← Chapters

ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတော ၊ ကောင်းကင်သက်တံ့နှစ်လွှာ

Vol. 30 Ch. 416

ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတော ၊ ကောင်းကင်သက်တံ့နှစ်လွှာ

Vol. 30 Ch. 416

အခန်း (၄၁၆) ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတော ၊ ကောင်းကင်သက်တံ့နှစ်လွှာ

ရွှီဖေးက...

“ချီးကို ငါက လမ်းသိတဲ့ မြင်းအိုကြီးလား ၊ ငါက အပြင်ကို သိပ်ထွက်ဖူးတာတောင် မဟုတ်ဘူးရယ် ၊ မင်း လမ်းသိတဲ့မြင်းအိုကြီး ရှာချင်တယ်ဆိုရင် လှိုင်းနက်ဂေဟာက အဘိုးကြီးတွေ သွားခေါ်မှရမယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“မသိဘူးလေ... မင်းက ငါတို့ထဲမှာ အသက်အကြီးဆုံးဆိုတော့ ရောက်ဖူးတယ်ထင်မိတာပေါ့”

ရွှီဖေးက ရှေ့ဆက်လျှောက်သွားရင်း...

“ဘာပဲဖြစ်ဖြစ် သတိရှိကြ ၊ နောက်မှာ မကျန်ရစ်ခဲ့စေနဲ့”

သူက ဆက်ပြောသည်။

“ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောက ပုံရိပ်ယောင်တွေနဲ့ ပြည့်နေတာ ၊ ဘယ်ေလာက်သတိထားထား ဘယ်ဟာကအစစ် ဘယ်ဟာကအတုဆိုတာ ခွဲခြားလို့ မရနိုင်ဘူး ၊ ပုံရိပ်ယောင်တွေထဲ နစ်မျောသွားပြီး သတိပြန်ဝင်မလာတော့ဘဲ စိမ့်စမ်းတောထဲမှာ သေဆုံးရတဲ့သူတွေ အများကြီးရှိတယ် ၊ အချို့ကျတော့လည်း သတိပြန်ဝင်လာပေမယ့် ဘေးကင်းအောင်ပြန်ဖို့ မဖြစ်နိုင်တော့ဘူး လမ်းပျောက်နေပြီ”

“ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ကူညီပေးဖို့က အရမ်းအရေးကြီးတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“မင်း ရှေ့က ဦးဆောင် ၊ ငါက နောက်ကနေ အခြေအနေကြည့်မယ်”

ရွှီဖေး ခေါင်းညိတ်လိုက်သည်။

ထို့နောက်ကြိုးတစ်ချောင်းထုတ်ယူလိုက်ပြီး သူက ကြိုးအစကိုကိုင်ကာ ရန်ကျောက်ကဲက ကြိုးအဆုံးကို ကိုင်လိုက်သည်။

ဖန်းယွင်ရှန်း ၊ အားဟူနှင့် ယင်လုန်ထူတို့က ကြိုးအလယ်အပိုင်းကို ဆုပ်ကိုင်လိုက်ကြ၏။

ရှေ့ဆုံးတွင် ရပ်နေသည့် ရွှီဖေးက အမွှေးတိုင်တစ်ချောင်းထွန်းညှိလိုက်သည်။ ထိုအမွှေးတိုင်က လှိုင်းနက်ဂေဟာမှ ပေးလိုက်သော အမွှေးတိုင်းဖြစ်ပြီး ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောအတွင်းရှိ စိတ်ကိုလှည့်စားစေနိုင်သော မြူခိုးများကို ပျက်ပြယ်သွားစေနိုင်စွမ်း ရှိသည်။

ထိုအမွှေးတိုင်က စိတ်ထဲမှ ထင်ယောင်ထင်မှားဖြစ်မှုများကို အပြည့်အဝ မဖြေရှင်းနိုင်သော်လည်း ယခုကဲ့သို့ (၁၀)နှစ်တစ်ကြိမ် ပုံရိပ်ယောင်များ လျော့ပါးနေချိန်မှာတော့ သိသိသာသာ သက်ရောက်မှုရှိသည်ပင်။

