နတ်ဘုရားအသွင်ပြောင်းအဆင့်၏ အဆင့်သုံးဆင့်၊ ချန်လန်ပင်လယ်ဒေသ၏ နံပါတ်တစ်အလှမယ်ကို လက်ထပ်ခြင်း(၃)။
Vol. 50 Ch. 550
"ပေးဆပ်တယ်လို့လည်း ပြောလို့မရပါဘူး... နန်းတော်သခင်က အမြတ်တောင် ထွက်သွားသေးတယ်...”
"ကျိုးဂိုဏ်းချုပ်ရဲ့ ရုပ်ရည်ကလည်း တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းပြီး ချန်လန်ပင်လယ်ဒေသရဲ့ နံပါတ်တစ် အချောအလှ အမျိုးသားလို့ ခေါ်နိုင်တယ်လေ...”
"နန်းတော်သခင်နဲ့ဆိုရင် လိုက်ဖက်ညီတဲ့ စုံတွဲ၊ နတ်ဖန်ဆင်းတဲ့ စုံတွဲပဲ...”
"ပိုအရေးကြီးတာက ကျိုးဂိုဏ်းချုပ်ရဲ့ ပါရမီက အံ့မခန်းပဲ... နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်နိုင်တဲ့ ပါရမီမျိုး... မဟုတ်ဘူး... အင်မော်တယ်တောင် ဖြစ်လာနိုင်တဲ့ ပါရမီမျိုး...”
"ဒီရှုထောင့်က ကြည့်ရင် နန်းတော်သခင်က အမြတ်ကြီးထွက်သွားတာ... နွားအိုကြီးက မြက်နုလေး စားလိုက်ရတာနဲ့တောင် တူနေသေး...”
အကြီးအကဲတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
သူမသည် ဤသည်မှာ ကောင်းကင်ဘုံက ပေးသနားသော ဖူးစာဖြစ်သည်ဟု ထင်မြင်မိသည်။
နှစ်ပေါင်းရာချီ တစ်ကိုယ်တည်းဖြစ်နေသော နန်းတော်သခင်သည် နောက်ဆုံးတွင် လက်ထပ်လိုက်ရပြီး ခင်ပွန်းကောင်းတစ်ယောက်ကို ရှာတွေ့သွားသည်မှာ ကောင်းကင်ဘုံ၏ စီမံမှုပင် ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် မြူနှင်းနန်းတော်သည်လည်း ကြီးမားသော အားကိုးစရာတစ်ခု ရရှိလိုက်သဖြင့်၊ ခဲတစ်ချက်တည်းဖြင့် ငှက်နှစ်ကောင် ပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
"ပြောတာမှန်တယ်... ပြီးတော့ နန်းတော်သခင်ရဲ့ လက်သွက်ပုံကလည်း မြန်မှမြန်ပဲ...”
"မနေ့ကပဲ နန်းတော်သခင်နဲ့ ကျိုးဂိုဏ်းချုပ်တို့ မင်္ဂလာဦးညဆင်နွှဲပြီး ကိစ္စပြီးမြောက်သွားကြပြီတဲ့...”
"ဒီကိစ္စက သံမှိုစွဲထားသလို ခိုင်မာသွားပြီလို့ ပြောလို့ရတယ်...”
"ကျိုးဂိုဏ်းချုပ် ငြင်းချင်ရင်တောင် နောက်ကျသွားပြီ...”
အခြားအကြီးအကဲတစ်ဦးက ဂုဏ်ယူစွာ ပြောလိုက်ပြီး ကမ္ဘာမြေတုန်ဟီးစေမည့် လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်လိုက်လေသည်။
"မဖြစ်နိုင်တာ... ဒီလောက် မြန်မြန်ကြီး မင်္ဂလာဦးည ဆင်နွှဲလိုက်တာလား... လက်သွက်လိုက်တာ...”
"သူများ တာအိုလက်တွဲဖော်က ခြေတစ်လှမ်း ရှေ့ထွက်သွားရုံရှိသေးတယ်... နန်းတော်သခင်က နောက်ခြေလှမ်းနဲ့ ချက်ချင်း သူများယောက်ျားကို သိမ်းပိုက်လိုက်တာပဲ...”
"တကယ့်ကို လျှပ်စီးလို လျင်မြန်တာပဲ...”
