အထွတ်အထိပ်ဝိညာဉ်ရတနာ နဂါးငါးကောင်ဓားစက်၊ ကျောင်းနဂါး၏ စွမ်းပကား။
Vol. 50 Ch. 541
ခဏချင်းတွင်ပင် ကျောင်းဝူဝေနှင့် အခြားသော မိစ္ဆာကျင့်ကြံသူများသည် ကျိုးစွေ့တို့အနီးသို့ ရောက်ရှိလာကြပြီး၊ လူသားဝိညာဉ်သန္ဓေသား ကျင့်ကြံသူများနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ကြတော့သည်။
အင်အားစုနှစ်ခုသည် ကျားနှင့်ဆင် လယ်ပြင်တွင် တွေ့ကြသကဲ့သို့ ချက်ချင်းပင် ထိပ်တိုက်တွေ့ဆုံသွားကြပြီး ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်လာခဲ့၏။ ကျွန်းတစ်ခုလုံးတွင်လည်း အင်အားပြင်းသော ငလျင်တစ်ခု လှုပ်ခတ်နေသကဲ့သို့ ရှိနေတော့လေသည်။
"မင်းတို့ တိရစ္ဆာန်အုပ်စု နောက်ဆုံးတော့ ထွက်လာရဲကြပြီပေါ့...”
"ဒီနေ့တော့ မင်းတို့အားလုံး ဒီမှာတင် သေကြရမယ်… သေဆုံးသွားတဲ့ လူသားတွေအတွက် ကလဲ့စားချေပေးရမယ်...”
ချုံးရွှီတာအိုအရှင်သည် ထိုမိစ္ဆာကျင့်ကြံသူများကို စိုက်ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါများမှာ မိုးထိတိုင်အောင် ထိုးတက်လာတော့သည်။
စတုတ္ထအဆင့် ဓားသိုင်းပညာရှင်တစ်ဦးအနေဖြင့် သူ၏ ပြိုင်ဘက်ကင်းသော ဓားစိတ်ဆန္ဒသည် မရေမတွက်နိုင်သော သက်ရှိများကို ကျောချမ်းသွားစေပြီး ကြက်သီးမွေးညင်းများ ထစေနိုင်ပေသည်။
"ဟက်... မင်းတို့ လူသားတွေက အောက်တန်းစား သက်ရှိတွေပဲ...”
"မွေးရာပါ နိမ့်ကျတဲ့သူတွေ...”
"ငါတို့ မိစ္ဆာမျိုးနွယ်တွေအတွက် အစာပဲ ဖြစ်ရမှာ...”
"ဒီနေ့တော့ မင်းတို့အားလုံးကို သတ်ဖြတ်ပြီး မင်းတို့ရဲ့ မျှော်လင့်ချက်တွေ အကုန်လုံးကို အဆုံးသတ်ပေးလိုက်မယ်...”
"ဒီပင်လယ်ပြင်က ငါတို့ မိစ္ဆာမျိုးနွယ်တွေ စိုးမိုးတဲ့နေရာပဲ...”
ကျောင်းဝူဝေက လှောင်ပြုံးပြုံးကာ မောက်မာစွာ ပြောလိုက်သည်။ သူသည် လူသားကျင့်ကြံသူများကို ပုရွက်ဆိတ်များကဲ့သို့သာ သဘောထားလေသည်။
"ဒါဆိုရင်လည်း မင်းတို့ အကုန်လုံး သေလိုက်ကြတော့...”
ချုံးရွှီတာအိုအရှင်သည် သူ၏ကိုယ်ပေါ်မှ အထွတ်အထိပ်ဝိညာဉ်ရတနာဖြစ်သော 'ဟွမ့်ယွမ်ပေတံ' အား ချက်ချင်း ထုတ်ယူလိုက်တော့သည်။
သူသည် မိစ္ဆာအုပ်စုကို အကဲစမ်းနေရန် အစီအစဉ်မရှိဘဲ စတင်တိုက်ခိုက်သည်နှင့် အားကုန်ထုတ်သုံးလိုက်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ဓားသိုင်းပညာရှင်တို့၏ အကျင့်စရိုက်ပင် ဖြစ်ပေ၏။ ဖြောင့်မတ်ပြတ်သားပြီး ကွေ့ဝိုက်နေခြင်း မရှိချေ။
ဂျိမ်း...
