ဒါက အလကားဂါထာလို့ ဘယ်သူပြောလဲ
Vol. 93 Ch. 1291
မန်ဟိုက ချဉ်းကပ်လာနေသော ထိုကျင့်ကြံသူများကို သတိပင်မထားမိသည့်အလားပင်။ သူသည် ပုံမှန်အတိုင်း သွားနေသော်လည်း လက်ကို သာမန်ကာသျှံကာ ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ထိုကျင့်ကြံသူတစ်ဒါဇင်ကျော်မှာ တုန်ရီလာကြသည်။ သူတို့မှာ မျက်နှာပျက်သွားကြပြီးနောက် အတုံးအရုံးလဲကျကာ ပတ်ပတ်လည်ရှိ အပျက်အစီးများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကုန်ကြသည်။
မန်ဟိုက သူတို့ကို မသတ်ဘဲ လပိုင်းလောက် အိပ်ပျော်သွားအောင် သူတို့၏အသိစိတ်ကို လွင့်စင်ပြိုကွဲသွားစေခဲ့ခြင်း ဖြစ်သည်။
သူသည် ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်လျှောက် ခရီးနှင်လာခဲ့စဉ် တစ်ချိန်တုန်းက ဂြိုဟ်များ တည်ရှိခဲ့သော်လည်း ယခုတွင် ကျောက်ခဲသလဲများထက် မပိုတော့သော နေရာများစွာကို သတိထားမိခဲ့၏။ အရာအားလုံးသည် ပျက်စီးယိုယွင်းနေပြီး သတ္တမတောင်ပင်လယ်နှင့် အဋ္ဌမတောင်ပင်လယ်နှစ်ခုလုံးမှ ကျင့်ကြံသူအလောင်းများ မွစာကြဲနေသည်။
ကောင်းကင်နတ်ဘုရားမဟာမိတ်ပိုင်နက်၏ အတွင်းပိုင်းထဲ ရောက်လာသည်နှင့်အမျှ မန်ဟို့မျက်နှာသည် လွန်စွာတင်းမာခက်ထန်လာ၏။ အရှေ့တွင် မိုးကောင်းကင်ပြိုကျ၍ ကမ္ဘာမြေအား စိစိညက်ညက် ကြေသွားစေနိုင်သော လှိုင်းဂယက်များကို သူ ခံစားနေရပြီး တအုန်းအုန်းပေါက်ကွဲသံအကျယ်ကြီးများနှင့် ရောနေသော အော်သံများကိုပင် ကြားလာရသည်။
ယင်းကား ..... စစ်ပွဲ၏ ရှေ့တန်းနေရာဖြစ်ကြောင်း ထင်ရှားပေသည်။
သူ၏နတ်ဘုရားအာရုံသည် ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်ခုလုံးနီးပါး လွှမ်းခြုံသွားသည့်တိုင်အောင် ဖြာထွက်သွား၏။ ထိုနေရာတစ်ခုလုံးတွင် သူ ဂရုစိုက်သူနှစ်ယောက်သာ ရှိသည်။ တစ်ယောက်က မြင့်မြတ်သောရန် ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ... အဋ္ဌမတောင်ပေါ်တွင် ရှိသည်။
အမှန်တွင် ထိုနှစ်ယောက်သည် သူ ဤနေရာသို့ လာခဲ့ရသော အကြောင်းရင်းတစ်ခုလုံးလည်း ဖြစ်၏။
နတ်ဘုရားအာရုံဖြင့် မန်ဟိုသည် ခမ်းနားကြီးကျယ်ခဲ့သော ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ပိုင်နက်တစ်ဝက်ကျော်မှာ ပျက်စီးပြိုပျက်နေပြီး သတ္တမတောင်ပင်လယ်၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ကြောင်း တွေ့လိုက်ရ၏။ ယခုတွင် ရန်သူကျင့်ကြံသူအရေအတွက်သည် သန်းနှင့်ချီလာပြီး ကောင်းကင်နတ်ဘုရားမဟာမိတ်ကို အရပ်လေးမျက်နှာမှ ထိုးစစ်ဆင်နေသော အဓိကစစ်ကြောင်းလေးကြောင်းအဖြစ် ပိုင်းခြားထားသည်။
