အခန်း (၅၄၁-၅၄၃)
Vol. 37 Ch. 541-543
အခန်း (၅၄၁) လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော ဧရာမဝေလငါးကျင့်စဉ်နှင့် ဧရာမဝေလငါး နတ်ဘုရားသွေး။ (၃)
“အား... အား... အား...”
မီးလျှံကဲ့သို့ ပူပြင်းလှသော နတ်ဘုရားသွေးများသည် စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားပြီး သူ့အား အဖုံးပိတ်ထားသော မီးတောင်တစ်ခုကဲ့သို့ ဖြစ်သွားစေကာ စိတ်ခံစားချက်များမှာလည်း အလွန်အမင်း ကြမ်းတမ်းခက်ထန်လာတော့သည်။
သူသည် လက်သီးနှစ်ဖက်ကို မြှောက်ကာ လက်ချောင်းများကို တင်းတင်းဆုပ်ပြီးနောက် ထိုပေါက်ကွဲထွက်လုမတတ် စွမ်းအင်များကို မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ထိုးချလိုက်သည်။
“ဝုန်း...”
မိုင်အတော်ကြာ အကွာအဝေးအထိ ငလျင်လှုပ်သကဲ့သို့ မြေပြင်ကြီးမှာ အပြင်းအထန် တုန်ခါသွားလေ၏။ မြေပြင်အက်ကြောင်းများမှာ တရကြမ်း ပျံ့နှံ့သွားပြီး စူးချန်ခုန်း၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာလည်း ဟိန်းသံနှင့်အတူ ပြိုကျသွားကာ မီတာ တစ်ရာနီးပါး အကျယ်ရှိသော ကျင်းကြီးတစ်ခု ပေါ်လာသည်။ ကျောက်ခဲများနှင့် ဖုန်မှုန့်များမှာ ကောင်းကင်ယံသို့ လွင့်စင်ကုန်၏။
ငွေလမင်းတောင်အတွင်းရှိ ရေတွက်၍မရနိုင်သော တောရိုင်းတိရစ္ဆာန်များသည် ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ထိတ်လန့်တုန်လှုပ်သွားကြပြီး လွတ်ရာသို့ အရူးအမူး ထွက်ပြေးကြသည်။
ကျင်းကြီးအတွင်းတွင် သံရည်ပူကဲ့သို့ နီရဲနေသော အသားအရေနှင့် စူးချန်ခုန်းမှာ တိတ်တဆိတ် ရပ်နေ၏။ ဤအချိန်၌ သူသည် လူသားတစ်ယောက်နှင့် မတူတော့ဘဲ ရက်စက်ကြမ်းတမ်းသော သားရဲတစ်ကောင်၊ သို့မဟုတ် မိစ္ဆာသားရဲကြီးတစ်ကောင်နှင့် တူနေတော့သည်။
သူ၏ လှုပ်ရှားမှုတိုင်းတွင် ပါဝင်နေသော ခန္ဓာကိုယ်အင်အားမှာ ကြည့်ရှုသူများကို အံ့အားသင့်စေပြီး ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။
“ငါ့နှလုံးထဲက နတ်ဘုရားသွေးကို လှုံ့ဆော်လိုက်တာနဲ့... အဲဒီသွေးတွေက တစ်ကိုယ်လုံးကို စီးဆင်းသွားပြီး ငါ့ရဲ့ ခန္ဓာကိုယ်အင်အားဟာ မိစ္ဆာသားရဲတစ်ကောင်နဲ့ ယှဉ်နိုင်လာလိမ့်မယ်။ ဓား၊ လှံ စတဲ့ လက်နက်တွေကလည်း ငါ့ကို မထိုးဖောက်နိုင်သလို သာမန်တိုက်ခိုက်မှုတစ်ခုနဲ့တင် ငါ့လမ်းကြောင်းမှာရှိသမျှ အရာအားလုံးကို ချေမှုန်းပစ်နိုင်တယ်။”
စွမ်းအင်များကို ထုတ်လွှတ်ပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ အဆုံးမဲ့ခွန်အားကို ခံစားရင်း စူးချန်ခုန်း နားလည် သွားခဲ့လေသည်။
ဧရာမ မိစ္ဆာသားရဲတစ်ကောင်လုံးကို စားသုံးပြီးနောက် စူးချန်ခုန်း၏ ဧရာမဝေလငါးကျင့်စဉ်သည် ဒသမမြောက် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
သူသည် စစ်မှန်သော ဧရာမ ဝေလငါး သားရဲကို စိတ်ကူးပုံဖော်ကာ သူ၏နှလုံးထဲတွင် နတ်သားရဲ၏သွေးနှင့် အရည်အသွေးတူညီသော 'နတ်ဘုရားသွေး' အစုအဝေးတစ်ခုကို စုစည်းနိုင်ခဲ့သည်။ ၎င်းကို လှုံ့ဆော်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှာ မိစ္ဆာသားရဲကြီးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလာမည်ဖြစ်သည်။
ယခင်က တွေ့ကြုံခဲ့ရသော အကြေးခွံနက် ပုတ်သင်ညိုကြီးသည် ထိပ်တန်းပညာရှင် သုံးဦးနှင့် မွေးရာပါ အဆင့်ဆင့် ပညာရှင် ဆယ်ဂဏန်းကျော်ကို ၎င်း၏ သန်မာသော ခန္ဓာကိုယ်အားကိုသာ အားကိုးပြီး ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ စူးချန်ခုန်းသည် ထိုသို့သော သားရဲကြီးများနှင့် ယှဉ်နိုင်သော ခွန်အားရှိနေရုံသာမက သူသည် အသိဉာဏ်မရှိဘဲ ခွန်အားတစ်ခုတည်းသာ သုံးတတ်သည့် တိရစ္ဆာန်ကဲ့သို့လည်း မဟုတ်ပေ။ သူသည် ဓားသိုင်း၊ လက်သီးသိုင်းနှင့် မြှားအတတ်တို့တွင် ကျွမ်းကျင်သူဖြစ်ရာ သိုင်းပညာတတ်မြောက်သော မိစ္ဆာသားရဲကြီးတစ်ကောင်နှင့် တူနေတော့သည်။
ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။
“ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် တုန့်ယွမ်ခွမ်းကို ထိပ်တိုက်ရင်ဆိုင်ရရင်တောင် အကွက်အနည်းငယ်အတွင်းမှာပဲ သူ့ကို သတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်”
