← Chapters

သုတ်သင်ပစ်မယ်

Vol. 5 Ch. 462

သုတ်သင်ပစ်မယ်

Vol. 5 Ch. 462

ဆန်းလျန်က ချန်ချင်နှင့် ဟန်ယင်းတို့ကို စန်းကျူကျင့်စဉ်ကို သင်ကြား ပေးပြီးသည့် အခါတွင်တော့ ချန်ချင်က ရှီးလျန်မြို့တော်သို့ ခဏ ပြန်သွား ချင်ခဲ့လေသည်။ သို့သော် ဆန်းလျန်ကတော့ သူမကို တားဆီးခဲ့သည်။

သူတို့သည် ဝိညာဉ် စွမ်းအား သစ်သီးများကို စားသောက်ခဲ့ကြပြီး ယင်အအေး စွမ်းအား စမ်းရေကို သောက်ခဲ့ကြသည့် အတွက် တစ်ည အတွင်းမှာပင် အတွင်းအားများ များစွာ မြင့်မား လာကြလေသည်။

ဟန်ယင်းကတော့ အတွင်းအား၏ အရေးပါပုံကို ကောင်းစွာ နားလည်လေသည်။ သူမက သူမ၏ ခန္ဓာကိုယ်ထဲမှ အတွင်းအားများကို လှည့်ပတ် ကြည့်လိုက်သည်နှင့် သူမ၏ အတွင်းအားများ အဆမတန် မြင့်မားနေပြီ ဖြစ်ကြောင်း သိရှိလိုက်လေသည်။

ဆန်းလျန် သင်ကြားပေးသည့် ကျင့်စဉ်သည် ရိုးရှင်းပြီး လူသိများသည့် ကျင့်စဉ် တစ်ခု မဟုတ်ပေ။ သို့သော်… အလွန်စွမ်းအား ထက်မြက်ပြီး ရှီးလျန်မြို့တော်မှ အမျိုးသမီး စစ်သည်တော် များကို သင်ကြားပေးမည် ဆိုလျှင် အလွန်မှ စွမ်းအားကောင်းသည့် စစ်တပ်တစ်တပ်ကို တည်ဆောက် နိုင်မည်ဟု သူမ တွေးနေခဲ့မိလေသည်။

ဟန်ယင်းက ထိုသို့ တွေးနေသော်လည်း ချန်ချင်ကတော့ ထိုသို့မတွေးပါ။ သူမသည် တိုက်ခိုက် ရသည်ကို သဘောကျသူ တစ်ယောက် မဟုတ်ပေ။

ချန်ချင်က ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်ပြီး…

“သားဆိုလိုတာက အမေတို့ ကျယ်ယန်းတောင်မှာ ရှိနေတယ်ဆိုတာကို သတင်း ဖြန့်လိုက်ရမယ်ပေါ့”

“အမှန်ပဲ၊ ကောင်းအိမ်တော်က ပုန်ကန်တာ သိပ်မကြာသေးဘူး၊ လောလောဆယ်မှာ ရှီးလျန်မြို့ကို အခြေတကျ ဖြစ်အောင် အုပ်ချုပ်နိုင်မှာ မဟုတ်သေးဘူး၊ ကောင်းအိမ်တော်ကို သဘောမကျတဲ့ သူတွေလည်း ရှိနေမှာပဲ၊ ဒါကြောင့် လောကနိယာမ တရားအတိုင်း ဆိုရင် ရှီးလျန်မှာ အမေ့ကို သစ္စာစောင့်သိနေတဲ့ လူတွေလည်း ရှိနေဦးမှာပဲ”

“လောကနိယာမ တရားအတိုင်း ဟုတ်လား”

