်ခင် လင်းယုရှောင်က သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း လင်းယုရှောင်နှင့် ရန်ကျောက်ကဲ၏ အချစ်ဇာတ်လမ်းကိုတော့ တပည့်များမှတစ်ဆင့် ကြားသိခဲ့ရသည်။

ရန်‌ကျောက်ကဲမှာလည်း ဟန်လုန်အာ ရုတ်တရက် မေးလိုက်သည့်မေးခွန်းကြောင့် ခဏမျှ အံ့အားသင့်သွားသည်။

သူက လင်းယုရှောင်ကြောင့် ထိုသို့မှင်တက်သွားရခြင်းတော့ မဟုတ်ပေ။ အချိန်မတန်ခင်ကြွေလွင့်သွားခဲ့သော မိန်းမပျိုတစ်ယောက်အတွက် စိတ်မကောင်းဖြစ်မိသော်လည်း သူ ပြန်လည်ဝင်စားခြင်းမတိုင်ခင်က ဇာတ်ကြောင်းတစ်ခုနှင့် မှတ်ဉာဏ်များထဲတွင်သာတည်ရှိခဲ့သူတစ်ယောက်ကို လေးလေးနက်နက်ခံစားချက်ရှိသည်ဆိုလျှင် လိမ်ပြောရာကျပေလိမ့်မည်။

နှလုံးသားရေးရာကိစ္စများတွင် သူက သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် ခံစားချက်ကိုသာ ယုံကြည်သူဖြစ်သည်။

‌ယောကျ်ားလေးတစ်ယောက်ဖြစ်သည့်အတွက် အလှလေးတစ်ယောက်က သူ့ရင်ခွင်ထဲ အတင်းတိုးဝင်လာလျှင်တော့ ငြင်းပယ်မိမည် မဟုတ်ပေ။ သို့သော် လက်ရှိ သူ့စိတ်ထဲရှိနေသည်က စွမ်းအားမြင့်မားအောင်ကျင့်ကြံရန် ၊ ဝါဒတောင်ကို ပိုမိုတိုးတက်စေရန် စသောအကြောင်းအရာများသာဖြစ်ပြီး နှလုံးသားရေးရာနှင့်ပတ်သက်၍ ကိုယ်တိုင်ပင် သိပ်မစဉ်းစားမိပေ။

သို‌သော် ခြွင်းချက်တစ်ခုတော့ ရှိခဲ့သည်ပင်။

အတွေးတစ်ခုက သူ့နှလုံးသားကို လွှမ်းမိုးသွားစဉ် သူ ရင်ခုန်ခဲ့ဖူးသည်။

ထိုအချိန်က...

ဖန်းယွင်ရှန်းက ‘ရိုးတွင်းခြင်ဆီအေးစိမ့်အပ်’ ကို စမ်းသပ်ကြည့်ရန် သူ့ကို တောင်းဆိုစဉ်အချိန် ဖြစ်သည်။ ထိုခဏတွင် သူသည် တောက်ပကြည်လင်နေသော မိန်းမပျိုလေးကိုကြည့်ရင်း ရင်ခုန်သွားခဲ့ဖူးသည်။

ထိုအချိန်ခဏအတွင်း ရန်ကျောက်ကဲစိတ်ထဲတွေးမိသည်မှာ ထူးကဲယင်သရဖူ၏ အရေးပါမှုနှင့် လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာအခြေအနေ ၊ သို့မဟုတ် ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းအကြား ရန်ငြိုးရန်စများ မဟုတ်ခဲ့ပေ။

သူ့ရှေ့မှမိန်းကလေးအား သူမလိုချင်သည့် သရဖူကိုရယူဝတ်ဆင်စေပြီး သူမ အမြဲတမ်းမျှော်လင့်ခဲ့သော အမြင့်ဆုံးနေရာသို့ ရောက်ရှိစေရန် ကူညီပေးလိုခြင်းသာ ဖြစ်ခဲ့သည်။

ရန်ကျောက်ကဲမျက်ဝန်းများ လက်ခဲတောက်ပသွားပြီး သတိလက်လွတ်ပင် ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်မိသည်။ သို့သော် ချက်ချင်းပင် သူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး အမူအရာက ပုံမှန်အတိုင်း တည်ငြိမ်သွားသည်။

ရန်ကျောက်ကဲ ခဏမျှမှင်တက်သွားခြင်းမှ ပြန်သတိဝင်လာသည့်အခါ ရယ်မောလိုက်ရင်း...

