← Chapters

ကောင်းကင်နတ်ဘုရားမဟာမိတ်သို့ ပြန်သွားခြင်း

Vol. 93 Ch. 1290

ကောင်းကင်နတ်ဘုရားမဟာမိတ်သို့ ပြန်သွားခြင်း

Vol. 93 Ch. 1290

“မဖြစ်နိုင်တာ မရှိဘူး” မန်ဟိုက အေးစက်စက် နှာမှုတ်ကာ ပြောသည်။ သူ၏နတ်ဘုရားအာရုံက အရှိန်အဟုန်ပြင်းစွာ ဖြာထွက်သွားပြီး မမြင်ရသောလက်ကြီးတစ်ဖက်၏ မွှေနှောက်ခြင်းခံနေရသည့်အလား မြူများမှာ တဖွေးဖွေး လှုပ်လာတော့သည်။ မြူအားလုံး ဝဲကဲ့သို့ လည်လာရန် တခဏသာ ကြာလိုက်သည်။

အပေါ်စီးမှ ငုံ့ကြည့်လျှင် အာကာသထဲရှိ မြူများအားလုံးသည် တိတ်ဆိတ်မှုကို ဖြိုခွဲနေသော တဝေါဝေါမြည်သံများကို အရပ်လေးမျက်နှာသို့ ထုတ်လွှတ်နေသည့် ဝဲကြီးတစ်ဝဲ ဖြစ်လာခဲ့ကြောင်း မြင်ရလိမ့်မည်။

မန်ဟိုကား ပုံရိပ်ယောင်တစ်ခုပမာ ခန္ဓာကိုယ်တစ်ကိုယ်လုံး မှုန်ဝါးနေလျက် ဝဲ၏အလယ်ဗဟိုတွင် အေးအေးဆေးဆေး ပျံဝဲနေသည်။ တစ်ချိန်တည်းမှာပင် သူ၏နတ်ဘုရားအာရုံစွမ်းအားဖြင့် ပေါင်းစည်းထားသော ဝိညာဉ်စွမ်းအား၊ အစွမ်းထက်သောအရှိန်အဝါက သူ့ကိုယ်ထဲမှ ပေါ်ထွက်လာသည်။

ဤအခိုက်အတန့်တွင် မန်ဟို၏နတ်ဘုရားအာရုံသည် ပါရာဂွန်တစ်ဦး၏ စွမ်းအားနှင့် လေးဆယ်ရာခိုင်နှုန်း ညီမျှနေလေပြီ။

အဆိုပါစွမ်းအားမှာ သိပ်များပြားပုံမပေါ်သော်လည်း တကယ်တမ်း ကြောက်မခန်းလိလိအဆင့်တစ်ခုသို့ပင် ရောက်ရှိနေခဲ့လေပြီ။ အနှစ်သာရ ၅ ခု တာအိုဥသျှောင်အဆင့် နတ်ဘုရားအာရုံစွမ်းအားမှာ .... ပါရာဂွန်တစ်ဦး၏ စွမ်းအား၏ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသည်မဟုတ်ပါလော။ တောင်ပင်လယ်သခင်များပင်လျှင် အလွန်ဆုံး သုံးဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားလိမ့်မည်။ အထွတ်အထိပ်အဆင့် အနှစ်သာရ ၆ ခု တာအိုဥသျှောင်များသာလျှင် လေးဆယ်၊ ငါးဆယ်ရာခိုင်နှုန်းနှင့် နီးကပ်လာနိုင်သည်။

သို့သော် ယခုမူ မန်ဟို့၌ အနှစ်သာရ ၆ ခု တာအိုဥသျှောင်အဆင့် နတ်ဘုရားအာရုံ ရှိနေပြီဖြစ်ပြီး ၎င်း ဖြာထွက်လာသည့်အခါ မိုးကောင်းကင်နှင့် မြေကြီးတွင် စူးစူးရှရှအရောင်အဝါများ လင်းလက်သွားပြီး ကြယ်တာရာကောင်းကင်မှာ တုန်ရီလာသည်။ အနှစ်သာရ ၆ ခု တာအိုဥသျှောင်ကား ... ပါရာဂွန်အဆင့်ပြီးလျှင် အစွမ်းထက်ဆုံးဖြစ်တည်မှု မဟုတ်ပါလော။

