← Chapters

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း (၅၄၇) ပြိုင်ဘက်ကင်း ဧရာမခန္ဓာကိုယ်ကြီး။ ခိုထော့နှင့် ချီကန်း။ (၂)

သေချာတာက ခိုထော့သည် မိစ္ဆာအတတ်၏ လှည့်စားမှုကိုခံရပြီး ဝိဇ္ဇာဗိမာန်ကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်မည်။ သူသည် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ကာ အသက်ခြွေအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ မူလကပင် ခိုထော့သည် ဝိဇ္ဇာဗိမာန်၏ ထိပ်တန်းစစ်သည်တော်များထဲမှ တစ်ဦးဖြစ်သော်လည်း နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ပြီးနောက် သူ၏စွမ်းအားမှာ ခန့်မှန်းရခက်လောက်အောင် မြင့်သွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ်ကောင်းသော မိစ္ဆာသိုင်းပညာရှင်တစ်ဦး ဖြစ်နေသည်မှာ အမှန်ပင်။ အသက်ခြွေအဖွဲ့ချုပ်အတွင်း၌ သူသည် အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်ပြီး ထိပ်တန်းများထဲမှ ထိပ်တန်းပင် ဖြစ်သည်။

ခိုထော့၏ မေးခွန်းကို ချီကန်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။ “ဒီနေ့ကိစ္စက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပဲ။ ငါက မိစ္ဆာနှိမ်နင်းရေး ဌာနကို ကိုယ်စားပြုပြီး လာတာမဟုတ်ဘူး။ တကယ်လို့ ငါက မင်းကို သတ်လိုက်ရင် အဲဒါက မင်း အရည်အချင်းမရှိလို့ပဲ။ အကယ်၍ မင်းက ငါ့ကို သတ်နိုင်ရင်လည်း မိစ္ဆာနှိမ်နင်းရေးဌာနက ဒီကိစ္စမှာ ပါဝင်ပတ်သက်မှာ မဟုတ်ဘူး”

ချီကန်းက ဤသည်မှာ အသက်ခြွေအဖွဲ့အစည်းကို မိစ္ဆာနှိမ်နင်းရေးဌာနက စစ်ကြေညာခြင်း မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်လုပ်ရပ် ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောဆိုလိုက်သည်။ သူနှင့်အတူ ပါလာသော ပညာရှင်များမှာလည်း မိစ္ဆာနှိမ်နင်းရေး ဌာနမှ အဖွဲ့ဝင်များ မဟုတ်ကြချေ။

“ဒီ ချီကန်းကတော့ စောစောသေချင်နေတာပဲ။ ဘာနောက်ခံမှမရှိတဲ့ မိစ္ဆာနတ်ဆိုးတွေကို တိုက်ခိုက်တာက တစ်မျိုး၊ အခုတော့ ငါတို့ အသက်ခြွေအဖွဲ့အစည်းကိုတောင် လာထိရဲတယ်ပေါ့။ သူက သေတွင်းထဲကို တည့်တည့်တိုးဝင်လာတာပဲ။”

ချီကန်း၏ စကားကို ကြားသောအခါ မိစ္ဆာသိုင်းပညာရှင် အယောက်ငါးဆယ်ခန့်၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားလေ၏။ ချီကန်းမှာ နာမည်ကြီးသူ ဖြစ်နိုင်သော်လည်း အသက်ခြွေအဖွဲ့အစည်းမှာလည်း အလွယ်တကူ အနိုင်ကျင့်ခံမည့်သူများ မဟုတ်ပေ။ ယခုကဲ့သို့ သူတို့၏ အိမ်ရှေ့အထိ လာရောက်စိန်ခေါ်ခြင်းကို သူတို့၏ လုပ်ထုံးလုပ်နည်းအရ ဘယ်တော့မှ သည်းခံမည်မဟုတ်ချေ။

လူအုပ်၏ နောက်နားတွင်ရှိနေသော စူးချန်ခုန်းသည်လည်း ထိုမိစ္ဆာသိုင်းပညာရှင်များကို အကဲခတ်နေပြီး သူ၏ အကြည့်မှာ ခိုထော့ထံတွင် ရပ်တန့်နေသည်။ “ဒီခိုထော့က... ဒီမိစ္ဆာသိုင်းပညာရှင်တွေထဲမှာ စွမ်းအားအကြီးဆုံးပဲ။”

မိစ္ဆာသိုင်းပညာရှင် အုပ်စုထဲတွင် ထက်ဝက်နီးပါးမှာ မူလနယ်ပယ်သို့ ရောက်ရှိနေကြပြီး သူတို့၏ အရေအတွက်မှာလည်း ရောက်ရှိလာသော သိုင်းပညာရှင်များနှင့် တန်းတူနီးပါး ရှိသည်။ အစွမ်းအထက်ဆုံးမှာ ချီကန်းက ခိုထော့ဟု ခေါ်လိုက်သော ဘုန်းကြီးဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

မိစ္ဆာသိုင်းပညာရှင် အချို့မှာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ စတင် တိုက်ခိုက်လိုက်ကြသည်။

“ဂျောက်... ဂျောက်... ဂျောက်”

ချီကန်း၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ သတိပေးချက်မရှိဘဲ ကွဲအက်သွားပြီး ချွန်ထက်သော ကျောက်လှံများ မြေပြင်မှ ထိုးထွက်လာကာ ချီကန်းကို ထိုးစိုက်ရန် ကြိုးပမ်းကြသည်။

“ဝှစ်... ဝှစ်... ဝှစ်”

သို့သော် ချီကန်းမှာ လက်နှစ်ဖက်ကို နောက်ပစ်ထားကာ ဤတိုက်ခိုက်မှုကို ကြိုသိနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူ၏ ခြေလှမ်းတိုင်းမှာ မြေပြင်မှ ထိုးထွက်လာသော ကျောက်လှံများကို အချိန်မီ ရှောင်တိမ်းသွားခဲ့သည်။ မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီး တစ်ဦးသည် စွမ်းအင်ငါးမျိုးကို စိတ်ဝိညာဉ်ပင်လယ်အတွင်း စုစည်းထားသူ ဖြစ်ရာ ဤအဆင့်တွင် နတ်ဘုရားကဲ့သို့သော အာရုံကို ပိုင်ဆိုင်ထားပြီး အသေးအဖွဲ့ အပြောင်းအလဲများကိုပင် အလွယ်တကူ သိမြင်နိုင်သည်။ ဤမျှ အဆင့်နိမ့်သော တိုက်ခိုက်မှုမျိုးမှာ ချီကန်းကို ထိတွေ့ရန်ပင် အရည်အချင်း မရှိပေ။

“အရှင်ချီရဲ့ ဟင်းလင်းပြင်ဓားက အလွန်ထူးခြားတယ်လို့ ကိုယ်တော် ကြားဖူးတာ ကြာပြီ။ အားလုံး နောက်ဆုတ်ကြ။ ဒီဘုန်းကြီး ကိုယ်တိုင် ကိုယ်ကျ စမ်းသပ်ကြည့်ချင်တယ်။”

