ကိုယ်ခန္ဓာပေးဆပ်ခြင်း၊ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း(၂)။
Vol. 50 Ch. 544
"တာအိုရောင်းရင်းတို့ အားနာစရာဗျာ... ကျုပ်က အနည်းအကျဉ်း ပါဝင်ကူညီခဲ့ရုံပါ..."
ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်ပြီး နှိမ့်ချစွာ ပြောလိုက်သည်။
ထင်ရှားသည်မှာ ဤတိုက်ပွဲသည် သူ၏ဂုဏ်သတင်းကို လုံးဝ ပျံ့နှံ့သွားစေခဲ့ပြီး ချန်လန်ပင်လယ်ဒေသတစ်ခုလုံးရှိ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများကို တုန်လှုပ်စေခဲ့သည်။
မိစ္ဆာလမ်းစဉ်ဂိုဏ်းကြီးသုံးခုမှ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများပင် ဤအချိန်တွင် ဘာမှ မပြောရဲကြတော့ပေ။
'အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်မျှော်စင်' အကြောင်းကိုပင် သူတို့ ထုတ်မပြောရဲကြတော့ချေ။
အမှန်တကယ်တွင် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြားသည် ကျိုးစွေ့က နတ်ဘုရားအသွင်ပြောင်းအဆင့် နဂါးသုံးကောင်ကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး၊ အားလုံး၏ စိတ်ထဲတွင် အဖြေရရှိပြီးသား ဖြစ်သည်။ ဤလူသည် သေချာပေါက် ကုယုံဂိုဏ်း၏ အမွေအနှစ်ကို ရရှိထားပြီး ကုယုံဆန်းကြယ်အလင်း မန္တန်ကို သင်ယူတတ်မြောက်ထားသူ ဖြစ်ပေသည်။
သို့မဟုတ်ပါက နတ်ဘုရားအသွင်ပြောင်းအဆင့် နဂါးသုံးကောင်ကို ဤမျှ ပေါ့ပါးစွာ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ သူတို့အားလုံး အနည်းငယ် နေရခက်နေကြတော့သည်။
မည်သို့ပင်ဖြစ်စေ သူတို့၏ အသက်ကို အချိန်မရွေး ယူဆောင်သွားနိုင်သော ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်နေရသဖြင့် သူတို့လည်း ထိုင်မရထမရ ဖြစ်နေကြတော့သည်။
အကယ်၍ ဤအချိန်တွင် ရန်သူဖြစ်သွားပါက သူတို့ထဲမှ တစ်ယောက်မျှ အသက်ရှင်လျက် ပြန်သွားနိုင်မည် မဟုတ်ပေ။
ကံကောင်းသည်မှာ ကျိုးစွေ့သည် သတ်ဖြတ်ခြင်းကို နှစ်သက်သူ မဟုတ်သဖြင့် သူတို့လည်း သက်သာရာရသွားကြသည်။
"အရင် သဘောတူညီချက်အရ... တာအိုရောင်းရင်းကျိုး သတ်ဖြတ်ခဲ့တဲ့ စတုတ္ထအဆင့် မိစ္ဆာသားရဲတွေရဲ့ အလောင်းတွေနဲ့... ကောင်းကင်အဆင့် ဝိညာဉ်ရတနာနှစ်ပါး... ရှေးဟောင်းမိစ္ဆာချီတစ်မျှင်တို့က တာအိုရောင်းရင်းကျိုး ပိုင်ဆိုင်တာဖြစ်တယ်... ခင်ဗျားတို့ ဘာမှ ကန့်ကွက်စရာ မရှိဘူးမလား..."
ချုံးရွှီတာအိုအရှင်က ပြောလိုက်သည်။
စစ်ပွဲ အောင်မြင်ပြီးပြီ ဖြစ်ရာ နောက်ဆက်တွဲအနေဖြင့် စစ်သိမ်းပစ္စည်းများ ခွဲဝေရန် အချိန်ရောက်လာပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်တွင် မိစ္ဆာသားရဲ အများအပြားကို သတ်ဖြတ်နိုင်ခဲ့သည်။
ဤမိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်ပေါ်မှ ပစ္စည်းများနှင့် သူတို့၏ သိုလှောင်အိတ်များသည် ကြီးမားသော ဓနဥစ္စာများ ဖြစ်သည်။
မျက်စိမကျသူဟူ၍ မရှိပေ။
"ကန့်ကွက်စရာ မရှိပါဘူး... ကျွန်တော်တို့ သေချာပေါက် ကန့်ကွက်စရာ မရှိပါဘူး..."