ချန်ချင်က မေးလိုက်သည်။

“လောကနိယာမ တရားဆိုတာ ဟိုးအရင် ကတည်းကရှိခဲ့တာ၊ မိုးနဲ့မြေဟာလည်း လောကနိယာမ တရားအတိုင်း တည်ရှိနေကြတာ၊ ရေတွေ မြင့်ရာက နိမ့်ရာကို စီးဆင်းတယ်၊ သစ်ပင်က သစ်သီးတွေ ကြွေကျသွားရင် သစ်ပင်ပဲ ပြန်ဖြစ်တယ်၊ ဒါတွေက လောကနိယာမ တရားတွေပဲ၊ ရှီးလျန် လူတွေကလည်း အမေတို့ ချန်အိမ်တော်ကို သခင်အဖြစ် နှစ်ပေါင်းများစွာ လက်ခံ အားကိုးခဲ့ကြတာ၊ အချိန်တိုလေး အတွင်းမှာ ကောင်းအိမ်တော်က အာဏာ သိမ်းလိုက်တာကို လက်ခံနိုင်မယ်လို့ အမေထင်နေသလား၊ သူတို့က ကျိန်းသေ မကျေမနပ် ဖြစ်နေမှာပဲလေ၊ ဒါက ဘယ်နေရာမှာမဆို ဖြစ်တတ်တဲ့ သဘောတရားပါပဲ”

ချန်ချင်က ဆန်းလျန် အဆက်မပြတ် ပြောဆိုနေသည့် စကားများကို နားထောင်ပြီး ကောင်းကျိုးနှင့် ဆိုးကျိုးများကို ဆက်စပ် စဉ်းစားနေလေသည်။ ထို့နောက်တွင်တော့ သူမ စိတ်ထဲတွင် ရှင်းလင်းသည့် အဖြေတစ်ခုကို ရသွားလေသည်။

“ကောင်းအိမ်တော်ကို အနိုင်ယူဖို့ ဆိုတာတော့ မလွယ်လှဘူး၊ မြို့တော်ကို ပြန်သိမ်းယူဖို့ ဆိုတာ ပိုလို့တောင် ခက်ခဲသေးတယ်၊ အခက်ခဲဆုံး ကတော့ ရှီးလျန်မြို့တော်ကို ပြန်သိမ်းယူပြီးရင် အမေက မြို့တော်ကို ဘယ်လို ပြန်လည် တည်ဆောက်မှာလဲ ဆိုတဲ့အချက်ပဲ၊ အဲဒါကတော့ အမေ့ရဲ့ အရည်အချင်း အပေါ်မှာပဲ မူတည်တယ်”

ဆန်းလျန်က ဆက်ပြော လိုက်လေသည်။

“သားပြောတာတွေကို အမေနားလည်ပါပြီ၊ ကုန်သည် တစ်ယောက်က အမေ့ကို ပြောပြဖူးတယ်၊ ‘ဧကရာဇ်တစ်ပါးက ဖြောင့်မတ် မှန်ကန်ရင် လူတွေက အလိုလို သစ္စာစောင့်သိ ကြလိမ့်မယ်၊ ဖြောင့်မတ် မှန်ကန်မှု မရှိရင်တော့ လူတွေက အလိုလို ထွက်ခွာ သွားကြလိမ့်မယ်’ တဲ့”

သူမစကားကြောင့် ဆန်းလျန် ပြုံးလိုက်မိသည်။ ထိုစကားကို ပြောခဲ့သည့် ကုန်သည်မှာ ထူးခြားသူ တစ်ယောက် ဖြစ်ရပေမည်။

“ဒါပေမဲ့ ငါတို့က မြို့ကို ဘယ်လို လုပ်ဝိုင်းထားနိုင်တဲ့ အင်အားရှိမှာလဲ၊ ငါတို့ မြို့တော်ကို ပြန်မသိမ်းနိုင်မှာ ကြောက်နေတယ်”

ဟန်ယင်းက ဝင်ပြောလိုက်သည်။

“အကုန် သုတ်သင်ပစ်မယ်…”

ဆန်းလျန်က စကားတစ်လုံးကိုသာ ပြောလိုက်လေသည်။

နောက်ရက်များတွင်တော့ ချန်ချင်သည် ကျယ်ယန်း တောင်ပေါ်တွင် အသက်ရှင်လျှက် ရှိနေသေးသည် ဆိုသည့် သတင်းသည် ရှီးလျန်မြို့ထဲတွင် ပျံ့နှံ့သွားပြီး ရှီးလျန်မှ လူများစွာသည် ချန်ချင်ရှိရာသို့ လာရောက် ခိုလှုံကြလေသည်။ သူတို့က ချန်အိမ်တော်ကို သစ္စာရှိနေကြဆဲဖြစ်ပြီး ကောင်းအိမ်တော်၏ မတရား အာဏာသိမ်းမှုကို မနှစ်သက်သည့် သူများ ဖြစ်ကြလေသည်။ ချန်ချင်သာ ဦးဆောင်မည် ဆိုလျှင် သူတို့သည် ချန်ချင်၏ အမိန့်ကိုနာခံရန် အသင့် ရှိနေလေသည်။

