← Chapters

အခန်း (၅၂၃-၅၂၄)

Vol. 41 Ch. 523-524

အခန်း (၅၂၃-၅၂၄)

Vol. 41 Ch. 523-524

အခန်း ၅၂၃ ကမ္ဘာကြီး မှောင်ကျခြင်း

"ပျောက်ကွယ်သွားမယ်… အဲ့ဒါက ဘာအဓိပ္ပာယ်လဲ" အန်ရှင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ လုံချင်းသည် သူမ၏မျက်စိရှေ့တွင်ကြီးပြင်းလာခဲ့သူဖြစ်ပြီး သူ့ကို ကိုယ်သားသမီးကဲ့သို့ သဘောထားကာ တစ်သက်လုံး အေးချမ်းစေချင်၏။ အကျိုးအကြောင်းတရား ဆိုသည်မှာ နက်ရှိုင်းသော ကလဲ့စားချေမှုတစ်ခုလို ကြားနေရသောကြောင့် သူမ မည်သို့ မစိုးရိမ်ဘဲ နေနိုင်မည်နည်း။

ကုအန် က သူမကို တစ်ချက်ကြည့်လိုက်ပြီး "ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်လာတဲ့အခါ အရာအားလုံးကို သဘာဝကျကျ နားလည်လာလိမ့်မယ်"

အန်ရှင်းက နှုတ်ခမ်းစူလိုက်၏ "အဲ့ဒါကြောင့်မို့လို့ ဆရာ ကျွန်မကို ခေါ်သွားဖို့ စောင့်နေတာ မဟုတ်လား။ ကျွန်မတို့ တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာတွေ့တာနဲ့ ကျွန်မ နှစ်တစ်ထောင်၊ နှစ်တစ်သောင်းလောက် တံခါးပိတ်ကျင့်ကြံလိုက်မယ်။ ပြန်ထွက်လာတဲ့အခါ ကျိန်းသေပေါက် ဉာဏ်အလင်းရတဲ့ ဆရာသခင်တစ်ဆူ ဖြစ်နေစေရမယ်"

သူမ၏ အမြင်တွင် နှစ်တစ်သောင်းဆိုသည်မှာ ယုံနိုင်စရာမရှိလောက်အောင် ရှည်လျားသော အချိန်ကာလတစ်ခုဖြစ်သည်။ သေမျိုးကမ္ဘာတွင် နှစ်တစ်သောင်းလောက်သာ ကျင့်ကြံလိုက်ပါက သူမသည် ကျိန်းသေပေါက် စွမ်းအားကြီးသော ဖြစ်တည်မှုတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေသည်။

ကုအန် သည် သူမကို စိတ်ဓာတ်မကျစေချေ "လုံချင်းကို ပြင်ဆင်ခိုင်းလိုက်ပါ"

အန်ရှင်း ခေါင်းညိတ်လိုက်ပြီး နှုတ်ဆက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

သူမသည် ကုအန် နှင့် အလွန်ရင်းနှီးပြီး မကြာခဏ စကားများလေ့ရှိသော်လည်း လိုအပ်သည့်အခါတွင် သင့်လျော်သော ယဉ်ကျေးမှုများကို မည်သည့်အခါမျှ မမေ့လျော့ပေ။

အန်ရှင်း အိမ်ထဲမှ ထွက်လာပြီး တံခါးကို ပြန်ပိတ်ကာ လှေကားမှ ဆင်းလာခဲ့သည်။

ဖြတ်သွားဖြတ်လာ အမျိုးသမီးတပည့်တစ်ဦးက "အစ်မကြီး၊ ဆရာသခင်က ဒီမှာမှ မရှိတာ၊ အပေါ်ကို ဘာသွားလုပ်တာလဲ" ဟု စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

အန်ရှင်းက "ဆရာသခင် မရှိပေမယ့် ငါက ကိစ္စတွေကို စီမံခန့်ခွဲရဦးမယ်လေ။ ဆရာသခင် ပြန်လာတဲ့အခါ အိမ်ကြီးကို ဖုန်တွေနဲ့ ပြည့်နေအောင် ထားလို့မဖြစ်ဘူး"

အမျိုးသမီးတပည့်က ထိုစကားကို သဘာဝကျသည်ဟု ခံစားမိသဖြင့် ရှေ့သို့တိုးကာ အန်ရှင်း၏ လက်မောင်းကို တွဲလိုက်ပြီး ဆရာသခင် ဘယ်တော့ပြန်လာမလဲဟု တွေးတောကာ သက်ပြင်းချလေသည်။

အန်ရှင်းက သူမကို ပေါ့ပေါ့ပါးပါး နှစ်သိမ့်ပေးလိုက်ပြီး သူတို့နှစ်ဦး အဝေးသို့ ထွက်ခွာသွားကြသည်။

တတိယဆေးပညာတောင်ကြားသည် စည်ကားနေဆဲဖြစ်ပြီး တပည့်များသည် ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည်ကို မသိဘဲ မိမိတို့အလုပ်များဖြင့် အလုပ်ရှုပ်နေကြသည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သက်ရှိများစွာတို့သည် စစ်ခုံရုံး ထံမှ ကြောက်မက်ဖွယ် ဖိအားကို ခံစားလာရသည်။

တတိယဆေးပညာတောင်ကြားမှ တပည့်များ စစ်ခုံရုံး ၏ ဖိအားကို ခံစားလိုက်ရချိန်တွင် ကမ္ဘာလောကအနှံ့၌ ပရမ်းပတာ ဖြစ်နေပြီဖြစ်သည်။

သက်ရှိအများစုသည် ဖိအားက မည်သည့်နေရာမှ လာသည်ကို မသိကြဘဲ ကြောက်ရွံ့မှုကိုသာ ခံစားနေရသည်။ သူတို့သည် ထိတ်လန့်တကြား ထွက်ပြေးကြသော်လည်း မည်သည့်နေရာသို့ ပြေးသည်ဖြစ်စေ ဖိအားက ပိုမိုတိုးလာပြီး ကြောက်ရွံ့မှုကို ပိုမိုကြီးထွားစေကြောင်း တွေ့ရှိလိုက်ရသည်။

ဧကရာဇ်ယန်ရှင်း နှင့် မြင့်မြတ်အရှင်သခင် တို့သည် ပြင်ပကောင်းကင် သို့ အလျင်အမြန် သွားရောက်နေကြသည်ကို ကုအန် မြင်လိုက်ရသည်။ သူတို့သည် စစ်ခုံရုံး နှင့် ညှိနှိုင်းရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် စစ်ခုံရုံး မှ ဖိအားသည် ယခင်က ရွှမ်ဟွမ်နတ်ဆိုးဘုရား ထက်ပင် ပိုမိုပြင်းထန်နေပြီး ယုံကြည်ချက်ရှိသော ဧကရာဇ်ယန်ရှင်း ရည်မှန်းချက်ကြီးသော မြင့်မြတ်အရှင်သခင် တို့ကိုပင် စိတ်ဓာတ်ကျဆင်းစေခဲ့သည်။

