ပြန်လည် သိမ်းပိုက်သည့် မနက်ခင်း
Vol. 5 Ch. 463
သခင်ငယ်လေး ဆန်းလျန်သည် သူ့အပေါ်တွင် ထိုင်နေသည့်အတွက် ကျားနက်ကြီးမှာ အလွန် ပျော်ရွှင်နေလေသည်။ အသွင်သဏ္ဌာန် မမြင်ရသည့် စကြဝဠာ အသက်ဓာတ် စွမ်းအားများသည် ဆန်းလျန်ကို လှည့်ပတ် နေလေသည်။
ထို စကြဝဠာ အသက်ဓာတ် စွမ်းအားများက အတိတ်ဘဝမှ သူ၏ မူဝိညာဉ်ခန္ဓာကို သူ၏ လက်ရှိခန္ဓာဖြင့် ပေါင်းစပ်ပေးရန် ကူညီ ပေးလေသည်။ သူ၏လက်ရှိ ရုပ်ခန္ဓာ အတွက်ကတော့ အားနည်းချက်များကို တဖြည်းဖြည်း ပြုပြင် ယူရဦးမည် ဖြစ်လေသည်။
ရုပ်ခန္ဓာ ကြီးထွား ဖွံ့ဖြိုးလာရန်မှာ သဘာဝအတိုင်းသာ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က အရမ်းကာရော ရုပ်ခန္ဓာ ဖွံ့ဖြိုးလာအောင် လုပ်ယူခြင်း မရှိပေ။
ဆန်းလျန်သည် ရှီးလျန် မြို့တံခါးသို့ ရောက်ရှိ လာလေသည်။ သူက မြို့တံခါးကြီးကို မော့ကြည့် လိုက်သည်။ သူ၏ နတ်ဘုရား စွမ်းအားများသည် မြို့တံခါးကို ဖောက်ကာ မြို့တော်အတွင်းမှ အရာအားလုံးကို မြင်တွေ့ နေရလေသည်။ ရှီးလျန်မြို့တော် အတွင်းမှ ရှေးကျသည့် စွမ်းအားတစ်ခုကို ဆန်းလျန် ခံစားမိလေသည်။ ထို့နောက်သူက မြို့တံခါးတွင် ချထားသည့် အစောင့် စစ်သည်တော်များ၊ ကင်းလှည့်နေကြသည့် စစ်သည်တော်များ အားလုံးကို အသေးစိတ် ကြည့်ရှု လေ့လာနေလေသည်။
ထို့နောက်… ဆန်းလျန် အမိန့်ပေးလိုက်သည်နှင့် ကျားနက်ကြီးက မြို့တံခါးထက်သို့ ခုန်တက် လိုက်လေသည်။ မြို့တံခါးထက်တွင် ကျားကုတ်ရာကြီးများကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်လေသည်။ ကံကောင်းစွာပင် သူတို့ တက်လိုက်သည့် နေရာတွင် မည်သည့် အစောင့်စစ်သည်မှ ရှိမနေပေ။
အခွင့်အရေး ဆိုသည်က လောကတွင် တစ်ခါသာရလေ့ ရှိလေသည်။ လွဲချော်သွားပါက ပြန်မရ တတ်တော့ပေ။
သို့သော်… ဆန်းလျန်၏ ဘဝတွင် အခွင့်အရေးကို လွဲချော်ခဲ့သည် ဟူ၍ မရှိခဲ့ဖူးပေ။ သူက အခြားသူမဟုတ်။ ဆန်းလျန်ပဲလေ။
ဆန်းလျန်သည် အလွန်ခေတ်မီ ဆန်းပြားသည့် ကွန်ပျူတာ တစ်လုံးကဲ့သို့ သက်ရှိ သတ္တဝါများ အားလုံး၏ ဖြစ်နိုင်ချေများကို တွက်ချက် ခန့်မှန်းနိုင်သူ ဖြစ်လေသည်။
