ငါ့သခင်ကို ထိခိုက်အောင် လုပ်ချင်တဲ့လူတိုင်း သေရမယ်
Vol. 114 Ch. 1708
ဤမြင်ကွင်းကြောင့် လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။
ဤလူငယ်လေးအား အပြတ်ရှင်းရန် အလို့ငှာ နတ်ဘုရားမျိုးနွယ်က အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်ကို တစ်ပြိုင်တည်း စေလွှတ်ခဲ့ခြင်းက ကိစ္စကြီးဟု ဆိုရပေမည်။
ထိတ်လန့်စရာ ကောင်းလှပေသည်။
သူတို့နှစ်ယောက်လုံး ယဲ့ဖန်ဘေး၌ ရပ်နေကြသည်။ တစ်ယောက်က ဘယ်ဘက်တွင် ရပ်နေပြီး ကျန်တစ်ယောက်က ညာဘက်၌ ရပ်နေသည်။ သူတို့၏ မျက်လုံးများက ခက်ထန်နေကာ မျက်နှာထားများက မာကြောလှသည်။
“ဝုန်း”
ထိုသို့သောအချိန်၌ သူတို့နှစ်ယောက်ထံမှ အလွန် ပြင်းထန်၍ ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။
“ဟေ့ကောင် ငါတို့ မင်းလက်မောင်းကို ဖြုတ်ပစ်မယ်ကွ”
သူတို့မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်နေလေသည်။
“ဝေါင်း”
ထိုသို့သောအချိန်၌ ကျားဟိန်းသံ ထွက်ပေါ်လာ၏။ ထိုဟိန်းသံက အလွန် ကြမ်းကြုတ်ပြီး ကောင်းကင်ယံကိုပင် တုန်ခါစေလောက်သည်။
လူတိုင်း တုန်လှုပ်သွားပြီး မျက်နှာများ ဖြူရော်ကုန်သည်။ လက်ရှိတွင် သူတို့သည် တူနှင့် အထုခံလိုက်ရသကဲ့သို့ ခံစားသွားရသည်။ ထိုဟိန်းသံက စိတ်ဝိညာဉ် စွမ်းအင်ပါ ပါဝင်နေသဖြင့် သူတို့ လုံးဝ မခုခံနိုင် ဖြစ်နေ၏။
ထို့နောက် အရိပ်တစ်ခုက တံခါးဝမှ ပြေးဝင်လာပြီး အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်အား ခုန်အုပ် လာသည်ကို သူတို့ တွေ့လိုက်ရသည်။
“ရွှစ် ရွှစ်”
ကျားလက်သည်းများက အရှိန်ဖြင့် ပုတ်ခတ်လာပြီး သွေးများ ချက်ချင်း ဖြာထွက်လာသည်။
ကျားလက်သည်း နှစ်ခုက အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ထံ အရှိန်ဖြင့် ကျရောက်လာသဖြင့် သူတို့ ချက်ချင်း ဒဏ်ရာ ရသွားကြသည်။ သွေးများက ဝေါခနဲ ပန်းထွက်လာသလို အဆက်မပြတ် စိမ့်ထွက်နေ လေသည်။ ပြင်းထန်သော ဒဏ်ရာက အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်အား ခိုက်ခိုက်တုန် သွားစေသည်။
“မဖြစ်နိုင်ဘူး”
အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံး အသည်းအသန် အနောက်သို့ ဆုတ်သွားကြပြီး အရှေ့သို့ သေချာ ကြည့်လိုက်ကြသည်။ ထိုအခါ သူတို့ရှေ့၌ ကြမ်းကြုတ်သော ကျားဖြူတစ်ကောင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