အထူးသဖြင့် ရန်အမတဧကရာဇ်သည် သူ မည်မျှပင် ပေးဆပ်ပါစေ… ကျော်လွှား၍မရနိုင်သော ရန်သူနှင့် အမြဲရင်ဆိုင်ရမည်ဟု ခံစားနေရသည်။

မြင့်မြတ်အရှင်သခင် အတွက်မူ သူ့ရည်မှန်းချက်များကို ဂရုမစိုက်နိုင်တော့ဘဲ မြင့်မြတ်ခုံရုံး ကို ရှေ့ဆက်ကြုံတွေ့ရမည့် ခက်ခဲသောအချိန်များမှ မည်သို့ကျော်ဖြတ်အောင် ဦးဆောင်ရမည်ကိုသာ အာရုံစိုက်နေရသည်။

ရှန့်ထျန်း က သူတို့ကို စွန့်ပစ်ခဲ့ပြီဖြစ်ရာ မြင့်မြတ်ခုံရုံး ၏ နောက်ထပ်ခြေလှမ်းက ဘာဖြစ်မည်နည်း။

ထိုညတွင် သက်ရှိအားလုံး အိပ်ပျော်ရန် ခက်ခဲဆုံးညဖြစ်ခဲ့ကြသည်။

နောက်တစ်နေ့ နံနက်။

ကုအန် သည် တောအုပ်သို့ စောစီးစွာ ရောက်ရှိလာပြီး ရီရှောင်လျန် နှင့် သူ၏ အပေါင်းအပါလေးဦးကို စောင့်ဆိုင်းနေခဲ့သည်။

သူသည် စမ်းချောင်းလေးဘေးရှိ ကျောက်တုံးပေါ်တွင် ထိုင်ကာ ဧကရာဇ်ယန်ရှင်း နှင့် မြင့်မြတ်အရှင်သခင် တို့မှ ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခုအတွင်း မူလဘူတနှောင်ဖွဲ့ကင်းအမတ ကို ရင်ဆိုင်နေရသည့် ပြင်ပကောင်းကင်သို့ မော့ကြည့်လိုက်သည်။

ညှိနှိုင်းမှုသည် အဆင်ပြေပုံမရချေ။

ကုအန် သည် အထက်တွင် ထိုင်နေသော မူလဘူတနှောင်ဖွဲ့ကင်းအမတ ကို စိတ်မဝင်စားဘဲ နေကိုးစင်းကိုသာ စိတ်ဝင်စားနေမိသည်။

နေကိုးစင်းသည် မူလဘူတနှောင်ဖွဲ့ကင်းအမတ ကိုးပါးကို ဖုံးကွယ်ထားပြီး ထိုနေများသည် အခြားစကြာဝဠာများမှ ဆက်သွယ်ထားသော နေရာများသို့ ဝင်ပေါက်များကဲ့သို့ လုပ်ဆောင်နေသည်။

အတွင်းမှ ထွက်ပေါ်လာသော မဟာတာအို၏ အရှိန်အဝါအရ ၎င်းတို့သည် ဤစကြာဝဠာမှ မဟုတ်ကြောင်းနှင့် တစ်ခုစီသည် မတူညီသော စကြာဝဠာမှ ဆင်းသက်လာကြောင်း ကုအန် ပြောနိုင်သည်။

ကုအန် ကို ပို၍ ဇဝေဇဝါဖြစ်စေသည်မှာ ကောင်းကင်ဝိညာဥ်နတ်ဘုရား က ဘာကြောင့် လုပ်ရှားခြင်းမရှိသနည်း ဆိုသည့်အချက်ပင်။

ကောင်းကင်ဝိညာဥ်နတ်ဘုရားသည် နယ်နိမိတ်တံခါးပေါက် ရှေ့တွင် တရားထိုင်နေ၏။ ယခင်က မရှိခဲ့သော်လည်း ကုအန် ၏ အဆင့်တက်လှမ်းမှုကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်များကြောင့် ရှင်းရှင်းလင်းလင်း ဆွဲဆောင်ခံခဲ့ရသည်။

စစ်ခုံရုံး က ကောင်းကင်ဝိညာဥ်နတ်ဘုရားနှင့် သဘောတူညီချက် တစ်စုံတစ်ရာ ရရှိထားခြင်း ဖြစ်နိုင်သလား။

ကောင်းကင်ဝိညာဥ်နတ်ဘုရားတွင် စစ်ခုံရုံး ပိုင်ဆိုင်သော ကံတရားမျိုးမဟုတ်သည့် သိပ်သည်းသော နတ်ဘုရားတာအိုကံတရား အရှိန်အဝါ ရှိနေသောကြောင့် ကောင်းကင်ဝိညာဥ်နတ်ဘုရားနှင့် စစ်ခုံရုံး ကြားတွင် တိုက်ရိုက်ဆက်နွှယ်မှု မရှိကြောင်း ကုအန် ဆုံးဖြတ်နိုင်သည်။

ထိုအချိန်တွင်...

ကြီးမားသော စစ်ခုံရုံး ပေါ်တွင် ဧကရာဇ်ယန်ရှင်းနှင့် မြင့်မြတ်အရှင်သခင် တို့ ယှဉ်တွဲရပ်လျက် စွမ်းအားကြီးမားသော ရီထျန်းကျိ ကို နတ်ဘုရားတစ်ပါးအား ငေးကြည့်နေသကဲ့သို့ မော့ကြည့်နေကြသည်။ နေကိုးစင်းမှ အလင်းရောင်သည် သူတို့၏ မျက်နှာများကို ရောင်ပြန်နေပြီး သူတို့၏ တင်းမာသော အမူအရာများကို ပေါ်လွင်စေသည်။

ခန်းမကြီးကို ဝန်းရံထားသော ပျံဝဲနေသည့် ပုံရိပ်များသည် သတ္တဝါများကို ငုံ့ကြည့်နေသကဲ့သို့ ဧကရာဇ်ယန်ရှင်းနှင့် မြင့်မြတ်အရှင်သခင် တို့ကို လှောင်ပြောင်နေကြသည်။

မြင်မြတ်အရှင်သခင် ​က အသက်ပြင်းပြင်းရှူလိုက်ပြီး "လုံမျိုးနွယ်စုရဲ့ ဆက်ခံသူက ဘယ်သူလဲဆိုတာ ကျွန်တော်တို့ တကယ်မသိပါဘူး။ ကောင်းကင်နဲ့ မြေကြီးကြားမှာ ကောင်းကင်နတ်ဆိုးတွေရဲ့ ကိုယ်ပွားတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအိုရွှေအမြုတေ အတွက်ဆိုရင်တော့..."

