တံခါးပွင့်သွားပြီ
Vol. 30 Ch. 417
အခန်း (၄၁၇) တံခါးပွင့်သွားပြီ
“ကောင်းကင်သက်တံ့နှစ်လွှာ” ကို ရန်ကျောက်ကဲ ဘဝတွင် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
သက်တန့်နှစ်စင်းက တစ်ခုကအတွင်း ၊ တစ်ခုကအပြင် ကြက်ခြေခတ်သဏ္ဌန်ဖြတ်ကျော်လျှက် မိုးကုတ်စက်ဝိုင်းဆီသို့ အတူတကွ ထိုးဖောက်ဝင်ရောက်သွားကြသည်။
ထိုသက်တံ့နှစ်စင်းလုံးက ရောင်စင်ခုနစ်သွယ်ရှိသော်လည်း ရောင်စဉ်များ၏ အစီအစဉ်ကျမှုက ဆန့်ကျင်ဘက်ဖြစ်သည်။ တစ်ခုက အနီရောင်မှခရမ်းရောင်သို့ အစဉ်အတိုင်းသွားပြီး ကျန်တစ်ခုကတော့ ခရမ်းရောင်မှ အနီရောင်သို့ အစဉ်အတိုင်းသွားသည်။
ရန်ကျောက်ကဲ အရင်က သိရှိထားသလို သက်တံ့ဆိုသည်က နေရောင်ခြည်နှင့် ရေငွေ့တို့ ထိတွေ့ခြင်းဖြင့် အလင်းယိုင်သော ပျံ့လွင့်မှုတစ်ခုသာဖြစ်သည်။ ထို့ကြောင့် ဤသို့သော သက်တံ့ပုံစံဖြစ်စဉ်က ရှားပါးသော်လည်း ပုံမှန်ဟု ယူဆနိုင်သေးသည်။
သို့သော် ထူးခြားသည်မှာ သူတို့ရှေ့မှ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ သည် မိုးကုတ်စက်ဝိုင်းထိတိုင် ထိုးဖောက်ဝင်ရောက်သွားသော အရွယ်အစားတူညီနေသည့် သက်တံ့နှစ်စင်း ဖြစ်သည်။ တစ်ခုက အရှေ့မှအနောက် ၊ တစ်ခုက တောင်မှမြောက် သွယ်တန်းလျှက် ရှည်လျားစွာ တည်ရှိနေကြပြီး သက်တံ့နှစ်စင်း၏ တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားရာနေရာတွင် ဆုံချက်အလယ်ဗဟိုတစ်ခု ဖြစ်တည်နေသည်။
ရန်ကျောက်ကဲမှာ ထိုသို့သောမြင်ကွင်းမျိုးကို ပထမဆုံး တွေ့မြင်ရသဖြင့် အံ့အားသင့်စွာဖြင့် စုတ်သပ်မိရုံသာ။
‘ကောင်းကင်သက်တံ့နှစ်လွှာ’ ထွက်ပေါ်လာသည့်နေရာသို့ ရောက်လာသောအခါ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောမှ လူတို့၏စိတ်ကိုလှည့်စားနိုင်စွမ်းရှိသော မြူခိုးများသည်လည်း တဖြည်းဖြည်းလျော့ပါးသွားသည်။
ရန်ကျောက်ကဲ၏ရှေ့တွင် ရွှီဖေးနှင့် အခြားသူများ၏ရုပ်ပုံများ တစ်ဖန် ပြန်ပေါ်လာသည်။
အောက်သို့ငုံ့ကြည့်လိုက်တော့ လူတိုင်းလက်ထဲတွင် ကြိုးရျည်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ကြိုးပြတ်တောက်သွားသည့် အရိပ်အယောင် မတွေ့ရပေ။
သို့သော် ရန်ကျောက်ကဲမှာ စိတ်သက်သာရာ မရနိုင်သေးပေ။ သူ့အရှေ့မှ မြင်ကွင်းသည်လည်း ပုံရိပ်ယောင်မြင်ကွင်းတစ်ခုမဟုတ်ဟု မည်သူပြောနိုင်ပါသနည်း။
တစ်ခါတစ်ရံ ပုံရိပ်ယောင်များက ဘယ်တော့မှ မပြည့်ဝနိုင်သည့် စိတ်ကူးယဉ်အိပ်မက်များကိုပြသလေ့ရှိသည်။ သူတို့အုပ်စု ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောသို့ရောက်လာရသည့် အကြောင်းရင်းတစ်ခုမှာ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ကို ရှာဖွေရန် ဖြစ်သည်။
