အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း ၁၁၉ ရှောင်မိုရဲ့ ဝတ်ရုံမှာ အခြားမိန်းမတစ်ယောက်ရဲ့အနံ့ရနေတယ်
ညအချိန်တွင် ရှောင်မိုက ခြံဝန်းထဲ၌ စာအုပ်ဖတ်နေခဲ့သည်။
ဖယောင်းတိုင်မီးရောင်နှင့် နူးညံ့သော လရောင်တို့က တစ်ခုနှင့်တစ်ခု ရောယှက်ကာ ရှောင်မို၏ လက်ထဲရှိ စာမျက်နှာများထက်သို့ ဖြာကျနေလေသည်။
ဘိုင်ရုရွှယ်က ရှောင်မို၏ဘေးတွင် ထိုင်ကာ ဖိနပ်ချုပ်နေပြီး အပ်ချုပ်ချက် တစ်ချက်ချင်းစီကို အသေအချာ ဂရုတစိုက် ချုပ်လုပ်နေခဲ့သည်။
သို့သော် ယခင်ဘဝက ရှောင်မိုအတွက် ဘိုင်ရုရွှယ် ချုပ်လုပ်ပေးခဲ့သော သာမန်ဖိနပ်များနှင့် မတူဘဲ ဤဖိနပ်များကို မြောက်ပိုင်းပင်လယ်မှ ဘိုင်ရုရွှယ် ယူဆောင်လာခဲ့သော ကောင်းကင်နှင့်မြေကြီး ရတနာများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ဤဖိနပ်များ ချုပ်လုပ်ပြီးစီးသွားပါက ၎င်းတို့၏ အရည်အသွေးမှာ အဆင့်နှစ် မှော်ရတနာတစ်ခုနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ပေမည်။
ဟိုင်းအချိန် (ည ၉ နာရီမှ ၁၁ နာရီ) တစ်ဝက်ပင် ကျော်လွန်နေပြီဖြစ်ရာ ရှောင်မိုက ညကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ "ရုရွှယ်၊ ငါ အခန်းထဲပြန်ပြီး အိပ်တော့မယ်။ နင်လည်း စောစော အနားယူတော့လေ"
"အင်းပါ၊ ဒီချုပ်ရိုး နည်းနည်းလေး ပြီးအောင် ချုပ်လိုက်ဦးမယ်" ဘိုင်ရုရွှယ်က ခေါင်းညိတ်လိုက်ပြီး ဖိနပ်ပေါ်တွင် ခရမ်းရောင် နေကြာပန်းများကို ဆက်လက်၍ ကြိုးကြိုးစားစား ပန်းထိုးနေခဲ့သည်။
"မနက်ဖြန်မှ ဆက်ထိုးပါ၊ လောစရာမလိုပါဘူး။ ပြီးတော့ မြို့ထဲမှာ ဖိနပ် သွားဝယ်လိုက်လို့ ရတာပဲဟာကို၊ ဒီလောက်ထိ ဒုက္ခခံနေစရာ မလိုပါဘူး" ရှောင်မိုက ပြောလိုက်သည်။
"မရပါဘူး" ဘိုင်ရုရွှယ်က သူမ၏ နှုတ်ခမ်းသေးသေးလေးများကို ဆူကာ ခေါင်းမာစွာ ပြောလိုက်သည်။ "မြို့ထဲက ဖိနပ်တွေ တစ်ရံမှ အနေတော်မဖြစ်သလို အသားတွေကလည်း မကောင်းဘူး"
ရှောင်မိုက ဘာမှမပြောတော့ချေ။
"ရပါတယ် ရှောင်မို၊ နင် အရင်သွားအိပ်နှင့်လေ။ ငါလည်း ခဏနေရင် သွားနားတော့မှာပါ" ဘိုင်ရုရွှယ်က ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါဆို ငါ သွားနားတော့မယ်။ အရမ်း နောက်ကျတဲ့အထိ မနေနဲ့နော်" ရှောင်မိုက သူမကို ဖျောင်းဖျရန် ခက်ခဲကြောင်း သိလိုက်သည်။ ဤကဲ့သို့သော ကိစ္စများနှင့် ပတ်သက်လာလျှင် ရုရွှယ်က အထူးသဖြင့် ခေါင်းမာတတ်လေသည်။
"အင်း"
ဘိုင်ရုရွှယ်က ခေါင်းညိတ်လိုက်ပြီး သေသပ်သေချာစွာ ဆက်လက်ချုပ်လုပ်နေခဲ့သည်။
ရှောင်မိုက သူ၏ အခန်းထဲသို့ ဝင်သွားပြီးနောက် တံခါးကို ပိတ်လိုက်သည်။
သို့သော် ရှောင်မို အိပ်မပျော်ခဲ့ပေ။
ရုရွှယ် သူမ၏ အခန်းထဲသို့ ပြန်လည်အနားယူရန် ဝင်သွားပြီးနောက် သူ၏ ဂိုဏ်းတူအစ်မဆီသို့ ခိုးထွက်ရန် သူ စီစဉ်ထားခဲ့သည်။