သူက ဧကရာဇ်ယန်ရှင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ရီထျန်းကျိ ဘက်သို့ လှည့်ကာ " ကောင်းကင်တာအိုရွှေအမြုတေသာ ကောင်းကင် စိတ်ဝိညာဥ်နယ်မြေ ကနေ ထွက်သွားရင် ကောင်းကင်စိတ်ဝိညာဥ်နယ်မြေက ပျက်စီးသွားလိမ့်မယ်။ အဲ့ဒါက ကျွန်တော်တို့ကို တိုက်ရိုက်သတ်တာနဲ့ ဘာကွာခြားလို့လဲ"

ရီထျန်းကျိ က ခံစားချက်ကင်းမဲ့စွာဖြင့် "ကွာခြားချက်က မင်း အသက်ရှင်နိုင်တာပဲ။ ဒီအခြေအနေရောက်မှ မင်းက တခြားသူတွေကို ကယ်တင်ချင်သေးတာလား"

မြင့်မြတ်အရှင်သခင် က မျက်မှောင်ကြုတ်လိုက်သည်။

သူသာ မိမိအသက်ကိုသာ ဂရုစိုက်ခဲ့လျှင် ကောင်းကင်စိတ်ဝိညာဥ်နယ်မြေမှ လွန်ခဲ့သော ကာလကြာရှည်ကတည်းက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင် သူသည် မျှော်လင့်ချက်များကို ဆရာသခင်ဓားအရှင် ထံတွင်သာ ပုံအပ်ထားနိုင်သည်။

သူသည် ဆရာသခင်ဓားအရှင် လှုပ်ရှားလာမည့်အချိန်ကို စောင့်ဆိုင်းရင်း အချိန်ဆွဲရန် အကောင်းဆုံး ကြိုးစားနေခြင်းဖြစ်သည်။

ဧကရာဇ်ယန်ရှင်းက "မင်း ကောင်းကင်တာအို ရဲ့ တန်ပြန်သက်ရောက်မှုကို မကြောက်ဘူးလား" ဟု

ရီထျန်းကျိ က နှာခေါင်းရှုံ့လိုက်ပြီး၏ "ကောင်းကင်တာအိုရဲ့ တန်ပြန်သက်ရောက်မှု ဟုတ်လား။ ကောင်းကင်တာအိုဆိုတာ ဘာလဲဆိုတာ မင်းတို့ တကယ်မသိကြပုံရတယ်။ တကယ်တော့ ကောင်းကင်တာအိုအမတရာထူး ကို လှမ်းယူဖို့ ကြိုးစားနေတဲ့ သေမျိုးတစ်ယောက်က မင်းတို့အားလုံးကို မဟာကောင်းကင်နဲ့မြေကြီး မှာ လှည့်စားထားတာပဲ။ တကယ်ဝမ်းနည်းစရာကောင်းပေမယ့် အဲ့ဒါက အဲ့ဒီဖြစ်တည်မှုရဲ့ အပြစ်လည်း ဖြစ်တယ်"

ထိုစကားကို ကြားသောအခါ ရန်အမတဧကရာဇ်က ပိုမိုမေးမြန်းချင်သော်လည်း ရီထျန်းကျိ က ဆက်ပြောလိုက်သည်။ "တော်ပြီ၊ အချိန်ဆွဲမနေနဲ့တော့။ မင်းတို့ မျှော်လင့်နေတဲ့ ဆရာသခင်ဓားအရှင် က တကယ်ပဲ ထွက်ခွာသွားပုံပဲ"

မြင့်မြတ်အရှင်သခင် အချိန်ဆွဲနေစဉ်တွင် ရီထျန်းကျိ သည်လည်း စောင့်ဆိုင်းနေခဲ့သည်။

ဤကိုမလာခင်ကတည်းက သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ ကိုယ်ပွားတစ်ခုကို ချေမှုန်းခဲ့သော ဆရာသခင်ဓားအရှင် ၏ စွမ်းဆောင်ရည်ကို သူသိထားပြီးဖြစ် သည်။ ဆရာသခင်ဓားအရှင် သည် မူလဘူတနှောင်ဖွဲ့ကင်းအမတ ဖြစ်ရမည်ဟု သူသေချာနေ၏။ ထို့ကြောင့် သူသည် အဆင့်တူ ပုဂ္ဂိုလ်ကိုးဦးကိုပင် အထူးဖိတ်ခေါ်ထားခဲ့သည်။

သူ ထုတ်မပြောသော်လည်း တကယ်တမ်းတွင် ဆရာသခင်ဓားအရှင် ကို အလွန်သတိထားနေသဖြင့် ချက်ချင်း မလုပ်ရှားခြင်းမပြုဘဲ ဆရာသခင်ဓားအရှင် ဘာပြောမလဲဆိုတာကို စောင့်ကြည့်ချင်ခဲ့သည်။

သို့သော် ညတစ်ည ကုန်လွန်သွားခဲ့ပြီး ဆရာသခင်ဓားအရှင် က မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ပေ။

ဆရာသခင်ဓားအရှင် သည် ပြန်လည်မွေးဖွားခြင်းဖြစ်စဉ် ကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်ဟု ရီထျန်းကျိ ခန့်မှန်းလိုက်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်စဉ်မျိုးသည် မူလဘူတနှောင်ဖွဲ့ကင်းအမတ တစ်ပါး ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်သောကြောင့် ပုံမှန်သာဖြစ်သည်။

ဆရာသခင်ဓားအရှင် ကြောင့်ဖြစ်သည်ကိုတော့ သူလုံးဝ ထည့်မစဉ်းစားခဲ့ပေ။ အခြားစကြာဝဠာများတွင်လည်း စိတ်ကူးမယဉ်နိုင်လောက်အောင် ကျယ်ပြန့်သော ထိုကဲ့သို့သော ဖြစ်စဉ်များ ရှိကြောင်း သူ့အထက်မှ ပုဂ္ဂိုလ်ကိုးဦးထံမှ သိရှိခဲ့ရသည်။

ဧကရာဇ်ယန်ရှင်းနှင့် မြင့်မြတ်အရှင်သခင် တို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့ ဘာကို စောင့်မျှော်နေမှန်း ရီထျန်းကျိ သိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