ရှီးလျန်မြို့မှ လူများ ရောက်လာကြသလို ကောင်းအိမ်တော်မှ ကင်းထောက် များကလည်း ချန်ချင်၏ အကြောင်းကို လာရောက် စုံစမ်း ကြလေသည်။

ချန်ချင်နှင့် ဟန်ယင်းမှာ စွမ်းအားများဖြင့် ပြည့်ဝနေကြပြီး ဒုက္ခ ရောက်နေ ကြသည့်ပုံလည်း မပေါ်ကြပေ။ သူတို့က လာရောက် ခိုလှုံကြသည့် လူအများကိုပင် စိတ်တည်တည်ငြိမ်ငြိမ် ထားကြရန် တိုက်တွန်း နေကြသေးသည်။ ထို့ကြောင့် လူများသည် အံ့သြ နေကြရတော့သည်။

ဟန်ယင်းသည် ချန်ချင်၏ အမိန့်ဖြင့် စစ်တပ်တစ်ခုကို စတင် ဖွဲ့စည်းလေသည်။ စစ်တပ်ထဲတွင် သာမန် မိန်းကလေး သုံးရာခန့်နှင့် ယခင် ရှီးလျန်မြို့တော် သခင်မကို သစ္စာစောင့်သိ ကြသည့် အမျိုးသမီးစစ်သည်တော် ဆယ်ဦး ပါဝင်လေသည်။

သခင်မလေး ချန်ချင်ထံသို့ လာရောက် ခိုလှုံကြသည့် သူများ များပြားလာသည်နှင့် အမျှ ထိုသူများ အတွက် ရိက္ခာလည်း လိုအပ် လာလေသည်။ ကျယ်ယန်းတောင်မှာ သူတို့ လုံခြုံစွာ နေထိုင်နိုင်သည့် နေရာတစ်ခု ဖြစ်သည့်တိုင် ရိက္ခာ ရှာဖွေရသည်မှာတော့ ခက်ခဲလေသည်။

ချင်ချင်ထံသို့ လာရောက် ခိုလှုံသည့် လူများသည် ကိုယ့်ရိက္ခာကို ကိုယ်ရှာဖွေ စားသောက်ပြီး ကျယ်ယန်းတောင်ပေါ်တွင် စခန်းချလျက် နေထိုင်ကြလေသည်။

သူတို့က ချန်ချင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။

ချန်ချင်ကတော့ လှုပ်ရှားမှုများကို ခပ်သွက်သွက်ပင် ပြုလုပ်လိုက်လေသည်။

နေထွက်လာသည့် နံနက်ခင်း တစ်ခုတွင်တော့…

ချန်ချင်က မြို့တော်ကို စစ်ချီတော့မည်ဟု ကြေညာ လိုက်လေသည်။

ထိုကြေညာချက်ကြောင့် ချန်ချင်ထံတွင် ခိုလှုံနေကြသည့် လူအုပ်မှာ အုံးအုံးကျွက်ကျွက် ဖြစ်သွား လေသည်။ ထိုည တွင်ပင် အချို့သူများသည် ချန်ချင်ကို သဘောမကျ ဖြစ်ကာ မြို့တော်သို့ ပြန်သွား ကြလေသည်။ သို့သော် ချန်ချင်က သူတို့ကို တားဆီးခြင်း မပြုခဲ့ပါ။

ဆန်းလျန်သည် ကျားနက်ကြီးကို စီးရင် တောင်စောင်း တစ်ခုထက်တွင် ရှိနေလေသည်။ သူသည် မြို့တော်ကို ပြန်ရန် ပြင်ဆင်နေကြသည့် လူအုပ်ကြီးကို ကြည့်နေလေသည်။

အကြောက်တရားသည် လူသားများကို သစ္စာပျက် စေလေသည်။

သို့သော် အခြေအနေ ဆိုးသည်ဟုတော့ မဆိုသာပေ။ ချန်ချင်နှင့်အတူ ကျန်ရစ်ခဲ့ကြသည့် ချန်အိမ်တော်ကို သစ္စာစောင့်သိသူ များစွာလည်း ရှိနေသေးသည်။