အော်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ဗလတောင့်တောင့်နှင့် ဘုန်းကြီး ခိုထော့က ထပ်ပြီး မအောင့်ထားနိုင်တော့ပေ။ ခိုထော့သည် အသက်ခြွေအဖွဲ့အစည်းသို့ မဝင်မီကပင် သိုင်းပညာကို ရူးသွပ်သူတစ်ဦး ဖြစ်သည့်အတွက် ချီကန်းအကြောင်းကို ကြားဖူးထားပြီး ယခု တွေ့ဆုံချိန်တွင် တိုက်ခိုက်လိုစိတ်များ ပြင်းပြလာကာ မစောင့်နိုင်တော့ခြင်း ဖြစ်သည်။

“ဘုန်း”

ခိုထော့ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေအိုရောင် အလင်းဖျော့ဖျော့တို့ ထွက်လာပြီး ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်း ရွှေကိုယ်ထည်ရှိသည့် ရဟန္တာတစ်ပါးနှင့် တူနေတော့သည်။ သူ၏ အသားအရေမှာ အခြားသော ဒြပ်စင်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ အလွန်ပင် မာကျောပြီး ဖျက်ဆီး၍မရနိုင်သော အသွင် ဆောင်နေသည်။

“အဲဒါ ဝိဇ္ဇာဗိမာန်ရဲ့ ကင်းကောင်ခန္ဓာကိုယ်အတတ်ပဲ... ဝိဇ္ဇာဗိမာန်က သူ့ကို ဒီလို ပြိုင်ဘက်ကင်းကျင့်စဉ်မျိုး သင်ပေးခဲ့တာတောင် သူက သစ္စာဖောက်သွားသေးတယ်... တကယ်ကို ကျေးဇူးကန်းတဲ့ ကောင်ပဲ။”

မျက်နှာဖုံးတပ်ထားသော သိုင်းပညာရှင် တစ်ဦးက ဒေါသတကြီး ရေရွတ်လိုက်သည်။ ဝိဇ္ဇာဗိမာန်သည် ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်ပြီး 'ပြိုင်ဘက်ကင်း အတတ်ပညာများ' ကို ပိုင်ဆိုင်ထားသော ဂိုဏ်းဖြစ်သည်။ ထိပ်တန်းဂိုဏ်းဆိုသည်မှာ သမိုင်းတစ်လျှောက်တွင် သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ပေါ်ထွန်းခဲ့ဖူးသော ဂိုဏ်းကို ဆိုလိုခြင်း ဖြစ်သည်။

ထိုသို့သော ဂိုဏ်းများသည် နက်ရှိုင်းသော အမွေအနှစ်များ ရှိကြပြီး အင်ပါယာများ မတည်ထောင်မီကပင် တည်ရှိခဲ့ကာ အချိန်ကာလ၏ စမ်းသပ်မှုများကို ကြံ့ကြံ့ခံနိုင်သူများ ဖြစ်ကြသည်။ သူတို့သည် ကောင်းကင်ဘုံ၏ ကောင်းချီးခံစားရသော နေရာများကို ပိုင်ဆိုင်ထားကြပြီး မကုန်ခမ်းနိုင်သော အရင်းအမြစ်များဖြင့် မျိုးဆက်တစ်ခုပြီးတစ်ခု ထိပ်တန်းစစ်သည်တော်များကို မွေးထုတ်ပေးနေကြသည်။ မဟာမီးလျှံအင်ပါယာအတွင်း အထူးသဖြင့် ဗဟိုပြည်နယ်တွင် သိုင်းပညာဂိုဏ်းပေါင်း များစွာရှိသော်လည်း ဂိုဏ်းပေါင်း ၁၂ ဂိုဏ်းခန့်သာ ထိပ်တန်းဂိုဏ်းအဖြစ် သတ်မှတ်ခံရပြီး ဝိဇ္ဇာဗိမာန်မှာလည်း ထိုထဲတွင် အပါအဝင် ဖြစ်သည်။

ပြိုင်ဘက်ကင်းကျင့်စဉ်ဆိုသည်မှာလည်း တစ်စုံတစ်ဦးက သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်သည်အထိ လေ့ကျင့်နိုင်ခဲ့သော ပညာရပ်ကိုသာ ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုသို့သော ကျင့်စဉ်များသည် သာမန် သိုင်းပညာများထက် ပိုမိုနက်နဲပြီး ထူးခြားလှပေသည်။ ဝိဇ္ဇာဗိမာန်၏ အကျော်ကြားဆုံး ပြိုင်ဘက်ကင်း ကျင့်စဉ်မှာ ဤ 'ကင်းကောင်ခန္ဓာကိုယ်ကျင့်စဉ်' ပင် ဖြစ်သည်။ ဝိဇ္ဇာဗိမာန်တွင် ဤပညာကို သင်ကြားခွင့်ရသူများသည် ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြသည်။

ဗုဒ္ဓဘာသာ၏ မြင့်မြတ်သောနယ်မြေဖြစ်သော ဝိဇ္ဇာဗိမာန်တွင် မွေးဖွားလာပြီး ဤကျင့်စဉ်ကို သင်ယူခွင့်ရခဲ့သော ခိုထော့သည် အလွန်တောက်ပသော အနာဂတ်ရှိသူ ဖြစ်သော်လည်း သူသည် မိမိကိုယ်ကိုယ် ပျက်စီးအောင် ပြုလုပ်ကာ အသက်ခြွေအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ခြင်းမှာ စက်ဆုပ်ဖွယ် ကောင်းလှသည်။

“ဘုန်း... ဘုန်း... ဘုန်း”

ခိုထော့ ခြေလှမ်းလှမ်းတိုင်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေအိုရောင် အလင်းတန်းများမှာ ပိုမို တောက်ပလာပြီး သူ၏ အသားအရေမှာ ရွှေအိုရောင်သို့ ပြောင်းလဲသွားသည်။ ခြေတစ်လှမ်းချင်းစီတိုင်းတွင် သူ၏ အရှိန်အဝါမှာ ပိုမို မြင့်တက်လာပြီး မြေပြင်မှာ တုန်ခါကာ ဟင်းလင်းပြင်ရှိ လေထုမှာပင် ဖိသိပ်ခံထားရသကဲ့သို့ ရှိနေသည်။ အဝေးမှ ကြည့်နေသူအချို့ပင် အသက်ရှူရန် ခက်ခဲလာကြသည်။

“အရမ်းကို အစွမ်းထက်တာပဲ။ မိစ္ဆာသိုင်းပညာရှင် ခိုထော့က ဖုန်းရိယွဲ့ထက်တောင် ပိုပြီး စွမ်းအားကြီးပုံရတယ်။” စူးချန်ခုန်းမှာ ခိုထော့၏ ပြင်းထန်သော အရှိန်အဝါကြောင့် အံ့အားသင့်သွားရသည်။