ကောင်းကင်နတ်ဘုရားမဟာမိတ်၏ကျင့်ကြံသူများလည်း ရန်သူစစ်ကြောင်းများကို ခုခံဖို့ တပ်မဟာလေးခုအဖြစ် ခွဲထားသည်။ သို့သော် သူတို့မှာ ဆုတ်ပြီးရင်းသာ ဆုတ်နေရ၍ နောက်ဆုံးတွင် ရှုံးနိမ့်တော့မည်ဖြစ်ကြောင်း ထင်ရှားသည်။ အနိုင်ရရှိဖို့ မျှော်လင့်ချက်ကား မရှိသလောက်ပင်။
မန်ဟို့ထံမှ သိပ်မလှမ်းမကမ်းတွင် ... ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ကြယ်တာရာကောင်းကင်ရှိ စစ်မြေပြင်လေးခုအနက် သွေးချောင်းအစီးဆုံး၊ အပြင်းထန်ဆုံးစစ်မြေပြင်ပေါ်၌ ကြေမွသွားသော ဂြိုဟ်ကြီးတစ်လုံးသည် တွင်းနက်ကြီးတစ်တွင်း အသွင်ပြောင်းနေပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို စတင်စုပ်ယူဝါးမြိုနေ၏။
ဤနေရာတွင် တစ်ဖက်စီ၌ ကျင့်ကြံသူအင်အား ၇ သိန်းဖြင့် ကြီးမားပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲနေသည်။ တိုက်ပွဲသည် ရင်သပ်ရှုမောဖွယ်ကောင်းပြီး သေဆုံးနေသူများ၏ စူးစူးဝါးဝါးအော်သံများက အဆက်မပြတ် ဆူညံလျက်ရှိ၏။
ပေါက်ကွဲသံများက ဆက်တိုက် အုန်းအုန်းထ နေပြီး မှော်သိုင်းကွက်များ၏ အလင်းရောင်သည် ကြယ်တာရာကောင်းကင်၏အမြင့်ဆုံးအထိ ထင်ဟပ်တောက်ပနေတော့သည်။ ကြောက်မက်ဖွယ်လှိုင်းဂယက်များက ပရမ်းပတာ ဖြာထွက်နေရာ မြင်ကွင်းတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေသည်။
အပေါ်တွင် တာအိုနယ်ပယ်ပညာရှင်များ တိုက်ခိုက်နေသည်။ ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ဓမ္မစောင့်ရှောက်သူချုပ်နှင့်... ကောင်လေး ရှောင်ရိဟန်ကို မန်ဟို မြင်လိုက်သည်။ နှစ်ယောက်သားသည် မိုးပြိုမြေပြိုစေနိုင်သော တိုက်ပွဲတစ်ပွဲတွင် တစ်ယောက်ကိုတစ်ယောက် အလွှတ်မပေးဘဲ အကြိတ်အနယ် တိုက်ခိုက်နေကြ၏။
သိသာစွာပင် ဓမ္မစောင့်ရှောက်သူချုပ်မှာ ရှောင်ရိဟန်အတွက် ပြိုင်ဘက်မဟုတ်ပေ။ သို့သော် သူက အနည်းဆုံး သူ့တစ်ယောက်တည်း တောင့်ခံထားနိုင်သည်အထိ စွမ်းအားကို မြှင့်တင်ပေးထားသော အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။
တိုက်ပွဲတွင် တာအိုနယ်ပယ်ပညာရှင်များ ဝင်ပါနေသည့်အတွက် သူတို့ တိုက်ခိုက်လိုက်တိုင်း အုန်းခနဲ အုန်းခနဲ ပေါက်ကွဲမြည်ဟည်းသွားတတ်လေသည်။
