မက်မွန်သီး
Vol. 5 Ch. 467
စာပို့သမား ကြားခဲ့ရသည့် မက်မွန်ပင် ဇာတ်လမ်းထဲမှ အဖြူရောင် အလင်းတန်း တစ်ခုက သယ်ဆောင်ခြင်းကို ခံခဲ့ရသည့် မက်မွန်သီးလေးမှာ တာအိုဆရာပင် ဖြစ်လေသည်။ သူက ထူးခြားသည့် ဝိညာဉ်စွမ်းအား သစ်သီးတစ်လုံး ဖြစ်သည့်တိုင် အခက်အခဲ များစွာကို ရင်ဆိုင်ခဲ့ရပြီးမှ ကျင့်စဉ်လမ်းတွင် တရားအလင်း ရရှိခဲ့သူ ဖြစ်လေသည်။
သို့သော် သူ၏ တန်ခိုးစွမ်းအားများက သတ္တဝါများ၏ အသွေးအသားများကို စားသုံး ထားသည့် သူ၏ အစ်ကို မက်မွန်သီး လောက်တော့ မြင့်မားခြင်း မရှိပေ။
သို့ရာတွင် တာအိုဆရာသည် အစ်ကိုဖြစ်သူကဲ့သို့ လမ်းမှားကို လိုက်ခဲ့သူ မဟုတ်ဘဲ စစ်မှန်သည့် တာအို ကျင့်စဉ်လမ်းကို လိုက်ခဲ့သူ ဖြစ်သည့်အတွက် သူ၏ တန်ခိုးစွမ်းအားများက သန့်စင် လေသည်။
မက်မွန်သီး ခုနစ်လုံးတောင်မှ သစ်ခုတ်သမားနှင့် အခြား ရွာသားများသည် သူတို့ ငယ်စဉ်ဘဝတုန်းက သူတို့ကို အနှောင့်အယှက် ပေးခဲ့သူများ ဖြစ်လေသည်။ ထို့ကြောင့် တန်ခိုးစွမ်းအား မြင့်မားသည့် နတ်မိစ္ဆာ တစ်ပါးအဖြစ် ကျင့်ကြံနိုင်ခဲ့သည့် သူ၏ အစ်ကိုသည် ထိုသူများကို ကျိန်းသေ လက်စားချေမည် ဖြစ်လေသည်။ ထိုအခါ အပြစ်မရှိသည့် ရွာသားများသည် ကြားထဲမှ အချောင် အသက် ဆုံးကြရမည် ဖြစ်လေသည်။
စာပို့သမား မရည်ရွယ်ဘဲ ပြောလိုက်သည့် စကားကြောင့် တာအိုဆရာသည် အကောင်းနှင့် အဆိုးကို ပိုမိုရှင်းလင်းစွာ သိမြင်ခဲ့လေသည်။
တာအိုဆရာ အနေဖြင့်လည်း သူ့အစ်ကိုကို လက်စား ချေစေလိုခြင်း မရှိပေ။ ထို့ပြင် သူ့အစ်ကိုမှာ တစ်ချိန်က သူအသက်ရှင်သန်ရေး အတွက် သူ့ထံမှ ဝိညာဉ် စွမ်းအားများကို စုပ်ယူရန် ကြိုးစားခဲ့ဖူးသူ တစ်ယောက် ဖြစ်လေသည်။
အရှေ့ဘက်ဆီတွင် မိစ္ဆာမြူခိုးများ ထူထပ်နေလေသည်။
ရွာသားများ၏ ထိတ်လန့် နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်လာလေသည်။ မိစ္ဆာ မြူခိုးများက နေရာအနှံ့ ပျံ့နှံ့သွားပြီး မြေကြီး တစ်ပြင်လုံးတွင် သွေးကွက်များဖြင့် ပြည့်နေတော့သည်။
