← Chapters

ဖန်ဆင်းရှင် ဆိုသည်မှာ

Vol. 5 Ch. 464

ဖန်ဆင်းရှင် ဆိုသည်မှာ

Vol. 5 Ch. 464

ရက်အနည်းငယ် အတွင်းမှာပင် ရှီးလျန်မြို့တော် တံခါးထက်မှ ကောင်းအိမ်တော် အလံများကို ဖြုတ်ချ လိုက်ကြပြီး ချန်အိမ်တော် အလံများကို ပြန်လည် လွှင့်ထူ လိုက်ကြလေသည်။

ဆန်းလျန်သည် အဖြစ်အပျက်များ အားလုံးကို အမြင့်ဆုံး မျှော်စင်ကြီး ထက်မှ ကြည့်ရှု နေလေသည်။

သူသည်မြို့ အတွင်းရှိ လူများ၏ ဆုံးရှုံးမှုများ၊ စိုးရိမ်ပူပန်မှုများနှင့် မျှော်လင့်ချက်များကို ခံစား ခဲ့နေရသည်။ သူတို့သည် အုပ်ချုပ်ခံ လူတန်းစားများသာ ဖြစ်လေသည်။ ထို့ကြောင့် မြို့တော်ကို အုပ်ချုပ်မည့်သူ မရှိတော့မည်ကိုသာ သူတို့ ကြောက်ရွံ့ကြသည်။ အုပ်ချုပ်သူ မရှိလျှင် သူတို့၏ ဘဝများသည်လည်း ပျက်ပြား သွားမည် ဖြစ်လေသည်။

လူဆိုသည်က အသားကျနေသည့် ဘဝတွင် နေထိုင်ခဲ့ရပါက အပြောင်းအလဲများကို ကြောက်ရွံ့ စမြဲပင် ဖြစ်လေသည်။

လူတိုင်း၏ လိုအပ်ချက်များက မတူညီ ကြသည့်တိုင် တူညီသည့် လူသားများ၏ လိုအပ်ချက် များကတော့ ဦးတည်ချက် တစ်ခုသို့သာ သွားလေသည်။

နတ်ဘုရားများကို လူသားများ အဘယ့်ကြောင့် ကိုးကွယ် ဆည်းကပ် ကြသည်ကို ဆန်းလျန် နားလည်လေသည်။ အဘယ်ကြောင့် ဆိုသော ကိုးကွယ် ဆည်းကပ်ခြင်းမှ ဖြစ်ပေါ်လာသည့် ယုံကြည်မှုသည် အစွမ်းထက် သောကြောင့် ဖြစ်လေသည်။ သို့သော် ကိုးကွယ် ယုံကြည်မှုကြောင့် ဖြစ်ပေါ်လာသည့် အယူအဆွဲ များကလည်း အဆုံးမရှိနိုင်ပေ။

နတ်ဘုရား များကလည်း တန်ခိုးစွမ်းအား မြင့်မားရန် အတွက် လူအများ၏ ကိုးကွယ် ဆည်းကပ်မှုကို ခံယူရန် လိုအပ်လေသည်။ နတ်ဘုရားများက လူအများ၏ ကိုးကွယ် ဆည်းကပ်မှုကို လိုအပ်ကြသလို အုပ်ချုပ်သူကလည်း လူအများ၏ ထောက်ခံမှုကို လိုအပ်လေသည်။ ဤသည်မှာ အုပ်ချုပ်မှု၏ အခြေခံအချက်ပင် ဖြစ်လေသည်။

ပြည်သူများ၏ အသိအမှတ် ပြုမှုနှင့် ထောက်ခံမှု ပျောက်ကွယ်သွားပါက အာဏာသည် အလကားပင် ဖြစ်ပြီး မြေမှုံ့ကဲ့သို့ အသုံးမဝင်တော့ပေ။

