မက်မွန်ပန်းတွေပွင့်ပြီ
Vol. 5 Ch. 469
ဆန်းလျန်က ချန်ချင်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေလေသည်။ ထိုအကြည့်ကြောင့် ချန်ချင်မှာ စိတ်မသက်မသာ ဖြစ်မိသည်။
“အမေပြောမယ့် စကားကို သားက သိနေလို့လား”
သူမကမေးလိုက်သည်။
ဆန်းလျန်က နူးညံ့စွာ ရယ်မောလိုက်ရင်း…
“ဘာလဲ…၊ အမေက ကျွန်တော့်အတွက် ညီမလေးတစ်ယောက် မွေးပေးဖို့ စဉ်းစား နေတာမလား”
ချန်ချင်က သက်ပြင်း တစ်ချက်ချလိုက်ရင်း…
“အမေက သားကို ဆန့်ကျင်ပြီးဘာမှ မလုပ်ပါဘူး၊ သားက ရှီးလျန်မြို့တော်ရဲ့ သခင်တစ်ပါးဖြစ်လာချင်တယ်ဆိုရင် အမေဝမ်းသာမိမှာပါ၊ ဒါပေမဲ့ သားက အဲဒါမျိုးတွေကို စိတ်ဝင်စားတဲ့သူမှ မဟုတ်တာ”’
“အမေက ကျွန်တော့်အကြောင်း သိနေတာပဲ၊ ဘာလို့ ကျွန်တော့်ဆီက ခွင့်ပြုချက် တောင်းနေရတာလဲ၊ ညီမလေး ရလာမယ်ဆိုလည်း ကျွန်တော် ညီမလေးကို အတတ်နိုင်ဆုံး စောင့်ရှောက်မှာပါ”
ဆန်းလျန်၏စကားက ချန်ချင်၏ ရင်ထဲသို့ ထိရှ သွားလေသည်။ ဆန်းလျန်သည် အေးစက်ပုံ ရသည့်တိုင် နွေးထွေးသည့်နှလုံးသားကို ပိုင်ဆိုင်သူ တစ်ယောက် ဖြစ်လေသည်။
“ဒေါ်လေးအငယ်ကတော့ ကုန်သည်တွေနဲ့အတူ တာ့ရှားပြည်ကို ပါသွားတာဆိုတော့၊ သူ့ကိုရှာဖို့နည်းနည်း ခက်တယ်၊ ဒါပေမဲ့ ကျွန်တော်နည်းလမ်းရှာမှာပါ၊ အမေစိတ်မပူပါနဲ့၊ နောက်နှစ်လောက်ဆို သူ့ကိုပြန်ရှာတွေ့မှာပါ”
ချန်ချင်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…
“အမေလည်း အဲဒီကိစ္စ ပြောမလို့ပဲ…”
ဆန်းလျန်က ရယ်မောလိုက်ရင်း…
“ဒါဖြင့် အမေနောက်ထပ် ဘာပြောစရာ ရှိသေးလဲ…”
သူမပြောမည့် စကားများ အားလုံးကို ဆန်းလျန်က သိနေသည့် အတွက် ချန်ချင်မှာ အနည်းငယ် ရှက်သွားလေသည်။
သူမက ဆန်းလျန်နှင့် စကားစမြည် ပြောချင်သေးသည့်တိုင် မည်သည့် စကားပြောရမှန်း မသိတော့ပေ။
နောက်ဆုံးတွင်တော့…
“သားရောက်လာမှတော့ ရှီးလျန်မြို့တော်က ပြည်သူတွေ အေးအေးချမ်းချမ်း ရှိရဲ့လားဆိုတာ ကြည့်သွားဦးလေ”
ဟုသာ ပြောလိုက်မိတော့သည်။
