အခန်း (၅၃၉-၅၄၀)
Vol. 42 Ch. 539-540
အခန်း ၅၃၉ ကောင်းကင်ခုံရုံး၊ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်
ကုအန်သည် ဟေးရွှမ်အား ဆန်းကြယ်သန့်စင်အမတဂိုဏ်းအတွင်း၌ လမ်းမှန်ပေါ်သို့ လျှောက်လှမ်းစေလိုသော ဆန္ဒဖြင့် ထိုဂိုဏ်းသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်သည်။ အလွန်အကျွံ သတ်ဖြတ်ခြင်းမှာ ကောင်းမွန်သော အလေ့အကျင့် တစ်ခု မဟုတ်ချေ။
"သင်သည် ဆန်းကြယ်သန့်စင်အမတဂိုဏ်းသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်ရာ ဝတ်ရုံဖြူနှင့် အမျိုးသမီးမှာ နှစ်ထောင်းအားရ ဖြစ်သွားသည်။ ထို့နောက် သူမက သင့်အား ဆန်းကြယ်သန့်စင်အမတဂိုဏ်းနှင့် မိတ်ဆက်ပေးခဲ့ပြီး စကားစမြည် ပြောဆိုရာမှ သူမ၏ အမည်မှာ ပိုင်ရှန်နတ်မိမယ် ဖြစ်ကြောင်း သင် သိရှိလိုက်ရသည်။ ပိုင်ရှန်နတ်မိမယ်၏ လမ်းညွှန်မှုအောက်တွင် သင်သည် ဆန်းကြယ်သန့်စင်အမတဂိုဏ်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး အစစ်အမှန်ဆန်းကြယ် မဟာကမ္ဘာသို့ တရားဝင် ဝင်ရောက်နိုင်ခဲ့သည်။"
အစစ်အမှန်ဆန်းကြယ် မဟာကမ္ဘာ တဲ့လား။
ကုအန် စဉ်းစားခန်း ဝင်သွားသည်။ မဟာကောင်းကင်နှင့် မြေကြီးကို စကြဝဠာ တစ်ခုလုံးအဖြစ် သတ်မှတ်ထားပြီး ကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် မပျက်စီးမီက ထို မဟာကောင်းကင်နှင့် မြေကြီး၏ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ဖူးကြောင်း သူ သိထားသည်။
မဟာကောင်းကင်နှင့် မြေကြီး အားလုံးသည် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေကဲ့သို့ အကွဲကွဲအပြားပြား ဖြစ်နေသည် မဟုတ်ပေ။ ပြီးပြည့်စုံသော မဟာကောင်းကင်နှင့် မြေကြီးသည် မည်မျှအထိ စွမ်းအားကြီးမားသည်ကို ကုအန် ကိုယ်တိုင်ပင် ယခုအချိန်၌ မဆုံးဖြတ်နိုင်သေးချေ။ အကြောင်းမှာ သူသည် ထိုအရာကို မျက်မြင်ကိုယ်တွေ့ မကြုံဖူးသေးသောကြောင့် ဖြစ်သည်။
ပိုင်ရှန်နတ်မိမယ်က ဟေးရွှမ်အား သူမ၏ ဆရာသခင်နှင့် မိတ်ဆက်ပေးလိုက်ရာ ဟေးရွှမ်သည် သူမ၏ ဂိုဏ်းတူမောင် ဖြစ်လာခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ဟေးရွှမ်သည် တိုက်ပွဲများ၌ ပါဝင်ခြင်း မရှိတော့ဘဲ သူ၏ ဆရာသခင်၊ ပိုင်ရှန်နတ်မိမယ်တို့နှင့်အတူ ကျင့်ကြံခြင်းကိုသာ ပြုလုပ်လေတော့သည်။
ထိုသို့ ဖြစ်လာလေလေ ကုအန်၏ စိတ်ထဲ၌ နေရခက်သော ခံစားချက်များ ဖြစ်ပေါ်လာလေလေပင်။ ကြီးမားသော ကိစ္စရပ်တစ်ခု၊ အလွန် အရေးပါသော ကိစ္စရပ်တစ်ခု ဖြစ်ပျက်လာတော့မည်ဟု သူ ခံစားနေရ၏။
ဟေးရွှမ်သည် လော့ချောက်နက်ကမ်းပါးအတွက် လက်စားချေရန် မေ့လျော့သွားသည့်အလား ဆန်းကြယ်သန့်စင်အမတဂိုဏ်း၌ နှစ်ပေါင်းဆယ်ချီကြာအောင် ကျင့်ကြံအားထုတ်နေခဲ့သည်။
"အသက် ၁၇၈ နှစ်တွင် ဆန်းကြယ်သန့်စင်အမတဂိုဏ်း၌ နှစ်တစ်ထောင် တာအိုညီလာခံ ကျင်းပခဲ့ရာ ကမ္ဘာအနှံ့မှ အယူဝါဒအမျိုးမျိုးရှိသော ကျင့်ကြံသူများ လာရောက် ပါဝင်ကြသည်။ ပိုင်ရှန်နတ်မိမယ်က ပြိုင်ဘက်ကင်း ပါရမီရှင် ကျီဝေ့ဧကရာဇ် ဆိုသူအား လေးစားအားကျနေကြောင်း သင် ကြားသိလိုက်ရသည်။ သင်သည် ထိုနာမည်ကို တိတ်တဆိတ် မှတ်သားထားလိုက်ပြီး ကျီဝေ့ဧကရာဇ် အကြောင်း စုံစမ်းလေသည်။ နှစ်တစ်ထောင် တာအိုညီလာခံ စတင်သောအခါ သင်သည် တိမ်ပင်လယ်ထက်သို့ သွားရောက်ခဲ့ပြီး တပည့်အများအပြားကြားတွင် ကျီဝေ့ဧကရာဇ်၏ တင့်တယ်ခမ်းနားမှုကို မြင်တွေ့လိုက်ရသည်။ ထိုမြင်ကွင်းက သင့်အား ပွဲကြည့်ရှုလိုစိတ် ကုန်ဆုံးစေခဲ့ပြီး ကျင့်ကြံခြင်းဂူသို့ ပြန်ကာ တံခါးပိတ် ကျင့်ကြံနေလိုက်တော့သည်။"
ထို့နောက် ကျင့်ကြံခြင်းဆိုင်ရာ အချက်ပြစာသား အမျိုးမျိုး ပေါ်လာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဟေးရွှမ်အား နက်ရှိုင်းစွာ ထိခိုက်သွားစေသော ကျီဝေ့ဧကရာဇ်သည် မည်သို့သော တင့်တယ်ခမ်းနားမှုကို ပိုင်ဆိုင်ထားသနည်းဟု ကုအန် တွေးတောနေမိသည်။
ကျီဝေ့ဧကရာဇ်သည် သူ၏ အမည်တွင် 'ဧကရာဇ်' ဟူသော စကားလုံးကို သုံးစွဲထားပြီး ဟေးရွှမ်သည်လည်း နောက်ပိုင်းတွင် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ် ဖြစ်လာခဲ့သည်။ ဤသည်မှာ ထိုသူကြောင့် ဖြစ်နိုင်လေမလား…
"အသက် ၂၁၄ နှစ်တွင် ပိုင်ရှန်နတ်မိမယ်သည် သင့်ထံသို့ ရောက်လာပြီး သူမ အပြင်ထွက်၍ လေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း အနည်းဆုံး နှစ်တစ်ရာခန့် ကြာမြင့်မည် ဖြစ်ကြောင်း ပြောလာသည်။ သင်သည် သူမအတွက် စိတ်ပူနေပြီး လိုက်ပါသွားချင်သော်လည်း ပိုင်ရှန်နတ်မိမယ်က စိတ်မပူရန် ပြောဆိုခဲ့သည်။ သင်သည် ပိုင်ရှန်နတ်မိမယ်နောက်သို့ လိုက်ပါရန် ဇွတ်အတင်း တောင်းဆိုမည်လော။”
