← Chapters

အရမ်းကောင်း ၊ အရမ်းစွမ်းအားမြင့်မားသလောက် အရမ်းလည်း တုံးလွန်းတယ်

Vol. 30 Ch. 418

အရမ်းကောင်း ၊ အရမ်းစွမ်းအားမြင့်မားသလောက် အရမ်းလည်း တုံးလွန်းတယ်

Vol. 30 Ch. 418

အခန်း (၄၁၈) အရမ်းကောင်း ၊ အရမ်းစွမ်းအားမြင့်မားသလောက် အရမ်းလည်း တုံးလွန်းတယ်

တောင်နှင့်မြောက် ၊ အရှေ့နှင့်အနောက် ဖြတ်ကျော်သွယ်တန်းထားသည့် သက်တံ့နှစ်စင်း၏ ဆုံချက်ဗဟိုနေရာတွင် ဗလာနယ်က ပြင်းထန်စွာ ပုံပျက်နေသည်။

ထိုနေရာတွင် သက်တံ့ရောင်စဉ်ခုနစ်သွယ် ပျောက်ကွယ်လျှက် နက်မှောင်သည့် တွင်းနက်တစ်ခု ဖြစ်တည်နေသည်ကို တွေ့မြင်ရသည်။

ထိုတွင်းနက်က တဖြည်းဖြည်း ချဲ့တွင်လာပြီး ပတ်ဝန်းကျင် သက်တံ့ရောင်စဉ်များသာမက အခြားသောအရာအားလုံးကိုပါ ဝါးမျိုသွားမည့်အလား ထင်မှတ်ရသည်။ တွင်းနက်က အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်လာပြီးနောက် ရပ်တန့်သွားပြီး တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေသည်။

ကောင်းကင်ထက်သို့ ထွက်ခွာသွားသော နှင်းကြိုးကြာသဏ္ဌန်အလင်းတန်းက ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ၏ အလယ်ဗဟိုဆုံချက်ရှိရာသို့  တည့်တည့်မတ်မတ် ပျံသန်းနေခြင်းပင်။

ရန်ကျောက်ကဲတို့အုပ်စုမှာ လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားတစ်ခုဖြင့် ရစ်ပတ်ခံရပြီး ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ၏ ဆုံချက်နေရာသို့ နှင်းကြိုးကြာအလင်းတန်းနှင့်တူ လွင့်ပါသွားကြသည်။

“ဒီလိုဖြစ်မယ်လို့ နည်းနည်းတော့ ထင်မထားဘူး...”

ရန်ကျောက်ကဲ၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။

သူက ညာဘက်လက်ဖဝါးကို အသာဖြန့်လိုက်ရာ လက်ဖဝါးထဲတွင် နှင်းကြိုးကြာရုပ်ထွင်းထားသည့် ကျောက်စိမ်းဆံထိုးလေး ရှိနေသည်။

ထိုဆံထိုးလေးက မည်သည့်ထူးခြားချက်မှမရှိသော သာမန်ဆံထိုးလေးတစ်ချောင်းဟု လမ်းတစ်လျှောက်လုံး သူ ထင်မှတ်ခဲ့သည်။

‘ကောင်းကင်သက်တံ့နှစ်လွှာ’ ၏ အလယ်ဗဟိုတွင် တွင်းနက်တစ်ခု ထွက်ပေါ်လာသည့်အခါ ထိုဆံထိုးလေးမှ နှင်းကြိုးကြာသဏ္ဌန်အလင်းတန်းထွက်ပေါ်လာပြီး ရန်ကျောက်ကဲတို့အုပ်စုကို သိမ်းကြုံးခေါ်ဆောင်သွားမည်ဟု မည်သူက တွေးမိပါမည်နည်း။

ဆံထိုးလေး အဝေးသို့လွင့်စင်မသွားခင် ရန်ကျောက်ကဲက အချိန်မီ လက်ကိုပြန်ဆုပ်လိုက်သည်။ သို့သော် နှင်းကြိုးကြာသဏ္ဌန်အလင်းတန်းက ဆက်လက်ပျံသန်းနေဆဲဖြစ်ပြီး သူတို့အားလုံးသည်လည်း အလင်းတန်းနှင့်အတူ သက်တံ့ဗဟိုချက်သို့ လိုက်ပါသွားနေဆဲ ဖြစ်၏။

“ဒါက ယန္တရားပစ္စည်းတစ်ခုပဲ ၊ ခရီးသွားပို့ဆောင်ရေး ယန္တရားလိုမျိုး...”