ရှောင်မိုက ကုတင်ဘေးတွင် ထိုင်ကာ ပြတင်းပေါက်မှတစ်ဆင့် ခြံဝန်းထဲရှိ အမျိုးသမီးကို ကြည့်နေခဲ့သည်။
အမွှေးတိုင်နှစ်တိုင်စာ အချိန်ခန့် အကြာတွင် နောက်ဆုံး၌ ရုရွှယ်က မတ်တပ်ရပ်လိုက်ပြီး သူမ၏ လက်များကို ခေါင်းပေါ်တွင် ယှက်ကာ ခြေဖျားထောက်ပြီး အကြောဆန့်လိုက်သည်။ သူမ၏ အဖြူရောင် ဂါဝန်လေးက သူမ၏ အချိုးအစားကျလှသော ခန္ဓာကိုယ်လေးတွင် ကပ်နေပြီး တောက်ပသော လရောင်အောက်တွင် သူမ၏ ပြည့်စုံလှသော ကောက်ကြောင်းများက အထူးတလည် နူးညံ့သိမ်မွေ့နေပုံရသည်။
ရုရွှယ် သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားသည်ကို ရှောင်မို မြင်လိုက်ရပြီး နောက်ထပ် အမွှေးတိုင်တစ်တိုင်စာ အချိန်အကြာတွင် သူက တံခါးကို တိတ်ဆိတ်စွာ ဖွင့်ကာ ခြံဝန်းထဲမှ ထွက်လာခဲ့သည်။
ဂိုဏ်းတူအစ်မ၏ ခြံဝန်းဆီသို့ ဦးတည်နေသော လမ်းသွယ်လေးပေါ်တွင် လျှောက်သွားရင်း ရှောင်မို၏ နှလုံးခုန်သံများက သိမသာလေး မြန်ဆန်လာခဲ့သည်။
အကြောင်းရင်းတစ်ခုခုကြောင့် သူ၏ မူလဇနီးသည် ကွယ်ရာတွင် တိတ်တိတ်ပုန်း မယားငယ်တစ်ယောက်နှင့် သွားရောက်တွေ့ဆုံနေရသကဲ့သို့ သူ ခံစားနေရသည်။
"ဒီကိစ္စကို အမြန်ဆုံး ပြီးအောင်လုပ်တာ ပိုကောင်းမယ်"
ရှောင်မိုက ခေါင်းခါလိုက်ပြီး ထိုမလိုလားအပ်သော အတွေးများကို ဖယ်ရှားပစ်ကာ သူ၏ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်သည်။
အမွှေးတိုင်တစ်ဝက်စာ အချိန်တောင် မပြည့်မီမှာပင် ရှောင်မိုက ရှန်ကျိုးလီ၏ ခြံဝန်းသို့ ရောက်ရှိသွားခဲ့သည်။
ရှန်ကျိုးလီက ပန်းများနှင့် အပင်များကို သဘောကျပြီး သူမ၏ ရှေ့ဘက်ခြံဝန်းထဲတွင် ဝိညာဉ်ပန်းများ၊ ဝိညာဉ်အပင်များ မျိုးစုံဖြင့် ပြည့်နှက်နေလေသည်။
ထို့အပြင် သူမ၏ အိမ်မှာ သာမန်တပည့်များ နေထိုင်သည့် သစ်သားတဲလေး မဟုတ်ဘဲ နှစ်ထပ် ဝါးအိမ်လေးတစ်လုံး ဖြစ်သည်။
ရှောင်မိုက ဝါးခြံတံခါး တစ်ဝက်ပွင့်နေသည်ကို မြင်လိုက်ရပြီး ညနက်သန်းခေါင်တွင် အော်မခေါ်ချင်သဖြင့် ရိုင်းစိုင်းစွာပင် ဝင်ရောက်သွားကာ ဝါးအိမ်လေးဆီသို့ လျှောက်သွားပြီး တံခါးခေါက်လိုက်သည်။ "ဂိုဏ်းတူအစ်မ၊ ကျွန်တော် ရောက်ပြီ"
ခဏအကြာတွင် တံခါးပွင့်လာပြီး အရောင်ရင့်ရင့် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ရှောင်မို၏ ရှေ့တွင် ရပ်နေခဲ့သည်။
ရှန်ကျိုးလီ၏ ဆံကေသာရှည်များက သူမ၏ ပခုံးများထက်သို့ ကျဆင်းနေပြီး အနည်းငယ် ပျင်းရိလေးတွဲနေပုံ ပေါက်နေသည်။ သူမ၏ ပါးလွှာသော ညအိပ်ဝတ်စုံကို မှော်အစီအရင်တစ်ခုဖြင့် ဖုံးကွယ်ထားသဖြင့် ဘာမှ မမြင်ရသော်ငြားလည်း သူမ၏ ခါးတွင် စည်းနှောင်ထားသော ခါးပတ်ကြိုးတစ်ချောင်းက သူမ၏ ကျက်သရေရှိလှသော ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်နေစေဆဲပင်။
ရှန်ကျိုးလီက ဘိုင်ရုရွှယ်နှင့် အရပ်တူညီသော်လည်း သူမက ပို၍ ပိန်သွယ်သောကြောင့်လားမသိ၊ သူမက ပို၍ သွယ်လျပြီး အရပ်ရှည်ပုံရသည်။