စူးချန်ခုန်းမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း စိတ်လှုပ်ရှားနေမိသည်။ ထိုမိစ္ဆာသားရဲကြီး သူ့အား ပေးစွမ်းခဲ့သော အကျိုးကျေးဇူးများမှာ အလွန်ကြီးမားလှသည်။ ယခင်က ထိပ်တန်းအဆင့်ရှိ တုန့်ယွမ်ခွမ်းကို ရင်ဆိုင်စဉ်က စူးချန်ခုန်းသည် အဝေးမှ မြှားပစ်ခြင်းဖြင့်သာ သတ်နိုင်ခဲ့သည်။ သို့သော် ယခုမူ အနီးကပ်တိုက်ခိုက်ရာတွင်ပင် သူ၏လက်ဗလာဖြင့် ထိုသူ၏ခေါင်းကို လိမ်ချိုးပစ်နိုင်ပြီဖြစ်သည်။
“ဒီအကွက်ကိုတော့... ဧရာမဝေလငါးခန္ဓာကိုယ် အကွက်လို့ ခေါ်ရမယ်”
စူးချန်ခုန်းမှာ သူ၏အကွက်အသစ်ကို အမည်တစ်ခု ပေးလိုက်သည်။ ဧရာမဝေလငါးခန္ဓာကိုယ် နည်းပညာကို အသုံးပြုလိုက်သည်နှင့် နှလုံးထဲရှိ 'နတ်ဘုရားသွေး' များမှာ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စီးဆင်းသွားပြီး ပင်လယ်နှင့် တောင်တန်းများကိုပင် တိမ်းမှောက်စေနိုင်သော ဧရာမဝေလငါးကြီးတစ်ကောင်ကဲ့သို့ စွမ်းအားများကို ထုတ်လွှတ်ပေးမည်ဖြစ်သည်။
“ဟူး...”
စူးချန်ခုန်းမှာ ရှူသွင်းထားသော လေများကို ပြန်ထုတ်လိုက်ပြီး သူ၏ နှလုံးခုန်သံနှင့် စိတ်ခံစားချက်များကို ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း အရှိန်အဟုန်နှင့် စီးဆင်းနေသော သွေးများနှင့် ချီစွမ်းအင်များမှာ တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားပြီး နတ်ဘုရားသွေးများမှာလည်း နှလုံးသားဆီသို့ ပြန်သွားခဲ့သည်။ စူးချန်ခုန်း၏ အသားအရေမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။
ထို့နောက်တွင် သူသည် အလွန်အမင်း ရေငတ်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းကို ခံစားလိုက်ရသည်။ ဧရာမဝေလငါး ခန္ဓာကိုယ် နည်းပညာသည် ခန္ဓာကိုယ်၏ စွမ်းအားကို အဆမတန် အားစိုက်ထုတ်ရခြင်း ဖြစ်သောကြောင့် အချိန်အကြာကြီး အသုံးပြုပါက သူ၏ ခန္ဓာကိုယ်ပင်လျှင် တောင့်ခံနိုင်မည်မဟုတ်ပေ။
“တကယ်လို့... ငါ့ခန္ဓာကိုယ်ထဲက သွေးအားလုံးသာ နတ်ဘုရားသွေးတွေအဖြစ် ပြောင်းလဲသွားရင် ငါက လူသားပုံသဏ္ဍာန်ရှိတဲ့ နတ်သားရဲကြီးတစ်ကောင်လို ဖြစ်မသွားဘူးလား”
စူးချန်ခုန်းသည် ဤအချက်ကို စဉ်းစားမိပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ နှလုံးသားထဲမှ သွေးအနည်းငယ်မျှ စုစည်းထားသော နတ်ဘုရားသွေးသည်ပင် ဤမျှ စွမ်းအားကြီးမားလျှင် သူ၏ သွေးအားလုံး ပြောင်းလဲသွားပါက အစစ်အမှန် နတ်သားရဲကြီးတစ်ကောင်ထက် မနိမ့်ကျသော အစွမ်းမျိုး ရှိလာမည်မှာ အသေအချာပင်။
သို့သော် လောလောဆယ်တွင် မဖြစ်နိုင်သေးပေ။ ထိုအဆင့်သို့ ရောက်ရန်အတွက် စူးချန်ခုန်းအနေဖြင့် အစစ်အမှန် နတ်သားရဲကြီးတစ်ကောင်ကို အရှင်လတ်လတ် စားသုံးရမည်ဖြစ်စေ သို့မဟုတ် မိစ္ဆာသားရဲကြီး အကောင်ပေါင်း ဒါဇင်နှင့်ချီ၍ စားသုံးရမည်ဖြစ်စေ သူ၏ ဧရာမဝေလငါးကျင့်စဉ်ကို ထပ်မံတိုးမြှင့်ရဦးမည်ဖြစ်သည်။
နတ်သားရဲကြီးများသည် မီးတောက်အင်ပါယာကြီးအတွင်း မျိုးသုဉ်းသွားသည်မှာ ကြာပြီဖြစ်ပြီး နှစ်ပေါင်းထောင်ချီမှ တစ်ခါသာ တွေ့ရတတ်သည့် ရှားပါးအရာများ ဖြစ်သည်။ ရှိနေစေဦးတော့ သိုင်းဝိဇ္ဇာ သူတော်စင်တစ်ဦးကိုပင် ကျဆုံးသွားစေနိုင်သော သတ္တဝါမျိုးဖြစ်ရာ စူးချန်ခုန်းအတွက် လောဘတက်စရာ အရာမျိုး မဟုတ်သေးပေ။ အကြေးခွံနက် ပုတ်သင်ညိုကြီးကဲ့သို့ မိစ္ဆာသားရဲများမှာလည်း တစ်နိုင်ငံလုံးကို ရှာဖွေလျှင်ပင် အကောင်ပေါင်းများစွာ တွေ့ရန်မှာ မလွယ်ကူလှပေ။
“ဒီခရီးစဉ်မှာ ငါထင်ထားတာထက် အများကြီး ပိုရခဲ့တာပဲ”
စူးချန်ခုန်း အလွန်ကျေနပ်နေ၏။ သူလာရသည့် ရည်ရွယ်ချက်မှာ တုန့်ယွမ်ခွမ်းနှင့် အခြားသူများကို လက်ဉီးအောင် အရင် ရှင်းလင်းရန် ဖြစ်သည်။ မူလချီစွမ်းအင် ၁၃ ခုကို ရခဲ့ရုံသာမက မိစ္ဆာသားရဲတစ်ကောင်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကာ သူ၏ကျင့်စဉ်ကို တိုးမြှင့်နိုင်ခဲ့သည်။ စူးချန်ခုန်း ခံစားမိသည်မှာ သူ၏လက်ရှိ အခြေအနေတွင် မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီးတစ်ဦးသာလျှင် သူနှင့် ယှဉ်နိုင်လိမ့်မည်ဟူ၍ပင်။