“အင်း... ဒီကိစ္စတွေက ကံတရားအတိုင်းပေါ့ကွာ ၊ အချိန်အတိအကျ ဘယ်ပြောလို့ရမလဲ ၊ အမယ်... ငါတို့ဟန်လုန်အာက မိန်းမယူဖို့ကိစ္စ ဘာလို့ ရုတ်တရက်ကြီး စိတ်ဝင်စားလာရတာလဲ”

သူက ပြုံးရင်း...

“မင်း တကယ် လူကြီးဖြစ်လာပြီပဲ ဟန်လုန်အာ ၊ ကြည့်စမ်း... အခု မိန်းမယူဖို့တောင် စိတ်ကူးနေပြီ မဟုတ်လား ၊ ပြောစမ်း... ဘယ်အိမ်ကကောင်မလေးက ဒီလောက်ကံကောင်းရတာလဲ”

ယင်လုန်ထူမှာ အူတူတူဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း အူတူတူ ဖြစ်နေတော့သည်။

ရန်ကျောက်ကဲက မနေနိုင်ဘဲ ရယ်မောရင်း ခေါင်းခါယမ်းလိုက်သည်။

ဤသည်ကိုမြင်တော့ ရွှီဖေး အနည်းငယ် စိတ်သက်သာရာရသွားသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ ရန်ကျောက်ကဲသည်လည်း လင်းယုရှောင်သေဆုံးရခြင်း၏ အရိပ်ဆိုးမှ လွတ်မြောက်သွားခဲ့ဟန်ပင်။

အမှန်တော့ ရန်ကျောက်ကဲအနေဖြင့် သေဆုံးသွားသော လင်းယုရှောင်အပေါ် ခံစားချက်သိပ်မရှိပေ။ သို့သော် အများအမြင်တွင် သူတို့က ချစ်သူရည်းစားများ ဖြစ်ခဲ့ဖူးသည်ဆိုခြင်းက ငြင်းမရပေ။

လင်းယုရှောင်သည် ရီကျင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ရီကျင်းမှာလည်း ရန်ကျောက်ကဲ၏ သတ်ဖြတ်မှုကို ခံခဲ့ရသဖြင့် အ‌လောင်းပင် မကျန်ရစ်ခဲ့ပေ။ ဤကိစ္စနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲက လင်းယုရှောင်အတွက် ရီကျင်းကို လက်စားချေသည်ဟု အများစုက ထင်မြင်ကြသည်။

ရန်ကျောက်ကဲသည်လည်း အဖြစ်မှန်ကိုရှင်းပြရန် မဖြစ်နိုင်လေရာ ထိုအထင်လွဲမှုကြီးအတိုင်းသာ ထားလိုက်ရတော့သည်။

ရွှီဖေးက ရန်ကျောက်ကဲနှင့် ရင်းနှီးသူဖြစ်သဖြင့် လင်းယုရှောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိ အရိပ်ဆိုးမှ ရုန်းမထွက်နိုင်ဖြစ်နေမည်ကို စိတ်ပူပန်ခဲ့သည်။

ယခုတော့ ပေါ့ပေါ့ပါးပါးရှိသော ရန်ကျောက်ကဲပုံစံကြောင့် စိတ်သက်သာရာရသွားမိသည်။

အားဟူက ရန်ကျောက်ကဲကိုအတုယူကာ  တစ်စုံတစ်ခုကို နက်နက်နဲနဲစဉ်းစားနေဟန်ဖြင့် မေးစေ့ကိုပွတ်သပ်နေသည်။