ထိုအခါ သူတို့မျက်နှာတွင် ထိတ်လန့်မှုတို့နှင့် ပြည့်နှက်လာလေတော့သည်။
ကျားဖြူတစ်ကောင်၌ သူတို့ကို တစ်ချက်တည်းဖြင့် ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်နိုင်သည့် ကြောက်စရာ အင်အားမျိုး ရှိနေလိမ့်မည်ဟု သူတို့ မယုံနိုင် ဖြစ်နေကြသည်။
အခြားသူများအားလုံးလည်း ကြောက်လန့်သွားကြလေသည်။
*ဒါ ဘယ်လိုသတ္တဝါမျိုးလဲ*
*အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံးကို တစ်ချက်တည်းနဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်နိုင်တဲ့ ခွန်အားမျိုး ရှိနေပါလား*
လူအုပ်အတွင်း၌ ကြောက်စိတ်က ချက်ချင်း ပျံ့နှံ့လာသည်။
“ဝေါင်း”
သို့သော် ထိုသို့သောအချိန်၌ ချုံးချီက ခေါင်းကိုမော့၍ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ့ပုံစံက ရုတ်တရက် ကြီးထွားလာပြီး သူ၏မူလကိုယ်သို့ ပြောင်းလဲသွားလေသည်။ တောင်တစ်လုံးတမျှ ကြီးမား မြင့်မားလွန်းသော သူ့ခန္ဓာကိုယ်ကြောင့် လျန့်စံအိမ်တစ်ခုလုံး ပေါက်ကွဲပျက်စီးသွားသည်။
ဧည့်သည်များအားလုံး အနောက်သို့ လွင့်ထွက်သွားပြီးနောက် သွေးပျက်စွာ အဝေးသို့ ထွက်ပြေးကြသည်။ သူတို့ ပြန်လှည့်ကြည့်လိုက်သောအခါ တောင်တစ်လုံးသဖွယ် ကြီးမားသော ကြမ်းကြုတ်သည့် ကျားတစ်ကောင်ကို တွေ့လိုက်ရတော့သည်။
“ချုံး …. ချုံး … ချုံးချီပါလား”
“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”
“ရှေးဟောင်းမိစ္ဆာကောင်က ဘာလို့ ဒီကို ရောက်နေတာလဲ၊ သူ ချိပ်ပိတ်ခံထားရတာ မဟုတ်ဘူးလား”
ကြောက်လန့်တကြား ပြောဆိုသော အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ချုံးချီသည် ရှေးခေတ်အချိန်က ကြောက်စရာ အကောင်းဆုံးသော သတ္တဝါဖြစ်ပြီး နတ်ဘုရားများနှင့် နတ်ဆိုးများကို ဝါးမျိုနိုင်သူ ဖြစ်ကာ တစ်လောကလုံးမှ သက်ရှိများ ရှောင်ရှားကြသည့် သတ္တဝါ ဖြစ်လေသည်။
သူ့ကို မြင်လိုက်သည့် အခိုက်မှာပင် အားလုံး ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။
အထူးသဖြင့် ထိုအင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ပင်။ ချုံးချီကို မြင်လိုက်ရသောအခါ သူတို့မျက်နှာများ ပြာနှမ်းသွားသည်။