အကယ်၍ ယခင်ကသာ ဆိုလျှင် ကုအန်သည် မိမိ၏ ပြန်လည်ဝင်စားသူခန္ဓာနှင့် အချစ်ဇာတ်လမ်း ရှုပ်ထွေးမှုများ မဖြစ်စေရန် ငြင်းပယ်ရန်ကိုသာ ရွေးချယ်လိမ့်မည် ဖြစ်သည်။ သို့သော် ယန်ရှန်းသည် သူ၏ဇနီးအား မည်သို့မည်ပုံ မြှုပ်နှံခဲ့ရသည်ကို သူ ပြန်သတိရလိုက်မိသည်။ ထိုနှစ်ယောက်သည် ဘယ်သောအခါမှ အတူတူ မနေခဲ့ရပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အမြဲတမ်း တားဆီးပိတ်ပင်နေခြင်းသည်လည်း ကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်နိုင်ချေ။
ထို့အပြင် ဤဘဝတွင် ဟေးရွှမ်သည် မိသားစုမရှိ၊ သူငယ်ချင်းမရှိဘဲ ဆရာသခင်ပင် သေဆုံးသွားခဲ့ရသဖြင့် ခက်ခဲကြမ်းတမ်းသော ဘဝကို ဖြတ်သန်းခဲ့ရသည်။ လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်အပေါ်ထားရှိသော သူ၏ အစွဲများကို ဘေးဖယ်ထားလိုက်ပြီး ကုအန်သည် ဟေးရွှမ်အား မိမိကိုယ်တိုင်ကဲ့သို့ သဘောထားကာ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဇွတ်အတင်း လိုက်ပါရန် ရွေးချယ်လိုက်သည်။
"သင်သည် ပိုင်ရှန်နတ်မိမယ်နောက်သို့ လိုက်ပါရန် ဇွတ်အတင်း တောင်းဆိုခဲ့သည်။ သူမက သင့်အား ကြည့်လိုက်ပြီး သင် နေရခက်လာသည်အထိ စိုက်ကြည့်နေခဲ့၏။ ရုတ်တရက် သူမ ပြုံးလိုက်ပြီး သူမကို ဝန်မပိစေနှင့်ဟု ပြောလိုက်သည်။ ထိုစကားကို ကြားလိုက်ရသောအခါ သင့်မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာခဲ့ပြီး ကောင်းကင်ယံမှ လမင်းကြီးသဖွယ် ပြုံးနေသော ဂိုဏ်းတူအစ်မကို ကြည့်ကာ သူမအား တစ်သက်လုံး ကာကွယ်စောင့်ရှောက်သွားမည်ဟု တိတ်တဆိတ် သစ္စာဆိုလိုက်သည်။"
"အသက် ၂၁၅ နှစ်တွင် သင်သည် ပိုင်ရှန်နတ်မိမယ်နောက်သို့ လိုက်ပါ၍ ပင်လယ်ပြင်တစ်ခုဆီသို့ ရောက်ရှိသွားပြီး လူသူမဲ့ကျွန်းတစ်ကျွန်းပေါ်တွင် နားခိုခဲ့ကြသည်။ ပိုင်ရှန်နတ်မိမယ်က ကျွန်းပေါ်တွင် ဆေးအပင်များ ရှာဖွေရန် ပြင်ဆင်နေချိန်၌ သင်သည် ကမ်းခြေတွင် တရားထိုင်နေခဲ့သည်။ နောက်ပိုင်းတွင် ပိုင်ရှန်နတ်မိမယ်က ထိုကျွန်းပေါ်တွင် နေထိုင်ရန် ရွေးချယ်လိုက်ပြီး ဆေးပညာကို စတင် လေ့ကျင့်ကာ သူမ ဖော်စပ်ထားသော ဆေးလုံးများကို သင့်အား မြည်းစမ်းစေခဲ့သည်။"
"အသက် ၂၁၇ နှစ်တွင် သင်သည် ကျွန်းပေါ်မှ ထွက်ခွာပြီး ပင်လယ်ပြင်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားရာ မိစ္ဆာသားရဲများ ဝိုင်းရံပိတ်ဆို့ထားသော လူသားမျိုးနွယ် ပင်လယ်ကူးသင်္ဘောတစ်စင်းနှင့် ကြုံတွေ့ခဲ့ရသည်။ သခင်မဲ့သော မိစ္ဆာများကို တွေ့ရခဲသဖြင့် သင်သည် ကူညီရန် ရွေးချယ်လိုက်ပြီး သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင် ဖြစ်ခဲ့ရသည်။ ထို့နောက် ပိုင်ရှန်နတ်မိမယ်က သင့်အား သတ်ဖြတ်ခြင်းများ အလွန်အကျွံ မပြုလုပ်ရန် သတိပေးခဲ့သည်။ ဆန်းကြယ်သန့်စင်အမတဂိုဏ်းသည် လူသားမျိုးနွယ်၏ ဂိုဏ်းတစ်ခုတည်း မဟုတ်ဘဲ မျိုးနွယ် ခွဲခြားခြင်းမရှိသည့် သက်ရှိသတ္တဝါ အားလုံး၏ ဂိုဏ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင်က နောက်တစ်ကြိမ် မဖြစ်စေရပါဟု ကတိပေးခဲ့သည်။"
ပိုင်ရှန်နတ်မိမယ်က ဟေးရွှမ်အား ဆုံးမစကား ပြောကြားသည်ကို မြင်လိုက်ရသောအခါ ကုအန်သည် သူ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ခံစားလိုက်ရသည်။
သက်တမ်းကို အထောက်အကူပြု ပစ္စည်းတစ်ခုအဖြစ် မှတ်ယူနိုင်ပြီး သတ်ဖြတ်လိုစိတ် မကြီးထွားသရွေ့ နည်းလမ်းပေါင်းစုံဖြင့် အသုံးပြုနိုင်သည်။ ဟေးရွှမ်သည် သက်တမ်းကို စွန့်လွှတ်လိမ့်မည် မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခြင်းသည် ကောင်းသော ကိစ္စတစ်ခု ဖြစ်သည်ဟု သူ ခံစားမိသည်။
ဟေးရွှမ်သည် ပိုင်ရှန်နတ်မိမယ်နောက်သို့ လိုက်ပါကာ ကမ္ဘာအနှံ့ ခရီးသွားခြင်း၊ ရတနာများ ရှာဖွေခြင်း၊ မိစ္ဆာများနှင့် လူများကို ကယ်တင်ခြင်း၊ တစ္ဆေများကို နှင်ထုတ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး သူတို့၏ ခရီးစဉ်မှာ စိတ်လှုပ်ရှားဖွယ်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုနှစ်ယောက်သည် အန္တရာယ်များနှင့်လည်း ကြုံတွေ့ခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့ဖူးသော်လည်း ကံကောင်းထောက်မစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ခဲ့ကြပြီး ဘေးအန္တရာယ်ကို ကင်းဝေးစေနိုင်ခဲ့သည်။ ပိုင်ရှန်နတ်မိမယ်သည် ဟေးရွှမ်ကို ကယ်တင်ခဲ့ဖူးသလို ဟေးရွှမ်သည်လည်း သူမကို ကယ်တင်ခဲ့ဖူးသည်။ အချုပ်အားဖြင့် ဆိုရသော် မည်သူကမှ မည်သူ့ကို ဝန်ပိစေခြင်း မရှိခဲ့ပေ။
