အခန်း (၅၃၅-၅၃၆)
Vol. 42 Ch. 535-536
အခန်း (၅၃၅) - သတ်ဖြတ်ခြင်းဓားဘိုးဘေး၊ ဧကရာဇ်အာဏာ ဒဏ္ဍာရီ
"ဒါပေမဲ့ ငါ့ရဲ့ တာအိုမျိုးဆက်ကို ဆက်ခံပြီး ငါ့ရဲ့ ကံတရားကို ထမ်းပိုးရမယ် ဆိုတာက မင်း အတုမဲ့ စွမ်းအားကို ရရှိမှာ ဖြစ်ပေမဲ့ တစ်သက်လုံး ငြိမ်းချမ်းမှု ရှာတွေ့ဖို့ကလည်း ခက်ခဲလိမ့်မယ်..."
အဘိုးအိုသည် လီယကို စိုက်ကြည့်လျက် ဖြည်းညင်းစွာနှင့် တည်ငြိမ်စွာ ပြောလိုက်ရာ သူ၏ အကြည့်များက ရေခဲတမျှ အေးစက်နေသည်။
လီယသည် သူ့မျက်လုံးများကြောင့် ကြောက်လန့်သွား၏။ သူ ချက်ချင်း ပြန်မဖြေဘဲ သူ့ဘဝကို သေချာ ပြန်လည် ဆင်ခြင်သုံးသပ်လိုက်သည်။ အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း သူ၏ လက်ရှိ အဆင့်အတန်းသည် အခြားသူများ၏ အကူအညီကြောင့်သာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု သူ အမြဲ ခံစားနေရသည်။ သူ့ဘဝ၏ ပထမပိုင်းတွင် ခမည်းတော်က သူ့ကို ကာကွယ် စောင့်ရှောက်ပေးခဲ့၏။ နောက်ပိုင်းတွင် ကုအန်က အခြား အထောက်အထား တစ်ခုဖြင့် သူ့ကို ကာကွယ်ပေးခဲ့ပြီး ဓားသိုင်းပညာ သင်ကြားပေးခဲ့သည်။
ဒီလူတွေကို သူ ဘယ်တော့မှ ကျေးဇူးပြန်ဆပ်နိုင်မှာလဲ…
လီယသည် ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခုကြားတွင် ပိတ်မိနေသည်ဟု ခံစားလိုက်ရသည်။ သူ ကိစ္စများကို ရှုပ်ထွေးသွားစေမည်ကို ကြောက်ရွံ့ပြီး နောက်ဆုံးတွင် ကုအန်က သူ့ကို လာကယ်ရမည်ကို စိုးရိမ်မိ၏။
သူ့ပခုံးပေါ်တွင် နားနေသော ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်ကို လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။ ယခုတစ်ကြိမ်တွင် ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်ဉ်သည် တိတ်ဆိတ်နေပြီး သူ့ကိုသာ စူးစိုက်ကြည့်နေကာ ဒီတစ်ခါတော့ မင်း ဆုံးဖြတ်ရမယ့် အလှည့်ပဲ ဟု ပြောနေသကဲ့သို့ ရှိသည်။
အဘိုးအိုတွင် သူ့ကို လှည့်စားရန် ရည်ရွယ်ချက် မရှိကြောင်း လီယ ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် မလိုအပ်ကြောင့်ပင်။ သူတို့၏ ကျင့်ကြံခြင်းအဆင့် ကွာဟချက်မှာ ကြီးမားလွန်းပြီး အဘိုးအိုသာ သူ့ကို တစ်ခုခု အတင်းအကျပ် ခိုင်းစေလိုပါက သူ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။
လီယ တွေဝေနေစဉ် အဘိုးအိုက လှည့်ထွက်သွားသည်။လီယ ဒူးထောက်ချလိုက်ပြီး ထွက်ခွာသွားသော အဘိုးအို၏ ကျောပြင်ဘက်သို့ ဦးခိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ဆရာသခင်... တပည့်ရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါ..."
အဘိုးအို ရပ်တန့်သွားပြီးနောက် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ သူက လီယကို ခံစားချက်မပါသော မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်၏။ "မှတ်ထား... ငါ့တာအိုနာမည်က သတ်ဖြတ်ခြင်းဓား…. လူအများက ငါ့ကို သတ်ဖြတ်ခြင်းဓားဘိုးဘေး လို့ ခေါ်ကြတယ်..."
ထိုသို့ ပြောပြီးနောက် သတ်ဖြတ်ခြင်းဓားဘိုးဘေးသည် ဆက်လက် လျှောက်လှမ်းသွားရာ လီယလည်း အလျင်အမြန် ထရပ်ပြီး သူ့နောက်သို့ လိုက်ပါသွားသည်။
လီယ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေ၏။ သူသည် သတ်ဖြတ်ခြင်းဓားဘိုးဘေး၏ ကျောပြင်ကို စိုက်ကြည့်ရင်း မေးချင်သော မေးခွန်းများစွာ ရှိနေသော်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားလိုက်သည်။
ရှေ့မှာ အချိန်တွေ အများကြီး ကျန်ပါသေးတယ်..