ထို့ကြေင့် သူတို့စိတ်ထဲ စွဲမြဲနေသည့် အရာများက ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲကာ သူတို့စိတ်ကို ထိန်းချုပ်လိုက်နိုင်သည်။
ရန်ကျောက်ကဲက စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံဖြစ်သော ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထုတ်ဖော်လိုက်၏။
အပြင်ဘက်တွင် ရန်ကျောက်ကဲသည် သူ့ပုံစံအတိုင်းပင် ရှိနေသော်လည်း ထိုခဏတွင် သူ့ကို သေသေချာချာ စောင့်ကြည့်မည်ဆိုလျှင် နေရာတွင် ရန်ကျောက်ကဲ တည်ရှိနေခြင်းမရှိဟူသော ခံစားချက် ထွက်ပေါ်လာပေလိမ့်မည်။
ရန်ကျောက်ကဲ၏ စိတ်အာရုံက တဖြည်းဖြည်း ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတော၏ အတားအဆီးများမှ ကင်းလွတ်သွားပြီး အစစ်အမှန်မြင်ကွင်းကို ဖျတ်ခနဲ တွေ့မြင်လိုက်ရသည်။
သူ့မျက်စိရှေ့ရှိ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောအတွင်းမှ ပုံရိပ်ယောင်အလွှာများမှာ မြင့်တက်လာလိုက် ပြန်လည် ပျောက်ကွယ်သွားလိုက်နှင့် ဖြစ်သည်။
သို့သော် သူတို့ရှေ့တွင် ထွက်ပေါ်လာသည့် ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ကတော့ အမှန်တကယ်ပင် တည်ငြိမ်လျှက် ရှိသည်။
သူက စိတ်ကိုတည်ငြိမ်စေလိုက်ပြီး ပတ်ဝန်းကျင်အခြေအနေကို ပိုင်းခြားသိမြင်စေရန် ချီစွမ်းအားအပြောင်းအလဲများကို ခံစားလိုက်သည်။ ထို့နောက် သူ့အရှေ့မှ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ မှာ ပုံရိပ်ယောင်တစ်ခုမဟုတ်ဘဲ အမှန်တကယ် တည်ရှိသောအရာဖြစ်ကြောင်း စိတ်ချနိုင်ခဲ့သည်။
သို့သော် သူ့အရှေ့မှ ယင်လုန်ထူကတော့ တစ်ခုခု မှားယွင်းနေဟန် ရှိ၏။
ကောင်ငယ်လေး၏ အနည်းငယ် အူတူတူအတတ မျက်နှာလေးက ပြုံးနေပြီး အိပ်မက်ထဲတွင် သူချစ်ရသူများနှင့် ပျော်ရွှင်နေသည့်အလား ဖြစ်သည်။
ရန်ကျောက်ကဲ သက်ပြင်းချလိုက်သည်။
စိတ်ထားရိုးရှင်းဖြူစင်သော ဟန်လုန်အာက ဘဝကို ကျေနပ်ရောင့်ရဲပြီး ပျော်ရွှင်စွာနေတတ်သူဖြစ်သည်။
သို့သော် သူ့ဘဝလေးသည် ယခုချိန်ထိ ချောမွေ့ခြင်း မရှိရှာသေးပေ။
ငယ်စဉ်ကပင် မိဘနှစ်ပါး အန္တရယ်ကြုံကာ အသက်ဆုံးခဲ့ရပြီး ထိုနာကျင်မှုက တစ်သက်တာခံစားချက်တစ်ခုအဖြစ် လွယ်လွယ်နှင့် ပြေပျောက်နိုင်မည် မဟုတ်ပေ။
ထို့နောက် ဆရာဖြစ်သူ ရှီတိ ဆုံးပါးသွားခြင်းမှာလည်း သူ့အတွက် ကြီးမားသောထိုးနှက်ချက် ဖြစ်လာခဲ့သည်။
ဟန်လုန်အာသည် အမြဲတမ်း ပျော်ရွှင်ပြီး စိုးရိမ်ပူပန်မှုကင်းမဲ့ဟန် ရှိနေသော်လည်း ထိုဝမ်းနည်းမှုများကတော့ သူ၏ ရိုးရှင်းသောစိတ်ထဲတွင် ဒဏ်ရာအဖြစ် ထင်ကျန်နေမည် ဖြစ်သည်။
