← Chapters

ဆက်တိုက်တာပိုကောင်းမယ်ထင်တယ်

Vol. 30 Ch. 421

ဆက်တိုက်တာပိုကောင်းမယ်ထင်တယ်

Vol. 30 Ch. 421

အခန်း (၄၂၁) ဆက်တိုက်တာပိုကောင်းမယ်ထင်တယ်

ရန်ကျောက်ကဲ၏ ဘာသာစကားများစွာ ကျွမ်းကျင်မှုက ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများကို အံ့အားသင့်သွားစေသည်။

သို့တိုင် သူ့ရှေ့မှလူကတော့ သူပြောသမျှ တစ်လုံးမှနားမလည်သဖြင့် ရန်ကျောက်ကဲမှာ ငိုရမလို ရယ်ရမလို ဖြစ်လာသည်။

တစ်ဖက်လူက ဒေါသကို အတော်လေးထိန်းထားရဟန်ရှိပြီး အဆုံးသတ်မှာတော့ ဒေါသမထိန်းနိုင်တော့ဘဲ ရန်ကျောက်ကဲထံ ပြေးဝင်တိုက်ခိုက်လိုက်သည်။

သူ၏တိုက်ကွက်က ဤနေရာတွင်ရှိနေသော ဝါဒတောင်တပည့်များအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

ထိုသူက လျှပ်ပြက်သကဲ့သို့ လျှင်မြန်စွာပင် ရန်ကျောက်ကဲရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

ရွှီဖေးနှင့် အားဟူ သေသေချာချာ ကြည့်လိုက်သည့်အခါ ထိုသူ၏အရေပြားမျက်နှာပြင်ထက်တွင် အလင်းရောင်ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ကြရ၏။

ထို အလင်းသင်္ကေတများက ထိုသူ၏ခန္ဓာကိုယ်ထက် ရေးထွင်းထားသည့် အမှတ်အသားများပမာ ထင်မှတ်ရသည်။

ထိုသူ၏ ချွန်ထက်သောလက်သည်းများတွင် အလင်းရောင်များ တောက်ပလာပြီး သူက လက်သည်းများဖြင့် ရန်ကျောက်ကဲကို ကုတ်ဆွဲချလိုက်သည်။

သူ့ ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာချီစွမ်းအား ၊ သို့မဟုတ် ကြယ်တာရာချီစွမ်းအား အနှစ်သာရကို မခံစားရဘဲ သာမန် အခြေခံအဆင့် ချီစွမ်းအားအနည်းငယ်ကိုသာ ခံစားရသည်။

အကြမ်းဖျင်းဆိုရသော် သူ၏ ချီစွမ်းအားလက္ခဏာက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ အဆင့်မျှသာရှိသေး၏။

သို့သော် ဤလူ၏ခန္ဓာကိုယ် အသွေးအသားများက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ထက် အဆပေါင်းများစွာသာလွန်နေသည်။

ဖန်းယွင်ရှန်းက ထိုလူကြီး၏မျက်လုံးများကို သေသေချာချာ စူးစိုက်ကြည့်လိုက်သည့်အခါ ကြီးမားသော မျက်ဝန်းကြီးများက သားရဲတစ်ကောင်ပမာ ကျောက်စိမ်းရောင်အဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်ကို တုန်လှုပ်ချောက်ချားဖွယ်ရာ တွေ့မြင်လိုက်ရသည်။

ထိုသူက ရန်ကျောက်ကဲကို စိုက်ကြည့်ပြီးနောက် လက်သည်းများဖြင့် ကုတ်ခြစ်ချလိုက်သည်။ အလင်းရောင်နှင့် အရိပ်များက လေထုထဲတွင် ဖြတ်သန်းသွားကြပြီး လက်သည်းရာများက ဗလာနယ်ထဲတွင် အချိန်ကြာမြင့်စွာ ထင်ကျန်နေခဲ့သည်။

သူ့ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် အလင်းသင်္ကေတများက ရုတ်တရက် လှိုင်းထလာပြီး မိုးကြိုးလျှပ်စီးများအဖြစ်သို့ ပြောင်းလဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

