ကြီးစွာသောအဆင်မပြေမှု
Vol. 30 Ch. 420
အခန်း (၄၂၀) ကြီးစွာသောအဆင်မပြေမှု
“သူ့ရဲ့ ရွေ့လျားမှုနှုန်းက အရမ်းမြင့်မားတယ် ၊ ဒါပေမဲ့ ချီစွမ်အားအတက်အကျဖြစ်တာကိုတော့ မတွေ့ရဘူး”
အားဟူက ချဉ်းကပ်လာသူကို အာရုံခံကြည့်ရင်း နားမလည်နိုင်စွာဖြင့် ဆိုသည်။
“ဒါက အထူးလှုပ်ရှားမှုနည်းလမ်းတစ်ခု ဖြစ်နိုင်သလား ၊ အတော် ထူးဆန်းတာပဲ”
ရွှီဖေးက...
“အမှန်ပဲ ၊ ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာက သိုင်းပညာမျိုးနဲ့ လုံးဝ မတူဘူး”
ရန်ကျောက်ကဲကလည်း ရောက်လာသူ၏ လှုပ်ရှားမှုများကို အာရုံခံရင်း...
“အံ့သြစရာမရှိပါဘူး ၊ ဒါက မတူညီတဲ့ကမ္ဘာတစ်ခုပဲလေ ၊ သိုင်းပညာ ကွဲပြားတာထက် ဘာသာစကား ကွဲပြားနေမှာ ငါကပိုပြီးစိုးရိမ်တာ”
“ပြီးတော့ ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာမှာတောင် မတူကွဲပြားတဲ့ဒေသတွေမှာ ဒေသိယစကားတွေ အများကြီးရှိတယ် မဟုတ်လား ၊ စံသတ်မှတ်ထားတဲ့ ဘုံစကားတစ်ခုသာ မရှိရင် နေရာပေါင်းစုံက မွေးဖွားလာသူတွေအတွက် တစ်ယောက်စကား တစ်ယောက်နားလည်ဖို့ အခက်တွေ့မှာပဲ”
ရန်ကျောက်ကဲက နှုတ်ခမ်းများကို လက်ဖြင့်ပွတ်လိုက်ရင်း...
“ဒီလောကအကြောင်း သိတဲ့သူကို ရှာတွေ့ရင်တောင်မှ ဘာသာစကားနဲ့ ဆက်သွယ်လို့မရဘူးဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး”
အားဟူက...
“သခင်လေးတို့ ခဏပုန်းနေကြလေ ၊ ရောက်လာတဲ့သူကို ကျွန်တော် ဆက်သွယ်ကြည့်မယ် ၊ တစ်ဖက်လူက အင်အားဘယ်လောက်ရှိသလဲ ၊ ရန်သူလား မိတ်ဆွေလားဆိုတာတွေ မသိနိုင်သေးဘူး ၊ ပြီးတော့ သူတို့က ထူးဆန်းလျှို့ဝှက်တဲ့ပညာတွေလည်း တတ်ကျွမ်းနိုင်တယ်”
အားဟူသည် ရန်ကျောက်ကဲ၏ ကိုယ်ရံတော်တစ်ယောက်ဖြစ်ပြီး သူ့နောက်လိုက်နေသည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သည်။
လက်ရှိတွင် ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းအဆင့်က သူ့ထက်မြင့်မားသော်လည်း အားဟူအတွက်တော့ ရန်ကျောက်ကဲ အန္တရယ်ကင်းရေးသည်သာ ပထမဦးစားပေး ဖြစ်၏။
သူက များသောအားဖြင့် ပျင်းရိပျင်းတွဲနှင့် အေးဆေးဟန်ရှိသော်လည်း ဤလူထွားကြီးမား တာဝန်ထမ်းဆောင်ရာတွင် အလွန်ကျေပွန်သူ ဖြစ်သည်။
အမည်မသိ ကမ္ဘာတစ်ခုသို့ ရောက်ရှိလာခြင်းက သူတို့အားလုံးတွက် ထူးခြားဆန်းကျယ်သော အတွေ့အကြုံကို ပေးစွမ်းသလို အန္တရယ်လည်း များလွန်းသည်သာ။
ထို့ကြောင့် ရန်ကျောက်ကဲ၏ ကိုယ်ရံတော်တစ်ယောက်အနေဖြင့် သခင်လေးအတွက် အလွန်စိတ်ပူပန်နေမိသည်။
ရန်ကျောက်ကဲက လက်ဝှေ့ယမ်းရင်း...
