မက်မွန်သီး ခုနစ်လုံးတောင်
Vol. 5 Ch. 461
ချန်ချင်က အိမ်ထဲမှ မထွက်ခွာ သွားချင်ဘူးဆိုသည့် အတွက် ဆန်းလျန်သည် မည်သို့မျှ မတတ်နိုင်ပါ။
ဆန်းလျန်က ပန်းချီကားကို စူးစိုက် ကြည့်လိုက်သည်။ တာအိုဆရာ၏ ပုံတူပန်းချီသည် ပန်းချီကားထဲတွင် ရှိမနေတော့ပါ။ ပန်းချီကားပေါ်တွင် မီးပုံသဏ္ဌာန် သင်္ကေတ အမှတ်အသား တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
သမာဓိ မီးတောက်သည် “မီး” အားလုံး၏ အနှစ်သာရ ဖြစ်လေသည်။ တာအိုဆရာသည် သမာဓိ မီးတောက်၏ အရိပ်အမြွက် လေးမျှကိုသာ ပန်းချီကားထဲတွင် ထားခဲ့သည့်တိုင် သမာဓိ မီးတောက်၏ ထူးခြားချက်ကိုတော့ ခံစားနေ ရဆဲဖြစ်လေသည်။
ပန်းချီကားချပ် နံရံတွင် ချိတ်ဆွဲထားခြင်းမှာ တမင်သက်သက် အလှဆင်ထားခြင်း မဟုတ်ပါ။ အအေး စွမ်းအားတစ်ခုကို ဖိနှိပ်ထားခြင်းသာ ဖြစ်လေသည်။
ဆန်းလျန်ကြောင့် သမာဓိ မီးတောက် အရံအတား ပျက်စီးသွားရပြီ ဖြစ်သည့်အတွက် အအေး စွမ်းအားသည် ထွက်ပေါ် လာတော့မည် ဖြစ်လေသည်။ ချန်ချင်သည် ယခု ရက်ပိုင်း အတွင်းတွင် ဝိညာဉ်စွမ်းအား သစ်သီးများကို စားထားသည့်တိုင် သူမ၏ခန္ဓာကိုယ်က ဟန်ယင်းလောက် ကြံ့ခိုင်ခြင်း မရှိပါ။ ထို့ကြောင့် အအေးစွမ်းအား ထွက်ပေါ်လာသည့် အခါ သူမသည် နာကျင် ခံစား ရနိုင်လေသည်။
ဆန်းလျန်သည် ပန်းချီကားကို သုံးစက္ကန့်မျှ စိုက်ကြည့် နေလေသည်။ ထို့နောက်တွင်တော့ ဆန်းလျန်၏ မျက်ဝန်းဆီမှ ငွေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ခန်းမ တစ်ခုလုံးတွင် တက်နေသော ဖုံမှုန့်များ အားလုံး သန့်ရှင်း သွားလေသည်။
ပန်းချီကားထက်မှ မီးသင်္ကေတ ပုံသဏ္ဌာန် ပျောက်ကွယ်သွားပြီး ပန်းချီကားသည် ဗလာ ဖြစ်သွားလေသည်။ ထိုပန်းချီကားသည် တဖြည်းဖြည်း ကျယ်ပျံ့လာပြီး တံခါးတစ်ခု အဖြစ် အသွင် ပြောင်းသွား လေသည်။ ထိုတံခါးအတွင်းမှ ကျောရိုး တစ်လျှောက်လုံး စိမ့်သွား ရလောက်အောင် အေးခဲလွန်းသည့် အအေးစွမ်းအား တစ်ခု ထွက်ပေါ် လာလေသည်။
ချန်ချင်မှာ ထိုအအေး စွမ်းအားဒဏ်ကို ခံနိုင်ရည်မရှိပေ။ ယခုတော့ ဆန်းလျန်က သူမကို အိမ်အပြင်သို့ ထွက်ခွာရန် အဘယ်ကြောင့် ပြောရသည်ကို နားလည်သွားပြီ ဖြစ်လေသည်။
ကျားနက်ကြီးမှာလည်း အအေးဒဏ်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ထုံထိုင်း အေးခဲ နေသကဲ့သို့ပင် ခံစား နေရလေသည်။