ရှောင်မိုကို ကြည့်ကာ ရှန်ကျိုးလီက သမ်းဝေလိုက်သည်။ "ဂိုဏ်းတူမောင်လေးက နောက်ဆုံးတော့ ရောက်လာပြီပဲ။ ဒီထက် နည်းနည်းလောက် နောက်ကျရင် ဂိုဏ်းတူအစ်မ အိပ်ပျော်သွားတော့မှာ"
"ဂိုဏ်းတူအစ်မကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်" ရှောင်မိုက ရိုသေစွာ အရိုအသေပေးလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး။ ညက ရှည်လျားတယ်လေ၊ အဖော်ရှိတာ ကောင်းတဲ့ကိစ္စပဲ" ရှန်ကျိုးလီ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ "ဒါပေမဲ့ ဂိုဏ်းတူမောင်လေး၊ နင် ကြိုတင်ပြင်ဆင်ထားရမယ်နော်။ ဂိုဏ်းတူအစ်မက အရမ်း တင်းကျပ်တာ သိတယ်မလား"
ရှောင်မိုက ဘာမှမပြောတော့ချေ။
"ဝင်ခဲ့လေ"
ရှန်ကျိုးလီက လှည့်ကာ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
ရှောင်မိုက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဝင်သွားကာ တံခါးကို ပိတ်လိုက်သည်။
ယင်အချိန် (နံနက် ၃ နာရီမှ ၅ နာရီ) တစ်ဝက်ကျော်လွန်သွားမှသာလျှင် ရှောင်မိုက လုံးဝ အင်အားကုန်ခမ်းနေပုံဖြင့် အမျိုးသမီး၏ အခန်းထဲမှ ထွက်လာခဲ့သည်။
နှစ်လတိတိ ဆက်တိုက် ရှောင်မိုက ရုရွှယ် အိပ်ပျော်သွားပြီးနောက် နေ့တိုင်း ရှန်ကျိုးလီ၏ ခြံဝန်းဆီသို့ ခိုးထွက်ခဲ့သည်။
ဘိုင်ရုရွှယ် လုံးဝ မသိခဲ့ပေ။
နှစ်လခွဲ အကြာ ညတစ်ညတွင်။
ရှောင်မိုက ထုံးစံအတိုင်း ရှန်ကျိုးလီ၏ အိမ်သို့ သွားခဲ့သည်။
အခန်းထဲတွင် ဘာမှ မရိပ်မိသော ဘိုင်ရုရွှယ်က နှစ်ခြိုက်စွာ အိပ်မောကျနေဆဲဖြစ်ပြီး သူမ၏ အသက်ရှူသံများက တည်ငြိမ်နေခဲ့သည်။
အမျိုးသမီးက ကုတင်ပေါ်တွင် ပက်လက်အိပ်နေပြီး သူမ၏ ရင်ဘတ်ကို စောင်ဖြင့် ဖုံးအုပ်ထားသော်လည်း ၎င်းက သူမ၏ ရင်ဘတ် နိမ့်ချည်မြင့်ချည် ဖြစ်နေမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
ဘိုင်ရုရွှယ် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်မှာပင် သူမ၏ မိုးမခရွက်အလား မျက်ခုံးလေးများက အနည်းငယ် တွန့်ချိုးသွားပြီး သူမ၏ လက်သေးသေးလေးက စောင်ကို အလိုအလျောက် ဆုပ်ကိုင်ထားမိလိုက်သည်။ သူမ၏ ခေါင်းက ဘယ်ညာ ယိမ်းယိုင်နေပြီး အိပ်မက်ဆိုးတစ်ခု မက်နေသကဲ့သို့ပင်။
"ရှောင်မို... ငါ့ကို ထားမသွားပါနဲ့"
"ငါ ဘာအမှားလုပ်မိလို့လဲ။ ငါ ပြင်ပါ့မယ်၊ ဟုတ်ပြီလား။ ရှောင်မို၊ ရှန်ကျိုးလီနောက်ကို မလိုက်သွားပါနဲ့..."
"ရှောင်မို၊ သူ့ကို လက်မထပ်ပါနဲ့"
"ရှောင်မို"
ဘိုင်ရုရွှယ်က ကုတင်ပေါ်မှ ရုတ်တရက် ထိုင်ရက်သား ဖြစ်သွားပြီး သူမ၏ နဖူးထက်တွင် ချွေးစေးများ ပျံ့နှံ့နေခဲ့သည်။
ဘိုင်ရုရွှယ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး သူမ၏ စိတ်ကို တဖြည်းဖြည်း တည်ငြိမ်သွားစေလိုက်သောအခါ သူမက အိပ်မက်ဆိုးတစ်ခု မက်ခဲ့ရုံသာ ဖြစ်ကြောင်း သိရှိသွားခဲ့သည်။
"ကံကောင်းလို့ အိပ်မက်တစ်ခုသက်သက်ပဲ ဖြစ်နေတာ..."