“မိန်းကလေး’လင်း’ ဆုံးပါးသွားတဲ့နောက် ဒီ (၃)နှစ်အတွင်း သခင်လေးမှာ ချစ်သူတစ်ယောက်မှ မရှိခဲ့ဘူး ၊ ကြည့်ရတာ မိန်းကလေး’လင်း’ကို မမေ့နိုင်သေးတာများလား ၊ တကယ်လို့ သခင်လေးသာ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပြီး သားသမီးတွေရလာမယ်ဆိုရင် အိမ်တော်သခင်လည်း ဝမ်းသာမှာပဲ ၊ မြေးချီရပြီဆိုပြီး အရမ်းပျော်နေမှာပဲ”

တွေးရင်းဖြင့် အားဟူက ဖန်းယွင်ရှန်းကို တစ်ချက်ခိုးကြည့်လိုက်သည်။

“သခင်လေးမှာ ဘယ်လိုရည်ရွယ်ချက်မျိုးရှိလဲ သိချင်လိုက်တာ ၊ သူ မိန်းကလေး’ဖန်း’ ကိုများ သဘောကျသလား ၊ ဒါမှမဟုတ် ‘စစ်ခုန်’ မိန်းကလေးကိုလား ၊ ငါတို့မသိတဲ့ တခြားသူတစ်ယောက်ယောက် ဖြစ်နေမလား”

ရန်ကျောက်ကဲကို သတိလက်လွတ်ငေးကြည့်နေမိသည့် ဖန်းယွင်ရှန်းမှာ အားဟူက သူမကို ကြည့်နေကြောင်း အာရုံခံမိသဖြင့် လှည့်ကြည့်လိုက်သည်။

အားဟူက သူ ခိုးကြည့်သည်ကို လူမိသွားသဖြင့် ခေါင်းတစ်ချက်ကုတ်ရင်း ရယ်မောလိုက်သည်။

ထိုအပြုအမူက အနည်းငယ်စိတ်တိုစရာကောင်းသော်လည်း ရယ်စရာလည်းကောင်းနေလေရာ ဖန်းယွင်ရှန်းမှာ ခေါင်းသာခါယမ်းမိတော့သည်။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်း၏ ဘေးတိုက်မျက်နှာအနေအထားကိုကို တစ်ချက်လှမ်းကြည့်ပြီး မသိမသာ ပြုံးလိုက်၏။

ထို့နောက် သူတို့အားလုံး ပျော်ရွှင်စွာဖြင့် စကားစမြည်ဆိုကြရင်း ရေကန်နယ်မြေ တောင်ဘက်ပိုင်းသို့ ခရီးထွက်လာခဲ့ကြသည်။

လမ်းခရီးတွင်တော့ ယင်လုန်ထူတစ်ယောက် မိန်းမယူမည့်ကိစ္စကို အာရုံမစိုက်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အခြားသူများက သူ့ကို သိုင်းပညာများ သင်ပြပေးရင်း တောင်ပေါ်တွင်မရနိုင်သည့် အတွေ့အကြုံများအကြောင်း ပြောပြကြသောကြောင့် ဖြစ်သည်။

သူတို့ သင်ပြပေးသည်များက ပြင်ပလောကသို့ တစ်ယောက်တည်းထွက်ခွာရာတွင် လိုအပ်သောအသိပညာများ ဖြစ်ကြသည်။

ယင်လုန်ထူက သိုင်းပညာနှင့်ပတ်သက်လျှင် အလွန်ထက်မြက်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့်ပင် စွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်လာသော်လည်း သူ့စိတ်က အလွန်တရာ ရိုးရှင်းဖြူစင်၏။