မီးခိုးရောင်ပေတံပေါ်တွင် သိပ်သည်းလှသော လျှို့ဝှက်ဆန်းကြယ်သည့် ရုန်းသင်္ကေတများ ပေါ်ထွက်လာပြီး၊ ချုံးရွှီတာအိုအရှင်၏ မှော်စွမ်းအားများ စီးဝင်သွားသောအခါ 'ဟွမ့်ယွမ်ပေတံ' သည် ကြီးမားသော 'ဟွမ့်ယွမ်ဥပဒေသနယ်ပယ်' တစ်ခုကို ချက်ချင်းပင် ထုတ်လွှတ်လိုက်လေသည်။
ဤအခိုက်အတန့်တွင် မိုင်ထောင်ချီသော ဧရိယာတစ်ခုလုံးကို ဟွမ့်ယွမ်ဥပဒေသနယ်ပယ်က လွှမ်းခြုံသွားတော့၏။
မိစ္ဆာကျင့်ကြံသူအားလုံးမှာ ကြက်သီးမွေးညင်းများ ထသွားကြရပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသော ဖိအားများ ကျရောက်လာသည်ကို ခံစားလိုက်ရတော့သည်။ သူတို့၏ ခန္ဓာကိုယ်သည် တောင်တန်းကြီးများကို ထမ်းထားရသကဲ့သို့ ဖြစ်နေချေသည်။
ဤသည်မှာ ဟွမ့်ယွမ်ပေတံ၏ ကြောက်မက်ဖွယ်ကောင်းမှုပင် ဖြစ်လေသည်။ ၎င်းသည် ဟွမ့်ယွမ်စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် အလွန်တရာ လေးလံလှပေသည်။
ပေတံဖြင့် တစ်ချက်ရိုက်ချလိုက်ခြင်းသည် ပေတစ်သောင်းမြင့်သော တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ရှိလေ၏။ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူတစ်ဦးပင်လျှင် ဤတိုက်ခိုက်မှုကို ခံရပါက အသားစအဖြစ် ကြိတ်ချေခံရပေလိမ့်မည်။
မိစ္ဆာကျင့်ကြံသူများသည်လည်း ဤလူသားက မည်သည့်လမ်းစဉ်ကိုမျှ မလိုက်ဘဲ စစချင်းတွင်ပင် အထွတ်အထိပ်ဝိညာဉ်ရတနာကို အသုံးပြုလိမ့်မည်ဟု ထင်မထားခဲ့ကြသဖြင့် အလစ်အငိုက် မိသွားကြတော့သည်။ အကယ်၍ ဤတိုက်ခိုက်မှုကိုသာ ခံလိုက်ရပါက သူတို့အားလုံး သေကျေပျက်စီးကြပေလိမ့်မည်။
"မင်းတို့ လူသားတွေမှာပဲ အထွတ်အထိပ်ဝိညာဉ်ရတနာ ရှိတယ်လို့ ထင်မနေနဲ့ကွ...”
"ဒီလိုရတနာမျိုးက ငါတို့ မိစ္ဆာမျိုးနွယ်တွေဆီမှာလည်း အများကြီး ရှိတယ်...”
ကျောင်းဝူဝေမှာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ နဂါးမျိုးနွယ်စု၏ အထွတ်အထိပ်ဝိညာဉ်ရတနာဖြစ်သော 'နဂါးငါးကောင်ဓားစက်' ကို ထုတ်ယူလိုက်တော့သည်။
ဤသည်မှာ ကျောင်းနဂါးမျိုးနွယ်စုခေါင်းဆောင် ပိုင်ဆိုင်သော အထွတ်အထိပ်ဝိညာဉ်ရတနာ ဖြစ်ပေသည်။ သို့သော် မိစ္ဆာမျိုးနွယ်စု၏ အစီအစဉ် အောင်မြင်စေရန်အတွက် မျိုးနွယ်စုခေါင်းဆောင်က ဤရတနာ၏ ထိန်းချုပ်ခွင့်ကို ခေတ္တခဏပယ်ဖျက်ပြီး ကျောင်းဝူဝေထံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် သူသည် ကြီးမားသော တာဝန်ကို ထမ်းဆောင်ထားရပြီး၊ ဤအစီအစဉ်အား မအောင်မြင်အောင် လုပ်ခွင့်မပြုနိုင်သလို၊ ဤရတနာကိုလည်း အဆုံးရှုံးခံ၍ မရပေ။ သို့မဟုတ်ပါက ကျောင်းနဂါးမျိုးနွယ်စု၏ အပြစ်သား ဖြစ်သွားပေလိမ့်မည်။
ဝုန်း...
