← Chapters

ပန်းချီကားထဲက တာအိုဆရာ

Vol. 5 Ch. 460

ပန်းချီကားထဲက တာအိုဆရာ

Vol. 5 Ch. 460

"ရှေ့ကို ခြေလှမ်းငါးလှမ်းလှမ်းလိုက်၊ တစ်လှမ်းမှ မလျော့စေနဲ့၊ တစ်လှမ်းမှလည်း မပိုစေနဲ့"

ဆန်းလျန်က ဟန်ယင်းကို ပြောလိုက်သည်။

ဟန်ယင်းမှာ ကြောက်ဒူးတုန် နေသည့်တိုင် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသည့် ညစစ်သည် တစ်ယောက်ဖြစ်သည့် အတွက် တိကျသည့် ခြေလှမ်းငါးလှမ်းကို အပိုအလိုမရှိ လှမ်းလိုက်လေသည်။

ကျားနက်ကြီးမှာ ဧရာမစပါးအုံး မြွေကြီးက တင်းကြပ်စွာ ရစ်ပတ်ထားသည့် အတွက် လှုပ်မရတော့သည့်တိုင် ရုန်းကန်နေဆဲ ဖြစ်လေသည်။

မြွေကြီးက ဆန်းလျန်တို့ ရောက်လာသည်ကို တွေ့သော်လည်း အရေးပင် မလုပ်ပေ။ သူက ထိုလူသားများမှာ သူ့ကို နာကျင်အောင် လုပ်နိုင်မည် မဟုတ်ဟု ထင်မှတ်ထားလေသည်။

သို့သော် ကျားနက်ကြီးကတော့ အန္တရာယ်ကောင် ဖြစ်လေသည်။

ဟန်ယင်းက ခြေလှမ်း ငါးလှမ်း လှမ်းပြီးသွားသည်နှင့် ဆန်းလျန်က သူ၏ ကြယ်စင်ရောင် တောက်ပ နေသည့် မျက်ဝန်းများဖြင့် မြွေကြီးကို စိုက်ကြည့် လိုက်လေသည်။

စပါးအုံးမြွေကြီးမှာ သေတော့မည်ကဲ့သို့ ချက်ချင်းပင် ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အေးစက် တောင့်တင်း သွားလေသည်။ လှုပ်ရှားမှုလည်း မပြုလုပ်နိုင်တော့ပေ။

အကြည့်တစ်ချက်သည် ထိုမျှ စွမ်းအား ကြီးလိမ့်မည်ဟု မြွေကြီးမှာ ထင်မှတ်မထားမိပေ။ သူ၏ ဆရာပင်လျှင် ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်း မရှိပေ။

"မင်း ဘယ်လိုလုပ် လူသား အသွင် ပြောင်းနိုင်တာလဲ"

ဆန်းလျန်က မြွေကြီးကို စိုက်ကြည့်ရင်း မေးလိုက်သည်။

မြွေကြီး၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါသွားလေသည်။ ဆန်းလျန် မေးသည့် မေးခွန်းကို သူက ပြန်ဖြေရန်အတွက် ပါးစပ်ကို ဟလိုက်သည့်တိုင် အသံတစ်သံမှ ထွက်မလာပေ။ သို့သော် ဆန်းလျန်ကတော့ မြွေကြီး၏ အတွေးများကို သိနိုင်သူ တစ်ယောက် ဖြစ်လေသည်။

"ကျုပ်ဆရာဆီက အသွင်ပြောင်း ပြဒါးဆေးကို စားလိုက်လို့ပါ"

မြွေကြီးက စိတ်ထဲမှ ပြန်ဖြေ လိုက်လေသည်။

ဆန်းလျန်ကို အဘယ့်ကြောင့် အမှန်တရားတွေ ပြောမိနေသည်ကို မြွေကြီး ကိုယ်တိုင်လည်း နားမလည်နိုင်ပေ။ သို့သော် ဆန်းလျန်မေးသည့် မေးခွန်းကို သူမဖြေဘဲ မနေရဲပေ။

"မင်းရဲ့ဆရာက ဘယ်သူလဲ"