ဆန်းလျန်သည် လောက နိယာမတရားကို အသုံးပြုကာ မြို့တံခါး ထက်မှပင် သူရောက် ရှိနေသည့် နေရာ၏ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်များကို ခန့်မှန်း တွက်ဆ ကြည့်နေလေသည်။ သူက အခြေအနေ တစ်ရပ်တွင် အသုံးချရန် အတွက် ထိုသို့ ခန့်မှန်းတွက်ချက် မှုများကို အသုံးချနေခြင်း ဖြစ်သည်။ အချိန်နှင့် နေရာဆိုသည့် စစ်တုရင်ခုံထက်တွင် ကစားရသည့် စစ်တုရင် ကစားပွဲ တစ်ခု အလားပင် ဖြစ်လေသည်။
ဆန်းလျန်၏ စိတ်ဝိညာဉ်သည် နိုးကြားနေပြီး အေးဆေး တည်ငြိမ် နေလေသည်။
ကျားနက်ကြီးသည် ပေါ့ပါးသည့် ခြေလှမ်းများဖြင့် အစောင့်အကြပ်များကို လွတ်အောင် ရှောင်တိမ်းပြီး မြို့တော် သခင်မ၏ အိမ်တော်သို့ ဆန်းလျန်ကို ခေါ်ဆောင် လာလေသည်။
ဆန်းလျန်သည် အဘယ့်ကြောင့် မြို့တော်သခင်မ အိမ်သို့ ရောက်လာ ရပါသနည်း။ သူက ကောင်းကျယ် ရောက်ရှိနေသည့် တည်နေရာကို အာရုံခံပြီး လိုက်လာခြင်း ဖြစ်လေသည်။ ကောင်းကျယ်နှင့် အတူရှိနေ သည့် အနက်ရောင် ဝတ်စုံနှင့် မှော်ဆရာ၏ အသက်ဓာတ် စွမ်းအားများကိုလည်း ဆန်းလျန်က အာရုံခံစား မိနေလေသည်။
နှစ်ယောက်လုံး တစ်နေရာတွင် အတူတူရှိနေတော့ ပို၍ပင်ကောင်းသည်ဟု ဆန်းလျန် တွေးလိုက်မိသည်။
အိမ်တော်ထဲတွင်တော့…
မှော်ဆရာသည် ကောင်းကျယ် ပြောသည့် စကားများကို အလေးအနက် စဉ်းစား နေလေသည်။ ကောင်းကျယ်က မှော်ဆရာ၏ အမူအရာကို ကြည့်ရင်း သူမဘက်မှ အားသာနိုင်သည် တွေးနေ မိလေသည်။
လူတစ်ယောက်သည် မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားပါစေ အခြားသူတစ်ဦး၏ အသုံးချခြင်းကို ခံနေရသေးလျှင်တော့ အမှန်တကယ် တန်ခိုး စွမ်းအား မြင့်မားသည်ဟု မဆိုနိုင်သေးပေ။
မှော်ဆရာ စဉ်းစားနေဆဲမှာပင် တင်းကျပ်စွာ ပိတ်ထားသည့် အိမ်တော်တံခါးသည် ဝုန်းခနဲ ပွင့်သွားလေသည်။
မှော်ဆရာက အစိမ်းရောင် မျက်ဝန်း တောက်တောက်များဖြင့် တံခါးဆီသို့ လှမ်းကြည့် လိုက်ပြီး ကောင်းကျယ်ကလည်း သူမ၏ဓားရှည်ကို ဆွဲထုတ် လိုက်လေသည်။ သူတို့ မြင်တွေ့ လိုက်ရသည်က ကျားနက်ကြီးကို စီးထားသည့် နို့စို့အရွယ် ကလေးငယ်လေး တစ်ယောက်သာပင်။