အဘယ်ကြောင့်ဆိုသော် သူတို့အရှေ့မှ မကောင်းဆိုးဝါးသည် သူတို့၏ ဘိုးဘေးဘီဘင်များထက်ပင် အဆမတန် အသက်ကြီးသူ ဖြစ်သောကြောင့်ပင်။
ရှေးခေတ်အချိန်က ကျော်ကြားသော သမိုင်းမှတ်တမ်းကို ရေးထွင်းနိုင်ခဲ့သော သတ္တဝါကြီး ဖြစ်သည်။ သူ ပေါ်လာသည်နှင့် သူတို့နှစ်ယောက်ကို ဒဏ်ရာ အကြီးအကျယ် ရအောင် လုပ်နိုင်ခဲ့ခြင်းက ရှေးခေတ်က အကြောင်းအရာများက ပုံပြင်မဟုတ်ဘဲ တကယ့် မှတ်တမ်းများ ဖြစ်ကြောင်း သက်သေ ပြနေလေပြီ။
*ဒီမကောင်းဆိုးဝါးကြီးက တကယ် ကြောက်ဖို့ကောင်းတာပဲ*
သူတော်စင်အဆင့်ကပင် အနိုင်မယူနိုင်သည့် ဤသို့သော ရှေးဟောင်းသားရဲကြီးက အဘယ်ကြောင့် ယဲ့ဖန်နှင့် ပတ်သက်နေသလဲ သူတို့ စဉ်းစား၍ မရချေ။
“မဖြစ်နိုင်လိုက်တာ၊ မင်း ဘယ်သူလဲ”
သူတို့နှစ်ယောက်၏ မျက်လုံးတွင် ထိတ်လန့်စိတ်တို့ ပြည့်နှက်နေ၏။
အဘယ်ကြောင့် အမှိုက်ကောင်က ချုံးချီကို ထိန်းချုပ်နိုင်နေသလဲ သူတို့ နားမလည်နိုင်ပါ။
သူတို့သည်သာမက လျန့်ဝမ်ကျန်းနှင့် အခြားသူများလည်း စိတ်ရှုပ်ထွေးနေကြသည်။ ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှပေသည်။
သို့သော် ပို၍ ကြောက်စရာကောင်းသော ဖြစ်ရပ်များ လာရန် ရှိပေသေးသည်။
“ငါ့သခင်ကို ထိခိုက်အောင် လုပ်ရဲတဲ့လူတိုင်း သေရမယ်”
ချုံးချီက ကြမ်းကြုတ်စွာ အော်ဟစ်လိုက်ပြီးနောက် ပြေးတက်လာသည်။
“ဝုန်း”
အားလုံး ဆူညံပွက်လောရိုက်သွားကြသည်။
*ဘာ*
*သခင် ဟုတ်လား*
လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ သူတို့ရှေ့မှ လူငယ်လေးက ချုံးချီ၏ သခင် တဲ့လား။
*ထင်ယောင်ထင်မှား ဖြစ်တာပဲ*
*ငါတို့ ထင်ယောင်ထင်မှား ဖြစ်တာပဲ နေမယ်၊ ဒါ မဖြစ်နိုင်ပါဘူး*
ချုံးချီက သခင်အဖြစ် အသိအမှတ်ပြုရန် မဖြစ်နိုင်ပါ။ ၎င်းသည် ရှေးခေတ်အခါကတည်းက တည်ရှိခဲ့သော ဒဏ္ဍာရီလာ သတ္တဝါ မဟုတ်ပါလော။
သို့သော် ယခု ချုံးချီက သူတို့အရှေ့မှလူငယ်လေးကို သူ့သခင်ဟု ခေါ်သည်တဲ့လား။ ယင်းက မြေရိုင်းနယ်မြေ၌ အံ့ဩစရာ အကောင်းဆုံး ကိစ္စရပ်ပင်။
*ဒီကောင် … တကယ်ပဲ သူက ဘာလဲ*
ထိုအခိုက်တွင် မိသားစုခေါင်းဆောင် ငါးယောက်ဖြစ်သော ကျိုးမိသားစုခေါင်းဆောင်နှင့် အခြားသူများသည် မချိပြုံး ပြုံးနေကြသည်။
ထင်ထားသည့်အတိုင်း ဖြစ်နေပါတကား။ ဤလူငယ်လေး၏ နောက်ခံက နက်ရှိုင်းလွန်းပြီး သာမန်စိတ်အာရုံဖြင့် တိုင်းတာ၍ မဖြစ်နိုင်ပေ။