သူ၏ခန္ဓာကိုယ်က အအေးဒဏ်ကို ခံနိုင်သော်လည်း စပါးအုံးမြွေကြီးနှင့် တိုက်ခိုက်စဉ်က ရရှိထားသည့် ဒဏ်ရာသည် အအေးဒဏ်ကြောင့် အလွန်နာကျင် လာရလေသည်။
ဆန်းလျန်သည် တံခါးအတွင်းမှ ထွက်ပေါ်လာသည့် အအေးစွမ်းအားကို ကြိတ်ပြီး ချီးကျူး လိုက်မိသည်။ ထိုအအေးစွမ်းအားမှာ အစွန်း ယောက်ယင် စွမ်းအားကဲ့သို့ သန့်စင်လွန်းသည့် အအေး စွမ်းအားပင် ဖြစ်လေသည်။
ခန်းမထဲမှ အအေးစွမ်းအားများ အနည်းငယ် လျော့ကျ သွားတော့မှ ဆန်းလျန်က တံခါး အတွင်းသို့ ဝင်ရန် ဟန်ယင်းကို ပြောလိုက်သည်။
ဟန်ယင်းသည် ဆန်းလျန်ကို ချီကာ တံခါးအတွင်းသို့ ဝင်သွား လိုက်လေသည်။
တံခါး အနောက်ဘက်တွင် အလွန်ထူးခြားသည့် နေရာတစ်ခု ရှိနေလေသည်။
စိမ်းလန်းစိုပြည်သည့် မြက်ခင်းလွင်ပြင် တစ်ခုကို တွေ့မြင်နိုင်ပြီး ထိုမြက်ခင်း လွင်ပြင် အလယ်တွင် ရေတွင်းတစ်တွင်း ရှိနေလေသည်။
အလွန်ဝေးကွာသည့် နေရာတစ်ခုတွင်တော့….
မက်မွန်သီး ခုနစ်လုံးတောင်ဟု ခေါ်သော တောင်တစ်တောင် ရှိလေသည်။
ထိုတောင်ထိပ်တွင် မက်မွန်သီးခုနစ်လုံးသာ သီးနေသည့်မက်မွန်ပင်တစ်ပင်ရှိသည့်အတွက် ထိုတောင်ကို မက်မွန်သီးခုနစ်လုံးတောင်ဟု ခေါ်ခြင်းဖြစ်လေသည်။ ထို မက်မွန်ပင်မှ မက်မွန်သီး ခုနစ်လုံးသည် မည်သည့်အခါမှ ကြွေကျခြင်း မရှိဘဲ အပင်ထက်တွင် ထာဝရ သီးနေခြင်း ဖြစ်လေသည်။
တစ်ချိန်က မက်မွန်သီး ခုနစ်လုံးတောင်တွင် ပြင်းထန်လွန်းသည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပြီး မရေမတွက် နိုင်သော ဝိညာဉ်များ စတေး ခဲ့ရလေသည်။ မက်မွန်သီး ခုနစ်လုံးသီးသည့် မက်မွန်ပင် စတင် ပေါက်ဖွားလာသည့် အချိန်ရောက်မှသာ ဝိညာဉ်များ တဖြည်းဖြည်း ပျောက်ကွယ် သွားခြင်း ဖြစ်လေသည်။
ဒဏ္ဍာရီ အရဆိုလျှင် တစ်ချိန်တုန်းက သစ်ခုတ်သမား တစ်ယောက်သည် တောင်ပေါ်သို့ တက်လာသည့် အချိန်တွင် လူသား မျက်နှာပုံစံများဖြင့် မက်မွန်သီး ခုနစ်လုံးကို တွေ့ခဲ့သည်။ သစ်ခုတ်သမားမှာ အလွန် တုန်လှုပ် ချောက်ချားသွားပြီး ရွာသို့ပြန်ကာ အခြား ရွာသူရွာသားများကို ပြောပြခဲ့လေသည်။ ရွာသားများက တောင်ပေါ်သို့ လိုက်လံ ကြည့်ရှုကြသည့် အခါတွင်တော့ မက်မွန်ပင်မှာ မရှိတော့ပေ။ မက်မွန်ပင် အမြစ်မှ ကျွတ်ထွက် သွားသည့် အရာကိုသာ တွေ့ရတော့သည်။
သို့သော် ထိုမက်မွန်ပင်မှာ သရဲခြောက်သည်ဆိုသည့် ကောလာဟလကတော့ ချက်ချင်းပင် ပျံ့နှံ့ သွားခဲ့လေသည်။