အခြေအနေမဟန်တော့ပုံရသော မြင့်မြတ်တည်ကြည်ဂိုဏ်း၏ ပထမခေါင်းဆောင်ကြီးကို မန်ဟို လှမ်းမြင်လိုက်သည်။ မန်ဟိုသည် စစ်မြေပြင်ကို ဆက်လက်စစ်ဆေးရင်း နောက်ဆုံးတော့ မြင့်မြတ်သောရန်ကို တွေ့သွား၏။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူက သူ့ကို ပြိုင်တူတိုက်ခိုက်နေကြသော သတ္တမတောင်ပင်လယ်မှ တာအိုပညာရှင်နှစ်ယောက်နှင့် နှစ်ယောက်တစ်ယောက် ချနေလေသည်။ ၎င်းသည် အသက်ရှူမှားဖွယ်ရာ တိုက်ပွဲဖြစ်သော်လည်း ကံဆိုးစွာနှင့် သူ့မှာ အချိန်နှင့်အမျှ အားနည်းလာနေ၏။ သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ ဗလပွနေပြီး သူ့မျက်နှာမှာလည်း သွေးမရှိတော့ပေ။ သူက မီးစာကုန်၍ ငြိမ်းခါနီးနေသော ဆီမီးအိမ်တစ်လုံးပမာပင်။
သူ့ကို မြင်လိုက်လျှင်ချင်း မန်ဟို၏မျက်လုံးများ အေးစက်စွာ တောက်ပသွားပြီး သူက ထိုနေရာသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။
စစ်မြေပြင်ပေါ်တွင် မြင့်မြတ်သောရန်သည် ခါးသီးစွာ ရယ်နေ၏။ တဘုန်းဘုန်းပေါက်ကွဲသံများ ရိုက်ညောင်းနေပြီး သူ နောက်ဆုတ်နေရစဉ် သူ၏ဒဏ်ရာများမှ သွေးများ ပန်းထွက်နေသည်။ သူ၏ဒဏ်ရာများမှာ ပြင်းထန်ဆိုးရွားလေသည်။ ပြီးခဲ့သည့်လများအတွင်း သူ တိုက်ခိုက်ခဲ့ရသော တိုက်ပွဲများမှာ မရေတွက်နိုင်တော့အောင် များပြားလှသည်။
ရွပ်ရွပ်ချွံချွံ ပြန်တိုက်ခိုက်နေသည့်တိုင် သတ္တမတောင်ပင်လယ်၏ တရစပ် ထိုးစစ်ဆင်လာမှုမှာ ရပ်တန့်၍မရပေ။ မြင့်မြတ်တည်ကြည်ဂိုဏ်းလည်း ... ပျက်သုဉ်းသွားခဲ့ပြီ။ ဂိုဏ်းသားများစွာလည်း အသတ်ခံခဲ့ရသည်။ တတိယခေါင်းဆောင်ကြီးလည်း သေဆုံးသွားခဲ့သည်။ မြင့်မြတ်သောရန်နှင့် ပထမခေါင်းဆောင်ကြီးသာ ကျန်တော့လေသည်။
“ဒီတိုက်ပွဲက ... ငါ သေဆုံးမယ့် နေရာပဲ ထင်ပါရဲ့” မြင့်မြတ်သောရန်သည် မုဒြာလက်ကွက်တစ်ကွက် ဖော်၍ တာအိုနယ်ပယ်ပြိုင်ဘက်နှစ်ယောက်ကို တိုက်ခိုက်လိုက်ပြန်ရင်း တွေးလိုက်သည်။ ထိုပြိုင်ဘက်နှစ်ယောက်အနက် တစ်ယောက်က သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အသက်ပိုကြီးသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံသည် သူနှင့် တူညီသည်သမာက နှစ်ယောက်လုံးက အသည်းအသန် တိုက်ခိုက်နေကြ၏။ သူတို့သည် မည်သည့်အရာမဆိုထက် မြင့်မြတ်သောရန်ကို သတ်ဖြတ်ချင်ကြ၍ သူ၏တိုက်ကွက်ကို တုံ့ပြန်သည့်အနေဖြင့် သူတို့၏အနှစ်သာရစွမ်းအားကို ထုတ်ဖော်ရင်း အတွင်းထဲ၌ အနက်ရောင်မျက်လုံးကြီးတစ်လုံးကို ပိတ်လှောင်ထားသည့် ရေခဲတောင်ကြီးတစ်လုံးအား ဖန်ဆင်းလိုက်ကြသည်။