"ပြောတာ မှန်တယ်... ဒီတစ်ခါ တာအိုရောင်းရင်းကျိုးရဲ့ အကျိုးဆောင်မှုက အကြီးမားဆုံးပါ... သူပဲ ရသင့်ပါတယ်..."
"တကယ်လည်း ဟုတ်ပါတယ်... တာအိုရောင်းရင်းကျိုးသာ အားမစိုက်ခဲ့ရင်... ဒီစစ်ပွဲမှာ ကျွန်တော်တို့ လုံးဝ ရှုံးနိမ့်သွားလောက်ပါပြီ..."
"ဒီမိစ္ဆာသားရဲ အလောင်းတွေ အကုန်လုံး ယူသွားမယ်ဆိုရင်တောင်... ကျွန်တော်တို့ လုံးဝ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး..."
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြားမှာ ချက်ချင်း ရှေ့တက်လာပြီး မြှောက်ပင့်ပြောဆိုကြကာ၊ ကျိုးစွေ့နှင့် ဤစစ်သိမ်း ပစ္စည်းများကို ယှဉ်ပြိုင်လုယူရန် စိတ်ကူးပင် မရှိကြပေ။
ကျိုးစွေ့၏ တိုက်ပွဲဝင်ရလာဒ်အပြင် တစ်ဖက်လူ၏ အကြွင်းမဲ့ အင်အားကလည်း သူတို့ကို လုံးဝ လက်ခံယုံကြည်သွားစေခဲ့သည်။
မည်သူမျှ ယှဉ်ပြိုင်ရဲခြင်း မရှိတော့ပေ။
အရေးအကြီးဆုံးမှာ သူတို့သည် ထိုကောင်းကင်အဆင့် ဝိညာဉ်ရတနာ နှစ်ပါးကို များစွာ ဂရုမစိုက်ကြခြင်း ဖြစ်ပေသည်။
ကောင်းကင်အဆင့် ဝိညာဉ်ရတနာများသည် အမှန်တကယ်ပင် အလွန်တရာ တန်ဖိုးရှိလှသည်။ ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင် မည်မျှများများစားစား မရှိဘဲ လက်ချိုးရေတွက်၍ပင် ရလေသည်။
ပြဿနာမှာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို သန့်စင်လိုပါက ရတနာထိန်းချုပ်မန္တန် လိုအပ်သည် မဟုတ်ပါလော။
ထင်ရှားသည်မှာ ဤမိစ္ဆာမျိုးနွယ်စု၏ ကောင်းကင်အဆင့် ဝိညာဉ်ရတနာနှစ်ပါး၏ ရတနာထိန်းချုပ်မန္တန်များကို မိစ္ဆာမျိုးနွယ်စုက ထိန်းချုပ်ထားပြီး ပြင်ပလူများ သိရှိရန် မဖြစ်နိုင်ပေ။
အမှန်တကယ် ရရှိခဲ့လျှင်ပင် သုံးမရပြုမရသော အရာသာ ဖြစ်နေပေလိမ့်မည်။
ပိုမိုအရေးကြီးသည်မှာ ဤကောင်းကင်အဆင့် ဝိညာဉ်ရတနာနှစ်ပါးကို ရရှိပြီးနောက် နဂါးမျိုးနွယ်စုနှင့် မိစ္ဆာဖီးနစ်မျိုးနွယ်စုတို့၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်ပေသည်။
ယခုတစ်ကြိမ် အနိုင်ရလိုက်သည်နှင့် မိစ္ဆာမျိုးနွယ်စု၏ ခြိမ်းခြောက်မှု ပြီးဆုံးသွားပြီဟု ယူဆ၍မရပေ။ အမှန်အတိုင်း ဆိုရလျှင် ယခုမှသာ အစပျိုးခြင်း ဖြစ်ပေ၏။
ကမ္ဘာ့တံခါးပေါက်မှာ အဆက်မပြတ် အားကောင်းလာသည်နှင့်အမျှ ဝင်ရောက်လာနိုင်သော မိစ္ဆာမျိုးနွယ်စုသည် ပိုမို များပြားလာပေမည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာကျင့်ကြံသူများပင် ရောက်လာကောင်း ရောက်လာနိုင်သည်မဟုတ်လော။
ထိုအချိန်ကျလျှင် ဤကောင်းကင်အဆင့် ဝိညာဉ်ရတနာနှစ်ပါးကို ရရှိထားသူသည် ကံဆိုးမိုးမှောင် ကျရပေလိမ့်မည်။
ထို့ကြောင့် ဤကဲ့သို့သော အာလူးပူများကို သူတို့သည် သဘာဝကျစွာ လက်ထဲတွင် ကိုင်မထားရဲကြပေ။
ကျိုးစွေ့ လိုချင်သည်ဆိုနေပါက ကျိုးစွေ့ကို ပေးလိုက်ရုံသာ ရှိသည်မဟုတ်လော။
"ဒါဆိုရင်လည်း အားလုံးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်..."
ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်ပြီး ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများကို ကျေနပ်စွာ ကြည့်လိုက်တော့သည်။
............
တစ်ရက်ကြာပြီးနောက်...။
ဝူကျိမဟာမိတ်အဖွဲ့၊ ကောင်းကင်ဓားဂိုဏ်း၊ ဆည်းဆာဂိုဏ်း၊ ရွှမ်ပေါင်မျှော်စင်၊ မြူနှင်းနန်းတော်၊ ကောင်းကင်မိစ္ဆာဂိုဏ်း၊ ရွှမ်ယင်ဂိုဏ်းနှင့် ဟေးရှားနန်းတော် စသည့် လူသားမျိုးနွယ်စု ဝိညာဉ်သန္ဓေသား အင်အားစုများသည် အောင်ပွဲခံစားသောက်ပွဲ ကျင်းပပြီးနောက် အသီးသီးမှာ မိမိတို့၏ဂိုဏ်းများသို့ ပြန်သွားကြတော့သည်။
မိစ္ဆာမျိုးနွယ်စု မဟာမိတ်တပ်ဖွဲ့ကို ချေမှုန်းနိုင်ခဲ့ပြီး မိစ္ဆာမျိုးနွယ်စုကို အထိနာစေကာ မိစ္ဆာမျိုးနွယ်စု၏ထိုးစစ်ကို နှောင့်နှေးစေခဲ့သော်လည်း၊ ရှေးဟောင်းမိစ္ဆာကမ္ဘာ၏ အင်အားသည် ဤမျှလောက်သာ မဟုတ်နိုင်ပေ။
ကမ္ဘာ့တံခါးပေါက်မှ မိစ္ဆာသားရဲများ အဆက်မပြတ် ထွက်ပေါ်လာနေဆဲ ဖြစ်သည်။
ဂိုဏ်းကြီးများသည်လည်း ဤမိစ္ဆာသားရဲများကို လိုက်လံသတ်ဖြတ်ရန်နှင့် ချန်လန်ပင်လယ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် တပည့်များကို အဆက်မပြတ် စေလွှတ်နေရသည်။
"တာအိုရောင်းရင်းကျိုး... ခဏလောက် နေပါဦး..."
ထိုအချိန်တွင် ကျိုးစွေ့ ထွက်ခွာရန် ပြင်လိုက်သော်လည်း မြူနှင်းနန်းတော်၏ နန်းတော်သခင် ယဲ့ဖေးရိုက တားဆီးထားလိုက်သည်။
"နန်းတော်သခင်ယဲ့... ဘာကိစ္စများ ရှိလို့လဲ မသိဘူး..."
ကျိုးစွေ့က ယဲ့ဖေးရိုကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"လျှို့ဝှက်တဲ့ နေရာတစ်ခုလောက် ရှာပြီး ဆွေးနွေးလို့ ရမလား... ကျွန်မ တာအိုရောင်းရင်းနဲ့ ဆွေးနွေးစရာ ကိစ္စရှိလို့ပါ..."
ယဲ့ဖေးရိုက ကျိုးစွေ့ကို အလေးအနက် ကြည့်လိုက်သည်။
"ကောင်းပြီလေ... ရပါတယ်..."
"သခင်မမက်မွန်ပွင့်... မင်းတို့ အရင် ပြန်နှင့်ကြ... ကိုယ် နန်းတော်သခင်ယဲ့ စကားခဏ ပြောလိုက်ဦးမယ်... ပြီးရင် အမြန်ပြန်လာခဲ့မယ်..."