"အသက် ၃၀၇ နှစ်တွင် ပိုင်ရှန်နတ်မိမယ် လေးစားအားကျသော ကျီဝေ့ဧကရာဇ် ပါဝင်နေသည့် ရတနာလုပွဲတစ်ခုနှင့် သင် မထင်မှတ်ဘဲ ကြုံတွေ့ခဲ့ရသည်။ သူသည် ရာပေါင်းများစွာသော အမတတာအို ကျင့်ကြံသူများကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ပြီး အဆုံးတွင် အနိုင်ယူနိုင်ခဲ့သည်။ ပိုင်ရှန်နတ်မိမယ်မှာ အံ့အားသင့်သွားပြီး သင်ကိုယ်တိုင်လည်း ကျီဝေ့ဧကရာဇ်မှာ အမှန်တကယ် စွမ်းအားကြီးမားကြောင်း ဝန်ခံခဲ့ရသည်။ တိုက်ပွဲပြီးဆုံးသွားသောအခါ ကျီဝေ့ဧကရာဇ်သည် သင်တို့ထံသို့ လျှောက်လာခဲ့သည်။ သူသည် ပိုင်ရှန်နတ်မိမယ်ကို မှတ်မိနေပုံရပြီး သူမအား သူ၏ နယ်မြေသို့ ဧည့်သည်အဖြစ် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သော်လည်း သူမက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။ ထို့နောက် ကျီဝေ့ဧကရာဇ်သည် သင့်ဘက်သို့ လှည့်လာပြီး ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ သင်သည် သူ၏ နယ်မြေသို့ သွားရောက်လည်ပတ်ရန် ရွေးချယ်မည်လော။"
မသွားဘူး...။
လုံးဝ မသွားဘူး...။
ကုအန်သည် တိုက်ရိုက်ပင် ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် ကျီဝေ့ဧကရာဇ်ကို အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်။ ဟေးရွှမ်နှင့် ပိုင်ရှန်နတ်မိမယ်တို့ အတူ လမ်းလျှောက်လာသည်ကို သူ မမြင်ဘူးလား။ ဘာကြောင့် ကြားဝင်နှောင့်ယှက်ချင်ရတာလဲ။
"သင်သည် ကျီဝေ့ဧကရာဇ်၏ နယ်မြေသို့ သွားရောက်ရန် ဖိတ်ခေါ်မှုကို ငြင်းပယ်ရန် ရွေးချယ်လိုက်သည်။ ကျီဝေ့ဧကရာဇ်သည် ဇွတ်အတင်း မခေါ်တော့ဘဲ မကြာမီ ထွက်ခွာသွားခဲ့သည်။ သင်သည် ပိုင်ရှန်နတ်မိမယ်ဘက်သို့ လှည့်ကာ ဘာကြောင့် မလိုက်သွားသလဲဟု မေးလိုက်သည်။ ပိုင်ရှန်နတ်မိမယ်က သင့်အား ကြည့်လိုက်ပြီး ဘာကြောင့် သွားရမှာလဲဟု ပြန်မေးခဲ့သည်။ သင်တို့နှစ်ဦးသည် စကားတစ်ခွန်းမှ မပြောဘဲ အချင်းချင်း နားလည်မှုဖြင့် ပြုံးလိုက်ကြသည်။"
"အသက် ၃၀၈ နှစ်တွင် သင်တို့သည် အမတတစ်ပါးကျင့်ကြံနေသည်ဟု ကောလာဟလ ထွက်ပေါ်နေသော ဤနယ်မြေရှိ ခမ်းနားထည်ဝါဆုံး တောင်တစ်လုံးသို့ ရောက်ရှိလာခဲ့သည်။ အမတကို ရှာဖွေရန် ဆုံးဖြတ်လိုက်ပြီး တောင်ပေါ်သို့ စတင် တက်ရောက်ခဲ့ကြသော်လည်း သင်တို့၏ စွမ်းအားများကို အသုံးမပြုနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သင်တို့သည် သာမန်လူသားများကဲ့သို့ တောင်ပေါ်သို့ တက်ရောက်ခဲ့ရသည်။"
"အသက် ၃၀၉ နှစ်အရွယ်တွင် တစ်နှစ်ကြာ ခရီးနှင်ခဲ့ပြီးနောက် တောင်ခါးပန်းသို့ ရောက်ရှိလာခဲ့ရာ ဝင်းတစ်ခုအတွင်း၌ ယပ်တောင်ကိုင်ကာ အနားယူနေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ အံ့အားသင့်စွာပင် ထိုသူမှာ လွန်ခဲ့သော နှစ်များစွာက သင့်ကံကြမ္မာကို ဟောပေးချင်ခဲ့သည့် ရှေးဟောင်းတာအိုဆရာ ဖြစ်နေကြောင်း သင် မှတ်မိလိုက်သည်။ ထိုတာအိုဆရာကလည်း သင့်အား မှတ်မိနေပြီး ပြုံးလျက် တွေ့ဆုံချိန်တန်ပြီဟု ပြောလိုက်ရာ ပိုင်ရှန်နတ်မိမယ်မှာ စိတ်ဝင်စားသွားခဲ့သည်။ အောက်နယ်မြေ၌ သင်တို့ ဆုံတွေ့ခဲ့ဖူးကြောင်း သူမ သိလိုက်ရသောအခါ ရှေးဟောင်းတာအိုဆရာအပေါ် လေးစားမှုများ တိုးပွားလာခဲ့သည်။ သူသည် စကားအများကြီး မပြောတော့ဘဲ လျှို့ဝှက်သိုင်းကျမ်း နှစ်အုပ်ကို မြေကြီးပေါ်သို့ ပစ်ချပေးလိုက်ပြီး သူ့အိမ်ထဲသို့ တစ်ယောက်တည်း ပြန်ဝင်သွားလေသည်။ သင်သည် မြေကြီးပေါ်မှ လျှို့ဝှက်သိုင်းကျမ်းများကို ကောက်ယူလိုက်ပြီး စတင် လေ့လာတော့သည်။"
"အသက် ၃၂၀ တွင် ၁၁ နှစ်ကြာ ကျင့်ကြံပြီးနောက် သင်သည် နတ်ဘုရားအဆင့် သိုင်းပညာရပ်များထဲမှ တစ်ခုကို ပြီးပြည့်စုံအောင် တတ်မြောက်ခဲ့သည်။ ရှေးဟောင်းတာအိုဆရာသည် နောက်ဆုံး၌ အိမ်ထဲမှ ထွက်လာပြီး သင်သည် သတ်ဖြတ်ခြင်း ဧကရာဇ်လမ်းစဉ်နှင့် ကိုက်ညီသော ကံကြမ္မာပုံရိပ် ရှိသည်ဟု ချီးကျူးခဲ့သည်။ သို့သော် သင်သည် သင့်သဘာဝကို ဖိနှိပ်ထားခဲ့သည်။ ဤအရာက ပိုင်ရှန်နတ်မိမယ်အား ဇဝေဇဝါ ဖြစ်စေခဲ့သည်။ သင့်အရိုးထဲ၌ ပါလာသော မွေးရာပါ ရန်လိုမှုကို သိရှိထားသော ပိုင်ရှန်နတ်မိမယ်သည် တိတ်ဆိတ်သွားခဲ့ပြီး သင်သည်လည်း အကျပ်ရိုက်သွားခဲ့ရသည်။ မသတ်ဖြတ်ပါဟု ပေးထားသော ကတိကို တည်မလား၊ သို့တည်းမဟုတ် ရှေးဟောင်းတာအိုဆရာ၏ အကြံဉာဏ်အတိုင်း ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းမလား..."