“ပြန်မယ်”
ထို့နောက်တွင် စူးချန်ခုန်းမှာ အချိန်ဆွဲမနေတော့ပေ။ သူသည် ပစ္စည်းများကို သိမ်းဆည်းပြီး ပြန်ရန် ပြင်ဆင်လိုက်သည်။ သူသည် ငွေလမင်းတောင်တွင် တစ်လကြာ အောင်းနေခဲ့တာ ဖြစ်သည်။
“အကြီးအကဲ စူး... ပြန်လာပြီပဲ”
ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်သောအခါ ဟေးလျန်ယွမ်နှင့် အခြားသူများသည် စူးချန်ခုန်းအား ဘေးကင်းစွာ တွေ့လိုက်ရသဖြင့် စိတ်သက်သာရာရသွားကြသည်။
“တုန့်ယွမ်ခွမ်းကို အပြစ်ပေးပြီးပြီ။ အရှေ့ကြယ်ဂိုဏ်းက ခြိမ်းခြောက်မှာကို စိတ်ပူစရာ မလိုတော့ဘူး”
စူးချန်ခုန်းက ဤသတင်းကို ပြောလိုက်သောအခါ အားလုံးမှာ အံ့အားသင့်သွားကြပြီး စိတ်ရှုပ်ထွေးသွားကြသည်။ တုန့်ယွမ်ခွမ်းသည် အရှေ့ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး အလွန်အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း စူးချန်ခုန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရလေပြီ။ အမှန်တော့ စူးချန်ခုန်းသည် အသက် သုံးဆယ်ပင် မပြည့်သေးသည့် လူငယ်တစ်ဦးသာ ဖြစ်သည်။ စူးချန်ခုန်းက အေးအေးဆေးဆေး ပြောပြနေသော်လည်း ငွေလမင်းတောင်တွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့မည်မှာ အသေအချာပင်။
“အကြီးအကဲစူးက...သိုင်းဝိဇ္ဇာသူတော်စင်တစ်ယောက် ဖြစ်လာမယ့် အရည်အချင်းရှိတာပဲ။ အနည်းဆုံးတော့ မူလဓာတ်ငါးပါး သိုင်းပညာရှင် တစ်ယောက် ဖြစ်လာလိမ့်မယ်”
ဟေးလျန်ယွမ်မှာ ရင်ထဲ၌ သက်ပြင်းချလိုက်မိသည်။ စူးချန်ခုန်းက နောင်အနာဂတ်တွင် အောင်မြင်လာမည်ကို မည်သူမျှ သံသယဝင်ကြမည်မဟုတ်ပေ။ မူလဓာတ်ငါးပါး သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန်မှာ အနှေးနှင့်အမြန်သာ ဖြစ်သည်ဟု သူတို့အားလုံး ယုံကြည်နေကြလေတော့သည်။
အခန်း (၅၄၂) လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော ဧရာမဝေလငါးကျင့်စဉ်နှင့် ဧရာမဝေလငါး နတ်ဘုရားသွေး။ (၄)
အကယ်၍ ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားမျိုးစေ့ကို ရရှိခဲ့ပါက သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ဖြစ်လာနိုင်သည့် အခွင့်အလမ်းပင် ရှိပေသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် မဟာမီးလျှံအင်ပါယာကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသူများ ဖြစ်ကြသည်။ နက်နဲသိမ်မွေ့ပြီး သာမန်လူများ နားမလည်နိုင်သော အဆင့်အတန်းတွင် ရှိနေကြသူများ ဖြစ်သည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်သောအခါ အရာအားလုံးမှာ ယခင်အတိုင်း တည်ငြိမ်နေ၏။
“ထန်းမင်ဆီမှာ မှာထားတဲ့ အဆင့်မြင့် ဝိညာဉ်ဆေးလုံး ဘယ်လိုအခြေအနေရှိလဲဆိုတာ သိရအောင် ချင်းယွမ် အဆောင်ကို သွားကြည့်ရမယ်။”
သုံးရက်ကြာပြီးနောက် စူးချန်ခုန်းသည် ဖေးယွမ်မြို့သို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ အဆင့်မြင့် ဝိညာဉ်ဆေးလုံးများကို ချင်းယွမ်ဂိုဏ်းအတွင်းရှိ အဂ္ဂိရတ်ဆရာကြီးများကသာ ဖော်စပ်နိုင်တာဖြစ်ပြီး ဂိုဏ်းအတွင်းရှိ မူလနယ်ပယ် သိုင်းပညာရှင်များပင်လျှင် လွယ်လွယ်ကူကူ ရရှိနိုင်ရန် ခဲယဉ်းလှရာ အပြင်လူများအတွက်မူ ပြောနေရန်ပင် မလိုတော့ပေ။
စူးချန်ခုန်းသည် သူကိုယ်တိုင် သုတေသနပြုလုပ်ရန်အတွက် အဆင့်မြင့် ဝိညာဉ်ဆေးလုံးများကို ဝယ်ယူလိုခြင်း ဖြစ်သည်။ ဆေးလုံးကို ကြည့်ရုံဖြင့် ဆေးဖော်နည်းကို ရှာဖွေဖော်ထုတ်ရန်မှာ အလွန်ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်မှန်း သိသော်လည်း သူ ကြိုးစားကြည့်ချင်ပါသည်။
ဖေးယွမ်မြို့တွင် စူးချန်ခုန်းသည် အေးစက်ပြီး တစ်ကိုယ်တည်းနေတတ်သော ဓားသမား 'တာ့ဝူဖုန်း' အဖြစ် ရုပ်ဖျက်ကာ ချင်းယွမ် အဆောင်ရှေ့တွင် ပေါ်လာခဲ့သည်။
“စီနီယာတာ့... အထဲကို ကြွပါခင်ဗျ”
ချင်းယွမ်အဆောင်၏ ဒုတိယထပ်ရှိ အထူးဧည့်ခန်းတွင် စူးချန်ခုန်း ခဏမျှ စောင့်ဆိုင်းနေစဉ် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။ ရောက်လာသူမှာ ထန်းမင် ဖြစ်သည်။
“ဟင်...”