“တကယ် အန္တရယ်ကြုံရင် ဘယ်သူမှ ဘာမှမတတ်နိုင်ဘူးကွ ၊ ဒီတော့ မင်းတစ်ယောက်တည်းအသေခံလို့ အခြေအနေက ပြောင်းလဲမသွားနိုင်ဘူး”
သူက ဆက်ပြောသည်။
“စိတ်အေးအေးထားပါကွာ ၊ အခုရောက်လာတဲ့သူရဲ့ ကျင့်ကြံခြင်းအဆင့်ကို မသိနိုင်ပေမယ့် အရမ်းကြီး မမြင့်မားလောက်ပါဘူး”
“ကျင့်စဉ်တစ်ခုနဲ့တစ်ခု ချိတ်ဆက်မိရင် ကျင့်စဉ်ပေါင်းတစ်ထောင်နဲ့ ချိတ်ဆက်မိတာပါပဲ ၊ လောကမှာ မဟာတာအိုလမ်းကြောင်း တစ်ထောင်မက ရှိပေမယ့် အရာအားလုံးက မူလသဘောတရားနဲ့ ချိတ်ဆက်နေကြတယ် ၊ ဒါကြောင့် ကျင့်ကြံခြင်းအဆင့်မြင့်မားလေ တူညီတဲ့အချက်တွေ များလာလေပဲပေါ့”
ရန်ကျောက်ကဲက အဝေးတစ်နေရာသို့ လှမ်းကြည့်ရင်း...
“ငါတို့နဲ့ မီးတောက်မိစ္ဆာတွေလိုပေါ့ ၊ မင်းရှေ့မှာ သိုင်းသူတော်စင်တစ်ယောက်ဖြစ်ဖြစ် ၊ မီးတောက်မိစ္ဆာဘုရင်ဖြစ်ဖြစ် မတ်တတ်ရပ်နေမယ်ဆိုရင် သိုင်းဆရာသခင်တစ်ယောက် ဒါမှမဟုတ် မဟာမီးတောက်မိစ္ဆာတစ်ယောက် ရပ်နေတာမျိုးနဲ့ ခံစားချက်က လုံးဝမတူဘူးလေ”
“တစ်ဖက်လူက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်မထားဘူးဆိုရင်... အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်နဲ့ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်ကို ခွဲခြားရခက်မယ်ဆိုင်တောင်မှ သိုင်းသူတော်စင်နဲ့ သိုင်းဆရာသခင်ကိုတော့ ခွဲခြားနိုင်မှာပဲလေ”
ထို့နောက် ရန်ကျောက်ကဲနှင့် အခြားသူများ တောအုပ်ကြီးထဲတွင် နေရာခွဲကာပုန်းကွယ်နေကြရင်း ရန်သူ၏ အခြေအနေကို အကဲခတ်နေကြသည်။
အလွန်လျှင်မြန်စွာပင် သူတို့ရှေ့တွင် လူရိပ်တစ်ခု ပေါ်လာသည်။
ထိုသူက အရပ်မြင့်မြင့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်သည်။ အသားအရေက ကြေးနီရောင်တောက်နေပြီး မျက်လုံးများက လည်ပတ်နေသည်။ ဦးခေါင်းက ကျားသစ်တစ်ကောင်၏ဦးခေါင်းမျိုးဖြစ်ပြီး ကြမ်းတမ်းသော အသွင်အပြင် ရှိသည်။
သူ၏ခန္ဓာကိုယ်မှ အလင်းရောင်များတောက်ပနေပြီး ပေါက်ကွဲထွက်နိုင်သောစွမ်းအားများ ပါဝင်နေဟန်ဖြင့် အလွန်တရာ အစွမ်းထက်ပုံရသည်။ အထူးသဖြင့် အလင်းရောင်များတောက်ပနေသော သူ့မျက်ဝန်းများက စူးရှတောက်ပလျှက်ရှိ၏။
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အနည်းဆုံးတော့ သူက လူသားပုံစံမျိုးရှိတယ် ၊ တခြား မျိုးစိတ်တွေလို ငါတို့နဲ့ လုံးဝ ကွဲထွက်နေတာမျိုး မဟုတ်ဘူး”
ထိုသူက ပတ်ဝန်းကျင်ကို အကဲခတ်နေရင်း မျက်ဝန်းများက လက်ခနဲ တောက်ပသွားသည်။ ထို့နောက် ယင်လုန်ထူ ပုန်းအောင်းနေရာ နေရာသို့ လှမ်းကြည့်လိုက်၏။
တောအုပ်ကြီးထဲတွင် လူစုခွဲကာ ပုန်းအောင်းနေကြသော ရန်ကျောက်ကဲတို့အုပ်စု မျက်မှောင်ကြုတ်လိုက်မိကြသည်။
ယင်လုန်ထူသည် သူတို့အားလုံးတွင် ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်သော်လည်း ရိုးရှင်းကြည်လင်သော စိတ်ထားရှိသူ ဖြစ်သည်။ ထို့ပြင် ချီစွမ်းအားနှင့် သွေးစွမ်းအားများကို လွတ်လပ်စွာထိန်းချုပ်နိုင်သည့် ခုနစ်စဉ်ကြယ်ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ယင်လုန်ထူသာ သူ၏တည်နေရာကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားလျှင် အခြားသူများအနေဖြင့် သူရှိရာနေရာကို လုံးဝ သိရှိနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...