ခေတ်များစွာ တစ်လျှောက်လုံးတွင် ချုံးချီကို အညံ့ခံလာအောင် လုပ်နိုင်သူ မရှိခဲ့ပေ။ သို့သော် ယခု ယဲ့ဖန်က လုပ်နိုင်ခဲ့လေပြီ။ သူ ဘာနည်းလမ်းကိုပဲ အသုံးပြုခဲ့ပါစေ၊ ယင်းက တစ်ခုတည်းကိုသာ ပြသနေ၏။
၎င်းမှာ ယဲ့ဖန်က ကံကြမ္မာသားတော် ဖြစ်သည်ဟူသော အချက်ပင်။ သူက ရွေးချယ်ခံထားရသည့်သူပင်။
လက်ရှိတွင် မိသားစုခေါင်းဆောင် ငါးယောက်လုံး၏ စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိသည်။ ယဲ့ဖန်ထံသို့ ခိုလှုံခဲ့လျင် အောင်မြင်မှုသို့ ရောက်နိုင်သော်လည်း နတ်ဘုရားမျိုးနွယ်ဘက်သို့ ခိုလှုံခဲ့ပါက သေခြင်းတရား ထံသို့သာ ဦးတည်ပေလိမ့်မည်။
ချုံးချီက သူတို့ထံ ပြေးဝင်လာသည်ကို မြင်ပြီး အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံး ကြောက်လန့် သွားသည်။ တစ်ဖက်က ရှေးဟောင်း မကောင်းဆိုးဝါး ဖြစ်သဖြင့် သူတို့ ပေါ့ပေါ့တန်တန် မတွေးရဲပါ။
ချက်ချင်းဆိုသလိုပင် ချုံးချီက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တို့နှင့် ခုန်အုပ်လာပြီး သူ၏ ကျားခန္ဓာကိုယ် တစ်ခုလုံးမှ သတ်ဖြတ်တော့မည့် အငွေ့အသက်က ကောင်းကင်ယံအနှံ့ ပျံ့လွင့်လာသည်။
သူသည် အောက်မှ လူနှစ်ယောက်ကို လက်သည်းတစ်ဖက်ဖြင့် ပုတ်ထုတ်လိုက်သည်။ ၎င်းအရှိန်က လေကိုခွင်းလာပြီး မြေဆီလွှာကို အက်ကွဲသွားစေသည်။ သူ ဖြတ်လာသော နေရာတိုင်း၌ ကောင်းကင်ယံ တုန်ခါ၍ ငလျင်သံ မြည်ဟီးလာ၏။
အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံး သူတို့၏ လက်နက်များကို ထုတ်၍ ပြန်တိုက်ခိုက်ကြသည်။ လက်ရှိတွင် နှစ်ယောက်လုံး ကြောက်ရွံ့နေလေ၏။
ချုံးချီ၏ တိရစ္ဆာန် ခန္ဓာကိုယ်က အလွန် ကြောက်စရာ ကောင်းလှပြီး သူတို့ လက်ချည်းသက်သက်ဖြင့် မယှဉ်ရဲပါ။ အကြောင်းမှ သူတို့ တစ်ခါတည်း တန်းသေနိုင်ချေ ရှိသောကြောင့်ပင်တည်း။
ချုံးချီ၏ လက်သည်းက လက်နက်ကို ရိုက်ထုတ်လာပြီး မီးပွားများ ပွင့်ထွက်လာကာ လေပြင်းတိုက်သံ ထွက်ပေါ်လာ၏။
ဤသို့ ထိပ်တိုက် တွေ့သောအခါ အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံး ဖိအားကို ခံစားမိလာပြီး သူတို့၏ မှော်လက်နက်များ ပျက်စီးတော့မည်ဟု ခံစားမိလာလေသည်။
သူတို့၏ အမူအရာများ အလွန် ပျက်ယွင်းလာ၏။
*အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်*
ဤသို့ သန်မာကျစ်လျစ်သော ခန္ဓာကိုယ်အား လောကတွင်း၌ အကောင်းဆုံးဟု ခေါ်ရပေမည်။