သို့သော် ဆန်းလျန်ကတော့ ထိုသို့သော လူသားများထဲမှ လူသား မဟုတ်ခဲ့ပါ။

နေသည် ကောင်းကင်ထက်တွင် တဖြည်းဖြည်း မြင့်တက်လာပြီ ဖြစ်လေသည်။ နေမင်းသည် အလင်းရောင်နှင့် အပူရှိန်ကို ထုတ်လွှတ် ပေးနေပြီ ဖြစ်လေသည်။

ဆန်းလျန်သည် နေမင်းကို စိတ်ဝင်တစား ကြည့်နေလေသည်။

တစ်နေ့တွင်တော့ ထိုမီးဘောလုံး ကဲ့သို့သော နေမင်းကြီး အထဲတွင် ကွယ်ဝှက် ထားသည့် တုန်လှုပ်ဖွယ်ရာ အမှန်တရားကို သူ သိမြင်လာမည်ဟု ခံစားနေရလေသည်။

ချန်ချင်သည် သူမ၏စစ်တပ်နှင့်အတူ မြို့တော်သခင်မ အိမ်တော်သို့ ရောက်ရှိ လာလေသည်။

ကျားနက်ကြီးကို စီးကာ အိမ်တော် အတွင်းတွင် သူမကို စောင့်နေသည့် ဆန်းလျန်ကို တွေ့လိုက် ရလေသည်။

"မြို့တော်ကို သိမ်းပိုက်ရတာ သိပ်တော့ မခက်ခဲဘူးပဲ"

ချန်ချင်က ဆန်းလျန်ကို စိတ်ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။

ဆန်းလျန်သည် သူမကိုယ်တိုင် မွေးထုတ်ခဲ့သည့် သားငယ် ဖြစ်လေသည်။ သို့သော် သူမသည် ဆန်းလျန် အပေါ် ရင်းနှီးသလို ခံစားရသည်တိုင် ထူးဆန်းမှုကိုလည်း ခံစားရလေသည်။

မည်သို့ပင် ဖြစ်စေ ဆန်းလျန်သည် သူမ ကိုးလလွယ် ဆယ်လ ဖွားခဲ့ရသည့် သားအရင်း ခေါက်ခေါက် ဖြစ်သည့် အတွက် ဆန်းလျန်တွင် အန္တရာယ်ရှိပါက သူမ ပိုင်ဆိုင်သမျှ အရာ အားလုံးကိုပင် ဆန်းလျန်အတွက် စွန့်လွှတ် နိုင်လေသည်။ သို့ရာတွင် သူနှင့် ဆန်းလျန်ကြားမှ သားအမိ ဆက်ဆံရေးမှာ အနည်းငယ် သူစိမ်းဆန်နေဆဲ ဖြစ်လေသည်။

ဆန်းလျန် ကိုယ်တိုင်လည်း သူတို့သားအမိ၏ အနည်းငယ် သူစိမ်းဆန်သည့် ဆက်ဆံရေးကို နားလည် ထားပါသည်။ သူတို့နှစ်ယောက်သည် လောက တစ်ခုလုံးတွင် ရှိသည့် အခြားသော သားအမိများ၏ ဆက်ဆံရေးနှင့် တူညီခြင်း မရှိပေ။ သို့သော် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကိုလည်း ပြောင်းလဲ ပစ်နိုင်ခြင်းလည်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည် ဆန်းလျန်သာ ဖြစ်သောကြောင့် ဖြစ်လေသည်။ သူက လွတ်လပ်ပြီး အသိဉာဏ် ကြွယ်၀သည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

သူသည် မိခင်ဖြစ်သူ၏ ဝမ်းဗိုက်အတွင်း သန္ဓေယူခဲ့သည့် အတွက် ကျေးဇူး ပြန်ဆပ် နိုင်သည့်တိုင် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကိုတော့ ပြောင်းလဲ မပစ်နိုင်ခဲ့ပါ။ ထို့ပြင် ဆန်းလျန်သည် မည်သည့်အခါမှ သာမန် လူသားတစ်ယောက် မဟုတ်ခဲ့ပေ။