မြူနှင်းနန်းတော် အမျိုးသမီးကျင့်ကြံသူတစ်ဦးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
မိမိတို့၏ နန်းတော်သခင်က လက်သွက်လွန်းလိမ့်မည်ဟု သူမ လုံးဝထင်မထားခဲ့မိပေ။
အချိန်ဘယ်လောက်မှ မကြာလိုက်သေးခင်၊ နာမည်ကြီး ရွှမ်ဟွမ်ဂိုဏ်းချုပ်ကို တန်းပြီးသိမ်းပိုက်လိုက်ခြင်းပင်။
ယခင်က နန်းတော်သခင်သည် သွေးအေးသော အမျိုးသမီးကျင့်ကြံသူဟု သူမ ထင်မှတ်ခဲ့သော်လည်း၊ ယခုမူ မထင်မှတ်ဘဲ ဤမျှပြတ်သားနေသည်။
သာမန်အမျိုးသမီးကျင့်ကြံသူဆိုလျှင် ဤမျှလျင်မြန်စွာ လက်ဦးမှုရယူနိုင်မည် မဟုတ်ပေ။ မိမိတို့ နန်းတော်သခင်၏ ပြတ်သားမှုကို လျှော့တွက်မိသည်ဟုသာ ဆိုရပေမည်။
"မတတ်နိုင်ဘူးလေ... နန်းတော်သခင်က နှစ်ပေါင်းရာချီ တစ်ယောက်တည်းဖြစ်နေတာဆိုတော့ ဆာလောင်နေတာ ကြာပြီ... စိတ်တိုင်းကျ ခင်ပွန်းလောင်းကို ရှာတွေ့တော့ သဘာဝကျကျ မထိန်းနိုင်တော့ဘဲ အချိန်အကြာကြီး မစောင့်နိုင်တော့တာ နေမှာပေါ့အေ... မင်းသာဆိုရင်လည်း အောင့်အီးနိုင်မှာ မဟုတ်လောက်ဘူး...”
အမျိုးသမီးကျင့်ကြံသူတစ်ဦးက နန်းတော်သခင်အား ကိုယ်ချင်းစာမိသွားသည်။
သူမကိုယ်တိုင်လည်း ထိုနည်းတူပင်၊ အထီးကျန်နေသည်မှာ ကြာပြီဖြစ်ရာ စိတ်တိုင်းကျ ခင်ပွန်းလောင်းနှင့် တွေ့လျှင် မီးတောက်သကဲ့သို့ ပူလောင်လာပြီး ထိန်းချုပ်၍ရမည် မဟုတ်ပေ။ ဘယ်လိုလုပ် အောင့်အီးနိုင်ပါမည်နည်း။
"နန်းတော်သခင်က တကယ်မိုက်တာပဲ... ပြတ်သားတယ်... ဘယ်တော့မှ ချီတုံချတုံမဖြစ်ဘူး... ပစ်မှတ်ကိုမြင်တာနဲ့ ချက်ချင်းလှုပ်ရှားတော့တာပဲ... တကယ့်ကို ငါတို့ အမျိုးသမီးကျင့်ကြံသူတွေရဲ့ စံပြပဲ... လေးစားစရာ ကောင်းလိုက်တာ...”
အချို့သော အမျိုးသမီးကျင့်ကြံသူများကလည်း အလွန်လေးစားနေကြပြီး၊ ယဲ့ဖေးရိုကို အမျိုးသမီးများ၏ စံပြအဖြစ် သတ်မှတ်လိုက်ကြတော့သည်။
မိန်းမဆိုတာ ဒီလိုပဲဖြစ်ရမယ်... ချစ်ရဲမုန်းရဲရမယ်…။
"နန်းတော်သခင်က မြူနှင်းနန်းတော်ရဲ့ အနာဂတ်အတွက် လုပ်တာမဟုတ်ဘဲ... သူ့ဘာသာသူ ယောက်ျားလိုချင်လို့ လုပ်တာများလားလို့ ငါခံစားနေရတယ်... အရမ်း မြန်လွန်းနေသလားလို့...”