လျှပ်စီးမြွေများက လေထဲသို့ အဆက်မပြတ်ရိုက်ခတ်လျှက် မိုးကြိုးသွားများက  ထိုးဖောက်ဝင်ရောက်ကာ မရေမတွက်နိုင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ရာ မိုးကြိုးစွမ်းအားကြောင့် တောအုပ်တစ်ခုလုံးမှ သစ်ပင်များ အစိတ်စိတ်အမွှာမွှာကွဲကြေပြီး မီးသွေးများပမာ မဲတူးကုန်သည်။

မိုးခြိမ်းသံများထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင် အနက်ရောင်တိမ်တိုက်များ ထင်ဟပ်လာသည်။

လျှပ်စီးတစ်ချက်လက်လိုက်တိုင်း ထိုသူ၏စွမ်းအားက မြင့်တက်လာပြီး မိုးကြိုးသွားများ ကျရောက်ရာနေရာတိုင်းတွင် လူအများကို ထုံကြည်တောင့်တင်းသွားစေသည်။

ရန်ကျောက်ကဲက...

“ငါက မင်းကိုဖမ်းပြီး နှိပ်စက်စစ်ဆေးမယ်လို့တောင် မကြံရသေးဘူး မင်းက ငါ့ကိုအရင် သတ်ဖို့လုပ်နေပြီပေါ့လေ”

လေပြင်းများနှင့် လျှပ်စီးကြောင်းများ သူ့ခန္ဓာကိုယ်ဆီသို့ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရပြီး သူ့မျက်စိရှေ့မှ ကြောက်မက်ဖွယ်ရာ ခြေသည်းများကိုကြည့်ရင်း ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။

ရန်ကျောက်ကဲက ချက်ချင်းပင် လက်များကို ဆန့်ထုတ်ပြီး တစ်ဖက်လူ၏ လက်ကောက်ဝတ်များကို တိကျစွာ ဆုပ်ကိုင်လိုက်သည်။ အလင်းရောင်များတောက်ပနေသည့် လက်သည်းများမှာ ရှေ့ဆက် တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

သူ့လက်ကောက်ဝတ်အရိုးများ ကျိုးကျေလုမတတ် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ခံလိုက်ရသည့်အခါ ထိုသူမှာ ထိတ်လန့်သွားဟန်ရှိသည်။

ရန်ကျောက်ကဲက...

“မင်းက ဒီကမ္ဘာမှာ ပထမဆုံးတွေ့တဲ့သူဆိုတော့ ခင်ခင်မင်မင် ပြောဆိုဆက်ဆံဖို့ ရည်ရွယ်ထားပေမယ့် အခုတော့ မတတ်နိုင်တော့ဘူး ၊ တိုက်ခိုက်ရတာ စိတ်မရှိပါနဲ့”

ပြောပြီးသည်နှင့် သူက ခေါင်းခါယမ်းရင်း...

“ငါ‌ ပြောနေတာတွေလည်း မင်း နားမလည်နိုင်ပါဘူးလေ”

တကယ်လည်း ရန်ကျောက်ကဲပြောနေသည့်စကားများကို ထိုသူ နားမလည်ပေ။ ‌လောလောဆယ်မှာတော့ ရန်ကျောက်ကဲ၏ ချုပ်ကိုင်မှုအောက်မှ သူ့ကိုယ်သူ ရုန်းထွက်ချင်နေပြီ ဖြစ်၏။

သူက လက်များမလှုပ်ရှားနိုင်သည့်အခါ ခြေထောက်များကို အသုံးပြုပြီး ရန်ကျောက်ကဲကို ကန်ထုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ရန်ကျောက်ကဲက စကားဆုံးသွားသည်နှင့် သူ၏ ခြေကန်ချက်က ထိုသူ၏ဝမ်းဗိုက်အောက်ပိုင်းသို့ ထိမှန်သွားပြီ ဖြစ်သည်။

ထိုသူမှာ မျက်လုံးများပြူးထွက်လျှက် ဒူးများ ပျော့ခွေကျသွားပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။

ရန်ကျောက်ကဲက သူ့ကို သိမ်မွေ့စွာကြည့်ရင်း...