ယခင်က သူတွေ့ခဲ့ဖူးသော အစွမ်းအထက်ဆုံး မိစ္ဆာသိုင်းပညာရှင်မှာ အလယ်အလတ်အဆင့် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော ဖုန်းရိယွဲ့ ဖြစ်သည်။ ခိုထော့မှာမူ ထိပ်တန်းဂိုဏ်းဖြစ်သော ဝိဇ္ဇာဗိမာန်မှ ဆင်းသက်လာသူ ဖြစ်သဖြင့် သူ၏ သိုင်းပညာ အခြေခံမှာ ဖုန်းရိယွဲ့ထက် များစွာ ပိုမိုခိုင်မာပြီး စွမ်းအားမှာလည်း ပို၍ ကြီးမားလှသည်။

ခိုထော့သည် နှေးကွေးစွာ ရွေ့လျားနေပုံရသော်လည်း အသက်ရှူ တစ်ချက် နှစ်ချက်အတွင်းမှာပင် သူ၏ အရှိန်အဝါကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်သည်။ သူ၏ မျက်လုံးများမှာ ဒေါသထွက်နေသော ကင်းကောင်ကြီးကဲ့သို့ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ရွှေအိုရောင် မီးတောက်များဖြင့် လောင်မြိုက်နေပုံရသည်။ သူသည် ချက်ချင်းပင် ချီကန်း၏ ဆယ်ပေအတွင်းသို့ ရောက်ရှိသွားပြီးနောက် သူ၏ ခြေလှမ်းမှာ အနည်းငယ် နှေးကွေးသွားခဲ့သည်။

“ရှဲ... ရှဲ... ရှဲ”

အခန်း (၅၄၈) ပြိုင်ဘက်ကင်း ဧရာမခန္ဓာကိုယ်ကြီး။ ခိုထော့နှင့် ချီကန်း။ (၃)

ချီကန်း၏ တစ်လံပတ်လည်အတွင်းတွင် မမြင်နိုင်သော ဓားစွမ်းအင်များ လေထုထဲ၌ ပြည့်နှက်နေသည်။ ခိုထော့ ထိုအကွာအဝေးအတွင်းသို့ ချဉ်းကပ်လာသောအခါ ထက်မြက်သော ဓားပေါင်းသောင်းခြောက်ထောင်၏ အလှီးခံရခြင်း၊ အထိုးခံရခြင်းကို ခံစားလိုက်ရသကဲ့သို့ ရှိနေသည်။

“ချွမ်း... ချွမ်း... ချွမ်း”

သာမန်လူများ သို့မဟုတ် မိစ္ဆာနတ်ဆိုးများသာ ဖြစ်ပါက ချီကန်း၏ တစ်လံအကွာအဝေးသို့ ရောက်သည်နှင့် အစိတ်စိတ်အမွှာမွှာ အပိုင်းပိုင်း ပြတ်သွားလိမ့်မည် ဖြစ်သော်လည်း ဤမဖောက်ထွင်းနိုင်သော ဓားစွမ်းအင်များ၏ ခုတ်ချက်အစစ်များမှာ ခိုထော့၏ ကင်းကောင်ကိုယ်ထည်ကို ဖောက်ထွင်းရန် ခက်ခဲနေပြီး ထိတွေ့မိတိုင်း သတ္တုချင်း ထိခတ်သံများကိုသာ ဖြစ်ပေါ်စေသည်။

ချီကန်းနှင့် ပိုမို နီးကပ်လာလေလေ ဓားစွမ်းအင်များမှာ ပိုမို ပြင်းထန်လာကာ အစွမ်းမှာလည်း အဆပေါင်းများစွာ တိုးပွားလာသည်။ သူ၏ တစ်လံအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမှာပင် ပညာရှင်များထဲမှ ပညာရှင် ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။ မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီး တစ်ဦးအနေဖြင့် ချီကန်းသည် ဓားဝိညာဉ်နယ်ပယ်ကို နားလည်ထားပြီး စွမ်းအင်ငါးမျိုးကို သူ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဆွဲသွင်းထားသူ ဖြစ်သည်။ သူ၏ ကျင့်စဉ်မှာ အသွင်ပြောင်းလဲခြင်း နယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။ ဓားသိုင်းလမ်းစဉ်တွင် သူ့အား ယှဉ်နိုင်သူမှာ လောကတွင် များစွာမရှိဟု ပြောနိုင်သည်။ သူသည် ငြိမ်သက်စွာ ရပ်နေရုံမျှဖြင့် သာမန် သိုင်းပညာရှင်တစ်ဦး သူ့အနားသို့ ချဉ်းကပ်ရန်မှာ အလွန်ပင် ခက်ခဲသည်။

“ငါ့ရဲ့ ဓားဝိညာဉ်က ဒီချီကန်းရဲ့ ဓားဝိညာဉ်ထက် တကယ်ကို အနည်းငယ် နိမ့်ကျနေတာပဲ။ အမှန်တော့ ငါက အစစ်အမှန် မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီး တစ်ယောက် မဟုတ်သေးလို့ပဲ”

စိတ်ဝိညာဉ်နယ်ပယ်တွင် စူးချန်ခုန်းသည် ချီကန်းကို မယှဉ်နိုင်သည်မှာ အမှန်ပင်။ ပထမအချက်မှာ သူသည် ဓားဝိညာဉ်ကို လေ့ကျင့်သည်မှာ မကြာသေးတာဖြစ်ပြီး ဒုတိယအချက်မှာ ချီကန်းသည် မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီး တစ်ဦး ဖြစ်ကာ စူးချန်ခုန်း၏ ကျင့်စဉ်အဆင့်မှာ မလုံလောက်သေးခြင်းကြောင့် ဖြစ်သည်။ ဝိညာဉ်ပင်လယ်အတွင်းသို့ စွမ်းအင်ငါးမျိုး ဆွဲသွင်းနိုင်ခြင်း မရှိသေးရာ သူ မယှဉ်နိုင်တာ ပုံမှန်ပင် ဖြစ်သည်။

“လာစမ်းပါ”

ခိုထော့၏ မျက်လုံးများမှာ ဒေါသထွက်နေသော နတ်မင်းကြီးကဲ့သို့ ပြူးကျယ်နေ၏။ ရွှေအိုရောင် လက်တစ်ဖက်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး လက်မောင်းမှာလည်း တစ်နေရာမှ ထွက်ပေါ်လာသကဲ့သို့ နှစ်ဆခန့် ရှည်ထွက်သွားကာ ဓားစွမ်းအင် အလွှာများကို အတင်းအဓမ္မ ထိုးဖောက်ပြီး ငြိမ်သက်နေသော ချီကန်း၏ လည်ပင်းကို လှမ်းဖမ်းလိုက်သည်။ သူ၏ ဗလတောင့်တောင့် လက်ချောင်းငါးချောင်း ဆုပ်ကိုင်လိုက်သောအခါ ဟင်းလင်းပြင်မှာပင် တွန့်လိမ်သွားသကဲ့သို့ ရှိနေသည်။ အကယ်၍ ဤအဖမ်းခံရပါက သံမဏိပင် ဖြစ်ပါစေ ရွှံ့ကဲ့သို့ ကြေမွသွားပေလိမ့်မည်။