ဤသည်မှာ ကျောင်းနဂါးမျိုးနွယ်စု၏ ဘိုးဘေးများက နဂါးများ၏ ရုပ်ကြွင်းများနှင့် အခြားသော ပစ္စည်းများကို အသုံးပြု၍ သွန်းလုပ်ထားသော အထွတ်အထိပ်ဝိညာဉ်ရတနာဖြစ်ပြီး တိုက်ခိုက်ရေးတွင် ပြိုင်ဘက်ကင်းလှပေသည်။ ဤရတနာ ထွက်ပေါ်လာသည်နှင့် ဖျက်ဆီး၍မရနိုင်သော အရာဟူ၍ မရှိပေ။
ကျောင်းနဂါးမျိုးနွယ်စုသည်လည်း အချင်းချင်း သတ်ဖြတ်ခြင်းမရှိသည် မဟုတ်ပေ။ လူသားမျိုးနွယ်စုများကြားတွင်ပင် အတွင်းရေးတိုက်ပွဲများ ရှိသကဲ့သို့ ကျောင်းနဂါးမျိုးနွယ်စုသည်လည်း အကျိုးစီးပွားအတွက် အချင်းချင်းသတ်ဖြတ်ပြီး ရုပ်ကြွင်းများကို ရတနာများအဖြစ် သွန်းလုပ်လေ့ရှိသည်။
ဤနဂါးငါးကောင်ဓားစက်သည် နဂါးမျိုးနွယ်စု၏ အတွင်းရေးစစ်ပွဲတွင် အနိုင်ရသူက အရှုံးသမားကို ရတနာအဖြစ် သွန်းလုပ်ခဲ့ခြင်း ဖြစ်လေသည်။ ၎င်းသည် ရှေးဟောင်းမိစ္ဆာကမ္ဘာရှိ နဂါးမျိုးနွယ်စု၏ ဂိုဏ်းစောင့်ရတနာ ဖြစ်လာခဲ့ပြီး ခေါင်းဆောင်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော အဖိုးတန်ရတနာပင် ဖြစ်၏။
ဘုန်း...
နောက်တစ်စက္ကန့်တွင် ကျောင်းဝူဝေသည် လက်ထဲရှိ နဂါးငါးကောင်ဓားစက်ဖြင့် ချုံးရွှီတာအိုအရှင်ထံသို့ ရိုက်ချလိုက်ရာ ကြောက်မက်ဖွယ် ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး ဟင်းလင်းပြင်ကို စုတ်ဖြဲသွားသကဲ့သို့ ရှိတော့သည်။ ချက်ချင်းပင် ၎င်းသည် ဟွမ့်ယွမ်ပေတံနှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။
အထွတ်အထိပ်ဝိညာဉ်ရတနာ နှစ်ခု ထိခိုက်မိသောအခါ နတ်ဘုရားအသွင်ပြောင်းအဆင့် ပညာရှင်နှစ်ဦး တိုက်ခိုက်နေသကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။
မိုင်ထောင်ချီပတ်လည်ရှိ ဧရိယာသည် ပြန့်ပြူးသော မြေပြင်ညီအလား ဖြစ်သွားရပြီး၊ တောင်ကြီးများမှာလည်း တစ်ခဏအတွင်း ပြိုကျပျက်စီးကုန်တော့သည်။ မြေပြင်ပေါ်တွင်လည်း ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာချေသည်။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည်လည်း ထိုပေါက်ကွဲမှုဒဏ်ကို မခံနိုင်ဘဲ လွင့်စင်သွားကြရသည်။ အင်အားနည်းသော ကျင့်ကြံသူများမှာမူ သွေးအန်ပြီး ကိုယ်တွင်းအင်္ဂါများ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြတော့သည်။
"ဒါက အထွတ်အထိပ်ဝိညာဉ်ရတနာရဲ့ စွမ်းအားလား...”
"ငါတို့ တိုက်ခိုက်နေတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ...”
ဤမြင်ကွင်းကို မြင်လိုက်ရသော လူသားကျင့်ကြံသူ အများအပြားမှာ အလွန်ပင် တုန်လှုပ်ချောက်ချားသွားကြရသည်။ သူတို့သည် အထွတ်အထိပ်ဝိညာဉ်ရတနာ၏ စွမ်းအားကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပြီး၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ပညာရှင်တစ်ဦး ဆင်းသက်လာသကဲ့သို့ ခံစားလိုက်ရတော့သည်။
ဤစွမ်းအားအောက်တွင် သူတို့သည် အလွန်တရာပင် သေးနုတ်လှပေသည်။ ဤအဆင့်ရှိသော စွမ်းအားများရှေ့တွင် လူအင်အားဆိုသည်မှာလည်း အရေးမပါတော့ပေ။
မည်မျှပင် များပြားသော ကျင့်ကြံသူများ ဖြစ်စေ၊ တစ်ချက်တည်းဖြင့် ပြာကျသွားနိုင်ပေသည်။ ထို့ကြောင့်ပင် မြင့်မားသော ကျင့်ကြံခြင်းအဆင့်ရှိသူများကသာ ဤကမ္ဘာကြီး၏ အနာဂတ်ကို ဆုံးဖြတ်နိုင်ခြင်း ဖြစ်ချေသည်။
"မိစ္ဆာမျိုးနွယ်တွေကလည်း အထွတ်အထိပ်ဝိညာဉ်ရတနာကို ထုတ်သုံးလာပြီပဲ...”