သူတို့အုပ်စု ရှေ့ဆက်သွားရင်း ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ထွက်ပေါ်လာမည့်နေရာသို့ ခက်ခက်ခဲခဲဖြင့် လမ်းကြောင်းဖော်ထုတ်ရင်း ရှေ့ဆက်လျှောက်လာခဲ့ကြသည်။

ရန်ကျောက်ကဲက ကြိုး၏အဆုံးကို ဆုပ်ကိုင်ရင်း အားလုံး၏နောက်မှ လိုက်ပါလာသည်။သူက ဖန်းယွင်ရှန်း ၊ အားဟူနှင့် ယင်လုန်ထူတို့ကို ဂရုစိုက်ပေးရင်း ပတ်ဝန်းကျင်ကိုလည်း သတိပြုအကဲခတ်နေသည်။

ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတော၏ သဘာဝပုံစံအရ များပြားလှစွာသော သားရဲမျိုးစိတ်များ၏ နေအိမ်ပမာ ဖြစ်သည်။

ဤသားရဲများက စိမ့်စမ်းတောကြီးအတွင်း နေထိုင်သည်မှာ ကြာပြီဖြစ်သောကြောင့် အခြားသူများကို လှည့်စားတတ်သော ပုံရိပ်ယောင်များဖြင့် ကျင့်သားရနေကြပြီ ဖြစ်၏။

ပုံရိပ်ယောင်များအပြင် ထိုသို့သော ကြမ်းတမ်းသည့်သားရဲများကလည်း ခရီးသွားများ ကာကွယ်ရခက်သည့် ခြိမ်းခြောက်မှုများပင် ဖြစ်သည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ထူထပ်သောမြူခိုးများက မိုးမြေတစ်ခွင်ဖုံးလွှမ်းလျှက်ရှိကြောင်း တွေ့မြင်ရ၏။

ပြာလဲ့လဲ့အမှုံများက သူတို့ အနီးပတ်ဝန်းကျင်ရှိ စိမ့်စမ်းမြေအတွင်းမှ ထွက်ပေါ်လာကြာပြီး မြူခိုးများနှင့်ပေါင်းစပ်ကာ ထူးဆန်းပြီး မိစ္ဆာဆန်သော ခံစားချက်ကို ပေးစွမ်းသည်။

ရွှီဖေးလက်ထဲတွင် ကိုင်ထားသော အထူးပြုလုပ်ထားသည့် အမွှေးတိုင်ကြောင့်သာမဟုတ်ပါက သူတို့အားလုံး မြူခိုးများ၏လှည့်စားမှုကို ရင်ဆိုင်မည် ဖြစ်၏။

ထိုသို့ဖြင့်...

သူတို့အုပ်စု ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောအတွင်းသို့ ရောက်ရှိသည်မှာ အချိန် (၁၀)ရက် ကျော်လာခဲ့ပြီး မြူခိုးများ ပိုမိုထူထပ်လာသည်ကိုလည်း သိသိသာသာ ခံစားကြရသည်။

သူတို့အားလုံး သတိထားနေသည့်ကြားမှပင် အမျိုးမျိုးသောပုံရိပ်ယောင်များက သူတို့အုပ်စုရှိရာသို့ ဝန်းရံလာကြသည်။

တစ်ယောက်နှင့်တစ်ယောက် တွေ့မြင်ရသည့် ပုံရိပ်ယောင်များက မတူညီကြပေ။ သို့သော် သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကူညီပေးထားပြီး ဤအရာကို ရင်ဆိုင်ရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