ရီထျန်းကျိ က ညာလက်ကို မြှောက်လိုက်ရာ ဧကရာဇ်ယန်ရှင်းသည် ချက်ချင်းပင် စွမ်းအင်ကို စတင်စုစည်းလိုက်သည်။ မူလဘူတနှောင်ဖွဲ့ကင်းအမတ ၏ စွမ်းအားကြီးသောအရှိန်အဝါ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး ဧကရာဇ်ယန်ရှင်းဘေးမှ ရပ်နေသော လွတ်ငြိမ်းရာအမတဖြစ်သော မြင့်မြတ်အရှင်သခင်မှာ ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားရသည်။ စစ်ခုံရုံး ရှိ ခန်းမကြီးကို ဝန်းရံထားသော သတ္တဝါများသည် ဧကရာဇ်ယန်ရှင်း ဘက်သို့ လှည့်လာကြပြီး သူတို့၏ အရှိန်အဝါများလည်း ပေါက်ကွဲထွက်ပေါ်လာသည်။ မူလဘူတနှောင်ဖွဲ့ကင်းအမတ ဖြစ်သော ဧကရာဇ်ယန်ရှင်း ပင်လျှင် သူတို့၏ သန်မာမှုကြောင့် မျက်နှာပျက်သွားရသည်။

ဝန်းရံထားသော သက်ရှိများ စွမ်းအားကြီးကြောင်း သူ ကြာမြင့်စွာကတည်းက ခံစားမိသော်လည်း သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူ အများအပြား ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူတို့ အခု ဘယ်လို တိုက်ခိုက်ကြမှာလဲ။

ဧကရာဇ်ယန်ရှင်း ရီထျန်းကျိ ကို ကြည့်လိုက်၏။ သူ၏ မျက်နှာမှာ အလွန်အမင်း စိုးရိမ်ပူပန်နေပြီး မျက်လုံးများမှာ အေးစက်သော အကြည့်များဖြင့် ပြည့်နှက်နေကာ ကြောက်ရွံ့မှု အရိပ်အယောင် မပြမိစေရန် အပြင်းအထန် ကြိုးစားနေခဲ့သည်။

ရီထျန်းကျိ ၏ အပြုံးသည် အရိုင်းဆန်ပြီး မောက်မာနေကာ သူ၏ ညာလက်ဝါးကို ကောင်းကင်စိတ်ဝိညာဥ်နယ်မြေ ဘက်သို့ ဦးတည်လိုက်သည်။

တစ်ခဏချင်းတွင် ကောင်းကင်စိတ်ဝိညာဥ်နယ်မြေသည် နေ့အချိန်မှ ညအချိန်သို့ ရုတ်ခြည်း ပြောင်းလဲသွားပြီး လနှင့် ကြယ်များကို မမြင်ရတော့ပေ။

တောအုပ်ထဲတွင် လမ်းလျှောက်နေသော ယီရှောင်လျန်နှင့် သူ၏ အပေါင်းအပါလေးဦးသည် ကြောက်လန့်တကြား အော်ဟစ်ကာ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြပြီး ရှေ့ဆက်မတိုးရဲတော့ဘဲ အချို့ဆိုလျှင် ကြောက်လွန်း၍ မျက်ရည်များပင် ကျလာကြသည်။

ကောင်းကင်တာအိုအလင်းလွှာ ပေါ်တွင် ရပ်နေသော ကျင့်ကြံသူများနှင့် နတ်ဆိုးများသည် အလွန်ထိတ်လန့်သွားကြသည်။ သူတို့၏ မျက်စိရှေ့မှောက်တွင် ဖော်ပြ၍မရနိုင်သော ကြီးမားလှသည့် လက်ကြီးတစ်ဖက်သည် စကြာဝဠာအထက်မှ ဆင်းသက်လာပြီး ကောင်းကင်စိတ်ဝိညာဥ်နယ်မြေ ဆီသို့ ဆန့်တန်းလာသည်။

ကျယ်ပြောလှသော ကောင်းကင်စိတ်ဝိညာဥ်နယ်မြေသည် ဤလက်ကြီး၏ ရှေ့တွင် လက်ချောင်းအရွယ်အစားခန့်သာရှိသော ကျောက်စရစ်ခဲလေး တစ်လုံးကဲ့သို့ ထင်မှတ်ရသည်။

ခန်းမကြီး၏ အဝေးတစ်နေရာမှ ဧကရာဇ်ယန်ရှင်းနှင့် မြင့်မြတ်အရှင်သခင် တို့သည် တုန်လှုပ်ချောက်ချားစွာ စိုက်ကြည့်နေကြသည်။

"လုံမျိုးနွယ်စုရဲ့ ဆက်ခံသူ ထွက်ပေါ်လာဖို့အချိန်တန်ပြီ"

ရီထျန်းကျိ ၏ အသံသည် ကောင်းကင်စိတ်ဝိညာဥ်နယ်မြေတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ အမှောင်ထုအောက်တွင် သူ၏အသံသည် ချောက်ကမ်းပါးမှ နတ်ဆိုးနတ်ဘုရား တစ်ပါး၏ အသံကဲ့သို့ သက်ရှိအားလုံးကို အဆုံးမဲ့ ကြောက်ရွံ့မှုများ သွတ်သွင်းပေးနေသည်။

တတိယဆေးတောင်ကြားတွင် လုံချင်း သည် ညကောင်းကင်ယံကို မော့ကြည့်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူ့စိတ်အာရုံကို တိုက်ခိုက်လာသော မှတ်ဉာဏ်များ သူ့ခေါင်းထဲမှ ပေါက်ကွဲထွက်လာသဖြင့် ခေါင်းကို ရုတ်တရက် ဖက်လိုက်သည်။

သူ့ခေါင်း ပေါက်ကွဲထွက်တော့မည့်အလား ပြင်းထန်သော နာကျင်မှုကို ယခင်က တစ်ခါမှ မခံစားဖူးပေ။ နာကျင်မှုကြောင့် သူ မြေကြီးပေါ်သို့ ဒူးထောက်ကျသွားသည်။

ကမ္ဘာကြီး မှောင်ကျသွားပြီဖြစ်သောကြောင့် အခြားသူအားလုံးသည် ညကောင်းကင်ယံကို ကြည့်နေကြပြီး မည်သူမျှ သူ၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိမထားမိကြပေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

လုံချင်း အံကြိတ်ကာ မိမိကိုယ်ကို ရေရွတ်လိုက်ပြီး သက်ရှိအားလုံး၏ သွေးများဖြင့် ပြည့်နှက်နေသော နယ်ပယ်တစ်ခုတွင် တိုက်ခိုက် သတ်ဖြတ်နေသည့် သူ့ကိုယ်သူ မြင်ယောင်လာကာ ရုန်းကန်နေရသည်။ သူ၏ ကမ္ဘာလောကကြီးသည် အနီရောင် သမ်းလို့နေသည်။

အခန်း ၅၂၄ ဒါက မင်းဂုဏ်ယူနေတဲ့ စစ်ခုံရုံးလား

ကုအန် ရီထျန်းကျိ ၏ စကားများကို ကြားသော်လည်း လုပ်ရှားခြင်းမပြု​ချေ။ ရီထျန်းကျိ က လုံချင်း ကို အတိတ်ဘဝမှတ်ဉာဏ်များ နိုးထလာအောင် ကူညီပေးနေသည်ကိုသာ သူ စောင့်ကြည့်နေခဲ့သည်။