အမျိုးသမီးကျင့်ကြံသူတစ်ဦးက မိမိတို့ နန်းတော်သခင်၏ ရည်ရွယ်ချက်ကို သံသယဝင်လာမိသည်။
မိမိတို့ နန်းတော်သခင်က ထိုအမျိုးသားကို စောစီးစွာကတည်းက ကြိတ်ကြိုက်နေပြီး ပြတ်ပြတ်သားသား လှုပ်ရှားလိုက်ခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ မြူနှင်းနန်းတော်ရဲ့ အနာဂတ်အတွက်ဆိုသည်မှာ ယောက်ျားယူဖို့ အကြောင်းပြချက်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။
တကယ်တမ်းတွင် ရွှမ်ဟွမ်ဂိုဏ်းချုပ်၏ ချောမောမှုကို မက်မောခြင်း ဖြစ်နေနိုင်သည် မဟုတ်လော။ သို့မဟုတ်ပါက တခြားဝိညာဉ်သန္ဓေသားဂိုဏ်းများက အဖိုးကြီးများကို မရွေးချယ်ဘဲ ရွှမ်ဟွမ်ဂိုဏ်းချုပ်လို လူချောလေးကိုမှ ကြိုက်ရပါသနည်း။
"ဒါကို မြန်တယ်မခေါ်ဘူးဟဲ့... ပြတ်ပြတ်သားသား မလုပ်ရင် စိတ်တိုင်းကျ ခင်ပွန်းလောင်းက လွတ်သွားမှာပေါ့... ဒီရွာကျော်ရင် ဒီပြင့်ဆိုင်မရှိတော့ဘူးလေ...”
"ပြောတာမှန်တယ်... ကိုယ့်အတွက် ယောက်ျားရှာချင်တော့ရော ဘာဖြစ်သလဲ... ဂိုဏ်းကိစ္စနဲ့ ကိုယ့်တစ်ကိုယ်ရေကိစ္စကို တစ်ပြိုင်တည်း ဖြေရှင်းလိုက်လို့ မရဘူးလား... ခဲတစ်ချက်တည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပေါ့... ကိုယ်ကျိုးနည်းနည်းပါလည်း ဘာမှမဖြစ်ဘူး...”
"နန်းတော်သခင်က တစ်ကိုယ်တည်းသမား ဖြစ်နေတာ ဒီလောက်ကြာပြီဆိုတော့... ကျားရဲလို သွေးဆာနေမှာပဲ... ကျိုးဂိုဏ်းချုပ် ခံနိုင်ပါ့မလားတောင် မသိဘူး... ခစ်ခစ်… အားကုန်ပြီး လဲမသွားရင် ကံကောင်း...”
"ဟဲ့... ဟဲ့... နန်းတော်သခင်ကို အတင်းမပြောကြနဲ့ဦး... နန်းတော်သခင်က ဖြူစင်သန့်ရှင်းပြီး အေးဆေးတည်ငြိမ်တဲ့သူပါ... ဒီလောက်ကြီး ရိုင်းစိုင်းမှာ မဟုတ်ပါဘူး... မင်းတို့ထင်သလောက် ထင်တိုင်းကြဲချင်မှ ကြဲမှာပါ...”
"ဒါဆိုရင် နန်းတော်သခင်ကို နည်းလမ်းတချို့ သင်ပေးရမလား... ကြားရသလောက်ဆိုရင် ရွှမ်ဟွမ်ဂိုဏ်းချုပ်မှာ ဇနီးမယားတွေ အများကြီးရှိပြီး... အဲဒီအထဲမှာ နည်းလမ်းပေါင်းစုံ ကျွမ်းကျင်တဲ့ အမျိုးသမီးတွေ မနည်းဘူးတဲ့... နန်းတော်သခင်က သူတို့နဲ့ယှဉ်ရင် အရေးနိမ့်သွားမှာ စိုးရတယ်...”
"နန်းတော်သခင်ကို တကယ်သင်ပေးဖို့ လိုတယ်... နန်းတော်သခင်က ကျင့်ကြံခြင်း မြင့်မားပေမယ့်... မြူနှင်းကျွန်းမှာပဲ အမြဲနေထိုင်တာဆိုတော့... ကျားမကိစ္စနဲ့ ပတ်သက်ရင် ငါတို့လောက် ကျွမ်းကျင်မှာ မဟုတ်ဘူး...”
မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ ဆွေးနွေးငြင်းခုံနေကြတော့သည်။ အားလုံးမှာ အမျိုးသမီးများ ဖြစ်ကြသဖြင့် ပြောဆိုသည့် အကြောင်းအရာများကလည်း အထူးပွင့်လင်းနေကြ၏။
တခါတရံတွင် အမျိုးသားများနှင့် ယှဉ်လျှင် အမျိုးသမီးများက ပိုမိုပွင့်လင်းတတ်ကြသည်။ အထူးသဖြင့် ရင့်ကျက်သော အမျိုးသမီးများသည် ဤကဲ့သို့သော ကိစ္စများတွင် အတားအဆီး မရှိတတ်ကြပေ။
"ဟိုလေ... ခေါင်းစဉ်လွဲကုန်ပြီ...”
"အကြီးအကဲတို့... တကယ်တော့ ကျွန်မ မေးချင်တာက...”