သို့သော် စူးချန်ခုန်းမှာ မျက်မှောင် အနည်းငယ် ကြုတ်သွားမိသည်။ အကြောင်းမှာ ထန်းမင်တစ်ယောက်တည်း ရောက်လာခြင်းမဟုတ်ဘဲ အခြားတစ်ယောက်၏ ခြေသံကိုပါ ကြားလိုက်ရသောကြောင့် ဖြစ်သည်။
မကြာမီ ထန်းမင်နှင့်အတူ အမည်မသိ လူတစ်ယောက် ချင်းယွမ် အဆောင်အတွင်းသို့ ဝင်လာကြသည်။ ထိုသူမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ခန့်ညားထည်ဝါပြီး သာမန်ထက် ထူးခြားသော အသွင်အပြင် ရှိသော်လည်း သူ၏ မျက်ခုံးများတွင်မူ အဆင့်မြင့် ရာထူးနေရာကို ပိုင်ဆိုင်ထားသူတစ်ဦး၏ အရှိန်အဝါများ ရှိနေသည်။
ထန်းမင်မှာ ထိုအဖြူရောင်ဝတ်စုံနှင့် လူ၏အနားတွင် အလွန် ရိုသေကိုင်းညွတ်နေပုံရရာ ထိုသူ၏ အဆင့်အတန်းမှာ သာမန်မဟုတ်ကြောင်း သိသာလှသည်။
စူးချန်ခုန်းမှာ ထိုင်ခုံပေါ်တွင် မည်သည့် ခံစားချက်မျှ မပြဘဲ ထိုင်နေကာ ထရပ်ခြင်း သို့မဟုတ် စကားပြောခြင်းမျိုး မလုပ်ခဲ့ပေ။
ထန်းမင်က အလျင်အမြန်ပင် “ညီလေးတာ့... ဒါက အစ်ကိုတို့ ချင်းယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ချင်းဝမ်ယွီပါ” ဟု မိတ်ဆက်ပေးလိုက်သည်။
စူးချန်ခုန်းမှာ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။ ထိုလူမှာ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်ဟု သူ သိသော်လည်း ချင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ ချင်းဝမ်ယွီသည် ပထမတန်းစား သိုင်းပညာဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ရာ ဟေးလျန်ယွမ်နှင့် နှိုင်းယှဉ်၍ မရနိုင်သလို ယခင်က တုန့်ယွမ်ခွမ်းနှင့်ပင် တန်းတူထား၍ မရပေ။
ရှေးကျသော အမွေအနှစ်နှင့် နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိသည့် ချင်းယွမ်ဂိုဏ်းသည် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသော ချင်းယွမ်တောင်ကို သိမ်းပိုက်ထားခြင်းဖြစ်ပြီး ဂိုဏ်းချုပ် ချင်းဝမ်ယွီမှာလည်း ပြည်နယ်တစ်ခုလုံးက ရိုသေလေးစားရသော သိုင်းပညာရှင်ကြီး တစ်ဦး ဖြစ်သည်။
ထိုသူ ဤနေရာတွင် ရှိနေခြင်းမှာ သူ့အား စောင့်ဆိုင်းနေတာ ဖြစ်ကြောင်း သိသာပါသည်။
“ထန်းမင်... မင်းသွားလို့ ရပြီ” အဖြူရောင်ဝတ်စုံနှင့် ချင်းဝမ်ယွီက ထန်းမင်ကို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ” ထန်းမင်က ရိုသေစွာ ပြန်ပြောပြီး အခန်းထဲမှ ထွက်ကာ တံခါးကို ပိတ်သွားခဲ့သည်။
ချင်းဝမ်ယွီသည် စူးချန်ခုန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ညင်သာစွာ ပြောလေ၏။ “အစ်ကိုက ချင်းဝမ်ယွီပါ။ ညီလေးတာ့နဲ့ တွေ့ချင်နေတာ ကြာပါပြီ။ ဒီနေ့တော့ အချိန်ရသွားတာနဲ့ လာခဲ့တာ။”
ချင်းဝမ်ယွီသည် စူးချန်ခုန်းကို ကြည့်ရင်း စိတ်ထဲတွင် အံ့အားသင့်နေမိသည်။ “ဒီတာ့ဝူဖုန်းဆိုတဲ့သူဆီက ဘာအရှိန်အဝါမှ ထွက်မနေဘူး... ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်။ ဒါပေမဲ့ သူက ဓားအိမ်ထဲမှာ သိမ်းထားတဲ့ ရတနာဓားတစ်လက်လိုပဲ။ တကယ့်ကို ထူးခြားတဲ့ သိုင်းပညာရှင်ပဲ ဖြစ်ရမယ်”
လိပ်အသက်ရှူနည်းပညာ ဒသမအဆင့်သို့ ရောက်နေပြီ ဖြစ်သောကြောင့် စူးချန်ခုန်းသည် သူ၏ အရှိန်အဝါများကို ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်သည်။ သူ ကိုယ်တိုင် အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်း မပြုသရွေ့ မိစ္ဆာနတ်ဆိုးတောင်မှ သူ၏ သိုင်းအဆင့်ကို မသိနိုင်ပေ။
ချင်းဝမ်ယွီမှာ စူးချန်ခုန်း၏ စွမ်းရည်အစစ်အမှန်ကို မသိနိုင်သော်လည်း သိုင်းပညာရှင်တစ်ဦး၏ အာရုံခံစားမှုအရ စူးချန်ခုန်းမှာ သူနှင့် အဆင့်တူ သို့မဟုတ် ထို့ထက်ပင် မြင့်သော ထူးခြားသည့် သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း သေချာနေသည်။