"ဒီကလေး သူ့ကံတရားကို သူရင်ဆိုင်ဖို့ အချိန်တန်ပြီ"

ကုအန် သာ သူ့ကို မှတ်ဉာဏ်များ ပြန်လည်ရရှိအောင် ကူညီပေးခဲ့လျှင် လုံချင်း တွင် မျှော်လင့်ချက်အချို့ ရှိနေနိုင်သေးသည်။ ယခု ရီထျန်းကျိ က သူ့ကို မှတ်ဉာဏ်များ နိုးထလာအောင် ကူညီပေးလိုက်သောအခါ လုံချင်း သည် သူထမ်းပိုးထားသော အကျိုးအကြောင်းတရား မည်မျှ လေးလံကြောင်း သဘောပေါက်သွားသည်။

ကုအန် သည် လုံချင်း ကို ထာဝရ စောင့်ရှောက်ပေးနိုင်မည် မဟုတ်ပေ။ လုံချင်း သည် အသက်တစ်ထောင်ကျော်နေပြီ ဖြစ်သဖြင့် သူ့ကံတရားကို ရင်ဆိုင်ရန် အချိန်တန်ပြီ ဖြစ်သည်။

လုံမျိုးနွယ်စု၏ ကံတရားသည် ဝမ်းနည်းဖွယ်ကောင်းသော်လည်း မကောင်းမှုများစွာဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့၏ ကျဆုံးမှုသည် သနားစရာကောင်းသော်လည်း ဖြစ်သင့်ဖြစ်ထိုက်၏။

အမှန်စင်စစ် လုံမျိုးနွယ်စုတွင် လူကောင်းများ ရှိသော်လည်း လုံကျန့် ကြောင့် ထိုမျိုးနွယ်စုသည် မိစ္ဆာများကိုသာ မွေးထုတ်ပေးလေ့ရှိသည်။ လုံချင်း သည်လည်း သူ့အတိတ်ဘဝက မကောင်းမှုများ ကျူးလွန်ခဲ့ကြောင်း ကုအန် မြင်တွေ့နိုင်သည်။

ကုအန် သည် လုံကျန်း ၏ မျက်နှာကို ထောက်ထား၍ လုံချင်း ကို စစ်ခုံရုံး မှ ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တိုက်ပွဲနန်းတော် သည်လည်း ကောင်းမွန်သောအရာ မဟုတ်သဖြင့် ၎င်းကို ဖျက်ဆီးခြင်းသည် ကုအန် အနေဖြင့် လုံကျန့် ကြောင့် ကျန်ရစ်ခဲ့သော အကျိုးအကြောင်းတရားများကို လုံးဝ ရှင်းလင်းလိုက်ခြင်းပင် ဖြစ်သည်။

တိုက်ပွဲနန်းတော် ကို လုံကျန့် ဖန်တီးခဲ့ခြင်းဖြစ်ပြီး လုံချင်း သည် သူ၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်သည်။ ဤမကောင်းသော ကံတရားကို ပြောင်းပြန်လှန်ရန် လိုအပ်သည်ဟု ကုအန် ခံစားမိသည်။

ထို့အပြင် သူသာ ဝင်မပါလျှင် နတ်ဝိညကောင်းကင်စိတ်ဝိညာဥ်နယ်မြေ သည် တိုက်ပွဲနန်းတော် ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဒါကို သူ မမြင်ချင်ပါ။

ကုအန် သည် စစ်ခုံရုံး ၏ နက်ရှိုင်းသော အကျိုးအကြောင်းတရားများကို စစ်ဆေးရင်း ညကောင်းကင်ယံသို့ မော့ကြည့်လိုက်ကာ သူ၏ နတ်ဘုရားအာရုံ ကို ရီထျန်းကျိ အပေါ်တွင် ပိတ်ဆို့ထားလိုက်သည်။

နတ်ဝိညာဥ်ကမ္ဘာကြီးသို့ ဆင်းသက်လာသော တိုက်ပွဲနန်းတော် သည် ယခင်က တိတ်ဆိတ်ခြင်းပျက်သုဉ်းမှုဧကရာဇ် ကဲ့သို့ပင် အခွဲတစ်ခုမျှသာ ဖြစ်သည်။ အစစ်အမှန် စစ်ခုံရုံး သည် နယ်နမိတ်တံခါးပေါက် အပြင်ဘက်တွင် ပိတ်ဆို့ခံထားရသည်။

အကယ်၍ ကုအန် သာ ဤစစ်ခုံရုံး အခွဲကို ဖျက်ဆီးလိုက်လျှင် အစစ်အမှန် စစ်ခုံရုံး နှင့် သေသည်အထိ တိုက်ခိုက်ရမည်ဟု ဆိုလိုရာရောက်၏။

ဒီအတွက် သူ မကြောက်ပါ။ သူကြောက်သည်မှာ စစ်ခုံရုံး မဟုတ်ဘဲ ထိုအမတနတ်ဘုရား အုပ်စုကိုသာ ဖြစ်သည်။

"ငါ့ကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေကို ငါပဲ ဖျက်ဆီးပစ်ရမယ်"

ကုအန် ထိုသို့ တွေးတောရင်း ညကောင်းကင်ယံကို ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ယခင်အတိုင်း တည်ငြိမ်နေသည်။

...

ဗလာနယ် အတွင်းရှိ ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခုပေါ်တွင်။

ဧကရာဇ်ယန်ရှင်းရာဇ် နှင့် မြင့်မြတ်အရှင်သခင် တို့သည် ကောင်းကင်စိတ်ဝိညာဥ်နယ်မြေ အထက်မှ ကြောက်မက်ဖွယ်ကောင်းသော လက်ကြီးကို ကြည့်ရင်း တုန်လှုပ်သွားကြသည်။

ထိုလက်ကြီးကို ရင်ဆိုင်ရချိန်တွင် သူတို့၌ တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ မျှော်လင့်ချက်မဲ့မှုကိုသာ ခံစားလိုက်ရသည်။

ဧကရာဇ်ယန်ရှင်း သည် ကောင်းကင်တာအိုရွှေအမြုတေ ထဲတွင် ထိုကဲ့သို့သော မြင်ကွင်းကို တစေ့တစောင်း မြင်တွေ့ခဲ့ရဖူးသော်လည်း အမှန်တကယ် မြင်တွေ့လိုက်ရသောအခါ ရိုးတွင်းထဲအထိ အေးခဲသွားခဲ့သည်။

ကောင်းကင်စိတ်ဝိညာဥ်နယ်မြေ သည် မည်မျှကျယ်ပြန့်လိုက်သနည်း။ သို့သော် ဤလက်ကြီး၏ ရှေ့တွင် ပုရွက်ဆိတ်သမျှသေးငယ်သွားရသည်။