တွေ့မြင်ရသည့်မြင်ကွင်းများကိုကြည့်ရင်း ပုံရိပ်ယောင်များမှာ အခြားနေရာမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ သူတို့အားလုံးနှင့် ဆက်စပ်နေသော နှလုံးသားထဲမှ ပေါက်ဖွားလာခြင်းဖြစ်ကြောင်း သိရှိလိုက်ကြရသည်။

ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သော ရန်ကျောက်ကဲပဲ ဖြစ်ဖြစ် ၊ ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်သော ယင်လုန်ထူပဲ ဖြစ်ဖြစ် သူတို့အားလုံး အတူတူပင် ပုံရိပ်ယောင်များ၏ လှည့်စားမှုကို ခံစားကြရမည်သာ။

ထို့ပြင် ပုံရိပ်ယောင်များက လူတစ်ဦးချင်း၏ စိတ်သဘောထားအရလည်း သက်ရောက်မှု မရှိပေ။ မည်မျှ စိတ်ထားရိုးရှင်း ကြည်လင်သူဖြစ်ပါစေ ပုံရိပ်ယောင်များကို ရှောင်လွှဲမရနိုင်ပေ။

ဟန်လုန်အာက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော်လည်း မွေးရာပါ ခုနစ်စဉ်ကြယ်ခန္ဓာကိုယ် ပိုင်ဆိုင်သူဖြစ်သဖြင့် စိတ်ထားကြည်လင်သန့်စင်သူ ဖြစ်သည်။

သို့သော် သူ့မိဘများ သက်ရှိထင်ရှားရှိစဉ်က ပျော်ရွှင်ဖွယ်ရာမြင်ကွင်းများဖြင့် သူ့စိတ်ကို လှည့်စားခြင်း ခံခဲ့ရသည်။

စိတ်ဓာတ်ခိုင်မာတည်ငြိမ်ပြီး ဝိညာဉ်ခန္ဓာအလယ်ဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သော ရွှီဖေးသည်လည်း သူ့မျက်ဝန်းရှေ့တွင် ထင်ယောင်ထင်မှားပုံရိပ်များကို တွေ့မြင်လာရသည်။

ငယ်စဉ်အချိန်က ခြေဦးတည့်ရာတစ်ယောက်တည်းသွားလာခဲ့ရခြင်းများ ၊ နောက်ပိုင်း ဆရာဖြစ်သူ ရှီတိနှင့် တွေ့ဆုံခွင့်ရခဲ့သည့်မြင်ကွင်းများ။

ဝါဒတောင်တိုက်ပွဲတွင် ရှီတိ သေဆုံးသွားရခြင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရ‌သော မြင်ကွင်းများ ၊ သူ့ဘဝ၏ အကြေကွဲဆုံး အနာကျင်ဆုံး အမှတ်ရမှုများက သူ့မျက်စိရှေ့တွင် ပြန်ပေါ်လာပြီး သူ့နှလုံးသားကို ဓားသွားပမာလှီးဖြတ်လျှက် နေရာတိုင်းတွင် သွေးများစီးကျစွန်းထင်းလျှက် ရှိသည်။

ဖန်းယွင်ရှန်းသည်လည်း ထိုနည်းတူပင် ဖြစ်၏။

ပြန်မတွေးချင်သော မြင်ကွင်းများစွာက သူမ၏မျက်လုံးများရှေ့တွင် ပေါ်လာသည်။

သူမငယ်ရွယ်စဉ်ကပင် နေသူတော်စင်ဂိုဏ်းသို့ရောက်ရှိခဲ့သည်။ မြေကမ္ဘာနယ်မြေတွင် အမှတ်မထင် ဒဏ်ရာရရှိခဲ့ပြီး ထိုဒဏ်ရာက သူ၏ကံကြမ္မာတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်သည်။