ရန်ကျောက်ကဲက ယင်လုန်ထူ၏ပခုံးထက်သို့ လက်ဝါးဖြင့် ခပ်ပြင်းပြင်းတစ်ချက် ရိုက်ချလိုက်ရာ ကောင်ငယ်လေးက သူ့ကို ခံစားချက်မရှိ ဗလာကျင်းနေသည့် မျက်ဝန်းများဖြင့် လှည့်ကြည့်လာသည်။
ယင်လုန်ထူ လှည့်ကြည့်လာသည်နှင့် ရန်ကျောက်ကဲက သူ၏မျက်ခုံးနှစ်ခုကြားနေရာသို့ လက်နှစ်ချောင်းဖြင့် အသာထိလိုက်သည်။
လျှပ်စစ်ဖြင့် အတို့ခံလိုက်ရသလို ယင်လုန်ထူ၏ခန္ဓာကိုယ် ဆတ်ခနဲဖြစ်သွားပြီး မွေးညင်းများထောင်သွားကာ အလိုအလျောက်သိစိတ်ဖြင့် ရန်ကျောက်ကဲကို ချက်ချင်းပြန်လည် ခုခံလိုက်သည်။
သို့သော် ထိုခဏမှာပင် ယင်လုန်ထူ သတိပြန်ဝင်လာပြီး အကြည့်များက ပုံမှန်အတိုင်း ကြည်လင်သွားသည်။
ရန်ကျောက်ကဲကိုမြင်တော့ သူက ကမန်းကတန်းဖြင့်...
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ... ကျွန်တော်...”
ရန်ကျောက်ကဲကပြုံးရင်း လက်ကာပြလိုက်သည်။
“မင်းရဲ့စိတ်ကို တည်ငြိမ်အောင်ထား... ၊ အစစ်အမှန်နဲ့အတုအယောင်ကို ပိုင်းခြားပါ”
သူက ဆက်ပြောသည်။
“ထင်ယောင်ထင်မှားပုံရိပ်တွေက တစ်ခါတစ်လေမှာ အရမ်းကို ပျော်စရာကောင်းတာတွေနဲ့ ပြည့်နက်နေတတ်တယ် ၊ မင်းသဘောကျတဲ့အရာတွေ ဖြစ်နေတတ်တယ် ၊ ဒါပေမဲ့ ပုံရိပ်ယောင်တွေက ပုံရိပ်ယောင်တွေပါပဲ ၊ အဲဒါတွေကို ငါတို့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး”
ယင်လုန်ထူကိုကြည့်ရင်း ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“မင်း စိတ်ကို ငြိမ်ငြိမ်ထား ၊ အသက်ကိုမှန်မှန်ရှူ”
လူငယ်လေးက ခေါင်းတစ်ချက်ညိတ်ရင်း အသက်ရှူသွင်းရှူထုတ် ပြုလုပ်လိုက်သည်။ တဖြည်းဖြည်း ယင်လုန်ထူ၏ အသက်ရှူသံများ ငြိမ်သက်သွားသည်။
ထို့နောက် ‘ကောင်းကင်သက်တံ့နှစ်လွှာ’ တည်ရှိရာနေရာသို့ သူတို့အုပ်စု ရောက်ရှိလာကြပြီး အံ့သြဖွယ်ရာမြင်ကွင်းကို ခေါင်းမော့ကြည့်လိုက်ကြ၏။
ဖန်းယွင်ရှန်းက...
“ဒီလိုထူးခြားတဲ့မြင်ကွင်းကို တွေ့မြင်ရတာ တကယ့်ကို ရှားရှားပါးပါးပါပဲ”
ထို့နောက် သူမက ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားအတက်အကျများကို အာရုံခံရင်း...
“ဗလာနယ်ထဲက မူမမှန်တာတွေကြောင့် ဒီနေရာက ပုံရိပ်ယောင်တွေ ပျောက်ကွယ်သွားတာ မဟုတ်လား”
သူတို့အားလုံးက ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခု၏ ပင်မတိုက်ရိုက်တပည့်များ ဖြစ်ကြလေရာ ကျင့်ကြံခြင်းအဆင့် မည်မျှပင်ရှိစေကာမူ အသိပညာ နှင့် ပိုင်းခြားသိမြင်မှု စွမ်းရည်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိပ်တန်းအဆင့်ဖြစ်သည်။
ရွှီဖေးက...