သတ်ဖြတ်ခြင်းဓားဘိုးဘေး၏ လုပ်ဆောင်ချက်များကို မြင်တွေ့ရပြီးနောက် သတ်ဖြတ်ခြင်းဓားဘိုးဘေးသည် ကုအန်နှင့် ယှဉ်ပြိုင်နိုင်သော ရှားပါး ဖြစ်တည်မှု တစ်ခု ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။
သေချာတာပေါ့၊ ဒါက သူ့ခံစားချက် သက်သက်ပါပဲ။ ဘာလို့လဲဆိုတော့ သူက သတ်ဖြတ်ခြင်းဓားဘိုးဘေးဟာ ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓားကို သက်သောင့်သက်သာနဲ့ တည်ငြိမ်စွာ ရယူလိုက်တုန်းက သူ့ရဲ့ အစွမ်းအကုန် မသုံးခဲ့ဘူးလို့ ထင်နေမိလို့ပါ။
ထိုကဲ့သို့သော အမူအရာသည် ဆရာသခင်ဓားအရှင် အဖြစ် ပြောင်းလဲချိန်က ကုအန်ကို အမှတ်ရစေသည်။ ကုအန်သည် သူ့အတွေးများကို တိတ်တဆိတ် နားထောင်နေကြောင်း သူ မသိခဲ့ချေ။
"ငါ့ကိုများ အာကာပြင်တာအိုအမတတစ်ယောက် နဲ့ နှိုင်းယှဉ်နေတာလား..."
သက်တမ်းနယ်မြေတွင် ဆေးအပင်များ ခူးနေသော ကုအန်သည် ရယ်မောလိုက်သော်လည်း ဤ သတ်ဖြတ်ခြင်းဓားဘိုးဘေးတွင် ဂုဏ်သတင်း အတော်အတန် ရှိနေသည်။
ကုအန်သည် သူ၏ ပင်မခန္ဓာကိုယ်နှင့် ယခင်က တွေ့ဆုံဖူး၏။ ထိုစဉ်က သူ မူလဘူတနှောင်ဖွဲ့ကင်းအမတ အဖြစ် အဆင့်တက်ခါစ အချိန် ဖြစ်၏။ ထိုအချိန်က နှောင်ဖွဲ့ကင်းအမတကို ဝါးမြိုလိုက်သော ဦးခေါင်းခွံသည် ကုအန်အပေါ် စွဲမြဲသော အထင်ကြီးမှုကို ဖြစ်စေခဲ့သည်။
ထိုဦးခေါင်းခွံ၏ အရှိန်အဝါသည် သတ်ဖြတ်ခြင်းဓားဘိုးဘေးနှင့် ထပ်တူကျနေပြီး ကံတရား ရှုထောင့်မှ ကြည့်လျှင် သူတို့သည် အရင်းအမြစ် တစ်ခုတည်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ကိုယ်ပွားတစ်ခုကပင် အာကာပြင်တာအိုအမတ၏ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားခြင်းက သတ်ဖြတ်ခြင်းဓားဘိုးဘေး၏ ပင်မခန္ဓာကိုယ် မည်မျှ အစွမ်းထက်မည်ကို တွေးတောမိစေသည်။
ကုအန်က စစ်ခုံရုံးကို အနိုင်ယူပြီးကတည်းက ကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် ကောင်းကင်ပြင်ပ ဘေးအန္တရာယ်များနှင့် ဝေးကွာသွားသယောင် ရှိနေသည်။ လက်တွေ့တွင်မူ တာအိုအသီးနယ်ပယ်ရှိ ဖြစ်တည်မှု များစွာသည် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေအတွင်းသို့ စိမ့်ဝင်ရောက်ရှိလာကြပြီး ကုအန်ကို ကြောက်ရွံ့၍ ပိုမို လျှို့ဝှက်စွာ ပြုမူနေကြခြင်း ဖြစ်နိုင်သည်။
ရွေးချယ်မှု တိုင်းတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများ ရှိသည်။ သူ၏ သက်တမ်းပြန်လည်မွေးဖွားခြင်း သည် မလိုလားအပ်သော ကံတရားများကို ချန်ထားရစ်ခဲ့သော်လည်း သူ ထိန်းချုပ်နိုင်သော ဘဝအတွင်းတွင် သူသည် အမြဲ ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သည်။ သူ ထိုအရာကို ကျေနပ်နေပြီး ဘယ်တော့မှ ငြီးငွေ့လိမ့်မည် မဟုတ်ချေ။
ကုအန်၏ စိတ်အခြေအနေ ပိုမို ကြည်လင်ရွှင်လန်းလာပြီး သူ့နောက်သို့ လိုက်ပါနေသော ဖူယိုသရဲမယ်တော်ကို လမ်းညွှန်ပြသပေးလိုက်သည်။
ဖူယိုသရဲမယ်တော်သည် သူမ၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးခဲ့ရသော်လည်း ပိုမိုကြီးမားသော မျှော်လင့်ချက်ကို မြင်တွေ့ရသဖြင့် ပျင်းရိခြင်း မရှိချေ။ သူမ၏ လက်ရှိဘဝသည် ယခင်ကထက် ပိုကောင်းပြီး ပိုမို အဓိပ္ပာယ်ရှိသည်ဟုပင် ခံစားနေရသည်။
အသက်ရှည်ခြင်းကို ရှာဖွေခြင်းက ဒုဂိုဏ်းချုပ် ဖြစ်ရခြင်းထက် ပိုပြီး အဓိပ္ပာယ် ရှိတာပေါ့...