ထိုအချိန်တွင် ချီကန်းသည် နောက်ဆုံး၌ စတင် လှုပ်ရှားလိုက်သည်။

“ချီဓားသိုင်း... သက်တံကို ဖောက်ထွင်းခြင်း”

ချီကန်းက ရုတ်တရက် လက်ညှိုးထိုးလိုက်ရာ ဓား၏ လေတိုးသံနှင့်အတူ အလွန်ထက်မြက်ပြီး မည်သူမျှ မတားဆီးနိုင်သော တောက်ပသည့် အဖြူရောင် ဓားရှည်တစ်လက်မှာ ခိုထော့၏ ရင်ဘတ်ဆီသို့ တည့်တည့် ပြေးဝင်သွားသည်။ သက်တံကဲ့သို့ အဖြူရောင် လင်းလက်နေသော ထိုဓားသည် အေးစက်သော အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသော်လည်း အမှန်တကယ်တွင် ချီကန်း၏ ဓားစွမ်းအင်နှင့် ဓားဝိညာဉ်ကို ပေါင်းစပ်ကာ ငွေ့ရည်ဖွဲ့ထားခြင်းသာ ဖြစ်ရာ သာမန်မျက်စိဖြင့် အစစ်အမှန်ကို ခွဲခြားရန် မဖြစ်နိုင်ပေ။

“ဒါက အစ်ကိုချီရဲ့ အမှတ်အသားဖြစ်တဲ့ ချီဓားသိုင်းပဲ။ သူဟာ ဓားကို ကိုယ်မှာ မဆောင်ထားပေမဲ့ ဓားဟာ သူ့ဆီမှာ အမြဲရှိနေတယ်။ အရင်တစ်ခေါက်ကထက် သူ ပိုပြီး တိုးတက်လာတာ သိသာတယ်။”

ချင်းဝမ်ယွီက စိတ်ထဲမှ ချီးကျူးလိုက်သည်။ သူနှင့် ချီကန်းမှာ မိတ်ဆွေများ ဖြစ်ကြပြီး တစ်ကြိမ်ထက်မက ယှဉ်ပြိုင်ခဲ့ဖူးရာ သူ၏ ဓားသိုင်းပညာကို မြင်တွေ့ဖူးသည်။ ချီကန်းသည် ချီစွမ်းအင်ကို အသုံးပြုကာ ဓားကို ပုံဖော်သည့် ပညာရပ်တွင် ကျွမ်းကျင်သူ ဖြစ်ပြီး သူ၏ ကြွယ်ဝသော ဓားစွမ်းအင်နှင့် ဓားဝိညာဉ်တို့က ပြိုင်ဘက်ကင်း နတ်ဘုရားဓားကို ဖန်တီးပေးခြင်းပင်။

“ဂလောင်”

ထိုဒေါသမာန်ပါသော ဓားသည် ခိုထော့၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားရာ သတ္တုချင်း ထိခတ်မိသည့် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ ခူထော့၏ ရွှေကိုယ်ထည်မှာ ဖျက်ဆီး၍မရနိုင်ဘဲ သံမဏိတံတိုင်းကိုပင် ဖောက်ထွင်းနိုင်သည့် ထိုဓားကို အံကြိတ်ကာ ခံနိုင်ရည်ရှိနေသော်လည်း ဓားထိပ်ဖျားတွင် စုစည်းနေသော ကြီးမားသည့် အရှိန်အဟုန်ကြောင့် သူ့အား တစ်လံကျော်ခန့် နောက်သို့ အတင်းအဓမ္မ တွန်းပို့လိုက်သည်။ ဤအချက်ကြောင့် ခိုထော့၏ နဖူးပေါ်တွင် အကြောများမှာ ဖောင်းတက်လာခဲ့သည်။ သူ နာမည်ကျော်လာသည့် အချိန်မှစ၍ သူ့အား မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်သူ ရှားပါးလှသလို တည့်တည့် တွန်းထုတ်နိုင်သူမှာ ပို၍ပင် ရှားလှသည်။

“မိစ္ဆာနှိမ်နင်း ဝိဇ္ဇာလက်သီး”

ဒေါသထွက်နေသော ခိုထော့၏ ရွှေအိုရောင် ကိုယ်ထည်မှာ ပိုမို တောက်ပလာသည်။ သွေးဆူနေသော မိစ္ဆာတစ်ကောင်ကဲ့သို့ ကြွက်သားများ ထုံးနေသော သူ၏ လက်မောင်းများ၊ သူ၏ ခန္ဓာကိုယ်ကို ပတ်ထားသော အနက်ရောင် မီးတောက်များနှင့်အတူ သူ၏ လက်သီးများမှာ ကြွေလွင့်လာသော ကြယ်တံခွန်များကဲ့သို့ ချီကန်းအား အပိုင်းပိုင်းပြတ်သွားစေရန် ပြင်းထန်စွာ တရစပ် ထိုးနှက်တော့သည်။

“လာစမ်းပါ”

ချီကန်း၏ လက်နှစ်ဖက်မှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ပြီး လက်ညှိုးထိပ်များကို စုစည်းကာ တောက်ပသော အဖြူရောင် နတ်ဘုရားဓားကို ပုံဖော်ရင်း ခိုထော့၏ ပြင်းထန်သော လက်သီးချက်များကို တည့်တည့် ရင်ဆိုင်လိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း”

နှစ်ဦးသားမှာ တစ်ဦးကိုတစ်ဦး မလျှော့ပေးဘဲ ပြင်းထန်စွာ တိုက်ခိုက်နေကြရာ ဓားစွမ်းအင်များ ပျံ့လွင့်နေပြီး လက်သီးအရှိန်အဝါများကလည်း ဟင်းလင်းပြင်ကို လွှမ်းမိုးထားသည်။ သူတို့၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော အရှိန်အဟုန်များကြောင့် တောင်ကြားတစ်ခုလုံးတွင် ပဲ့တင်ထပ်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်နေကာ နားစည်များကို နာကျင်စေသည်။

ဂလောင်... ဂလောင်... ဂလောင်

လက်သီးနှင့် ဓားတို့ ထိတွေ့နေကြသည်။ ချီကန်း၏ ချီဓားသိုင်းပညာမှာ ဓားစွမ်းအင် လှိုင်းလုံးကြီးများကို ထုတ်လွှတ်နေပြီး စိတ်ကူးလိုက်ရုံဖြင့် နတ်ဘုရားဓားမှာ ကောင်းကင်ကို ခွဲခြမ်းကာ မြေပြင်ကို ဖြိုခွင်းလိုက်သည်။ ဝိဇ္ဇာဗိမာန်၏ တပည့်ဟောင်း ဖြစ်ခဲ့သော ခိုထော့မှာလည်း သူ၏ စိန်ကိုယ်ထည်ကို ထိတ်လန့်ဖွယ်ကောင်းသော အဆင့်သို့ ရောက်အောင် လေ့ကျင့်ထားသူ ဖြစ်ရာ ချီကန်း၏ နတ်ဘုရားဓားသည်ပင် လောလောဆယ်တွင် သူ့အား ဒဏ်ရာရအောင် မလုပ်နိုင်သေးပေ။