“ဒီလူက ငါထင်ထားတာထက်ပိုပြီး စွမ်းအားမြင့်မားနေတာလား ၊ ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုကြောင့် သူ့ရဲ့ အာရုံခံနိုင်စွမ်းက ထူးခြားနေတာလား”
ယင်လုန်ထူ ပုန်းကွယ်နေသည့်နေရာကို တစ်ချက်ကြည့်ပြီးနောက် ထိုသူက ဖန်းယွင်ရှန်း ရှိရာနေရာသို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန်...
ရန်ကျောက်ကဲက ချေင်းတစ်ချက်ဟန့်ရင်း နေရာမှ ထွက်လာလိုက်တော့သည်။
ရန်ကျောက်ကဲကိုတွေ့သည်နှင့် ထိုသူက အသင့်အနေအထား ဖြစ်သွားသည်။ ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့ တည်ရှိရာနေရာကို စိတ်မဝင်စားတော့ဘဲ ရန်ကျောက်ကဲကိုသာ စူးစိုက်ကြည့်နေသည်။
ရန်ကျောက်ကဲက လက်များကို ဖြန့်ကားလိုက်ရင်း...
“ငါ မင်းကို ဘယ်လိုခေါ်ရမလဲ”
သူက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသုံးပြုလေ့ရှိသော ဘုံဘာသာစကားကိုပင် အသုံးပြုကာ စကားပြောဆိုလိုက်ခြင်းပင်။
သူက ဆီလျော်မှုမရှိစွာ ထိုစကားကို အသုံးပြုလိုက်ခြင်း မဟုတ်ပေ။ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသုံးအများဆုံးဖြစ်သော ဘုံဘာသာစကားသည် မဟာကပ်ဘေးကြီးမတိုင်ခင်က အသုံးပြုသော ဘာသာစကားနှင့် အနီးစပ်ဆုံးတူညီပြီး အတော်လေးလည်း နည်းစနစ်ကျသည်။
ထို့ပြင် ရန်ကျောက်ကဲက အသံထွက်ကိုလည်း ရှေးခေတ်နှင့်နီးစပ်အောင် ကြိုးစားပြီး တုပထားသည်။
ထိုဘာသာစကားကို အကဲဖြတ်ကြည့်မည်ဆိုပါက မဟာကပ်ဘေးမတိုင်ခင်အချိန်ကာလနှင့် ကွဲပြားမှုများ ရှိနေဆဲ ဖြစ်သည့်တိုင် ဤဘာသာစကားကို အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဘုံဘာသာစကားအဖြစ် အသုံးပြုရခြင်းမှာ တိုက်ဆိုင်ခြင်းကြောင့်လည်းမဟုတ်သလို ကံကြမ္မာကြောင့်လည်း မဟုတ်ပေ။
ယခု သူရောက်ရှိနေသောကမ္ဘာသည် မဟာကပ်ဘေးမတိုင်ခင် ယဉ်ကျေးမှုများမှ ဆင်းသက်လာသော ကမ္ဘာတစ်ခုဖြစ်ပါက သူတို့နှင့် ဆင်တူရိုးမှား ဘာသာစကားကိုပင် အသုံးပြုနိုင်သည်။
သို့သော် ရန်ကျောက်ကဲ ပြောလိုက်သည့်စကားကိုကြားသည့်အခါ ထိုသူက တုံ့ပြန်ခြင်းမရှိသည့်အပြင် မျက်ဝန်းများတွင် နားမလည်ခြင်းများစွာဖြင့် ပြည့်နက်လျှက် ပို၍ပင် သတိထားလာဟန် ရှိသည်။
ရန်ကျောက်ကဲ ပြောသည့် ဘာသာစကားကို တစ်လုံးမှ နားမလည်သည်မှာ ရှင်းလင်းနေ၏။
ရန်ကျောက်ကဲ မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီးနောက် ခဏမျှ စဉ်းစားရင်း...