ဘိုင်ရုရွှယ်က မွှေးကြိုင်သော သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။
အကယ်၍ ရှောင်မိုသာ အခြားအမျိုးသမီးတစ်ဦးကို တကယ် လက်ထပ်သွားခဲ့ပါက ဘိုင်ရုရွှယ် ဘာလုပ်ရမည်ကို မသိတော့ချေ။
ဘိုင်ရုရွှယ်က သူမ၏ အင်္ကျီလက်စွန်းကို ဆွဲကိုင်ကာ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
ညလေညင်းက အမျိုးသမီး၏ ပါးလွှာသော ညအိပ်ဝတ်စုံကို တိုက်ခတ်သွားပြီး အေးစိမ့်စိမ့် ခံစားမှုတစ်ခုကို သယ်ဆောင်လာခဲ့သည်။
ဘိုင်ရုရွှယ်က သူမ၏ ခြေသံများကို ဖွဖွလေးနင်းကာ ရှောင်မို၏ အခန်းဆီသို့ လျှောက်သွားခဲ့သည်။
စောစောက အိပ်မက်က ဘိုင်ရုရွှယ်ကို အတော်လေး လန့်ဖြန့်သွားစေခဲ့သည်။
သူမ၏ စိတ်ကို တည်ငြိမ်သွားစေရန်အတွက် ရှောင်မိုကို ခဏလောက် သွားကြည့်ဖို့ လိုအပ်သည်ဟု သူမ ခံစားလိုက်ရသည်။
ဘိုင်ရုရွှယ်၏ လက်သေးသေးလေးက တံခါးကို ဖွဖွလေး ဖွင့်လိုက်ရာ လရောင်က တံခါးပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျလာခဲ့သည်။
"ဟင်"
ဘိုင်ရုရွှယ်က ကုတင်ဆီသို့ လှမ်းကြည့်လိုက်သောအခါ သူမ၏ လှပသော မက်မွန်ပန်းပွင့် မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။
ဘိုင်ရုရွှယ်က သူမ အမြင်မှားသွားသလားဟုပင် တွေးလိုက်မိပြီး မျက်လုံးများကို ပွတ်သပ်ကာ ထပ်ခါတလဲလဲ ကြည့်လိုက်သည်။
ထိုသစ်သားကုတင်ပေါ်တွင် တကယ်ကို ဘယ်သူမှ ရှိမနေခဲ့ပေ။
"ရှောင်မို ဘယ်ရောက်သွားတာလဲ"
ယင်အချိန် (နံနက် ၃ နာရီမှ ၅ နာရီ) တစ်ဝက်ကျော်လွန်သွားချိန်တွင် နောက်ဆုံး၌ ရှောင်မိုက ခြံဝန်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ရှောင်မိုက မျက်လုံးထောင့်များကို ပွတ်သပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အင်အားကုန်ခမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။
အဲဒီလိုကိစ္စမျိုးက ဒီလောက်တောင် ခက်ခဲလိမ့်မယ်လို့ သူ တကယ်ကြီး မျှော်လင့်မထားခဲ့မိပေ။
ရှောင်မိုက သမ်းဝေလိုက်ပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် သူ၏ အခန်းထဲသို့ ပြန်လျှောက်သွားကာ ချက်ချင်းပင် အိပ်မောကျသွားခဲ့သည်။
ရှောင်မိုက နဂါးတံခါးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ရက်သုံးဆယ် ဆက်တိုက် မအိပ်ဘဲ နေခြင်းက ပြဿနာတစ်ခု မဟုတ်ပေ။
သို့သော် ကျင့်ကြံသူတစ်ယောက်အတွက် ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ အိပ်စက်ခြင်းသာဖြစ်ပြီး တရားထိုင်ခြင်းက ဒုတိယနေရာတွင်သာ ရှိလေသည်။
ရှောင်မိုက ယနေ့ည သူ ထွက်သွားချိန်တွင် ရုရွှယ်က ထုံးစံအတိုင်း သူ့ကို သေချာပေါက် သတိထားမိမည် မဟုတ်ဟု တွေးထားခဲ့သည်။
သို့သော် သူ ခြံဝန်းထဲသို့ ဝင်လာသည့် အခိုက်အတန့်တွင် ရုရွှယ်၏ မျက်လုံးများက သူ့ကို စောင့်ကြည့်နေနှင့်ပြီဆိုတာကိုတော့ သူ အနည်းငယ်မျှပင် မသိခဲ့ချေ။
ရှောင်မို နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီးနောက် ဘိုင်ရုရွှယ်က သူ၏ အခန်းထဲသို့ ထပ်မံ၍ တိတ်တိတ်လေး ဝင်သွားခဲ့သည်။
သူ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို ကြည့်ကာ ဘိုင်ရုရွှယ်၏ မိုးမခရွက်အလား မျက်ခုံးများက တွန့်ချိုးသွားခဲ့သည်။ ဤမျှ ညဉ့်နက်နေချိန်တွင် ရှောင်မို ဘယ်ကို သွားခဲ့တာလဲ။ သူ ဘယ်ကိုများ သွားနိုင်ပါ့မလဲ ဟု သူမ တွေးတောနေခဲ့သည်။
ဘိုင်ရုရွှယ်က ဟိုဟိုဒီဒီ ခန့်မှန်းတွေးတောနေစဉ်မှာပင် ဘေးတွင် ချထားသော ရှောင်မို၏ ဝတ်ရုံပြာကို သူမ သတိထားမိလိုက်သည်။
ခွေးတကောင်ပူးကပ်ခံထားရသကဲ့သို့ပင် ဘိုင်ရုရွှယ်က ရှောင်မို၏ ဝတ်ရုံပြာကို ကောက်ကိုင်လိုက်ပြီး သူမ၏ နှာခေါင်းနားသို့ တေ့ကာ နမ်းရှူကြည့်လိုက်သည်။
တစ်ခဏချင်းမှာပင်။
သူမ၏ လှပသော မက်မွန်ပန်းပွင့် မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။
ဘိုင်ရုရွှယ်က သူမ၏ လက်ထဲရှိ ဝတ်ရုံပြာကို ကြက်သေသေစွာ စိုက်ကြည့်နေမိပြီး သူမ၏ လက်သေးသေးလေးများက အလိုအလျောက် တင်းကျပ်စွာ ဆုပ်ကိုင်သွားခဲ့သည်။
ဘာလို့...