ဖူယိုသရဲမယ်တော်သည် ကုအန် ပြောသမျှ စကားလုံးတိုင်းကို မှတ်သားထားပြီး နက်နက်ရှိုင်းရှိုင်း တွေးတောဆင်ခြင်နေ၏။
ကုအန်က သူမ ဘာတွေးနေသည်ကို သိသော်လည်း ထုတ်မပြောပေ။ သူမကို လျှောက်တွေးခွင့် ပေးထားလိုက်သည်။ သူမ တစ်ခုခု ထူးခြားတာ ရှာတွေ့ချင် ရှာတွေ့နိုင်သည် ဟု တွေးမိသောကြောင့် ဖြစ်၏။
တစ်နာရီခန့် ကြာသောအခါ ကုအန်သည် ဆေးပင်များ ခူးပြီးသွားသဖြင့် ဖူယိုသရဲမယ်တော်ကို မျိုးစေ့များ ကြဲခိုင်းထားခဲ့ပြီး သူကမူ ကိုယ်ပိုင် ဆောင်သို့ လမ်းလျှောက်သွားကာ တစ်ရေးအိပ်ရန် ပြင်ဆင်လိုက်သည်။
မူလဘူတရွှေအမတဖြစ်သော ကုအန်သည် ရံဖန်ရံခါ အိပ်မက်မက်ခြင်းကို နှစ်သက်ကာ အိပ်မက်များထဲတွင် ဉာဏ်အလင်းရရှိခြင်းက အထူး စိတ်ဝင်စားစရာ ကောင်းသော အတွေ့အကြုံ ဖြစ်သည်ဟု ယူဆထားသည်။
အထက်မှ တိမ်ဖြူများသည် ဖြည်းညင်းစွာ ရွေ့လျားနေသော်လည်း မျက်တောင်တစ်ခတ် အတွင်းမှာပင် လျင်မြန်စွာ ရွေ့လျားသွားသည်ဟု ခံစားရနိုင်သည်။
သေမျိုးကမ္ဘာရှိ အချိန်ကာလ ကုန်ဆုံးခြင်းသည်လည်း ထိုနည်းလည်းကောင်းပင်။ နှစ်တစ်ထောင် ဆိုသည်မှာ ထိုတိမ်တိုက်များကဲ့သို့ မြန်လည်းမြန်သလို နှေးလည်းနှေးကွေး၏။ ကျင့်ကြံသူများအတွက် မြန်ဆန်သည်ဟု ထင်ရသော်လည်း သေမျိုးများအတွက်မူ နှေးကွေးလှသည်။
နွေဦးပေါက် ရာသီ၊ နေ့လယ်ခင်း တစ်ခုတွင် ဖြစ်၏။
ထိုက်ချန်မင်းဆက်၊ ချန်ကျိုးနန်းတော်မြို့ အတွင်း။
နန်းတွင်း စာကြည့်ဆောင်ထဲတွင် လီရွှမ်တောက်သည် အသနားခံလွှာ တစ်စောင်ကို ကိုင်လျက် မျက်နှာသေဖြင့် ရှိနေသည်။
သူသည် ဧကရာဇ်အဖြစ် နှစ်ပေါင်း လေးထောင်ကျော်ကြာ အုပ်ချုပ်ခဲ့သည်။ သူ၏ ကြာရှည်ပြီး အာဏာရှင်ဆန်သော အုပ်ချုပ်မှုသည် ပြည်သူများ၏ နှလုံးသားထဲတွင် ဒဏ္ဍာရီ တစ်ခု ဖြစ်လာခဲ့၏။ သာမန် ပြည်သူများသည် ဆရာသခင်ဓားအရှင် ဟူသော အမည်နှင့် မရင်းနှီးသလို အမတကျင့်ကြံခြင်းနယ်ပယ်မှ မဟာကျင့်ကြံသူများ အကြောင်းကိုလည်း သတိမထားမိကြချေ။ သူတို့၏ မျက်လုံးထဲတွင် သူသည် သက်ရှိထင်ရှား အမတတစ်ပါး ဖြစ်သည်။
ထိုအချိန်တွင် လူနှစ်ဦးသည် အခန်းထဲ၌ ဒူးထောက်နေကြပြီး ခေါင်းငုံ့လျက် ကိုယ်ခန္ဓာများ တင်းမာနေကာ တစ်ဦးမှာ နဖူးပေါ်တွင် ချွေးများ ရွှဲနစ်နေသည်။
အတန်ကြာသောအခါ လီရွှမ်တောက် မော့ကြည့်လိုက်သည်။ သူက သူ့ရှေ့တွင် ဒူးထောက်နေသော လူနှစ်ဦးကို ကြည့်၍ မေးလိုက်၏။
"အိမ်ရှေ့စံက ယန်မိသားစုရဲ့ လှုပ်ရှားမှုတွေအပေါ် ဘယ်လို သဘောရလဲ..."
အမတ်အိုကြီး တစ်ဦးက ခေါင်းမော့၍ လီရွှမ်တောက်ကို ကြည့်ကာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။ "အိမ်ရှေ့စံက ကျွန်တော်မျိုးတို့ကို ဘာမှ ပြန်မပြောပါဘူး... ဒါပေမဲ့ သူလျှိုတစ်ယောက် ပြောပြတာကတော့ အိမ်ရှေ့စံက အိမ်ရှေ့စံ ရာထူးကို တော်တော် ပျင်းစရာ ကောင်းတယ်လို့ ပြောပြီး သူ မသိသေးဘူးတဲ့..."
"သူ ဘာကို မသိတာလဲ..."
"နန်းပလ္လင်ပေါ်မှာ ထိုင်ရတဲ့ အရသာက ဘယ်လိုလဲ ဆိုတာ သူ မသိသေးဘူးတဲ့..."
ပြောပြီးသည်နှင့် အမတ်အိုကြီးက ခေါင်းကို အလျင်အမြန် ငုံ့၍ နဖူးနှင့် ကြမ်းပြင် ထိကပ်လိုက်သည်။လီရွှမ်တောက်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
သူ ကိုင်ထားသော အသနားခံလွှာကို ပိတ်လိုက်ပြီး ဖြည်းညင်းစွာ ချထားလိုက်၏။
"သွားကြတော့..." လီရွှမ်တောက်က မျက်လုံးမှိတ်လျက် ပြောလိုက်သည်။ အမတ်နှစ်ဦး ချက်ချင်း မတ်တတ်ရပ်၍ အရိုအသေပေးကာ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
နန်းတွင်း ဥယျာဉ်နှင့် နန်းတော်ဝင်းမှ ထွက်ခွာသွားပြီး နန်းတော်မြို့ တံခါးပေါက်များကို ကျော်ဖြတ်ပြီးမှသာ သူတို့ သက်ပြင်းချနိုင်ခဲ့ကြသည်။
အခြား သက်လတ်ပိုင်း အမတ်က အမတ်အိုကြီးဘက်သို့ လှည့်၍ တိုးတိုးတိတ်တိတ် မေးလိုက်၏။ "အိမ်ရှေ့စံက တကယ်ပဲ..."
သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး "ပုန်ကန်တော့မလို့လား" ဟူသော စကားကို ထိန်းထားလိုက်သည်။
"လက္ခဏာတွေ ပြနေတာ နှစ်ရာချီ ရှိနေပြီ... အိမ်ရှေ့စံ မြင့်မြတ်နယ်မြေ ကနေ ပြန်လာကတည်းက သူ့စိတ်နေသဘောထား ပြောင်းလဲသွားတယ်လို့ ပြောကြတယ်... သူက အမတနယ်ပယ်ထဲ ခြေလှမ်းဝင်ရောက်နေပြီ... မင်းဆက် အနေနဲ့ မကြုံစဖူး ထွေပြားမှုတွေ ကြုံတွေ့ရတော့မယ်လို့ ငါ စိုးရိမ်တယ်... ယန်မိသားစုက ဂိုဏ်းအဖွဲ့အစည်း မနည်းမနောကို စည်းရုံးထားပြီးပြီ..." အမတ်အိုကြီးက သက်ပြင်းချလိုက်သည်။
သူ့ဘိုးဘေးများသည် လီရွှမ်တောက်ကို ဆယ်ဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး သူကိုယ်တိုင်လည်း လီရွှမ်တောက် ခန့်အပ်ထားသော ပညာရှင် ဖြစ်ခဲ့ဖူးသည်။ သူ့ရင်ထဲတွင် လီရွှမ်တောက်သည် မိုးကောင်းကင် ဖြစ်သည်။
သို့သော် အမတတာအို ကျင့်ကြံခြင်းအဆင့် ပိုင်ဆိုင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော မိသားစု နောက်ခံ ရှိသည့် အိမ်ရှေ့စံနှင့် ရင်ဆိုင်ရသောအခါ နန်းပလ္လင်သည် လက်လွှဲပြောင်းရတော့မည့် ဆဲဆဲ ဖြစ်နေသည်ဟု သူ မည်သို့ မတွေးဘဲ နေနိုင်မည်နည်း။
သက်လတ်ပိုင်း အမတ်သည် ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားပြီး သူတို့နှစ်ဦးစလုံး လမ်းမအတိုင်း သုတ်ခြေတင် သွားကြလေသည်။
ထိုစဉ် နန်းတွင်း စာကြည့်ဆောင်ထဲတွင်။
လီရွှမ်တောက်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ရှေ့တည့်တည့်သို့ စိုက်ကြည့်ကာ ရုတ်တရက် ပြောလိုက်၏။
"ကုအန်... ဆရာသခင်ဓားအရှင်... မင်း ငါ့စကားကို ကြားနိုင်လောက်တယ် မဟုတ်လား..."
သူ့စကားသံ အဆုံးတွင် အခန်းထဲ၌ တိတ်ဆိတ်မှုများ ပြည့်နှက်နေပြီး အပြင်ဘက်မှ မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး မတ်တတ်ရပ်ကာ စားပွဲကို ပတ်လျှောက်လိုက်သည်။ ထို့နောက် ဝတ်ရုံစကို မလျက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်၏။
"ကုအန်... ငါတို့ကြားမှာ သံယောဇဉ် အနည်းငယ်လောက် ကျန်ရှိနေသေးရင် ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ..." လီရွှမ်တောက်က ပြတ်သားသော မျက်နှာထားဖြင့် ပြောလိုက်သည်။ ထို့နောက် သူ ဦးခိုက်ရန် ပြင်လိုက်၏။
သို့သော် သူ၏ နဖူးပြင် ကြမ်းပြင်နှင့် မထိတွေ့မီမှာပင် လက်တစ်ဖက်က လှမ်းတားလိုက်ပြီး ကြမ်းပြင်နှင့် မထိအောင် တားဆီးပေးလိုက်သည်။
လီရွှမ်တောက်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ သူသည် ကြီးမားသော သတိထားမှုဖြင့် ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ရာ သူ့ရှေ့မှ လူကို တွေ့လိုက်ရသည်။ အမှန်တကယ်ပင် ကုအန် ဖြစ်နေလေသည်။
အခန်း ၅၃၆ နံပါတ်တစ် ပါရမီရှင်
ကုအန်သည် သူ့ရှေ့တွင် ဒူးထောက်နေသော လီရွှမ်တောက်ကို ကြည့်လိုက်ရာ စိတ်ထဲ၌ ခံစားချက်များလှုပ်ရှားသွားမိ၏။
သူ ကျင့်ကြံခြင်းလမ်းစဉ်သို့ စတင်ဝင်ရောက်စဉ်က လီရွှမ်တောက်သည် သူ့အား အကူအညီများစွာ ပေးခဲ့ဖူးသည်။ ထိုအချိန်က ကုအန်သည် ကိုယ့်အားကိုယ်ကိုးနိုင်နေပြီ ဖြစ်သော်လည်း လီရွှမ်တောက်သည် ကုအန်၏ အမှန်တကယ် ကျင့်ကြံမှုအဆင့်ကို မသိရှိဘဲ မျိုးဆက်သစ် လူငယ်တစ်ယောက်ကဲ့သို့သာ ဆက်ဆံခဲ့၏။ သူတို့ ဆက်ဆံခဲ့သမျှ ကာလတစ်လျှောက်လုံးတွင် လီရွှမ်တောက်သည် သူ့ကို တစ်ကြိမ်တစ်ခါမျှ အနိုင်ကျင့်ခြင်း မရှိခဲ့ဘဲ အမြဲတမ်း ကြင်နာခဲ့၏။