"တကယ်လို့ မြူနှင်းကျွန်းကို ပြောင်းရွှေ့မယ်ဆိုရင်... နောက်ဆက်တွဲအစီအစဉ်က ဘယ်လိုလဲ... ဘယ်လိုပြောင်းရွှေ့ကြမှာလဲ...”
မြူနှင်းနန်းတော် တပည့်မတစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
မည်သို့ပင်ဖြစ်စေ မြူနှင်းနန်းတော်၏ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော အခြေခံအုတ်မြစ်တွင် မရေမတွက်နိုင်သော ရတနာများ စုဆောင်းထားရှိသည်။
ပိုအရေးကြီးတာက တပည့်အများအပြားလည်း ရှိသေးသည်။ တစ်ကြိမ်တည်းနှင့် အကုန်ပြောင်းရွှေ့ချင်သည် ဆိုပါက ထင်သလောက် မလွယ်ကူဘဲ အချိန်များစွာ ပေးရပေလိမ့်မည်။
"ဒီကိစ္စကတော့..."
"အရင်ကတည်းက ကျိုးဂိုဏ်းချုပ်နဲ့ ငါတို့ ဆွေးနွေးပြီးသွားပြီ...”
"သူက မြူနှင်းကျွန်းမှာ အကြီးစား တည်နေရာရွှေ့ပြောင်းအစီအရင်တစ်ခု တည်ဆောက်ပေးလိမ့်မယ်... အဲဒီကနေတဆင့် ငါတို့ ရွှမ်ဟွမ်ကျွန်းကို တိုက်ရိုက်ရွှေ့ပြောင်းနိုင်မယ်...”
"အဲဒီကျရင် ငါတို့ အဆင်သင့်ပြင်ထားရုံနဲ့ ရွှမ်ဟွမ်ကျွန်းပေါ်ကို တစ်ခါတည်း ရောက်သွားလိမ့်မယ်...”
"ဒါကြောင့် အခုငါတို့ လုပ်ရမယ့် တစ်ခုတည်းသော အလုပ်က တန်ဖိုးရှိတဲ့ ပစ္စည်းတွေအကုန်လုံးကို ကိုယ်နဲ့မကွာ သယ်ဆောင်ထားပြီး... ရွှမ်ဟွမ်ဂိုဏ်းဆီ တစ်ခါတည်း ပြောင်းရွှေ့ဖို့ပဲ...”
မြူနှင်းနန်းတော် အကြီးအကဲတစ်ဦးက ပြန်ဖြေလိုက်သည်။
သူမတို့သည် ပြောင်းရွှေ့ရေး အစီအစဉ်များကို စဉ်းစားထားပြီး ဖြစ်ပေသည်။ အမှန်တကယ်တွင် ကျင့်ကြံသူများအတွက် ပြောင်းရွှေ့ခြင်းသည် အလွယ်ကူဆုံး ကိစ္စဖြစ်သည်။ ရတနာအများအပြားကို သိုလှောင်အိတ်ထဲ ထည့်လိုက်ရုံဖြင့် တစ်ခါတည်း သယ်ဆောင်သွားနိုင်ပြီး များစွာဒုက္ခခံနေစရာ မလိုပေ။
"ဒါဆို ငါတို့ မြူနှင်းနန်းတော်ကို လုံးဝ စွန့်လွှတ်လိုက်ရတော့မှာလား...”
အမျိုးသမီးကျင့်ကြံသူအများအပြား ဝမ်းနည်းနေကြသည်။
မည်သို့ပင်ဖြစ်စေ သူမတို့သည် မြူနှင်းကျွန်းတွင် နေထိုင်လာသည်မှာ ကြာမြင့်ပြီဖြစ်ပြီး၊ ကိုယ့်အိမ်လို ဖြစ်နေခဲ့သည်။ အန္တရာယ်ကြောင့် ထွက်ခွာရမည် ဆိုသော်လည်း သူမတို့ စွန့်ခွာရက်ခြင်း မရှိကြပေ။
"ဒီကိစ္စကတော့... သေချာပေါက် ဒီလိုလည်း မဟုတ်ဘူး...”
"ငါတို့ မြူနှင်းနန်းတော်က ရွှမ်ဟွမ်ကျွန်းကို အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ကြမှာဖြစ်ပေမယ့်..."
"လူတချို့ကိုတော့ ချန်ထားခဲ့ပြီး မြူနှင်းကျွန်းကို ယာယီစောင့်ကြပ်ခိုင်းထားမှာပါ...”