ဘာလို့ ရှောင်မိုရဲ့ ဝတ်ရုံပြာမှာ...
အခြားမိန်းမတစ်ယောက်ရဲ့ ရနံ့က ကပ်ငြိနေရတာလဲ။
အခန်း ၁၂၀ သူ တကယ်ပဲ အပြင်မှာ တခြားမိန်းမ ရှိနေတာလား။
နောက်တစ်နေ့ နံနက်စောစောတွင်။
ရှောင်မိုက နိုးလာပြီး အဝတ်အစားလဲကာ သူ၏ အခန်းထဲမှ ထွက်လာခဲ့သည်။
ထုံးစံအတိုင်း ရှောင်မို ခြံဝန်းထဲသို့ ခြေချလိုက်သည်နှင့် ဘိုင်ရုရွှယ်က မျက်နှာသစ်ရန် ရေနွေးများကို ပြင်ဆင်ပေးထားပြီး နံနက်စာ ချက်ပြုတ်ထားနှင့်ပြီဖြစ်သည်။
သို့သော် ရှောင်မို မျက်နှာသစ်နေစဉ် ရုရွှယ်က သူ့ကို ဆက်တိုက် ကြည့်နေသည်ကို သူ သတိပြုမိလိုက်သည်။
အစပိုင်းတွင် ရှောင်မိုက သူ၏ စိတ်ကူးသက်သက်ဟုသာ ထင်ခဲ့သည်။
သို့သော် နံနက်စာစားနေစဉ် ရုရွှယ်က သူ့ကို ရံဖန်ရံခါ လှမ်းကြည့်တတ်ပြီး သူက ပြန်ကြည့်လိုက်သောအခါ ရုရွှယ်က လျှပ်စစ်ဓာတ်လိုက်သွားသကဲ့သို့ သူမ၏ အကြည့်များကို အလျင်အမြန် လွှဲဖယ်သွားတတ်သည်။ သူက အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ ရုရွှယ်က သူ့ကို နောက်ထပ်တစ်ကြိမ် ခိုးကြည့်ပြန်သည်။
ရှောင်မို အတည်ပြုလိုက်နိုင်ပြီဖြစ်သည်။ ရုရွှယ်၏ စိတ်ထဲတွင် သေချာပေါက် တစ်ခုခု ရှိနေသည်။
"ရုရွှယ်၊ ဘာဖြစ်လို့လဲ။ ငါ့ကို ပြောစရာ တစ်ခုခု ရှိလို့လား" ရှောင်မိုက တူများကို ချထားလိုက်ပြီး မေးလိုက်သည်။
"မရှိပါဘူး" ဘိုင်ရုရွှယ်က နှုတ်ခမ်းဆူကာ နှာမှုတ်ပြီး မျက်နှာလွှဲသွားခဲ့သည်။
...
သူမ၏ ဒေါသထွက်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ သူမ၏ မရှိပါဘူး ဆိုသော စကားက တကယ်တော့ ရှိပါတယ် ဟု အဓိပ္ပာယ်ရကြောင်း ရှောင်မိုက မည်သို့လုပ် မသိဘဲ နေမည်နည်း။
သို့သော် ရှောင်မိုက ထိုအရာကို အလေးမထားခဲ့ပေ။
အကြောင်းမှာ သူ၏ ယခင်ဘဝကလည်း ရုရွှယ်က တစ်ခါတစ်ရံတွင် အကြောင်းပြချက်မရှိဘဲ အနည်းငယ် ဒေါသထွက်တတ်သော်လည်း အလျင်အမြန် ပြန်လည်အဆင်ပြေသွားတတ်သောကြောင့် ဖြစ်သည်။
နံနက်စာစားပြီးနောက် ရှောင်မိုက ယနေ့ ဆရာကြီးချီ၏ အတန်းကို သွားစရာမလိုသလို ဂိုဏ်းတူအစ်မရှန်ကလည်း သူမ၏ ကျောင်းအုပ်ကြီး အဘိုးနှင့်အတူ နွေဦးရာသီ ပျော်ပွဲစားထွက်သွားသောကြောင့် ရှောင်မိုက ခြံဝန်းထဲတွင်သာ နေကာ စာဖတ်နေလိုက်သည်။
သို့သော် ရုရွှယ်က သူမ၏ ဒေါသများ လျော့ကျသွားမည့် အရိပ်အယောင် မပြသည့်အပြင် ပို၍ ဒေါသထွက်လာပုံရသည်ကို ရှောင်မို သတိပြုမိလိုက်သည်။
ခြံဝန်းကို တံမြက်စည်းလှည်းရာတွင် ရုရွှယ်၏ လှုပ်ရှားမှုများက ကြီးမားပြီး အားပါနေကာ ကြမ်းပြင်ကပင် သူမကို အပြစ်လုပ်ထားသကဲ့သို့ သူ၏ ခြေထောက်များဆီသို့ ဆက်တိုက် လှည်းချနေခဲ့သည်။
အဝတ်များ ညှစ်ရာတွင်လည်း ရုရွှယ်က သူမ၏ အင်္ကျီလက်များကို ခေါက်တင်ကာ ပြင်းပြင်းထန်ထန် ညှစ်နေပြီး တစ်ခုခုကို ရေရွတ်နေပုံရသည်။
ရှောင်မိုက စာအုပ်ကို ချထားလိုက်ပြီး သူမအနီးသို့ လျှောက်သွားကာ နားစွင့်ကြည့်လိုက်သည်။
ထိုအခါမှသာ ရုရွှယ်က သူ့ကို ကျိန်ဆဲနေသည်ကို သူ ရှင်းလင်းစွာ ကြားလိုက်ရသည်။ "ရှောင်မို အပုပ်ကောင် ရှောင်မို လူဆိုး နွားငတုံးကောင်ကြီး အရမ်း ဒေါသထွက်တာပဲ၊ အရမ်း ဒေါသထွက်တာပဲ..."