ရေခဲတောင်ကြီးသည် မြင့်မြတ်သောရန်ဆီ ပြေးဝင်လာနေစဉ် အရည်ပျော်ကျလာပြီး ရေခဲလေကို တိုက်ခတ်နေ၏။ ရေခဲများ၏ အထပ်ထပ်ဖုံးလွှမ်းလာမှုကြောင့် အရာအားလုံး အေးခဲလာသဖြင့် အက်ကွဲသံများကို ကြားလာရသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်မျက်လုံးကြီးက မြင့်မြတ်သောရန်ထံ ပြေးဝင်သွားသော အနက်ရောင်အလင်းတန်းတစ်တန်းအဖြစ် ပျံထွက်သွားသည်။
ရေခဲများက သူ၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံနေပြီး အနက်ရောင်အလင်းတန်းလည်း ပြေးဝင်လာနေစဉ် မြင့်မြတ်သောရန်က ခါးသီးစွာ ရယ်သည်။ နောက်ဆုံးတော့ သူသည် လျှာထိပ်ကို ကိုက်၍ သွေးခဲတစ်ခဲ ထွေးထုတ်လိုက်၏။ သွေးခဲက အနက်ရောင်အလင်းကို ဟန့်တားလိုက်သော သွေးမြူဖြစ်သွားသည်။
ထစ်ချုန်းသံများ ကြားနေရပြီး မြင့်မြတ်သောရန်၏မျက်လုံးများ၌ အလျှော့မပေးလိုသော အရိပ်အယောင်ကို မြင်ရနိုင်သည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ပြောသည်။
“တာအိုက ငါ၏ နှလုံးသားထဲ၌ ရှိသည်”
ချက်ချင်းပင် သူ့ကို လွှမ်းခြုံနေသော ရေခဲများ အက်လာပြီးနောက် ကြေမွသွား၏။
သူ ရင်ဆိုင်နေရသော တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်က လှောင်ရယ်ရယ်သည်။
“အဲဒီအကွက်ပဲလား။ မြင့်မြတ်သောရန် ငါတို့ တိုက်ခိုက်နေတာ အကြိမ်ပေါင်းမရေမတွက်နိုင်တော့ဘူး။ ဒါက မင်း ‘ကောင်းကင်ဘုံချုပ်နှောင်ဂါထာ’ ကို သုံးဖို့ ကြိုးစားပြီး မအောင်မြင်တဲ့ ပထမဆုံးအကြိမ်လည်း မဟုတ်ဘူး။ အဲဒီဂါထာက အလကားအမှိုက်ဆိုတာ ဘယ်သူမဆို မြင်နိုင်တယ်ကွ”
“ကောင်းကင်ဘုံချုပ်နှောင်ဂါထာက ဟာသကြီးပါကွာ။ မင်း တစ်ခါတော့ အောင်မြင်ခဲ့တယ်လို့ လူတွေ ပြောတာကြားဖူးတယ်။ အဲဒါအမှန်လား။ အမှန်ဆို ငါ တကယ် ကြည့်ချင်တယ်။ ရန်သူသောင်းပေါင်းများစွာကို တစ်ပြိုင်တည်း မင်း တားနိုင်ခဲ့တဲ့ အဲဒီ’ကောင်းကင်ဘုံချုပ်နှောင်ဂါထာ’ ကို ငါ မြင်ချင်မိတယ်ကွ” တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်က အေးစက်စက် ဆက်ရယ်နေသည်။ သူတို့က တိုက်ကွက်များကို ထုတ်လွှတ်မည့်အစား မြင့်မြတ်သောရန်ကို သရော်သလိုကြည့်ရင်းသာ ပျံဝဲနေကြလေသည်။
သူတို့က ခနဲ့နေသော်လည်း မြင့်မြတ်သောရန်၏ မျက်လုံးများသည် ခေါင်းမာမာ တောက်ပနေ၏။ သူသည် တစ်ကြိမ်တော့ အောင်မြင်ခဲ့ဖူး၏။ တစ်ကြိမ်သာဖြစ်သော်လည်း သူ့တပည့်ကို ထွက်ပြေးစေနိုင်ခဲ့သည်။
ထိုတစ်ကြိမ်အောင်မြင်မှုသည် သူ ဘယ်တော့မှ မမေ့မည့်အရာပင်။
ကောင်းကင်ဘုံချုပ်နှောင်ဂါထာသည် အလကားအမှိုက်မဟုတ်။