ဧကရာဇ်ယန်ရှင်း ခေါင်းလှည့်ကာ ရီထျန်းကျိ ကို ကြည့်လိုက်ပြီး အံကြိတ်လျက် "မင်းတို့က တကယ်ပဲဘယ်သူတွေလဲ...ဘယ်က လာကြတာလဲ။ ငါတို့ကို သေစေချင်ရင် အနည်းဆုံးတော့ အသိပေးပေးပြီးမှ သေဆုံးခွင့်ပေးနိုင်မလား"

ရီထျန်းကျိ ၏ ညာလက်သည် တစ်ဝက်ခန့် မြှောက်ထားသည်။ သေချာကြည့်လိုက်လျှင် သူ၏ လက်ပုံသဏ္ဍာန်သည် ကောင်းကင်စိတ်ဝိညာဥ်နယ်မြေ အထက်မှ လက်ကြီးနှင့် ထပ်တူညီနေပြီး ဧကရာဇ်ယန်ရှင်းအပေါ် ဖိအားကို ပိုမိုပြင်းထန်စေခဲ့သည်။

ဧကရာဇ်ယန်ရှင်း ၏ မေးခွန်းကို ရီထျန်းကျိ က လှောင်ပြောင်ကာ "ဒါဆို မင်းရဲ့ သိလိုစိတ်ကို ငါ ဖြည့်ဆည်းပေးရမှာပေါ့။ ငါတို့က စစ်ခုံရုံး က လာတာပဲ။ ငါ့နာမည်က ရီထျန်းကျိ.... ငါက ကောင်းကင်လျှို့ဝှက်ချက်တွေကို ပိုင်းခြားသိမြင်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ မင်းတို့နှစ်ယောက်ရဲ့ ကံတရားတွေက ငါ့မျက်စိရှေ့မှာ ရှင်းရှင်းလင်းလင်းပဲ.... မင်းတို့က ပြန်လည်ဝင်စားမယ့် မျှော်လင့်ချက်တောင် မရှိဘဲ သေဆုံးဖို့ ကံပါလာပြီးသားပဲ"

စစ်ခုံရုံး..

မြင့်မြတ်အရှင်သခင် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူ့မျက်လုံးများတွင် ထိတ်လန့်သော အမူအရာ ပေါ်လာသည်။

သို့သော် ဧကရာဇ်ယန်ရှင်းမှာမူ နှုတ်ဆိတ်နေသည်။ တိုက်ပွဲမဝင်ဘဲ လက်နက်ချရန် ရွေးချယ်လိုက်ခြင်းကြောင့် မဟုတ်ဘဲ လွှမ်းမိုးထားသော စွမ်းအားတစ်ခုက သူ့ကို ဖိနှိပ်ထားသဖြင့် မလှုပ်မယှက် ဖြစ်နေသောကြောင့် ဖြစ်သည်။ ယခု သူလုပ်နိုင်သည်မှာ သေခြင်းတရားကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။ ရီထျန်းကျိ က ကောင်းကင်တာအိုရွှေအမြုတေ၏ တည်ရှိမှုကို သိရှိသွားမည် စိုးသဖြင့် ၎င်း၏ စွမ်းအားကိုပင် အသုံးမပြုရဲပေ။

"ဟမ်... နောက်ဆုံးတော့ ရှာတွေ့ပြီ၊ တကယ်ပဲ ဆရာသခင်ဓားအရှင် ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတာပဲ"

ရီထျန်းကျိ က ဧကရာဇ်ယန်ရှင်း နှင့် မြင့်မြတ်အရှင်သခင် တို့၏ အတွေးများကို လမ်းကြောင်းပြောင်းစေရန် ရုတ်တရက် ပြောလိုက်သည်။

ဆရာသခင်ဓားအရှင် သည် သူတို့စိတ်ထဲတွင် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာသည်။ ရေနစ်နေသူများက ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်သကဲ့သို့ သူတို့သည် ဤအသက်ကယ်ကြိုးကို ဖက်တွယ်ထားကြပြီး မျက်လုံးများ အရောင်တောက်လာသည်။ ထို့နောက် ရီထျန်းကျိ သည် ဘယ်လက်ကို မြှောက်ကာ ညာလက်ဝါးဆီသို့ လှမ်းလိုက်သည်။

သို့သော် ထိုအချိန်တွင် လက်တစ်ဖက်သည် သူ့ပခုံးပေါ်သို့ ရုတ်တရက် ကျရောက်လာသဖြင့် သူ့နှလုံးမှာပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့အမြင်တွင် ဧကရာဇ်ယန်ရှင်း သည် ရုတ်တရက် ကြီးထွားလာ၏။ ဧကရာဇ်ယန်ရှင်း သာမက ပတ်ဝန်းကျင်ရှိ အရာအားလုံးပါ ကြီးမားလာသည်။

မဟုတ်ဘူး! သူတို့ကြီးသွားတာဟုတ်ဘူး သေးငယ်သွားတာက သူပဲ!

သူ့အကြည့်က မသိစိတ်ဖြင့် ဘေးဘက်သို့ ရောက်သွားပြီး မျက်လုံးထောင့်မှနေ၍ နက်မှောင်သော ခရမ်းရောင် နတ်ဆိုးချီ များ လွှမ်းခြုံထားသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုပုံရိပ်၏ လက်က သူ့ပခုံးပေါ် ဖိချထားပြီး သူ့ကို သေမျိုးတစ်ယောက်၏ အရွယ်အစားအထိ ကျုံ့သွားစေခြင်း ဖြစ်သည်။

ခန်းမကြီးတစ်ဝိုက်ရှိ စစ်ခုံရုံး မှ သက်ရှိများသည် သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြရာ ကောင်းကင်ခရမ်းရောင်သူတော်စင်တာအိုခန္ဓာ ကို အသုံးပြုထားသော ကုအန် ကို ဝန်းရံထားသည့် ပုံရိပ်များ ရီထျန်းကျိ ရှေ့ လေထဲတွင် ပေါ်လာသည်။

ကောင်းကင်ခရမ်းရောင်သူတော်စင်တာအိုခန္ဓာသည် နတ်ဆိုးအရိပ်သိုင်းကျမ်း ၏ အသွင်ပြောင်းလဲမှုတစ်ခုဖြစ်ပြီး ပိုမိုကြီးမားသော လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဖန်တီးမှုကို ပိုင်ဆိုင်ထားသည်။ ကုအန် သည် ဆရာသခင်ဓားအရှင် အမည်ခံဖြင့် ဝင်ရောက်စွက်ဖက်လိုသဖြင့် ဤပုံစံဖြင့် ပေါ်လာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူ့ကို ဝန်းရံထားသော မူလဘူတနှောင်ဖွဲ့ကင်းအမတ ကိုးဦးကို သူ ဂရုမစိုက်ပေ။ သူ ငြိမ်ငြိမ်နေလျှင်တောင် ထို မူလဘူတနှောင်ဖွဲ့ကင်းအမတ ကိုးဦးသည် ကောင်းကင်ခရမ်းရောင်သူတော်စင်တာအိုခန္ဓာ၏ ကာကွယ်မှုကို ဖောက်ထွင်းနိုင်မည် မဟုတ်ချေ။

