ကြေးမုံမှန်တစ်ခြမ်း
Vol. 30 Ch. 419
အခန်း (၄၁၉) ကြေးမုံမှန်တစ်ခြမ်း
နှင်းကြိုးကြာအလင်းတန်းက မိုးကုတ်စက်ဝိုင်းတစ်လျှောက်ပျံသန်းသွားပြီး ချက်ချင်းပင် အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။
ရန်ကျောက်ကဲတို့အုပ်စုမှာ နှင်းကြိုးကြာအလင်းတန်းဖြင့် ရစ်ပတ်ခေါ်ဆောင်သွားခြင်း ခံနေရဆဲဖြစ်သည်။
ရန်ကျောက်ကဲက လက်ပိုက်ရင်း နှုတ်ခမ်းများကို တွန့်ကွေးကာ တွေးလိုက်သည်။
“ဒီဘက်ခြမ်းက ဥမင်ဝင်ပေါက်က ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာက ဝင်ပေါက်လောက်တောင် မတည်ငြိမ်ဘူးပဲ...”
“ငါ ထင်တာ မမှားဘူးဆိုရင်... ဒီကမ္ဘာက ဝိညာဉ်သွေးကြောတွေက တစ်ချိန်လုံး ပြောင်းလဲနေတယ် ၊ ကိုယ့်ကမ္ဘာကိုယ် ပြန်ချင်ရင်တောင် ဒီဥမင်လမ်းကြောင်းကို အတော်လေး ပြန်ရှာရမယ် ၊ ငါတို့ကမ္ဘာဘက်မှာ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ရှိနေမယ်ဆိုရင်တော့ လမ်းကြောင်းပွင့်နေသရွေ့ ပြန်သွားလို့ ရနိုင်တယ်”
ရန်ကျောက်ကဲက ကောင်းကင်ထက်တွင်သာနေသော နေမင်းကို ခေါင်းမော့ကြည့်လိုက်သည်။
“ကြည့်ရတာ ဒီကမ္ဘာနှစ်ခုရဲ့ အချိန်စီးဆင်းမှုကတော့ တူညီမယ်ထင်တယ်”
နှင်းကြိုးကြာအလင်းတန်း တဟုန်ထိုးပျံသန်းနေချိန် သူတို့အားလုံး ပတ်ဝန်းကျင်ကို စူးစိုက်လေ့လာနေကြသည်။
ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ရွှီဖေးက အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို တိတ်တဆိတ် စကားဆိုသည်။
“ကျောက်ကဲ... နှင်းကြိုးကြာဆံထိုးလေးက မင်းရဲ့အမေ အကြီးအကဲ’ရွှယ်ချူးချင်’ ပေးခဲ့တဲ့ပစ္စည်းမဟုတ်လား”
ထိုစကားကြားတော့ ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွန်းသွားပြီး မချိပြုံးတစ်ချက် ပြုံးလိုက်သည်။
“ဂိုဏ်းတူအစ်ကို’ရွှီ’ ရိပ်မိသွားပြီဆိုမှတော့ ငါ ပြောပြပါ့မယ် ၊ အမှန်တော့ ဒီနေရာကို ခရီးထွက်လာတာ အရင်က အမေချန်ခဲ့တဲ့ပစ္စည်းနဲ့ပတ်သက်ပြီး သဲလွန်စရှာဖွေဖို့ပါ ၊ မင်းတို့ကို ဖုံးကွယ်ထားမိတဲ့အတွက် တောင်းပန်ရမှာပဲ”
ရွှီဖေးက ခေါင်းခါယမ်းရင်း....
"ဘာကို တောင်းပန်ရမှာလဲကွာ... မင်း အမေက တခြားကမ္ဘာတစ်ခုနဲ့ ပတ်သက်နေမယ်လို့ ထင်မထားမိတာပဲ ရှိတာပါ ၊ ငါ တောင်ပေါ်ရောက်လာတော့ အကြီးအကဲ’ရွှယ်ချူးချင်’ ကို တစ်ခါ တွေ့ဖူးတယ်လေ”
ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောတွင် ရွှယ်ချူးချင် သဲလွန်စမကျန်ပျောက်ကွယ်သွားခြင်းက တိုက်ဆိုင်မှုတစ်ခုဟုသာ ရွှီဖေး ယူဆခဲ့သည်။ ယခုတော့ ရွှယ်ချူးချင်သည် ဤနေရာသို့ ရိုးရှင်းစွာ ရောက်လာခြင်းမဟုတ်ဘဲ အခြားကမ္ဘာမှ ရောက်လာပြီး အခြားကမ္ဘာသို့ ပြန်သွားခြင်းဖြစ်သည်ဟု ရွှီဖေး သဘောပေါက်သွားသည်။
ရန်ကျောက်ကဲက ...