“စိတ်ဆန္ဒက ငါ၏ မျက်လုံးထဲ၌ ရှိသည်” မြင့်မြတ်သောရန်က ဟိန်းဟောက်ပြီးနောက် အံတင်းတင်းကြိတ်ရင်း ကိုယ်ဟန်အနေအထားပြင်လိုက်ရာ ရန်သူများထံမှ ပို၍လှောင်ပြောင်သရော်သံများ ထွက်လာစေသည်။
“တောင်ပင်လယ်တွေကို ငါ ပိုင်စိုးမည်။ ကောင်းကင်ဘုံချုပ်နှောင်ဂါထာ” မြင့်မြတ်သောရန်သည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း လက်နှစ်ဖက်လုံးအား ဘေးသို့ ဖြန့်လိုက်သော်လည်း .... မည်သည့်မှော်သိုင်းကွက်မှ ပေါ်မလာပေ။
မြင့်မြတ်သောရန်၏ မျက်လုံးများ မှေးမှိန်သွားပြီး သူက သွေးတစ်ပွက် အန်လိုက်ရသည်။ သူသည် ခါးသီးစွာ ရယ်နေသော်လည်း သူ၏နှလုံးသားထဲ၌ ကောင်းကင်ဘုံချုပ်နှောင်ဂါထာသည် အလကားအမှိုက်မဟုတ်ကြောင်း ယုံကြည်နေဆဲပင်။
“မင်း အဲဒီမှော်သိုင်းကွက်ကို သုံးဖို့ ကြိုးစားခဲ့တာ ဘယ်နှကြိမ်ရှိပြီလဲ။ အကြိမ်တိုင်း အဲဒါက အလကားအမှိုက်ဂါထာဆိုတာ မင်းကိုယ်တိုင် သက်သေပြနေတာပဲလေ”
“နှမြောစရာပဲ။ ငါတို့ ဒီကောင်းကင်ဘုံချုပ်နှောင်ဂါထာဆိုတဲ့အရာကို ဘယ်တော့မှ မမြင်ရဘူးပေါ့” သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူနှစ်ယောက်က ခေါင်းခါပြီနောက် အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မြင့်မြတ်သောရန်ဆီ တဟုန်ထိုး ပြေးဝင်လာကြသည်။
မြင့်မြတ်သောရန်က ခါးသီးစွာဖြင့် တစ်ယောက်တည်း တိုးညင်းစွာ ပြောနေသည်။ “အလကားအမှိုက်ဂါထာ မဟုတ်ဘူး ငါကိုယ်တိုင် ဖန်တီးခဲ့တဲ့ ကောင်းကင်ဘုံချုပ်နှောင်ဂါထာ... ကောင်းကင်ဘုံချုပ်နှောင်ဂါထာ
“အရင်က တစ်ခါ အောင်မြင်ခဲ့ဖူးတယ်...” သူက လေးပင်စွာ ရေရွတ်နေသည်။ သူ့မှာ ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို ဖန်တီးဖို့ စိတ်ကူးဖြင့်ပင် မှန်းဆမကြည့်နိုင်သော အဖိုးအခကို ပေးဆပ်ခဲ့ရသည့်အပြင် ဖြစ်ပွားခဲ့သောအရာများမှာ သူ မှတ်မမိချင်သည့်အရာများ ဖြစ်လာခဲ့သည်။ ထိုပြောပြမတတ်နိုင်သော နာကျင်မှုကို သူ၏နှလုံးသားထဲတွင်သာ မြှုပ်နှံသိမ်းဆည်းထားခဲ့၏။
ဝုန်း
တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်က အနားရောက်လာသည့်အခါ အစွမ်းထက်မှော်သိုင်းကွက်တစ်ကွက်ကို ပူးပေါင်းထုတ်လွှတ်လိုက်ကြသည်။ ရက်စက်ကြမ်းကြုတ်သော ဧရာမကင်းခြေများအမည်းကြီးတစ်ကောင်၏ပုံရိပ်က မြင့်မြတ်သောရန်ကို ဝါးမြိုဖို့ ပါးစပ်ကြီးဟလိုက်သည်။
“မင်းရဲ့ အလကားဂါထာကို မင်းနဲ့အတူ သေရွာကို ခေါ်သွားလိုက်တော့”