ရန်ကျောက်ကဲ ကောက်ချက်ချလိုက်သည်။

“ဒါပေမဲ့... ဒီ ငြိမ်သက်နေတဲ့ ဆံထိုးလေး နိုးထလာအောင် လှုံ့ဆော်ပေးတဲ့အရာတစ်ခု ရှိရမယ်”

သူက ‘ကောင်းကင်သက်တံ့နှစ်လွှာ’ အလယ်ဗဟိုမှ တွင်းနက်ကို ခေါင်းမော့ကြည့်လိုက်သည်။ ထိုအရာက အခြားကမ္ဘာသို့ သွားရောက်ရာ ဥမင်ဝင်ပေါက်တစ်ခုနှင့်ဆင်တူပြီး တည်ငြိမ်လျှက် ရှိ၏။

တွင်းနက်၏အလယ်ဗဟိုက ပကတိနက်မှောင်နေခြင်းမရှိဘဲ ရောင်စုံအလင်းများ တောက်ပလျှက် ရှိသည်။

အတွင်းထဲမှ မြင်ကွင်းများစွာက ပုံပျက်လိုက် ပြိုကွဲလိုက်ဖြစ်နေပြီး ထို့နောက်မှာတော့ ပြန်လည်ပေါင်းစည်းသွားကြပြန်သည်။

“ပရမ်းပတာ အာကာသနယ်မြေပဲ...”

ရန်ကျောက်ကဲက ဆုံးဖြတ်ချက်ကျသွားဟန်ဖြင့်...

“သေချာတယ် ၊ ဒါက တခြားကမ္ဘာကို ဦးတည်နေတဲ့ လမ်းကြောင်းတစ်ခုပဲ ၊ ဒါပေမဲ့ အတော်လေး မတည်မငြိမ် ဖြစ်နေတယ်”

“တကယ်လို့ ဒီဥမင်တခြားဘက်မှာ ကမ္ဘာတစ်ခု ရှိနေမယ်ဆိုရင် ဒီ ကျောက်စိမ်းဆံထိုးကို ဆွဲခေါ်နိုင်တဲ့ အထိုင်ယန္တရားတစ်ခု ရှိရမယ် ၊ ကျောက်စိမ်းဆံထိုးက လမ်းပြပေးတဲ့အရာပဲ ၊ ကမ္ဘာနှစ်ခု ချိတ်ဆက်မိတဲ့အခါ လမ်းပြတဲ့အရာဝတ္ထုက အခြားဘက်က အထိုင်ယန္တရားရဲ့ စွဲဆောင်မှုကို အလိုလို ခံရတာပဲ”

အခြေအနေများကို နားလည်သွားပြီး‌နောက် ရန်ကျောက်ကဲ စိတ်များတည်ငြိမ်သွားသည်။

သို့သော် ဖန်းယွင်ရှန်း ၊ အားဟူ ၊ ရွှီဖေး ၊ ယင်လုန်ထူ ၊ ပြီးတော့ ဖန်းယွင်ရှန်းရင်ခွင်ထဲပွေ့ထားသည့် သေးငယ်နေသော အရွယ်အစားရှိသည့် ပန်ပန်တို့ကိုကြည့်မိတော့ မချိပြုံး ပြုံးလိုက်မိ၏။

“ဒီဆံထိုးလေးက ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ပတ်ဝန်းကျင်တစ်ခုလုံးမှာရှိနေတဲ့ လူတွေအားလုံးကို ဆွဲခေါ်သွားတာပဲ ၊ ဒီယန္တရားကတော့လေ... အရမ်းကောင်း ၊ အရမ်းစွမ်းအားမြင့်မားသလောက် အရမ်းလည်း တုံးလွန်းတယ်... ဟင်း”