“မင်း နာမည်ဘယ်လိုခေါ်လဲ”
သို့သော် ယခုတစ်ကြိမ် သူပြောလိုက်သည့်စကားက ထူးဆန်းသောစကားတစ်ခု ဖြစ်နေကြောင်း ဖန်းယွင်ရှန်း ၊ အားဟူနှင့် အခြားသူများသတိပြုမိလိုက်ကြသည်။ ထိုစကားကို နားလည်သလိုရှိသော်လည်း တကယ်တမ်းတွင် နားမလည်နိုင်ဘဲ ထူးဆန်းလျှက်ရှိ၏။
ယခုတစ်ကြိမ် ရန်ကျောက်ကဲ အသုံးပြုလိုက်သည့် ဘာသာစကားက မဟာကပ်ဘေးမတိုင်မီက အသုံးပြုပြောဆိုကြသော ဘုံဘာသာစကားကို တိုက်ရိုက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသုံးပြုနေသော ဘာသာစကားနှင့် မဟာကပ်ဘေးမတိုင်မီ ဘာသာစကားနှိုင်းယှဉ်ကြည်ပါက အတော်လေး ကွာခြားသည်။ အချို့သောစကားလုံးများက တူညီသည့်အဓိပ္ပါယ် ရှိကြသော်လည်း စနစ်ကျသောနည်းလမ်းဖြင့် သင်ယူထားခြင်းမရှိလျှင် အဓိပ္ပါယ် အပြည့်အစုံကို နားလည်ရန် ခက်ခဲပေလိမ့်မည်။
တစ်နည်းဆိုရသော စာလုံးတစ်လုံးချင်းစီအရ အဓိပ္ပါယ်တူညီနိုင်သော်လည်း စာလုံးများ ပေါင်းလိုက်သည့်အခါမှာတော့ အဓိပ္ပါယ်က တူညီခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲ သိရှိသည်မှာ သူ့မိခင် ကျင့်ကြံခဲ့သော သိုင်းပညာက မဟာကပ်ဘေးမတိုင်မီက အလုံးစုံပြီးပြည့်စုံသော သိုင်းပညာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ယခင်ဘာသာစကားနှင့် ရေးသားထားသော စာပေများ ဤကမ္ဘာတွင် ကွယ်ပျောက်သွားခြင်းမရှိဟု ယူဆမိသည်။
ယခုတစ်ကြိမ်တွင်တော့ ထိုပုဂ္ဂိုလ်က ရန်ကျောက်ကဲ၏စကားကို အနည်းငယ် နားလည်ဟန်ရှိသလို ထိတ်လန့်သွားဟန်လည်းတူသည်။
သို့သော် သူ့ကိုကြည့်နေသည့် ထိုသူ၏မျက်ဝန်းများကို တွေ့လိုက်ရသည့်အခါ ရန်ကျောက်ကဲ အတော်လေး ကူရာကယ်ရာ မဲ့သွားသည်။
ထိုမျက်ဝန်းများက...
“မင်း စကားမပြောတတ်ဘူးလား”
ဟု မေးနေသယောင် ထင်မှတ်ရသည် မဟုတ်လား။
ထိုပုဂ္ဂိုလ်မှာ ရွှီဖေး ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများကဲ့သို့ပင် မဟာကပ်ဘေးမတိုင်ခင်က ဘာသာစကားကို တစ်လုံနှစ်လုံးသာ နားလည်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်၏။
“ဒါဆိုရင်တော့ ဖြစ်နိုင်ခြေအရှိဆုံးက ဒီကမ္ဘာက ဘာသာစကားကလည်း အစွန်းရောက်ရှစ်ပါးကမ္ဘာက ဘာသာစကားလိုပဲ မဟာကပ်ဘေးမတိုင်ခင် ယဉ်ကျေးမှုကနေ ဆင်းသက်လာပြီး ဆင့်ကဲပြောင်းလသွားတဲ့ ဘာသာစကားတစ်ခု ဖြစ်ရမယ် ၊ ငါတို့ကမ္ဘာမှာအသုံးပြုတဲ့စကားနဲ့တော့ လုံးဝ မတူလောက်ဘူး”
ရန်ကျောက်ကဲ အခြေအနေကို တဖြည်းဖြည်း နားလည်လာသလို ခေါင်းများလည်း ကိုက်လာသည်။
တစ်ဖက်လူကို ဘာသာစကားဖြင့် အောင်မြင်စွာ ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိသောကြောင့် အတော်လေး စိတ်ဒုက္ခရောက်ရသည်ပင်။