ကုအန် ၏ မျက်လုံးများက ရီထျန်းကျိ အပေါ် ကျရောက်သွားသည်။

[ရီထျန်းကျိ (မူလဘူတနှောင်ဖွဲ့ကင်းအမတနယ်ပယ် နှောင်းပိုင်းအဆင့်): ၁,၂၀၉,၈၂၇,၂၉၈/၃၀,၀၀၀,၀၀၀,၀၀၀/၅၀,၀၀၀,၀၀၀,၀၀၀]

နှစ်ပေါင်း ၁၂ ဘီလီယံ သက်တမ်းရှိသော ဖြစ်တည်မှုတစ်ခု!

နှစ်ပေါင်း ၃၀ ဘီလီယံ သက်တမ်း...မဆိုးပါဘူး၊ လုပ်ရှားရကျိုး နပ်တယ်။

ကုအန် ၏ အကြည့်သည် သူ့ပတ်လည်ရှိ မူလဘူတနှောင်ဖွဲ့ကင်းအမတ ကိုးဦးထံ ရောက်သွားသော်လည်း သူတို့ကို သက်တမ်းစစ်ဆေးခြင်း ( မပြုလုပ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအချက်က ဤကိုးဦးသည် သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်များ မဟုတ်ကြောင်း ညွှန်ပြနေသည်။ သူတို့၏ အရှိန်အဝါသည် သက်ရှိဝိညာဉ်များ နှင့် တူညီပုံရသည်။

အခြားစကြာဝဠာများနှင့် ဆက်သွယ်ထားသော ထိုနေကိုးစင်းသည် အထူးစွမ်းအား ထုတ်လွှင့်သည့် လမ်းကြောင်းများသာ ဖြစ်နေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်များ ဤနေရာသို့ လာရောက်ရန်အတွက် နယ်နမိတ်တံခါးပေါက် ကို ဖြတ်သန်းရန် လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။

ရီထျန်းကျိ သေးငယ်သွားသည်ကို မြင်လိုက်ရသောအခါ ဧကရာဇ်ယန်ရှင်း သည် ခေတ္တမျှ ကြောင်အသွားပြီးနောက် ကုအန် ၏ ပုံရိပ်ကို မြင်လိုက်ရသည်။

"ဆရာသခင်ဓားအရှင်!"

ဧကရာဇ်ယန်ရှင်း သည် စိတ်လှုပ်ရှားသွားပြီး ဝမ်းသာအားရ ဖြစ်သွားသည်။

အဝေးမှ မြင့်မြတ်အရှင်သခင် လည်း သူ့အကြည့်နောက်လိုက်ကြည့်ပြီး ထပ်တူ အံ့သြသွားသည်။

သူ့စီနီယာက တကယ်ပဲ လုပ်ရှားလိုက်ပြီပဲ။

ရီထျန်းကျိ က ကုအန် ကို တင်းမာသောအကြည့်ဖြစ် တစ်ချက်ကြည့်လိုက်ပြီး တဖြည်းဖြည်း တည်ငြိမ်သွားကာ အေးစက်စွာ ပြောလိုက်သည်။

"ဆရာသခင်ဓားအရှင်၊ ခင်ဗျား တကယ်ပဲ ဝင်ပါလိုက်တာပဲ။ ခင်ဗျားနဲ့ လုံမျိုးနွယ်စုနဲ့က တကယ်ပဲ ဘာပတ်သက်မှု ရှိနေတာလဲ"

ပတ်လည်ရှိ မူလဘူတနှောင်ဖွဲ့ကင်းအမတ ကိုးဦးလုံးသည် အနက်ရောင် အငွေ့သက်များ ထုတ်လွှတ်နေကြပြီး သူတို့၏ မျက်နှာအစစ်များကို ဖုံးကွယ်ထားကာ ကုအန် ကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ်နေ၏။ သူတို့ စကားမပြောကြသော်လည်း သူတို့၏ စွမ်းအား သည် ကုအန် ထွက်မပြေးနိုင်အောင် အတားအဆီး တစ်ခု ဖန်တီးထားပြီးဖြစ်သည်။

သူတို့၏ မမြင်နိုင်သော စွမ်းအားက သူ့၏ ကောင်းကင်ခရမ်းရောင်သူတော်စင်တာအိုခန္ဓာ ကို စမ်းသပ်ရန် ကြိုးစားနေသည်ကိုပင် ကုအန် ခံစားနိုင်သော်လည်း သူတို့ လုံးဝ မအောင်မြင်နိုင်ပေ။

"သက်ရှိအားလုံး ကို မထိခိုက်စေနဲ့လို့ ငါပြောထားတယ်လေ။ မင်း ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကပဲ လာလာ" ကုအန် ၏ အသံထွက်ပေါ်လာသည်။

အသံမှာ အက်ကွဲပြီး ရေခဲသမျှ အေးစက်နေကာ သတ်ဖြတ်လိုစိတ် အပြည့်ပါဝင်နေသဖြင့် ရီထျန်းကျိ ၏ မကြာသေးမီက တည်ငြိမ်သွားသော စိတ်ခံစားမှုများကို ကြောက်ရွံ့မှုများအဖြစ် ပြန်လည်မြင့်တက်လာစေခဲ့သည်။

ရီထျန်းကျိ လည်း ဧကရာဇ်ယန်ရှင်း ကဲ့သို့ပင် ခံစားလိုက်ရသည်။

မလှုပ်ရှားနိုင်တော့ဘူး။

သူ့စွမ်းအားများ အတွင်း၌ ခဲလုနီးပါး ဖြစ်နေခဲ့၏။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..သူက မူလဘူတနှောင်ဖွဲ့ကင်းအမတ နယ်ပယ်ကို ကျော်လွန်သွားပြီလား..