မှော်ဆရာသည် ကလေးငယ်လေးကို စိုက်ကြည့် နေလေသည်။
ကောင်းကျယ်က ကလေးငယ်ကို မြင်တွေ့လိုက်ရသည့် အခါတွင်တော့ မီးဖိုပေါ်မှ ဒယ်စောက်အိုးထဲတွင် အပြုတ်ခံ ထားရသည့် ကလေးငယ်များကို တွေးမိသွားကာ ထိတ်လန့် တုန်လှုပ် လာတော့သည်။
သူမခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက် လာလေသည်။
“ကလေးသရဲ…”
ကျားနက်ကြီးက ရှေ့သို့ တစ်လှမ်းချင်း တိုးလာသည့်အခါ ကောင်းကျယ်၏ နှလုံးသားမှာလည်း တဒိတ်ဒိတ်ခုန်နေ တော့သည်။ သူမသည် ကြောက်လန့် လွန်းသည့် အတွက် မည်သည့် အသံမှပင် ထွက်မလာနိုင်တော့ပေ။ ကျားနက်ကြီးသည် ကောင်းကျယ်ကို ခုန်အုပ်လိုက်ပြီး သူမ၏ လည်ပင်းကို ပေါက်ထွက်သွားအောင် ကုတ်ခြစ် ပစ်လိုက် လေတော့သည်။
ထို့နောက် ကျားနက်ကြီးက ခေါင်းကိုလှည့်ကာ မှော်ဆရာကို ကြည့်လိုက်ပြီး တိုးလျသည့် ဟိန်းသံတစ်ချက် ပြုလုပ်လိုက်လေသည်။
မှော်ဆရာက ဆန်းလျန်ကို စိုက်ကြည့်လိုက်ရင်း….
“မင်းကဘယ်သူများလဲ၊ ကျုပ်လုပ်ခဲ့တဲ့ အပြစ်တွေအတွက် ရောက်လာတာ ဆိုရင်တော့ ကျုပ်က ပြန်ပေးဆပ်ပါ့မယ်”
“မင်းရဲ့အပြစ်တွေက ပြန်ပေးဆပ်ရင်တောင် မကျေနိုင်ဘူး”
ကလေးငယ် တစ်ယောက်၏ အသံသည် အိမ်တော် တစ်ခုလုံးသို့ ပျံ့နှံ့ သွားလေသည်။
ကလေးငယ် အသံလေးသည် မှော်ဆရာ၏ နားထဲတွင် မြည်ဟည်း နေလေသည်။ အပြစ်ဆိုသည်က ပြန်ပေးဆပ်လျှင်တောင် မကျေနိုင်ဘူးလားဟု မှော်ဆရာ တွေးနေဆဲမှာပင်….
မှော်ဆရာ၏ ဦးခေါင်းသည် ပေါက်ထွက်သွားလေတော့သည်။
ဓားဝိညာဉ် တစ်ခုသည် မှော်ဆရာ၏ ဝိညာဉ်အတွင်းသို့ ဝင်ရောက်လာပြီး ဦးခေါင်းမှ ဖောက်ထွက်သွားခြင်း ဖြစ်လေသည်။ သို့သော် သေဆုံးနေသည့် မှော်ဆရာသည် သူ့ကိုယ်သူ မည်သို့ သေဆုံးသွားရသည်ကိုပင် မသိလိုက်ပေ။
ဆန်းလျန်က မှော်ဆရာသည် မည်သူမည်ဝါ ဖြစ်သည်ကိုပင် စိတ်မဝင်စားခဲ့ပါ။ ထိုကဲ့သို့သော ယုတ်မာလွန်းသည့် မှော်ဆရာမျိုး၏ အမည်နှင့် ဇာစ်မြစ်မှာ သိရှိရန်ပင် မထိုက်တန်ပေ။
ဦးနှောက်များ ပေါက်ထွက် သွားသည့် မှော်ဆရာကိုကြည့်ရင်း ကျားနက်ကြီးမှာ သူ၏ သခင်ငယ်လေး၏ အစွမ်းကြီးမား ပုံကို အားကျ နေမိလေသည်။ သူလည်း ထိုသို့သော ပညာရပ်များ သင်နိုင်လျှင် ကောင်းမည်ဟု တွေးနေမိသည်။