အချက်ပြစာသားမှာ ထိုနေရာတွင် ရပ်တန့်သွားသည်။
ကုအန်သည် တုံ့ဆိုင်းမနေဘဲ မသတ်ဖြတ်ရန် ပေးထားသော ကတိကို တည်ဖို့ ရွေးချယ်လိုက်သည်။
ဘယ်သူကများ လူတစ်ယောက်ကို သတ်ဖြတ်ဖို့ စတင်ရန် တိုက်တွန်းရသနည်း။
ထို ရှေးဟောင်းတာအိုဆရာသည် မရိုးသားပေ။
"သင်သည် မသတ်ဖြတ်ရန်နှင့် ဧကရာဇ်လမ်းစဉ်ကို မလျှောက်လှမ်းရန် ပိုင်ရှန်နတ်မိမယ်အား ပေးထားသော ကတိကို တည်ဖို့ ရွေးချယ်လိုက်ရာ ပိုင်ရှန်နတ်မိမယ်မှာ အလွန် ပျော်ရွှင်သွားခဲ့သည်။ ရှေးဟောင်းတာအိုဆရာက တစ်နေ့တွင် သင်၏ ဆုံးဖြတ်ချက်အတွက် နောင်တရလိမ့်မည်ဟု ပြောခဲ့သည်။ သူ၏ အကြည့်က သင့်အား နေရခက်စေသဖြင့် ဆင်ခြေတစ်ခု ပေးကာ ပိုင်ရှန်နတ်မိမယ်၏ လက်ကိုဆွဲ၍ နှုတ်ဆက်ထွက်ခွာလာခဲ့သည်။"
"အသက် ၃၂၁ နှစ်တွင် သင်နှင့် ပိုင်ရှန်နတ်မိမယ်တို့သည် တားမြစ်ထားသော မိစ္ဆာတောအုပ်ထဲ၌ ဒဏ္ဍာရီလာ နတ်ဘုရားသားရဲ ဖြစ်သော ကောင်းကင်မင်္ဂလာသမင်ကို တွေ့ရှိခဲ့ကြသည်။ သင်သည် ကောင်းကင်မင်္ဂလာသမင်၏ ကောင်းချီးကို ရရှိခဲ့ပြီး သင်၏ နားလည်သဘောပေါက်နိုင်စွမ်း တိုးတက်လာခဲ့သည်။"
…
ရှေးဟောင်းတာအိုဆရာ၏ ကျိန်စာတိုက်မှုကို တိတ်တဆိတ် ခံလိုက်ရပြီးနောက် ကုအန်သည် ဟေးရွှမ်နှင့် ပိုင်ရှန်နတ်မိမယ်တို့ အန္တရာယ်နှင့် ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် သတိထားကာ အချက်ပြစာသားများကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ကံကောင်းထောက်မစွာပင် သူတို့သည် အသက် ၅၀၀ ကျော်သည်အထိ အံ့သြဖွယ်ရာ စွန့်စားခန်းများနှင့် ဆက်လက် ကြုံတွေ့ခဲ့ရပြီးနောက် နှစ်ဦးစလုံး ဆန်းကြယ်သန့်စင်အမတဂိုဏ်းသို့ ပြန်လာကာ တံခါးပိတ် ကျင့်ကြံခဲ့ကြသည်။
နောက်ထပ် နှစ်ငါးရာသည်လည်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
သို့သော် ကုအန် ကြောက်ရွံ့ခဲ့သော အဖြစ်အပျက်မှာ တကယ်တမ်း ဖြစ်ပျက်လာခဲ့သည်။
"အသက် ၁၃၄၇ နှစ်တွင် တံခါးပိတ် ကျင့်ကြံနေစဉ် သင်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သင်သည် ကျင့်ကြံခြင်းဂူထဲမှ ချက်ချင်း ထွက်လာခဲ့ပြီး ကောင်းကင်ယံ မည်းမှောင်လာကာ ကြီးကျယ်ခမ်းနားသော တိမ်ဝဲကတော့ကြီး ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရပြီး ဖိနှိပ်ချုပ်ချယ်သော လေထုအခြေအနေကို ခံစားလိုက်ရသည်။ မကြာမီတွင် သင်သည် မျက်လုံးတစ်စုံကို မြင်လိုက်ရပြီးနောက် အာဏာစက်ပြင်းထန်သော အသံတစ်သံကို ကြားလိုက်ရသည်။ သူသည် ကောင်းကင်ခုံရုံးမှ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် ဖြစ်ကြောင်း…ဤ မဟာကမ္ဘာအတွင်းသို့ ပုံမှန်မဟုတ်သော ကျူးကျော်ဝင်ရောက်မှုများ ရှိနေသဖြင့် သန့်စင်ပစ်ရမည် ဖြစ်ကြောင်း ပြောဆိုလေသည်။ သူ၏ အသံ ဆုံးသွားသည်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားကာ သင်သည် ပိုင်ရှန်နတ်မိမယ်ကို ရှာဖွေရန် ချက်ချင်း သွားရောက်ခဲ့သည်။ သင် သူမကို ရှာတွေ့ခဲ့ပြီး သူမကို ခေါ်ဆောင်ကာ ထွက်ပြေးချင်ခဲ့သော်လည်း သူမသည် ဆန်းကြယ်သန့်စင်အမတဂိုဏ်းနှင့်အတူ အသေခံ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည်။ ဆန်းကြယ်သန့်စင်အမတဂိုဏ်းကို ကာကွယ်ရန် နေရစ်ခဲ့ရမလားဟု သင် စိတ်ဒွိဟ ဖြစ်နေမိသည်။"
ကောင်းကင်ခုံရုံး၊ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်...
ကုအန် မျက်မှောင်ကို တင်းတင်းကြပ်ကြပ် ကြုတ်လိုက်မိသည်။ ဤ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုမျိုး ဖြစ်နိုင်ပြီး ကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကြောင့် ပျက်စီးသွားခဲ့ပုံ ရသည်။ ဆန်းကြယ်သန့်စင်အမတဂိုဏ်းသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုမျိုးကို မည်သို့ ခုခံနိုင်မည်နည်း။
သို့သော် ဟေးရွှမ်သည် မည်ကဲ့သို့ ထွက်ပြေးပြီး ဆန်းကြယ်သန့်စင်အမတဂိုဏ်းကို ရင်ဆိုင်နိုင်မည်နည်း။
ထားလိုက်ပါတော့... အတူတူ သေဆုံးလိုက်တာကမှ ပိုကောင်းဦးမယ်... နှစ်သန်းချီ သက်တမ်းကို အလဟဿ ဖြစ်သွားပြီလို့ပဲ သဘောထားလိုက်တော့မယ်။
ချစ်ရသူနှင့်အတူ သေဆုံးရခြင်းသည် ဘဝတိုတောင်းသည် ဆိုလျှင်ပင် ထိုးထွင်းသိမြင်မှုများ ရရှိနိုင်သေးသည်။
"သင်သည် ဆန်းကြယ်သန့်စင်အမတဂိုဏ်းကို ကာကွယ်ရန် နေရစ်ခဲ့ဖို့ ရွေးချယ်လိုက်ရာ ပိုင်ရှန်နတ်မိမယ်မှာ နက်ရှိုင်းစွာ ထိခိုက်ခံစားသွားရသည်။ သူမသည် တစ်စုံတစ်ခုကို စဉ်းစားမိပုံရပြီး သင့်ကို ဆွဲကာ နေရာတစ်ခုသို့ ပျံသန်းသွားလေသည်။ လမ်းတစ်လျှောက်တွင် ဆန်းကြယ်သန့်စင်အမတဂိုဏ်းမှ မရေမတွက်နိုင်သော မဟာကျင့်ကြံသူများသည် ကောင်းကင်ယံရှိ မျက်လုံးကြီးဆီသို့ ပြေးဝင်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ပျက်စီးသွားကြသည်ကို သင် မြင်တွေ့လိုက်ရသည်။ ဤ အဖြစ်အပျက်များက သင့်ကိုယ်သင် အလွန် သေးနွမ်းသည်ဟု ခံစားရစေသည်။"