“ဘာပဲဖြစ်ဖြစ် ဒီနှင်းကြိုးကြာပုံရိပ် ဘယ်နေရာမှ အဆုံးသတ်သွားမလဲ ကြည့်ကြရအောင် ၊ ဒါဆို ဒီကမ္ဘာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အချို့ ငါတို့ ရနိုင်မယ်ထင်တယ်”
သူက ဆက်ပြောသည်။
“ငါတို့က ဒီနေရာနဲ့ပတ်သက်ပြီး လုံးဝ သူစိမ်းတွေပဲ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ဖို့ နည်းလမ်းမရှာနိုင်ခင် ဒီနေရာကို အရင်ဆုံးနားလည်အောင် ကြိုးစားကြရမယ်”
ရန်ကျောက်ကဲက စိတ်လှုပ်ရှားဟန်ဖြင့် ခန္ဓာကိုယ်ကို တစ်ချက်ပွတ်သပ်ရင်း...
“ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာအခြေအနေက လက်ရှိမှာ မငြိမ်သက်ဘူး ၊ ပဋိပက္ခတွေအများကြီးနဲ့ အချိန်မရွေး ပေါက်ကွဲထွက်နိုင်တယ်ဆိုတာ သတိထားမိတယ် ၊ ငါ့အတွက် ကမ္ဘာသစ်တစ်ခုကို စူးစမ်းရှာဖွေရမယ့်အချိန် မဟုတ်သေးဘူး ၊ အထူးသဖြင့်...”
စကားမဆုံးခင် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။
“... အထူးသဖြင့် ဂိုဏ်းတူညီမလေး’ဖန်း’ က ထူးကဲယင်ပြိုင်ပွဲ ဝင်ရဦးမယ်လေ”
ရန်ကျောက်ကဲ လှမ်းကြည့်သည်ကို ရိပ်မိသည့်အခါ တည်ငြိမ်အေးဆေးစွာရှိနေသည့် ဖန်းယွင်ရှန်းက ပြန်လှည့်ကြည့်လာသည်။
သူမက ရန်ကျောက်ကဲအတွေးများကို နားလည်သည့်အလား ခေါင်းခါယမ်းပြရင်း သူမအဆင်ပြေကြောင်း ပြဆိုသည်။
ရွှီဖေးက...
“ဒီနေရာမှာတော့ ငါတို့အားလုံးက မျက်စိကန်း နားကန်းပဲ ၊ ဒီနေရာမှာ ဘယ်လိုသိုင်းသမားတွေရှိနေမှန်းလည်းမသိဘူးဆိုတော့... အရေးကြီးတာက ငါတို့တွေ သတိရှိနေဖို့ပဲ”
သူက ဆက်ပြောသည်။
“ဒီနေရာက ဥမင်လမ်းကြောင်းက မတည်ငြိမ်တော့ တခြားသူတွေဆိုရင် ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ကနေ ဒီလောကထဲကို ဝင်လာရင် တစ်ယောက်တစ်နေရာစီ ရောက်သွားလိမ့်မယ် ၊ တစ်နေရာတည်း ရောက်နိုင်မှာ မဟုတ်ဘူး ၊ အဲဒီလိုသာဆိုရင် တစ်ယောက်နဲ့တစ်ယောက် ကူညီဖို့ ခက်ခဲလိမ့်မယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... ပြီးတော့ လူတိုင်းလည်း ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ဘူး ၊ ဥမင်လမ်းကြောင်း လမ်းတစ်ဝက်မှာတင် လမ်းလွဲသွားနိုင်တယ် ၊ ငါတို့ အခုလို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာက ဒီနှင်းကြိုးကြာအလင်းတန်းကြောင့်ပဲ”
ရွှီဖေးက ခဏမျှ တုံ့ဆိုင်းနေပြီးမှ...