လီရွှမ်တောက် ပေးသနားခဲ့သော နက်နဲတောင်ကြားသည်လည်း ကုအန်၏ ဘဝစောပိုင်းတွင် ဝင်ငွေရရှိရာ အရေးပါသော နေရာတစ်ခု ဖြစ်ခဲ့၏။ ထိုတောင်ကြားတွင် အစောပိုင်းကတည်းက အဆင့်မြင့် ဆေးအပင်များကို စိုက်ပျိုးထားခဲ့ရာ ကုအန် အသက်တစ်ရာ မပြည့်မီအချိန်ထိ အလွန် အရေးပါခဲ့ပေသည်။
ထို့အပြင် လီရွှမ်တောက်သည် ရဲယန်၊ ယန်ကျန့်နှင့် ဝူရှင်းတို့ အပေါ်၌လည်း ကောင်းမွန်စွာ ဆက်ဆံခဲ့သဖြင့် ကုအန်သည် လီရွှမ်တောက်အပေါ် အမြဲတမ်း အမြင်ကြည်ခဲ့သည်။
သူနှင့် လီရွှမ်တောက်အကြားတွင် သံယောဇဉ်ကြိုးတမျှင် ရှိနေသည်ဟု ခံစားမိပြီး သူတို့၏ စကားဝိုင်းများသည် အမြဲတမ်း နှစ်လိုဖွယ် ကောင်းလှ၏။ လီရွှမ်တောက်သည် ဧကရာဇ်တစ်ပါး ဖြစ်သည့်အားလျော်စွာ အလုပ်များလွန်းသဖြင့် သူတို့ တွေ့ဆုံခဲကြသည်သာ ရှိသည်။
သူတို့ နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က ဖြစ်လေသည်။
လီရွှမ်တောက်သည် နိဗ္ဗာနအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း တသားတည်းဖြစ်တည်ခြင်းအဆင့် ကျင့်ကြံမှုအဆင့်ကိုသာ ထုတ်ဖော်ပြသထား၏။ သူ့တွင် ကိုယ်ပိုင် အဆက်အသွယ် ကွန်ရက်ရှိသော်လည်း လီလင်ထျန်းနှင့် သူ့မယ်တော်၏ နောက်ကွယ်မှ ယန်မိသားစုနှင့် ယှဉ်လျှင် သူစုစည်းထားသော အင်အားစုများမှာ အားမကောင်းလှပေ။
"ထပါ..."
ကုအန်က ကြောင်အမ်းနေသော လီရွှမ်တောက်ကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်ပြီး သူ့ကို ဆွဲထူလိုက်၏။
လီရွှမ်တောက် မတ်တတ်ရပ်လိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှူကာ ပြောလိုက်သည်။ "မင်း တကယ် မထွက်သွားဘူးပဲ..."
ကုအန်က ပြုံး၍ ပြန်ပြောလိုက်၏။ "ကျွန်တော်တို့က တစ်လမ်းတည်းသွားတွေဖြစ်ပုံပဲ ... ခင်ဗျား ကျွန်တော် ဘာတွေးနေလဲဆိုတာ သိနေတယ်..."
ဤစကားကို ကြားလိုက်ရသောအခါ ကုအန်က သူ၏ ဖုံးကွယ်ထားသော ကျင့်ကြံမှုအဆင့်ကို မြင်သွားပြီဖြစ်ကြောင်း လီရွှမ်တောက် သိလိုက်သည်။ ကုအန်၏ ကျင့်ကြံမှုအဆင့် မည်မျှ မြင့်မားသည်ကို ထည့်သွင်းစဉ်းစားပါက သူ သိပ်ပြီး အံ့သြမိတော့မည် မဟုတ်ပေ။
"ထိုင်ပြီး စကားပြောကြတာပေါ့..."
ကုအန်က လက်ဖြင့် အမူအရာ ပြလိုက်ရာ လီရွှမ်တောက်က ခေါင်းညိတ်၍ စားပွဲဆီသို့ လှည့်ထွက်သွားသည်။
သူတို့နှစ်ဦး ထိုင်လိုက်ကြသောအခါ လီရွှမ်တောက်သည် သေမျိုး အမတဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်နေသည့် ကုအန်ကို ကြည့်ကာ မျက်စိကျိန်းမတတ် ခံစားလိုက်ရ၏။ အံ့သြခြင်း၊ စိတ်သက်သာရာရခြင်းနှင့် မထိုက်တန်သော မျက်နှာသာပေးမှုကို ရရှိလိုက်သကဲ့သို့ ခံစားရခြင်း စသည့် ခံစားချက်များ ရောပြွမ်းလျက် ရှိနေသည်။
သူသည် ကုအန်ကို အမှန်တကယ် ဆင့်ခေါ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ကုအန်သည် အဓိပတိဂိုဏ်းကို စွန့်ခွာခဲ့သော်လည်း သူ့ကိုမူ မစွန့်ပစ်ခဲ့ချေ။ သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
"ပြောပါဦး... ကျွန်တော် ခင်ဗျားကို ဘယ်လို ကူညီပေးရမလဲ..." ကုအန်က မေးလိုက်၏။ အဖြေကို သူ ခန့်မှန်းမိသော်လည်း လီရွှမ်တောက် ကိုယ်တိုင် ပြောသည်ကို ကြားချင်မိ၏။ ဤလုပ်ဆောင်မှုက လီရွှမ်တောက်၏ စိတ်ခံစားမှုများကို များစွာသက်သာစေရန်လည်း ကူညီပေးနိုင်ပေလိမ့်မည်။
လီရွှမ်တောက်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ အကြပ်အတည်းကို စတင် ပြောပြလေသည်။