ထိုမျှသာမက ပါရာဂွန်များသည် ကောက်ရိုးပုံထဲ အပ်ရှာရသလို အလွန်တရာ ရှားပါး၏။ များသောအားဖြင့် အနှစ်သာရ ၆ ခု တာအိုဥသျှောင်များကို အနှိုင်းမဲ့ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ကြလေသည်။

မန်ဟို၏နတ်ဘုရားအာရုံ ဖြာထွက်နေစဉ် သူ၏စွမ်းအင်သည် တဟုန်ထိုး မြင့်တက်လာ၏။ သူက ရှေ့သို့ လှမ်းလိုက်ပြီး သူ၏ခြေဖဝါးကျသွားသောအခါ ဂြိုဟ်သိမ်၏အရှေ့တည့်တည့်သို့ ပြန်ရောက်သွားလေပြီ။

ခြေတစ်လှမ်းသာ လှမ်းလိုက်ရသည်...

ထိုအခိုက်အတန့်တွင် အာကာသထဲမှ ဒေါသတကြီးဟိန်းဟောက်သံကြီး ထွက်လာပြီး အနီရောင်အကြေးခွံများနှင့် လက်ကြီးက မန်ဟို့ကို ရိုက်သတ်ဖို့ ဆန့်ထွက်လာသည်။

“ငါ့စောင့်နေတာလည်း ဒါပဲလေ” မန်ဟိုက အေးစက်စွာ နှာခေါင်းရှုံ့ရင်း ပြောသည်။ လက်ကြီး သူ့အပေါ် ကျရောက်လာလျှင် မန်ဟိုသည် လက်နှစ်ဖက်လုံးကို မြှောက်လိုက်ပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ တောက်ပနေလေသည်။

“ပေါက်ကွဲစမ်း” ထိုစကားကို သူ ရေရွတ်လိုက်သည်နှင့် သူ၏နတ်ဘုရားအာရုံ၏ လွှမ်းမိုးခြင်းခံထားရသော ဤဝဲကြီးမှာ မည်သည့်အရာကိုဆို တစစီ စုတ်ဖြဲပစ်နိုင်သော အဖျက်အစီးစွမ်းအားဖြင့် ပြည့်ဝလာသည်။ ထို့နောက် မန်ဟို၏တည်နေရာကို ဗဟိုပြုလျက် အနားသတ်များမှ စတင်၍ ပေါက်ကွဲလာတော့သည်။

အဝေးမှကြည့်လျှင် ဝဲကြီး၏အနားသတ်များသည် အလယ်ဗဟိုသို့ တစတစ တိုးကပ်သွားရင် တစ်လွှာပြီးတစ်လွှာ ပြိုကျနေသည့်အလား မြင်ရလိမ့်မည်။ အာကာသအတွင်းထဲ၌ ပုန်းအောင်းနေသော ဧရာမလက်ကြီး၏ခန္ဓာကိုယ်ပင်လျှင် မန်ဟို့နတ်ဘုရားအာရုံ၏ အဖျက်အစီးစွမ်းအား၏ လွှမ်းခြုံခြင်း ခံနေရသည်။

အုန်းးးးးးးးးးးးးးးးးးးးးးးးးးးး

ကြောက်ခမန်းလိလိ ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး အကြေးခွံလက်ကြီးမှာ မန်ဟို့ထံ လှမ်းရန် အခွင့်အရေးပင် မရလိုက်ပေ။ ၎င်းသည် နတ်ဘုရားအာရုံကြောင့် အစိတ်စိတ်အမြွှာမြွှာ ပြတ်ထွက်သွားသဖြင့် အားခနဲ အော်သံနက်ကြီးကို ကြားလိုက်ရ၏၊