လူအများစုက ချန်ချင်ကို မြို့တော်ကို စစ်ချီခြင်း မပြုရန် တားမြစ် ခဲ့ကြလေသည်။ သို့သော် ချန်ချင်ကတော့ သူမ၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့ပေ။

ဆန်းလျန်က ကျားနက်ကြီးကို စီးကာ ရှီးလျန်သို့ အရင်သွားနှင့် လိုက်လေသည်။

ညနေပိုင်း လောက်တွင်တော့ မြို့ကို စစ်ချီမည့် သတင်းသည် ရှီးလျန်မြို့ထဲတွင် ပျံ့နှံ့ နေခဲ့လေပြီ။

ကောင်းကျယ်က ချန်ချင်၏ ညီမဖြစ်သူ ချန်ယွင်ကို ရှာဖွေရန် အတွက် သူ၏ လူများကို စေလွှတ်ထားလေသည်။ ထို့ကြောင့် ချန်ချင်ကို သေသေချာချာ အာရုံမစိုက်နိုင်ပေ။ သို့သော် ချိန်ချင်က မြို့တော်ကို စစ်ချီ မည်ဆိုသည့် သတင်းကို ကြားရသည့် အခါတွင်တော့ ကောင်းကျယ်မှာ အလွန်အမင်း အံ့သြ သွားရလေသည်။

ချန်ချင်က ယခုကဲ့သို့ အလျင်စလို ပြုလုပ်ခြင်းမှာ ကျောက်တုန်းကို ကြက်ဥဖြင့် တိုက်ရန် ကြိုးစား နေသကဲ့သို့ပင် ဖြစ်သည်ဟု ကောင်းကျယ်က ထင်မိသည်။ ချန်ချင်အနေဖြင့် သူမကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ချန်ချင်၏အင်အားမှာ ကောင်းကျယ် ပုန်ကန်မှု ပြုလုပ်ခဲ့စဉ်က အင်အားထက် များစွာ နည်းပါး လွန်းလေသည်။ သူမက ချန်ချင်ကို မမှုပါ။ အမြစ်ပြတ် ရှင်းပစ်ရန်ပင် စဉ်းစား ထားမိသည်။

သူမက သူမ၏ လက်အောက် ငယ်သားများကို တစ်ညလုံးမြို့ကို စောင့်ကြည့်ရန် အမိန့်ပေး ထားလိုက်လေသည်။ စီစဉ်စရာရှိသည်များ စီစဉ်ပြီးသည့်နောက် နေမဝင်ခင်မှာပင် သူမသည် မှော်ဆရာ ရှိရာသို့ ထွက်ခွာ လာခဲ့လေသည်။

ထိုမှော်ဆရာကို သူမက အလွန် မုန်းတီးနေသည့်တိုင် ထိုသူထံမှ အကူအညီကိုလည်း ယူရဦးမည် ဖြစ်လေသည်။

မှော်ဆရာက ယခင် ရှီးလျန်မြို့တော်သခင်မ၏ အိမ်တော်တွင် နေထိုင်လေသည်။

အိမ်တော်ထဲတွင် အလွန်ကြီးမားသည့် မီးဖိုကြီး တစ်လုံး တောက်လောင်နေပြီး မီးဖိုပေါ်တွင် ဒယ်စောက်အိုးကြီး တစ်လုံး တင်ထားလေသည်။ မှော်ဆရာက နို့စို့အရွယ် ကလေးငယ် လေးခြောက်ယောက်ကို အရှင်လတ်လတ် ဒယ်စောက်အိုးထဲသို့ ပစ်ချ လိုက်လေသည်။ ကလေးငယ်များ၏ နာကျင်စွာ အော်ဟစ် ငိုကြွေးသံတစ်ချက် ထွက်ပေါ်လာပြီး ချက်ချင်းပင် ပျောက်ကွယ် သွားလေသည်။ ကလေးငယ်လေးများသည် ပွက်ပွက်ဆူသည့် ရေနွေးထဲတွင် အသားပြုတ် ဖြစ်ကာ သေဆုံးသွားကြပြီ ဖြစ်လေသည်။

