← Chapters

ရွှမ်ကျန်းကျောင်းတော်

Vol. 5 Ch. 470

ရွှမ်ကျန်းကျောင်းတော်

Vol. 5 Ch. 470

ဆန်းလျန်က လျိုမုန့်တယ်၏ အမေးကို တိုက်ရိုက်မဖြေခဲ့ပါ။

“မင်းကျင့်ကြံထားတဲ့ ပညာရပ်က မိုးမြေစွမ်းအား အနှစ်သာရတွေကို ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစပ်ပြီး မီးတောက်တစ်ခု ဖန်ဆင်းတာပဲ၊ အဲဒီ မိုးမြေစွမ်းအား အနှစ်သာရတွေနဲ့ ဝိညာဉ်စွမ်းအား ပေါင်းစပ်နိုင်မှုဟာ သိပ်ကိုအရေးကြီးတယ်၊ အဲဒီကျင့်စဉ်ကို တခြားသူတွေ ကျင့်ကြံဖို့ မလွယ်ကူနိုင်ဘူး၊ မင်းရဲ့ကျင့်စဉ် ပထမအဆင့်မှာပဲ ဒြပ်စင်စွမ်းအား သုံးမျိုးကို အသုံးပြုရမယ်၊ ပထမအဆင့် အောင်မြင်ရင်ကို မင်းရဲ့တန်ခိုးစွမ်းအားတွေက သိပ်ကို မြင့်မားနေပြီလို့ ဆိုနိုင်တယ်၊ ပြီးတော့ မင်းရဲ့ကျင့်စဉ် အောင်မြင်တာနဲ့ မင်းဟာ စစ်မှန်တဲ့ သမာဓိ မီးတောက်ကို ရရှိလိမ့်မယ်၊ အဲဒီအချိန်မှာ မင်းရဲ့ ကျင့်စဉ်လမ်းလည်း တိုးတက်လာလိမ့်မယ်၊ သစ်သားဒြပ်စင်ကနေ မီးတောက်ဖန်ဆင်းတဲ့ ကျင့်စဉ်ကတော့ မင်းနဲ့ တကယ်သင့်တော်တဲ့ ကျင့်စဉ်ပါပဲ"

လျိုမုန့်တယ်မှာ ထိုစကားများကို ကြားသည့် အခါတွင်တော့ ကျောရိုးထဲပင် စိမ့်သွားရတော့သည်။

သူက ဆန်းလျန်မှာ အဆင့်မြင့် နတ်ဘုရား တစ်ပါးဖြစ်သည်ကို သိထားသည့်တိုင် ထိုမျှထိ အဆင့်မြင့်မားသူ တစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ဆန်းလျန်ပြောသည့် စစ်မှန်သည့်သမာဓိ မီးတောက်မှာ သူကျင့်ကြံနေသည့် ကျင့်စဉ် နောက်ဆုံးအဆင့်တွင် ရရှိရမည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။

သူ၏ဆရာက သူသည် သာမန်ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်သည်ဟု အစပိုင်းက ပြောခဲ့ဖူးလေသည်။ ထို့ကြောင့် တာအို မဟာကျင့်စဉ် လမ်းသို့ ရောက်လိုလျှင် ထူးခြားသည့် လမ်းကို ရှာဖွေရမည် ဖြစ်လေသည်။ သူသာ စစ်မှန်သည့် သမာဓိ မီးတောက်ရသည့် အဆင့်ထိ ကျင့်ကြံနိုင်ခဲ့လျှင် သူကိုယ်တိုင် အောင်မြင်မည်သာမက မဟာတန်ခိုးရှင်တံပါးဖြစ်လာမည်ဖြစ်ပြီး သူ၏မျိုးဆက်သည် နတ်မိစ္ဆာများအလယ်တွင် တော်ဝင်မျိုးနွယ် ဖြစ်လာမည် ဖြစ်လေသည်။

လောကတွင် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသည့် နတ်မိစ္ဆာများ မရေမတွက်နိုင်အောင် ရှိလေသည်။ သို့သော် မဟာတန်ခိုးရှင် အဆင့်တက်လှမ်း နိုင်သူကတော့ လက်ချိုး ရေတွက်၍ပင် ရလေသည်။ မဟာတန်ခိုးရှင်များကိုတော့ ကျင့်ကြံသူ လောကတစ်ခုလုံးက လေးစားကြလေသည်။