ထို့နောက် ရှောင်ရှန်းနှင့် ဖန်းပေါ်ထိုင်တို့၏ အတင်းအကျပ်ဖိအားပေးခြင်းကြောင့်  ဂိုဏ်းမှထွက်ပြေးရင်း သွေးစွန်းတိုက်ပွဲများစွာ ရင်ဆိုင်ခဲ့ရသည်။ သူမတစ်ယောက်တည်း မိုင်ပေါင်းထောင်ချီ ထွက်ပြေးခဲ့ရသော မြင်ကွင်းများက သူမ၏မျက်ဝန်းထဲ တစ်ဖန်ပြန်ပေါ်လာသည်။

အချို့သော ထင်ယောင်ထင်မှား ပုံရိပ်များက အလွန်တရာ ရက်စက်ကြမ်းတမ်းပြီး လူတစ်ယောက်၏ မှတ်ဉာဏ်ထဲမှ ပုံရိပ်များသာ မဟုတ်တော့ဘဲ မှားယွင်းသည့် မြင်ကွင်းများကိုပါ ဖြစ်ပေါ်လာစေသည်။

ထိုမြင်ကွင်းများက ပုံရိပ်ယောင်ဆိုသော်လည်း လူတစ်ယောက်အနေဖြင့် မတူညီသည့်ဘဝတစ်ခုကို ခံစားရသည့်အလား အစစ်အမှန်နှင့် ဆင်တူလွန်းလှသည်။

ပုံရိပ်ယောင်များကြားတွင်...

ဖန်းယွင်ရှန်းမှာ သူမ၏ ထူးကဲယင်ခန္ဓာပျက်ဆီးသွားခြင်းမရှိဘဲ အမြဲတမ်းတောင့်တခဲ့ရသော ထူးကဲယင်သရဖူကို ဆင်မြန်းလျှက် အခြားသော ထူးကဲယင်မိန်းမပျိုများရှေ့တွင် အသာလွန်ဆုံံး ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်လာသည့် မြင်ကွင်းများကို တွေ့မြင်ရသည်။

ထို့ပြင် သူမက ရှောင်ရှန်းကို မခုခံနိုင်ခဲ့ဘဲ ဘဝပျက်ရသည်ဆိုသော မြင်ကွင်းများ ၊

ဆရာဖြစ်သူက သူမကို စွန့်ပစ်ခဲ့ပြီး ဂိုဏ်း၏ သစ္စာဖောက်တစ်ယောက်ဖြစ်လာကာ အဆုံးသတ်တွင် ဖန်းပေါ်ထိုင်လက်ချက်ဖြင့် အသက်ဆုံးခဲ့ရသော ပုံရိပ်များ။

စသည်ဖြင့် မှားယွင်းသော ပုံရိပ်များစွာကို တွေ့မြင်ရလေသည်။

သူမ နေသူတော်စင်ဂိုဏ်းမှ ထွက်ပြေးလာပြီးနောက် နေသူတော်စင်ဂိုဏ်းက သူမကို လိုက်လံသတ်ဖြတ်ခဲ့သည်။

ရန်ကျောက်ကဲ၏ အကူအညီကို ရရှိခဲ့သော်လည်း သူမ၏ ထူးကဲယင်ခန္ဓာ ပြန်မရသေးသော အချိန်တစ်ခုကို ဖြတ်သန်းခဲ့ရသည်များကိုလည်း ပြန်လည်မြင်ယောင်နေရပြန်သည်။

နောက်ဆုံး ဖန်းယွင်ရှန်း၏ စိတ်ထဲတွင် မည်သည်ကအမှန် ၊ မည်သည်ကအမှား မခွဲခြားနိုင်တော့ဘဲ အရာအားလုံးက ရောထွေးနေတော့သည်။

ရန်ကျောက်ကဲသည်လည်း အတူတူပင် ဖြစ်၏။

အတိအကျဆိုရသော သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသည့်မြင်ကွင်းများက ပို၍ပင် ထူးဆန်းနေသေးသည်။

