မက်မွန်ပင်ကို စိုက်ပျိုးခြင်း
Vol. 5 Ch. 468
အမျိုးသမီး စစ်သည်တော်က တာအိုဆရာ၏ အမူအရာကြောင့် သူမနောက်သို့ လှည့်ကြည့် လိုက်လေသည်။ ထိုအချိန်မှာပင် တာအိုဆရာသည် လေကဲ့သို့ လွင့်မျော ပျောက်ကွယ် သွားလေတော့သည်။
အမျိုးသမီး စစ်သည်တော်မှာ ရုတ်တရက် မူးဝေကာ လဲကျသွားလေသည်။
နွေဦးလေပြည် တန်ခိုးစွမ်းအားသည် လေပြည်လေး တိုက်ခတ် ခံရသည်နှင့် အိပ်ပျော်သွားမည် ဖြစ်ပြီး အိပ်ရာမှ နိုးလာလျှင် ကြုံတွေ့ခဲ့သမျှမှာ အိပ်မက် တစ်ခုအလား ခံစားရမည် ဖြစ်လေသည်။
တာအိုဆရာ လျှိုမန့်တယ်သည် တောင်ထိပ်သို့ လျှောက်လာ လေသည်။ သူက ကျယ်ယန်းတောင်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူ ဖြစ်သည့်အလျောက် နေရာတိုင်းက သူနှင့် အကျွမ်းတဝင် ဖြစ်နေလေသည်။ သူက ကျောက်တုံး တံတားလေးကို ဖြတ်ကျော်လာပြီး အိမ်တော်ဆီသို့ ရောက်ရှိ လာလေသည်။
အိမ်တော် တံခါးအပြင်ဘက်တွင် ဆိုင်းဘုတ် တစ်ခု ချိတ်ဆွဲထားလေသည်။
“ရွှမ်တုကျောင်းတော်”
ရွှမ်တုဆိုသည့်အမည်မှာ ထိုက်စန့် နတ်ဘုရားသခင် နေထိုင်ရာ ရွှမ်တု ခရမ်းရောင် နန်းတော်ကို ရည်ညွှန်းထားခြင်း ဖြစ်လေသည်။
လျိုမုန့်တယ်သည် စင်္ကြံလမ်းကိုဖြတ်ကာ ဥယျာဉ်လေးရှိရာသို့ ရောက်လာလေသည်။ ထိုနေရာမှာ ယင်အအေး စွမ်းအား စမ်းရေတွင်းလေး ရှိရာ နေရာဖြစ်လေသည်။ ဥယျာဉ် အပြင်ဘက်တွင် အရံအတား တစ်ခု ပြုလုပ် ထားလေသည်။ လျိုမုန့်တယ်က ဥယျာဉ်အတွင်းသို့ လှမ်းဝင် လိုက်သည်နှင့် မမြင်ရသည့် စွမ်းအားတစ်ခု၏ တိုက်ခိုက်မှုကို ခံစားရပြီး ထိုစွမ်းအားမှာ စူးရှသည့် ဓားတစ်လက်အလား သူ့ဆီသို့ ဝင်ရောက် လာလေသည်။
လျိုမုန့်တယ်က မမြင်ရသည့် စွမ်းအားကို ချက်ချင်းပင် ခုခံလိုက်လေသည်။ ထိုစွမ်းအားမှာ အလွန်သန့်စင်သည့် စကြဝဠာ အသက်ဓာတ် စွမ်းအားဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ ထိုစွမ်းအားဖြင့် ဆိုလျှင် မည်မျှ ညစ်နွမ်းသည့် မိစ္ဆာစွမ်းအားပင် ဖြစ်ပါစေ သန့်စင် ပစ်နိုင်မည် ဖြစ်လေသည်။
အရံအတား အတွင်းတွင် ဓားဝိညာဉ် တစ်ခုရှိနေပြီး အရံအတား အပြင်ပိုင်းကတော့ အေးချမ်း တည်ငြိမ် လွန်းလေသည်။