တစ်ချိန်တည်းမှာပင် မန်ဟို့ထံမှ သိပ်မလှမ်းမကမ်းရှိ အာကာသထဲတွင် ဧရာမအရိပ်ကြီးတစ်ခုအား မြင်လာရသည်။ ကောက်ကြောင်းလေးသာ ဖြစ်၍ ရှင်းလင်းပြတ်သားစွာ မခွဲခြားနိုင်သော်လည်း ၎င်းက ခေါင်းမှ ထိုးထွက်နေသော ချိုကြီးနှစ်ချောင်းဖြင့် မီတာသုံးသောင်းတိတိ မြင့်မားလေသည်။ ၎င်းသည် ကြက်သွေးရောင်ဖြစ်ပြီး ထူးခြားသော နတ်မိစ္ဆာတစ်ကောင် ဖြစ်ဟန်တူ၏။ မန်ဟို၏ အဖျက်အစီးစွမ်းအား ၎င်းကို လွှမ်းခြုံနေစဉ် ၎င်းက ကြိမ်းဝါးလိုက်သည်။

“ငါ မင်းကို သတ်ပစ်မယ်” ၎င်းသည် မန်ဟို့နတ်ဘုရားအာရုံ၏စွမ်းအားကို ပြန်တိုက်ခိုက်နေရင်း သူ့ဆီ ပြေးဝင်လာတော့မည့်အလား ရှေ့တစ်လှမ်းပင် လှမ်းလိုက်သေး၏။

မန်ဟို ထိုအရိပ်ကြီးထံ လက်ဝှေ့ယမ်းလိုက်စဉ် သူ၏မျက်နှာထားသည် အေးစက်တင်းမာနေ၏။

“ထွက်သွားစမ်း” သူပြောလိုက်သမျှမှာ ... ဤတစ်ခွန်းသာ။

သို့သော် ထိုစကားတစ်ခွန်း သူ့နှုတ်ဖျားမှ ထွက်သွားလျှင်ချင်း သူ့နတ်ဘုရားအာရုံ၏စွမ်းအားသည် ပို၍ပင် ပေါက်ကွဲတော့မတတ် ဖြစ်လာ၏။ ယခုတွင် ၎င်းကား အရပ်လေးမျက်နှာသို့ ဖြာထွက်မနေဘဲ အမှတ်တစ်မှတ်တည်းတွင်သာ စုဆုံနေလေပြီ။ မန်ဟိုက သူ၏ပတ်ဝန်းကျင်ကို ကွဲကြဲစေမည့်အစား ဧရာမအရိပ်ကြီးကို ရိုက်ခတ်လိုက်သော လေမုန်တိုင်းတစ်လုံး ဖန်ဆင်းရန် ထိုစွမ်းအားအလုံးစုံကို အသုံးပြုလိုက်သည်။

တဝေါဝေါ ထစ်ချုန်းမြည်သံများ ပဲ့တင်ထပ်သွားပြီး ဧရာမသတ္တဝါကြီးမှာ မချိတင်ကဲ အော်ဟစ်လိုက်လေသည်။ ၎င်းသည် မန်ဟို့ဆီ မလာနိုင်တော့ဘဲ မန်ဟို့နတ်ဘုရားအာရုံလေမုန်တိုင်းကြောင့် ဆက်တိုက် တွန်းထုတ်ခံနေရ၏။

“ငါ ဒါကို လက်မခံနိုင်ဘူး” သတ္တဝါကြီးက ဒေါကြီးမောကြီး ဟိန်းဟောက်သည်။ သို့သော် ၎င်းမှာ အတွန်းထုတ်မခံရအောင် မတားနိုင်သဖြင့် မျက်စိတစ်မှိတ်အတွင်း အဝေးမှ အဝေးကြီးသို့ ရောက်ရှိသွားတော့သည်။