"သင်က တကယ့်ကို ပညာအလင်းနဲ့ ပြည့်ဝသူပါပဲ၊ သင်ပြောသမျှ အကုန်မှန်ပါတယ်၊ တကယ်တော့ ကျုပ်သိချင်တာလေးတွေ ရှိနေတာ၊ ကျုပ်ရဲ့ ကျင့်စဉ်လမ်းမှာ အခက်အခဲလေးတွေ ရှိလာတယ်၊ သမာဓိမီးတောက်ကို ဘယ်တော့မှ ငြိမ်းမသွားဘဲ အရှိန်အဟုန်နဲ့ အသုံးချနိုင်တဲ့ အဆင့်ထိ ကျင့်ကြံချင်ပေမယ့် အဲဒီလို ဖြစ်မလာခဲ့ဘူး၊ ဒါကြောင့် ကျုပ်က တာ့ရှီပြည်ကိုသွားပြီး တိုင်းပြည် အကြံပေး လုပ်နေခဲ့တာ၊ အဲဒီမှာများ ကျုပ်ရဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်မလားလို့ပေါ့၊ ဒါပေမဲ့ ဖြစ်မလာခဲ့ပါဘူး၊ အဲဒီအတွက် အရမ်းစိတ်ရှုတ်နေရတာ"

ဆန်းလျန်ကတော့ တာအိုဆရာ၏ခန္ဓာထဲမှ မီးတောက်မှာ စစ်မှန်သည့် မီးတောက် မဟုတ်သည့်တိုင် ပုံပေါ်လာနေပြီကို ရိပ်မိ ထားလေသည်။ သူ့ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားသည် အခြေခိုင်နေပြီး မည်သည့်အခါမှ ပျက်ပြယ် သွားတော့မည် မဟုတ်ပေ။ သိပ်မကြာမီ ဟိုင်သန်းအဆင့် တက်ရောက် နိုင်မည်ဟုပင် ခန့်မှန်းရလေသည်။

ဟိုင်သန်းအဆင့်ဆိုသည်မှာ ကျင့်ကြံသူတိုင်း ကျော်လွှားကြရသည့် အခက်အခဲများဖြင့် ပြည့်နေသည့် အဆင့်တစ်ခု ဖြစ်လေသည်။ အချို့သော ကျင့်ကြံသူများသာလျှင် ကောင်းကောင်းမွန်မွန် ကိုင်တွယ် နိုင်တတ်ကြသည်။

အထူးသဖြင့် ကိုယ်ပိုင် ကျင့်စဉ်လမ်းဖြင့်သွားသည့် ဟိုင်သန်းအဆင့်သည် ကျော်ဖြတ်နိုင်ရန် အလွန်ခက်ခဲလေသည်။ ပြင်ပပြဒါးရှင်နှင့် နတ်ဒေဝါ အမြုတေများဖြင့် ဟိုင်သန်းအဆင့် တက်ရောက်ခြင်းသည် တကယ်တမ်းတွင် ရေရှည်အတွက် ကောင်းမွန်ခြင်း မရှိပေ။

ထို့ကြောင့် ကျင့်စဉ်လမ်းဖြင့် ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်ရန် ကြိုးစားနေသူများ အတွက် ကိုယ့်စိတ်ကိုယ် နားလည်ရန် လိုအပ်လေသည်။

ဟိုင်သန်း အဆင့် အောင်မြင်မှသာလျှင် ကျင့်စဉ်လမ်းသို့ အမှန်တကယ် စတင် ဝင်ရောက်ပြီဟု ဆိုနိုင်လေသည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"ကျုပ်တုန်းကလည်း ခင်ဗျားလိုပဲ ကျင့်စဉ်လမ်းအဆင့် တက်ဖို့ အဲဒီလိုအခက်အခဲမျိုး ရင်ဆိုင်ခဲ့ရဖူးတယ်၊ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်ကတော့ ဘယ်တူနိုင်မလဲ၊ ကဲပါလေ …. မင်းရောက်လာပြီ ဆိုမှတော့ ကျုပ်နဲ့အတူတူ ထိုင်ပြီး မက်မွန်ပန်းတွေကို ကြည့်ရင်း စိတ်အပန်းဖြေပါဦး"

လရောင်သည် ဆန်းလျန်၏ ကိုယ်ပေါ်သို့ ဖြာကျ နေလေသည်။ ဆန်းလျန်မှာ လောကတွင် ထွန်းလင်းနေသည့် လတစ်စင်းနှင့်ပင် ဆင်တူနေပြီး တာအိုဆရာသည် ကျက်သရေရှိလှသည့် ဆန်းလျန်၏ပုံစံကို ငေးကြည့်နေရင်း အကြည့်မလွှဲနိုင်တော့ပေ။