ဝါဒတောင်မှ အကြီးအကဲများ သေသေချာချာ လမ်းညွှန်ပေးမှုကြောင့် တဖြည်းဖြည်း ဉာဏ်ရည်မြင့်မားလာသည့်တိုင် အချို့အရာများကိုတော့ မသိနားမလည်‌သေးဘဲ ကို့ယို့ကားယား ဖြစ်နေဆဲပင်။ မည်သို့ပင်ဖြစ်စေ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်မှုကိုတော့ ရရှိနေပေပြီ။

သက်တူရွယ်တူ လူငယ်လေးများနှင့် ယှဉ်လျှင်တော့ အနည်းငယ် တုံးအ နေသေးသည် အမှန်ပင်။

သိုင်းသမားတစ်ယောက်နေဖြင့် စွမ်းအားမြင့်မားရန် အလွန်အရေးကြီးသော်လည်း စိတ်ထားရင့်ကျက်ခြင်း မရှိဘဲ ရိုးအလွန်းပါက တစ်ချိန်ချိန်တွင် တစ်နည်းမဟုတ်တစ်နည်းဖြင့် သုတ်သင်ရှင်းလင်းခံရမည် ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက ခရီးစဉ်တစ်လျှောက် ယင်လုန်ထူအား ခုနစ်စဉ်ကြယ်ဓားသိုင်းနှင့်အတူ အခြားသော ဗဟုသုတမျိုးစုံနှင့် အတွေ့အကြုံများ သင်ပြပေးရန် အာရုံစိုက်ခဲ့သည်။

ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းမှ အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များကတော့ ရေကန်နယ်မြေ ပိုင်နက်အတွင်းသို့ ပေါ့ပေါ့ဆဆ ကျူးကျော်လာမည်မဟုတ်ပေ။

ထိုသို့ပြုလုပ်ရန် အကြောင်းပြချက်မရှိသည့်အပြင် လှိုင်းနက်ဂေဟာကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဝင်ရောက်လာပါက ရန်စသည့်သဘောသက်ရောက်သွားနိုင်သည်။

ရန်ကျောက်ကဲက လက်ရှိတွင် အမတဝိညာဉ်အဆင့် သိုင်းဆရာခင်တစ်ယောက် ဖြစ်သော်လည်း သူ၏အဆင့်အတန်းက သာမန်လူများနှင့်မတူပေ။

ထို့ကြောင့် ရေကန်နယ်မြေသို့ ရောက်ရှိသည်နှင့် လှိုင်းနက်ဂေဟာသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက် သတင်းပို့ရမည်ဖြစ်သည်။

ရန်ကျောက်ကဲတို့အုပ်စုရောက်လာသည်နှင့် လှိုင်းနက်ဂေဟာမှ ထိပ်တန်းအကြီးအကဲတစ်ယောက်က ကိုယ်တိုင်လာရောက် ကြိုဆိုသည်။ ဂေဟာသခင်မ အန်းချင်လင်ကတော့ တံခါးပိတ်ကျင့်ကြံနေသဖြင့် ရန်ကျောက်ကဲနှင့် တွေ့ဆုံနိုင်ခြင်း မရှိပေ။

ခဏတာစကားပြောဆို သတင်းပေးပြီးနောက် ရန်ကျောက်ကဲတို့အုပ်စု လှိုင်းနက်ဂေဟာမှ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောသို့ ထွက်ခွာလာကြသည်။

ထိပ်သီးသိုင်းဂိုဏ်းကြီးများကြား ပဋိပက္ခများတွင် လှိုင်းနက်ဂေဟာက ကြားနေဝါဒကို တင်းတင်းကျပ်ကျပ် ကျင့်သုံးသော်လည်း အားလုံးနှင့် ဆက်ဆံရေးကောင်းမွန်သူ ဖြစ်သည်။ ထို့ကြောင့် ရန်ကျောက်ကဲတို့အုပ်စုထွက်ခွာသည့်အခါ သူတို့၏တပည့်အချို့ကိုပင် လမ်းပြအဖြစ် ထည့်ပေးလိုက်ပြီး ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အန္တရယ်နယ်မြေ (၆)ခုတွင် တစ်ခုအပါအဝင်ဖြစ်သော ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောသည် ရေကန်နယ်မြေ၏ ထိမ်းချုပ်မှုအောက်တွင် အပြည့်အဝ တည်ရှိမနေပေ။ သို့သော် အခြားသူများထက်ဆာလျှင် လှိုင်းနက်ဂေဟာက ဤနေရာအကြောင်းကို ပိုမိုနက်ရှိုင်းစွာ သိရှိလေသည်။