အရံအတားကို ဖြစ်ပေါ်စေသည့် အဓိကနေရာမှာ ယင်အအေး စွမ်းအား စမ်းရေတွင်းလေးပင် ဖြစ်လေသည်။
ထို့ပြင် အရံအတား အတွင်းမှ ဓားဝိညာဉ်ကလည်း မည်သူ့ကိုမှ မသေစေနိုင်သော ဟန်ပြ ဓားဝိညာဉ်သာ ဖြစ်လေသည်။ ဝင်ရောက်လာသူများကို ခြောက်လှန့်ရန်သာ ပြုလုပ်ထားခြင်း ဖြစ်ဟန် တူလေသည်။
လျိုမုန့်တယ်မှာ အရံအတားကို မိနစ်သုံးဆယ်ခန့် ခုခံတိုက်ခိုက်ပြီးမှ ကျော်လွှား နိုင်ခဲ့လေသည်။ နောက်ဆုံးတွင်တော့ ယင်အအေး စွမ်းအား စမ်းရေတွင်းလေး နားသို့ ရောက်ရှိ လာခဲ့လေသည်။ ရေတွင်းလေးထဲမှ ရေများက အအေးဓာတ်များ စိမ့်ထွက်နေခြင်း မရှိသလို ရေမျက်နှာပြင်ကလည်း တည်ငြိမ်နေလေသည်။ ရေထဲတွင် သူ၏ရုပ်ပုံကိုပင် ပြန်ပြီး မြင်တွေ့ နေရလေ၏။
စမ်းရေတွင်းကို ကာကွယ်ထားသည့် အရံအတားမှာ စမ်းရေတွင်းကို ကာကွယ် ပေးရုံသာမက စမ်းရေတွင်း၏ အနှစ်သာရကိုပါ ပိုမိုတိုးတက်စေရန် ပြုလုပ်ထားခြင်း ဖြစ်လေသည်။
အချိန်ကြာလာသည်နှင့် အမျှ ရေတွင်း၏ မသန့်စင်သည့် အရာများသည် တဖြည်းဖြည်း သန့်စင်လာမည် ဖြစ်ပြီး ရေတစ်စက်ကပင်လျှင် ရောဂါပေါင်းများစွာကို ပျောက်ကင်း စေနိုင်မည် ဖြစ်လေသည်။
သူက ရေတွင်းနံဘေးတွင် တွင်းတစ်တွင်း တူးလိုက်ကာ သူယူဆောင်လာသည့် မိစ္ဆာမက်မွန်သီးကို စိုက်ပျိုး လိုက်လေသည်။ မိစ္ဆာမက်မွန်သီးမှ မိစ္ဆာစွမ်းအားများမှာ စတင် သန့်စင် လာတော့သည်။
သူက မက်မွန်သီးကို စိုက်ပျိုးပြီးသည့် အခါတွင်တော့ ကျယ်ယန်းတောင် သခင်လေး ပြန်လာခဲ့လျှင်လည်း သူ့အစ်ကိုဖြစ်သည့် မိစ္ဆာမက်မွန်သီးကို တူးမထုတ် လောက်ပါဘူးဟု တွေးနေမိလေသည်။ တစ်ချိန်တွင် ထိုမက်မွန်သီးမှ မက်မွန်ပင် ပေါက်ဖွားလာခဲ့လျှင် ဝိညာဉ်စွမ်းအားနှင့် အလွန်ပြည့်ဝမည် ဖြစ်လေသည်။
စမ်းရေတွင် လေးနံဘေးတွင် နေထိုင်ရင်း စကြဝဠာအသက်ဓာတ် စွမ်းအားများကြောင့် တာအိုဆရာမှာ သူ၏ စိုးရိမ်စိတ်များ ချက်ချင်း ပျောက်ကွယ် သွားရလေသည်။ သူ၏စိတ်မှာ ကြည်လင် ရှင်းလင်းနေပြီး သူ၏ ထိုက်ချင်းအလင်း တန်ခိုးစွမ်းအားများပင် တိုးတက် လာခဲ့လေသည်။
သူ၏ ရင်ထဲတွင်လည်း ဝမ်းမြောက်မှုကို ခံစားနေရလေသည်။
သို့သော်…