ဆန်းလျန်က ထပ်မေး လိုက်သည်။

မြွေကြီးက သူ့ဆရာအကြောင်းကို စဉ်းစား လိုက်သည်။ သူ၏ဆရာမှာ တာအိုဆရာ တစ်ယောက် ဖြစ်ပြီး သူ့ကို ယဉ်ပါးအောင် သင်ကြား ပေးခဲ့သူ တစ်ယောက် ဖြစ်လေသည်။ သူ၏ဆရာ၏ အပြုံးများနှင့် စကားသံများကို သူ့ခေါင်းထဲတွင် ပြန်ပြီး အမှတ်ရလိုက် မိလေသည်။ ထိုအခါ သူ၏ ဝိညာဉ်ထဲမှ စွမ်းအားတစ်ခု ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်စွမ်း ရရှိ သွားလေသည်။ သူ၏ကိုယ်ထဲမှ စွမ်းအားများနှင့် သွေးများမှာ ဆူပွက် လာလေသည်။ မြွေကြီး၏ ခန္ဓာကိုယ်ကြီးမှာ လေထိုး လိုက်သည့် အလား တဖြည်းဖြည်း ကြီးမား လာတော့သည်။

သို့သော် ဓားဝိညာဉ် တစ်ခုသည် သူ၏ဝိညာဉ် အတွင်းပိုင်းအထိ ဝင်ရောက်လာပြီး အရာ အားလုံးသည် အဆုံးသတ် သွားလေသည်။ မြွေကြီး၏ ဦးခေါင်းမှာလည်း မြေပြင်ထက်သို့ ပြတ်ကျ သွားတော့သည်။

ဟန်ယင်းမှာ ဆန်းလျန် မည်သည့် တန်ခိုးများ ပြလေမည်လဲဟု တွေးနေစဉ်မှာပင် မြွေကြီး ရုတ်တရက် သေဆုံးသွား သည့်အတွက် ကြက်သေ သေသွားရသည်။ ဆန်းလျန် မည်သို့မည်ပုံ ပြုလုပ်လိုက်သည့် အတွက် မြွေကြီး သေဆုံး သွားရပါသနည်း။ သူမ၏စိတ်ထတွင် တုန်လှုပ် နေတော့သည်။

မသိမှုသည် ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။ မသိမှုသည် လူများကို အကူအညီ မဲ့သလို ခံစား ရစေလေသည်။ ဆန်းလျန်မှာ သူတို့၏ ရန်သူ မဟုတ်သည့်အတွက် ဟန်ယင်းမှာ ကျေးဇူး တင်နေမိတော့သည်။

ဆန်းလျန်က နတ်သက်ခြွေ ဓားသိုင်းကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ သို့သော် သူက အဆင့်မြင့် နတ်ဘုရား တစ်ပါး ဖြစ်နေပြီ ဖြစ်သည့်အတွက် ထိုဓားသိုင်းကို သဲလွန်စ မကျန်အောင် အသုံးပြုနိုင်နေခဲ့ပြီ။ သူ၏ နတ်သက်ခြွေဓားသိုင်းမှာ အလွန် သိမ်မွေ့လွန်းသည့် အတွက် နတ်သက်ခြွေ ဓားသိုင်းကို မူလတည်ထွင်သူ မျှော်လင့်ခဲ့သည်ထက် အဆပေါင်းများစွာပင် ကျော်လွန်နေပြီ ဖြစ်လေသည်။

ဆန်းလျန် ဆိုသည်က လောကနတ်ဘုရား တစ်ပါးကိုပင် အသာလေး သတ်ဖြတ်နိုင်သည့်သူ တစ်ယောက် ဖြစ်လေသည်။ အတိတ်တစ်ချိန်က ချန်ပေသိုနှင့် ယန်ရွှီးကဲ့သို့သော သူများကိုပင် တည်ငြိမ်စွာ ရင်ဆိုင်ခဲ့သူ တစ်ယောက် ဖြစ်လေရာ ကျင့်ကြံမှု တန်ခိုးစွမ်းအား အလွန်တိမ်သည့် စပါးအုံးမြွေလောက်ကို စာဖွဲ့မည့်သူ မဟုတ်ပေ။