တာအိုဆရာသည် ဆုံးဖြတ်ချက် တစ်ခုကို ခိုင်မာစွာချလိုက်ပြီး မိစ္ဆာ မြူခိုးများရှိရာသို့ ဝင်ရောက် သွားတော့သည်။ သူ့ကိုယ်သူ ထိုက်ချင်း အလင်းတန်ခိုးဖြင့် ကာကွယ်ထားသည့် အတွက် မိစ္ဆာမြူခိုးများက သူ့ကို အန္တရာယ်ပြုနိုင်စွမ်း မရှိ ပေ။ မြူခိုးများထဲတွင် လူနှစ်ယောက် ရှိနေလေသည်။ တစ်ယောက်မှာ လက်ဖက်ရည်ဆိုင် ပိုင်ရှင်ဖြစ်ပြီး နောက်တစ်ယောက်မှာ ပုံပြောဆရာ အဘိုးကြီး ဖြစ်လေသည်။
လက်ဖက်ရည်ဆိုင် ပိုင်ရှင်မှာ သူ့အစ်ကို၏ မိစ္ဆာစွမ်းအားဘက်ခြမ်း ဖြစ်ပြီး ပုံပြောဆရာ အဘိုးကြီးကတော့ သူ၏အစ်ကို၏ ကောင်းမွန်သည့် စွမ်းအားများ စုဝေးရာ ဘက်ခြမ်း ဖြစ်လေသည်။ ယခုတော့ ပုံပြောဆရာ အဘိုးကြီးမှာ ညှိုးနွမ်း ခြောက်သွေ့နေပြီး လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကတော့ တန်ခိုးစွမ်းအားနှင့် ပြည့်ဝ နေလေသည်။
လက်ဖက်ရည်ဆိုင် ပိုင်ရှင်က မိစ္ဆာမြူခိုးများ အတွင်းသို့ ဝင်ရောက်လာသည့် တာအိုဆရာကို ခြေဆုံးခေါင်းဆုံး တစ်ချက် အကဲခတ် ကြည့်လိုက်သည်။ ထိုအကြည့် တစ်ချက်ကပင် အလွန်ကြီးမားသည့် စွမ်းအား တစ်ခုက တာအိုဆရာကို ဖိနှိပ်ထားသလို ခံစား လိုက်ရလေသည်။ မိုးကြိုးပစ် အစစ်ဆေးခံခြင်းကို ခံယူပြီးသည့် နောက်ပိုင်း သူ၏အစ်ကိုသည် ပိုပြီး တန်ခိုးစွမ်းအား မြင့်မားလာဟန် ရှိသည်။ တာအိုဆရာ၏ ထိုက်ချင်းအလင်း စွမ်းအားသည်ပင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်၏ မိစ္ဆာစွမ်းအားများကို အပြည့်အဝ တားဆီးနိုင်ခြင်း မရှိပေ။
လက်ဖက်ရည်ဆိုင် ပိုင်ရှင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…
“ဟွန့်… မတွေ့တာ ကြာပြီနော် ညီခုနစ်…”
တကယ်တမ်းတွင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်က အကြီးဆုံး မက်မွန်သီး ဖြစ်ပြီး တာအိုဆရာက အငယ်ဆုံး မက်မွန်သီး ဖြစ်လေသည်။
“အစ်ကိုကြီး၊ ဒီနေ့ ညီအစ်ကို အားလုံးကိုယ်စား ကျွန်တော် တစ်ခုလောက် တောင်းဆို ချင်ပါတယ်”
တာအိုဆရာက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
တာအိုဆရာ၏ စကားကြောင့် လက်ဖက်ရည်ဆိုင် ပိုင်ရှင်က ဟားတိုက် ရယ်မော လိုက်လေသည်။