"ပိုင်ရှန်နတ်မိမယ်၏ လမ်းပြမှုနောက်သို့ လိုက်ပါရင်း သင်သည် အစစ်အမှန်ဆန်းကြယ် မဟာကမ္ဘာသို့ ပထမဆုံး ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဂူသို့ ရောက်ရှိလာကြောင်း တွေ့ရှိလိုက်ရသည်။ ပိုင်ရှန်နတ်မိမယ်က သင့်ကို ပထမဆုံး မြင်မြင်ချင်း အမတဂိုဏ်းသို့ ဝင်ရောက်ရန် စည်းရုံးခဲ့ခြင်းမှာ သူမ၏ ကွယ်လွန်သွားသော ဖခင်က ဤဂူသည် အမတကံကြမ္မာကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ဖူးသောကြောင့် ဖြစ်သည်ဟု ရှင်းပြလေသည်။ ဆန်းကြယ်သန့်စင်အမတဂိုဏ်းကို ကယ်တင်ခဲ့ဖူးသူ တစ်ဦးသည် ဤ ကျင့်ကြံခြင်းဂူထဲမှ ထွက်ပေါ်လာခဲ့ဖူးသည်။ သူမက သင့်အား မူလကမ္ဘာသို့ ပြန်သွားနိုင်ရန် မျှော်လင့်နေသည်။ သင်က မည်သို့ ပြန်ရမည်ကို မသိကြောင်း ပြောလိုက်စဉ် ပိုင်ရှန်နတ်မိမယ်က ကျောက်စိမ်းဆွဲပြား တစ်ခုကို ထုတ်ယူလိုက်သည်ကို သင် မြင်လိုက်ရသည်။"
"သင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရပြီး ကျောက်စိမ်းဆွဲပြားကို လုယူရန် ကြိုးစားခဲ့သော်လည်း ပိုင်ရှန်နတ်မိမယ်က သင့်ကို ဂူထဲသို့ အတင်း တွန်းပို့လိုက်သည်။ ထို့နောက် သူမသည် ကျောက်စိမ်းဆွဲပြားကို ဂူထဲရှိ သင့်နောက်သို့ ပစ်လိုက်လေသည်။ သင်နှင့် ရင်းနှီးပြီး လွမ်းဆွတ်နေရသော အားကောင်းလှသည့် စွမ်းအားတစ်ခုကို သင့်နောက်ကျောဘက်၌ ခံစားလိုက်ရသည်။ အဝေးမှ ပြန်လှည့်ကြည့်လိုက်ရာ ဂူအဝင်ဝတွင် ပိုင်ရှန်နတ်မိမယ်သည် ဝမ်းနည်းပက်လက် မျက်နှာထားဖြင့် သင့်အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။"
အခန်း (၅၄၀) တာအိုဧကရာဇ်၊ ဝူတောက်အမတ
"[သင်သည် အမှောင်မဟာကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။]"
ဤအချက်ပြစာသားကို မြင်လိုက်ရသောအခါ ကုအန်၏ ခံစားချက်များမှာ ရှုပ်ထွေးသွားရသည်။
မူလက ဟေးရွှမ်သည် ပိုင်ရှန်နတ်မိမယ်ကြောင့် သေဆုံးလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း အဆုံးတွင် ဟေးရွှမ်ကို ကယ်တင်ခဲ့သူမှာ ပိုင်ရှန်နတ်မိမယ် ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ပိုင်ရှန်နတ်မိမယ်သည် အချစ်အတွက် အရာရာကို စွန့်လွှတ်ခဲ့ခြင်း မရှိသလို ဟေးရွှမ်ကိုလည်း သူမ၏ တာဝန်များကို ထမ်းဆောင်စေခဲ့ခြင်း မရှိပေ။
ကုအန်ပင်လျှင် ပိုင်ရှန်နတ်မိမယ်ကြောင့် စိတ်လှုပ်ရှားသွားရပြီး သူမသည် အမတဂိုဏ်းသား တစ်ဦးဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။ ရွေးချယ်စရာ မရှိတော့သဖြင့် အချက်ပြစာသားများ ဆက်လက် ပေါ်ထွက်လာသည်။
အမှောင်မဟာကမ္ဘာသို့ ပြန်ရောက်လာသောအခါ ဟေးရွှမ်သည် အစွန်းရောက်သော လမ်းစဉ်ကို ရွေးချယ်လိုက်ပြီး မိစ္ဆာများနှင့် သားရဲများကို အရူးအမူး သတ်ဖြတ်ခြင်း စတင်ပြုလုပ်လေတော့သည်။ ရာစုနှစ် တစ်ခု မပြည့်မီမှာပင် အမှောင်ကောင်းကင်မိစ္ဆာဂိုဏ်းသို့ ပြန်လည် တိုက်ခိုက် ဝင်ရောက်သွားခဲ့သည်။
သူသည် မိမိ၏ ဆရာသခင်အတွက် လက်စားချေရန် ဒုဂိုဏ်းချုပ်ထံသို့ တည့်မတ်စွာ ဦးတည်သွားခဲ့ပြီး တားဆီးရန် ကြိုးစားသူ မှန်သမျှကို သတ်ဖြတ်ပစ်ခဲ့သည်။
အဆုံးတွင် သူသည် အမှောင်ကောင်းကင်မိစ္ဆာဂိုဏ်းကို ပြိုလဲစေခဲ့သည်။ ဂိုဏ်းချုပ်ကိုယ်တိုင်က ဒုဂိုဏ်းချုပ်သည် သူ၏ ညီအရင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီး ဒုဂိုဏ်းချုပ်ကိုယ်စား သက်ညှာပေးရန် တောင်းပန်လာသည်အထိ မည်သူကမျှ သူ့လမ်းကို ပိတ်ဆို့ရဲခြင်း မရှိခဲ့ပေ။
ဤအရာနှင့် ပတ်သက်၍ ကုအန်သည် သက်ညှာမှု မပေးရန် ရွေးချယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဟေးရွှမ်သည် လော့ချောက်နက်ကမ်းပါးအတွက် သူ၏ ဆရာသခင်ကိုယ်စား လက်စားချေရန် လိုအပ်သောကြောင့် ဖြစ်သည်။
ထို့အပြင် အမှောင်ကောင်းကင်မိစ္ဆာဂိုဏ်း၏ လိုက်လံ ဖမ်းဆီးမှုသာ မရှိခဲ့လျှင် ဟေးရွှမ်သည် အစစ်အမှန်ဆန်းကြယ် မဟာကမ္ဘာသို့ မည်သို့ အတင်းအကျပ် ရောက်ရှိသွားနိုင်မည်နည်း။
အကောင်းနှင့် အဆိုးသည် အနှေးနှင့် အမြန် ပေးဆပ်ရစမြဲ ဖြစ်သည်။ အမှောင်ကောင်းကင်မိစ္ဆာဂိုဏ်းသည် ဤ ကပ်ဘေးနှင့် ကြုံတွေ့ရပေလိမ့်မည်။
ဟေးရွှမ်အတွက်မူ သူသည်လည်း သူ၏ ကံကြမ္မာကို ရင်ဆိုင်ရပေလိမ့်မည်။ အကြောင်းနှင့် အကျိုး ရှိခဲ့လျှင် သေဆုံးခြင်း ဆိုသည်မှာပင် မိမိ၏ စွမ်းရည် နိမ့်ကျခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ဟေးရွှမ်သည် လျင်မြန်စွာ ကြီးထွားလာခဲ့သော်လည်း အမှောင်မဟာကမ္ဘာရှိ ကုအန်၏ အခြား ပြန်လည်ဝင်စားသူခန္ဓာ နှစ်ခု ဖြစ်သော ချူလုနှင့် ရှောင်ရှန်းထျန်းတို့နှင့် မည်သည့်အခါမျှ မဆုံတွေ့ခဲ့ရပေ။ ထိုအချက်က ဟေးရွှမ်သည် အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ် ဟုတ်မဟုတ် သံသယ ဝင်လာစေသည်။
ကုအန်သည် သစ်ပင်ပေါ်မှ ထလိုက်သည်။ သူသည် လက်ရှိတွင် နယ်မြေထဲ၌ ရှိနေသည်။ ပြန်လည်ဝင်စားခြင်း အမှတ်တရများကို ဆက်ခံခြင်းသည် ဝိညာဉ်စွမ်းအင်ကို ကုန်ဆုံးစေသော်လည်း သက်တမ်းအတားအဆီးကဲ့သို့ပင် မဟာကောင်းကင်နှင့် မြေကြီး အရပ်ရပ်မှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်ပြီး နယ်မြေ၏ တည်နေရာကို ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ပေ။
ယနေ့ခေတ် ဤကမ္ဘာတွင် နေ့စဉ်နေ့တိုင်း အဆင့်တက်လှမ်းနေကြသော မဟာကျင့်ကြံသူများ ရှိနေကြ၏။ လှုပ်ရှားရုန်းရင်းဆန်ခတ်မှုများမှာ သိသာထင်ရှားနေပြီး ဖြစ်သဖြင့် အမှတ်ဉာဏ်များကို ဆက်ခံခြင်းကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်များသည် သက်ရှိသတ္တဝါများအကြား ထိတ်လန့်မှုကို ဖြစ်စေလိမ့်မည် မဟုတ်ပေ။