လွန်ခဲ့သည့် သုံးနှစ်ခန့်ကတော့ မက်မွန်သီး ခုနစ်လုံး တောင်ပေါ်သို့ တာအိုဆရာ တစ်ပါး ရောက်လာ ခဲ့လေသည်။ ရွာသူရွာသားများမှာ တာအိုဆရာကို ကြောက်လန့်ကြသည့် အတွက် ခပ်ဝေးဝေး ရှောင်ကြလေသည်။ သို့သော် တာအိုဆရာကတော့ ပရိတ်ရေများကို အသုံးပြုကာ နေမကောင်းသည့် ရွာသားများကို ဆေးကုသ ပေးလေသည်။ ထိုအခါမှ ရွာသားများသည် တာအိုဆရာကို မကြောက်ရွံ့ကြတော့ဘဲ ပွင့်ပွင့်လင်းလင်းနှင့် ခင်မင် လာကြလေသည်။
တာအိုဆရာက…
"ထိုက်စန့် ဆရာသခင်ကို ဦးထိပ်ထားပြီး ထိုက်ချင်တာအို ကျောင်းတော်ကို ယခင် မက်မွန်ပင် တည်ရှိခဲ့ရာနေရာတွင် ဆောက်လုပ်လိုကြောင်းနှင့်၊ သူက တာအိုကျောင်းတော်တွင် ကျောင်းထိုင်မည့် ဆရာသခင် ဖြစ်ကြောင်း"
ပြောပြလေသည်။
ရွာသားများကလည်း တက်တက်ကြွကြွနှင့် ကူညီလိုက်ကြလေရာ နှစ်ရက် အတွင်းမှာပင် တာအိုကျောင်းတော် တစ်ခု တည်ဆောက် ပြီးစီး သွားလေသည်။ တာအိုဆရာက ထိုတာအို ကျောင်းတော်တွင် နေထိုင်လေသည်။
ရွာသားများက တာအိုကျောင်းတော်တွင် ဝတ်ပြု ကိုးကွယ်မှုများ ပြုလုပ်ကြပြီး တာအိုဆရာထံမှ တာအိုကျမ်းစာများ သင်ယူ ဖတ်ရှုကြလေ့ ရှိလေသည်။ တာအိုဆရာကလည်း ရွာသားများကို အမြဲတမ်း ကြိုဆိုလျက် ရှိပြီး တာအိုကျမ်းစာများကို တတ်နိုင်သမျှ သင်ကြား ပေးလေသည်။ ရွာသားများသည် တာအိုဆရာကို ကြည်ညိုသည်ထက် ကြည်ညို လာကြလေသည်။
တာအိုဆရာသည် အစိမ်းရောင် အလင်းတန်းများ လင်းလက်နေသည့် လက်စွပ် တစ်ကွင်းဖြင့် မက်မွန်သီး ခုနစ်လုံးတောင်ကို နတ်ဆိုးများ၊ မိစ္ဆာများရန်မှ ကာကွယ် ပေးထားလေသည်။
ယခုတော့ တာအိုဆရာသည် တာအို ကျောင်းတော်ထဲတွင် တရား ထိုင်နေလေသည်။
တရားထိုင်နေရင်း သူ၏ စိတ်အာရုံသည် ဖျတ်ခနဲ နိုးကြွလာလေသည်။
"ရှီးလျန်ဆိုတာ ကန္တာရလို စုတ်ပြတ်တဲ့ နေရာတစ်ခုပဲ၊ မိုးမြေ စွမ်းအားတွေလည်း မကောင်းဘူး၊ ကျယ်ယန်းတောင်မှာ ငါထားခဲ့တဲ့ အရံအတားကို ချိုးဖျက် ပစ်နိုင်လောက်အောင် အဆင့်မြင့်တဲ့ ကျင့်ကြံသူ တစ်ယောက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ"
တာအိုဆရာက တွေးလိုက်မိလေသည်။
ကျယ်ယန်းတောင်မှာ သူကျင့်စဉ် ကျင့်ကြံခဲ့သည့် နေရာတစ်ခု ဖြစ်လေသည်။ သူက ထိုနေရာတွင် ယင်အအေး စွမ်းအား အရံအတားတစ်ခုကို ပြုလုပ် ထားခဲ့လေသည်။ သူက ကျယ်ယန်းတောင်မှ ယင်အအေး စွမ်းအား စမ်းရေတွင်းမှ ယင်စွမ်းအားများကို အသုံးပြုကာ ကျင့်စဉ် တစ်ခုကို အောင်မြင်အောင် ကျင့်ကြံခဲ့ပြီးနောက် မက်မွန်သီး ခုနစ်လုံးတောင်သို့ ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