“ဂိုဏ်းချုပ်ချင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော့်ကို တစ်ခုခု ပြောစရာရှိလို့လား” စူးချန်ခုန်းက ချင်းဝမ်ယွီကို တည်ငြိမ်စွာ ကြည့်ရင်း မေးလိုက်သည်။
ချင်းဝမ်ယွီကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သူအလိုရှိပါက သူ့အား စောစောစီးစီး တွေ့နိုင်ကြောင်း သူ ကောင်းကောင်းသိသည်။ ယခု ချင်းယွမ် အဆောင်တွင် သူရှိနေတာက ဆွေးနွေးစရာ ကိစ္စတစ်ခုခု ရှိနေ၍သာ ဖြစ်ရမည်။
“ညီလေးက အဆင့်မြင့် ဝိညာဉ်ဆေးလုံးတွေရဲ့ ဆေးဖော်နည်းတွေကို လိုက်ရှာနေတယ်လို့ ထန်းမင်ဆီက ကြားတယ်”
ချင်းဝမ်ယွီက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်။ ဤအချက်မှာ စူးချန်ခုန်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူသည် ကောင်းကင်ပန်းပွင့်နယ်ပယ်အဆင့်တက်လှမ်းရန် သင့်တော်သော ဝိညာဉ်ဆေးလုံးများ၏ ဆေးဖော်နည်းများကို ရှာဖွေနေတာ ဖြစ်သည်။ ထန်းမင်ကမူ ထိုအရာများကို မည်သူမျှ ရောင်းမည်မဟုတ်ကြောင်း တိုက်ရိုက် ငြင်းဆိုခဲ့ဖူးသည်။
စူးချန်ခုန်းအနေဖြင့် မူလချီစွမ်းအင်များစွာ ပေးမည်ဟု ဆိုလျှင်ပင် ချင်းယွမ်ဂိုဏ်းသည် သူတို့၏ အဖိုးတန်လှသော ဆေးဖော်နည်းကို ရောင်းချပြီး မိမိတို့၏ အခြေခံကို ဖျက်ဆီးမည်မဟုတ်ပေ။ သို့သော် ယခုအခါ ချင်းဝမ်ယွီ ကိုယ်တိုင် ထိုကိစ္စကို စပြောလာခြင်းမှာ အခြေအနေများ ပြောင်းလဲသွားနိုင်ကြောင်း ဖော်ပြနေသည်။
“အင်း...”
သို့သော် စူးချန်ခုန်းမှာ ခပ်အေးအေးပင် ခေါင်းငြိမ့်ပြလိုက်သည်။ သူက ပိုပြီး စိတ်အားထက်သန်နေပုံ ပြလေလေ အခြားသူက သူ့အပေါ် အသာစီးရယူရန် ကြိုးစားလေလေ ဖြစ်မည်ကို သူသိသည်။
ချင်းဝမ်ယွီက မဆိုင်းမတွပင် “ညီလေးတာ့... အဆင့်မြင့် ဝိညာဉ်ဆေးလုံးရဲ့ ဆေးဖော်နည်းကို ငွေကြေးတစ်ခုတည်းနဲ့ ဝယ်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီဆေးဖော်နည်းကို ရရှိနိုင်မယ့် အခွင့်အရေးတစ်ခု ရှိလာပြီ...”
“ဂိုဏ်းချုပ်ချင်း... ပွင့်ပွင့်လင်းလင်းပဲ ပြောပါ။ အဆင့်မြင့် ဝိညာဉ်ဆေးလုံးရဲ့ ဆေးဖော်နည်းဆိုတာ အရမ်း အဖိုးတန်ပါတယ်။ အဲဒါကို ရဖို့အတွက် ကျွန်တော် ဘာပြန်ပေးရမှာလဲ” စူးချန်ခုန်းက လိုရင်းကို တိုက်ရိုက်မေးလိုက်သည်။ ဆေးဖော်နည်းမှာ လွယ်လွယ်ကူကူ ရလိမ့်မည်မဟုတ်ကြောင်း သူ ကောင်းကောင်း သိပါသည်။
ချင်းဝမ်ယွီက လေးနက်သော လေသံဖြင့်“ဒါဆိုရင်လည်း ဒဲ့ပဲ ပြောပါ့မယ်။ အစ်ကို့ရဲ့ မိတ်ဆွေတစ်ယောက်က ဓားပြအဖွဲ့တစ်ဖွဲ့ကို နှိမ်နင်းဖို့အတွက် သိုင်းပညာရှင်တချို့ကို စုစည်းဖို့ လိုအပ်နေတာ။ တကယ်လို့ ညီလေးတာ့သာ ဝင်ကူညီမယ်ဆိုရင် အစ်ကိုမိတ်ဆွေက အဆင့်မြင့် ဝိညာဉ်ဆေးလုံး ဆေးဖော်နည်းကို ကိုယ်တိုင် ပေးပါလိမ့်မယ်။”
“ဓားပြအဖွဲ့ကို နှိမ်နင်းဖို့ ဟုတ်လား။ သူတို့ရဲ့ အင်အားက ဘယ်လောက်တောင် ရှိလို့လဲ” စူးချန်ခုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
အဆင့်မြင့် ဆေးဖော်နည်းကို ပေးနိုင်သော ချင်းဝမ်ယွီ၏ မိတ်ဆွေမှာ သာမန်လူ မဖြစ်နိုင်သလို သူတို့ နှိမ်နင်းလိုသော ဓားပြအဖွဲ့မှာလည်း အလွန်ပင် ဒုက္ခပေးနေသော အဖွဲ့ဖြစ်မည်မှာ သေချာပါသည်။
ချင်းဝမ်ယွီက စူးချန်ခုန်း ပါဝင်လာစေရန်အတွက် သတင်းအချက်အလက် အချို့ကို ထုတ်ဖော်ပြောပြရန် လိုအပ်ကြောင်း သိလေသည်။
“အသက်ခြွေအဖွဲ့အစည်း” ဟု ချင်းဝမ်ယွီက ထိုစကားကို ဖြည်းညှင်းစွာ ပြောလိုက်သည်။
“အသက်ခြွေအဖွဲ့အစည်းလား” စူးချန်ခုန်း ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။