ရေတွင်းနံဘေးရှိ ကျောက်တုံး ထက်တွင် ရေးသားထားသည့် ကဗျာနှစ်ကြောင်းကို ရုတ်တရက် တွေ့မြင် လိုက်ရသည့် အခါတွင်တော့ သူ၏ ဝမ်းမြောက် ကြည်နူး နေမှုများမှာ ပျောက်ခြင်းမလှ ပျောက်ကုန် ရတော့သည်။
“ဆန်းသခင်လေးထွက်ခွာသွားတာနဲ့
ရွှမ်တု ကျောင်းတော်ဝန်းအတွင်းက ရေတွင်းနားမှာ မက်မွန်သီးပင် လာစိုက်လိမ့်မယ်”
ထိုကဗျာစာတမ်းကို တွေ့သည်နှင့် လျိုမုန့်တယ်မှာ ထိတ်လန့် အံ့သြသွားရပြီး ငယ်ထိပ်ကို မိုးကြိုး ပစ်ချလိုက်သလို ခံစားလိုက်ရလေသည်။
ကြားခြင်းမရှိ၊ သိခြင်းမရှိဘဲနှင့် ထိုလူထူးလူဆန်းသည် ယနေ့ဖြစ်ပျက်မည့် အဖြစ်အပျက် များကို သိနေခဲ့သည်မှာ ထိုသူ၏ စိတ်စွမ်းအား မည်မျှ မြင့်မားသည်ကို ပြသနေခြင်းပင် ဖြစ်လေသည်။
ထိုသို့သော လူမျိုးသည် အခြားသူများ၏ စိတ်ကိုလည်း စိတ်စွမ်းအားဖြင့် ထိန်းချုပ်နိုင်စွမ်း ရှိကြလေသည်။
လျိုမုန့်တယ်၏ တစ်ကိုယ်လုံးမှာ ချွေးများဖြင့် စိုရွှဲနေတော့သည်။
ဆန်းလျန်သည် အရာအားလုံးကို သိနိုင်ခဲ့သူ ဖြစ်လေသည်။ ဆန်းလျန်သည် လျိုမုန့်တယ်၏ ဇာစ်မြစ်ကို သိရှိခြင်း မရှိသည့်တိုင် ကျယ်ယန်းတောင်သို့ ရောက်ရှိလာမည့် လျှိုမုန့်တယ်ကို စိတ်စွမ်းအားဖြင့် ဆက်သွယ် ထားသကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုမျှ စိတ်စွမ်းအား မြင့်မားမှုသည် တန်ခိုးစွမ်းအားနှင့် မဆိုင်သည့် အဆင့်မြင့် စွမ်းအားတစ်ခု ဖြစ်လေသည်။
ထို့ကြောင့်ပင်…
“နတ်ဘုရား တစ်ပါးအဖြစ် အထွတ်ထိပ်သို့ ရောက်ရှိ သွားသူသည် ဦးဆောင် လမ်းပြနိုင်သူ တစ်ယောက် ဖြစ်လာလိမ့်မည်”
ဟု ရှေးဟောင်း ဒဏ္ဍာရီများထဲတွင် ရေးသားထားခြင်း ဖြစ်ဟန်တူလေသည်။
ထိုသို့ အဆင့်မြင့် နတ်ဘုရားတစ်ပါးအနေဖြင့်
အချိန်နှင့်နေရာ အတားအဆီးများကို ဖြတ်ကျော်ကာ စကြဝဠာ အတွင်းမှ မည်သည့် အရာကို မဆို ကြိုတင် ခန့်မှန်းနိုင်စွမ်း ရှိပေလိမ့်မည်။
ကျင့်စဉ်လမ်း အဆင့်မြင့်လာပြီး ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိလာမည်ဆိုလျှင် ထိုသူသည် လောက တစ်ခုလုံး၏ ကံကြမ္မာကိုပင် သိမြင်လာနိုင်မည် ဖြစ်လေသည်။