မိန်းကလေး၏ ကျိန်ဆဲသံများကို ကြားလိုက်ရသောအခါ ရှောင်မိုက ပြုံးလိုက်ပြီး ဤတစ်ကြိမ်တော့ သူမကို ချော့မော့သင့်ပြီဟု ခံစားလိုက်ရသည်။
"ဒီအစေခံက သခင်မလေးကို ဘယ်လိုမျိုး အမျက်တော်ရှအောင် လုပ်မိလို့ပါလဲဗျာ" ရှောင်မိုက မေးလိုက်သည်။
"အာ"
ရှောင်မို၏ အသံကြောင့် လန့်ဖြန့်သွားသော ကြောင်ပေါက်လေးတစ်ကောင်အလား ဘိုင်ရုရွှယ်၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးမှာ တုန်ခါသွားခဲ့သည်။
"နင်—နင် ငါ့ကို လန့်သေအောင် လုပ်နေတာပဲ" ဘိုင်ရုရွှယ်က သူမ၏ လက်သီးကို မြှောက်ကာ ရှောင်မို၏ ရင်ဘတ်ကို အနည်းငယ် အားထည့်၍ ထုလိုက်သည်။
ဘိုင်ရုရွှယ်က အင်အားအနည်းငယ်သာ သုံးခဲ့သော်ငြားလည်း သူမက စစ်မှန်သောနဂါးနှင့် နီးစပ်သည့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားလေသည်။ ရှောင်မို၏ ရင်ဘတ်ထဲတွင် လှုပ်ခတ်သွားပြီး သွေးတစ်လုပ်ပင် အန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
"နင်—နင် အဆင်ပြေရဲ့လား" ရှောင်မို၏ အနည်းငယ် ဖြူရော်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ဘိုင်ရုရွှယ်က သူမ အနည်းငယ် ပြင်းပြင်းထန်ထန် ထုမိသွားကြောင်း သတိပြုမိလိုက်သည်။
"ရပါတယ်၊ ငါ အဆင်ပြေပါတယ်။" ရှောင်မိုက ပြုံးကာ ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ သခင်မလေး၊ ဒီအစေခံက သခင်မလေးကို ဘယ်လိုမျိုး ဒေါသထွက်အောင် လုပ်မိတယ်ဆိုတာများ ပြောပြနိုင်မလားဗျာ"
"ငါ—ငါ မပြောဘူး"
ထိုသို့ပြောပြီးသည်နှင့် ဘိုင်ရုရွှယ်က နောက်ဆုံး အဝတ်တစ်ထည်ကို ဝါးလုံးတန်းပေါ်တွင် လှန်းလိုက်ပြီး သူမ၏ အခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။
"ရုရွှယ်များ ငါ ညဘက် ဂိုဏ်းတူအစ်မရဲ့ ခြံဝန်းဆီ သွားတာကို သိသွားလို့လား"
ရှောင်မိုက တင်းကျပ်စွာ ပိတ်ထားသော တံခါးကို ကြည့်ကာ တွေးတောရင်း သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။
သူ ပိုတွေးလေလေ ဒါကသာ တစ်ခုတည်းသော ဖြစ်နိုင်ခြေဟု ရှောင်မို ခံစားရလေလေပင်။
"ထားလိုက်ပါတော့၊ နောက်တစ်ညလောက် ထပ်ပြီး လျှို့ဝှက်ထားလိုက်ဦးမယ်"
ရှောင်မိုက စိတ်ထဲမှ တွေးလိုက်ပြီး နောက်ဆုံးတစ်ရက်လောက် ဘာမှမသိသလို ဟန်ဆောင်နေရန် စီစဉ်လိုက်သည်။
အခန်းထဲတွင် ဘိုင်ရုရွှယ်က ပိတ်ထားသော တံခါးကို ကြည့်ကာ ခေါင်းအုံးတစ်လုံးကို တင်းကျပ်စွာ ဖက်ထားရင်း ရှောင်မိုက ဘာကြောင့် သူမဆီ လာမရှာသေးတာလဲဟု တွေးတောနေခဲ့သည်။
ပုံမှန်အားဖြင့် သူမ ဒေါသထွက်နေလျှင် သူက လာရောက်ချော့မော့လေ့ ရှိသည်။
"ရှောင်မို အပုပ်ကောင် နင်က ရှင်းပြဖို့တောင် မကြိုးစားတော့ဘူးလား။ နင်က ကျပန်း အကြောင်းပြချက်တစ်ခုခု ပေးပြီး ငါ့ကို လှည့်စားမယ်ဆိုရင်တောင် ငါက လှည့်စားခံရဖို့ လွယ်ပါတယ် ငါက ငတုံးမဆိုတော့ နင်ပြောသမျှ အားလုံးကို ငါ ယုံမှာပါ၊ ရှောင်မို အပုပ်ကောင်ရဲ့"