ဆန်းလျန်က မြွေကြီးကို သတ်ဖြတ်လိုက်ရသည့် အတွက် မည်သည့် ခံစားချက်မှ ရှိမနေပါ။ သို့သော်… သူက မြွေကြီး၏ ဆရာဆိုသူက မြွေကြီး၏ဝိညာဉ်ထဲတွင် စိတ်အာရုံ စူးစိုက်နိုင်မှုကို မည်သို့ ထည့်သွင်း ပေးထားသည်ကို ဆန်းလျန် သိလိုက်သည်။

ထိုအခွင့်အရေးကို အသုံးပြုပြီး ငါးကြီးကြီး တစ်ကောင်တော့ မျှားနိုင်မည်ဟု ဆန်းလျန် တွေးမိသည်။ နတ်မိစ္ဆာများ၏ဝိညာဉ်ထဲတွင် စိတ်အာရုံ စူးစိုက်မှုကို ထည့်သွင်း ပေးထားနိုင်သည်မှာ အလွန် အဆင့်မြင့်သည့် ကျင့်ကြံသူသာလျှင် ပြုလုပ်နိုင်မည် ဖြစ်လေသည်။ သူ့အနေဖြင့် မြွေကြီး၏ ဆရာဖြစ်သူနှင့်သာ တွေ့ဆုံနိုင်လျှင် သူရောက်ရှိနေသည့် လောကမှ ကျင့်ကြံသူများနှင့် တွေ့ဆုံနိုင်ရန် အခွင့်အရေးရမည် ဖြစ်လေသည်။

ကျားနက်ကြီးမှာ ကြောက်ရွံ့နေပြီး ဆန်းလျန်ကို မျက်လုံးလေး ကလယ်ကလယ်ဖြင့် ပြူးကြည့် နေလေသည်။ သူ၏ နက်ပြောင်နေသည့် အမွေးများ အောက်တွင် သွေးထွက်နေသည့် ဒဏ်ရာတစ်ခုကို တွေ့ရလေသည်။ သူက ထိုဒဏ်ရာရှိရာ ဘက်ခြမ်းကို ဆန်းလျန် မြင်သာစေရန် အတွက် တမင်တကာ ဘေးတိုက်သွားကာ ဆန်းလျန်အနားသို့ ချဉ်းကပ် လာလေသည်။

ကျားနက်ကြီးမှာ သားရဲတစ်ကောင် ဖြစ်သည့်အတွက် အမြဲတမ်း တိုက်ခိုက် နေတတ်ပြီး ဒဏ်ရာရသည်မှာ အဆန်းမဟုတ်ပေ။ သို့သော် သူက  မြွေကြီးကို မည်မျှ ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက် ခဲ့သည်ကို သူ၏သခင်ငယ်လေး သိစေရန်အတွက် ဒဏ်ရာကို တမင်မြင်သာအောင် ပြနေခြင်း ဖြစ်လေသည်။

သနားစရာ ကျားနက်ကြီးမှာ တောဘုရင် တစ်ကောင်နှင့်ပင် မတူတော့ဘဲ ဆန်းလျန်ရှေ့တွင် အလွန်ယဉ်ပါးနေပြီ ဖြစ်လေသည်။ သူ၏ သခင်ငယ်လေး၏ အကြည့် တစ်ချက်ပင်လျှင် သူ့ကို သခင်ငယ်လေးက အလွန် ချစ်ခင်သောကြောင့် ကြည့်နေသည်ဟု ထင်မှတ်နေလေသည်။

လောကတွင် ကျားသတ္တဝါများစွာ ရှိလေသည်။ သို့သော် သူကတော့ ဆန်းလျန်ကဲ့သို့သော သခင်ငယ်လေးနှင့် ဆုံတွေ့ခွင့် ရခဲ့သည့်အတွက် လောကတွင် ကံအကောင်းဆုံး ကျားတစ်ကောင်ဟု သူ့ကိုယ်သူ ထင်မှတ် နေလေသည်။ ကျယ်ယန်းတောင်တွင်ပင် သူ့ထက် ကြီးမြတ်သော ကျားသတ္တဝါ မရှိနိုင်တော့ပေ။