“မင်းကိုအလဲထိုးပြီးရင် မင်းခန္ဓာကိုယ်ပေါ်မှာ ဘာပစ္စည်းတွေ ဘာစာအုပ်တွေရှိလဲ ကြည့်ရမယ် ၊ ဒါမှ မင်းတို့ရဲ့ စာရေးနည်းစာလုံးတွေကနေတစ်ဆင့် ဘာသာစကားကို ငါကိုယ်တိုင် လေ့လာနိုင်မှာ”

ပြင်းထန်စွာ နာကျင်ခြင်းကို ခံစားလိုက်ရသည်နှင့် ထိုသူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ထို့နောက် သူ၏ ဦးခေါင်းထက်မှ သွေးကြောများ ပေါက်ထွက်သွားပြီး သူ့မျက်လုံးများမှလည်း သွေးများ ယိုစီးကျလာသည်။

သူ့ခန္ဓာကိုယ် အရေပြားထက်တွင်တောက်ပနေသော အလင်းရောင်များမှာလည်း ပိုမိုလင်းလက်တောက်ပလာပြီး သူ့မျက်ဝန်းများထဲတွင် ရူးသွပ်မှုနှင့် သွေးဆာမှုများ ထင်ဟပ်လာသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက မျက်မှောင်ကြုတ်ရင်း...

“ဟမ်...”

အပြာရောင်လျှပ်စီးကြောင်းများက သူ့ပတ်ဝန်းကျင်တွင် ထိန်းမနိုင်သိမ်းမရ ဒီရေအလား ကျယ်ပြန့်မြင့်တက်လာပြီး လေထုထဲတွင်ပေါင်းစည်းသွားသည်။ ထိုသူက ကျယ်လောင်သည့် ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်ရာ သူ့တစ်ကိုယ်လုံးမှ အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

ထို့နောက် ထိုသူ၏ခန္ဓာကိုယ်အတွင်းမှ ခြေထောက်ခြောက်ချောင်းရှိသော လျှပ်စီးကျားသစ်တစ်ကောင် ထွက်ပေါ်လာကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

ရန်ကျောက်ကဲ မျက်ဝန်းများကို မှေးစင်းလိုက်ရင်း...

“ခြေထောက်ချောက်ချောင်း လျှပ်စီးပျံကျားသစ်လား”

ထိုသူ၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ မိုးခြိမ်းသံများ ကျယ်လောင်ဟွာ မြည်ဟည်းလာပြီး စွမ်းအားများလည်း တဟုန်ထိုး မြင့်မားလာသည်။

ရန်ကျောက်ကဲကို မျက်တောင်မခတ် စူးစိုက်ကြည့်နေသည့် သူ့မျက်ဝန်းများထဲတွင် ရူးသွပ်ကြမ်းတမ်းမှုများကို တွေ့ရှိရပြီး ရန်သူကို လုံးဝအလွတ်မပေးဘဲ တစ်စစီ ဆွဲဖြဲပစ်ရန် ဆန္ဒရှိနေဟန်ပင်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ပြုံးလိုက်သည်။

ထိုသူ၏လက်ကို ဆုပ်ကိုင်ထားသောစွမ်းအားကို တိုးမြှင့်လိုက်ပြီး လက်ကောက်ဝတ်အရိုးများသာမက တံတောင်ဆစ်တစ်လျှောက် အရိုးများနှင့် သွေးကြောများကို ကွဲကြေစေလိုက်သည်။

ရန်ကျောက်ကဲ၏  ပိုမိုပြင်းထန်သော ဖိအားက အထက်မှအောက်သို့ သက်ဆင်းသွားပြီး ကြောက်မက်ဖွယ်ရာ လျှပ်စီးများကို ဖိနှိပ်ထားလိုက်ရာ ထိုသူမှာ ဆက်လက်လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

ထိုသူက ပြင်းထန်စွာနာကျင်မှုကြောင့် ပါးစပ်ကိုဟလိုက်သည့်တိုင် အော်သံပင် ထွက်ပေါ်လာနိုင်ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲက ထိုသူကို စိတ်ဝင်တစားအကဲခတ်ရင်း...