“မင်းကများ ငါ့ကို တောင်းဆို မလို့တဲ့လား၊ ကံကြမ္မာက ငါ့ဘက်မှာ ရှိတာကွ၊ ဒီလူသားတွေက သောက်တုံးတွေ၊ သူတို့ကြောင့်သာ မဟုတ်ရင် ငါ အခုလို နတ်မိစ္ဆာ တစ်ပါး ဖြစ်လာမှာတောင် မဟုတ်ဘူး၊ ပြီးတော့ နတ်မိစ္ဆာ ဖြစ်တော့ရော ဘာအရေးလဲ၊ နတ်ဘုရားပဲ ဖြစ်ဖြစ်၊ နတ်မိစ္ဆာပဲ ဖြစ်ဖြစ် အားလုံးက တန်ခိုးစွမ်းအား မြင့်မားကြတာပဲ မဟုတ်ဘူးလား၊ ဒါပေမဲ့ ဒီငတုံးတွေ ကတော့ အဆင့်နိမ့်ကျတဲ့ ရယ်စရာ ကောင်တွေပဲ”
“အစ်ကိုကြီး မှားနေပြီ၊ လူသားတွေက မနိမ့်ကျပါဘူးဗျာ၊ အစ်ကိုကြီး တာ့ရှားပြည်ကို မရောက်ဖူးဘူးလား၊ အဲဒီမှာ နတ်ဘုရားတွေနဲ့ နတ်မိစ္ဆာတွေထက် တောင်ပိုပြီး ကြောက်စရာ ကောင်းတဲ့ လူတွေရှိတယ်၊ ယင်းစန်းဒေသကိုရော မရောက်ဖူးဘူးလား၊ အဲဒီမှာ ကျွန်တော့်ထက် တန်ခိုးစွမ်းအား မြင့်မားတဲ့ လူသား ကျင့်ကြံသူတွေ ရှိတယ်၊ မိုးမြေစွမ်းအား တွေဟာ လူသားတွေကို အများကြီး အကျိုးပြုတယ်၊ ဒါကြောင့် လူ့ကျင့်ဝတ်နဲ့အညီ ကျွန်တော်တို့ မနေနိုင်ဘူးဆိုရင် ကျွန်တော်တို့ အတွက် ဘာအကျိုးရှိနိုင်မှာလဲ၊ ဒါကြောင့် သိပ်ပြီး မာနမကြီးလွန်းပါနဲ့ဗျာ”
တာအိုဆရာက ပြောလိုက်လေသည်။
“ငါကတော့ တန်ခိုးစွမ်းအား အပေါ်မှာ ယုံကြည်တယ်၊ လူ့ကျင့်ဝတ်တွေ… အမှန်တရားတွေ ဆိုတာက ဘာလုပ်ရမှာလဲ၊ တန်ခိုးစွမ်းအားနဲ့ တွေ့ရင် အဲဒါတွေအားလုံးက အလကားပဲ၊ မင်းကရော လူသားပုံစံ အသွင်ပြောင်း ထားရတာလဲ၊ ဒီငတုံးကောင်တွေက မင်းကို မက်မွန်သီး တစ်လုံးဆိုတာ သိမှာကို မင်းကြောက်နေတာ မဟုတ်လား”
လက်ဖက်ရည်ဆိုင် ပိုင်ရှင်က ပြောလိုက်လေသည်။
တာအိုဆရာသည် သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။
ထို့နောက် သူ၏လက်များက ထောင်ပေါင်းများစွာ ခွဲဖြာထွက်သွားပြီး တန်ခိုးစွမ်းအား တစ်ခုကို ထုတ်လွှတ်ကာ လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကို တိုက်ခိုက်လိုက်လေသည်။
ထိုတန်ခိုး စွမ်းအားများမှာ စမ်းချောင်းအတွင်းမှ ရေစီးဆင်းသကဲ့သို့ မြူခိုးများအတွင်းသို့ စီးဆင်းသွားပြီး မိစ္ဆာစွမ်းအားများကို သန့်စင်ပစ်လိုက်ရင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်ရှိရာသို့ ဝင်ရောက် သွားလေသည်။
လက်ဖက်ရည်ဆိုင် ပိုင်ရှင်က ထိုတန်ခိုးစွမ်းအားများကို အလွယ်တကူပင် ခုခံ ကာကွယ် လိုက်လေသည်။