ကျယ်ယန်းတောင်မှာ မိုးမြေစွမ်းအားများ ကောင်းမွန်းခြင်း သိမ်မရှိသည့်တိုင် ကျင့်ကြံသူများ အတွက်တော့ ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်လေသည်။ အထူးသဖြင့် ယင်စွမ်းအား ကျင့်ကြံသူများ အတွက် ဖြစ်လေသည်။ နောင်တစ်ချိန်တွင် သူက တပည့် တစ်ယောက် မွေးမည်ဆိုလျှင် ကျယ်ယန်းတောင်သည် အလွန် အသုံးဝင်လာမည် ဖြစ်လေသည်။ ထို့ကြောင့်သူက သူမွေးထားသည့် စပါးအုံးမြွေကြီးကို အသွင်ပြောင်း ပြဒါးဆေးကျွေးကာ ထိုနေရာကို စောင့်ရှောက် ခိုင်းထား ခဲ့လေသည်။ မြွေကြီးသည် သူတွေ့ရှိထားသည့် ယင်စွမ်းအား စမ်းရေတွင်း တည်ရှိသည့် နေရာ ကိုကာကွယ် ပေးနိုင်မည် ဖြစ်လေသည်။
သူမွေးထားသည့် ဧရာမမြွေကြီးမှာ ရက်စက် ကြမ်းတမ်းသည့် မြွေဆိုးကြီး ဖြစ်လေသည်။ ထို့ပြင် သူက မြွေကြီး၏ ဝိညာဉ်ထဲတွင် သူ၏ စိတ်အာရုံ စူးစိုက်မှုကို ထည့်သွင်း ပေးထားသည့် အတွက် တစ်စုံတစ်ခု ထူးခြားလျှင် သူက သိရှိနိုင်လေသည်။
ယခုတော့ သူပြုလုပ်ထားသည့် ယင်အအေး စွမ်းအား အရံအတားသည် ပျက်စီးသွားခဲ့ပြီး မြွေကြီးမှာလည်း အသတ်ခံခဲ့ရပြီ ဖြစ်လေသည်။
သူက ကျင့်ကြံမှုကို ထိခိုက်မည် စိုးရိမ်သည့်အတွက် ကျယ်ယန်းတောင်တွင် မည်သည့် အကြောင်းအရာများ ဖြစ်ပျက်နေသည်ကို သွားရောက် ကြည့်သင့်မကြည့်သင့် တွေဝေ နေမိလေသည်။ သို့သော် သူ့အတွက် ကျယ်ယန်းတောင်ကို လျစ်လျူရှု ထားရန်မှာလည်း မဖြစ်နိုင်ပြန်ပေ။
ယခုတော့ သူသည် ကျင့်စဉ်လည်း ဆက်လက် ကျင့်ကြံ၍ မရတော့ပေ။
သူသေသေချာချာ မွေးမြူထားခဲ့သည့် စပါးအုံးမြွေကြီး သေဆုံး သွားရသည်မှာတော့ နှမြောစရာ ဖြစ်လေသည်။ အခြေအနေကတော့ ကောင်းလာနိုင်မည် မဟုတ်ဟု သူတွေးနေ မိလေသည်။
ထို့ကြောင့် သူက မိုင်တစ်ထောင် ခရီးသွားအင်းချပ်ကို အသုံးပြုကာ ကျယ်ယန်းတောင် အခြေအနေကို သွားရောက် ကြည့်ရှုရန်အတွက် လူတစ်ယောက်ကို စေလွှတ် လိုက်လေသည်။
ဆန်းလျန်က မြက်ခင်းလွင်ပြင် အလယ်မှ ရေတွင်းလေးကို ကြည့်လိုက်လေသည်။
ချန်ချင်နှင့် ဟန်ယင်းတို့မှာ အရွယ်ရောက်ပြီးသား လူများဖြစ်ကြသည့် အတွက် သူတို့၏ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုက ရပ်တန့်သွားပြီ ဖြစ်လေသည်။ သို့သော် ထိုရေတွင်းမှ ရေကတော့ ခန္ဓာကိုယ် ဖွဲ့စည်းမှုကို ပြန်လည် ပုံသွင်း ပြုပြင်နိုင်ပြီး အနည်းဆုံးတော့ ကျင့်စဉ်လမ်း အတွက် အထောက်အကူ ပြုစေနိုင်မည် ဖြစ်လေသည်။