“အမှန်ပဲ ၊ ဒီ ထူးခြားဖြစ်စဉ်ကြောင့် ဗလာနယ်က ပုံပျက်သွားတာပဲ ၊ ဒီနေရာက ပုံရိပ်ယောင်တွေမပြောနဲ့ ပတ်ဝန်းကျင်မိုးမြေတစ်ခုလုံးတောင် ပုံပျက်နေတယ်”
အားဟူက ခေါင်းကုတ်ရင်း...
“သခင်လေး ၊ အစ်ကို’ဖေး’ ၊ ‘ကောင်းကင်သက်တံ့နှစ်လွှာ’အပြင် ‘ဝိညာဉ်မဲ့မိုးမြူ’ ကိုလည်း ရှာရဦးမှာ မဟုတ်လား”
ရန်ကျောက်ကဲက...
“ဝိညာဉ်မဲ့မိုးမြူ’ က အရမ်းရှားပါးတယ် ၊ ဘယ်နေရာမှာ ရှိလဲဆိုတာ ခန့်မှန်းရခက်တယ် ၊ ဒါပေမဲ့ ပုံမှန်ဆိုရင်တော့ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ထွက်ပေါ်လာတဲ့နေရာနဲ့ နီးကပ်တဲ့နေရာတွေမှာ ပေါ်လာနိုင်တယ်တဲ့ ၊ အဲဒါကြောင့် ဒီနေရာမှာ ငါတို့လိုချင်တာ နှစ်ခုလုံးကို တွေ့ရမယ်ထင်တယ် ၊ အင်း... ကံကောင်းဖို့တော့ လိုတာပေါ့လေ”
ရွှီဖေးက ဖြည်းညင်းစွာဖြင့်...
“ငါသိတာတော့... ‘ဝိညာဉ်မဲ့မိုးမြူ’ က ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ပေါ်မလာခင်နဲ့ ပျောက်ကွယ်သွားပြီးနောက်မှာ ထွက်ပေါ်လာနိုင်ခြေ ရှိတယ်တဲ့”
သူက ဆက်ပြောသည်။
“ငါ ဒီပတ်ဝန်းကျင်မှာ အရင်ရှာကြည့်မယ် ၊ တွေ့ရင်တော့ အကောင်းဆုံးပေါ့ ၊ မဟုတ်ရင်တော့ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ပျောက်ကွယ်သွားတဲ့အချိန်ထိ ဆက်စောင့်ရလိမ့်မယ်”
သူက ရန်ကျောက်ကဲကို ကြည့်ရင်း...
“ကျောက်ကဲ... မင်းက ဒီနေရာမှာနေခဲ့ပြီး ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်ပါ ၊ ငါက ‘ဝိညာဉ်မဲ့မိုးမြူ’ ကို လိုက်ရှာမယ်”
ရန်ကျောက်ကဲက...
“အင်း... အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့ ၊ ငါတော့ မင်းနောက်ကို မလိုက်နိုင််တော့ဘူး ၊ သတိတော့ထားနော်... ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင်အပြင်ဘက်ကိုရောက်သွားရင် ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောရဲ့ စိတ်ကိုပြောင်းလဲစေတဲ့မြူခိုးတွေက ပြန်ပြီးအားကောင်းလာလိမ့်မယ်”
“စိတ်ချပါ ၊ ငါသိပါတယ်”
ပြောပြီးသည်နှင့် ရွှီဖေးက ကြိုးကိုလွှတ်လိုက်ပြီး ထွက်ခွာသွားသည်။
‘ကောင်းကင်သက်တံ့နှစ်လွှာ၏ သက်ရောက်မှုလွှမ်းခြုံထားရာ နယ်နိမိတ်အတွင်း ယင်ယွီကျန်းကို ဆေးကုသရာတွင် အသုံးပြုနိုင်မည့် ‘ဝိညာဉ်မဲ့မိုးမြူ’ ကို ရှာဖွေရမည် ဖြစ်သည်။
ဖန်းယွင်ရှန်း ၊ အားဟူနှင့် ယင်လုန်ထူတို့သည်လည်း ပတ်ဝန်းကျင်တွင်လှည့်လည်ကာ ရွှီဖေးကို ကူညီရှာဖွေပေးကြသည်။ ယခုကဲ့သို့ ကိုယ်တိုင်လှုပ်ရှားခြင်းက ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့အတွက် အတွေ့အကြုံရှာဖွေကြခြင်းပင် ဖြစ်၏။
ရန်ကျောက်ကဲကတော့ နေရာမှာပင်ကျန်ရစ်ခဲ့ပြီး ကောင်းကင်ထက်မှ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ကို စူးစိုက်ကြည့်ရင်း လေ့လာနေသည်။
အချိန်အတန်ကြာပြီးသည့်နောက် ရွှီဖေးနှင့် အခြားသူများ ရန်ကျောက်ကဲအနားသို့ ပြန်ရောက်လာကြသည်။
ရွှီဖေးက...