ဘိုင်ရုရွှယ်က ကုတင်ပေါ်တွင် ကွေးကွေးလေး အိပ်နေပြီး သူမ၏ ငွေဖြူရောင် ဆံကေသာများက သူမ၏ ပါးပြင်ကို ပွတ်တိုက်နေခဲ့သည်။
"နေ့လယ်စာ မချက်ပေးတော့ဘူး လူဆိုးကြီး၊ ငတ်ပြီးသာ သေလိုက်တော့"
ဘိုင်ရုရွှယ်က ထိုသို့ပြောခဲ့သော်ငြားလည်း မွန်းတည့်ချိန် နီးကပ်လာသောအခါ ရှောင်မို တကယ်ပဲ ဗိုက်ဆာနေမလားဟု သူမ စိုးရိမ်လာခဲ့သည်။
သူမက သူမ၏ ဆံပင်များကို သပ်ရပ်သွားစေရန် ပြင်ဆင်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ အခန်းထဲမှ ထွက်လာခဲ့ပြီး အံတုနေသော ကြက်မကြီးတစ်ကောင်အလား ဟင်းချက်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
ဘိုင်ရုရွှယ်၏ စိတ်ကောက်ပြီး သဝန်တိုနေသော အမူအရာလေးများကို ကြည့်ကာ ရှောင်မိုက အတော်လေး ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
သို့သော် ရှောင်မိုက အပြစ်ရှိသလိုလည်း ခံစားနေရသည်။
အကြောင်းမှာ ရုရွှယ်က ယခုအချိန်တွင် အလွန်အမင်း စိတ်မကောင်းဖြစ်နေမည်မှာ သေချာသောကြောင့်ပင်။
ဒါပေမဲ့ အခုချိန်မှာ သူက တကယ်ကို ဘာမှပြောပြလို့ မရသေးဘူးလေ။
ထို့ကြောင့် ရှောင်မိုက ဘာမှမမြင်သလို ဟန်ဆောင်နေရုံသာ တတ်နိုင်တော့သည်။
နေ့လယ်စာစားပြီးနောက် ဘိုင်ရုရွှယ်က ပန်းကန်များ ဆေးကြောပြီး သူမ၏ အခန်းထဲသို့ ပြန်ဝင်ကာ ဆက်လက် စိတ်ကောက်နေလိုက်သည်။
"ရှောင်မို အပုပ်ကောင် ရှောင်မို အပုပ်ကောင် နင် ငါ့ကို ရိုးသွားပြီလား။ ငါ့ထက်လှတဲ့ သူနဲ့များ တွေ့နေပြီလား။ ရှောင်မို အပုပ်ကောင်"
ကุတင်ပေါ်တွင် လှဲလျောင်းနေရင်း ဘိုင်ရုရွှယ်က စောင်ကို သူမ၏ တောင့်တင်းလုံးဝန်းသော ပေါင်တံများကြားတွင် ညှပ်ထားကာ ရှောင်မိုအဖြစ် သဘောထားပြီး သူမ၏ လက်သီးဆုပ်လေးဖြင့် ထပ်ခါတလဲလဲ ထိုးကြိတ်နေခဲ့သည်။
သို့သော် သူမ၏ ဒေါသများ လျော့ကျသွားသောအခါ ဘိုင်ရုရွှယ်က သူမကိုယ်သူမ အလွန်အကျွံ တွေးတောနေမိသလားဟုလည်း တွေးမိသွားသည်။
ရှောင်မို၏ အဝတ်အစားပေါ်မှ အမျိုးသမီးတစ်ဦး၏ ရနံ့ကိုသာ အားကိုးပြီး ကောက်ချက်ချလိုက်ခြင်းက သူမအတွက် အရမ်း မလွန်လွန်းဘူးလား။
ရှောင်မိုက မနေ့ညက ကျောင်းတော်က တခြားတပည့်တွေ ဖိတ်ကြားတဲ့ ကဗျာရွတ်ဆိုပွဲကို သွားခဲ့ရင်ရော။
အဲဒီပွဲမှာ တခြားအမျိုးသမီးတွေ ရှိနေပြီး အဲဒီအမျိုးသမီးတွေက အရှက်မရှိဘဲ ရှောင်မိုကို တမင်တကာ ပွတ်သီးပွတ်သပ် လုပ်လို့ သူက မတော်တဆ သူတို့ရဲ့ ရနံ့တွေ ကူးစက်လာခဲ့တာဆိုရင်ရော။
"ဒါဆို... ငါက ရှောင်မိုကို အထင်လွဲမိနေတာဆိုရင်ရော"
ထိုသို့တွေးမိသွားသောအခါ ဘိုင်ရုရွှယ်က ကုတင်ပေါ်မှ ထိုင်ရက်သား ဖြစ်သွားပြီး ၎င်းက ဖြစ်နိုင်ခြေတစ်ခုဟု ခံစားလိုက်ရသည်။
"ဒီည ရှောင်မို ဒီည ထပ်ပြီး အပြင်ထွက်မထွက် ငါ စောင့်ကြည့်မယ်"