“ခိုထော့က တကယ်ကို ကြောက်စရာကောင်းတာပဲ... အရှင်ချီရဲ့ နတ်ဘုရားဓားကို သူ၏ အသားအရေနဲ့တင် ခုခံနိုင်တယ်။”

ရောက်လာကြသော မူလနယ်ပယ် သိုင်းပညာရှင်များ အားလုံးမှာ လေးနက်သော မျက်နှာထားများ ကိုယ်စီနှင့်။ သိုင်းပညာရှင်များ ဖြစ်ကြသည့်အတိုင်း ချီကန်း၏ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းမှာ အလွန်ပင် စွမ်းအားကြီးကြောင်း၊ သာမန် သိုင်းပညာရှင်များမှာ တစ်ချက် နှစ်ချက်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း သူတို့ သိကြသည်။ ခိုထော့ကတော့ အလွန်ပင် သန်မာလှသည်။ သူ၏ ကင်းကောင်ကိုယ်ထည် ကျင့်စဉ်မှာ မဟာမီးလျှံ တစ်ဝန်းတွင် အစွမ်းထက်ဆုံး ခန္ဓာကိုယ်ကျင့်စဉ်ဟု ခေါ်ဆိုနိုင်ပြီး ချီကန်း၏ နတ်ဘုရားဓားကိုပင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည်။

“ဒါက ဟင်းလင်းပြင်ဓားကို ကိုင်ဆောင်တဲ့ မိစ္ဆာနှိမ်နင်းရေး ဌာနက ချီကန်းလား။ မူလဓာတ်ငါးပါး သိုင်းပညာရှင်တစ်ယောက်က... အရမ်းကို ကြောက်စရာကောင်းတာပဲ။”

ထိုမိစ္ဆာသိုင်းပညာရှင်များမှာလည်း လေးနက်သော မျက်နှာထားများ ကိုယ်စီနှင့်။ မူလဓာတ်ငါးပါး သိုင်းပညာရှင် တစ်ဦးသည် စိတ်ဝိညာဉ်နယ်ပယ်ရှိ ဓားသိုင်းပညာကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ မသေနိုင်မျိုးခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည်။ အကယ်၍ သူတို့သာ ချီကန်းနှင့် ရင်ဆိုင်ရပါက အမှားတစ်ချက်ကြောင့် သူတို့၏ စိတ်ဝိညာဉ်ပင်လယ်မှာ ပျက်စီးသွားပြီး ဝိညာဉ်အဆင့်တွင် သေဆုံးသွားနိုင်ပေသည်။

မည်သည့်ဘက်ကမျှ ဤတိုက်ပွဲအတွင်းသို့ မဆင်မခြင် ဝင်ရောက်ရန် မဝံ့ရဲကြသလို တစ်ဖက်နှင့်တစ်ဖက်လည်း သတိကြီးစွာ ထားနေကြသည်။ အမှန်တကယ်တွင် တစ်စုံတစ်ယောက်သာ ဝင်ရောက်စွက်ဖက်ပါက ထိုသူမှာ အသက်ဆုံးရှုံးသွားနိုင်သည့် အန္တရာယ် ရှိသည်။

“အား”

ခဏအတွင်းမှာပင် တိုက်ကွက်ပေါင်းများစွာ ဖလှယ်ပြီးနောက် ခိုထော့၏ ရွှေကိုယ်ထည်မှာ ချီကန်း၏ ပြင်းထန်သော ထိုးနှက်ချက်များကို ခံစားရဖန်များသဖြင့် အရောင်မှိန်လာသည်ကို မြင်တွေ့နေရသည်။ သူ၏ မျက်လုံးများတွင် သွေးကြောများဖြင့် ပြည့်နှက်နေပြီး နောက်ဆုံး အဆုံးအဖြတ်အဖြစ် အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သူ၏ ညာလက်သီးမှာ တံဆိပ်တစ်ခုကို ပုံဖော်လိုက်ရာ အတွင်း၌ မိစ္ဆာစွမ်းအားများ ဆူပွက်လာပြီး လက်သီးတစ်ခုလုံးမှာ မိစ္ဆာစွမ်းအား၊ ချီစွမ်းအင်နှင့် သွေးများဖြင့် ပြည့်လျှံလာကာ အရွယ်အစား ကြီးမားလာပြီး ခရမ်းပုပ်ရောင်သို့ ပြောင်းလဲသွားသည်။ သူသည် ဓားစွမ်းအင် အလွှာများကို အတင်းအဓမ္မ ထိုးဖောက်ကာ ချီကန်း၏ ရင်ဘတ်ဆီသို့ တိုးဝင်သွားသည်။

ထိုအချိန်တွင် ချီကန်း၏ ဓားဝိညာဉ်မှာလည်း တစ်နေရာတည်းတွင် စုစည်းသွားသည်။ သူ၏ ညာလက်ရှိ နတ်ဘုရားဓားမှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ထိုအလင်းမှာ မျက်လုံးများကို စူးရှစေကာ ခေတ္တမျှ မူးဝေပြီး မျက်စိကွယ်သကဲ့သို့ ဖြစ်သွားစေသည်။

“ဘန်း”

ပြင်းထန်သော လက်သီးချက်မှာ ချီကန်း၏ ဘယ်ဘက်ပုခုံးပေါ်သို့ ကျရောက်သွားရာ တစ်ခုခု ကျိုးပဲ့သွားသည့် အသံ ထွက်ပေါ်လာသည်။ ထိုအသံမှာ အရိုးကျိုးသည့် အသံမဟုတ်ဘဲ စုစည်းထားသော ဓားစွမ်းအင်များဖြင့် ပြုလုပ်ထားသည့် 'ချပ်ဝတ်တန်ဆာ' အလွှာတစ်ခု ပျက်စီးသွားသည့် အသံဖြစ်သည်။ ချီကန်း၏ ချီဓားသိုင်းပညာမှာ အခြားသူများ လက်လှမ်းမမီနိုင်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ တိုက်စစ်နှင့် ခံစစ်ကို အပြည့်အဝ ပေါင်းစပ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ဓားချပ်ဝတ်တန်ဆာ၏ အကာအကွယ် ရှိနေသည့်တိုင် ချီကန်းမှာ ထိုလက်သီးချက်ကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့သည်။

“ဂျွတ်”

သို့သော် တစ်ချိန်တည်းမှာပင် ချီကန်း၏ ဆယ်စုနှစ်များစွာ ကြိုးပမ်းလေ့ကျင့်ထားသော ဓားဝိညာဉ်ပါဝင်သည့် အံ့ဩဖွယ် ဓားချက်မှာ သက်တံကဲ့သို့ ဓားစွမ်းအင်များ ဖြစ်ပေါ်စေကာ ခိုထော့၏ ခန္ဓာကိုယ် မျက်နှာပြင်ရှိ ရွှေအိုရောင် အလင်းတန်းများကို ဖောက်ခွဲပစ်လိုက်ပြီး သူ၏ နှလုံးသားကို ဖောက်ထွင်းကာ ကျောဘက်မှ ထိုးထွက်သွားခဲ့သည်။