“ဒီနှင်းကြိုးကြာအကြောင်း ပြောရရင် မင်းအမေကတော့ ဒီယန္တရားမျိုး ပြုလုပ်နိုင်မှာ မဟုတ်ဘူး ၊ အဲဒီတုန်းက အကြီးအကဲ’ရွှယ်ချူးချင်’ ရဲ့ ကျင့်ကြံခြင်းအဆင့်က မနိမ့်ပါးပေမယ့် ဒီလို စွမ်းအားမြင့်မားတဲ့ ယန္တရားမျိုးကို တီထွင်ဖို့တော့ စွမ်းအားမလုံလောက်သေးဘူး ထင်တာပဲ”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“အဲဒါက ရတနာပစ္စည်းတစ်မျိုးလည်း ဖြစ်နိုင်တာပဲလေ”
သူ့ အဖေ ရန်တိ ပြောပြသည့် စကားများအရ မိခင်ဖြစ်သူက သူမ၏ဇာစ်မြစ်ကို ဖုံးကွယ်ထားသော်လည်း သူမ၏ ကျင့်ကြံခြင်းအဆင့်ကတော့ အမှန်ပင် ဖြစ်နိုင်သည်။
ထိုစဉ်အချိန်က ရွှယ်ချူးချင်၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ဤကဲ့သို့အားကောင်းသော ယန္တရားတစ်ခုကို တည်ဆောက်ရန်မှာ အမှန်တကယ် မဖြစ်နိုင်ပေ။
ထိုစဉ်...
သူတို့ကို ဝိုင်းပတ်လွှမ်းခြုံထားသော နှင်းကြိုးကြာအလင်းတန်းက တဖြည်းဖြည်း မှေးမှိန်သွားပြီး အောက်သို့ တဖြည်းဖြည်း ဆင်းသက်လာသည်။
ရန်ကျောက်ကဲ စိတ်လှုပ်ရှားသွားသည်။
အောက်သို့ငုံ့ကြည့်လိုက်တော့ ရှေးဟောင်းသစ်တောအတွင်းမှ အဖြူရောင်တိုင်လုံးကြီးတစ်လုံးထွက်ပေါ်နေပြီး အလင်းရောင်များက ကောင်းကင်ထိတိုင် တောက်ပနေသည်ကို တွေ့မြင်ရသည်။
ထို တိုင်လုံးကြီးမှ အလင်းရောင်များနှင့် ထိတွေ့ခံလိုက်ရသည့်အခါ သန့်စင်ကြည်လင်သော နှင်းကြိုးကြာအလင်းတန်းက ပျောက်ကွယ်သွားပြီး ရန်ကျောက်ကဲနှင့် အခြားသူများ မြေပြင်ထက်သို့ ဆင်းသက်လိုက်ကြသည်။ သူတို့အားလုံး တိုင်လုံးကြီး၏ အလင်းစက်ဝန်းအတွင်း ရောက်ရှိလာကြ၏။
မြေပြင်ထက်တွင် များပြားလှစွာသော ဝိညာဉ်သင်္ကေတများ လွင့်မျောနေပြီး ထိုသင်္ကေတများက အလွန်တရာ ရှုတ်ထွေးနက်နဲလှသည်။
ဖန်းယွင်ရှန်း ၊ ရွှီဖေး ၊ အားဟူနှင့် အခြားသူများမှာ အံ့အားသင့်စွာဖြင့် သက်ပြင်းကိုယ်စီ ချမိကြ၏။
တစ်ချိန်တည်းပင် ရန်ကျောက်ကဲ၏မျက်ဝန်းများ ရုတ်တရက် ပြူးကျယ်သွားပြီး...