“ငါ အရင်က အနောက်ဘက်သဲကန္တာရကိုလည်း ရောက်ဖူးတယ် ၊ ဖြောက်ဖျားနှင်းလွင်ပြင်ကိုလည်း ရောက်ဖူးတယ် ၊ မြေကမ္ဘာနယ်မြေအစွန်အဖျားကိုလည်း ရောက်ဖူးတယ် ၊ ဒီနေ့တာ့ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောကို ရောက်လာရပြီ ၊ အန္တရယ်နယ်မြေ (၆) ခုမှာ ငါ မရောက်ဖူးတာဆိုလို့ ပင်လယ်တစ်ဖက်ခြားဒေသနဲ့ တောင်ပိုင်းမြေအောက်နန်းတော်ပဲ ရှိတော့တယ်”

ရန်ကျောက်ကဲက သူ့ကိုယ်သူ သဘောကျစွာဖြင့် ဆိုလိုက်သည်။

ဖန်းယွင်ရှန်းက...

“အဲဒီနယ်မြေတွေက အဓိကကျတဲ့ဒေသတွေမဟုတ်ပေမယ့် အန္တရယ်များတာတော့ အမှန်ပဲ”

ရန်ကျောက်ကဲက...

“အဖေ့စကားနဲ့ပြောရရင် လူကောင်းတွေက အသက်မရှည်ဘူး ၊ အသက်ရှည်ရင်လည်း နှစ်ပေါင်းထောင်ချီ ‌ဘေးဒုက္ခတွေနဲ့ ကြုံကြရသတဲ့”

သူက ဖန်းယွင်ရှန်းကို လှည့်ကြည့်ရင်း...

“ဒါနဲ့ မင်းလည်း အရင်က နေသူတော်စင်ဂိုဏ်းက အကြီးအကဲတွေရဲ့ အကူအညီနဲ့ တောင်ပိုင်းမြေအောက်နန်းတော်ကို ရောက်ဖူးတယ်မဟုတ်လား ၊ မင်း အရင်က ပြောပြဖူးတယ်လေ ၊ ဒါဆို မင်း မရောက်ဖူးတာဆိုလို့ မြောက်ဖျားလွင်ပြင်နဲ့ ပင်လယ်တစ်ဖက်ခြားဒေသပဲ ကျန်တော့တာပေါ့ ၊ ဒါဆို မင်းလည်း အန္တရယ်နယ်မြေ (၄)ခု ရောက်ဖူးတာပဲပေါ့”

ဖန်းယွင်ရှန်းက ပြုံးရင်း...

“ရှင်ပြောသလိုပဲလေ... လူကောင်းတွေဆိုတာ နှစ်ပေါင်းထောင်ချီ ‌ဘေးဒုက္ခတွေနဲ့ ကြုံကြရတယ်”

ရွှီဖေးက ရယ်မောရင်း...

“နေပါဦး... မင်းတို့နှစ်ယောက်က အပြန်အလှန် ကိုယ်ရည်သွေးနေကြတာလား”

ထိုအခါမှ ရန်ကျောက်ကဲက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရွှီဖေးကို လှည့်ကြည့်လိုက်ရင်း...

“အခုမှ သတိရတယ် ၊ မင်း အရင်က ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောကို ရောက်ဖူးတယ် မဟုတ်လား ၊ ဆိုတော့... အခုချိန်က မင်းအတွက် ‘မြင်းအိုကြီးလမ်းကြောင်းသိ’ ဆိုတာကို သက်သေပြရမယ့်အချိန်ပဲ”

All Chapters