“ခင်ဗျားလည်း လက်မခံနိုင်သလို၊ ကျုပ်လည်း လက်မခံနိုင်ဘူး” မန်ဟိုက အေးစက်စွာ ပြောသည်။ “နောက်တစ်ခါ ... ခင်ဗျား ကျုပ်ကို လာရှာစရာမလိုဘူး။ ကျုပ် ခင်ဗျားကို လာရှာမယ်” ထို့နောက် သူသည် ဂြိုဟ်သိမ်ဆီ လျှောက်သွားပြီး အထဲသို့ ဆင်းလိုက်ရာ တင်ပျဉ်ခွေထိုင်နေသည့် သူ၏အပြင်အားကိုယ်ကို တွေ့လိုက်ရ၏။

သူ့ခန္ဓာကိုယ်မှာ အလွန်အကျူး ပိန်ချုံးနေပြီး သေခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေလေပြီ။ သူကား သေအံ့ဆဲဆဲ ဖြစ်နေ၏။

မန်ဟိုက အချိန်ဆွဲမနေတော့ဘဲ သူ့ခန္ဓာကိုယ်ဆီ ကပျာကယာ သွားပြီးနောက် ထပ်တူကျသောနေရာတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့စိတ်သည် ထစ်ချုပ်သွားပြီး သူ၏ဝိညာဉ်ကား ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားလေသည်။

အဋ္ဌမတောင်ပင်လယ်တွင် မည်သူမျှ မမြင်ရသော ဂြိုဟ်သိမ်အတွင်း၌ တင်ပျဉ်ခွေထိုင်သော မန်ဟိုမှာ ရုတ်တရက် တုန်ရီလာသည်။ ထို့နောက် သူ၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး ယခင်က အသက်မဲ့လျက် မီးခိုးရောင်သမ်းနေခဲ့ရာမှ လင်းလက်တောက်ပလာသည်။ တစ်ချိန်တည်းမှာပင် သူ၏အပြင်အားကိုယ်သည် ပိန်ချုံးနေသောအခြေအနေမှ ပြန်လည်ပြည့်ဖြိုးစပြုလာပြီး သေခြင်းအငွေ့အသက်များလည်း သူ၏အသွေးအသားထဲမှ ပျောက်ကွယ်သွား၏။ တဖြေးဖြေး သူ၏အသက်စွမ်းအားလည်း လှုပ်ရှားသက်ဝင်လာသည်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူပြီးနောက် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ ယခုတွင် သူ၏ပထမဆုံးဝိညာဉ်မီးအိမ် မီးငြိမ်းသွားခဲ့လေပြီ။ ထို့နောက် အသိစိတ်ရှိနေပုံပေါ်သော မီးခိုးငွေ့များက လွင့်လူမြောက်တက်လာရင်း သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်ထဲသို့ စီးဝင်သွားသည်။ ထိုအခိုက်အတန့်တွင် မီးငြိမ်းဝိညာဉ်မီးအိမ်သည် မန်ဟို့ကိုယ်ထဲ၌ ပြည့်နှက်သွားသော အံမခန်းလိလိအရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်၏၊

အပြင်အားကိုယ် အကောင်းပကတိ ပြန်သက်သာသွားပြီး သွေးတို့လည်း သွက်လက်စွာ စီးဆင်းလာသဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ တစ်ဆက်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံသည် တိုးတက်လာ၏။ သူ၏ရုပ်ပိုင်းမှအပ အရာအားလုံး လျင်မြန်စွာ စွမ်းအားတိုးတက်လာနေသည်။

သူ၏ဝိညာဉ်နှင့် နတ်ဘုရားအာရုံလည်း ထိုနည်းတူပင်။ အရာခပ်သိမ်း တိုးတက်နေ၏။ နတ်ဘုရားအာရုံ၏တိုးတက်မှုမှာမူ သူထင်ထားခဲ့သလို နှစ်ဆမဟုတ်ဘဲ လေးပုံတစ်ပုံကဲ့သို့ တစ်ပုံချင်း တိုးတက်နေခြင်းဖြစ်သည်။ သို့ထိတိုင် မန်ဟို၏တန်ခိုးကား ရင်သပ်ရှုမောဖွယ်အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။