“သူတို့က အမေ့အမိန့်အတိုင်း လိုက်နာကြတာပဲ မဟုတ်လား၊ ဒါနဲ့ ရှီးလျန်မြို့က ကျဉ်းလွန်းတယ်၊ အမေ နယ်မြေထပ်ချဲ့ဖို့ မစဉ်းစားမိဘူးလား”
ချန်ချင်ကအတန်ကြာတိတ်ဆိတ်နေပြီးမှ…
“ခဏတော့ စောင့်ပါဦး သားရယ်…”
ချန်ချင်မှာ ထက်မြက်သူတစ်ယောက် ဖြစ်လေသည်။ ရှီးလျန်မြို့တော်သည် ဆန်းလျန်နှင့် မည်သို့မျှ မတူညီကြောင်း သူမသိလေသည်။
စန်းကျူကျင့်စဉ်သည် လူတစ်ယောက်၏ စိတ်ထားကို ပြောင်းလဲစေနိုင်ပြီး အသိဉာဏ်ကို မြင့်မား စေလေသည်။
စန်းကျူကျင့်စဉ်ကြောင့် ပြောင်းလဲသွားသည့် လူတစ်ယောက်ကို မည်သူကမှ မတားဆီး နိုင်ပေ။
သူမသည် ဟန်ယင်း တဖြည်းဖြည်း ပြောင်းလဲ လာသည်ကိုလည်း သတိပြုမိလေသည်။ သူမသည် ညနေခင်းတိုင်းတွင် မြို့တံခါးထိပ်သို့ တက်ကာ နေဝင်ချိန်ကို ကြည့်နေတတ် လေသည်။ သူမကို ကြည့်ရသည်မှာ ရှီးလျန်မြို့ကို ကျော်လွန်သွားလျှင် မည်သည့် အရာများရှိသည်ကို သိချင်နေပုံ ရလေသည်။
ဟန်ယင်းသည် သိသိသာသာ ပြောင်းလဲ လာခဲ့လေသည်။ မြို့တံခါးသည် အလွန်မှ မြင့်မားပြီး သူမကတော့ မြို့တစ်ခါးထိပ်သို့ တစ်ခါခုန်လိုက်ရုံမျှဖြင့် တက်ရောက် သွားနိုင်လသည်။
သူမသည် ချန်ချင်ကဲ့သို့ ရှီးလျန်မြို့တော်၏ ကိစ္စများတွင် သိပ်ပြီး စိတ်ဝင်စားခြင်း မရှိပါ။ သူမက ကျင့်ကြံခြင်းကို အာရုံစူးစိုက်နေသည့် အတွက် တစ်နေ့တခြား စွမ်းအား မြင့်မား လာခဲ့လေသည်။
ဟန်ယင်းပင်ထိုသို့ ဖြစ်လာလျှင် စန်းကျူ ကျင့်စဉ်ကို ကျင့်ကြံကြသည့် စစ်သည်တော် မိန်းကလေးတိုင်း ဟန်းယင်းကဲ့သို့ပင် ခံစားကြမည် ဖြစ်လေသည်။ ထိုကျင့်စဉ်သည် အလွန်မှ အံ့သြဖွယ်ရာ ကျင့်စဉ်ဖြစ်လေသည်။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ချန်ချင်က ဆက်ပြောလိုက်သည်။
“သားလေးလျန်၊ ဟိုးအရင်တုန်းက လောကမှာ အလွန်လှပတဲ့ ပန်းတစ်ပွင့် ပွင့်ခဲ့ဖူးတယ်တဲ့၊ အဲဒီပန်းက ကောင်းကင်မှာ ပွင့်လန်းပြီး ခဏလေးနဲ့ ပျောက်သွားခဲ့တယ်၊ ဒါပေမဲ့ အဲဒီပန်းရဲ့ အလှတရားက မြင်လိုက်ရသူတိုင်းရဲ့ ရင်ထဲကို ထိရှစေတယ်၊ တစ်နေ့မှာ ရှီးလျန်မြို့တော် ပျက်စီးသွားခဲ့ရင်တောင်မှ အဲဒီပန်းလေးလို ဖြစ်စေချင်မိတယ်”