ဆန်းလျန်က ချန်ချင်ကို ကြည့်လိုက်ပြီး…
“အမေ…. ကျယ်ယန်းတောင်က ရှီးလျန်မြို့တော်ရဲ့ ပိုင်နက်ထဲမှာ ရှိတာလား”
“ရှီးလျန်မြို့တော်ရဲ့ မိုင်တစ်ရာ ပတ်လည်ကို ရှီးလျန်ရဲ့ပိုင်နက်လို့ သတ်မှတ်လို့ ရတယ်၊ ဒါဆို ကျယ်ယန်းတောင်ကလည်း ရှီးလျန် ပိုင်နက်ထဲမှာလို့ ပြောလို့ရတယ်”
“အရမ်းကောင်းတယ်၊ အနာဂတ်မှာ ဒီနေရာကို သူများလာတောင်းရင် ပေးစရာမလိုဘူး၊ ဒီနေရာက ကျွန်တော်တို့ရဲ့ ဘိုးဘွားပိုင်မြေပဲ”
ဆန်းလျန်ပြောလိုက်သည့် စကားလုံးများက များစွာ အဓိပ္ပာယ် ပြည့်ဝလေသည်။
ဆန်းလျန် ပြောနေသည့် စကားများကို ဟန်ယင်းက နားမလည်သည့်တိုင် ချန်ချင်ကတော့ နားလည်လေသည်။ ဆန်းလျန်က ယခု သူရောက်ရှိနေသည့် အိမ်တော်မှာ ရှီးလျန်မြို့တော်၏ အခွင့်မရဘဲ ဆောက်လုပ်ထားသည့် အိမ်တော်ဖြစ်သည့် အတွက် မင်းအမိန့်ဖြင့် သိမ်းပိုက်လိုက်ပြီ ဖြစ်လေသည်။ မည်သူ ပြန်လာတောင်းတောင်း သူက ပြန်ပေးတော့မည် မဟုတ်ပေ။
ထိုသို့ အာဏာသုံးပြီး အပိုင်သိမ်းသည်မှာ သင့်တော်သည့် အလုပ်မဟုတ်ဟု ချန်ချင်က တွေးနေ မိလေသည်။ သူတို့က ရှီးလျန်မှ ခဏတစ်ဖြုတ် လာရောက် နေထိုင်ကြသည့် သူများသာဖြစ်ပြီး သူတစ်ပါး၏နေရာကို အပိုင်သိမ်းရန်မှာတော့ မသင့်တော်လှပေ။
သို့သော် ဆန်းလျန်ကို ကြည့်ရသည်မှာ အခြား အကြံအစည် တစ်ခုခု ရှိနေပုံရလေသည်။ မည်သို့ပင်ဖြစ်စေ ကျယ်ယန်းတောင်သည် ရှီးလျန်မြို့တော် ပိုင်နက်ဒေသ ဖြစ်သည့်အတွက် ဆန်းလျန် အနေဖြင့် အတင်းအကျပ် သိမ်းပိုက်လိုသည်ဆိုလျှင် မည်သူက တားဆီး ရဲပါမည်နည်း။
ယင်အအေး စွမ်းအားစမ်းရေတွင်းမှ ရေကို အသုံးပြုကာ ဆန်းလျန်သည် ဟန်ယင်းနှင့် ချန်ချင်တို့ကို ကျင့်စဉ်များ စတင် သင်ကြား ပေးလေသည်။ လွန်ခဲ့သည့်ရက်များက ဟန်ယင်းနှင့် ချန်ချင်ကို သင်ကြားပေးရန် အတွက် ဆန်းလျန်က စန်းကျူကျင့်စဉ်ကို အဆင့်မြှင့်ကာ ပြန်လည် ရေးသားခဲ့လေသည်။
စန်းကျူကျမ်းစာမှာ ချင်းရွှမ်နတ်တံခါးမှ အကောင်းဆုံး အခြေခံ ကျင့်စဉ် မဟုတ်သည့်တိုင် ပြင်ပမှ မိုးမြေ စွမ်းအားများကို ခန္ဓာကိုယ် အတွင်းသို့ စီးဝင်စေပြီး အတွင်းအားဖြစ် ပြောင်းလဲ ပစ်နိုင်လေသည်။ ထိုကျင့်စဉ်ကို စတင် ကျင့်ကြံခြင်းဖြင့် ခန္ဓာကိုယ်၏ အခြေအနေ တိုးတက်စေပြီး ကျင့်စဉ် လမ်းအတွက် အခြေခံ ရနိုင်လေသည်။
***