ယခု သူတို့အားလုံး တွင်းနက်ထဲဝင်ရောက်သွားလျှင် အုပ်စုလိုက်ကြီး သဲလွန်စမကျန် ပျောက်ကွယ်သွားမည် ဖြစ်သည်။

ရန်ကျောက်ကဲမှာ အခြားကမ္ဘာတစ်ခုသို့ သွားရောက်လေ့လာရန် အလွန်တရာ စိတ်အားထက်သန်လျှက် ရှိသော်လည်း သူ၏သနားစရာဖခင်မှာ သူ တောင်ပေါ်ပြန်လာပြီး သတင်းပေးပို့သည်ကို စောင့်မျှော်နေမည် ဖြစ်သည်။ တစ်အုပ်စုလုံး အခြားကမ္ဘာသို့ ရောက်သွားလျှင် တောင်ပေါ်ပြန်ပြီး သတင်းပို့မည့်သူ မရှိနိုင်တော့ပေ။

သို့ဖြစ်လျှင် ရန်တိအနေဖြင့် သူတို့ အားလုံး၏ သတင်းအမှန်ကို သိရှိရန် အချိန်မည်မျှကြာအောင် စောင့်ဆိုင်းရမည်လဲ မသိနိုင်ပေ။

ထို့ပြင် ဝါဒတောင်၏ လူငယ်မျိုးဆက် အုပ်စုတစ်စုလုံး အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်ဆိုပါက...

ထိုသတင်းသာ ပျံ့နှံ့သွားလျှင် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့အနေဖြင့် အိပ်မက်ထဲမှာပင် ပြုံးနေကြပေလိမ့်မည်။

အခြားကမ္ဘာသို့ ဥမင်လမ်းကြောင်းက ဤနေရာတွင် ပွင့်နေသေးချိန်တွင် ရန်တိနှင့် အခြားသူများ အချိန်မီရောက်လာပါက အဆင်ပြေသည်။ သို့သော် ဥမင်လမ်းကြောင်း ပျောက်ကွယ်သွားပါက ဖြစ်ခဲ့သမျှ အကြောင်းအရာများကို သိရှိရန် ခဲယဉ်းသွားပေမည်။

နှင်းကြိုးကြာအလင်းတန်းနှင့်အတူ ပါသွားရင်းဖြင့်ပင် ရန်ကျောက်ကဲ ခေါင်းတစ်ချက် ခါယမ်းလိုက်သည်။

ထို့နောက်...

“ဂိုဏ်းတူအစ်ကို’ရွှီ’”

အော်ခေါ်လိုက်ရင်း သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အရိပ်ကျုံ့အိတ်အတွင်းမှ အရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက ခပ်တိုတို ကျောက်သားတုတ်တစ်ချောင်း ဖြစ်၏။

ထိုကျောက်သားတုတ်ချောင်းက လေထုနှင့်ထိတွေ့သည်နှင့် ချက်ချင်းပင် ကြီးမားကျယ်ပြန့်သော တိုင်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲက တိုင်လုံးကြီးကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ ထိုကျောက်တိုင်ကြီးမှ အလင်းရောင်များထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားကာ နှင်းကြိုးကြာပုံရိပ်ကို ဖြတ်သန်းထိုးဖောက်သွားသည်။

ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီး၏ ဖိနှိပ်မှုကို ခံလိုက်ရသည်နှင့် ကောင်းကင်ကို ဖြတ်ကျော်ပျံသန်းလာသည့် နှင်းကြိုးကြာအလင်းတန်းက တဖြည်းဖြည်း နှေးကွေးသွားပြီး လေထုအလယ်တွင် ခေတ္တရပ်တန့်သွားသည်။

ရွှီဖေးက အလွန်အတွေ့အကြုံများပြီး အကင်းပါးသူတစ်ယောက်ဖြစ်ရာ ရန်ကျောက်ကဲ ညွှန်ကြားစရာမလိုဘဲ ဘာလုပ်ရမည်ကို တန်းပြီး နားလည်လေသည်။