များပြားလှစွာသော ပုံရိပ်ယောင်များအနက် အချို့အရာများမှာ သူ အမြဲတမ်းလိုချင်တောင့်တခဲ့ပြီး ဘယ်တော့မှ မရရှိနိုင်သော အရာများဖြစ်သလို အချို့ကတော့ သူ့ကို ပျော်ရွှင်ယစ်မူးစေလျှက် ဘယ်တော့မှ ပြန်လည်နိုးထမလာချင်သည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။

အချို့အရာများကမူ သူ့ကို လဲပြိုကျလုနည်းနည်းတွန်းပို့နေပြီး ခံနိုင်ရည်ရှိရန် ခက်ခဲသော အဖြစ်အပျက်များ ဖြစ်သည်။ ပုံရိပ်‌ယောင်ဆိုသော်လည်း အမှန်တကယ် ဖြစ်ပျက်နေသည့်အလား သူ့ကို ကြောက်ရွံ့ထိတ်လန့်စေသော ခံစားချက်ကို ပေးစွမ်းသည်။

ရန်‌ကျောက်ကဲက ထို ပုံရိပ်ယောင်များ နှောက်ယှက်မှုကို အတင်းအကျပ် ဖယ်ရှားပစ်ရင်း အတွေးများကို ဖယ်ထုတ်ကာ သူ့စိတ်ကို အကြိမ်ကြိမ် ပြန်လည်တည်ငြိမ်စေခဲ့သည်။

သို့သော် သူ့စိတ်သည် အဖြစ်အပျက်များကြား ပြန်လည်နစ်မွန်းသွားခဲ့ပြီး အမျိုးမျိုးသော လူမျိုးပေါင်းစုံ ၊ ပုံရိပ်ပေါင်းစုံသည် သူ့ရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် ဖြစ်တည်လာလိုက် ပျောက်ကွယ်သွားလိုက်ဖြင့် ဒီရေများစီးဆင်းသည့်အလား လျှင်မြန်လွန်းလှသည်။

အရှေ့ပင်လယ်တွင် မီးတောက်မိစ္ဆာများတိုက်ပွဲတွင် အနိုင်ရရှိမည့်အစား ရေခဲနဂါးရုပ်အလောင်းကြီးနှင့် သွေးနီရောင်စေတီငယ် ထိတွေ့ရန် ကြိုးစားရင်း နောက်ဆုံးတွင် တိုက်ပွဲရှုံးနိမ့်သွားခဲ့ပြီး ရန်ကျောက်ကဲ မီးတောက်မိစ္ဆာများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုမြင်ကွင်းကို တွေ့မြင်ရသည့်အခါ သူ အတော်လေး တုန်လှုပ်ချောက်ချားသွားသည်။

သူက ခေါင်းကိုတွင်တွင်ခါယမ်းရင်း ပုံရိပ်ယောင်များမှ ရုန်းထွက်ရန်ကြိုးစားလျှက် စိတ်ကိုထိန်းကာ ရှေ့ဆက်လျှောက်နေခဲ့သည်။

လမ်းလျှောက်နေရင်း သူ့ရှေ့မှ မြူခိုးများက ကြောက်မက်ဖွယ်ရာကောင်းစွာ ပိုမိုထူထပ်လာပြီး သူ့လက်ကိုပင် မမြင်နိုင်တော့လောက်အောင် မှောင်မိုက်သွားသည်။

သူနှင့်အနီးဆုံးဖြစ်သော ယင်လုန်ထူ၏ကျောပြင်သည် တဖြည်းဖြည်းမှုန်ဝါးလာသည်။

ယင်လုန်ထူရှေ့မှ အရပ်ပိုမြင့်သော အားဟူဆိုလျှင် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“ဟန်လုန်အာ...”