“ရှီးလျန်မြို့တော်က အမြဲတမ်းပွင့်လန်းနေမယ့် ပန်းတစ်ပွင့်ပါ အမေ၊ ဘယ်တော့မှ ပျောက်ကွယ် သွားမှာ မဟုတ်ပါ ဘူး၊ ကျွန်တော်ပြောတာကို ယုံနော်”
ဆန်းလျန်က နူးညံ့စွာဖြင့် ပြောလိုက်သည်။
တာ့ရှားပြည်နှင့် ယင်းစန်းဒေသ ရှိနေသေးသည်ကို ချန်ချင်သိထားလေသည်။
ရှီးလျန်သာ မြို့တော်လေး တစ်ခုအဖြစ်မှ အင်အားကြီးနိုင်ငံ တစ်ခုဖြစ်လာခဲ့လျှင် ထိုတိုင်းပြည်ကြီးများက ရှီးလျန်ကို မျက်စိကျလာမည်သာ ဖြစ်လေသည်။ မြက်ပင်လေးသည် မုန်တိုင်းထဲတွင် ရှင်သန်နိုင်သော်လည်း ခိုင်မာသည့် သစ်ပင်ကြီးကတော့ မုန်တိုင်းတိုက်လျှင် ပြိုလဲရလိမ့်မည်။
သို့သော် ချန်ချင်က သူမ၏အတွေးများကို ဆန်းလျန်ကို ပြောပြမနေတော့ပါ။ သူမ၏ သားငယ်သည် မိုးကောင်းကင်မှ ချီးမြှင့်သည့် ဆုလာဘ် ဖြစ်လေသည်။ သားငယ်တွင် ထူးခြားသည့် စွမ်းအားများ ပိုင်ဆိုင်ထားပြီး အခြားသူများအတွက် ခက်ခဲသည် ဆိုသည့် အလုပ်များသည် ထိုသားငယ်အတွက်တော့ လွယ်ကူလွန်းလှလေသည်။
အချိန်များက အကုန်မြန်လေသည်။
ရှီးလျန်မြို့တော်ကို ချန်ချင်သခင်မ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်မှာ အချိန် (၉)နှစ်ပင် ကြာသွားခဲ့ပြီ ဖြစ်လေသည်။
ကိုးနှစ်အတွင်းတွင် ရှီးလျန်မြို့တော်တွင် နေထိုင်သူများ၏ ဆယ်ပုံတစ်ပုံခန့်သည် စန်းကျူ ကျင့်စဉ်ကို ကျင့်ကြံ ခဲ့ကြလေသည်။
ထို့ထက်ပိုသည်မှာ ရှီးလျန်မြို့တော် သခင်မ၏ စံအိမ်တော်တွင် ထူးဆန်းသည့် ပရိတ်ရေရှိလေသည်။ ထိုပရိတ်ရေကို သောက်သုံးပါက ကျင့်စဉ်ကျင့်ကြံမှုသည် ငါးဆမှ ဆယ်ဆအထိ မြင့်တက် လာနိုင်လေသည်။
စန်းကျူကျင့်စဉ်ကို ကျင့်ကြံထားသူများသည် အခြားသော တိုင်းပြည်များ သို့လည်း သွားလာကြလေသည်။ သူတို့သည် မိန်းကလေးများ ဖြစ်သည့်တိုင် ယောကျ်ားလေးများထက်ပင် စွမ်းအား မြင့်မားကြလေသည်။ ကုန်သည်များက ထိုအချက်ကို ရိပ်မိကြလေသည်။ သူတို့က ကျင့်စဉ် ကျင့်ကြံထားသည့် မိန်းကလေးများသည် ယင်းစန်းဒေသမှ ကျင့်ကြံသူများနှင့် ဆင်တူသည်ကို သတိထားမိ ခဲ့ကြလေသည်။