ထိုဓားစွမ်းအင်မှာ ချက်ချင်း ပျောက်ကွယ်မသွားဘဲ ဆယ်ကိုက်ကျော်အထိ ဆက်လက် ပျံသန်းသွားကာ သက်တံရောင် လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့ပြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

“အစ်ကိုချီ”

ချင်းဝမ်ယွီသည် လွင့်ထွက်လာသော ချီကန်းကို အလျင်အမြန် လှမ်းဖမ်းလိုက်သည်။

“ငါ အဆင်ပြေပါတယ်” ချီကန်းသည် လည်ချောင်းဝသို့ ရောက်လာသော သွေးများကို အတင်းအဓမ္မ ပြန်မြိုချလိုက်ကာ ခေါင်းခါပြလိုက်သည်။ ချီကန်းသည် ခိုထော့၏ ပြင်းထန်သော လက်သီးချက်ကို တည့်တည့် ခံလိုက်ရသဖြင့် ဒဏ်ရာပြင်းထန်ကာ သူ၏ ချီစွမ်းအင်နှင့် သွေးများမှာလည်း ကစဉ့်ကလျား ဖြစ်နေသည်။

“မင်း...”

ခိုထော့မှာမူ ပို၍ ဆိုးဝါးလှသည်။ သူ၏ နှလုံးမှာ ဖောက်ထွင်းခံလိုက်ရသဖြင့် တစ်ခုခု ပြောရန် ကြိုးစားသော်လည်း သူ၏ မျက်လုံးများမှာ အရောင်မှိန်သွားကာ သူ၏ ဗလတောင့်တောင့် ကိုယ်ထည်ကြီးမှာ မြေပြင်ပေါ်သို့ ပျော့ခွေ ကျသွားတော့သည်။

“ဆရာကြီး ခိုထော့”

ဤမြင်ကွင်းကြောင့် မိစ္ဆာသိုင်းပညာရှင်များ အားလုံးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး လဲကျသွားသော ခိုထော့ကို စိုက်ကြည့်နေကြသည်။ ခိုထော့သည် အဖွဲ့ချုပ်၏ ဂိုဏ်းခွဲအဆင့်တွင် ဆရာကြီး တစ်ဦးဖြစ်ပြီး အသက်ခြွေအဖွဲ့ချုပ်၏ ထိပ်တန်းများထဲမှ ထိပ်တန်း ဖြစ်သည်။ သို့သော် ယခုမူ ချီကန်းနှင့် ပြင်းထန်သော တိုက်ပွဲအတွင်း ခေတ္တအတွင်းမှာပင် ခိုထော့က ချီကန်းကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သော်လည်း သူကိုယ်တိုင်မှာမူ ချီကန်း၏ စိတ်ဝိညာဉ်ပါသော ဓားချက်ဖြင့် ရင်ဘတ်ကို ဖောက်ထွင်းခံလိုက်ရခြင်း ဖြစ်သည်။

မိစ္ဆာသတ္တဝါများ၏ မသေမျိုးခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်နယ်ပယ်ရှိ ဓားသိုင်းပညာ၏ ထိန်းချုပ်ခြင်းကို အမှန်ပင် ခံရလေသည်။ နှလုံးသားမှာ ယခုကဲ့သို့ ဖောက်ထွင်းခံရပါက ပြန်လည် မကုသနိုင်တော့ဘဲ သေဆုံးဖို့က မလွဲဧကန်ပင်။

အသက်ခြွေအဖွဲ့ဝင်များ၏ မျက်နှာများမှာ ဖြူလျော်သွားလေ၏။ အဆင့်မြင့် အရာရှိဖြစ်သော ခိုထော့မှာ နေရာမှာပင် အသတ်ခံလိုက်ရခြင်းမှာ သူတို့အား ကြီးမားသော တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများကို ပေးလိုက်ခြင်း ဖြစ်သည်။

အခန်း (၅၄၉) မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီး တာ့ဝူဖုန်း။ (၁)

“ကောင်းတယ်…သူတို့ကို သတ်ကြ။ တစ်ယောက်မှ အလွတ်မပေးနဲ့။”

သိုင်းပညာရှင်များဘက်တွင်မူ အားတက်သရော ရှိနေကြတာ အမှန်ပင်။ ချီကန်းသည် ရန်သူ့ခေါင်းဆောင်ကို တိုက်ပွဲတွင် ကွပ်မျက်နိုင်ခဲ့သဖြင့် တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေးကြီးကို ရလိုက်ပြီ ဖြစ်သည်။

“ဟင်”

သို့သော် စူးချန်ခုန်း၏ မျက်မှောင်များ တင်းတင်း တွန့်ချိုးသွားခဲ့သည်။ သူ၏ မျက်ဆန်များ ကျုံ့သွားပြီး မကြာမီ ကျရောက်တော့မည့် အန္တရာယ်တစ်ခုကို အာရုံခံမိလိုက်သည်။ တစ်ချိန်တည်းမှာပင် ချီကန်းနှင့် အနီးဆုံးတွင် ရှိနေသော ချင်းဝမ်ယွီသည်လည်း သူ၏ နှလုံးတုန်သွားသကဲ့သို့ ခံစားလိုက်ရသည်။ 'ထိပ်သီးပန်းသုံးပွင့်' အဆင့်သို့ ရောက်ရှိထားသော မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦးအနေဖြင့် သူသည် အန္တရာယ်ကို ကြိုတင် သိမြင်နိုင်စွမ်း ရှိရာ အလွန်ပြင်းထန်သော ခြိမ်းခြောက်မှုကြီးမှာ... ချီကန်းထံမှ ထွက်ပေါ်နေကြောင်း ခံစားလိုက်ရလေ၏။

“ဝှစ်... ဝှစ်... ဝှစ်”

မည်သည့် သတိပေးချက်မျှ မရှိဘဲ ချီကန်း၏ ခန္ဓာကိုယ်မှ ဓားစွမ်းအင်များမှာ ဒီရေကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ ပစ်မှတ်မှာ အခြားသူများ မဟုတ်ဘဲ သူနှင့်အတူ ပါလာသော မူလနယ်ပယ် သိုင်းပညာရှင်များပင် ဖြစ်သည်။ ဤတိုက်ကွက်မှာ ကြိုတင် ပြင်ဆင်ထားပုံရပြီး ဓားစွမ်းအင် အခက်ပေါင်း နှစ်ဆယ်ကျော်မှာ နတ်ဘုရားဓားများအဖြစ် ပြောင်းလဲကာ လူတစ်ဦးစီထံသို့ တည့်တည့် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။