ထို့ကြောင့် ဆန်းလျန်ကလည်း သူနှင့် မိခင်ဖြစ်သူ၏ ကြားမှ ဆက်ဆံရေးကို အတင်း လုပ်ယူခဲ့ခြင်း မရှိပါ။ သူက ရှီးလျန်မြို့တော်ကို သူလေ့လာ သိရှိသမျှ ချန်ချင်ကို ပြောပြခဲ့လေသည်။ ထိုအခါမှသာ ချန်ချင် အနေဖြင့် မြို့တော်ကို ပိုပြီး တိုးတက်အောင် ဆောင်ရွက် နိုင်မည် ဖြစ်လေသည်။

အခြေအနေများက အလွန်ရှုပ်ထွေးခဲ့လေသည်။ သို့သော် ဆန်းလျန်က ဖြည်းဖြည်းချင်း မိခင်ဖြစ်သူကို ကူညီ ပေးသွားခဲ့သည်။ ဆန်းလျန်၏ ကူညီမှုကြောင့်ပင် ချန်ချင်သည် ကိစ္စရပ် အတော်များများကို လွယ်လွယ်ကူကူဖြင့် နားလည် ခဲ့ရလေသည်။

ထို့နောက် ချန်ချင်သည် မြို့တော် အတွင်းတွင် အမိန့်များကို စနစ်တကျ ထုတ်ပြန်ခဲ့ပြီး မြို့သူမြို့သားများ အားလုံးကို မြို့တော်၏ လက်ရှိ အခြေအနေကို ရှင်းပြပေးလေသည်။ ချန်ချင် ထုတ်ပြန်သည့် အမိန့်များမှာ များပြားသည့်တိုင် နားလည်ရ လွယ်ကူလေသည်။

ရက်အနည်းငယ် အတွင်းမှာပင် မြို့တော်တွင် နေထိုင်ကြသူများသည် ချန်ချင်ကို လေးစား လာကြပြီး မြို့တော်သခင်မ အဖြစ် အသိအမှတ် ပြုလာကြတော့သည်။ သို့သော် ချန်ချင်၏ နောက်ကွယ်မှ အကြံဉာဏ်များ ပေးနေသူမှာ ဆန်းလျန် ဖြစ်ကြောင်းကိုတော့ မည်သူမှ မသိရှိကြပေ။

ဆန်းလျန်၏ ညွှန်ကြားချက် အတိုင်း ချန်ချင်သည် သစ္စာရှိငယ်သား အယောက်နှစ်ဆယ်ကို ရွေးခြယ်ကာ ကျင့်စဉ်များ သင်ကြား ပေးခဲ့လေသည်။ ထိုလူအယောက် နှစ်ဆယ်သည် ရှီးလျန်မြို့၏ အမာခံများ ဖြစ်လာမည် ဖြစ်လေသည်။

ချန်ချင်ကို ကူညီသင့်သလောက် ကူညီပြီးသည့်နောက် ဆန်းလျန်က ကျယ်ယန်းတောင်သို့ ပြန်လည် ထွက်ခွာ သွားခဲ့လေသည်။ ရှီးလျန်မြို့တွင် ဆန်းလျန်အကြောင်း သိသူဆို၍ လူအနည်းငယ် မျှသာ ရှိလေသည်။

သို့သော် ဆန်းလျန် ကျယ်ယန်းတောင်တွင် နေထိုင်စဉ် ကာလတွင် ချန်ချင်သည် ဆန်းလျန်ကို ဆက်သွယ်ရန် အတွက် နေ့စဉ် လူများ လွှတ်လေ့ရှိပြီး ဆန်းလျန် လိုအပ်သည် များကိုလည်း ဖြည့်ဆည်း ပေးလေ့ ရှိလေသည်။ ထို့ပြင် ယင်အအေး စွမ်းအားစမ်းရေ တွင်းကိုလည်း ရှီးလျန်မြို့တော် အပိုင်အဖြစ် သိမ်းယူ လိုက်လေသည်။