သို့သော် ရှီးလျန်မြို့တော်မှာ ယင်းစန်းဒေသ၏ မြိုကတော် ဖြစ်သည့် ချောင်ကောမြို့တော်ကို တစ်ရာပုံပုံလျှင် တစ်ပုံပင် မမီနိုင်သေးပါ။ သို့သော် ရှီးလျန်ကဲ့သို့ ခြောက်သွေ့သည့် အစွန်အဖျား ဒေသတွင် ထိုမျှ မိုးမြေစွမ်းအားများကို စုစည်း ကျင့်ကြံနိုင်သည်မှာပင် ထူးခြားလွန်းလှပြီ ဖြစ်လေသည်။
ကုန်သည်များက အသိပညာကြွယ်ဝသူများ ဖြစ်ကြလေသည်။ သူတို့သည် ကမ္ဘာအရပ်ရပ်ကို လှည့်လည်နေသူများ ဖြစ်ကြပြီး ထူးဆန်းသည့် ဒဏ္ဍာရီ များစွာကို ကြားသိ ဖူးကြသူများ ဖြစ်လေသည်။
ထို့ကြောင့် ရှီးလျန်မြို့တော်သည် သူတို့အတွက် မထူးဆန်းပေ။
ဆန်းလျန်သည် ကျယ်ယန်း တောင်ထိပ်တွင် မတ်တတ် ရပ်နေလေသည်။ သူနောက်တွင် မက်မွန်ပင် တစ်ပင်ရှိနေပြီး မက်မွန်ပန်းများ ဝေေ၀ဆာဆာ ပွင့်လန်းလျက် ရှိလေသည်။
ဆန်းလျန်မှာ ကြီးပြင်းလာပြီ ဖြစ်ပြီး အသက်ကိုးနှစ် အရွယ်ရှိပြီ ဖြစ်သည့်တိုင် သူ၏ ပုံသဏ္ဍန်မှာ ဆယ့်သုံးနှစ် ဆယ့်လေးနှစ်အရွယ် လူငယ်လေး တစ်ယောက်နှင့် တူနေလေသည်။ သူက အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ညနေခင်း လေအေး တိုက်ခတ်သည့် အခါ သူဝတ်ဆင်ထားသည့် ဝတ်စုံသည် လေထဲတွင် လွင့်မျော နေလေသည်။ ပုဇွန်ဆီရောင် နေခြည်သည် ဆန်းလျန်၏ ကိုယ်ပေါ်သို့ ဖြာကျနေပြီး နတ်ဖန်ဆင်းသည့် ပန်းချီကား တစ်ချပ်အလား ကျက်သရေ ရှိလွန်းလှသည်။
သို့သော်… သူ၏ရုပ်ခန္ဓာသည် အရင်ဘဝက ဆန်းလျန်နှင့် မတူတော့ပါ။
မိခင်ဖြစ်သူ ချန်ချင်၏ မျက်နှာပေါက်မျိုးကို ပိုင်ဆိုင်ထားသည့် အတွက် သူ၏ အသွင်အပြင်မှာ ယခင်ဘဝကထက်ပင် ချောမောလှပပြီး နူးညံ့ လွန်းသေးသည်။ သူ၏ မျက်နှာလေးမှာ အပြစ်ပြောစရာ တစ်ချက်ပင် မရှိအောင် ပြည့်စုံ လှပလွန်းလှလေသည်။
ကိုးနှစ်အတွင်း…
မက်မွန်ပင်ကလည်း အပွင့်များဝေေ၀ဆာဆာ ပွင့်လန်းခဲ့ပြီ ဖြစ်လေသည်။ ဆန်းလျန်သည် ကျင့်ကြံမှုများကို ပြုလုပ်ခဲ့ပြီး သူ၏ယခင်ဘဝမှ မူလဝိညာဉ်ခန္ဓာ၏ ဆယ်ပုံတစ်ပုံသော စွမ်းအားများကို သူ၏ ရုပ်ခန္ဓာဖြင့် ပေါင်းစပ်နိုင်ခဲ့ပြီ ဖြစ်လေသည်။