ဤအပြောင်းအလဲမှာ ရုတ်တရက်လွန်းလှပြီး မည်သည့် ကြိုတင်သတိပေးချက်မျှ မရှိခဲ့ချေ။

“ဖူး”

ချင်းဝမ်ယွီသည် နက်နဲသော သိုင်းအဆင့်ကြောင့် အာရုံခံမိလိုက်ပြီး ဘေးသို့ ရှောင်တိမ်းနိုင်ခဲ့သလို တစ်ချိန်တည်းမှာပင် သူ့ထံသို့ ဦးတည်လာသော နတ်ဘုရားဓားကို လက်ဖြင့် ပုတ်ထုတ်လိုက်ရာ ဓားလမ်းကြောင်း လွဲသွားသဖြင့် လည်ပင်း ဖောက်ထွင်းခံရမည့် ဘေးမှ လွတ်ကင်းသွားခဲ့သည်။ သို့သော်လည်း သူ၏ လည်ပင်းဘေးဘက်မှာ ဓားသွားနှင့် ထိမှန်သွားသဖြင့် သွေးလွှတ်ကြော ပြတ်တောက်ကာ သွေးများ ပန်းထွက်လာပြီး နောက်သို့ ယိုင်ကျသွားခဲ့သည်။

“ရွှီး”

ရှောင်တိမ်းရန် နှေးကွေးသူများမှာမူ လည်ပင်းနှင့် နှလုံးသားများကို တည့်တည့် အထိုးခံလိုက်ရသည်။ ပညာရှင်ကြီး တစ်ဦးဖြစ်သော ချီကန်း၏ ရုတ်တရက် တိုက်ခိုက်မှုကို လူတိုင်း မတုံ့ပြန်နိုင်ကြချေ။ အနည်းဆုံး မူလနယ်ပယ် သိုင်းပညာရှင်ငါးဦးမှာ သူတို့၏ ခန္ဓာကိုယ်ကို ကာကွယ်ရန် ချီစွမ်းအင်များကို အလိုလို ထုတ်လွှတ်လိုက်သော်လည်း နတ်ဘုရားဓားမှာ ရွှံ့ကို ဖြတ်သကဲ့သို့ သူတို့၏ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများကို ဖောက်ထွက်သွားခဲ့သည်။

“ဘုန်း”

“ဘုန်း”

မူလနယ်ပယ် သိုင်းပညာရှင်ငါးဦးမှာ အချက်အချာကျသော နေရာများကို ထိမှန်သွားခဲ့ပြီး သူတို့၏ မျက်လုံးများတွင် နားမလည်နိုင်မှု၊ မကျေနပ်မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေကာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျ သေဆုံးသွားကြသည်။ သူတို့သည် ဘာကြောင့် သေဆုံးရသည်ကိုလည်း မသိလိုက်ကြရသလို ချီကန်းက ဘာကြောင့် သူတို့ကို ရုတ်တရက် တိုက်ခိုက်သည်ကိုလည်း နားမလည်နိုင်ကြချေ။

ဓားစွမ်းအင်တစ်ခုမှာ စူးချန်ခုန်းထံသို့လည်း ဦးတည်လာခဲ့သည်။ ချီကန်း စတင် လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် စူးချန်ခုန်း၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဓားစိတ်ဝိညာဉ်မှာ သတိပေးချက်အဖြစ် တုန်ခါသွားခဲ့သဖြင့် ကြိုတင် ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ရွှီး”

ဓားမှာ စူးချန်ခုန်း၏ ကျန်ရစ်သော ပုံရိပ်ယောင်ကိုသာ ဖောက်ထွက်ပြီး လွဲချော်သွားခဲ့သည်။

“ချီကန်း” စူးချန်ခုန်း၏ နှလုံးသားထဲတွင်မူ သတ်ဖြတ်လိုစိတ်မှာ ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

ချီကန်းက ဘာကြောင့် သူ၏ အဖော်များကို ရုတ်တရက် တိုက်ခိုက်သည်ကို သူ မသိသေးသော်လည်း ဤတိုက်ခိုက်မှုမှာ ကရုဏာ ကင်းမဲ့လှပြီး အသက်ကို နုတ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။

“ဘာ... ဘာတွေ ဖြစ်နေတာလဲ”

ချီကန်း၏ ဓားချက်ဖြင့် နှလုံးသား ဖောက်ထွင်းခံရပြီး သေဆုံးသွားပြီဟု ထင်ရသော ခိုထော့ကြောင့် စိတ်မကောင်း ဖြစ်နေကြသည့် မိစ္ဆာပညာရှင်များသည်လည်း ဤမြင်ကွင်းကို ကြည့်ကာ ပို၍ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ အခြေအနေကို သူတို့ လုံးဝ နားမလည်နိုင်ကြတော့ပေ။

“ချီကန်း မင်း ရူးသွားပြီလား”

ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ၎င်းမှာ ကျားခေါင်းမျက်နှာဖုံး တပ်ထားသော ချင်းဝမ်ယွီပင် ဖြစ်သည်။ သူသည် ဒဏ်ရာရသွားသော သူ၏ လည်ပင်းကို အုပ်ထားရင်း ချီကန်းကို ဒေါသတကြီး စိုက်ကြည့်ကာ စွပ်စွဲ ပြစ်တင်လိုက်ခြင်း ဖြစ်သည်။

ချီကန်း၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် သိုင်းပညာရှင် ငါးဦး နေရာမှာပင် သေဆုံးသွားခဲ့လေပြီ။ လျင်မြန်စွာ တုံ့ပြန်နိုင်သူများမှာ အသက်ရှင်ကျန်ရစ်သော်လည်း ထက်ဝက်နီးပါးမှာ ဒဏ်ရာ ရသွားကြသည်။ ချင်းဝမ်ယွီသည် ချီကန်းနှင့် နီးကပ်စွာ ရှိနေသလို သူ၏ ကျင့်စဉ်မှာလည်း 'ထိပ်သီးပန်းသုံးပွင့်' အဆင့်တွင် ရှိသဖြင့် အန္တရာယ်ကို အာရုံခံမိကာ လည်ပင်းကို ဓားဖောက်ထွင်းခံရမည့် ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ခြင်း ဖြစ်ရာ သူသည် အတိုင်းအထက်အလွန် ဒေါသထွက်နေတော့သည်။

“အစ်ကိုကြီး.. အစ်ကိုကြီး”

ဝက်ဝံမျက်နှာဖုံး တပ်ထားသော အခြားတစ်ယောက်မှာလည်း လဲကျနေသော အလောင်းကို ပွေ့ဖက်ကာ ဝမ်းနည်းပူဆွေးစွာ အော်ဟစ်နေသည်။ သူ၏ အစ်ကိုမှာ အချိန်မီ မရှောင်နိုင်ခဲ့သဖြင့် ချီကန်း၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် နေရာမှာပင် အသက်ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။