ကောင်းကျယ်သည် မှော်ဆရာ နေထိုင်သည့် အိမ်တော် အတွင်းသို့ ဝင်လာလေသည်။

သူမ၏ နှာခေါင်းထဲသို့ လတ်ဆတ်သည့် အသားပြုတ်ရနံ့က တိုးဝင် လာလေသည်။ သူမသည် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အသက်ရှူကျပ်သွားပြီး အော့အန်တော့ မလိုပင် ဖြစ်သွားသည့်တိုင် ချက်ချင်း ပြုံးရယ်လိုက်ကာ မှော်ဆရာကို နှုတ်ဆက် လိုက်လေသည်။ မှော်ဆရာက ကလေးငယ် အသားကို တူဖြင့် အသာညှပ်ကာ စားသောက် နေလေသည်။

“ကျုပ်ရှာခိုင်းထားတဲ့ လူကို တွေ့ပြီလား”

မှော်ဆရာက အသားတစ်ဖတ်ကို ဝါးနေရင်းမှ ပြောလိုက်သည်။

“ငါတို့ ရှာနေတုန်းပါပဲ၊ ဒါပေမဲ့ တခြားအကြောင်းကိစ္စရှိလို့ လာခဲ့တာပါ၊ မင်းလည်း စိတ်ဝင်စားမယ် ထင်လို့”

ကောင်းကျယ်က မှော်ဆရာကို ယခင် တစ်ကြိမ်ကထက် လေးလေးစားစား ဆက်ဆံ လိုက်လေသည်။

“ဘာကိစ္စလဲ”

မှော်ဆရာက အေးစက်သည့် လေသံဖြင့် မေးလိုက်သည်။

ကောင်းကျယ်က မှော်ဆရာကို ချန်ချင်၏ ပုန်ကန်မှုအကြောင်း ပြောပြလိုက်လေသည်။ သူမက မှော်ဆရာသည် ချန်ချင်ကို ကျိန်းသေ ဖမ်းဆီးလိမ့်မည်ဟု မျှော်လင့် ထားလေသည်။

မှော်ဆရာက တစ်ချက် စဉ်းစားလိုက်ပြီး….

“သူပုန်ကန်မယ့် ကိစ္စကို မင်းက ဘယ်လိုလုပ် သိတာလဲ…”

“ငါ့လူတွေက သူတို့ကို တွေ့ခဲ့တာ၊ သူတို့ နှစ်ယောက်လုံးက အသစ်ပြန် မွေးဖွားလာကြသလို စွမ်းအာတွေလည်း ပြည့်နေကြတယ်တဲ့၊ အရင်တုန်းက ကျယ်ယန်းတောင်မှာ ထူးဆန်းတဲ့ လူတစ်ယောက် နေသွား ခဲ့ဖူးတယ်၊ အဲဒီလူက လေနဲ့မိုးကိုတောင် ဆင့်ခေါ်နိုင်စွမ်း ရှိတယ်၊ သူတို့ ခုလို အားအင်တွေနဲ့ ပြည့်နေတာ အဲဒီလူနဲ့ ဆိုင်မလားတော့ မသိနိုင်ဘူး”

“မင်းပြောချင်တာ သူတို့က အဲဒီ ထူးဆန်းတဲ့သူဆီက အကူအညီ ယူထားတယ်ပေါ့”

မှော်ဆရာက ပြောလိုက်သည်။

“အဲဒီ ထူးဆန်းတဲ့လူက ထွက်ခွာ သွားတာ ကြာပါပြီ၊ ဒါပေမဲ့ အဲဒီလူထားခဲ့တဲ့ အဖိုးတန် ရတနာတွေ ဘာတွေ သူတို့ ရထားသလားတော့ မပြောတတ်ပါဘူး”

သူမ ပြောလိုက်သည့် စကားက မှော်ဆရာကို စည်းရုံး သိမ်းသွင်းရန် လုံလောက် လေသည်။ အဘယ်ကြောင့် ဆိုသော် မှော်ဆရာသည် အဖိုးတန် ပစ္စည်းများနှင့် ပတ်သက်လျှင် ငမ်းငမ်းတက် လိုချင်မက်မောသူ တစ်ယောက် ဖြစ်သောကြောင့်ပင်။

***

All Chapters