“ဒီအစီအရင်က တကယ်ပဲ မဟာကပ်ဘေးမတိုင်ခင်က အစီအရင်မျိုးပဲ”
ထိုအစီအရင်က အမှန်တကယ်ပင် ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော အစီအရင်ပညာတစ်ခု ဖြစ်ဟန်တူပြီး ကျွင်းကျန်သည့်အမွေအနှစ်များကိုအခြေခံပြီး ပြန်လည်စမ်းသစ်တီထွင်ထားခြင်းမျိုး မဟုတ်ပေ။
မဟာကပ်ဘေးကြီးမတိုင်ခင် ပြီးပြည့်စုံစွာ တည်ရှိနေသည့် အမွေအနှစ်တစ်ခုနှင့်ပင် ဆင်တူသည်။
သူတို့ မြေပြင်ထက်ဆင်းသက်လာသည်နှင့် ကောင်းကင်ထက်သို့ ဖြာလင်းနေသည့် အလင်းတန်းများ အောက်သို့ ပြန်လည်ဆင်းသက်လာပြီး မြေပြင်ထက်ရှိ ဝိညာဉ်သင်္ကေတများက ပိုမိုများပြားလာသည်။
အဖြူရောင်အလင်းတန်းက ဝိညာဉ်အစီအရင်အလယ်ဗဟိုသို့ စုစည်းကျရောက်သွားသည်။
ရန်ကျောက်ကဲ ကြည့်လိုက်တော့ ထိုနေရာတွင် ကြေးမုံမှန်တစ်ချပ် ရှိနေလေသည်။
ပိုပြီးအတိအကျ ဆိုရလျှင် ‘ကြေးမုံမှန်တစ်ခြမ်း’ ဟု ဆိုနိုင်သည်။
ရန်ကျောက်ကဲ ကြေးမှန်ရှေ့သို့ လျှောက်လာပြီး မှန်ကို ကောက်ယူလိုက်သည်။
ထိုကြေးမှန်ချပ်က စက်ဝိုင်းသဏ္ဌန်ကြေးဝါမှန်တစ်ချပ်ဖြစ်ပြီး အလယ်တွင် နှစ်ပိုင်းကွဲနေသည်ကို တွေ့ရသည်။ တစ်ခြမ်းသာလျှင် ကျန်ရှိတော့ပြီး ကျန်တစ်ခြမ်းက မည်သည့်နေရာရောက်သွားသည်လဲ မသိရပေ။
ရွှီဖေးနှင့် အခြားသူများသည်လည်း ကြေးမုံမှန်ကို သေသေချာချာ အကဲခတ်နေကြသည်။ ရန်ကျောက်ကဲက ကြယ်တာရာချီစွမ်းအား အနှစ်သာရကိုထုတ်ဖော်ကာ အချိန်အတန်ကြာသည်အထိ စူးစိုက်လေ့လာနေသည်။
“ဒီ ကြေးမုံမှန်တစ်ခြမ်းက ယန္တရားရဲ့ အဓိကအချက်ပဲ”
ပင့်သက်တစ်ချက်ရှိုက်ရင်း ရန်ကျောက်ကဲ ကောက်ချက်ချလိုက်၏။
“နောက်ထပ် ကြေးမုံမှန်တစ်ခြမ်းက ကွဲကြေသွားတာတော့ မဖြစ်နိုင်ဘူး ၊ ဒီကမ္ဘာရဲ့ တစ်နေရာရာမှာ သေချာပေါက် ရှိနေနိုင်တယ်”
ရန်ကျောက်ကဲ တွေးလိုက်သည်။
“ပြီးတော့ ဒီနည်းလမ်းက မှန်သားကမ္ဘာခရီးသွားနည်းလမ်းပဲ... ဒါ တကယ့်ကို မဟာကပ်ဘေးကြီးမတိုင်ခင်က ရှေးကျတဲ့ နည်းပညာတစ်ခုပဲ”
အားဟူက ရန်ကျောက်ကဲ ၏လက်ထဲမှ ကြေးမုံမှန်တစ်ခြမ်းကို စူးစူးစိုက်စိုက်ကြည့်ရင်း...
“သခင်လေး.... ဒီမှန်က ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာပြန်ရောက်နိုင်အောင် ကူညီပေးနိုင်သလား”
ရန်ကျောက်ကဲက မှန်၏မျက်နှာပြင်ကို ခပ်သာသာ နှစ်ချက်ပုတ်လိုက်သည်။
ပြီးမှ...
“အချိန်တိုအတွင်းတော့ မဖြစ်နိုင်ဘူး ၊ အခုလို ယန္တရားစနစ်တစ်ခုဖြစ်လာဖို့ ဒီမှန်တစ်ခြမ်းမှာ စုစည်းထားတဲ့ စွမ်းအားတွေပြန်ပြည့်ဖို့ အချိန်လိုအပ်တယ် ၊ ကောင်းကင်သက်တံ့နှစ်လွှာ ရှိနေသေးရင်တောင်မှာ ငါတို့ ပြန်ဖို့အတွက် အချိန်မမီနိုင်ဘူး”
ဖန်းယွင်ရှန်းက...
“ဒီမှန်ရဲ့ ကျန်တဲ့တစ်ခြမ်း ဘယ်မှာရှိနေမလဲ ရှာကြည့်သင့်တယ်ထင်တယ်”
ရန်ကျောက်ကဲက လက်ဖျောက်တစ်ချက်တီးရင်း...