ကျားနက်ကြီးမှာ ဆန်းလျန်နှင့် အနေကြာနေပြီ ဖြစ်သည့်အတွက် ဆန်းလျန်၏ အကျင့်စရိုက်များကို သိနေပြီ ဖြစ်လေသည်။ သူက ဆန်းလျန်၏ အမူအရာ အနည်းငယ် ထူးဆန်းနေသည်ကို သတိပြုလိုက်မိသည်။
ထို့ကြောင့် သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး…
“ဘာများဖြစ်လို့လဲ သခင်လေး…”
ကျားနက်ကြီး မေးသည်နှင့် ဆန်းလျန်က တာအိုဆရာအကြောင်း ဇာတ်လမ်းကို ကျားနက်ကြီးကို ပြောပြလိုက်လေသည်။
ဆန်းလျန်သည် အနာဂတ်ကို ကြိုတင် ဟောကိန်း ထုတ်နိုင်သည်ဆိုဦးတော့ ဝမ်းနည်းစရာ အဖြစ်အပျက်များကိုတော့ ပြောင်းလဲပေးရန်မှာ မဖြစ်နိုင်ပါ။
ဆန်းလျန်ပြောသည့် ဇာတ်လမ်းကို နားထောင်ပြီးသည်နှင့် ကျားနက်ကြီးမှာ အံ့သြ တုန်လှုပ် သွားလေသည်။
ထို့ကြောင့် သခင်ငယ်လေးက သူ့ကိုလည်း ကြိုးစားခိုင်းခြင်း ဖြစ်ပြီး သူကတော့သူ့ကိုယ်သူ အားရခြင်း မရှိလှပေ။
သို့သော် သခင်ငယ်လေးထံမှ မက်မွန်ပင် ဇာတ်လမ်းကို ကြားရုံမျှနှင့်ပင် ကြက်သီးများ တဖြန်းဖြန်း ထသည်အထိ တုန်လှုပ် ခံစားရလေသည်။
“ဒါနဲ့ သခင်လေး၊ အခု သခင်လေးက ရှီးလျန်ကို ထွက်လာတော့ အဲဒီ တာအိုဆရာနဲ့ မတွေ့ရတော့ဘူးပေါ့”
ကျားနက်ကြီးက တစ်စုံတစ်ခုကို စဉ်းစားမိပြီး မေးမြန်လိုက်လေသည်။
"ကျင့်ကြံသူတွေအတွက် အချိန်တစ်နှစ်ဆိုတာ တစ်ရက်လောက်ပါပဲ၊ မက်မွန်ပင်က ပန်းတွေပွင့်တဲ့ အချိန်မှ သူနဲ့တွေ့ရလည်း နောက်မကျသေးပါဘူး"
ဆန်းလျန်က ပြောလိုက်လေသည်။
ဆန်းလျန် ရှီးလျန်သို့ ထွက်ခွာလာသည်မှာ သူရောက်ရှိနေသည့် လောကမှ ကျင့်ကြံသူ တာအိုဆရာနှင့် မတွေ့ချင်သောကြောင့် မဟုတ်ပါ။ တိုက်တိုက်ဆိုင်ဆိုင် ယနေ့မှ မိခင်ဖြစ်သူ သခင်မချန်ချင်က သူ့ကို ဆင့်ခေါ်သောကြောင့် ဖြစ်လေသည်။
အချိန်တိုက်ဆိုင် နေသောကြောင့် သူက ချန်ချင်၏ဆင့်ခေါ်မှုကို ငြင်းလိုက်လျှင် ရသော်လည်း ဆန်းလျန်က မငြင်းပယ်ခဲ့ပေ။
ဆန်းလျန်သည် ကျားနက်ကြီးကို စီးနင်းပြီး မြို့တော်သခင်မ၏ စံအိမ်သို့ ရောက်ရှိ လာခဲ့လေသည်။
ရှီးလျန်မြို့တော် သခင်မ ဖြစ်လာသည့် ချန်ချင်သည် ယခင်ကလောက် နူးညံ့သိမ်မွေ့ခြင်း မရှိတော့ပေ။ အာဏာရှိသူ သခင်မတစ်ပါး အဖြစ် ကြောက်မက်ဖွယ် ကောင်းသူ တစ်ယောက် ဖြစ်နေခဲ့ပြီ။