သူ၏အရှိန်အဝါလည်း မြင့်တက်သွားပြီး သူ့မှာ တိုးတက်လာနေသော စွမ်းအား၏ အတွေ့အထိကြောင့် တဂျုန်းဂျုန်း မြည်နေတော့သည်။

သုံးရက်သည် မျက်စိတစ်မှိတ်လေးအတွင်း ကုန်လွန်သွား၏။

ရုတ်တရက် အာကာသမှာ တွန့်လိမ်ပုံပျက်သွားသည်။ ယခင်က ကိုယ်ယောင်ပျောက်နေခဲ့သော ဂြိုဟ်သိမ်သည် ပြန်ပေါ်လာပြီးနောက် မည်သည့်အသံမှ မထွက်ဘဲ ပြိုကျပျက်စီးသွား၏။ ဂြိုဟ်တစ်ဂြိုဟ်လုံး အစိတ်စိတ်အခွဲခံလိုက်ရသည့်အလား ... တိတ်ဆိတ်စွာ ပြာကျသွားသည်။

ထိုပြာအတွင်း၌ .... တင်ပျဉ်ခွေထိုင်နေသော လူရိပ်တစ်ခု လွင့်မျောနေသည်။ မှန်သည်၊ မန်ဟိုအပြင် တခြားလူမဟုတ်ပေ။ သူ့အား .. တစ်လုံးငြိမ်း၍ ၃၂ လုံး လင်းနေသော မီးအိမ် ၃၃ လုံးက ဝန်းရံထားသည်။

ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေသည့် လှိုင်းဂယက်များက သူ့ထံမှ ဖြာထွက်လာသော်လည်း လျင်မြန်စွာ ပျောက်ကွယ်သွား၏။ သူ၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး တောက်ပလင်းလက်နေလေသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ကြယ်တာရာကောင်းကင်ပင်လျှင် လင်းထိန်သွားသယောင်ပင်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ မိုးနှင့်မြေ၏စွမ်းအင်ထုကြီးအား သူ့ထံ ဝင်ရောက်လာစေသည်။ ထို့နောက် ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်သည်။

“ရှေးဟောင်းနယ်ပယ်...” သူက တိုးညင်းစွာ ရေရွတ်လိုက်၏။ “ဒီနယ်ပယ်ဟာ ကျင့်ကြံသူတွေ တဟုန်ထိုး ခုန်တက်သွားနိုင်တဲ့ နေရာ၊ အမှိုက်ကို ရွှေအဖြစ် ပြောင်းလဲနိုင်တဲ့ နေရာပဲ။ ဘယ်လောက် လျှို့ဝှက်ဆန်းကြယ်လိုက်တဲ့ နယ်ပယ်လဲ” ထို့နောက် သူက ထရပ်လိုက်ရာ သူ့ကိုယ်ထဲမှ တဂျွတ်ဂျွတ်အက်ကွဲသံများ ထွက်လာသည်။

မန်ဟိုသည် မီးလင်းဝိညာဉ်မီးအိမ် ၃၂ လုံးကို လှမ်းပြီးနောက် ခေါင်းကို အသာအယာ ခါရမ်းလိုက်၏။ “ကံဆိုးစွာနဲ့ ငါ ထင်ထားခဲ့သလိုမဟုတ်ဘူး။ ကျန်တဲ့ဝိညာဉ်မီးအိမ်တွေက လက်ရှိထက် ပိုအစွမ်းထက်လာမှာမဟုတ်ဘူး"

နောက်ဆုံးတွင် သူက အင်္ကျီလက်စကို ခါရင်း ဝိညာဉ်မီးအိမ်များအား ဝေဝါးပျောက်ကွယ်သွားစေသည်။