“စိတ်ဝင်စားစရာပဲ ၊ အတုအ‌ယောင်ကို အစစ်အမှန်အဖြစ် ပြောင်းလဲပြီး သူ့ရဲ့ကိုယ်ပိုင်သိုင်းစွမ်းဖြစ်တဲ့ လျှပ်စီးနှင့်မိုးကြိုးကို အသုံးပြုခဲ့တာ ၊ သိုင်းကျင့်ကြံသူတွေအတွက် အမတဝိညာဉ် သိုင်းဆရာသခင်အဆင့်ရောက်မှ ကြယ်တာရာချီစွမ်းအားကို ကြယ်တာရာချီစွမ်းအားအနှစ်သာရအဖြစ် ပြောင်းလဲပြီး အစစ်အမှန်သိုင်းအဇ္စျတ္တကို ထုတ်ဖော်နိုင်မှ ဒီလိုမျိုးပြုလုပ်နိုင်မှာ”

“ဒါပေမဲ့ ဒီလူက အမတဝိညာဉ်သိုင်းဆရာသခင်အဆင့်ကို မရောက်သေးဘူး”

“အစစ်အမှန်သိုင်းအဇ္စျတ္တထုတ်ဖော်နိုင်ဖို့နေနေသာသာ ချီစွမ်းအားကိုတောင် ကြယ်တာရာချီစွမ်းအားအဖြစ် မပြောင်းလဲနိုင်သေးဘူး ၊ ဒါပေမဲ့ သူ့ရဲ့ အသွေးအသားခန္ဓာက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ထက် အများကြီးသာလွန်နေတယ် ၊ သိုင်းဆရာသခင်တွေနဲ့တောင် ကောင်းကောင်းယှဉ်ပြိုင်နိုင်တယ်”

“သူ့ရဲ့ ပကတိလျှပ်စီးစွမ်းအားက အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တွေကို မမိသေးပေမယ့် အတော်လေး စွမ်းအားကြီးတယ်လို့ ဆိုရမယ်”

ရန်ကျောက်ကဲက အလင်းရောင်များပျောက်ကွယ်သွားပြီး ရွှံ့ကဲ့သို့ ညိုပုပ်ပုပ်ဖြစ်နေသည့် ထိုသူ၏လက်များကို ဆုပ်ကိုင်ထားရင်း စီးကျနေသည့် သွေးစက်များကို အကဲခတ်လိုက်သည်။ ထိုသွေးစက်များထဲတွင် အလင်းရောင်များ တောက်ပနေသည်ကို တွေ့မြင်ရ၏။

ထိုသူ၏သွေးထဲတွင် အလွန်တရာ အစွမ်းထက်သော စွမ်းအားတစ်ခု ရှိနေပုံရပြီး အဆက်မပြတ် နိုးထနေပုံရသည်။

“မင်းရဲ့စွမ်းအားက ‘ခြေ‌‌ထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်’ ဆီက ဆင်းသက်လာတာလား”

ရန်ကျောက်ကဲ အံ့အားသင့်စွာဖြင့် တက်တစ်ချက်ခေါက်လိုက်ရင်း...

“အစက မင်းကို သားရဲတစ်ကောင်က လူယောင်ဆောင်ထားတဲ့ နတ်မိစ္ဆာလို့ ထင်ခဲ့မိတာ ၊ ဒါပေမဲ့ အခုတော့ ဆန့်ကျင်ဘက်ပဲ ၊ မင်းက သားရဲတစ်ကောင်ရဲ့ သွေးတွေကို မင်းခန္ဓာကိုယ်ထဲ စီးဝင်ပေါင်းစပ်စေပြီး သူ့ဆီကစွမ်းအားတွေရရှိအောင် သန့်စင်ထားတာပဲ”

“မဟာကပ်ဘေးမတိုင်ခင်က ဒီလိုသိုင်းပညာမျိုး မရှိခဲ့ဘူး ၊ ဒါက အသစ်ဖန်တီးထားတဲ့ နည်းပညာတစ်ခုလား ၊ စိတ်ဝင်စားဖို့ကောင်းလိုက်တာ... ၊ ပြီးတော့ ဒါက မင်းတို့ဂိုဏ်းရဲ့ နည်းပညာကျင့်စဉ်လား ၊ ဒါမှမဟုတ် ဒီကမ္ဘာကလူတိုင်းက ဒီလိုမျိုးပဲလားဆိုတာတော့ ငါမသိဘူး ၊ တကယ် စိတ်ဝင်စားဖို့ကောင်းတယ်”