ထိုအချိန်အတွင်းမှာပင် တာအိုဆရာက သူ၏နှာခေါင်းကို တစ်ချက် ပွတ်လိုက်လေသည်။ ထို့နောက် သူ၏ပါးစပ်ကို ဟလိုက်ပြီး မီးတောက်များ မှုတ်ထုတ် လိုက်သည်။ ထိုမီးတောက်များမှာ “သမာဓိမီးတောက်” ပင် ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးမှ နတ်ဘုရား အဘိုးအို၏ သမာဓိ မီးတောက်ကဲ့သို့ စစ်မှန်ခြင်းမရှိသည့်တိုင် မိစ္ဆာစွမ်းအား များကိုတော့ လောင်ကျွမ်း ပစ်နိုင်လေသည်။
သမာဓိမီးတောက်ကို ငြိမ်းသတ်နိုင်ရန်မှာ သာမန်အားဖြင့် မလွယ်ကူပါ။ သို့သော် ဆန်းလျန် ကဲ့သို့သော နတ်ဘုရား တစ်ပါးကတော့ သမာဓိမီးတောက်၏ အစစ်အမှန် အဓိပ္ပာယ်ကို နတ်ဘုရား စွမ်းအားများ အသုံးပြုပြီး သိရှိနိုင်လေသည်။ သမာဓိ မီးတောက်နှင့် ဝိညာဉ်အကြား ဆက်နွှယ်မှုကို သိရှိသည့် အခါ မီးတောက်ကို အလွယ်တကူ ငြိမ်းသတ်နိုင်မည် ဖြစ်လေသည်။
စာပို့သမားမှာ သမာဓိမီးတောက်၏ ဒဏ်ကို မခံနိုင်ဘဲ လွင့်ထွက်သွားကာ အပိုင်းပိုင်းပြတ်ပြီး သေဆုံး သွားတော့သည်။
တာအိုဆရာမှာ စာပို့သမား သေလားရှင်လားပင် ဂရုမစိုက်နိုင်ပါ။ သူဝတ်ဆင် ထားသည့် တာအိုဝတ်ရုံမှာ ပေပွနေပြီး မျက်နှာ တစ်ခုလုံးလည်း မီးခိုးငွေ့များကြောင့် မည်းသည်းနေလေသည်။ သူက ခါးတွင် ချိတ်ထားသည့် ဘူးသီးခြောက်ကို ဖြုတ်ကာ အဖုံးဖွင့်လိုက်ပြီး….
“အစ်ကိုကြီး…”
ဟု ခေါ်လိုက်လေသည်။
ထိုခေါ်သံသည် လက်ဖက်ရည်ဆိုင် ပိုင်ရှင်၏ နားထဲတွင် ပဲ့တင် ထပ်နေလေသည်။ သို့သော် သူက တစ်ခွန်းမှ ပြန်မထူးခဲ့ပါ။ အဘယ်ကြောင့် ဆိုသော် ညီဖြစ်သူက သူ့ကို လှည့်စားနေခြင်း ဖြစ်ပြီး သူသာ ပြန်ထူးလိုက်လျှင် ကျိန်းသေ ဒုက္ခရောက်မည်ကို သူသိလေသည်။
သို့သော်… လက်ဖက်ရည်ဆိုင် ပိုင်ရှင်က ပြန်မထူးသည့်တိုင် တစ်စုံတစ်ယောက်ကတော့ ပြန်ထူး လိုက်လေသည်။
“ညီခုနစ် …. အစ်ကိုကြီးဒီမှာ…”
ထိုအသံက အလွန်အားနည်းပြီး အက်ရှ နေလေသည်။ လေထဲမှ ဖယောင်းတိုင်လေး အလား သေခါနီး လူတစ်ယောက်၏ အသံမျိုး ဖြစ်လာသည်။
ပြန်ထူးလိုက်သည့် သူမှာ ပုံပြောဆရာ အဘိုးအို ဖြစ်လေသည်။ ပုံပြောဆရာ အဘိုးအိုနှင့် လက်ဖက်ရည်ဆိုင် ပိုင်ရှင်မှာ တစ်ယောက်တည်းပင် ဖြစ်လေသည်။ မိစ္ဆာဘက်ခြမ်းနှင့် ကောင်းမွန်သည့် ဘက်ခြမ်း နှစ်ပိုင်း ကွဲနေခြင်း ဖြစ်လေသည်။