ရုတ်တရက် လေဟာနယ် အက်ကွဲလာပြီး အဆုံးအစမဲ့သော တွင်းနက်တစ်ခု ပေါ်လာကာ လေဟာနယ်တွင်းမှ အက်ရာက မိုင်ရာချီ၍ ပျံ့နှံ့လာသည်။
ချုံးချီ၏ ခွန်အားက ရူးချင်စရာကောင်းလောက်အောင် မြင့်တက်နေ၏။ ထို့နောက် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ကျရောက်လာသည်။ သို့သော် ၎င်းက ယခင်ထက် ပိုကြမ်းကြုတ် ခက်ထန်လေသည်။
လူနှစ်ယောက်နှင့် သားရဲတစ်ကောင်၏ တိုက်ပွဲက ပြင်းထန်လွန်းပြီး ဧည့်သည်များအားလုံး အမီ လိုက်မကြည့် နိုင်ချေ။ အလင်းတန်း သုံးခုက အဆက်မပြတ် ထိခတ်နေပြီး ဒုံးပျံတစ်စင်း မြေကြီးနှင့် ထိခိုက်မိသလို မီးပွင့်နေသည်ဟုသာ မြင်နေရသည်။
“ဂျွတ် ဂျွတ်”
အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်၏ လက်နက်တွင် အက်ရာများ ပေါ်လာသည်။ ချုံးချီ၏ ကြောက်စရာ ကောင်းသော တိုက်ခိုက်မှုကို မခံနိုင်သဖြင့် အက်ရာများ အဆက်မပြတ် ပေါ်ထွက်လာလေသည်။
ချုံးချီ၏ ရုပ်ခွန်အားက တွက်ချက်မရလောက်အောင် ကြီးမားလှပြီး အင်မော်တယ် ဧကရာဇ်အဆင့်များအား လက်ချည်းသက်သက် သတ်ဖြတ်နိုင်ပေသည်။
ထိုအခါ အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံး အံ့ဩလာကြသည်။
“မကောင်းတော့ဘူး၊ သူ့ကို ထိပ်တိုက် ရင်ဆိုင်လို့ မဖြစ်ဘူး”
“နောက်ဆုတ်”
ချက်ချင်းဆိုသလိုပင် နှစ်ယောက်လုံး အဝေးသို့ ဆုတ်ခွာလိုက်ကြပြီး လက်နက်များ ထပ်ထုတ်လာပြီး ၎င်းတို့ထံမှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်။ အလင်းရောင်များက အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွား လေသည်။
လက်ရှိတွင် အင်မော်တယ် ဧကရာဇ်အဆင့်များသည် ရူးသွပ်မတတ် ဖြစ်နေကြပြီး သူတို့၏ အရှိန်အဝါများက အမြင့်ဆုံးသို့ ရောက်ရှိနေသည်။
တစ်ယောက်သည် ကောင်းကင်ယံ၌ ဝင့်ကြွားစွာ ရပ်နေပြီး လှံရှည်ကို ကိုင်ထားကာ ချွန်ထက်သော လှံသွားဖြင့် ချုံးချီကို တိုက်ခိုက်လေသည်။
နောက်တစ်ယောက်ကမူ သူ့ဦးခေါင်းထက်တွင် လက်လေးဘက်နှင့် ရုပ်တုတစ်ခု ပျံဝဲနေပြီး လက်နောက်ပစ်၍ ရပ်ကာ ငုံ့ကြည့်နေသည်။ တောက်ပသော လရောင်စဉ်နှင့်အတူ နေအလင်းရောင်တို့ ပြိုင်တူ ထွက်ပေါ်လာပြီး ကြီးမားသော စွမ်းအင်လှိုင်းများက အတောမသတ်နိုင်အောင် ပျံ့နှံ့လာသည်။
ပျက်ဆီးခြင်း၊ မီတာရာထောင်ချီအတွင်းမှ အရာအားလုံး ပျက်စီးလာ၏။