ထိုအတွေးများက ကျားနက်ကြီး၏ စိတ်ထဲတွင် လွှမ်းမိုးသွားပြီး သူက နောက်ပိုင်းတွင် သူ၏ သားသမီး မြေးမြစ်များကို ကျားတစ်ကောင် အတွက် အရေးကြီးဆုံး အချက်မှာ သခင်ကောင်း တစ်ယောက်နှင့် တွေ့ဆုံရန် ဖြစ်သည်ဟုပင် ဆိုဆုံးမရန် တွေးထားပြီး ဖြစ်လေသည်။

သို့သော် ဆန်းလျန်ကတော့ ကျားနက်ကြီး၏ သခင်အဖြစ် သူ့ကိုယ်သူ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ ထို့ပြင် သူက ကျားနက်ကြီးကိုလည်း မည်သည့် ကျင့်စဉ်မှ သင်ပြပေးခဲ့ခြင်းမရှိပေ။

ဤသည်မှာ ဆန်းလျန်၏ မာနတရားပင် ဖြစ်ပြီး သူသည် သားရဲများနှင့် ပတ်သက်ပြီး စိတ်ခံစားချက် သိပ်မထားတတ်ပေ။

ထို့နောက်တွင်တော့…

သူတို့အိမ်တော်ကြီးအတွင်းသို့ ဝင်ရောက် လာခဲ့ကြလေသည်။ အိမ်တော်ထဲတွင် စင်္ကြံလမ်း နှစ်ခုရှိနေပြီး ဖုန်များလည်း တက်နေလေသည်။ စင်္ကြံလမ်းအဆုံးတွင် ခန်းမတစ်ခုကို တွေ့နိုင်ပြီး ထိုခန်းမထဲတွင် တာအိုဆရာ တစ်ပါး၏ ပုံတူပန်းချီကား တစ်ချပ်ကို ချိတ်ဆွဲ ထားလေသည်။

ပန်းချီကားထဲမှ တာအိုဆရာမှာ ကြယ်စင် သရဖူကို ဆောင်းထားပြီး ရွှေရောင် ဖောင်းကြွများ ပါသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ တိမ်ပုံသဏ္ဌာန်များ ရေးထွင်းထားသည့် တောက်ပသည့် ဖိနပ်များကို စီးနင်းထားပြီး ရတနာကိုးသွယ် ခါးပါကြိုးကို စည်းနှောင် ထားလေသည်။ သူ၏ လက်ထဲတွင်တော့ ချိတ်ကောက်ပါသည့် ရွှေရောင် ကျိုင်းတံ တစ်ချောင်းကို ကိုင်ဆောင် ထားလေသည်။

သူ၏ မျက်ဝန်းများက မီးဝင်းဝင်း တောက်နေပြီ နှုတ်ခမ်းများက နီထွေး နေလေသည်။ လေထဲတွင် လွင့်နေသည့် ဆံနွယ်များသည် နူးညံ့ လွန်းသည်ဟု ထင်ရလေသည်။

သို့သော်… ထိုပန်းချီကားထဲမှ တာအိုဆရာသည် အလွန်မှ မိစ္ဆာ ဆန်လွန်းလေသည်။

ဆန်းလျန် ပန်းချီကားကို ကြည့်နေစဉ်မှာပင်…

တာအိုဆရာသည် ပန်းချီကားထဲမှ ခုန်ထွက်လာပြီး လက်ထဲမှ မီးတောက်များ ထုတ်လွှတ်ကာ  ဆန်းလျန်ကို စတင် တိုက်ခိုက် လိုက်လေတော့သည်။

ဟန်ယင်းမှာ ဆန်းလျန်ကို လုံးဝ မကာကွယ်လိုက်နိုင်ပေ။ သို့သော် ဆန်းလျန်က အသက် တစ်ချက် ရှူလိုက်ပြီး ခန်းမ တစ်ခုလုံးကို အေးခဲသွားစေကာ မီးတောက်ကို ငြိမ်းသတ် ပစ်လိုက် လေသည်။

သို့သော် ဆန်းလျန်၏ စိတ်ထဲတွင် ကြိတ်ပြီး အံ့သြသွားမိသည်။ အဘယ်ကြောင့် ဆိုသော် ပန်းချီကားထဲမှ ထွက်လာသည့် မီးတောက်မှာ သမာဓိ မီးတောက် အငွေ့အသက်များ ရနေသောကြောင့် ဖြစ်လေသည်။