ကျိုးစွေ့က သခင်မမက်မွန်ပွင့်ကို ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ... ယောက်ျား..."
သခင်မမက်မွန်ပွင့်က ခေါင်းညိတ်လိုက်လေသည်။
သူမနှင့် ဝူကျိတာအိုအရှင်တို့သည် တည်နေရာရွှေ့ပြောင်းအစီအရင်ကို အသုံးပြုပြီး ဝူကျိမဟာမိတ်အဖွဲ့သို့ လျင်မြန်စွာ ပြန်သွားကြတော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ကျိုးစွေ့နှင့် ယဲ့ဖေးရိုတို့ နှစ်ယောက်သား မြူနှင်းနန်းတော်၏ လျှို့ဝှက်အခန်းတစ်ခန်းသို့ ရောက်ရှိလာကြသည်။
"တာအိုရောင်းရင်းကျိုး... တကယ်လို့ ကျွန်မ ထင်တာမမှားဘူးဆိုရင်... ရှင်က ကုယုံဂိုဏ်းအပျက်အစီးကို ထိန်းချုပ်ထားတဲ့ မုတာအိုအရှင် မဟုတ်လား..."
ယဲ့ဖေးရို၏ မျက်လုံးများမှာ တောက်ပနေပြီး ကျိုးစွေ့ကို ကြည့်ကာ တဲ့တိုးပင် ပြောလိုက်တော့သည်။
"အိုး... တာအိုရောင်းရင်းယဲ့က ဘာလို့ ဒီလိုထင်ရတာလဲ..."
ကျိုးစွေ့သည် ဝန်မခံသော်လည်း ငြင်းလည်း မငြင်းပယ်ချေ။
"ဘာလို့လဲဆိုတော့ တာအိုရောင်းရင်းကျိုး မနေ့က ထုတ်သုံးလိုက်တဲ့ ကုယုံဆန်းကြယ်အလင်းမန္တန်က... တစ်လောကလုံး ကျော်ကြားပြီးသားလေ... မဟုတ်ရင်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့် နဂါးသုံးကောင်ကို သတ်နိုင်မှာ မဟုတ်ဘူး... တကယ်တော့ ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး... ရောက်နေကြတဲ့ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအားလုံး ရိပ်မိကြမှာပါ..."
"ဒါပေမဲ့ သူတို့က တာအိုရောင်းရင်းကျိုးရဲ့ ဂုဏ်သတင်းကို ကြောက်လို့ ဘာမှ မပြောရဲကြတာ... ဒေါသကို မြိုသိပ်ထားကြရတာပေါ့..."
ယဲ့ဖေးရိုက ကျိုးစွေ့ကို စူးစိုက်ကြည့်နေလေသည်။
ဤလူသည် တစ်ချိန်က မိမိကို ခြိမ်းခြောက်ငွေညှစ်ခဲ့သော မုတာအိုအရှင် ဖြစ်ကြောင်း သူမ၏ စိတ်ထဲတွင် ကိုးဆယ်ရာခိုင်နှုန်း သေချာနေလေသည်။
အရင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိရင်း ဒေါသထွက်မိလေသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူမ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှကြီးမားသော အရှုံးကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည် မဟုတ်ပါလော။
"တာအိုရောင်းရင်းယဲ့ ရိပ်မိမှတော့... ကျွန်တော်လည်း ဝန်ခံရတော့မှာပေါ့..."
"ဟုတ်ပါတယ်... အဲ့ဒီ ကုယုံဂိုဏ်းအပျက်အစီးကို ကျွန်တော် ထိန်းချုပ်ထားတာပါ..."
"ဒါနဲ့ တာအိုရောင်းရင်းယဲ့က ဒီအချက်ကို ထုတ်ပြောလိုက်တာ... ဘာလုပ်ချင်လို့လဲ..."
ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။
သူ ကုယုံဆန်းကြယ်အလင်းမန္တန်ကို ထုတ်သုံးလိုက်ကတည်းက အခြား ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ကြောင်း သိထားပေသည်။
မည်သို့ပင်ဖြစ်စေ ကုယုံဂိုဏ်း ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ မှတ်တမ်းများတွင် ရေးသားထားဆဲ ဖြစ်သည်။
သာမန်ကျင့်ကြံသူများ မသိရှိနိုင်သော်လည်း ဤရှေးဟောင်း ဝိညာဉ်သန္ဓေသားဂိုဏ်းကြီးများက သေချာပေါက် သိရှိပေလိမ့်မည်။
ဝိညာဉ်သန္ဓေသား ဘိုးဘေးဖြစ်လာသူတိုင်းသည် ငတုံးများ မဟုတ်ကြပေ။
မှန်ပေသည်၊ ယနေ့အချိန် ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ဤလျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကိုလည်း သူ မကြောက်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိအင်အားအရ ပေါက်ကြားသွားလျှင်လည်း ကိစ္စမရှိပေ။
သူ၏ ရွှမ်ဟွမ်ဂိုဏ်းကို လာရောက် ရန်စရဲသူလည်း မရှိပေ။ ဤတိုက်ပွဲသည် သူ၏ အင်အားကို အပြည့်အဝ ပြသလိုက်ခြင်းပင် ဖြစ်သည်။
သို့မဟုတ်ပါက စောစောကတည်းက ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ရောက်လာပြီး အပြစ်တင် မေးမြန်းကြပေလိမ့်မည်။
"တာအိုရောင်းရင်းကျိုး... အမှန်အတိုင်း ပြောရရင်..."
"ကျွန်မ ဒီအချက်ကို ထောက်ပြရတာက... မြူနှင်းနန်းတော်ကို ဒီပင်လယ်ပြင်ကနေ ပြောင်းရွှေ့ချင်လို့ပါ..."
"မြူနှင်းနန်းတော်ကို ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်ရောက် ပူးပေါင်းချင်တယ်..."
ယဲ့ဖေးရိုက လေးနက်စွာ ပြောလိုက်ပြီး ကမ္ဘာမြေကို တုန်လှုပ်စေမည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။
ဘာ...။
ဤစကားကို ကြားလိုက်ရသောအခါ ကျိုးစွေ့သည်လည်း အလွန်ပင် အံ့အားသင့်သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။
ယဲ့ဖေးရိုက ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ချလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
မည်သို့ပင်ဖြစ်စေ မြူနှင်းနန်းတော်သည် နှစ်ထောင်ချီတည်ရှိခဲ့သော ဝိညာဉ်သန္ဓေသားဂိုဏ်းတစ်ခုဖြစ်ပြီး ချန်လန်ပင်လယ်ဒေသ၏ ဝိညာဉ်သန္ဓေသား ဂိုဏ်းကြီးငါးခုထဲမှ တစ်ခုဖြစ်ပေသည်။
သို့သော် ယခုတွင် ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ချလိုက်ခြင်းသည် အမှန်တကယ်ပင် စဉ်းစား၍ မရနိုင်လောက်အောင် ဖြစ်နေသည်။
အကယ်၍ ဤကိစ္စသာ ပျံ့နှံ့သွားပါက သေချာပေါက် ချန်လန်ပင်လယ်ဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မည်။
ဤသည်မှာ ရွှမ်ဟွမ်ဂိုဏ်းက မြွေသည် ဆင်ကို မျိုလိုက်ခြင်းသို့ပင် ဖြစ်ချေသည်။
"ဘာလို့ ဒီလိုဆုံးဖြတ်ချက်မျိုး ချရတာလဲ..."
သို့သော် မကြာမီ ကျိုးစွေ့ တည်ငြိမ်သွားရသည်။ ယဲ့ဖေးရိုသည် စိတ်လိုက်မာန်ပါ လုပ်တတ်သော အမျိုးသမီးတစ်ဦးမဟုတ်ကြောင်း သူ သိထားသည်။ တစ်ဖက်လူသည် မြူနှင်းနန်းတော်၏ နန်းတော်သခင်အဖြစ် နှစ်ရာချီရှိနေခဲ့သည်ဖြစ်ပြီး ဉာဏ်နီဉာဏ်နက်များသူဖြစ်ရာ၊ မည်သို့ စိတ်လိုက်မာန်ပါ ဖြစ်နိုင်ပါမည်နည်း။
သေချာပေါက် ဤကိစ္စကို အချိန်အတော်ကြာ စဉ်းစားပြီးမှ ဤဆုံးဖြတ်ချက်ကို ချခြင်း ဖြစ်ပေလိမ့်မည်။