သူသည် အသက်ခြွေအဖွဲ့အစည်းနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ ၎င်းမှာ မဟာမီးလျှံအင်ပါယာကြီးအတွင်းရှိ အဆိုးရွားဆုံးသော မိစ္ဆာသိုင်းပညာရှင် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး စူးချန်ခုန်းနှင့်လည်း ယခင်က ချီနဂါးခန်းမတွင် ရန်ညိုးဟောင်းများ ရှိခဲ့ဖူးသည်။ မကြာသေးမီကပင် စူးချန်ခုန်းသည် ရန်ငြိုးဟောင်းများကြောင့်နှင့် ဟုန်းကျန့်ရှန့်၏ အခြေအနေကို သိလိုသဖြင့် အသက်ခြွေအဖွဲ့ချုပ်၏ ဂိုဏ်းခွဲတစ်ခုသို့ သွားရောက်ခဲ့ကာ မိစ္ဆာသိုင်းပညာရှင်များကို သုတ်သင်ခဲ့ဖူးသည်။
အခန်း (၅၄၃) လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော ဧရာမဝေလငါးကျင့်စဉ်နှင့် ဧရာမဝေလငါး နတ်ဘုရားသွေး။ (၅)
ယခုအခါ ချင်းဝမ်ယွီ ပြောပြချက်အရ သူ၏ မိတ်ဆွေမှာ သာမန်လူတစ်ယောက် မဟုတ်ဘဲ အသက်ခြွေအဖွဲ့အစည်းကို အရေးယူဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိလိုက်ရသည်။
“အသက်ခြွေအဖွဲ့အစည်းက ပြီးခဲ့တဲ့ ရာစုနှစ်အတွင်းမှာ မိစ္ဆာသိုင်းပညာရှင်တွေရဲ့ အင်အားစုတစ်ခုအနေနဲ့ ထွန်းကားလာခဲ့တာ။ သူတို့ဟာ အရမ်းကိုမှ ရက်စက်ပြီး ယုတ်မာတဲ့ လူတစ်စုပဲ။ အစ်ကို့ရဲ့ မိတ်ဆွေက မိစ္ဆာနှိမ်နင်းရေး ဌာနက ဖြစ်ပြီးတော့ သူက အဲဒီအဖွဲ့ရဲ့ ဂိုဏ်းခွဲတစ်ခုနဲ့ အသက်ခြွေအဖွဲ့ချုပ်ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုပါ ရှာတွေ့ထားတယ်။ အခု သူက အဲဒီဂိုဏ်းခွဲကို ခြေမှုန်းဖို့ ပြင်ဆင်နေတာ။”
ချင်းဝမ်ယွီက သတင်းအချို့ကို ပြောပြလိုက်သည်။
“မိစ္ဆာနှိမ်နင်းရေးဌာနက လူတစ်ယောက် ဟုတ်လား။ သူက အသက်ခြွေအဖွဲ့ချုပ်ရဲ့ ဂိုဏ်းခွဲတစ်ခုကို တိုက်ခိုက်တော့မှာပေါ့”
စူးချန်ခုန်းမှာ အံ့အားသင့်သွားလေ၏။ မိစ္ဆာနှိမ်နင်းရေး ဌာနသည် မဟာမီးလျှံအင်ပါယာကြီး၏ အကျိုးအတွက် မိစ္ဆာနတ်ဆိုးများနှင့် မိစ္ဆာသိုင်းပညာရှင်များကို ကိုင်တွယ်ဖြေရှင်းပေးရသော ဌာနဖြစ်သည်။ ယခုအခါ ထိုဌာနမှ သိုင်းပညာရှင်တစ်ဦးက အသက်ခြွေအဖွဲ့ချုပ်၏ ဂိုဏ်းခွဲတစ်ခုကို တိုက်ခိုက်တော့မည် ဖြစ်သည်။
ယင်းမှာ စူးချန်ခုန်း ယခင်က ရှာဖွေတွေ့ရှိခဲ့သော ဂိုဏ်းခွဲ ဖြစ်နိုင်ခြေမရှိပေ။ အကြောင်းမှာ ထိုဂိုဏ်းခွဲမှာ သေးငယ်ပြီး မိစ္ဆာနှိမ်နင်းရေးဌာနမှ အခြားသိုင်းပညာရှင်များ၏ အကူအညီကို ရယူရန် မလိုအပ်သောကြောင့် ဖြစ်သည်။ ထို့အပြင် စူးချန်ခုန်းက ဖုန်းရိယွဲ့ကို သတ်ပြီးနောက် ထိုဂိုဏ်းခွဲရှိ အခြား မိစ္ဆာသိုင်းပညာရှင်များသည်လည်း သူတို့နေရာ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း သိသွားကြမည်ဖြစ်ရာ ထိုနေရာမှာ လူသူကင်းမဲ့နေလောက်ပြီ ဖြစ်သည်။
စူးချန်ခုန်းက သူ၏ သံသယကို မေးထုတ်လိုက်သည်။ “သူက မိစ္ဆာနှိမ်နင်းရေးဌာနကဆိုရင် ဘာလို့ အပြင်လူတွေကို အကူအညီတောင်းနေရတာလဲ”
ဤအချက်မှာ စူးချန်ခုန်းကို ဇဝေဇဝါ ဖြစ်စေသည်။ မိစ္ဆာနှိမ်နင်းရေးဌာနသည် နိုင်ငံတော်၏ ဌာနတစ်ခု ဖြစ်သည့်အတွက် သိုင်းပညာရှင်များစွာ စုဝေးရာနေရာ ဖြစ်သည်မှာ အသေအချာပင်။ သို့သော် ထိုဌာနမှ လူသည် သိုင်းလောကမှ ပညာရှင်များကို အကူအညီတောင်းခံလိုနေသည်။ သူသည် ချင်းဝမ်ယွီကိုသာမက အခြားသူများကိုပါ စုဆောင်းလိုနေခြင်း ဖြစ်သောကြောင့် စူးချန်ခုန်းနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံကာ တာဝန်တွင် ပါဝင်ရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။
ချင်းဝမ်ယွီက သက်ပြင်းချရင်း “အကြောင်းကတော့ ဒါက အစ်ကို့မိတ်ဆွေရဲ့ ပုဂ္ဂိုလ်ရေးရာကိစ္စ ဖြစ်နေလို့ပဲ... ဒါ့အပြင် မိစ္ဆာနှိမ်နင်းရေး ဌာနကလည်း အသက်ခြွေအဖွဲ့ချုပ်နဲ့ တိုက်ရိုက် စစ်မဖြစ်ချင်ကြဘူး။ ဒါကြောင့် အစ်ကို့ရဲ့မိတ်ဆွေက ဒီကိစ္စကို သူ့ဘာသာသူ ကိုင်တွယ်နေရတာပဲ”