အောက်ဘက်တွင် ထျန်းချင် နှင့် ထျန်းပိုင်တို့သည် ဓားသိုင်း လေ့ကျင့်နေဆဲ ဖြစ်ပြီး ကုအန် ထထိုင်လိုက်သည်ကို သတိမထားမိကြချေ။
ပြန်လည်ဝင်စားခြင်းနှင့် ပတ်သက်သော အချက်ပြစာသားများမှာ နှစ်ပေါင်း နှစ်ထောင် နောက်ပိုင်းသို့ ရောက်ရှိသွားသောအခါ ဟေးရွှမ်သည် နောက်ဆုံး၌ ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့လိုက်ရသည်။
"[အသက် ၂၁၃၂ နှစ်တွင် သင်သည် အမတလမ်းစဉ်ကိုးခု အဆင့်သို့ ရောက်ရှိခဲ့ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်။ သင့်ခေါင်းပေါ်ရှိ ကပ်ဘေးတိမ်တိုက်များ မကွဲသွားသေးမီတွင် ကြီးမားသော လက်ကြီးတစ်ဖက်က အတွင်းမှ ထွက်ပေါ်လာပြီး သင့်ကို ဖမ်းဆုပ်လိုက်သည်။ သင်၏ အသိစိတ်သည် အမှောင်ထုထဲသို့ ကျဆင်းသွားသည်။]"
"[သင် နိုးလာသောအခါ မြက်ခင်းပြင်တစ်ခုပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ မျက်လုံးဖွင့်လိုက်ရာ ကောင်းကင်ယံမှာ လင်းထိန်နေပြီး ခမ်းနားထည်ဝါသော တောင်တန်းများက သင့်ကို မျက်နှာစာ အားလုံးမှ ဝန်းရံထားကာ ကျယ်ပြောလှသော တောင်ကြားတစ်ခုထဲ၌ ရောက်ရှိနေသည်။ တောင်ကြားထဲတွင် အခြားလူများ ရှိနေပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များသည် သင့်ထက် မနိမ့်ကျကြောင်း၊ အားလုံးသည် အမတလမ်းစဉ်ကိုးခုမြောက် အဆင့်တွင် ရှိကြပြီး မတူညီသော မဟာကမ္ဘာများမှ လာကြသူများ ဖြစ်ကြောင်း သင် တွေ့ရှိလိုက်ရသည်။ သင်သည် မှော်ရတနာတစ်ခု အတွင်း၌ ရှိနေပြီး ထွက်ပြေး၍ မရနိုင်ကြောင်း တစ်စုံတစ်ယောက်က သင့်ကို ပြောပြသည်။ မယုံကြည်နိုင်သဖြင့် သင် ကြိုးစားကြည့်ရာ အမှန်တကယ် ထွက်ပြေး၍ မရနိုင်ကြောင်း သိလိုက်ရပြီး တည်ငြိမ်အောင် နေရန် ဖိအားပေးခံလိုက်ရသည်။]"
"[အသက် ၂၂၄၀ တွင် သင်သည် လွတ်မြောက်ရန် ထပ်မံ ကြိုးစားခဲ့သော်လည်း ကမ္ဘာ၏ ကန့်သတ်ချက်များကြောင့် ထပ်မံ တားဆီးခံခဲ့ရသည်။]"
"[အသက် ၂၃၀၂ နှစ်တွင် မျက်လုံးတစ်စုံ ကောင်းကင်ယံ၌ ပေါ်လာပြီး အသံတစ်သံကို သင် ကြားလိုက်ရသည်။ ထိုအသံသည် မိမိကိုယ်ကို ဆိုးယုတ်ခြင်းဧကရာဇ်ဟု ခေါ်ဆိုသော ဤ မဟာကောင်းကင်နှင့် မြေကြီး အစိတ်အပိုင်းကို ပိုင်ဆိုင်သူ၏ အသံ ဖြစ်သည်။ သင်တို့ထဲမှ တစ်ယောက်သာ သူ့ကို တွေ့မြင်ရန် အသက်ရှင် ကျန်ရစ်နိုင်မည် ဖြစ်ကြောင်း သူ ပြောကြားခဲ့သည်။ သင်သည် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ သတ်ဖြတ်ခြင်းကို စတင်လိုက်သည်။ အဆုံးတွင် သင်သည် လွတ်ငြိမ်းရာအမတ ခုနစ်ရာသုံးဆယ့်ခြောက်ယောက်ကို သတ်ဖြတ်ခဲ့ပြီး ပိုမိုမြင့်မားသော အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးပမ်းလေသည်။]"
"[သင်၏ အဆင့်ချိုးဖျက်မှု အောင်မြင်သွားပြီး အမတလမ်းစဉ်ကိုးခု အဆင့်ကို ကျော်လွန်သွားခဲ့သည်။ သင်သည် ကမ္ဘာ၏ ကန့်သတ်ချက်များကို ချိုးဖျက်ကာ ခန်းမဆောင်ကြီး တစ်ခုသို့ ရောက်ရှိသွားပြီး ဆိုးယုတ်ခြင်းဧကရာဇ်နှင့် တွေ့ဆုံခဲ့သည်။ သင်၏ ပါရမီကြောင့် အံ့အားသင့်သွားသော ဆိုးယုတ်ခြင်းဧကရာဇ်သည် သင့်အား သူ၏ တပည့်အဖြစ် လက်ခံချင်ခဲ့သည်။ သင်သည် ဆိုးယုတ်ခြင်းဧကရာဇ်၏ တပည့် ဖြစ်လာရန် သဘောတူမည်လော။]"
ဟေးရွှမ်သည် တာအိုသစ်သီးနယ်ပယ်သို့ လျင်မြန်စွာ အဆင့်တက်လှမ်းသွားသည်ကို မြင်လိုက်ရပြီး ဆိုးယုတ်ခြင်းဧကရာဇ်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်ကို တွေ့ရသဖြင့် ဤပုဂ္ဂိုလ်သည် ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်ရမည်ဟု ကုအန် သဘောပေါက်လိုက်သည်။ အတော်ကြာအောင် တွန့်ဆုတ်နေပြီးနောက် ကုအန်သည် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ လွတ်ငြိမ်းရာ အမတ အများအပြားကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သဖြင့် ဟေးရွှမ်၏ သက်တမ်းမှာ ကြီးမားနေရမည် ဖြစ်ပြီး ဆက်လက် တိုးတက်ရန် အချိန်မရှိသေးခြင်းသာ ဖြစ်သည်။
"[သင်သည် ဆိုးယုတ်ခြင်းဧကရာဇ်၏ တပည့်အဖြစ် ခံယူရန် သဘောတူလိုက်သည်။ ဆိုးယုတ်ခြင်းဧကရာဇ်မှာ ကျေနပ်အားရသွားပြီး သင့်အား သန့်စင်ရန် ရွှေအမြုတေ တစ်လုံး ပေးသနားခဲ့သည်။ သင်သည် ခန်းမဆောင်ထဲ၌သာ ကျင့်ကြံနိုင်ပြီး ဆိုးယုတ်ခြင်းဧကရာဇ်က သင့်အား ပေးထွက်သွားမည့် ပုံမပေါ်ကြောင်း တွေ့ရှိလိုက်ရသည်။ သင် တွန့်ဆုတ်နေမိသည်။ ရွှေအမြုတေကို သန့်စင်ရန် သဘောတူမည်လော။]"
ကုအန် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ရွေးချယ်မှုများကို သေချာ ချိန်ဆနေမိသည်။ အကယ်၍ ဆိုးယုတ်ခြင်းဧကရာဇ်သည် တွက်ချက်မှုများနှင့် အာဏာရှိနေပါက အဘယ်ကြောင့် လှည့်ပတ်ကြံစည်မှုများ လိုအပ်နေမည်နည်း။
အကယ်၍ ဆိုးယုတ်ခြင်းဧကရာဇ်၏ စိတ်နှလုံးသည် ကောင်းမွန်ပါက ကုအန် ငြင်းပယ်လိုက်လျှင်ပင် ပြဿနာ မရှိနိုင်ပေ။
မလုပ်ဘူး...။
ကုအန် သူ၏ ရွေးချယ်မှုကို ပြုလုပ်လိုက်သည်။
"[သင်သည် ရွှေအမြုတေကို သန့်စင်ရန် ငြင်းပယ်လိုက်သည်။ ဆိုးယုတ်ခြင်းဧကရာဇ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သင့်သဘော မဟုတ်ကြောင်း ပြောလိုက်သည်။ သင်သည် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့သော်လည်း အဆုံးတွင် ဆိုးယုတ်ခြင်းဧကရာဇ်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ပြီး သူက သင့်ခန္ဓာကိုယ်ထဲသို့ ရွှေအမြုတေကို အတင်း ထည့်သွင်းကာ သင့်အား အတင်းအကျပ် သန့်စင်စေခဲ့သဖြင့် သင်သည် ဖရိုဖရဲ အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။]"