လီလင်ထျန်း အရွယ်ရောက်လာသည်နှင့်အမျှ အိမ်ရှေ့စံမင်းသား ရာထူးနှင့် ပတ်သက်၍ ငြိမ်သက်မနေတော့ဘဲ မိဖုရား၏ နောက်ကွယ်မှ ယန်မိသားစုသည်လည်း ပိုမို စိတ်မရှည် ဖြစ်လာကာ ပဋိပက္ခများကို အဆက်မပြတ် လှုံ့ဆော်လျက် ရှိ၏။
ယန်မိသားစုမှ ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပြီး ပင်လယ်ပျက် နယ်မြေ အတွင်းရှိ ဂိုဏ်းအားလုံးထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော နေရာတစ်ခုဖြစ်သည့် သေမျိုးကမ္ဘာ တောင်ထွတ်ရှိ မြင့်မြတ်ခုံရုံး သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ လီရွှမ်တောက်၏ ဖုံးကွယ်ထားသော ကျင့်ကြံမှုအဆင့်သည် သေမျိုးကမ္ဘာတောင်ထွတ် နှင့် ယှဉ်လျှင် ဘာမျှ မဟုတ်ပေ။
လီရွှမ်တောက် ကြောက်ရွံ့နေသည်မှာ လီလင်ထျန်း မဟုတ်ဘဲ သေမျိုးကမ္ဘာတောင်ထွတ် ဖြစ်နေ၏။
ကုအန်က စိတ်ရှည်စွာ နားထောင်နေသည်။ လီရွှမ်တောက် ပြောပြီးသွားသောအခါ သူက မှတ်ချက်ချလိုက်၏။ "အဲဒီကောင်လေး လီလင်ထျန်းက ငယ်ငယ်ကတည်းက ငြိမ်ငြိမ်နေတတ်တဲ့သူမှ မဟုတ်တာ... ဒါပေမဲ့ ဒါက သဘာဝပါပဲ... နန်းတွင်းမှာ မွေးဖွားလာမှတော့ ဘယ်လိုလုပ် နန်းတွင်းအာဏာကို မလိုချင်ဘဲ နေပါ့မလဲ..."
လီရွှမ်တောက်၏ မျက်နှာတွင် အတန်ငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားပြီး ဝန်ခံလိုက်သည်။ "ဟုတ်တယ်... ငါ သူ့ကို အပြစ်မတင်ပါဘူး... ဒါပေမဲ့ နန်းတွင်းအာဏာ လုပွဲဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင် နည်းလမ်းတွေအပေါ် မူတည်တယ်... အနည်းဆုံးတော့ ငါရဲ့ အုပ်ချုပ်မှုအောက်မှာ ထိုက်ချန်မင်းဆက်က ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေတာပဲ..."
ထိုစကားက အမှန်ပင် ဖြစ်၏။ ထိုက်ချန်မင်းဆက်သည် နှစ်ပေါင်းထောင်ချီ ငြိမ်းချမ်းမှုကို ခံစားခဲ့ရပြီး သာယာဝပြောသော ခေတ်ကာလတွင် ပြည်တွင်း ပဋိပက္ခများစွာ ရှိနေနိုင်သော်လည်း လီရွှမ်တောက်သည် အမြဲတမ်း ကောင်းမွန်စွာ ဖြေရှင်းနိုင်ခဲ့သည်။
လီရွှမ်တောက် အနေဖြင့် ထီးနန်းကို စွန့်လွှတ်သင့်သည်ဟု ကုအန် မခံစားမိပေ။ ထိုက်ချန်မင်းဆက်မှ ပြည်သူများ အဆင်ပြေနေသမျှ လီရွှမ်တောက်၏ သက်တမ်း ရှည်ကြာနေသမျှ ကာလပတ်လုံး သူသည် ထီးနန်းကို ဆက်လက် စိုးစံနိုင်ပေသည်။
လီရွှမ်တောက်က ကုအန်ကို ကြည့်လိုက်ရာ သူ့စိတ်ထဲတွင် မတင်မကျ ဖြစ်နေ၏။
သူ့အမြင်တွင် သေမျိုးကမ္ဘာတောင်ထွတ်သည် ကုအန်အတွက် ခြိမ်းခြောက်မှု မဟုတ်သော်လည်း ကုအန်အနေဖြင့် သေမျိုးကမ္ဘာ တောင်ထွတ်ကို ဆန့်ကျင်ပြီး သူ့ကို ကူညီရန် အမှန်တကယ် မလိုအပ်ပေ။ လီရွှမ်တောက်က သူ့တွင် ရှိသမျှ အရာအားလုံးကို ပုံအောပေးလျှင်ပင် ကုအန်၏ စိတ်ဝင်စားမှုကို ရချင်မှ ရပေလိမ့်မည်။
ထိုအခါ ကုအန်က ပြောလိုက်၏။ "ဒီလိုလုပ်ရင်ရော... ကျွန်တော် ယန်ကျန့်ကို လာခိုင်းပြီး ခင်ဗျားကို ကူညီခိုင်းမယ်... ဒီနေ့ကစပြီး ခင်ဗျားဆီမှာ အမှုထမ်းစေမယ်... ဘယ်လိုလဲ..."
မကြာသေးမီက ယန်ကျန့်သည် မြင့်မြတ်ခုံရုံး မှ ထွက်ခွာချင်နေပြီး အဆင်သင့်ပင် ယန်ကျန့်သည် လီလင်ထျန်းကို ပထမဆုံး အနိုင်ယူခဲ့သူ ဖြစ်နေသဖြင့် ဤသို့ စီစဉ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကံကြမ္မာ အားပြိုင်မှုကို ရှည်ကြာအောင် ပြုလုပ်နိုင်ပေမည်။
ယနေ့အချိန်ထိ လီလင်ထျန်းသည် ယန်ကျန့်ကို စံထား ယှဉ်ပြိုင်နေဆဲ ဖြစ်သည်။
ဤစကားကို ကြားလိုက်ရသောအခါ လီရွှမ်တောက်၏ မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်၏။ "တကယ်လား... ဖြစ်နိုင်ပါ့မလား..."