“ဒီပတ်ဝန်းကျင်မှာတော့ ‘ဝိညာဉ်မဲ့မိုးမြူ’ မရှိဘူးကွာ ၊ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ပျောက်ကွယ်သွားပြီးနောက်မှပဲ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့ ၊ ဒီနေရာမှာ မရှိဘူးဆိုရင် တခြားနေရာတွေမှာ ရှာဖွေဖို့ကတော့ မဖြစ်နိုင်ဘူး ၊ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်နေမှာပဲ”
ရန်ကျောက်ကဲက...
“အင်း... ဒီမှာလည်း တခြားကမ္ဘာတစ်ခုကိုဦးတည်တဲ့ ဗလာနယ်အက်ကွဲကြောင်း ပေါ်မလာသေးဘူး”
သူကဆက်ပြောသည်။
“ကိစ္စတော့ မရှိပါဘူး ၊ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ က အချိန်ကြာကြာရှိနေဦးမှာဆိုတော့ အခွင့်အရေး ရှိနိုင်ပါသေးတယ်”
စိတ်ထဲတွင်အတွေးကိုယ်စီဖြင့် ရန်ကျောက်ကဲတို့အုပ်စု နေရာမှာပင် ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေကြသည်။
ထိုသို့ဖြင့် အချိန် (၂)ရက်ခန့် ကုန်ဆုံးသွားခဲ့သည်။
ရန်ကျောက်ကဲစိတ်ထဲ တစ်ချက်တုန်ခါသွားပြီး ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်မိသည်။
ထိုအခါ သက်တံ့နှစ်စင်း ဆုံစည်းရာဗဟိုချက်နေရာတွင် ဗလာနယ်က ပြင်းပြင်းထန်ထန် ပုံပျက်နေပြီး သာမန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်သည်။
ကောင်းကင်က ပန်းချီကားတစ်ချပ်ပမာ အက်ကွဲသွားပြီး အပေါက်တစ်ပေါက် ရုတ်တရက် ထွက်ပေါ်လာသည်။
အားဟူက...
“အဲဒါ တကယ်ပေါ်လာတာပဲ”
ရန်ကျောက်ကဲလည်း စိတ်လှုပ်ရှားသွားပြီး...
“အားဟူ... တောင်ပေါ်ကို အမြန်အကြောင်းကြား ၊ အဖေ့ကို သတင်းပို့...”
သူ့စကားမဆုံးခင်မှာပင် ရန်ကျောက်ကဲ၏၏အရိပ်ကျုံ့အိတ်ထဲမှ ကျောက်စိမ်းဆံထိုးက ပြင်းထန်စွာလှုပ်ရှားလာလေသည်။ ထို့နောက် အိတ်အတွင်းမှ နှင်းကြိုးကြာသဏ္ဌန်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
နှင်းကြိုးကြာပုံသဏ္ဌန်အလင်းတန်းက တောင်ပံများကို ဖြန့်ကားလိုက်သည့်အခါ...
ရန်ကျောက်ကဲနှင့် အခြားသူများမှာ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ဗဟိုချက်တွင်ရှိနေသည့် တွင်းနက်ထဲသို့ လျှပ်စီးလက်သည့်ပမာ လျှင်မြန်သောအရှိန်အဟုန်ဖြင့် ဆွဲခေါ်သွားခြင်းကို ခံလိုက်ရလေတော့၏။