“မိစ္ဆာနှိမ်နင်းရေး ဌာနက အသက်ခြွေအဖွဲ့ချုပ်နဲ့ စစ်မဖြစ်ချင်ဘူး ဟုတ်လား”
ဤစကားကို ကြားသောအခါ စူးချန်ခုန်းမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း နားလည်ပေးနိုင်ပါသည်။ အသက်ခြွေအဖွဲ့ချုပ်တွင် အမည်မသိ မိစ္ဆာသိုင်းပညာရှင် အများအပြား ရှိနေပြီး အင်အား အလွန်တောင့်တင်းသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အကယ်၍ အသက်ခြွေအဖွဲ့ချုပ်နှင့် အပြည့်အဝ စစ်ပွဲဖြစ်ပွားပါက မဟာမီးလျှံအင်ပါယာကြီး တစ်ဝန်းလုံးရှိ အဖွဲ့ဝင်များမှာ သောင်းကျန်းကြမည်ဖြစ်ပြီး ထိုမှ ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုမှာ ခန့်မှန်း၍ပင် မရနိုင်ပေ။
ထို့ကြောင့် မိစ္ဆာနှိမ်နင်းရေး ဌာနသည် အဖွဲ့အစည်းမရှိသော၊ အင်အားမရှိသော မိစ္ဆာနတ်ဆိုးများကိုသာ လိုက်လံနှိမ်နင်းပြီး ဟန်ချက်ညီအောင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ချင်းဝမ်ယွီ၏ မိတ်ဆွေမှာလည်း မိစ္ဆာနှိမ်နင်းရေး ဌာနတွင် ရာထူးကြီးသော်လည်း အသက်ခြွေအဖွဲ့ချုပ်၏ ဂိုဏ်းခွဲကို တိုက်ခိုက်လိုခြင်းမှာ သူ၏ ပုဂ္ဂိုလ်ရေးရာကိစ္စသာ ဖြစ်သဖြင့် ဌာနချုပ်က သူ့ကို ကူညီမည်မဟုတ်ပေ။
ထိုသိုင်းပညာရှင်ကြီးက ဌာနချုပ်၏ အကူအညီမရရှိဘဲ အဘယ်ကြောင့် အသက်ခြွေအဖွဲ့အစည်းကို တိုက်ခိုက်ရန် ပြင်ပအင်အားစုများကို အသုံးပြုလိုရသနည်းဟူသော အချက်မှာမူ စူးချန်ခုန်း မသိနိုင်သော ကိစ္စဖြစ်သည်။
ချင်းဝမ်ယွီက လေးနက်စွာ ပြောလိုက်သည်။ “ညီလေးတာ့... အသက်ခြွေအဖွဲ့ချုပ်က ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ။ သူတို့ကို သတ်ဖြတ်တာဟာ ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဖော်ဆောင်တာပဲ။ တကယ်လို့ ညီလေးသာ ဒီတာဝန်မှာ ပါဝင်မယ်ဆိုရင် အဆင့်မြင့် ဝိညာဉ်ဆေးလုံး ဆေးဖော်နည်းကို ကိုယ်တိုင်ပေးပါ့မယ်”
စူးချန်ခုန်းမှာ စိတ်လှုပ်ရှားသွားသည်မှာ အမှန်ပင်။ သူသည် အဆင့်မြင့် ဝိညာဉ်ဆေးလုံး ဆေးဖော်နည်းကို အလွန်လိုအပ်နေသည်။ ထို့အပြင် သူ၏လက်ထဲတွင် နတ်ဆိုးအမြုတေများလည်း အများကြီး မကျန်တော့ပေ။ မိစ္ဆာသိုင်းပညာရှင်များကို သတ်ဖြတ်ခြင်းဖြင့် အမြုတေများ ရနိုင်ရုံသာမက အကယ်၍ သူတို့က မူလနယ်ပယ်အဆင့်ရှိသူများ ဖြစ်ပါက မူလချီစွမ်းအင်များကိုပါ ရိတ်သိမ်းနိုင်မည် ဖြစ်သည်။
စူးချန်ခုန်းက မေးလိုက်သည်။ “မိစ္ဆာသိုင်းပညာရှင်တွေနဲ့ ပတ်သက်ပြီး... ကျွန်တော် သိသလောက်ဆိုရင် သူတို့ တစ်ယောက်ချင်းစီက မသေနိုင်သလိုပဲ။ ဆန်းကြယ်တဲ့ မိစ္ဆာအတတ်တွေကို သုံးတတ်ကြပြီး အရမ်း စွမ်းအားကြီးကြတယ်။ ခင်ဗျားရဲ့ မိတ်ဆွေက လူတစ်စုကို စုစည်းရုံနဲ့ မိစ္ဆာသိုင်းပညာရှင် အများကြီး ရှိနေတဲ့ အသက်ခြွေအဖွဲ့ချုပ်ရဲ့ ဂိုဏ်းခွဲကို ဝင်တိုက်ဖို့ အစွမ်းအစ ရှိလို့လား”
ယခင်က စူးချန်ခုန်းသည် အသက်ခြွေအဖွဲ့ချုပ်၏ ဂိုဏ်းခွဲတစ်ခုကို တွေ့ရှိခဲ့စဉ်ကပင် တိုက်ရိုက် မတိုက်ခိုက်ရဲခဲ့ပေ။ ထိုအစား ဖုန်းရိယွဲ့ အပြင်ထွက်လာချိန်ကို စောင့်ဆိုင်းပြီးမှ လမ်းခုလတ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ချင်းဝမ်ယွီ၏ မိတ်ဆွေမှာမူ ဂိုဏ်းခွဲတစ်ခုလုံးကို တိုက်ရိုက်အမြစ်ပြတ်ခြေမှုန်းရန် ပြင်ဆင်နေခြင်း ဖြစ်ရာ အခက်အခဲအဆင့်ချင်း ကွာခြားလှသည်။