ထိုအချိန်မှာပင် ဆန်းလျန်၏ အသံ ထွက်ပေါ်လာလေသည်။
“မင်းသင်ချင်တယ် ဆိုရင် ကျုပ်က သင်ပေးလို့ ရပါတယ်၊ ဒါပေမဲ့ မင်းကောင်းကောင်း မသင်ဘူး ဆိုရင်တော့ မင်းရဲ့ ဦးနှောက်တွေ အရင် ပေါက်ထွက် ကုန်မှာနော်”
“မသင်တော့ဘူး၊ မသင်တော့ဘူး”
ကျားနက်ကြီးက အမြီးကိုခါရင်း ချက်ချင်း ပြန်ပြော လိုက်လေသည်။
ကျားနက်ကြီးမှာ အလွန်မှ ရယ်စရာ ကောင်းသည်ဟု တွေးရင်း ဆန်းလျန် ပြုံးလိုက် မိလေသည်။
ဘယ်နှယ်.. ဒီလောက် ခွန်အားကြီးမားတဲ့ တောဘုရင်ကျားကြီး တစ်ကောင် ဖြစ်နေပြီး ဒီလောက်တေင် တုံးရသလားဟု တွေးနေ မိလေသည်။ ခွေးနှင့်ကျားများ မှားနေလေသလား။
ဆန်းလျန်က ကျားနက်ကြီးကို စနောက် နေပြီးမှ ကောင်းကျယ်၏ သွေးများဖြင့် ကြမ်းပြင်ထက်တွင် ထူးဆန်းသည့် စာလုံးများကို ကျားနက်ကြီးအား ရေးသား ခိုင်းလိုက်လေသည်။ ဆန်းလျန်သည် သူ၏ ဝိညာဉ်စွမ်းအား များကို ထိုစာလုံးများ အတွင်းသို့ ထည့်သွင်း လိုက်လေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် မမြင်နိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံး တုန်ခါလာလေသည်။
ထိုတုန်ခါမှု စွမ်းအားများမှာ မြို့တော်တစ်ခုလုံးသို့ ပျံ့နှံသွားလေသည်။ ထိုတုန်ခါမှု အသံလှိုင်းများကို ကောင်းကျယ်နှင့် သွေးတူသည့် ကောင်းအိမ်တော်မှ လူများအားလုံး ကြားလိုက်ရပြီး သူတို့၏ မျက်ဝန်းများမှာ တဖြည်းဖြည်း မှေးမှိန် သွားကြလေသည်။
ထို့နောက် ဆန်းလျန်က ကလေးငယ်များကို ပြုတ်ထားသည့် ဒယ်စောက်အိုးကြီး အတွင်းသို့ စိုက်ကြည့်ကာ ဂါထာတစ်ပုဒ်ကို ရွတ်လိုက် လေသည်။ ထိုအခါ ဒယ်အိုး အပေါ်ဘက်တွင် ဝိညာဉ် အခိုးအငွေ့များ စုဝေး လာကြလေသည်။ ထို့နောက် ဝိညာဉ် အခိုးအငွေ့များသည် ဆန်းလျန်ရှိရာသို့ တစ်ချက် လှည့်ပတ်လိုက်ကာ စကြဝဠာအတွင်းသို့ ပြန့်ကျဲ ထွက်ခွာ သွားကြလေတော့သည်။
ဆန်းလျန် သက်ပြင်း တစ်ချက် ချလိုက်မိလေသည်။ သူက ပြန်လည် မွေးဖွားခြင်း ဂါထာကို ရွတ်ဖတ်ကာ ကလေးငယ်များ၏ ဝိညာဉ် ဘဝ ကူးပြောင်းနိုင်အောင် ကူညီပေးလိုက်ခြင်း ဖြစ်လေသည်။