သို့သော် ဤအခိုက်အတန့်တွင် ရေခဲတမျှအေးစက်သောအသံတစ်သံက တာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက်၏နားထဲတွင် ဟိန်းထွက်သွားရင်း စစ်မြေပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။
“ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို မြင်ချင်တယ်လား။ ကောင်းပြီလေ အခုချက်ချင်း မင်းတို့မြင်စေရမယ် ... တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည်” ထိုစကားလုံးများ ပဲ့တင်ထပ်လာသည်နှင့်တစ်ပြိုင်နက် အာကာသထဲတွင် မိုးထစ်ချုန်းသံကြီးများ ပြည့်နှက်လာပြီး အရာအားလုံး တဝုန်းဝုန်း တုန်ခါလာသည်။ တစ်ချိန်တည်းမှာပင် ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခုက ကြယ်တာရာကောင်းကင်အပြည့် ဖြာထွက်သွား၏။
တာအိုနယ်ပယ်ပညာရှင်နှစ်ယောက် မျက်နှာပျက်သွားသည်။ စောစောက အသံသည် သူတို့၏စိတ်ကို ထိုးဖောက်ခဲ့ရင်း သူတို့ကို တုန်ရီသွားစေခဲ့၏။ သူတို့က ကြယ်တာရာကောင်းကင်သို့ မော့ကြည့်လိုက်ရာ လူရိပ်တစ်ခု ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသည်။
ထိုလူရိပ်သည် ဝတ်ရုံအရှည်ကို ဝတ်ဆင်ထားပြီး သူ၏ဆင်းသက်လာမှုလေးက စစ်မြေပြင်ပေါ်၌ အကြိတ်အနယ် တိုက်ခိုက်နေသော ကျင့်ကြံသူတစ်သန်းကျော်အား ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူ၏စကားလုံးများကမူ မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ရိုက်ခတ်သွားသည်။
ဤရောက်ရှိလာသူကား မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။
မြင့်မြတ်သောရန်သည် သူ့ကို မြင်လျှင် တုန်ရီလာပြီး မျက်ဝန်းများ၌ ဝမ်းသာကြည်နူးမှုတို့ ပြည့်နှက်လာ၏။ သူက တဟားဟား ရယ်လိုက်ပြီး သူ့မျက်ဝန်းများမှာ စိတ်လှုပ်ရှားသွားသောဟန်ပန် ဖြစ်လာသည်။
“ငါ့တပည့်လေး ငါ့တပည့်လေး.....”
“စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည်” မန်ဟို ပြောလိုက်သည်က ဂါထာ၏ ဒုတိယစာကြောင်း ဖြစ်သည်။ သူ့အသံသည် သတ္တမတောင်ပင်လယ်မှ တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်ကို သွေးအန်လိုက်ရစေရင်း ဟိန်းထွက်သွား၏။ အံ့ဩမယုံကြည်နိုင်ဖြစ်နေသော အမူအရာများ သူတို့၏မျက်နှာများပေါ်တွင် ဖြတ်ပြေးသွားသည်။
သူတို့သာမဟုတ်။ ပတ်ဝန်းကျင်ရှိ တာအိုနယ်ပယ်ပညာရှင်အားလုံး အထိတ်တလန့် လှမ်းကြည့်လိုက်ကြသည်။ မှန်သည်၊ သူတို့အတွက် အတုန်လှုပ်ဖွယ်အကောင်းဆုံးမှာ မန်ဟို၏အသံလှိုင်းသာမဟုတ်ဘဲ ရုတ်တရက် ... မဖော်ပြနိုင်သော ဖိအားကြီးတစ်ရပ်က သူတို့အပေါ် စတင်ဖိနှိပ်လာခဲ့ခြင်း ဖြစ်သည်။