သူသည် ယန်ကျန့်ကို အလွန် နှစ်သက်သဘောကျသည်။ ပထမဆုံး မြင်တွေ့ကတည်းက သူ့ဘက်ပါအောင် ဆွဲဆောင်ချင်ခဲ့မိ၏။ ထို့ကြောင့်လည်း ယခင်က နန်းတွင်း အရင်းအမြစ်များကို စုစည်းကာ ယန်ကျန့်အတွက် သင့်တော်သော နတ်ဘုရားလက်နက် တစ်ခုကို သွန်းလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
"ဒါပေါ့... သူ ရက်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်..." ဟု ကုအန်က ပြုံး၍ ပြောလိုက်သည်။ လီရွှမ်တောက် ပိုမို ခရီးပေါက်နိုင်မည်ဟု သူ ယုံကြည်၏။
အနာဂတ် မည်သို့ပင် ပြောင်းလဲသွားပါစေ သက်ရှိအားလုံးအတွက် အားကောင်းသော ပြိုင်ဘက်များစွာ ရှိနေသည့် အခြေအနေက ပိုကောင်းသည်။ အကယ်၍ တစ်ကမ္ဘာလုံးကို အင်အားစု တစ်ခုတည်းကသာ အုပ်စိုးထားပါက ပြဿနာများ ဖြစ်ပွားရန် လွယ်ကူပေသည်။
ယခင်က မြင့်မြတ်ခုံရုံး မှ ကမ္ဘာကြီးကို အုပ်စိုးခဲ့စဉ်ကကဲ့သို့ပင် မိစ္ဆာကျင့်ကြံသူများသည် ဒေသတစ်ခုလုံးရှိ လူများကို သတ်ဖြတ်နိုင်ပြီး အမှန်တရားကို သူတော်စင်ဘုရင်က အလွယ်တကူ ဖုံးကွယ်ထားနိုင်ခဲ့သည်။ ထို့ကြောင့် ကုအန်သည် ထိုက်ချန်မင်းဆက်ကို ကြာရှည်တည်တံ့စေပြီး ပိုမို စည်ပင်ဝပြောစေချင်သည်။
သေချာသည်မှာ သူသည် ကူညီပံ့ပိုးပေးခြင်းနှင့် ကြားဝင်ညှိနှိုင်းပေးခြင်းသာ ပြုလုပ်မည် ဖြစ်ပြီး တိုက်ရိုက် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
အမှန်တကယ်တွင် ယန်ကျန့်သည် လီရွှမ်တောက်အပေါ် ကောင်းမွန်သော အမြင်ရှိပြီး သူတို့ ပူးပေါင်းလိုက်လျှင် နှစ်ဦးစလုံးအတွက် အကျိုးရှိနိုင်ပေသည်။
လီရွှမ်တောက်သည် ကုအန်၏ ကတိကို ကြားလိုက်ရပြီးနောက် သူ့ရင်ထဲမှ စိတ်ရှုပ်ထွေးမှုများ အားလုံး လွင့်ပါးသွားသကဲ့သို့ အလွန်တရာ ရွှင်လန်းသွားလေသည်။
ယန်ကျန့်သည် သူတော်စင်ဘုရင် အဆင့်အတန်းကို ပြန်လည်ရရှိထားပြီ ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ လက်ရှိ ယန်ကျန့်သည် သူ့အား သေမျိုးကမ္ဘာ တောင်ထွတ်ကိုခုခံရာတွင် ကူညီနိုင်မည် ဖြစ်သည်။ သို့မဟုတ်လျှင်လည်း သေမျိုးကမ္ဘာ တောင်ထွတ် အနေဖြင့် ယန်ကျန့်ကို မျက်နှာသာ ပေးရပေလိမ့်မည်။
"ဒီနှစ်တွေမှာ ခင်ဗျား ဘယ်လို နေခဲ့လဲ..." ကုအန်က ဆက်ပြောပြီး လီရွှမ်တောက်နှင့် စကားစမြည် ပြောလိုက်သည်။
လီရွှမ်တောက်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ သူ၏ အတွေ့အကြုံများကို ရိုးသားစွာ မျှဝေခဲ့သည်။ သူတို့နှစ်ဦးသည် လွန်ခဲ့သော နှစ်ပေါင်း လေးထောင်ကျော်က နက်နဲတောင်ကြား ရှိ အချိန်ကာလများဆီသို့ ပြန်ရောက်သွားသကဲ့သို့ ပျော်ရွှင်စွာ စကားပြောဆိုနေကြ၏။
တစ်နာရီခန့် ကြာမြင့်ပြီးနောက် ကုအန်က နှုတ်ဆက် ထွက်ခွာသွားသည်။
ကုအန်သည် လေကဲ့သို့ ရောက်လာပြီး လေကဲ့သို့ ပြန်ထွက်သွားကာ မည်သည့် ခြေရာလက်ရာမျှ မကျန်ရစ်ခဲ့သည်ကို ကြည့်ရင်း လီရွှမ်တောက်က ရိုးသားစွာ သက်ပြင်းချလိုက်၏။ "သူက စစ်မှန် အမတ တစ်ပါးပဲ..."