သို့သော် ကလေးငယ်များ၏ ဝိညာဉ်များက သိပ်သည်းမှု မရှိဘဲ စကြဝဠာ အတွင်းသို့ ပြန့်ကျဲ ကုန်ကြလေသည်။ ကလေးငယ်များမှာ မိန်းကလေးများ ဖြစ်ပြီး ကျီမုမြစ်ရေကြောင့် မွေးဖွား လာသူများဖြစ်သည့် အတွက် လူပြန်ဝင်စားရန် မဖြစ်နိုင်ဘူးလား။ ထို့ကြောင့် စကြဝဠာ အတွင်းသို့ တစ်စစီ ပြန့်ကျဲ သွားခြင်းများလား။
ဆန်းလျန်သည် သူတတ်နိုင်သမျှ ပြုလုပ်ပေးခဲ့ပြီးပြီ ဖြစ်သည့် အတွက် အခြား အကြောင်းအရာများကို မစဉ်းစားလိုတော့ပေ။
မြို့တော်ကို သိမ်းပိုက်ရန် ကိစ္စများကိုတော့ သူ၏မိခင်က ဆက်လက် ပြုလုပ်လိမ့်မည် ဖြစ်လေသည်။
ညသည် တဖြည်းဖြည်း ကုန်ဆုံးသွားပြီ ဖြစ်လေသည်။
နေမင်း ထွက်ခွာလာသည့် အခါ လမင်းနှင့် ကြယ်စင်များက ဆုတ်ခွာ ပေးလိုက်ကြလေသည်။
ဆန်းလျန်သည် ရှီးလျန်မြို့တော်ရှိ အမြင့်ဆုံး မျှော်စင်ကြီးထိပ်တွင် ကျားနက်ကြီးကို စီးကာ နံနက် အရုဏ်တက် ရှုခင်းကို ငေးမော ကြည့်နေလေသည်။
ထိုအချိန်မှာပင် သခင်မလေး ချန်ချင် ဦးဆောင်သည့် စစ်တပ်သည် ရှီးလျန်မြို့သို့ ချီတက် လာလေသည်။
နှစ်ပေါင်းထောင်နှင့် ချီကာ သက်တမ်းရှည်ခဲ့သည့် ရှေးဟောင်း မြို့တော်ကြီးကို သခင်မလေး ချန်ချင်သည် ငေးကြည့် နေခဲ့လေသည်။
ဟန်ယင်းက ချန်ချင်၏ ဘေးတွင် ချန်ချင်ကို ကာကွယ်ရင်း လိုက်ပါလာလေသည်။
သူမ၏ အကြည့်များက အေးစက်နေပြီး သူမ၏ပုံစံက စွဲဆောင်မှု အပြည့် ရှိလေသည်။
မြို့တော်မှ စစ်သည်တော်များသည် ချန်ချင်ကို မတိုက်ခိုက်ရဲကြတော့ပါ။
ကောင်းအိမ်တော် တစ်ခုလုံးမှာ သေဆုံး သွားခဲ့ကြပြီ ဖြစ်လေသည်။ မည်သည့် ဒဏ်ရာ ဒဏ်ချက်မှ မရှိကြဘဲ အလိုလို သေဆုံးသွားကြခြင်း ဖြစ်သည်။
ထိုသို့ဖြစ်ရသည်မှာ သစ္စာဖောက်သူတို့ သွားရာလမ်းပင် ဖြစ်သည်ဟု သူတို့ကို သတိ ပေးနေသကဲ့သို့ ရှိလေသည်။
မသိမှုသည် အကြောက်တရားကို ဖြစ်ပေါ် စေလေသည်။ ခေါင်းဆောင် မရှိတော့သည့် စစ်သည်တော်များသည် ကြောက်ရွံ့ တုန်လှုပ် နေကြလေသည်။
ချန်ချင်သည် တစ်ချက်ကလေးပင် မတိုက်ခိုက် လိုက်ရဘဲ ရှီးလျန်မြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့လေသည်။
ချန်ချင်သည် သူမကိုယ် သူမပင် မယုံကြည်နိုင် ဖြစ်နေရတော့သည်။
***