နှင်းကြိုးကြာအလင်းတန်း အနည်းငယ် နှေးကွေးသွားသည်နှင့် ရွှီဖေးက ကျောတွင်လွယ်ထားသည့် ဓားကို ဆွဲထုတ်လိုက်သည်။ နဂါးဟိန်းသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အနက်ရောင်ဓားတစ်လက် ဓားအိမ်ထဲမှ ထွက်ပေါ်လာကာ ဓားရောင်တစ်ချက် လင်းလက်သွားသည်။

ရွှီဖေးက ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အနက်ရောင်ဓားအလင်းတန်းများက လေထုထဲတွင် အက်ကွဲကြောင်းများ ထင်ဟပ်သွားစေပြီး အင်းသင်္ကေတများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် အင်းသင်္ကေတများက နှင်းကြိုးကြာအလင်းတန်းကို ရစ်ပတ်လွှမ်းခြုံသွားပြီးနောက် အောက်ဘက်သို့ ဆင်းသက်သွားပြီး ပုံရိပ်ယောင်စိမ့်စမ်းတောအတွင်းသို့ ကျဆင်းသွားသည်။

အနက်ရောင်အင်းသင်္ကေတများမှ ထွက်ပေါ်နေသော အလင်းရောင်က စိမ့်စမ်းတောကြီး၏ ရွှံ့နွံများအတွင် စုစည်းဝင်ရောက် ပျောက်ကွယ်သွားပြီး စိမ်းစမ်းတောကြီး၏မြေပြင်နှင့် ပေါင်းစပ်သွားသည်။

ရုတ်တရက် မထင်မှတ်သည့် အဖြစ်အပျက်နှင့် ရင်ဆိုင်ရသည့်အတွက် ဖန်းယွင်ရှန်းနှင့် အားဟူတို့မှာ အစပိုင်း အလွန်တုန်လှုပ်သွားကြသော်လည်း အလျှင်အမြန်ပင် ပြန်လည်တည်ငြိမ်‌အောင် ကြိုးစားလိုက်ကြသည်။

ရွှီဖေး၏ လုပ်ရပ်ကိုမြင်တော့ ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...

“ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ ဒါက လှိုင်းနက်ဂေဟာက အထူးနည်းလမ်းတစ်ခုဖြစ်တဲ့ ‘စိမ့်စမ်းထဲမှာ စကားလုံးဖွေရှာ’ မဟုတ်လား”

ထူထပ်သော စိမ့်စမ်းမြေပြင်အောက်ခြေတွင် မြေကြီးအစိုင်အခဲများ ၊ သို့မဟုတ် ကျောက်တုံးကျောက်ခဲများ တည်ရှိနေလေ့ရှိသည်။

သို့သော် ထိုနေရာတွင် အမှတ်အသားတစ်ခု ၊ သို့မဟုတ် သတင်းအချက်အလက်တစ်ခု ချန်ထားရန်က အလွန်တရာ ခက်ခဲသည်ပင်။

သိုင်းတာအိုကျင့်ကြံသူများအနေဖြင့် ရေပြင်ထက် သို့မဟုတ် လေထုထဲမှာပင် စကားလုံးများကို ချန်ထားနိုင်လေ့ရှိကြသည်။

သို့သော် ကျင့်ကြံခြင်းအဆင့်အလိုက် ချန်ထားခဲ့သော အမှတ်အသား သတင်းစကားများက အချိန်အကန့်အသတ်တစ်ခုအထိသာ တည်ရှိနိုင်မည် ဖြစ်သည်။ ပြောရလျှင် အချိန်တိုအတွင်းသာ ကျန်ရှိနိုင်မည် ဖြစ်၏။

သို့သော် ‘စိမ့်စမ်းထဲမှာ စကားလုံးဖွေရှာ’ ဆိုတော အထူးနည်းလမ်းကတော့ စိမ့်စမ်းများ ပေါများသော ရေကန်နယ်မြေအတွက် အထူးပြုလုပ်ထားသော နည်းလမ်းတစ်ခု ဖြစ်သည်။