ရန်ကျောက်ကဲ မျက်မှောင်တစ်ချက်ကြုံ့ရင်း ယင်လုန်ထူကို အော်ခေါ်လိုက်သည်။

မြူခိုးများ ပိုမိုထူထပ်လာသဖြင့် သူ့အရှေ့မှ လူငယ်လေးကို မတွေ့မြင်ရတော့သလို သူ့ခေါ်သံကိုလည်း ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။

သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသောကြိုးက ရုတ်တရက် ပြေလျော့သွားသည်။

ရန်ကျောက်ကဲ ခေါင်းငုံ့ကြည့်လိုက်တော့ အောက်တွင်ပြုတ်ကျနေသည့်ကြိုးစက သူ့လက်ထဲသို့ အသာအယာပါလာသည်ကို တုန်လှုပ်ဖွယ်ရာ တွေ့လိုက်ရသည်။

“ဟင်...”

ရန်ကျောက်ကဲက စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်သည်။ ဤအဖြစ်အပျက်က လှည့်စားမှုတစ်ခုဖြစ်ကြောင်း ပင်ကိုယ်သိစိတ်က သူ့ကို သတိပေးနေသည်။

သို့သော် အခြေအနေကို အဖြေမရှာနိုင်သေးခင်မှာပင် သူ့ရှေ့မှ ကျယ်ပြောလှသော မြူခိုးလွင်ပြင်ကြီးက တစ်ခဏအတွင်း မြူခိုးများ လွင့်စင်သွားသည်။

မိုးမြေတစ်ခုလုံး သိမ့်ကနဲ တုန်လှုပ်သွားပြီး ခေါင်းမော့ကြည့်လိုက်တော့ ကောင်းကင်ထက်တွင် ထွက်ပေါ်လာသော ကြီးမားသည့် လက်ဖဝါးကြီးတစ်စုံကို တွေ့မြင်လိုက်ရသည်။ ထိုလက်ဖဝါးကြီးများက သူ့ကို ရိုက်ချလိုက်သည့်အလားပင်။

ရန်ကျောက်ကဲ မျက်ဝန်းများ တုန်လှုပ်သွားသည်။

ထိုလက်ဖဝါးကြီးများက သာမန်လက်ဖဝါးများ မဟုတ်ပေ။

အတိတ်တစ်ချိန်က မဟာကပ်ဘေးကာလအတွင်း ကောင်းကင်ဘုံနန်းတော်ထက်သို့ ကျဆင်းလာသည့် လက်ဖဝါးကြီးဖြစ်ကြောင်း ရန်ကျောက်ကဲ မှတ်မိနေသည်။

ထိုလက်ဖဝါးတစ်စုံကို စူးစိုက်ကြည့်ရင်း ရန်ကျောက်ကဲမျက်ဝန်းမှ ထူးဆန်းသောအလင်းရောင်များ ထွက်ပေါ်လာသည်။

မိုးမြေတုန်လှုပ်သွားစေသည့်မြင်ကွင်းက သူ့ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားပြီး လက်ဖဝါးကြီးက ကောင်းကင်အလယ်ဗဟိုတွင် တည်ရှိနေသည်။ စိတ်ကိုလှည့်စားစေနိုင်သော မြူခိုးများက နောက်တစ်ကြိမ် မြင့်တက်လာသော်လည်း အရင်ကလောက် သိပ်သည်းထူထပ်ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲ စူးစိုက်ကြည့်နေစဉ်မှာင် ကောင်းကင်ထက်တွင် ခမ်းနားသော ရောင်ဝါများဖြင့် လင်းလက်နေသော သက်တံ့နှစ်စင်းထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

သက်တံ့နှစ်စင်းက တစ်ခုနှင့်တစ်ခု ကန့်လန့်ဖြတ်ပုံစံဖြင့် မိုးကုတ်စက်ဝိုင်းများဆီသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ထိုအရာသည် အတိအကျပင် “ကောင်းကင်သက်တံ့နှစ်လွှာ” ဖြစ်လေတော့၏။

All Chapters