ထိုအဆုံးမဲ့ဖိအားက သူတို့၏ကျောပေါ် ဧရာမတောင်ကြီးတစ်လုံး ဖိချနေသလို ခံစားရစေသည်။
၎င်းက... တောင်ပင်လယ်လောက၏ စွမ်းအား ဖြစ်သည်။
မြင့်မြတ်တည်ကြည်ဂိုဏ်း၏ ပထမခေါင်းဆောင်ကြီးမှာ မှင်သက်နေလေသည်။ နှစ်ဖက်လုံးရှိ တာအိုနယ်ပယ်ပညာရှင်များမှာ ချာချာလည်မူးဝေလာသည်ကို ခံစားလိုက်ကြရ၏။ ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ဓမ္မစောင့်ရှောက်သူချုပ်မှာမူ မန်ဟို့ကို မြင်လျှင် ချက်ချင်း ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
သို့သော် အအံ့ဩဆုံးသူကား သူမဟုတ်.... ကောင်လေးရှောင်ရိဟန် ဖြစ်သည်။ သူသည် မန်ဟို့ကို မျက်လုံးအပြူးသားနှင့် တခဏ ကြည့်နေပြီးနောက် တစ်ချိုးတည်း ထွက်ပြေးတော့၏။
ယင်းက တာအိုနယ်ပယ်ပညာရှင်များ၏ တုံ့ပြန်ပုံဖြစ်သည်။ စစ်မြေပြင်ပေါ်ရှိ ကျန်ကျင့်ကြံသူတစ်သိန်းကျော်မှာမူ တောင်ပင်လယ်စွမ်းအားက သူတို့ကို တုန်ရီနေစေပြီး ချာချာလည်နေစေသည်။ ချက်ချင်း တိုက်ခိုက်မှုအားလုံး ရပ်တန်းက ရပ်သွားတော့သည်။ ထိုအခြင်းအရာအားလုံးက လူတစ်ယောက်တည်းကြောင့်သာ။
“တောင်ပင်လယ်တွေကို ငါ ပိုင်စိုးမည်...” မန်ဟိုက ဂါထာ၏ တတိယစာကြောင်းကို ရွတ်လိုက်၏။ ကြယ်တာရာကောင်းကင်တစ်ခုလုံး ရှိရှိသမျှ လူတိုင်းကို မူးဝေတုန်လှုပ်သွားစေသည့် စစ်ဗုံသံများဖြင့် ပြည့်နှက်နေသည့်အလား တဘုန်းဘုန်း မြည်ဟည်းလာသည်။ တောင်ပင်လယ်စွမ်းအားက ပို၍ပင်အားကောင်းလာသဖြင့် သူတို့မှာ ဘာဆိုဘာမှမတွေးနိုင်ကြတော့ပေ။
အားကောင်းသောစွမ်းအားကြီးကို စုဝေး၍ ထုတ်လွှတ်လိုက်သကဲ့သို့ ဖိအားက လူတိုင်း၏စိတ်အာရုံကို စိုးမိုးထိုးကျင့်နေသည်။ ၎င်းသည် သူတို့၏ကျင့်ကြံခြင်းအခြေခံအပေါ်တွင်သာ သက်ရောက်ခြင်းမဟုတ်၊ လူတိုင်းကို အသက်ရှူရပ်သွားစေခဲ့လေပြီ။
မြင့်မြတ်သောရန်သာလျှင် ပြုံးနေ၏။ သူ တိုက်ခိုက်နေခဲ့သော တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်မှာမူ မျက်နှာများ ဖြူဆုပ်နေကြပြီး သူတို့စိတ်သူတို့ ထိန်းချုပ်မရတော့ပေ။
တစ်လောကလုံး၊ ကြယ်တာရာကောင်းကင်တစ်ခုလုံး မန်ဟို့အပေါ် စုဆုံနေသည့်အလား ထင်ရသည်။ သူတို့ ကြည့်နေစဉ် ... မန်ဟိုက တတိယစာကြောင်းကို ရွတ်၍ လက်နှစ်လုံးကို ဘေးနှစ်ဖက်သို့ ဖြန့်ကားပြီးနောက် ကြယ်တာရာကောင်းကင်ထံသို့ ဝှေ့ယမ်းကာ နောက်ဆုံးစာကြောင်းကို ပြောလိုက်၏။
“ကောင်းကင်ဘုံ…. ချုပ်နှောင် .... ဂါထာ”