ထိုသို့ တာအိုဆရာ၏ ခေါ်သံကို ထူးလိုက်မိသည့် အချိန်တွင်တော့ မလွန်ဆန်နိုင်သည့် ဆွဲအားတစ်ခု ထွက်ပေါ်လာပြီး လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှင့် ပုံပြောဆရာ အဘိုးအို နှစ်ယောက် စလုံးမှာ အခိုးအငွေ့ အဖြစ် ပြောင်းလဲကာ ဘူးသီးခြောက် အတွင်းသို့ စုပ်ယူခြင်း ခံလိုက် ရလေတော့သည်။
တာအိုဆရာမှာလည်း မြေပြင်ပေါ်သို့ လဲကျ သွားလေသည်။
သမာဓိ မီးတောက်အစွမ်းကို အသုံး ပြုလိုက်ရသည့် အတွက် သူလည်း အားအင်များ ကုန်ခန်းသွားလေသည်။ သို့သော် သမာဓိ မီးတောက်ကြောင့်သာ သူ၏အစ်ကိုကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်လေသည်။ မဟုတ်ပါက သူ့အတွက် လွယ်ကူမည် မဟုတ်ပေ။
တာအိုဆရာက ဘူးသီးခြောက်ကို အသာလှုပ်ကြည့် လိုက်လေသည်။ ဘူးသီးခြောက် အတွင်းမှ ရေသံများ ထွက်ပေါ်လာလေသည်။
ထို့နောက်… ဘူးသီးခြောက်က ပေါက်ကွဲ ထွက်သွားလေသည်။
ထို့နောက် ဘူးသီးခြောက် အတွင်းမှ မက်မွန်သီး တစ်လုံး ထွက်ပေါ်လာပြီး ထိုမက်မွန်သီးမှာ အစိမ်းရောင်မိစ္ဆာ အငွေ့အသက်များ ထွက်ပေါ် နေလေသည်။ ထိုအငွေ့အသက်များက ပတ်ဝန်းကျင် တစ်ခုလုံးကို ညစ်ညမ်း သွားစေသည်။
တာအိုဆရာက မိစ္ဆာငွေ့များ မပျံ့နှံ့သွားစေရန်အတွက် အလွှာ ဆယ့်တစ်ခုဖြင့် တားဆီး ထားလေသည်။ ထို့ပြင် သူက ထိုမက်မွန်သီးကို သွားလေရာ သယ်ဆောင် သွားရပါက သူ၏ ကျင့်စဉ်လမ်းတွင် ထိခိုက် နိုင်လေသည်။
သူ့အတွေးထဲသို့ ကျယ်ယန်းတောင် သခင်လေးအကြောင်း ဝင်ရောက် လာလေသည်။ ကျယ်ယန်းတောင်မှ ထိုလူထူးလူဆန်း ထံတွင်တော့ မိစ္ဆာမက်မွန်သီးကို ထိန်းချုပ်နိုင်ရန် နည်းလမ်း ရှိနိုင်လေသည်။
ထို့ပြင် စာပို့သမားနှင့် အမှာစကား ပါးလိုက်သည်ကို ကြည့်ခြင်းအားဖြင့် ထိုသူမှ ရက်စက် ကြမ်းတမ်းသူ တစ်ယောက် မဟုတ်နိုင်ပေ။
စာပို့သမားဟု သတိရလိုက်တော့မှ သူက စာပို့သမားကို ရှာဖွေလိုက်သည့် အခါ အပိုင်းပိုင်း ပြတ်နေသည့် ခန္ဓာကိုယ်နှင့် အသက်ပျောက်နေပြီ ဖြစ်သည့် စာပို့သမား၏ အလောင်းကို တွေ့လိုက် ရလေသည်။ သူက စာပို့သမားကို ကောင်းစွာ သင်္ဂြိုဟ်ပေးလိုက်ပြီး သစ်တောအုပ်လေးထဲတွင် “စာပို့သမား” ဆိုသည့် ကဗျည်းတိုင်ဖြင့် အုတ်ဂူတစ်ခု ပြုလုပ် ပေးခဲ့လေသည်။