‘ကောင်းကင်သက်တံ့နှစ်လွှာ’ ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်များ ပြန်လည်ပြင်းထန်လာသည့်တိုင် ကျင့်ကြံသူတစ်ယောက်ချန်ထားခဲ့သည့် ဓားချီစွမ်းအားတည်ရှိနေသရွေ့ သတင်းစကားသည်လည်း လုံးဝ ပျောက်ကွယ်သွားမည် မဟုတ်ပေ။

လှိုင်းနက်ဂေဟာက သူတို့၏တပည့်များ အဆင်ပြေစေရန်အတွက် ဤအထူးနည်းလမ်းကို တီထွင်ခဲ့ပြီး စိမ့်စမ်းတောများအတွင်း သတင်းစကားများ ချန်ထားနိုင်ရန် ပြုလုပ်ပေးခဲ့သည်။ သို့မှသာ ရေကန်များ စိမ့်မြေများနှင့် ပြည့်နေသော ရေကန်နယ်မြေတွင် တပည့်များချန်ထားခဲ့သည့် သတင်းမျာကို အလွယ်တကူ သိရှိနိုင်မည် ဖြစ်၏။

ဤနည်းလမ်းကိုအသုံးပြုပြီး ရွှီဖေးက လက်ရှိအခြေအနေကို ရှင်းပြထားသော သတင်းအချက်အလက်များကို ဤနေရာတွင် ချန်ထားရစ်ခဲ့သည်။ သတင်းအချက်အလက်များက အချိန်ကြာမြင့်စွာ တည်ရှိနေမည်ဖြစ်သလို မသမာသူများသည်လည်း ခိုးယူကြည့်ရှုနိုင်မည် မဟုတ်ပေ။

လှိုင်းနက်ဂေဟာနှင့် ဝါဒတောင်တို့က အတော်လေးဆက်ဆံရေးကောင်းမွန်ကြသည်သာမက လှိုင်းနက်ဂေဟာမှ တပည့်များသည်လည်း အခြားသူများထက်ဆာလျှင် ယုံကြည်ထိုက်သူများ ဖြစ်ကြသည်။ ရွှီဖေးချန်ထားခဲ့သော သတင်းစကားကို တွေ့ရှိသည်နှင့် သူတို့က ချက်ချင်း ဝါဒတောင်သို့ အကြောင်းကြားမည် ဖြစ်သည်။

“ဂိုဏ်းချုပ် ၊ ဆရာဦးလေး’ဖန်း’ နဲ့ ဆရာဘိုးဘိုးတို့အားလုံး ငါ့ရဲ့ ‘စိမ့်စမ်းထဲမှာ စကားလုံးဖွေရှာ’ ကို သိကြမှာပဲ”

ရွှီဖေးက ဓားကို ပြန်လည်ရုတ်သိမ်းရင်း ဆိုသည်။

“တောင်ပေါ်ကလူတွေ ငါချန်ထားခဲ့တဲ့သတင်းစကားကို ရယူဖို့မတတ်နိုင်ဘူးဆိုရင်တောင် လှိုင်းနက်ဂေဟာက ကျင့်ကြံသူတွေက ကူညီပေးကြမှာပဲ”

“အစ်ကို’ဖေး’ ၊ ဒီ ‘စိမ့်စမ်းထဲမှာ စကားလုံးဖွေရှာ’ ပညာကို ဘယ်သူ့ဆီက သင်ယူခဲ့တာလဲ”

အားဟူက နောက်ပြောင်ရင်း‌ မေးသည်။

ရွှီ‌ဖေးက...

“လှိုင်းနက်ဂေဟာက ညီမလေး’ရှဲ့ယိုချန်’ ဆီက သင်ယူခဲ့တာပါကွာ ၊ ဒါတောင် ငါ တော်တော်ညံ့တာ ၊ တခြားသူတွေကို ပြန်သင်ပေးနိုင်တဲ့အဆင့် မရောက်သေးဘူး”

အားဟူက ရိုးရှင်းစွာ ရယ်မောရင်း...