ဘိုင်ရုရွှယ်က စောင်ကို ဆုပ်ကိုင်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။
ညနေခင်းတွင် ညဉ့်နက်လာသည်နှင့်အမျှ ဘိုင်ရုရွှယ်က စောစောအိပ်ရန် သူမ၏ အခန်းသို့ ပြန်ဝင်သွားခဲ့သည်။
တကယ်တမ်းတွင် ဘိုင်ရုရွှယ်က ရှောင်မို၏ အခန်းကို တိတ်တိတ်လေး စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
"ကလစ်"
ကျီအချိန် (ည ၁၁ နာရီမှ ၁ နာရီ) သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ရှောင်မို၏ တံခါးက ပွင့်လာပြီး သူက ခြံဝန်းထဲမှ ထွက်လာခဲ့သည်။
ရှောင်မို ခိုးထွက်သွားသည်ကို မြင်လိုက်ရသောအခါ ဘိုင်ရုရွှယ် စိုးရိမ်ပူပန်သွားခဲ့သည်။ သူမက သူမ၏ အငွေ့အသက်ကို ဖုံးကွယ်လိုက်ပြီး ရှောင်မို၏ နောက်မှ တိတ်ဆိတ်စွာ လိုက်သွားခဲ့သည်။
သူမ လမ်းလျှောက်နေရင်း ဘိုင်ရုရွှယ် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။
ဤလမ်းက ရှန်ကျိုးလီ၏ ခြံဝန်းဆီသို့ ဦးတည်နေပုံရသည်။
"ရှောင်မိုနဲ့ ရှန်ကျိုးလီများ..."
ဘိုင်ရုရွှယ်၏ နှလုံးသားက ပိုပိုပြီး စိုးရိမ်ပူပန်လာခဲ့သည်။
ဘိုင်ရုရွှယ်က ရှောင်မိုနောက်သို့ ဆက်လိုက်ရန် သတ္တိများပင် တဖြည်းဖြည်း ပျောက်ဆုံးနေခဲ့ပြီဖြစ်သည်။
အကယ်၍ သူမ ရှေ့ဆက်သွားပြီး အမှန်တရားကို သိလိုက်ရပါက သူမ ခံနိုင်ရည်ရှိမည် မဟုတ်ဟု ဘိုင်ရုရွှယ် စိုးရိမ်နေခဲ့သည်။
"ငါ ပြန်လှည့်သွားသင့်ပြီလား"
ဘိုင်ရုရွှယ်၏ မျက်လုံးများက တဖျပ်ဖျပ်ခတ်သွားပြီး သူမ၏ နှာခေါင်းလေးက ကျိန်းစပ်လာခဲ့သည်။
ငါ ပြန်လှည့်သွားပြီး မနေ့ညနဲ့ ဒီနေ့ည ကိစ္စတွေကို မေ့ပစ်လိုက်မယ်ဆိုရင်၊ ပြီးတော့ ရှောင်မိုကလည်း ငါ့ကို ဘာမှမပြောပြဘူးဆိုရင် ငါက ဘာမှမသိသလို ဟန်ဆောင်နေလို့ ရပါတယ်...
သို့သော် ရှောင်မို၏ တဖြည်းဖြည်း ဝေးကွာသွားသော ကျောပြင်ကို ကြည့်ရင်း ဘိုင်ရုရွှယ်မှာ မခံစားနိုင်တော့ဘဲ နောက်ဆုံးတွင် နောက်မှလိုက်ရန် ရွေးချယ်လိုက်သည်။
မိန်းကလေး၏ နှလုံးသားထဲတွင် တကယ်တော့ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ရှိနေဆဲပင်။
အကယ်၍များ...
သူမက ရှောင်မိုကို တကယ်ပဲ အထင်လွဲနေတာဆိုရင်ရော။
ရှောင်မိုနဲ့ ရှန်ကျိုးလီတို့ကြားမှာ ဘာမှမရှိတာဆိုရင်ရော။
သို့ပေမဲ့ နောက်ဆုံးမှာတော့...
ရှောင်မိုက ရှန်ကျိုးလီ၏ ခြံဝန်းဆီသို့ တကယ်ရောက်သွားပြီး ခြံဝန်းထဲသို့ ကျွမ်းကျင်စွာ ဝင်ရောက်ကာ တံခါးခေါက်လိုက်သည်ကို၊ ထို့နောက် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသော ရှန်ကျိုးလီက ရှောင်မိုကို အခန်းထဲသို့ ဆွဲသွင်းသွားသည်ကို ဘိုင်ရုရွှယ် မြင်လိုက်ရသောအခါ...
ဘိုင်ရုရွှယ်က မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကြက်သေသေ ရပ်နေမိခဲ့သည်
ရှောင်မို...
သူ...
သူ တကယ်ပဲ အပြင်မှာ တခြားမိန်းမ ရှိနေတာပဲ။