“ငါ ဒီနေရာ အဋ္ဌမတောင်ပင်လယ်မှာ ကိစ္စဝိစ္စတွေ အမြန်လက်စသတ်ဖို့ လိုတယ်။ ရှုချင်ကို ပြန်ခေါ်ဖို့ ... စတုတ္ထတောင်ပင်လယ်ကို မြန်နိုင်သမျှ မြန်မြန် သွားရဦးမှာ” သူက သတ္တမတောင်ပင်လယ်ရှိရာသို့ ခေါင်းလှည့်ကြည့်လိုက်သော်လည်း သူကြည့်နေသောအရာမှာ သတ္တမတောင်ပင်လယ်မဟုတ်ဘဲ တောင်ပင်လယ်များစွာ၏အလွန်ရှိ .... စတုတ္ထတောင်ပင်လယ်ပင်။

“မြို့စားလုရဲ့ မှတ်ဉာဏ်တွေအရ ... စစ်ဟာ ဒီနေရာမှာတင် ဖြစ်မှာမဟုတ်ဘူး” ဝိညာဉ်ဖွေရှာခြင်းမှ မြင်ခဲ့ရသော အချက်အလက်များကို ပြန်သုံးသပ်ပြီးနောက် တောင်ပင်လယ်လောကတွင် အိမ်နီးချင်းတောင်ပင်လယ်ကို ကျူးကျော်နေသည်က သတ္တမတောင်ပင်လယ်သာ မဟုတ်ကြောင်း သူ သဘောပေါက်လိုက်သည်။

“ဆဋ္ဌမတောင်ပင်လယ်လည်း တောင်ပင်လယ်စစ်ပွဲတစ်ပွဲကို စတင်နေခဲ့ပြီ

“သတ္တမတောင်ပင်လယ်က အဋ္ဌမတောင်ပင်လယ်ကို ရည်ရွယ်ချက်တစ်ခုတည်းနဲ့တင် ကျူးကျော်ခဲ့တာ မဟုတ်ဘူး။ နဝမတောင်ပင်လယ်ကို ဆက်ပြီးချီတက်ဖို့ အခြေစိုက်နေရာအဖြစ်လည်း သုံးချင်နေတာ

“ဆဋ္ဌမတောင်ပင်လယ်လည်း အဲဒီလိုရည်ရွယ်ချက်နဲ့ပဲ ပဉ္စမတောင်ပင်လယ်ကို ကျုးကျော်ခဲ့တာ .... အဲဒီရည်ရွယ်ချက်က တောင်ပင်လယ်အားလုံးထဲမှ အင်အားအကြီးဆုံး ဖြစ်တဲ့ စတုတ္ထတောင်ပင်လယ်ကို တိုက်ခိုက်ဖို့အတွက် ခြေကုပ်စခန်းယူထားဖို့ပဲ” တခဏ တွေးပြီးနောက် မန်ဟိုက ကောင်းကင်နတ်ဘုရားမဟာမိတ်ရှိရာဘက်သို့ ဦးတည်ကာ ခြေတစ်လှမ်းလှမ်းလိုက်သည်။

မန်မျိုးနွယ်စုနှင့်ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့သည့်အတွက် သူ့အနေဖြင့် စိတ်ရှိတိုင်း ပြုမူနိုင်လေသည်။ သူ့အမြင်အရ စစ်ကို အဆုံးသတ်နိုင်မည့် အကောင်းဆုံးနည်းလမ်းက သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူများ အဋ္ဌမတောင်ပင်လယ်ကို မတိုက်ခိုက်အောင် တားရန်လေးသာ မဟုတ်ပေ ... လာနေပြီဖြစ်သော သတ္တမတောင်ပင်လယ်၏သခင်ကို ရင်ဆိုင်ဖို့ တောင်ပင်လယ်နှစ်ခုအကြားက အကွဲကြောင်းဆီ သွားဖို့ လိုအပ်သည်။

သူသည် အတွေးထဲ နစ်မျောနေရင်း ကောင်းကင်နတ်ဘုရားမဟာမိတ်နှင့် နီးသထက် နီးလာခဲ့၏။ ထိုအခါ ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ပိုက်နက်အတွင်းရှိ အဋ္ဌမတောင်မှ လာနေသည့် ရင်းနှီးသောအငွေ့အသက်ကို သူ ခံစားလိုက်ရသည်။