ဆန်းလျန်သည် မက်မွန်ပင်အောက်တွင် ထိုင်နေလေသည်။

လရောင်ခြည်သည် စက်ဝန်းတစ်ခုအလား သူ့ကို ဝန်းရံနေလေသည်။

ရုတ်တရက် ဆန်းလျန်ကို ဝန်းရံနေသည့် လရောင်စက်ဝန်းသည် ပေါက်ကွဲ ထွက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန် တောက်ပသွားလေသည်။ အလင်းရောင်ကြောင့် မက်မွန်ပင်၏ သစ်ခေါက်များကိုပင် အသေးစိတ်တွေ့မြင် လိုက်ရလေသည်။

လျိုမုန့်တယ်သည် မက်မွန်ပင်ကို အနီးကပ်ကြည့်ရှုရင်း သူ့ရင်ထဲတွင် ခံစားချက် ပေါင်းများစွာ ခံစားနေရလေသည်။

လျိုမုန့်တယ်သည် ဆန်းလျန်ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကြေးမုံမှန်များဖြင့် အလင်းပေး ထားသကဲ့သို့ တောက်ပ ထိန်လင်း နေလေသည်။

လေအေးတစ်ချက် တိုက်ခတ်လာလေသည်။

ထိုအခါ မက်မွန်ပင်မှ မက်မွန်ပန်းများသည် မြေခကာ ကြွေကျ ကြရလေသည်။ ပန်းမိုးရွာချ သကဲ့သို့ပင် ရှိချေ၏။

မက်မွန်ပန်းကြွေများကို ကြည့်ရင်း လျိုမုန့်တယ်သည် တစ်စုံတစ်ခုကို နားလည် လာဟန် ရှိလေသည်။

မက်မွန်ပန်းများသည် မက်မွန်ပင်တွင် ပွင့်နေချိန်တွင်သာ ရှင်သန် ပွင့်လန်း နိုင်လေသည်။ မက်မွန်ပင်မှ ကြွေကျသည်နှင့် ပွင့်ချပ်လေးများသည် ခြောက်သွေ့သေဆုံးကာ မြေသြဇာ ဖြစ်သွား ကြရပေလိမ့်မည်။ ထိုမြေသြဇာကို မက်မွန်ပင်၏ အမြစ်များက ပြန်လည်စုပ်ယူပြီး အပွင့်များ ထပ်မံပွင့်လန်းစေလိမ့်ဦးမည်။ သံသရာလည်သည်ဆိုသည်မှာ ထိုအရာကို ပြောခြင်း ဖြစ်လေသည်။

လျိုမုန့်တယ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျုပ်ဟာ သဘာဝတရားကို နားမလည်နိုင်လောက်အောင်ကို ကျုပ်ကိုယ်ကျုပ် အထင်ကြီး နေခဲ့မိတာပဲ၊ တကယ်တော့ မက်မွန်ပန်းတွေ ကြွေတာဟာ လေတိုက်လို့ မဟုတ်ဘူးပဲ၊ ကြွေချိန်တန်လို့ ကြွေရတာပဲ"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"မင်း ဒီလိုနားလည်သွားတာကို ကြည့်ရင် မင်း ကျင့်ကြံခဲ့တဲ့ ကျင့်ကြံသူဂိုဏ်းက သဘာဝတရားအပေါ်မှာ အလေးထားပုံ ရတယ်၊ ပြီးတော့ မင်းသင်ယူထားတဲ့ ကျင့်စဉ်ကလည်း သာမန်ကျင့်စဉ် မဟုတ်ဘူး၊ ကျုပ် စိတ်ဝင်စားနေမိပြီ"

"ကျုပ်က ရွှမ်ကျန်းကျောင်းတော်မှာ ပညာသင်ခဲ့တာပါ၊ အဲဒီမှာ တပည့်တွေမှ အများကြီးပဲ၊ တပည့်တွေအားလုံးရဲ့ နာမည်တောင် ကျုပ်မမှတ်မိတော့ဘူး၊ ကျုပ်ရဲ့ဆရာ မုကျန်းက ရွှမ်းကျန်း ကျောင်းတော်က တကယ် နာမည် ကျော်ကြားတဲ့ ဆရာသခင်တစ်ပါးပဲ"

လျိုမုန့်တယ်က လေးလေးစားစားဖြင့် ပြောပြနေသည့်တိုင် ဆန်းလျန်၏ မျက်နှာ အမူအရာကတော့ ပြောင်းလဲမသွားပါ။