"ရောင်းရင်းကျိုး... နောက်ပိုင်းမှာ မင်းရဲ့အကူအညီကို လိုအပ်လိမ့်မယ်… ငါကလည်း ဟွမ့်ယွမ်ပေတံကို အကြိမ်ရေအများကြီး အသုံးမပြုနိုင်ဘူး...”
ချုံးရွှီတာအိုအရှင်သည် နတ်ဘုရားအာရုံဖြင့် လှမ်းပြောလိုက်ရာ သူ၏ အသံမှာ အားနည်းနေပုံ ရလေသည်။ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူအတွက်ပင် အထွတ်အထိပ်ဝိညာဉ်ရတနာကို ထိန်းချုပ်ရန်မှာ မလွယ်ကူလှဘဲ အလွန် ခက်ခဲလှပေသည်။
အသုံးပြုလိုက်တိုင်း မှော်စွမ်းအားနှင့် သွေးစွမ်းအင်အမြောက်အမြားကို ကုန်ဆုံးစေသောကြောင့် ဖြစ်ပေသည်။ အလွန်အကျွံ အသုံးပြုမိပါက အသက်အန္တရာယ်ပင် ရှိနိုင်လေသည်။
"ကိစ္စမရှိဘူး... ဒါက ကျွန်တော့်ရဲ့ တာဝန်ပဲလေ… ကျွန်တော့်တာဝန်ထားလိုက်ပါ...”
ကျိုးစွေ့က ခေါင်းညိတ်လိုက်ပြီး သူ၏ကိုယ်ပေါ်မှ အထွတ်အထိပ်ဝိညာဉ်ရတနာဖြစ်သော 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်' ကို ထုတ်ယူဆင့်ခေါ်လိုက်သည်။ ချက်ချင်းပင် မျှော်စင်သည် လေထဲတွင် တဟုန်ထိုး ကြီးထွားလာပြီး ပေထောင်ချီ မြင့်မားသော မျှော်စင်ကြီးအဖြစ်သို့ ပြောင်းလဲသွားကာ၊ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး တောင်ကြီးတစ်လုံးကဲ့သို့ ခန့်ညားထည်ဝါနေလေသည်။
နတ်ဆိုးချုပ်ဥပဒေသနယ်ပယ်...။
တစ်ခဏချင်းတွင်ပင် မမြင်နိုင်သော နယ်ပယ်စွမ်းအားတစ်ခုသည် မိုင်ထောင်ချီသော ဧရိယာကို လွှမ်းခြုံသွားပြီး၊ အတွင်း၌ ရှိနေသော သက်ရှိအားလုံးမှာ ပြင်းထန်သော ဖိနှိပ်မှုကို ခံလိုက်ရတော့သည်။
၎င်းသည် မိမိ၏ခန္ဓာကိုယ်ကို မမြင်နိုင်သော သံကြိုးများဖြင့် ချည်နှောင်ထားသကဲ့သို့ ဖြစ်နေပြီး၊ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားနှင့် မိစ္ဆာစွမ်းအားများကို လည်ပတ်ရန် ကြိုးစားခြင်းမှာပင် အလွန်တရာ ခက်ခဲသွားစေလေသည်။
ဟွမ့်ယွမ်ပေတံသည် တိုက်ခိုက်ရေးအမျိုးအစား အထွတ်အထိပ်ဝိညာဉ်ရတနာ ဖြစ်သော်လည်း၊ အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်မှာမူ ချုပ်နှောင်ခြင်းအမျိုးအစား ရတနာ ဖြစ်လေသည်။
တိုက်ခိုက်ရေးစွမ်းအား ကြီးကြီးမားမား မရှိသော်လည်း ရန်သူကို ကြီးမားစွာ ဖိနှိပ်ချုပ်နှောင်နိုင်ပေသည်။ အချို့သော အခြေအနေများတွင် ဟွမ့်ယွမ်ပေတံထက်ပင် ပိုမို အသုံးဝင်လှပေသည်။
ချက်ချင်းပင် စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူအများအပြား၏ မျက်နှာများ ပျက်သွားကြတော့သည်။ သူတို့၏ ခန္ဓာကိုယ်မှာ နတ်ဆိုးချုပ်ဥပဒေသနယ်ပယ်၏ ဖိနှိပ်မှုကို ခံလိုက်ရသဖြင့် လှုပ်ရှား၍မရတော့ဘဲ၊ မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်နိုင်တော့ချေ။