အမှန်တော့ ပေါင်းစပ်နိုင်ခြင်းက ဆယ်ပုံတစ်ပုံဆိုသော်လည်း သူ၏ တန်ခိုးစွမ်းအား များကတော့ ယခင်ဘဝကကဲ့သို့ပင် မြင့်မားနေဆဲ ဖြစ်လေသည်။
ရှီးလျန်မြို့တော်သည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီ ဖြစ်လေသည်။
တာ့ရှီတိုင်းပြည်ကိုပင် ကောင်းကောင်း ယှဉ်ပြိုင်နိုင်လောက်အောင် အင်အား ကြီးမားလာပြီ ဖြစ်သည်။ တာ့ရှီတိုင်းပြည်ဆိုသည်က ရှီးလျန်မြို့တော် အနောက်ဘက်တွင် တည်ရှိပြီး ရှီးလျန်နှင့် တာ့ရှီကို လော်ဟယ်မြစ်က ပိုင်းခြား ပေးထားလေသည်။
ထိုအချိန်တွင် မက်မွန်သီး ခုနစ်လုံးတောင်မှ တာအိုဆရာ လျိုမုန့်တယ်သည် တာ့ရှီတိုင်းပြည်၏ တိုင်းပြည် အကြံပေး ပုဂ္ဂိုလ်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ပြဿနာက စတင်တော့သည်။
တာ့ရှီတိုင်းပြည်က ရှီးလျန်မြို့တော်မှ ပြည်သူ အနည်းငယ်ကို သတ်ဖြတ်လိုက်လေသည်။ ရှီးလျန်ကလည်း တာ့ရှီတိုင်းပြည်မှ မင်းမျိုးမင်းနွယ်တစ်ယောက်ကို ပြန်လည် သတ်ဖြတ် လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာရှိက ရှီးလျန်မှ မိန်းကလေး တစ်ယောက်ကို မထိတထိ စော်ကားသောကြောင့် ဖြစ်လေသည်။
အခြားတိုင်းပြည်များတွင် မိန်းကလေးများသည် ယောကျ်ားလေးများထက် နိမ့်ကျသည်ဟု အယူရှိကြလေသည်။ သို့သော် ရှီးလျန်မြို့တော်ကတော့ ထူးခြားလေသည်။ ရှီးလျန်မြို့တော်တွင် အင်အားကြီးမား သူများသည် မိန်းကလေးများသာ ဖြစ်ကြလေသည်။
သို့သော်… မင်းမျိုးမင်းနွယ် တစ်ယောက် အသတ်ခံလိုက်ရသည့် အတွက် တာ့ရှီတိုင်းပြည်သည် ဒေါသ အကြီးအကျယ် ထွက်လျက် ရှိလေသည်။ သာမန် မိန်းကလေး တစ်ယောက် အတွက်နှင့် မင်းမျိုးမင်းနွယ် တစ်ယောက် အသတ်ခံရသည်မှာ မတန်မရာ ဖြစ်သည်ဟု သူတို့က ခံစားနေရလေသည်။
ထို့ကြောင့် တာ့ရှီသည် ရှီးလျန်ကို ပညာပေးရန် ဆုံးဖြတ် လိုက်လေသည်။ သို့သော် တိုင်းပြည် အကြံပေးအရာရှိ လျိုမုန့်တယ်က ထိုသို့မပြုလုပ်ရန် တားဆီးလိုက်သည်။
သို့သော်… တားဆီးရသည့် အကြောင်းရင်းကိုတော့ သူက တာ့ရှီဧကရာဇ် တစ်ပါးတည်းကိုသာ ပြောကြားခဲ့လေသည်။ ထိုအခါတွင်တော့ တာ့ရှီဧကရာဇ်က နိုင်ငံတော် အကြံပေးကို ရှီးလျန်သို့သွားရန် စေလွှတ် လိုက်တော့သည်။