ရှီးလျန်မြို့တော်မှ မထွက်ခွာမီ ဆန်းလျန်သည် ကျီမုမြစ်ကိုလည်း သွားကြည့်ခဲ့လေသည်။ ထိုမြစ်သည် ရှီးလျန်မြို့တော်ကို ဖြတ်သန်းပြီး စီးဆင်းနေသည့် မြစ်တစ်စင်း ဖြစ်လေသည်။ သာမန်မြစ်တစ်စင်းမျှသာဖြစ်ပြီး ထိုမြစ်ရေသို့ သောက်သည့် မိန်းမပျိုများသည် အဘယ့်ကြောင့် ကိုယ်ဝန်ဆောင် နိုင်ရပါသနည်း။

ကျီမုမြစ်ရေ၏ ဖွဲ့စည်းပုံမှာ ယန်စွမ်းအားအတွင်းတွင် ယင်စွမ်းအား တည်ရှိနေသည့် ဖွဲ့စည်းပုံမျိုး ဖြစ်လေသည်။ ထို့ကြောင့်ပင် ထိုမြစ်ရေကို သောက်ပြီး ကိုယ်ဝန်ဆောင်ကြ သူတိုင်းသည် သမီးမိန်းကလေးများသာ မွေးဖွားကြခြင်း ဖြစ်လေသည်။

ဆန်းလျန်သည်ပင်လျှင် နတ်ဘုရား စွမ်းအားများကို အသုံးပြုကာ ယောကျ်ားလေး ဖြစ်လာအောင် မနည်း ပြုပြင်ခဲ့ရလေသည်။ သို့သော် သူ၏ သွေးသားက သန့်စင်ပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံကလည်း ပုံမှန်ပင် ဖြစ်လေသည်။ သူ၏ခန္ဓာကိုယ် အနေအထားမှာ အတင်းအကျပ် ပုံစံဆွဲကာ ပြုပြင်ထားခဲ့သည့် ပြည့်စုံသည့် ပုံသဏ္ဌာန် တစ်ခုနှင့် ပိုပြီး ဆင်တူလေသည်။

လူသားကို ဖန်ဆင်းကြသည့် ဒဏ္ဍာရီများနှင့် ပတ်သက်ပြီး ဆန်းလျန် စဉ်းစား နေမိလေသည်။

လူသားဆိုသည်မှာ ပန်းချီဆရာက ပန်းချီကားချပ် တစ်ခု ရေးဆွဲသလို ဖန်တီးမှု တစ်ခုပင် ဖြစ်သည်ဆိုလျှင် သူ့အနေနှင့်တော့ လူသားကို ဖန်တီးနိုင်သည့် အထိ စွမ်းအားမရှိပါ။ လူသားဆိုသည့် အရာသည် ဖန်ဆင်းရန် မည်သို့မျှ မဖြစ်နိုင်သည့် အရာပင် ဖြစ်လေသည်။

ဆန်းလျန်သည် မိုးကောင်းကင် နတ်ဘုရား တစ်ပါး အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည့် အတွက် ထပ်ပြီး တက်လှမ်းစရာ လမ်းမရှိတော့ပါ။ နောက်တစ်ဆင့် တက်လှမ်းချင်သည် ဆိုလျှင် "ထိုက်ယီထျန်းရှန်း နတ်ဘုရား" အဖြစ်သာ တက်လှမ်းနိုင်မည် ဖြစ်လေသည်။ သို့သော် ထိုက်ယီထျန်းရှန်း အဆင့်ဆိုသည်မှာ မည်သည့် အဆင့် ဖြစ်သည်ကို ဆန်းလျန် ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း မသိသေးပေ။

သူ့အတွေးများက မရေမရာ ဖြစ်နေဆဲ ဖြစ်လေသည်။

ထိုအဆင့်သို့ ရောက်လျှင် သူ၏သန့်စင်သည့် သွေးနှင့် ခန္ဓာကိုယ်ကို အသုံးပြုကာ အခြားသော မျိုးစိတ်များ ဖြစ်သည့် နဂါး၊ ဇာမဏီငှက် စသည်ဖြင့် ဖန်ဆင်း နိုင်ပါမည်လား။