နာရီအနည်းငယ်ကြာသော် မန်ဟိုက ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ဝင်ပေါက်များထဲမှ တစ်ခုသို့ ရောက်သွားသည်။ တစ်ချိန်က ထိုနေရာတွင် တည်ရှိခဲ့သော ဂြိုဟ်မှာ ယခုတော့ .... အလောင်းများ၊ အပျက်အစီးများအပြည့်နှင့် မြေပုံကြီးထက် မပိုတော့ပေ။

ဤနေရာသည် သတ္တမတောင်ပင်လယ် ကျူးကျော်ဖျက်စီးခဲ့သည်မှာ ကြာပြီဖြစ်သော နေရာတစ်နေရာ ဖြစ်၏။ ၎င်းက သူတို့၏စခန်းတစ်ခုလည်း ဖြစ်လာခဲ့သည်။ ဆန့်တန်းပြန့်ကြဲနေသော အပျက်အစီးများက အင်မော်တယ်အပျက်အစီးနယ်ကို အမှတ်ရစေလေသည်။

နှစ်ခုလုံးသည် စစ်ဒဏ်ကြောင့် ကျန်ခဲ့သော အပျက်အစီးအကြွင်းအကျန်များ ဖြစ်၏။

မန်ဟိုက ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ပိုက်နက်ထဲသို့ ဝင်လိုက်သည်။ သူ တရိပ်ရိပ် သွားနေစဉ် မှော်သိုင်းကွက်အငွေ့အသက်များမှ ဂယက်များနှင့်အတူ သွေးညှီနံ့တို့ကို ခံစားနေရသည်။

အဝေးတွင် အသက်ငင်နေသောကျင့်ကြံသူများကို လိုက်ရှာ၍ သတ်ဖြတ်ပြီး သူတို့၏မှော်ပစ္စည်းများနှင့် သိုလှောင်အိတ်များကို မောင်ပိုင်စီးနေသည့် လူရိပ်တစ်ဒါဇင်ခန့်ကို သူ လှမ်းမြင်လိုက်သည်။

မန်ဟို ပေါ်လာလျှင်ချင်း ထိုအရိပ်များက သူ့ကို မြင်သွားကြပြီး ချက်ချင်းဆိုသလို သူတို့၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီးဝင်းဝင်းတောက်လာသည်။ သူတို့သည် နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ ၎င်း မန်ဟို့အနားရောက်သွားသည့်အခါ သူသည် ရှေးဟောင်းနယ်ပယ်အဆင့်သာ ဖြစ်ကြောင်း ပြောနိုင်သွားသဖြင့် သူတို့၏မျက်နှာအပေါ်တွင် အပြုံးများဖြစ်ထွန်းလာတော့၏။

“ကြည့်ပါဦး အဋ္ဌမတောင်ပင်လယ်က သနားစရာ လက်ကျန်ကျင့်ကြံသူလေးပါလား။ သတ်ကြဟေ့” စကားလုံးများ ဟိန်းထွက်သွားသည်နှင့် ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်၍ လူသတ်ငွေ့များ တထောင်းထောင်း ထလာသည်။ သူတို့၏မျက်လုံးများက လပေါင်းများစွာ သတ်ဖြတ်ခဲ့ရမှုကြောင့် နီရဲနေသည်။ သူတို့အတွက် ကံဆိုးသည်ကား .... သူတို့၏ကျင့်ကြံခြင်းအခြေခံမှာ မန်ဟို မည်မျှကြောက်စရာကောင်းသလဲဆိုသည်ကို သိရှိနိုင်သည့် အဆင့်ပင် မရှိပေ။ လောလောလတ်လတ် တိုက်ပွဲမှ အသက်ရှင်ကျန်ခဲ့သော ကျင့်ကြံသူလေးနောက်တစ်ယောက်ဟုသာ တွေးရင်း သူတို့သည် သူ့ကို အပြတ်ရှင်းရန် ချဉ်းကပ်သွားကြတော့၏။

All Chapters