နောက်ပိုင်းတွင်တော့ အသက်ရှင် ကျန်ရစ်ကြသည့် ရွာသူရွာသားများသည် စာပို့သမား၏ သစ္စာရှိမှုကို လေးစားသည့် အနေဖြင့် အမြဲတမ်း သွားရောက် ဂါရဝ ပြုကြလေသည်။
နောက်ပိုင်းတွင် ထင်ရှားကျော်ကြားသည့် စာပေသမား တစ်ယောက်က စာပေသမား၏ အကြောင်းကို စာတစ်ပုဒ် ရေးသားကာ တာ့ရှားပြည် အာဏာပိုင်များသို့ တင်ပြခဲ့လေသည်။ ထိုအခါ အာဏာပိုင်များက စာပို့သမားအတွက် မြေတစ်ကွက် ချီးမြှင့်ခဲ့လေသည်။ ထိုအဖြစ်အပျက်များက နောက်ပိုင်းမှ ဖြစ်ပျက်သည့် အဖြစ်အပျက် များပင်တည်း။
မက်မွန်သီး တစ်လုံးကို သယ်ဆောင် လာသည့် တာအိုဆရာ တစ်ပါးသည် ရှီးလျန်မြို့တော် နယ်မြေ အတွင်းသို့ ဝင်ရောက် လာလေသည်။ သူက မိုင်သုံးထောင်ခရီးကို နေ့မနား ညမနား ခရီးနှင်ခဲ့ခြင်း ဖြစ်လေသည်။ သူက ကျယ်ယန်းတောင်ခြေမှ တောင်ပေါ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက် တက်လာလေသည်။
လမ်းဆုံ တစ်ခု အရောက်တွင်တော့ အမျိုးသမီး စစ်သည်တော် တစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။
သူ့အနေဖြင့် ထိုမိန်းကလေးကို တိုက်ခိုက် သတ်ဖြတ်ပြီး တောင်ပေါ်သို့ တက်သွား နိုင်လေသည်။ သို့သော် သူက မယဉ်မကျေး ပြုမူမိမည်ကို စိတ်ပူသည့်အတွက် မတိုက်ခိုက်တော့ပေ။
“တာအိုဆရာ၊ ဘယ်သွားမလို့လဲ”
မိန်းကလေးက လေသံမာမာဖြင့် မေးလိုက်သည်။
တာအိုဆရာက မိန်းမပျိုကို ဦးညွတ် လိုက်ရင်း
“ကျုပ်နာမည်က လျိုမန့်တယ် လို့ခေါ်ပါတယ်၊ ကျုပ်က ရှီးလျန်မြို့တော်က ကျယ်ယန်းတောင် သခင်လေးနဲ့ တွေ့ချင်လို့ပါ၊ သူနဲ့များ တွေ့ခွင့်ရနိုင်မလား”
“ရှင်တော့ ကံဆိုးပြီပဲ၊ ဒီမနက်ပဲ သခင်လေးက ရှီးလျန်မြို့တော်ကို ပြန်သွားတယ်”
အမျိုးသမီး စစ်သည်တော်၏ စကားကြောင့် တာအိုဆရာသည် စိတ်ပျက် သွားလေသည်။
သို့သော် ချက်ချင်းပင် အကြံတစ်ခု ရလိုက်သည့် အတွက် သူက မိန်းကလေးကို အပြုံးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ် မိန်းကလေး”
ပြီးမှ သူက မိန်းကလေး၏ အနောက်ဘက်သို့ လက်ညှိုး ထိုးလိုက်ရင်း….
“ဟာ…” ခနဲ အာမေဋိတ်သံ တစ်ချက် ပြုလိုက်လေသည်။
***