“အစ်ကို’ဖေး’... အဲဒါကို အသုံးပြုရတာ အဆင်ပြေရဲ့လား ၊ ဒါပေမဲ့ ဒီနည်းလမ်းက လှိုင်းနက်ဂေဟာက ကိုယ်ပိုင်သိုင်းပညာတော့ မဟုတ်ဘူးမလား ၊ မဟုတ်ရင် ‘ရှဲ့’ မိန်းကလေးက အစ်ကို’ဖေး’ ကို ဘယ်သင်ပေးမှာလဲ”

ရွှီဖေးက ပြုံးရင်း...

“စိတ်မပူနဲ့ ၊ ငါတို့ စိမ့်စမ်းတွေအလယ်မှာ အန္တရယ်ကြုံလို့ လူစုကွဲသွားရင် အသုံးပြုလို့ရအောင် ညီမလေး’ရှဲ့’ က သင်ပေးခဲ့တာ ၊ ဘာချွင်းချက်မှ ပြောမထားခဲ့ဘူး ၊ သူက ငါ့ကို ယုံကြည်တဲ့အတွက် ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး”

ကောင်းကင်ထက်သို့ တဟုန်ထိုးလွင့်ပျံသွားသည့် နှင်းကြိုးကြာအလင်းတန်းက တားဆီးမရနိုင်ပေ။ ဥမင်လမ်းကြောင်း တစ်ဖက်ခြမ်းမှ ဆွဲအားကလည်း ပိုမိုအားကောင်းလာပြီး အထွတ်ထိပ်အဆင့်သို့ ရောက်ရှိလာသည်။

ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို သိမ်းဆည်းလိုက်သည်။

သူတို့အုပ်စုကတော့ နှင်းကြိုးကြာအလင်းတန်းနှင့်အတူ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ အလယ်ဗဟိုတွင် ရှိနေသည့် ဥမင်လမ်းကြောင်းအတိုင်း အခြားကမ္ဘာဆီသို့ ခေါ်ဆောင်သွားခြင်း ခံရလေတော့သည်။

သူတို့ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော အလင်းရောင်များ တဖျတ်ဖျတ်တောက်ပသွားပြီး များပြားလှစွာသော မြင်ကွင်းများကို လျှင်မြန်စွာကျော်ဖြတ်သွားသည်။ ထူးဆန်းလွန်းသောအတွေ့အကြုံကြောင့် သူတို့အားလုံး စကားတစ်ခွန်းမဆိုနိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်ကြရသည်။

အလွန်လျှင်မြန်သောမြင်ကွင်းများစွာကို ဖြတ်ကျော်သွားပြီးနောက် သူတို့ရှေ့တွင် ထွက်ပေါ်လာသည်က စိမ်းလန်းလှပသည့် တောအုပ်တစ်ခု ဖြစ်သည်။

နောက်သို့လှည့်ကြည့်လိုက်တော့ တဖြည်းဖြည်းပြန်ပိတ်နေပြီဖြစ်သော ကောင်းကင်အက်ကွဲကြောင်းတစ်ခုကို တွေ့မြင်ရသည်။

ဒါကိုမြင်တော့ အားဟူ အကြီးအကျယ် မျက်နှာပျက်သွားပြီး...

“သခင်လေး... ဒါဆို ကျွန်တော်တို့တွေ နောက်တစ်ခါ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ပြန်ပေါ်မလာမချင်း အိမ်ပြန်လို့မရတော့ဘူးပေါ့”

ရန်ကျောက်ကဲက...

“မသိဘူး ၊ ဒါပေမဲ့ ဒီဝင်ပေါက်ကတော့ အမြဲတမ်း ရှိနေမယ်ထင်တာပဲ”

ပြောပြီးသည်နှင့် သူက မျက်လုံးများကို မှေးမှိတ်ရင်း ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်သည်။

ထို့နောက် ခေါင်းတစ်ချက်ခါယမ်းကာ ရယ်မောလိုက်ရင်း...

“အင်း... ဒီနေရာက တကယ် စိတ်ဝင်စားစရာကောင်းတာပဲ”

All Chapters