လျိုမုန့်တယ်က ရွှမ်ကျန်းကျောင်းတော် အကြောင်းများကို ဆန်းလျန်ကို ပြောပြလေသည်။

တာ့ရှားပြည် ဧကရာဇ်မင်းသည် တာအိုဝါဒကိုရော ဗုဒ္ဓဘာသာကိုရော နှစ်သက်ခြင်းမရှိပေ။ ထို့ကြောင့် တာ့ရှားပြည်တွင် ဘာသာရေး ကျောင်းတော်များ သိပ်ပြီးမရှိကြပေ။ တာ့ရှားတွင် ရပ်တည်နိုင်သည့် ကျောင်းတော်ဆိုသည်မှာ အင်မတန်မှ စွမ်းအားရှိသောကြောင့် ဖြစ်လေသည်။

ထိုကျောင်းတော်များထဲတွင် ရွှမ်ကျန်းကျောင်းတော်လည်း အပါအဝင်ဖြစ်လေသည်။

တာ့ရှားပြည် ဧကရာဇ်၏ တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ အပေါ် စည်းကမ်း တင်းကျပ်မှုများကြောင့် တာအို ကျောင်းတော်များမှာ တပည့်လက်ခံမှုကို ကန့်သတ် ထားကြရလေသည်။ ထို့ကြောင့် ရွှမ်ကျန်း ကျောင်းတော် ကဲ့သို့ စွမ်းအားကြီးမားသည့် ကျောင်းတော်ကြီးပင်လျှင် တပည့်ငါးဆယ်ထက် မပိုခဲ့ပေ။ ထိုတပည့် အားလုံးမှာလည်း ကျောင်းတော်တွင် ပညာသင်ရန်အတွက် တာ့ရှား အာဏာပိုင်များထံတွင် မှတ်ပုံတင်ရလေသည်။ ထို့ပြင် တပည့်များကို ပညာသင်ကြားပေးမည့် ဆရာများမှာလည်း အာဏာပိုင်များထံတွင် "ကျန်းရန်" များအဖြစ် မှတ်ပုံတင် ကြရလေသည်။

ရွှမ်ကျန်းကျောင်းတော်မှ ကျော်ကြားသည့် ဆရာသခင်ခုနစ်ပါးကို ရွှမ်ကျန်းဆရာ သခင် ခုနစ်ပါးဟု ခေါ်ကြလေသည်။ သူတို့ခုနစ်ပါးမှ တပည့်များကို သင်ကြားပေးပြီး တပည့်အုပ်စု ခုနစ်စု ကွဲထွက် သွားလေသည်။

လျိုမုန့်တယ်၏ ဆရာဖြစ်သူ မုကျန်းမှာ ဆရာသခင် ခုနစ်ပါးတွင် တစ်ပါး အပါအဝင် ဖြစ်သည့် ချန်စန်းကျီ၏ တပည့်အုပ်စုထဲမှ ဖြစ်လေသည်။ လွန်ခဲ့သည့် နှစ်တစ်ရာခန့်က တာ့ရှားတွင် "ကျန်းရန်" အဖြစ် မှတ်ပုံတင်ထားသူ ဖြစ်လေသည်။ ရွှမ်ကျန်းဆရာသခင် ခုနစ်ပါးတွင် ချန်စန်းကျီသည် တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက် ဖြစ်လေသည်။ တာ့ရှားတိုင်းပြည်တွင် သူ့ကို ပြဿနာရှာရဲသူ တစ်ယောက်မှ မရှိပေ။ တာ့ရှားပြည် ဧကရာဇ်၏ တူတော်လေး တစ်ယောက်သည်ပင် ချန်စန်းကျီထံတွင် တပည့်ခံခဲ့ ဖူးလေသည်။

ဆန်းလျန်သည် အတိတ်ဘဝက မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားပါစေ ရွှမ်ကျန်း ဆရာသခင် ခုနစ်ပါးလောက် တန်ခိုးကြီး နိုင်မည်မဟုတ်ဟု လျိုမုန့်တယ်က တွေးထားလေသည်။ သို့သော်… ဆန်းလျန်၏ တန်ခိုးစွမ်းအားမည်မျှ ကြီးမားသည်ကိုတော့ သူလည်း သေသေချာချာ မသိရှိသေးပေ။

လျိုမုန့်တယ်၏ စကားများကို နားထောင်ပြီး ဆန်းလျန်က တစ်ချက်ပြုံးလိုက်သည်။

"ရွှမ်ကျန်းကျောင်းတော်က အဲဒီလောက်တောင် တန်ခိုးစွမ်းအား ကြီးတာလား"

ဆန်းလျန်၏ စကားကို ကြားသည့် အခါတွင်တော့ လျိုမုန့်တယ်မှာ ဆန်းလျန်သည် တမင် သက်သက်များ သူ့ကို ဒေါသ ထွက်အောင် စွနေသလားဟုပင် ထင်လိုက်မိလေသည်။