"[သင်သည် ကောင်းကင်တက်လှမ်းခြင်းရွှေဆေးလုံးကို စတင် ပေါင်းစည်းလိုက်သည်။]"
ဘုရားရေ...။
ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ၏ ရွှေဆေးလုံး တဲ့လား။
ဤ ဆိုးယုတ်ခြင်းဧကရာဇ်၏ ကျင့်ကြံမှုအဆင့်က ဘာလဲ…
"သင်သည် အကြောင်းနှင့် အကျိုး လမ်းစဉ်ကို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။"
"သင်သည် ကံကြမ္မာ လမ်းစဉ်ကို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။"
"သင်သည် ယင်နှင့် ယန် လမ်းစဉ်ကို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။"
"ဆိုးယုတ်သောဝိညာဉ်တစ်ခုသည် သင့်ကို ပူးကပ်ရန် ကြိုးစားခဲ့သော်လည်း သင်၏ သက်တမ်းကို အတင်းအကျပ် ဆင့်ကဲပြောင်းလဲစေခြင်းဖြင့် ၎င်းကို ချေမှုန်းပစ်လိုက်သည်။"
"သင်၏ ကျင့်ကြံမှုအဆင့်မှာ အလွန် တိုးတက်လာခဲ့သည်။"
"သင် မျက်လုံးဖွင့်လိုက်သောအခါ ဆိုးယုတ်ခြင်းဧကရာဇ်သည် သင့်ရှေ့တွင် ဒူးထောက်နေပြီး သင့်ကို သခင်ဟု ခေါ်ဝေါ်ကာ ဧကရာဇ်လက်နက် - ကံတရား ပြန်လည်မွေးဖွားခြင်း လမင်းကို ဆက်သနေသည်။ သင်သည် လက်ခံဟန်ဆောင်လိုက်ပြီး ဆိုးယုတ်ခြင်းဧကရာဇ်ကို ခေါ်ထုတ်သွားကာ သင့်အား တံခါးပိတ် ကျင့်ကြံခြင်း စတင်စေခဲ့သည်။"
"သင်သည် ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး မူလဘူတနှောင်ဖွဲ့ကင်းအမတအဆင့်သို့ ရောက်ရှိခဲ့သည်။ ဆိုးယုတ်ခြင်းဧကရာဇ်က သင့်ကို ဂုဏ်ပြုရန် ပြန်လာခဲ့သည်။ ရုတ်တရက် သင်က သူ့ကို တိုက်ခိုက်လိုက်သည်။ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားပြီးနောက် သင်သည် ဆိုးယုတ်ခြင်းဧကရာဇ်ကို သတ်ဖြတ်လိုက်ပြီး နန်းတော်အတွင်း၌ ဧကရာဇ်၏ ကံကြမ္မာကို တွေ့ရှိခဲ့သည်။ သင်သည် ၎င်းကို သင့်ကံကြမ္မာနှင့် ပေါင်းစပ်လိုက်ပြီး သင့်ကံကြမ္မာပုံစံကို ပြောင်းလဲကာ ကံနှင့် ကံကြမ္မာ၏ ကန့်သတ်ခြင်း မခံရသော တာအိုဧကရာဇ် တစ်ပါး ဖြစ်လာခဲ့သည်။ သင်သည် သင့်ကိုယ်သင် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်ဟု အမည်ပေးလိုက်ပြီး စကြဝဠာ ကံကြမ္မာအချို့က ပြဋ္ဌာန်းလိုက်သကဲ့သို့ အသိအမှတ်ပြုခြင်း ခံရကြောင်း ခံစားလိုက်ရသည်။"
အသက် နှစ်ထောင့်သုံးရာ့သုံးနှစ်တွင် သင်သည် ဆိုးယုတ်သော နယ်မြေမှ ထွက်ခွာပြီး စကြဝဠာထဲသို့ ဝင်ရောက်ခဲ့သည်။ စကြဝဠာ၏ ကျယ်ပြောလှမှုကို သင် တွေ့ရှိခဲ့ရသည်။ အမှောင်မဟာကမ္ဘာသည် ၎င်း၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပြီး သင်သည် စကြဝဠာကို စတင် ဖြတ်သန်းသွားလာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်…
တကယ်ပဲ သူ ဖြစ်နေခဲ့တာပဲ…
ဤ အချက်ပြစာသားကို မြင်လိုက်ရသောအခါ ကုအန် စိတ်ဒွိဟ ဖြစ်သွားရသည်။ လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်က ဘာကြောင့် သူ့ပြန်လည်ဝင်စားသူခန္ဓာကို သတ်ချင်နေရသလဲ ဆိုတာ သူ နားမလည်နိုင်အောင် ဖြစ်ရသည်။
အချက်ပြစာသားများ ဆက်တိုက် ပေါ်ထွက်လာသည်။
သတ်ဖြတ်မှုများ ပိုမို များပြားလာသော်လည်း လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်သည် ရည်ရွယ်ချက် မရှိဘဲ သတ်ဖြတ်ခြင်း မဟုတ်ပေ။ သူသည် စကြဝဠာမှ လွတ်မြောက်ရန် နည်းလမ်းကို ရှာဖွေနေပြီး အစစ်အမှန်ဆန်းကြယ် မဟာကမ္ဘာသို့ ပြန်သွားရန် ကြိုးစားနေခြင်း ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်သည် နယ်နမိတ်တံခါးပေါက်သို့ ရောက်ရှိသောအခါ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားနှင့် မတွေ့ဆုံခဲ့သဖြင့် အမှောင်မဟာကမ္ဘာသည် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့် မသက်ဆိုင်ကြောင်း ကုအန် ခန့်မှန်းလိုက်မိသည်။
နောက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်သည် စကြဝဠာကို အောင်မြင်စွာ ဖြတ်ကျော်ပြီး မဟာတာအို လမ်းစဉ်သို့ ရောက်ရှိခဲ့သည်။ ဤလမ်းကြောင်းတစ်လျှောက်တွင် မတူညီသော မဟာကမ္ဘာများသို့ ဝင်ပေါက်များ ရှိနေသည်။
လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်သည် မည်သည့် မဟာကမ္ဘာက အစစ်အမှန်ဆန်းကြယ် မဟာကမ္ဘာ ဖြစ်သည်ကို ခွဲခြားမသိနိုင်သဖြင့် တစ်ခုပြီးတစ်ခု လိုက်လံ ရှာဖွေခဲ့ရသည်။
ပထမ မဟာကမ္ဘာနှစ်ခုမှာ အဆင်ပြေခဲ့ပြီး သူ အလိုရှိသလို ဝင်ထွက်သွားလာနိုင်ခဲ့သော်လည်း တတိယမြောက် မဟာကမ္ဘာသို့ ချဉ်းကပ်သောအခါ ဝင်ရောက်ခါနီးတွင် ကံတရား၏ လက်တုံ့ပြန်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ ကံကြမ္မာ လမ်းစဉ်ကပင် သူ့ကို ငြင်းပယ်နေသကဲ့သို့ ဖြစ်နေပြီး ယခင်က တစ်ခါမှ မခံစားဖူးသော အရာဖြစ်သဖြင့် သူ့ကို ဆုတ်ခွာစေခဲ့သည်။
ဤအရာက ကုအန်၏ စိတ်ကို လှုပ်ရှားသွားစေသည်။ ကံတရား၏ လက်တုံ့ပြန်မှုနှင့် ကြုံတွေ့ရခြင်းမှာ သေချာပေါက် အကြောင်းနှင့် အကျိုး တစ်ခုခု ပါဝင်ပတ်သက်နေ၍ ဖြစ်ရမည်။
အခြား ပြန်လည်ဝင်စားသူခန္ဓာများနှင့် ပတ်သက်ဆက်နွယ်နေခြင်း ဖြစ်နိုင်မလား…