ချင်းဝမ်ယွီက ယုံကြည်မှုအပြည့်ဖြင့် ဆိုလေ၏။ “ညီလေးတာ့ စိတ်ချပါ။ အစ်ကို့ရဲ့ မိတ်ဆွေက... မိစ္ဆာနှိမ်နင်းရေး ဌာနမှာ အဆင့်သုံးအတွင်း ဝင်တဲ့ မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီး တစ်ဦးပဲ။ သူက ထိပ်တန်းအဆင့်ကို ရောက်ရှိနေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သလို သူ့ရဲ့အဆင့်အတန်းနဲ့ အဆက်အသွယ်တွေကလည်း အရမ်းကျယ်ပြန့်တယ်။ သူ ဖိတ်ခေါ်ထားတဲ့ အကူအညီတွေကလည်း ထိပ်တန်းအဆင့် သိုင်းပညာရှင်တွေချည်းပဲ”
“မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီး..ဟုတ်လား” စူးချန်ခုန်းမှာ အံ့အားသင့်သွားမိသည်။
မူလဓာတ်ငါးပါး သိုင်းပညာရှင်အဆင့်ဆိုသည်မှာ သိုင်းဝိဇ္ဇာသူတော်စင်၏ အောက်တစ်ဆင့်သာ ရှိပြီး ဒေသတစ်ခုကို စိုးမိုးကာ ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်သော အစွမ်းမျိုး ရှိသည်။ ထိပ်တန်းအဆင့်ကို ငွေကြေးနှင့် အရင်းအမြစ်များဖြင့် ရောက်ရှိနိုင်သော်လည်း မူလဓာတ်ငါးပါး သိုင်းပညာရှင်အဆင့်သို့ ရောက်ရန်မှာ မွေးရာပါ ပါရမီနှင့် ထိုးထွင်းသိမြင်မှု လိုအပ်သည်။ ထိုအဆင့်သို့ ရောက်ရန်အတွက် ဓားဝိညာဉ်၊ လက်သီးဝိညာဉ်စသည့် စိတ်ဝိညာဉ်နယ်ပယ်များကို နားလည်ရမည်ဖြစ်ပြီး စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ စွမ်းအင်ငါးမျိုးကို ပေါင်းစပ်ထည့်သွင်းနိုင်ရမည် ဖြစ်သည်။
ထို့ကြောင့် မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီးတိုင်းသည် လူသားများထဲမှ နဂါးတစ်ကောင်ကဲ့သို့ ဖြစ်ပြီး သူတို့ကြားတွင် အားနည်းသူဟူ၍ မရှိပေ။ သူတို့၏ လူငယ်ဘဝများတွင်လည်း လောကကို တုန်လှုပ်စေပြီး လူအများကို ထိတ်လန့်စေခဲ့သူများချည်း ဖြစ်ကြသည်။
ချင်းဝမ်ယွီ၏ မိတ်ဆွေမှာ အသက်ခြွေအဖွဲ့ချုပ်ကို တိုက်ခိုက်ရန် အဘယ်ကြောင့် ယုံကြည်မှုရှိနေသလဲ ဆိုသည်မှာ မထူးဆန်းတော့ပေ။ မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီး တစ်ဦးသည် သိုင်းဝိဇ္ဇာ သူတော်စင်အဆင့်အောက်တွင် အမြင့်ဆုံး ဖြစ်သည်။ ထိုပညာရှင်ကြီးသည် သူ၏ ဂုဏ်သတင်းနှင့် အဆက်အသွယ်များကို အသုံးပြုကာ ချင်းဝမ်ယွီ အပါအဝင် အခြားသိုင်းပညာရှင်များစွာကို ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။ ဤစစ်ဆင်ရေးတွင် ပါဝင်ခြင်းဖြင့် စူးချန်ခုန်းအနေဖြင့် မိစ္ဆာသိုင်းပညာရှင် အများအပြားကို သတ်ဖြတ်နိုင်ပါက အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်သည်။
သို့သော် စူးချန်ခုန်းက ချက်ချင်း သဘောမတူဘဲ ပြောလိုက်သည်။ “ကျွန်တော်လည်း စိတ်ဝင်စားပါတယ်... ဒါပေမဲ့ ကျွန်တော်က အကျိုးအမြတ်ကိုပဲ ကြည့်တဲ့သူပါ။ အဲဒီ မူလဓာတ်ငါးပါး သိုင်းပညာရှင်ကိုလည်း ကျွန်တော် မသိသလို သူ ပေးထားတဲ့ ကတိတွေကို တည်မတည်ဆိုတာကိုလည်း မယုံကြည်နိုင်ဘူး။ ဒါကြောင့် ကျွန်တော် ဆေးဖော်နည်းကို အရင်ရချင်တယ်။ အဲဒါကို စစ်ဆေးပြီးမှသာ ဒီစစ်ဆင်ရေးမှာ ပါဝင်ဖို့ စဉ်းစားမယ်”
“ဒါကတော့...” ချင်းဝမ်ယွီမှာ တွေဝေသွားသည်။ စူးချန်ခုန်းက အခကြေးငွေကို ကြိုတင်ပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။
“မရဘူးဆိုရင်လည်း ထားလိုက်ပါတော့” စူးချန်ခုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
အတော်ကြာ စဉ်းစားပြီးနောက် 'တာ့ဝူဖုန်း' သည် လျှို့ဝှက်ဆန်းကြယ်ပြီး သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကို မမြင်ဖူးသေးသော်လည်း ကိုယ်တိုင်တွေ့ဆုံပြီးနောက် ချင်းဝမ်ယွီမှာ ဤလူသည် အလွန်အစွမ်းထက်သူဖြစ်ကြောင်း သေချာနေသည်။ တစ်ဖက်လူက ပါဝင်ရန်အတွက် ကြိုတင်ပေးချေမှုကို တောင်းဆိုနေခြင်း ဖြစ်သည်။
“တာ့ဝူဖုန်းဟာ အခကြေးငွေယူပြီး အလုပ်မလုပ်ဘဲ နေမယ့်လူစားမျိုး မဟုတ်လောက်ပါဘူးလေ...”