ရီထျန်းကျိ ရုတ်တရက် အန္တရာယ်ကို အာရုံခံမိလိုက်သည်။ သူ ကုအန် ကို အမြင့်ဆုံးအဆင့်အထိ ခန့်မှန်းထားသော်လည်း ကုအန် သည် သူထင်ထားသည်ထက် ပိုမိုစွမ်းအားကြီးနေသည်။

မူလဘူတနှောင်ဖွဲ့ကင်းအမတတစ်ပါးကို ဤပျက်စီးနေသော ကောင်းကင်စိတ်ဝိညာဥ်နယ်မြေ သို့ မည်သည်က ခေါ်ဆောင်လာရသနည်း။

ရီထျန်းကျိ နားမလည်နိုင်ဖြစ်နေပြီး တစ်ချိန်တည်းမှာပင် ကုအန် နှင့် လုံမျိုးနွယ်စု မပတ်သက်ကြောင်း ခံစားလိုက်ရသည်။ လုံမျိုးနွယ်စုတွင် ထိုကဲ့သို့ စွမ်းအားကြီးသော ပုဂ္ဂိုလ်မျိုး မရှိပေ။ အကယ်၍ ရှိခဲ့လျှင် သူတို့ ဘယ်လိုလုပ် ဒီလိုအခြေအနေမျိုး ရောက်နိုင်မည်နည်း။

တစ်ခဏချင်းတွင် သူ ဖြစ်နိုင်ခြေများစွာကို တွေးလိုက်ပြီး ကုအန် ကို စစ်ခုံရုံး ၏ ရန်သူအဖြစ်ပင် ထင်မြင်လိုက်သည်။

"ဒီကတာအိုမိတ်ဆွေ၊ ခင်ဗျား တကယ်ပဲ စစ်ခုံရုံး ကို ဆန့်ကျင်ချင်တာလား"

"ဒီလောက် ကျင့်ကြံခြင်းအဆင့်နဲ့ ပျက်စီးနေတဲ့ ကောင်းကင်စိတ်ဝိညာဥ်နယ်မြေ မှာ ပုန်းအောင်းနေတာ ဘာအကြောင်းပြချက်ကြောင့်လဲ"

"လုံမျိုးနွယ်စုရဲ့ ဆက်ခံသူတွေက ခင်ဗျား ဒီမှာ ပုန်းနေလောက်အောင် တန်ဖိုးမရှိပါဘူး၊ ခင်ဗျား ကောင်းကင်တာအိုရွှေအမြုတေအတွက် လာတာလား"

"ရယ်စရာပဲ၊ သက်ရှိအားလုံးအတွက် ဟုတ်လား။ သက်ရှိအားလုံး ဒီမှာမရှိရင် ဘာလို့ ဟန်ဆောင်နေမှာလဲ"

ပတ်ဝန်းကျင်ရှိ မူလဘူတနှောင်ဖွဲ့ကင်းအမတ ကိုးဦးသည် ဆက်တိုက် စကားပြောလာကြပြီး သူတို့၏ လေသံများမှာ ရန်လိုမှုများဖြင့် ပြည့်နှက်နေသည်။

သူတို့အမြင်တွင် ကုအန် သည် သက်ရှိအားလုံးကို ကာကွယ်ရန် လာခြင်းမဟုတ်ဘဲ စစ်ခုံရုံး ၏ လုပ်ရပ်များကို ဝင်ရောက်စွက်ဖက်ရန် သက်သက် ရည်ရွယ်ခြင်း ဖြစ်သည်။

ကုအန် ဖြည်းညှင်းစွာ မော့လိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။

ဘုန်း!

ရွှေရောင်အလင်းတန်းတစ်ခု သူ့ဆီမှ ပေါက်ကွဲထွက်ပေါ်လာပြီး တစ်ခဏချင်းတွင် မူလဘူတနှောင်ဖွဲ့ကင်းအမတ ကိုးဦးကို လွင့်စဉ်သွားစေလိုက်သည်။

ပြီးတော့ သူသည် ပြီးပြည့်စုံသော မူလဘူတနှောင်ဖွဲ့ကင်းအမတနယ်ပယ် ၏ အစွမ်းကုန် အင်အားဖြင့် ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။ ယင်းက ဤအစစ်အမှန်ခန္ဓာကိုယ်မဟုတ်သော ဖြစ်တည်မှုများကို ချေမှုန်းပစ်ရန် လုံလောက်သည်ထက်ပို၏။

အနက်ရောင်အငွေ့များ ပေါက်ကွဲထွက်သွားပြီး ရီထျန်းကျိ ရှေ့တွင် လွင့်မျောသွားသည်။ ရီထျန်းကျိ ၏ မျက်လုံးများ ရုတ်တရက် ကျုံ့သွားပြီး မျက်နှာတွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။

ခန်းမကြီးတစ်ဝိုက်ရှိ စစ်ခုံရုံး မှ စွမ်းအားရှင်များသည်လည်း ကြောက်လန့်သွားကြပြီး အုပ်စုလိုက် နောက်ဆုတ်ကာ ခန်းမကြီးနှင့် ခပ်ခွာခွာ နေလိုက်ကြသည်။ ယခင်က ဧကရာဇ်ယန်ရှင်း နှင့် တိုက်ခိုက်ခဲ့သော အတောင်ပံပါလူအပါအဝင် မည်သူမျှ အနားမကပ်ရဲကြပေ။

ကုအန် က အောက်ကိုငုံ့ကာ ရီထျန်းကျိ ကို စိုက်ကြည့်ပြီး "ဒါက မင်းဂုဏ်ယူနေတဲ့ စစ်ခုံရုံးလား"

သူ့တာအိုနှလုံးသား ထဲထိ ထိုးဖောက်ဝင်ရောက်လာသော ကြောက်ရွံ့မှုများ လွှမ်းခြုံထားခြင်း ခံရသော ရီထျန်းကျိ သည် စကားပြောရန် ပါးစပ်ဟလိုက်စဉ် ကြောက်မက်ဖွယ်ကောင်းသော ကံတရားစွမ်းအား တစ်ခု ပတ်လည်မှ ရောက်ရှိလာပြီး သူ့ကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။

ရုပ်ပိုင်းဆိုင်ရာခန္ဓာ ပျက်စီးသွားပြီး ဝိညာဉ်နှင့် စိတ်ဝိညာဉ်များ ပြန့်ကျဲသွားကာ သူ့ကံတရား ပါ သန့်စင်သွားခဲ့သည်။ ဗလာနယ်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။

မြင့်မားသော နေရာတွင် ရပ်နေသည့် ကုအန် ကို မော့ကြည့်ရင်း ဧကရာဇ်ယန်ရှင်း မှာ ဆွံ့အသွားပြီး ခန္ဓာကိုယ်မှာ တုန်ရီသွားခဲ့သည်။ မြင့်မြတ်အရှင်သခင် လည်းလားတူပင်။ ရီထျန်းကျိ ၏ ဖိနှိပ်သော စွမ်းအားမှာရုတ်တရက် ပျောက်ကွယ်သွားသောအခါ သူ မြေကြီးပေါ်သို့ လဲကျသွားပြီး သေမျိုးဝိညာဉ် တစ်ဦးက နတ်ဘုရားတစ်ပါးကို မော့ကြည့်နေသကဲ့သို့ ကုအန် ကို စိုက်ကြည့်နေမိသည်။

All Chapters