အဆုံးတွင် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်သည် ယခုအခါ မြေရိုင်းအတိ ဖြစ်နေပြီဖြစ်သော အစစ်အမှန်ဆန်းကြယ် မဟာကမ္ဘာသို့ ပြန်ရောက်လာခဲ့သည်။ သူသည် ကောင်းကင်နှင့် မြေကြီးကြားဝယ် လှည့်လည်သွားလာခဲ့သော်လည်း သက်ရှိဟူ၍ တစ်ကောင်တစ်မြီးမျှ မတွေ့ရချေ။ တစ်ချိန်က စည်ပင်ခဲ့သော ဆန်းကြယ်သန့်စင်အမတဂိုဏ်းသို့ ရောက်ရှိလာသောအခါ၌လည်း ပိုင်ရှန်နတ်မိမယ်ကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ပေ။
လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်သည် ဆန်းကြယ်သန့်စင်အမတဂိုဏ်း၏ အပျက်အစီးများကြားတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည်။ သူသည် ပိုင်ရှန်နတ်မိမယ်အတွက် အထိမ်းအမှတ်ကျောက်တိုင် တစ်ခု စိုက်ထူခဲ့ပြီး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လွှမ်းမိုးထားသော ဖိနှိပ်ချုပ်ချယ်မှု အင်အားတစ်ခုက သူ့အပေါ်သို့ ကျရောက်လာခဲ့ပြီး သူ ဘယ်တော့မှ မမေ့နိုင်သော ရှိရင်းစွဲ ဖြစ်တည်မှု တစ်ခုပင်။
ကောင်းကင်ခုံရုံး၊ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်…
ဤအရာကို ဖတ်ပြီးသောအခါ အခြေအနေများ မကောင်းတော့ကြောင်း ကုအန် ခံစားလိုက်ရသည်။ လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်သည် လက်ရှိတွင် မူလဘူတနှောင်ဖွဲ့ကင်းအမတ အဆင့်သာ ရှိသေးသဖြင့် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်နှင့် ယှဉ်ပြိုင်နိုင်မည်ဟု သူ မထင်ပေ။
"အသက် ၂၇၀၂ နှစ်တွင် သင်သည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်နှင့် ရင်ဆိုင်ခဲ့ပြီး ပိုင်ရှန်နတ်မိမယ်အတွက် လက်စားချေရန် အသင့်ပြင်ထားလိုက်သည်။ သို့သော် အံ့အားသင့်ဖွယ်ရာပင် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ နောက်ကွယ်၌ ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်... ထိုသူမှာ ပိုင်ရှန်နတ်မိမယ်ပင် ဖြစ်သည်။ သူမ၏ အော်ရာမှာ သင်၏ မှတ်ဉာဏ်ထဲရှိ ပုံစံနှင့် လုံးဝ ကွာခြားနေပြီး အေးစက်ကာ နှလုံးသားကင်းမဲ့နေသည့်အလား ခံစားရသဖြင့် သူမသည် ကောင်းကင်ခုံရုံးမှ အမတနတ်ဘုရားတစ်ပါး ဝင်စားသူဖြစ်ကြောင်း၊ ကောင်းကင်ခုံရုံးသည် သူမကြောင့် ဤ မဟာကမ္ဘာ၏ ပုံမှန်မဟုတ်သော အခြေအနေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သင် သဘောပေါက်လိုက်သည်။ ယခု သူမသည် သူမ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်လည် ရရှိထားပြီ ဖြစ်သဖြင့် သင့်ကို ကြည့်သော အကြည့်မှာ အေးစက်ပြီး ဂရုမစိုက်သလို ဖြစ်နေသည်။"
"သင် မျှော်လင့်ချက် ကုန်ဆုံးသွားချိန်၌ သင့်အား နတ်ဘုရားသိုင်းပညာ သင်ပေးခဲ့သော ရှေးဟောင်းတာအိုဆရာ ပေါ်လာပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ကို လက်ဝါးတစ်ချက်တည်းဖြင့် တွန်းထုတ်လိုက်ကာ သင့်ကို အစစ်အမှန်ဆန်းကြယ် မဟာကမ္ဘာမှ ခေါ်ဆောင် ထွက်ပြေးသွားခဲ့သည်။ ထွက်ပြေးနေစဉ်အတွင်း သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် ပြောခဲ့သော ပုံမှန်မဟုတ်သော အရာမှာ တက်လှမ်းလာသူ ဖြစ်သော သင် မဟုတ်ဘဲ ရှေးဟောင်းတာအိုဆရာ ကိုယ်တိုင် ဖြစ်ကြောင်း သူ၏ တာအိုဘွဲ့အမည်မှာ ကောင်းကင်ခုံရုံး၏ လက်ခံခြင်း မရှိဘဲ တည်ရှိနေသော ဝူတောက်အမတ ဖြစ်ပြီး မဟာကမ္ဘာ သုံးထောင်အတွင်း၌ မသေရုံတမယ် ရှင်သန်နေရကြောင်း သင် သိလိုက်ရသည်။"
"အသက် ၂၇၀၃ နှစ်တွင် သင့်အား ဝူတောက်အမတက ပြန်လည်ဝင်စားခြင်း နယ်မြေသို့ ခေါ်ဆောင်သွားခဲ့သည်။ သူက သင့်အား သတ်ဖြတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းရန် ထပ်မံ တိုက်တွန်းခဲ့သည်။ ပိုင်ရှန်နတ်မိမယ်၏ အေးစက်သော မျက်နှာထားကို တွေးမိပြီး ဤတစ်ကြိမ်တွင် သင်သည် သင့်ကတိကို ဖျက်ရန် ရွေးချယ်လိုက်သည်။ ဝူတောက်အမတသည် သင့်အား နတ်ဘုရားသိုင်းပညာများကို လက်ဆင့်ကမ်းပေးခဲ့ပြီး ကံတရား ကိုယ်ပွားများ ဖန်တီးကာ သင့်အခြား ပြန်လည်ဝင်စားသူခန္ဓာများကို သတ်ဖြတ်ပြီး ပြန်လည်ဝင်စားခြင်း သံသရာမှ လွတ်မြောက်စေရန် ခွင့်ပြုခဲ့သည်။"
ဟမ်…ဒါကြောင့် ဒီလို ဖြစ်သွားတာကိုး...
ဒီ ဝူတောက်အမတက တကယ်ပဲ အခြေအနေတွေကို မွှေနှောက်နေတာပဲ…
အရေးကြီးဆုံး အချက်မှာ ကုအန်၌ ရွေးချယ်ခွင့် မရှိခြင်းပင်။ ဆိုလိုသည်မှာ လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်သည် ပိုင်ရှန်နတ်မိမယ်ကြောင့် ရရှိသော ထိတ်လန့်မှုက တွန်းအားပေးသဖြင့် လုံးဝ တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။
ကုအန်သည် ယုတ္တိမတန်ဟု ခံစားရသော်လည်း ပြန်လည်ဝင်စားခြင်းနှင့် ပတ်သက်သော အချက်ပြစာသားများ ဆက်လက် ပေါ်ထွက်နေပြီး သက်တမ်းပြန်လည်မွေးဖွားခြင်းမှ လွတ်မြောက်ရန်မှာ မလွယ်ကူကြောင်း ညွှန်ပြနေသည်။
အကယ်၍ ပြန်လည်ဝင်စားသူခန္ဓာက မူလခန္ဓာကို သတ်ဖြတ်နိုင်ပါက သက်တမ်း နှစ်ဆယ်သန်းသည် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားနိုင်သည်။
"အသက် ၂၈၂၀ တွင် သင်သည် ကံတရား ကိုယ်ပွား သုံးထောင် ဖန်တီးပြီး မဟာကမ္ဘာ သုံးထောင်သို့ ဖြန့်ကျက်ကာ ကံတရား မြစ်ထဲသို့ ဝင်ရောက်ရန် ထိန်းချုပ်ခဲ့သည်။ သင့် ကံတရား ကိုယ်ပွားများ၏ သုံးပုံတစ်ပုံသည် တစ်နှစ်အတွင်း ချေမှုန်းခံလိုက်ရသည်။"
"အသက် ၃၀၀၇ နှစ်တွင် ဝူတောက်အမတသည် သင့်အား ကျင့်ကြံခြင်း နည်းစနစ် ဖြစ်သော တာအိုအန္တိမသိုင်းကို လက်ဆင့်ကမ်းပေးခဲ့သည်။"