လူတိုင်း စိုးရိမ်တကြီး ကြည့်နေကြသည်။
*ဒီတိုက်ခိုက်မှုက အဲ့မကောင်းဆိုးဝါးကို သတ်နိုင်မှာလား*
“ဝေါင်း”
ထိုစဉ် ချုံးချီက လုံးဝ မရှောင်ဘဲ ကြောက်စရာကောင်းသော တိုက်ခိုက်မှုနှစ်ခုကို ထိပ်တိုက် ရင်ဆိုင်လေသည်။ သူ့ခန္ဓာကိုယ်တွင် လွှမ်းမိုးနိုင်သော အရှိန်အဝါတို့ ပြည့်နှက်နေသည်။ သူသည် အားမာန်အပြည့်ဖြင့် အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ကို တိုက်ခိုက်လေသည်။
နတ်ဘုရား အလင်းတန်းက တောတောင်များထံ ပျံ့လွင့်လာသောအခါ ဥပဒေသများ ထွက်ပေါ်လာပြီး တောတောင်များ ပြိုလဲပျက်စီးကုန်သည်။
လူတိုင်း ရူးချင်သလို ဖြစ်သွားကြသည်။
*ချုံးချီက အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ရဲ့ တိုက်စစ်ကို ပြန်တိုက်ဖို့ စိတ်ကူးနေတာလား*
သူ့ခန္ဓာကိုယ်မှ ပျံ့လွင့်နေသော စွမ်းအင်က တောင်တစ်လုံးကိုပင် ကိုင်လှုပ်စေနိုင်လောက်အောင် ကြောက်စရာ ကောင်းလှသည်။
သူ့မျက်နှာပေါ်မှ လှောင်ပြုံးက ပိုပိုပီပြင်လာ၏။ တစ်ဖက်လူ၏ သာလွန်သော တိုက်စစ်အပေါ် လှောင်နေသလိုပင်။
ဤသည်ကိုမြင်သော် ဘေးလူများအားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။
*ဘယ်လိုလုပ် ချုံးချီက ဒီလောက် အထင်သေးနေရတာလဲ*
*အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ရဲ့ တိုက်စစ်က သူ့အပေါ် ဘာမှမသက်ရောက်ဘူးလား*
*ကြောက်ဖို့ကောင်းလိုက်တာ*
လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။
“ချီးတဲ့မှပဲ သူ့ကို တားလေ”
အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်၏ မျက်လုံးများ ကျွတ်ထွက်မတတ် ဖြစ်နေပြီး စိတ်ထဲ၌ အသည်းအသန် ကျိန်ဆဲနေကာ ခန္ဓာကိုယ်တွင်းမှ ယန်စွမ်းအင်ကို တစ်စမကျန် ထုတ်သုံးနေကြသည်။
သူတို့ ဤမကောင်းဆိုးဝါးကို မသတ်နိုင်လျင် သူတို့ သေရပေလိမ့်မည်။
အဘယ်ကြောင့် သူတို့၏ တာအိုစွမ်းအင်ဖြင့် ပေါင်းစပ်ထားသော သူတို့လက်နက်များ၏ ထိတ်လန့်စရာ ကောင်းသော နောက်ဆုံး သိုင်းကွက်က တစ်ဖက်လူကို မတားနိုင် ဖြစ်နေရသနည်း။
သူတို့ မယုံကြည်နိုင်ပါ။ ချုံးချီက အလွန် သန်မာနေလျင်တောင်မှ မယုံနိုင်လောက်သည်အထိ သန်မာမနေသင့် လောက်ဘူးမလား။
သို့သော် ဆက်လက် မြင်တွေ့လိုက်ရသည့် မြင်ကွင်းက အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံးကို ဆောက်တည်ရာမရ ဖြစ်သွားစေသည်။