တာ့ရှီတိုင်းပြည် အကြံပေးအရာရှိ လျိုမုန့်တယ်သည် ရှီးလျန်မြို့တော်သို့ မသွားခဲ့ပါ။ သူက ကျယ်ယန်းတောင်သို့သာ သွားခဲ့လေသည်။ သူက ဆန်းလျန်ကို တွေ့ချင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်လေသည်။ ယခုတော့ တွေ့ဆုံရန် အခွင့်အရေးရခဲ့ပြီ။
နေရောင်သည် ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ အရှေ့ဆီမှ စတင်ထွန်းလင်းလာသည့် လမင်းကို မြင်တွေ့ရမည် ဖြစ်လေသည်။ လပြည့်ည ဖြစ်သည့်အပြင် ရာသီဥတုကလည်း သာသာယာယာ ရှိလေသည်။
လျိုမုန့်တယ်သည် ကျယ်ယန်းတောင်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်လေပြီ။
နေဝင်သွားပြီ ဖြစ်သော်လည်း အလင်းရောင်ကတော့ ရှိနေသေးသည်။ လပြည့်ဝန်းက ကောင်းကင်ထက်တွင် ထွန်းလင်းနေပြီး ကြယ်လေးများက မှိတ်တုပ်မှတ်တုပ် တောက်ပ နေလေသည်။ အချို့ကြယ်စင် များကတော့ လမင်း၏ အလင်းရောင်နှင့် ယှဉ်ပြိုင်ရန် ကြိုးစားနေကြလေသည်။ သို့သော်… သူတို့အနိုင်မရခဲ့ကြရှာပေ။
လျိုမုန့်တယ်သည် ဆန်းလျန်၏ မျက်ဝန်းများဖြင့် ရင်ဆိုင်လိုက်ရလေသည်။ သူ့ဘဝတွင် ထိုမျှ နက်ရှိုင်းသည့် မျက်ဝန်းများကို တစ်ခါမှ တွေ့ဆုံခဲ့ဖူးခြင်း မရှိပေ။ ထိုအကြည့်မျိုးကို စကားဖြင့်ဖော်ပြ၍ ရမည် မထင်ပေ။ ကိုယ်တိုင်ကြုံတွေ့မှသာ နားလည်နိုင်မည် ဖြစ်လေသည်။
သူ၏ဆရာတွင်ပင်လျှင် ထိုကဲ့သို့သောအကြည့်များမပိုင်ဆိုင်ထားခဲ့ပေ။
သို့သော်…. သူ့ရှေ့မှ ထူးခြားသည့် လူငယ်လေးသည် အသက်ဆယ့်သုံးနှစ် ဆယ့်လေးနှစ်ခန့် မျှသာ ရှိသေးသည်။
ဆန်းလျန်ကပြုံးလိုက်ရင်း…
“အရင်တစ်ခေါက်တုန်းက ခင်ဗျားစိုက်ခဲ့တဲ့ မက်မွန်ပင်က အခု မက်မွန်ပန်းတွေ ပွင့်နေပြီ၊ ကြည့်ပါဦး… ဘယ်လောက် လှလိုက်သလဲ”
လျိုမုန့်တယ်သည် ဆန်းလျန်ကို ချက်ချင်းပင် ဦးညွတ် လိုက်လေသည်။
“သင်က နတ်ဘုရားတစ်ပါး လူပြန်ဝင်စားတယ်ဆိုတာ ကျုပ်မရိပ်မိခဲ့ဘူး၊ ကျေးဇူးပြုပြီး သင့်ရဲ့ အရင်ဘဝက အကြောင်းများ ပြောပြနိုင်မလား”
***