ရန်ကျောက်ကဲက ထိုသူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို သေသေချာချာ အာရုံခံလိုက်သော်လည်း မသေချာသည့်အရာများစွာကို သတိပြုခဲ့မိသည်။

ထိုသူကတော့ ပြင်းထန်သောနာကျင်မှုကိုခံစားရင်း ဒေါသတရားအောက်တွင် ထူးဆန်းသော ဟိန်းဟောက်သံများထုတ်လွှတ်လျှက် အသိစိတ်လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူ့အသံက လူတစ်ယောက်အသံနှင့်မတူတော့ဘဲ ကျားများ ကျားသစ်များ ဟိန်းဟောက်နေသည့်အလား ဖြစ်သည်။

လူတိုင်းက သူ့ကို ထိတ်လန့်စွာကြည့်နေကြစဉ် အလင်းရောင်များ ဖုံးလွှမ်းနေသော ထိုသူ၏ ခန္ဓာကိုယ်က ကျားသစ်တစ်ကောင်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွား၏။

ထိုသူသည် သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပေပြီ။

သူ၏ ဦးခေါင်းက ကျားသစ်တစ်ကောင်၏ ဦးခေါင်းအဖြစ် ပြောင်းလဲသွားပြီး သူ့နောက်ဘက်တွင်လည်း အမြီးတစ်ချောင်း ထွက်ပေါ်လာသည်။ တစ်ဆက်တည်းပင် မိုးခြိမ်းသံများနှင့်အတူ ကျောထက်တွင်လည်း အတောင်ပံများ ပေါ်ပေါက်လာသည်။

သူ၏ ခြေလက် (၄)ချောင်းသည် ကျားသစ်ခြေသည်းများအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ထက် မတ်တတ်ရပ်နေသည့် လူသားတစ်ယောက်မှ ကျားသစ်တစ်ကောင်အသွင် ပြောင်းလဲသွားသည်။

သူ၏ ရှေ့ခြေထောက်နှစ်ချောင်းက ရန်ကျောက်ကဲလက်ချက်ဖြင့် ကြေမွပျက်ဆီးသွားပြီဖြစ်သော်လည်း တုန်လှုပ်စရာကောင်းစွာပင် သူ့ဝမ်းဗိုက်အတွင်းမှ နောက်ထပ် ခြေထောက်နှစ်ချောင်း ထပ်မံထွက်ပေါ်လာပြီး ရန်ကျောက်ကဲကို ကုန်ခြစ်ချလိုက်သည်။

အလင်းတန်းများ ဖုံးလွှမ်းလျှက်ရှိသော ထိုသူ၏ခန္ဓာကိုယ်အသွေးအသားများက ကျယ်ပြန့်ကြီးမားလာပြီး အရှည်ပေပေါင်းများစွာအထိ မြင့်တက်သွားကာ တောင်ငယ်တစ်လုံးပမာကြီးမားသော ‘ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်’ တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။

ကြောက်မက်ဖွယ်ရာ ကျားသစ်ကြီးက ‌ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း တုန်လှုပ်ဖွယ်ရာ ကျားသစ်အူသံတစ်သံ ထုတ်လွှတ်လိုက်သည်။ ထိုအခါ အနက်ရောင်တိမ်တိုက်များအတွင်းမှ လျှပ်စီးများအဆက်မပြတ်လင်းလက်လာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက ပို၍ပင် စိတ်ဝင်စားလာြပီး...

“ဒါက သူ့ခန္ဓာကိုယ်ထဲမှာ ထိန်းချုပ်ထားတဲ့ မိစ္ဆာသွေးတွေကို ဆုံးရှုံးသွားရလို့ တန်ပြန်ဝေဒနာခံစားရတာလား ၊ သူက စွမ်းအားတွေအရမ်းမြင့်မားလာပေမယ့် သူ့ပုံစံက သားရဲတစ်ကောင် ဖြစ်သွားပြီ”

သူ့ရှေ့မှ သားရဲကြီးကိုကြည့်ရင်း ရန်ကျောက်ကဲ အံ့သြလွန်းစွာပင် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ငါတို့နှစ်ယောက်တိုက်ပွဲကနေ သင်ခန်းစာတွေအများကြီးရတာပဲ ၊ ဆက်တိုက်တာ ပိုကောင်းမယ်ထင်တယ်”

All Chapters