“ဘာပဲဖြစ်ဖြစ် မဟာကပ်ဘေးကြီးမတိုင်ခင်က ဘာသာစကားကနေ ဆင့်ကဲပြောင်းလဲလာတဲ့ ဘာသာစကားပဲဆိုတော့... နောက်ထပ် စကားနည်းနည်းပါးပါး ပြောကြည့်ရင် အဓိပ္ပါယ် မှန်းဆနိုင်မှာပါ”
ရန်ကျောက်ကဲ သက်ပြင်းချရင်း တွေးလိုက်သည်။
“ဒါမှ အဆင်မပြေဘူးဆိုရင်တော့ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမယ့် ခြေဟန် လက်ဟန်နဲ့ ပြောရတော့မှာပဲ”
ထိုသို့တွေးပြီးသည်နှင့် ရန်ကျောက်ကဲက မဟာကပ်ဘေးမတိုင်ခင်က ရှေးဟောင်းဘာသာစကားကို အသုံးပြုပြီး စကားအနည်းငယ် ထပ်ပြောသည်။
သို့သော် ထိုသူက ရန်ကျောက်ကဲကို နားမလည်နိုင်စွာ လှမ်းကြည့်ပြီး နောက်တစ်ကြိမ် သတိအနေအထား ဖြစ်သွားပြန်သည်။
ပြန်လည်ဝင်စားလာပြီးနောက်ပိုင်း အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ယဉ်ကျေးမှုကိုနားလည်ရန်အတွက် ရန်ကျောက်ကဲ စာအုပ်များစွာကို ဖတ်ရှုကာ ဘာသာစကားများစွာကို စနစ်တကျ လေ့လာခဲ့သည်။
ယနေ့တော့ ရန်ကျောက်ကဲက သူ၏ ဘာသာစကားကြွယ်ဝမှုကို အသုံးပြုပြီး ရှေးဟောင်းဘာသာစကားများသာမက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသုံးပြုနေသော ဒေသိယစကားများကိုပါ အသုံးပြုပြီး ထိုပုဂ္ဂိုလ်ကို ပြောဆိုဆက်သွယ်ခဲ့သည်။ ထိုစကားများအားလုံးက ရှေးဟောင်းဘာသာစကားမှ ဆင်းသက်လာခြင်း ဖြစ်သဖြင့် အားလုံးကို အသုံးချကြည့်ရမည်ပင်။
သူ စကားတစ်ခွန်းပြောဆိုတိုင်း ထိုသူ၏ တုံ့ပြန်မှုကို သတိပြုလေ့လာနေခဲ့သည်။
ဖန်းယွင်ရှန်းနှင့် အခြားသူများကတော့ ရန်ကျောက်ကဲ၏ ဘာသာစကားစွမ်းရည်ကို ငေးမောကြည့်ရှုရင်း မျက်လုံးပြူး၊ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
အားဟူက တံတွေးတစ်ချက် မျိုချလိုက်ပြီး ကြယ်တာရာချီစွမ်းအားဖြင့် အသံပို့လွှတ်စနစ်အသုံးပြုကာ ချီးကျူးစကားဆိုလိုက်သည်။
“သခင်လေးက အရမ်းတော်တာပဲဗျာ”
ရန်ကျောက်ကဲက...
“ငါ လုပ်ချင်လို့ လုပ်တယ်များ ထင်နေလား ၊ ဘာသာစကားနဲ့ဆက်သွယ်လို့မရရင် ဒီကောင့်ကို ဖမ်းပြီး စစ်ဆေးချင်တယ်ဆိုရင်တောင်မှ အဆင်မပြေဘူး ၊ အရင်ဆုံး သူ ဘယ်လိုဘာသာစကားမျိုး ပြောသလဲဆိုတာ သိဖို့လိုအပ်တယ် ၊ ငါ့စကားသူနားမလည် သူ့စကား ငါနားမလည်က ဘယ်လိုလုပ် အဆင်ပြေမှာလဲ”
ရန်ကျောက်ကဲအရှေ့မှ ပုဂ္ဂိုလ်ကတော့ သူ့ကို စကားပေါင်းစုံပြောနေသည့်ရန်ကျောက်ကဲကိုကြည့်ရင်း ဒေါသထွက်လာဟန်ပင်။
ရန်ကျောက်ကဲက နောက်ထပ် ဘာသာစကားများကို ထပ်မံပြောဆိုရန် ပြင်ဆင်နေချိန် ထိုသူက သည်းမခံနိုင်တော့ဘဲ ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်သည်။
ရန်ကျောက်ကဲ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးတစ်ချက်လှန်ရင်း...
“ဟေ့လူ... ဒါတော့ မကောင်းဘူးနော်...”