သမာဓိ မီးတောက် တန်ခိုးစွမ်းအားမှာ ချင်းရွှမ်နတ်တံခါးမှ တန်ခိုးစွမ်းအား ဖြစ်လသည်။ ထိုတန်ခိုး စွမ်းအားမှာ ထိုက်ဝေ့ထိုင် ခန်းမဆေင်မှ နတ်ဘုရား အဘိုးအို၏ တန်ခိုးစွမ်းအား ဖြစ်ပြီး ဆန်းလျန်ပင် လေ့လာထားရခြင်း မရှသေးပေ။ သမာဓိ မီးတောက်သည် အလွန်နက်နဲသည့် ပညာရပ်တစ်ခု ဖြစ်လေသည်။

ဆန်းလျန်မှာ ကျယ်ယန်း တောင်ကဲ့သို့သော ဘာမှမဟုတ်သည့် နေရာတစ်ခုတွင် သူ့ကို ဆွဲဆောင်နိုင်သည့် ကျင့်ကြံသူ တစ်ယောက် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ဆန်းလျန်က မျက်လုံးများကို မှိတ်လိုက်ပြီး နတ်ဘုရား တန်ခိုးစွမ်းအားများကို အသုံးပြုကာ ပတ်ဝန်းကျင် တစ်ခုလုံးကို အာရုံခံ ကြည့်လိုက်လေသည်။ သူက ထူးခြားချက် တစ်ခုကို သတိပြုလိုက်မိပြီး ဤနေရာတွင် အခြားသော စကြဝဠာ တစ်ခုရှိနေဦးမည်ကို သတိပြုလိုက် မိလေသည်။

ဆန်းလျန်က ချန်ချင်ကို လှည့်ကြည့်လိုက်ပြီး….

“အမေနဲ့ ရှောင်ဟေး အပြင်မှာ ခဏ သွားနေပေးပါလား”

ချန်ချင်မှာ ပန်းချီကားထဲမှ မီးတောက်များ ထွက်လာသည်ကို တွေ့လိုက်ရ ကတည်းက အလွန်အမင်း ကြောက်လန့် နေလေရာ သူမက ဆန်းလျန်နှင့် အတူရှိနေသည်ကသာ အန္တရာယ် ကင်းနိုင်သည်ဟု မှတ်ယူထားလေသည်။ ထို့ပြင် သူမက ဆန်းလျန် အတွက်လည်း အလွန် စိတ်ပူနေမိသည်။ မိခင်တိုင်းသည် သူတို့၏ သားသမီးများကို စိတ်ပူတတ် စမြဲပင် မဟုတ်ပါလား။

ထို့ကြောင့် ဆန်းလျန်က သူမကို ထွက်ခွာသွားရန် ပြောသည့်အခါ လုံး၀ သွားလိုစိတ် မရှိခဲ့ပေ။

“အမေ ဒီမှာပဲ သားတို့နဲ့ အတူ အဖော်လုပ်ပေးမယ်”

ဆန်းလျန်က ချန်ချင်ကို နက်ရှိုင်းသည့် အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်ရင်း…

“ဒါဖြင့်လည်း အမေ့သဘောပါပဲ…”

ကျားနက်ကြီးမှာ ခန်းမထဲမှထွက်ရန် ခြေလှမ်း ပြင်နေသည့်တိုင် ဆန်းလျန်စကားကို ကြားသည်နှင့် ချက်ချင်းပင် ရပ်တန့်လိုက်လေသည်။ သူလည်း သခင်ငယ်လေးနှင့်ပင် အတူနေရန် ဆုံးဖြတ် လိုက်သည့် သဘောပင်။ ဆန်းလျန် ကသူ့ကို မည်သည့်ပညာမှ သင်ကြားပေးခြင်း မရှိသည့်တိုင် ကျားနက်ကြီးသည် ဆန်းလျန်ကို အလွန်ပင် လေးစား နေမိလေသည်။

ဆန်းလျန်ကတော့ ကျားနက်ကြီးကို ကြည့်ရင်း ရယ်ချင် နေမိလေတော့သည်။

All Chapters