လျိုမုန့်တယ်၏ မျက်နှာအမူအရာကို တစ်ချက် ကြည့်လိုက်ပြီး ဆန်းလျန်က ပြေရာပြေကြောင်း ပြောလိုက်ရသည်။

"တကယ်ပါ၊ ကျုပ်က ရွှမ်ကျန်းကျောင်းတော် အကြောင်း တစ်ခါမှ မကြားဖူးလို့ပါ"

ဆန်းလျန်၏ စကားကြောင့် လျိုမုန့်တယ်မှာ အံ့သြခြင်းမက အံ့သြသွားတော့သည်။

"ခင်ဗျားရဲ့ ကျင့်စဉ်လမ်း အဆင့်မြင့်ပုံနဲ့ဆိုရင် ရွှမ်ကျန်းကျောင်းတော်ကို မကြားဖူးတာ အံ့သြစရာပဲ၊ ခင်ဗျားက သွေးနီရောင် ပင်လယ်ရဲ့ အပြင်ဘက်က ရောက်လာတဲ့ သူများလား၊ သွေးနီရောင် ပင်လယ်က တကယ်ကြောက်စရာ ကောင်းတယ်၊ နတ်ဘုရားတွေတောင် ဖြတ်ပြီး မကူးခတ်နိုင်ကြဘူး၊ ခင်ဗျားက သွေးနီရောင်ပင်လယ် အပြင်ဘက် ကရောက်လာတဲ့ နတ်ဘုရားဆိုရင်တော့ ရွှမ်ကျန်း ကျောင်းတော်ကို ခင်ဗျားမသိတာ လက်ခံနိုင်ပါတယ်"

"မင်းလည်း သွေးနီရောင်ပင်လယ် အကြောင်းကို သိနေတာလား၊ ဒါနဲ့ ကျုပ်ကို ရွှမ်ကျန်း ကျောင်းတော်အကြောင်း ဆက်ပြောပြပါဦး"

လျိုမုန့်တယ်အနေဖြင့်လည်း ရွှမ်ကျန်း ကျောင်းတော်အကြောင်းကို ပြောမပြနိုင်စရာမရှိပါ။

ဆန်းလျန်မှာ လျိုမုန့်တယ်ထံမှ သတင်းကြားရ သလောက်ဆိုလျှင် ရွှမ်ကျန်း ဆရာသခင် ခုနစ်ပါးသည် ထိပ်တန်း အဆင့်ကျင့်ကြံသူများ ဖြစ်နိုင်လေသည်။ သို့သော် ကျင့်ကြံသူများသည် မည်သည့်အခါမှ ဘုရင့်အမိန့်ကို နာခံကြ သူများမဟုတ်လေရာ ထိုသို့သော ထိပ်တန်း ကျင့်ကြံသူများသည် အဘယ့်ကြောင့် တာ့ရှားပြည်ဧကရာဇ်၏ လွှမ်းမိုးမှု ကိုခံနေကြရပါသနည်း။

ထို ရွှမ်ကျန်းဆရာသခင် ခုနစ်ပါးမှာ လောကနတ်ဘုရားများသာ ဖြစ်နေလျှင် လောက နတ်ဘုရားများကိုပင် ထိန်းချုပ်နိုင်ရလောက်အောင် တာ့ရှားပြည် ဧကရာဇ်သည် မည်မျှ တန်ခိုးစွမ်းအား မြင့်မားနေပါသနည်း။

လျိုမုန့်တယ်ကိုကြည့်ပြီး ခန့်မှန်းရမည်ဆိုလျှင် သူ၏ဆရာဖြစ်သူ ဆရာသခင်မုကျန်းသည် အနည်းဆုံးတော့ ဟိုင်သန်းအဆင့်ကို အောင်မြင်ပြီးသူ တစ်ယောက် ဖြစ်ရပေမည်။ ထိုသို့ဆိုလျှင် ဆရာသခင်မုကျန်း၏ ဆရာဖြစ်သူ ချန်စန်းကျီနှင့် အခြားသော ဆရာသခင် ခြောက်ပါးသည် လောကနတ်ဘုရားများ ဖြစ်ရမည်မှာ သေချာသလောက် ရှိလေသည်။ လောကနတ်ဘုရား ထက်ပင် ကျော်လွန်ပြီး မိုးကောင်ကင်နတ်ဘုရားနီးပါးပင် တန်ခိုးစွမ်းအား မြင့်မား နိုင်လောက်ပေသည်။

***

All Chapters