“ဒါက... ချီကန်းက မိစ္ဆာအတတ်တစ်ခုခုနဲ့ လှည့်စားခံလိုက်ရတာလား” အသက်ရှင်ကျန်ရစ်သော သိုင်းပညာရှင်အချို့မှာ ဒေါသထွက်နေသလို သံသယလည်း ဖြစ်နေကြသည်။ ချီကန်းမှာ မိစ္ဆာသိုင်းပညာရှင်တစ်ဦး၏ စိတ်လှည့်စားခြင်းကို ခံလိုက်ရသလားဟု သူတို့ တွေးနေကြသည်။ အချို့သော မိစ္ဆာသတ္တဝါများသည် စိတ်ကို ရှုပ်ထွေးအောင် လုပ်နိုင်စွမ်း ရှိကြသောကြောင့် ဖြစ်သည်။

သို့သော် ချီကန်းကို ကြည့်လိုက်လျှင် သူ၏ အမူအရာမှာ ထုံးစံအတိုင်း တည်ငြိမ်နေပြီး သူ၏ မျက်လုံးများမှာ အေးစက်ကာ ဂရုမစိုက်သော အရိပ်အယောင်များ ရှိနေသည်။ သူသည် မည်သည့်အရာ၏ လွှမ်းမိုးမှုကိုမျှ ခံထားရပုံမပေါ်ဘဲ ဤလုပ်ရပ်မှာ ကြိုတင် ကြံစည်ထားခြင်း ဖြစ်ပုံရသည်။

သူသည် လူတိုင်း၏ ဒေါသထွက်နေသော သို့မဟုတ် နားမလည်နိုင်သော အကြည့်များကို ရင်ဆိုင်ရင်း နှုတ်ဆိတ်နေဆဲပင်။

“မင်းတို့ မသိကြသေးဘူးလား။ မင်းတို့ကို အရှင်ချီက ရောင်းစားလိုက်ပြီလေ။”

ထိုအချိန်တွင် ဩဇာညောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ နှလုံး ဖောက်ထွင်းခံရသဖြင့် 'သေဆုံး' နေပြီဟု ထင်ရသော ခိုထော့မှာ မြေပြင်မှ ထလာခဲ့သည်။ စီးထွက်သွားသော သွေးများမှာ ဒဏ်ရာအတွင်းသို့ ပြန်ဝင်သွားပြီး သူ၏ ဒဏ်ရာမှာလည်း လျင်မြန်စွာ ပြန်လည် ပျောက်ကွယ်သွားရာ သူသည် ဘာဒဏ်ရာမှ မရှိသကဲ့သို့ ဖြစ်သွားလေသည်။

“ဒါက...”

ချီကန်းက လူတိုင်းကို ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းနှင့် ခိုထော့ ပြန်ရှင်လာခြင်းတို့ကို ကြည့်ကာ သူတို့ကို ချီကန်းက ရောင်းစားလိုက်ပြီ ဖြစ်ကြောင်း ချင်းဝမ်ယွီနှင့် အခြားသူများ ဘယ်လိုလုပ် သဘောမပေါက်ဘဲ နေမည်နည်း။

ချီကန်းနှင့် ခိုထော့တို့၏ အသေအကြေ တိုက်ပွဲမှာ ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်။ ချီကန်းသည် အခြားသူများ၏ မေးခွန်းထုတ်မှုနှင့် အကြည့်များကို ဂရုမစိုက်တော့ဘဲ ခိုထော့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ခိုထော့... ဒါက မင်းတို့ အသက်ခြွေအဖွဲ့ချုပ်အတွက် ကျေနပ်စရာ ဖြစ်ပြီလား။ ငါ အသက်ခြွေအဖွဲ့ချုပ်ကို ဝင်ချင်တာက တကယ်ဖြစ်ပြီး ဘယ်လို အတွေးမျိုးမှ မရှိဘူး”

ချီကန်း၏ စကားများကြောင့် စူးချန်ခုန်း၏ မျက်မှောင်များမှာ တင်းတင်းကြပ်ကြပ် တွန့်ချိုးသွားတော့သည်။ သူသည် တစ်စုံတစ်ရာကို စတင် နားလည်လာခဲ့ပြီ ဖြစ်သည်။

ချီကန်းသည် သူ၏ အဆက်အသွယ်များနှင့် ဩဇာအာဏာကို အသုံးပြုကာ ပညာရှင်များစွာကို ဖိတ်ခေါ်ခဲ့ခြင်းမှာ အသက်ခြွေအဖွဲ့ချုပ်၏ ဂိုဏ်းခွဲကို ဖျက်ဆီးရန် မဟုတ်ဘဲ သူ၏ သစ္စာရှိမှုကို ပြသရန် သက်သေအဖြစ် အသုံးပြုရန် ဖြစ်သည်။ ချီကန်းသည် အသက်ခြွေအဖွဲ့ချုပ်နှင့် ကြိုတင် ဆက်သွယ်ထားပြီး အဖွဲ့ထဲသို့ ဝင်ရောက်လိုခြင်း ဖြစ်သည်။

သိုင်းပညာရှင်ကြီး တစ်ဦးဖြစ်သော ချီကန်းမှာ မီးတောက်အင်ပါယာတွင် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး မိစ္ဆာနှိမ်နင်းရေး ဌာန၏ တတိယအဆင့် အရာရှိကြီး ဖြစ်သည်။ သူက အသက်ခြွေအဖွဲ့ချုပ်သို့ ဝင်ရောက်လိုသည်ဟု ဆိုပါက မည်မျှပင် ခိုင်လုံသော အကြောင်းပြချက် ရှိပါစေ အဖွဲ့ချုပ်၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ သူ၏ ရည်ရွယ်ချက်ကို သံသယဖြစ်ကြကာ သူသည် အဖွဲ့အတွင်းသို့ သူလျှိုအဖြစ် ဝင်ရောက်လိုသည်ဟု ထင်မြင်ကြသည်။

ထို့ကြောင့် ယနေ့ မြင်ကွင်းမှာ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ အသက်ခြွေအဖွဲ့ချုပ်၏ သံသယများကို ဖယ်ရှားရန်အတွက် ချီကန်းသည် သူ၏ ရင်းနှီးသော မိတ်ဆွေများ သို့မဟုတ် မိတ်ဆွေ၏ မိတ်ဆွေများကို စုစည်းကာ အားကောင်းသော တိုက်ခိုက်ရေးသမား တစ်စုကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုသူများကို သူ၏ သစ္စာရှိမှုအတွက် သက်သေအဖြစ် အသုံးပြုရန် စီစဉ်ခဲ့ပြီး ယခုပင် မည်သည့် ကရုဏာမျှ မရှိဘဲ ကိုယ်တိုင် လက်စသတ်ကာ သူ၏ စစ်မှန်သော ဆန္ဒကို ပြသလိုက်ခြင်း ဖြစ်သည်။

အမှန်တကယ်ပင် ကိုယ့်မိတ်ဆွေများနှင့် ဆွေမျိုးများကို သတ်ဖြတ်နိုင်လောက်အောင် ရက်စက်သော သူတစ်ယောက်သာ ဤသို့သော လုပ်ရပ်ကို လုပ်နိုင်ပေလိမ့်မည်။

All Chapters