သူ့စကားသံ မဆုံးမီမှာပင် ကုအန်သည် သေမျိုးကမ္ဘာ တောင်ထွတ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကုအန်သည် ကျူရှင်းလန် ကို ဆင့်ခေါ်၍ ကိစ္စရပ်များကို ဖြေရှင်းရန် ညွှန်ကြားလိုက်ပြီး ထိုက်ချန်မင်းဆက်၏ ပြည်တွင်းရေး ပဋိပက္ခတွင် မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် တားမြစ်လိုက်သည်။
ကျူရှင်းလန် သည် ထိုတာဝန်ကို ကိုင်တွယ်ရန် ချက်ချင်း ထွက်ခွာသွား၏။
ဆရာသခင်ဓားအရှင် ဟူသော အဆင့်အတန်းကို အသုံးပြုရန် မလိုဘဲ ကုအန်သည် ဤကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်သည်။
ယန်မိသားစုသည် ပင်လယ်ပျက်နယ်မြေ တွင် အားကောင်းသည်ဟု သတ်မှတ်ခံရသော်လည်း သေမျိုးကမ္ဘာတောင်ထွတ် အတွင်းတွင်မူ ထိပ်တန်းအဆင့်သို့ မရောက်ရှိနိုင်ပေ။
ညွှန်ကြားချက်များ ပေးပြီးနောက် ကုအန်သည် ခြံဝင်းထဲတွင် အနားယူနေလိုက်သည်။ ခဏအကြာတွင် ကျူရှင်းလန် ပြန်ရောက်လာပြီး သူ့သခင် ပြန်လာသည်ကို မြင်သောအခါ ဝမ်းသာသွားသည်။
ကုအန်သည် နှစ်များတစ်လျှောက် သူ၏ ကြိုးပမ်းမှုအပေါ် အလွန် ကျေနပ်အားရသဖြင့် နတ်ဘုရားသိုင်းပညာများကို သင်ကြားပေးလိုက်ရာ ကျူရှင်းလန် မှာ ပို၍ပင် ဝမ်းသာပီတိ ဖြစ်သွားရသည်။
...
ထိုက်ချန်မင်းဆက်ရှိ အိမ်တော်တစ်ခု အတွင်း၌ ဖြစ်သည်။
လီလင်ထျန်းသည် အခန်းထိပ်တွင် ထိုင်နေပြီး မျက်နှာတွင် စိတ်မရှည်မှုများ အပြည့် ရှိနေ၏။
ခန်းမထဲတွင် လူတစ်ဒါဇင်ကျော် မတ်တတ်ရပ်နေကြပြီး အာဏာသိမ်းရန် မည်သို့ လှုံ့ဆော်ရမည်ကို ဆွေးနွေးနေကြကာ ငြင်းခုံနေကြသည်။
လီလင်ထျန်းသည် အမှန်တကယ်ပင် စိတ်ကုန်နေပြီ ဖြစ်သဖြင့် မနေနိုင်ဘဲ ပြောလိုက်သည်။ "တော်ကြတော့... ဘာပဲဖြစ်ဖြစ် သူက ငါ့ခမည်းတော် ဧကရာဇ်ပါ... အလွန်ဆုံး ငါ အာဏာသိမ်းမယ်... ဒါပေမဲ့ သူ့ကို ထိခိုက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
ထိုစကား ထွက်လာသည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြပြီး သူ့ကို ကြည့်လိုက်ကြသည်။
လီလင်ထျန်းသည် မယုံနိုင်လောက်အောင် ပါရမီပါပြီး လက်ရှိတွင် အမတတာအိုအဆင့် ကျင့်ကြံမှု ရှိနေသည်။ သူ၏ အရှိန်အဝါသည် လူအများ၏ အာရုံကို ဖမ်းစားထားနိုင်လောက်အောင် အားကောင်းလှ၏။
"နန်းတွင်းအာဏာက မင်းခမည်းတော် ဧကရာဇ်အတွက် ဘာအဓိပ္ပာယ်လဲ ဆိုတာ မင်း သဘောမပေါက်ဘူးလား... ထီးနန်းလုပွဲ ဆိုတာ သေဆုံးထိခိုက်မှု မရှိဘဲ မဖြစ်နိုင်ဘူး..."
ခန်းမအပြင်ဘက်မှ ခန့်ညားထည်ဝါသော အသံတစ်သံ ထွက်ပေါ်လာပြီး နေရောင်ခြည်ကို ကျောခိုင်းလျက် အဖြူရောင် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး လျှောက်ဝင်လာသည်။
လူအများက လှည့်ကြည့်လိုက်ကြရာ အားလုံး၏ မျက်နှာပေါ်တွင် အံ့သြဝမ်းသာသော အမူအရာများ ပေါ်လာကြ၏။
အကြီးအကဲ တစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ယန်အန်... မင်း ပြန်ရောက်လာပြီပဲ..."
ယန်အန်... ယန်မိသားစု၏ ထိပ်တန်း ပါရမီရှင်နှင့် သေမျိုးကမ္ဘာ တောင်ထွတ် ၏ တပည့်တစ်ဦး ဖြစ်၏။
သူသည် ချောမောခန့်ညားပြီး ထူးကဲသော အရှိန်အဝါ ရှိလေသည်။ သူ ဝင်ရောက်လာရုံမျှဖြင့် လီလင်ထျန်း၏ အရှိန်အဝါကို လွှမ်းမိုးသွားစေရန် လုံလောက်နေ၏။
လီလင်ထျန်းသည် ယန်အန်းကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သူသည် ယန်အန်ကို မုန်းတီးပြီး သတိထားနေရသည်။
ယန်အန်က လီလင်ထျန်း အနားသို့ လျှောက်သွားသောအခါ လူတိုင်း လမ်းဖယ်ပေးလိုက်ကြသည်။ သူက မေးစေ့ကို အနည်းငယ် မော့ကာ လီလင်ထျန်းကို ငုံ့ကြည့်၍ ပြောလိုက်၏။ "ယန်မိသားစုက မင်းကို ဧကရာဇ် ဖြစ်စေချင်တာ... ဒါက မင်းဂုဏ်ပဲ... မင်း တွေဝေမနေသင့်ဘူး... လီရွှမ်တောက် ထီးနန်းရယူတုန်းကလည်း သူ့ညီအစ်ကို မောင်နှမတွေ အများကြီးရဲ့ သွေးတွေနဲ့ လက်ကို စွန်းထင်းခဲ့တာပဲ..."