ချုံးချီက ပါးစပ်ဟ၍ သူတို့နှစ်ယောက်ထံမှ ပြင်းထန်သော အရှိန်အဝါအား ဝါးမျိုလိုက်သည်ကို တွေ့လိုက်ရ ရသည်။
လွယ်ကူလှသည်။ ပေါ့ပါးလှ၏။
လက်ရှိတွင် ကောင်းကင်ယံမှ သိုင်းကွက်အားလုံး ပျောက်ကွယ်သွားသည်။ တစ်လောကလုံး တိတ်ဆိတ် သွားလေသည်။
လူတိုင်း စိတ်ဝိညာဉ် တုန်ခါနေပြီး အရိုးထဲအထိ ကြောက်လန့်နေသည်။ ဤရှေးခေတ် သတ္တဝါကြီးက အလွန်အမင်း ကြောက်စရာ ကောင်းလှပေ၏။
“သေလိုက်တော့”
ချုံးချီ၏ ဒေါသတကြီး ကြုံးဝါးသံနှင့်အတူ သူ့ခြေဖဝါးအောက်မှ ကြီးမားသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်ကာ အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ထံ ပျံ့လွင့်လာသည်။
၎င်းက ဟာရီကိန်း မုန်တိုင်း တိုက်ခတ်သကဲ့သို့ ကြောက်စရာ ကောင်းလှပေသည်။
“အား…”
ကြောက်လန့်တရား အော်ဟစ်သံများ ပျံ့လွင့်လာ၏။
လူတိုင်း သေချာ ကြည့်လိုက်သောအခါ အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်အား စွမ်းအင်လှိုင်းက ဝါးမျို သွားသည်ကို မြင်ပြီး ကျင်ငယ်ရည်ထွက်ကျမတတ် ကြောက်လန့်သွားကြသည်။
ထို့နောက် အက်ကွဲသံများ ထွက်ပေါ်လာပြီး အင်မော်တယ် ဧကရာဇ်အဆင့်၏ ခန္ဓာကိုယ်က ကွဲသွားသော ကြွေထည်သဖွယ် တစ်စစီ ဖြစ်သွားလေသည်။
ပထမဆုံးအနေဖြင့် အရေပြား၊ ထို့နောက် ကြွက်သားနှင့် သွေးများ၊ ထို့နောက်တွင်မူ အရိုးများနှင့် ကိုယ်တွင်း ကလီစာများ။ အားလုံး တစ်စစီ မြေကြီးပေါ် ပြုတ်ကျလာသည်။
လူတိုင်း ရူးမတတ် ဖြစ်လာကြသည်။
ကျန်အင်မော်တယ် ဧကရာဇ်အဆင့်သည်လည်း သွေးပျက်မတတ် ကြောက်လန့်နေကာ ယခုအခါတွင်မှ အားလုံးကို သဘောပေါက်သွားသည်။ တစ်ဖက်က သူတို့အား ကျီစယ်နေခြင်းသာ။
အချိန်အတော်ကြာအောင် တစ်ဖက်က ကြွက်ကို ဖမ်းသော ကြောင်သဖွယ် ပြုမူနေပြီး အားကုန် မသုံးဘဲ သူတို့ကို ကျီစယ်နေခဲ့သည်။
*ယီးပဲ*
*ချီးတဲ့မှ*
သူ့နဖူးမှ ချွေးစေးများ စီးကျလာသည်။ သူ အသည်းအသန် အော်ဟစ်လိုက်ပြီးနောက် ချက်ချင်း ပြေးတက် လာသည်။ သို့သော် ချုံးချီ၏ ဆန့်ကျင်ဘက်အရပ်သို့ ပြေးခြင်းသာ ဖြစ်လေသည်။
*ပြေးရမယ်*
*အခု ပြေးကို ပြေးမှဖြစ်မယ်*
*မဟုတ်ရင် သေဖို့ပဲ ရှိတယ်*
*ငါက ဒီမကောင်းဆိုးဝါးရဲ့ ပြိုင်ဘက် မဟုတ်ဘူး*
ဤသည်က မနိုင်နိုင်သော တိုက်ပွဲပင်။ သို့သော် ဘယ်လိုလုပ် ချုံးချီက သူ့ဆန္ဒ ပြည့်ဝလာအောင် လုပ်ပေး မည်နည်း။