ဆန်းလျန် စံအိမ်တော် အတွင်းသို့ ဝင်လာသည်ကို မြင်သည်နှင့် ချန်ချင်က အံ့အားသင့် သွားခဲ့လေသည်။ သူမ ဆင့်ခေါ်သည့်တိုင် ဆန်းလျန် ယခုကဲ့သို့ ရောက်လာ လိမ့်မည်ဟု မျှော်လင့် မထားခဲ့မိပေ။
သူမနှင့် ဆန်းလျန်၏ ဆက်ဆံရေးမှား သားအမိ ဆက်ဆံရေးနှင့် သိပ်မတူသည့် အတွက် ဆန်းလျန်သည် သူ့အပေါ်တွင် သိတတ်သည့် သားတစ်ယောက် ဖြစ်လိမ့်မည်ဟု သူမက ထင်မထားခဲ့ပေ။
သို့သော် သူမသည် သားငယ်ဖြစ်သည့် ဆန်းလျန်ကို တွေ့ရသည့် အခါတွင်တော့ ပျော်ရွှင် သွားမိလေသည်။
“သားလေးလျန်၊ တောင်ပေါ်မှာ လိုအပ်တာ ရှိရင်အကုန် အမေ့ကိုပြောနော်၊ လိုတာအကုန် စီစဉ်ပေးမယ်”
သူမက ဆန်းလျန်ကို သားလေးလျန်ဟု ယောင်ပြီး ခေါ်မိသွားခြင်း ဖြစ်လေသည်။ ခေါ်ပြီးသည်နှင့် သူမမှားသွားပြီကို ချက်ချင်း သိလိုက်လေသည်။ သို့သော် အခေါ်အဝေါ်နှင့် ပတ်သက်ပြီး ဆန်းလျန်၏ မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိပါ။ ထိုအခါမှသာ ချန်ချင်မှာ စိတ်သက်သာရာ ရသွားတော့သည်။
“နေ့တိုင်း အမေက တောင်ပေါ်ကို လူတွေလွှတ်ပြီး လိုမယ်ထင်တာတွေ ပို့ပေးနေတာ၊ ပစ္စည်းတွေတောင် အခန်းတစ်ခန်းနဲ့ ပြည့်နေပြီ၊ ပြီးတော့ အဲဒါတွေ ကျွန်တော်မှ မလိုတာ”
ဆန်းလျန်က ပြောလိုက်သည်။
ပြီးမှ သူက ချန်ချင်ကို စိုက်ကြည့်လိုက်ရင်း…
“အမေ၊ ခုရက်တွေမှာ အမေ ကျင့်စဉ်တွေ မကျင့်ဘူး မဟုတ်လား”
“အမေ့ အလုပ်တွေ များနေတာ၊ ကျင့်စဉ်ကျင့်ချိန် မရပါဘူးကွယ်”
ချန်ချင်က ပြန်ပြောလိုက်သည်။
ဆန်းလျန်က မည်သည့် စကားမှ ပြန်မပြောတော့ပါ။
ကျင့်စဉ်ကျင့်ကြံရန်အတွက် မည်သည့်ကိုမှ ဖိအားပေးရန် မလိုအပ်ပါ။ ချန်ချင် အနေဖြင့် ယင်အအေးဓာတ် စမ်းရေတွင်းမှ ရေကိုသောက်သုံးနေသမျှ ကာလပတ်လုံး အသက်ရှည်ပြီး ကျန်းမာနေမည် ဖြစ်လေသည်။ ထိုမျှဖြင့် ထိုမျှဖြင့်ပင် သူမအတွက် လုံလောက်နိုင်ပြီ ဖြစ်လေသည်။
“အမေက သားနဲ့ ဆွေးနွေးစရာ ကိစ္စနှစ်ခုလောက် ရှိလို့၊ တခြားသူတွေနဲ့လည်း တစ်ဆင့်ခံပြီး မပြောချင်ဘူးလေ၊ သားသိတဲ့အတိုင်း မြို့တော်က ခုမှ ပြန်တည်ဆောက် နေတော့ အလုပ်တွေကလည်း များတော့ သားဆီလာတွေ့ဖို့ ကလည်း မဖြစ်နိုင်၊ အဲဒါနဲ့ သားကိုပဲ လှမ်းခေါ် လိုက်ရတာပေါ့”
***