“အမှန်ပဲ ၊ အဲဒီမှန်တစ်ခြမ်းကို တွေ့မယ်ဆိုရင် ဒီနေရာက ဝိညာဉ်သွေးကြောတွေ ပြောင်းလဲနေတာကို အတိုင်းအတာတစ်ခုထိ ရှာဖွေတွေ့ရှိနိုင်မယ် ၊ ပြီးတော့ ဒီကြေးမုံမှန်နှစ်ခြမ်းကို ပြန်ဆက်ပြီး တခြား ထူးဆန်းတဲ့အလုပ်တွေလည်း လုပ်ဆောင်နိုင်မယ်ထင်တယ်”
ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ပြီး ရွှီဖေးက အသံပို့လွှတ်စနစ်ဖြင့် စကားဆိုသည်။
“ဒီ ယန္တရားကို အကြီးအကဲ’ရွှယ်ချူးချင်’ က မင်းအတွက်ပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဂိုဏ်းချုပ်အတွက်ပဲဖြစ်ဖြစ် လိုက်လာနိုင်အောင် ပြုလုပ်ခဲ့တာဆိုရင်တော့... သတင်းအချက်အလက်အချို့ ချန်ခဲ့မှာပဲ မဟုတ်လား”
ထိုမှန်တစ်ဝက်ကို ကိုင်ထားရင်း၊ ယခု ရန်ကျောက်ကဲသည် ၎င်းတို့၏ ပတ်ဝန်းကျင်ကို အကဲဖြတ်ကာ...
“ငါလည်း အဲဒီလိုပဲ တွေးနေတာ”
အချိန်အတန်ကြာ လိုက်လံရှာဖွေကြသည့်တိုင် မည်သည့်သဲလွန်စကိုမှ မတွေ့ရသဖြင့် ရန်ကျောက်ကဲ အနည်းငယ် စိတ်ပျက်အားလျော့သွားမိသည်။
ရွှီဖေးမှာလည်း ကူရာကယ်ရာမဲ့သွားဟန်ဖြင့်...
“ဒီနေရာမှာ ဘာမှမရှိဘူး ၊ ကြည့်ရတာ တစ်စုံတစ်ယောက်က သဲလွန်စတွေကို ရှာဖွေတွေ့ရှိပြီး သိမ်းဆည်းလိုက်တာလည်း ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက မေးစေ့ကို တစ်ချက်ပွတ်သပ်ရင်း...
“ကြေးမုံမှန်ရဲ့ ကျန်တဲ့တစ်ခြမ်းကို အရင်ဆုံး ရှာကြည့်ရင်ကောင်းမယ်ထင်တယ် ၊ ဒါမှ ငါတို့တွေ အစွန်းရောက်ရှစ်ပါးကမ္ဘာကို အချိန်မီ ပြန်ရောက်နိုင်မှာ”
ရွှီဖေးက...
“အေးကွာ... ဒီလောကအကြောင်း အကြမ်းဖျင်းသိရဖို့ အကြီးအကဲ’ရွှယ်ချူးချင်’ က စာလေးတစ်စောင်များ ချန်ထားမလားလို့ မျှော်လင့်ခဲ့တာ ၊ အခုတော့ ငါတို့ဟာငါတို့ပဲ ရှေ့ဆက်ရတော့မယ် ၊ ဒီကမ္ဘာရဲ့ အခြေအနေ ၊ လူတွေအကြောင်း ဘာတစ်ခုမှလည်း သိတာမရှိဘူး”
ရန်ကျောက်ကဲက မြေပြင်ကိုတစ်ချက်ငုံ့ကြည့်ကာ ပြုံးလိုက်ရင်း...
“မပူနဲ့ ၊ မကြာခင်လူတွေရောက်လာပြီး ငါတို့သိချင်တာတွေအတွက် အဖြေပေးကြတော့မယ်”
သူက ဆက်ပြောသည်။
“စောစောက ကောင်းကင်တစ်ခုလုံး လင်းထိန်နေတဲ့ အဖြူရောင်အလင်းတန်းတွေကို အဝေးကနေ မြင်ကြရမှာပဲလေ ၊ အဲဒါက အနီးပတ်ဝန်းကျင်ကလူတွေကို အာရုံစိုက်မှုကို ခံရမှာ အသေအချာပဲ ၊ ပြီးတော့ နှင်းကြိုးကြာအလင်းတန်းကလည်း လမ်းတစ်လျှောက်လုံး ပျံသန်းလာတာဆိုတော့ မြင်တဲ့သူရှိမှာပဲ”
သူ့စကားအဆုံးသတ်ပြီး ခဏအကြာတွင်...
အနားသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာကြောင်း ခံစားမိကြလေရာ သူတို့အားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြလေတော့၏။