ထိုအဆင့်ကို ဆန်းလျန်သည် "ပြောင်းလဲခြင်း" ဟု အမည်ပေး လိုက်လေသည်။ "ပြောင်းလဲခြင်း" သည် သက်ရှိ သတ္တဝါများကို ဖန်ဆင်းနိုင်မည်ဆိုလျှက် လူသားကိုလည်း ဖန်ဆင်းနိုင်မည် ဖြစ်လေသည်။ လူသားများသည် စကြဝဠာ၏ ဝိညာဉ်များ ဖြစ်ကြလေသည်။ ထို့ကြောင့် ဖန်ဆင်းခြင်းတွင် လူသားကို ဖန်ဆင်းခြင်းသည် အခက်ခဲဆုံး ဖြစ်ပေလိမ့်မည်။

ထိုအကြောင်းများကို သူမစဉ်းစားလိုတော့ပါ။ အဘယ်ကြောင့် ဆိုသော် ထိုအကြောင်း များသည် သူကျင့်ကြံခဲ့သည့် ကျင့်စဉ်များနှင့် ကွဲပြားနေသောကြောင့် ဖြစ်လေသည်။

ယခုတော့ ဆန်းလျန် ရှီးလျန်မြို့တော်မှ ထွက်ခွာလာခဲ့ပြီး ကျယ်ယန်း တောင်ပေါ်တွင် ရောက်နေသည်မှာ ဆယ်ရက်ခန့် ရှိခဲ့လေပြီ။ သူ၏ ခန္ဓာကိုယ်မှာလည်း ပိုမိုပြီး ကြံ့ခိုင်လာခဲ့ပြီ။ သူက မြေပြင်ပေါ်တွင် လမ်းလျှောက် နေနိုင်ပြီ ဖြစ်လေသည်။ သို့သော် ကလေး တစ်ယောက်မျှသာ ဖြစ်သည့်အတွက် သိပ်တော့ မြန်မြန် လမ်းမလျှောက် နိုင်သေးပေ။

ဆန်းလျန်သည် အိမ်လေး တစ်အိမ်ဘေးသို့ ရောက်ရှိ လာလေသည်။ အိမ်တံခါးများက ဖွင့်ထားပြီး အိမ်အတွင်းမှ အလင်းရောင်ကို အပြင်မှပင် မြင်နိုင်လေသည်။

အိမ်ထဲတွင် နံ့ရံကိုမှီကာ ထိုင်နေသည့် အသက်လေးဆယ် အရွယ်ခန့် လူတစ်ယောက်ကို တွေ့ရလေသည်။

သူက ဆန်းလျန် အိမ်ထဲသို့ ဝင်လာသည်ကို တွေ့သည်နှင့် အနည်းငယ် တွန့်သွားလေသည်။

ထိုသူမှာ အသက်လေးဆယ်ခန့် ဖြစ်သည့်တိုင် ရာသီဥတုဒဏ်ကို ခံစားခဲ့ရသည့် အတွက် အနည်းငယ် ရင့်လျော် နေသလို ထင်ရလေသည်။

ထိုသူမှာ စာပို့သမား တစ်ယောက် ဖြစ်လေသည်။

ထိုခေတ်ထိုအခါက မိသားစုနှင့် ဝေးကွာနေသည့် သူများအတွက် စာပို့သမားက အလွန် အရေးပါသည့်သူတစ်ယောက် ဖြစ်လေသည်။

ဆန်းလျန်က ထိုသူကို စိုက်ကြည့်လိုက်ရင်း…

"မင်းက ဖြောင့်မတ်တဲ့ စာပို့သမား တစ်ယောက်ဆိုတာ ကျုပ်သိတယ်၊ ဒါကြောင့် မင်းကို လွှတ်လိုက်တဲ့ သူဆီကို စာတစ်စောင် ပြန်ပို့ပေးနိုင်မလား”

***

All Chapters