"တကယ်လို့ အန္တရာယ်ကြုံလာရရင် အဲဒီလူတွေက တည်နေရာရွှေ့ပြောင်းအစီအရင်ကနေတဆင့် ထွက်ခွာသွားလို့ ရတယ်...”
"ပုံမှန်အချိန်မှာတော့ မြူနှင်းကျွန်းကို စောင့်ကြပ်ပြီး ကျွန်းပေါ်က ဆေးဥယျာဉ်ကို ကြည့်ရှုစောင့်ရှောက်လို့ ရတယ်...”
"ငါတို့ မြူနှင်းနန်းတော် ပြောင်းရွှေ့တာက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လုပ်ဆောင်တာပဲ...”
"တကယ်လို့ ကမ္ဘာပေါင်းစည်းခြင်း ပြီးဆုံးသွားရင် ငါတို့ မြူနှင်းနန်းတော် ပြန်လာချင် ပြန်လာလို့ရတယ်...”
"ပြန်မလာဖြစ်ရင်တောင်မှ ဒီနေရာက ငါတို့ရဲ့ ဘိုးဘွားပိုင်မြေ ဖြစ်လာမှာ... ရံဖန်ရံခါ ပြန်လာကြည့်လို့ရတယ်...”
မြူနှင်းနန်းတော် အကြီးအကဲတစ်ဦးက လေးနက်စွာ ပြောလိုက်လေသည်။
သူမတို့သည် သဘာဝကျကျပင် မြူနှင်းကျွန်းကို စွန့်လွှတ်နိုင်ခြင်း မရှိကြပေ၊ အမှန်တကယ်တွင် ယခုအချိန်သည် မြူနှင်းကျွန်းကို စွန့်လွှတ်ရမည့်အချိန် မဟုတ်သေးပေ။ မိစ္ဆာမျိုးနွယ်စု၏ တိုက်ခိုက်မှုကို မခံရသရွေ့ သူမတို့သည် ဤကျွန်းကို ဆက်လက်ထိန်းသိမ်းထားလိုကြသည်။
"သဘောပေါက်ပါပြီ အကြီးအကဲ...”
မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူအများအပြား ခေါင်းညိတ်လိုက်ကြသည်။ သူမတို့သည် အကြီးအကဲများ၏ အစီအစဉ်နှင့် ရည်ရွယ်ချက်များကို နားလည်သွားကြသည်။
ရက်အနည်းငယ် ကြာပြီးနောက်...။
မြူနှင်းနန်းတော်က ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ပူးပေါင်းလိုက်သည့် သတင်းသည် ချန်လန်ပင်လယ်ဒေသတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ဤသည်မှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့သော သတင်းကြီးဖြစ်ပြီး သမိုင်းတွင် မကြုံစဖူး ကိစ္စရပ်ကြီး ဖြစ်ပေသည်။
နာမည်ကြီး မြူနှင်းနန်းတော်သည် တည်ထောင်တာ သိပ်မကြာသေးသော ရွှမ်ဟွမ်ဂိုဏ်းထဲသို့ ကိုယ်တိုင်ဆန္ဒအလျောက် ဝင်ရောက်ပူးပေါင်းလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ ဤသည်မှာ ကျင့်ကြံသူအများအပြား၏ ထင်မြင်ယူဆချက်များကို ကျော်လွန်သွားခဲ့သည်။
"ဒါက ဖြစ်နိုင်ပါ့မလားကွာ... အရမ်းကို အဓိပ္ပါယ်မရှိလိုက်တာ...”
"မြူနှင်းနန်းတော်က ရွှမ်ဟွမ်ဂိုဏ်းထဲ ကိုယ်တိုင်ဆန္ဒနဲ့ ဝင်ရောက်ပူးပေါင်းပြီး... ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဝါးမြိုတာကို ခံယူလိုက်တာလား...”
"ဒါ သေချာပေါက် ကောလာဟလ ဖြစ်မှာပါ...”
ကျင့်ကြံသူအများအပြားမှာ မယုံကြည်နိုင် ဖြစ်နေကြပြီး၊ ပထမဆုံးအကြိမ် ကြားလိုက်ရချိန်တွင် ဤသတင်းသည် ကောလာဟလ ဖြစ်မည်ဟု ထင်မှတ်လိုက်ကြသည်။
“ဘယ်လိုပဲပြောပြော မြူနှင်းနန်းတော်ဆိုတာ ကြီးမားတဲ့ ဝိညာဉ်သန္ဓေသားဂိုဏ်းကြီးလေ... လမ်းမှန်အင်အားစုကြီး ငါးခုထဲက တစ်ခုပဲ…. တည်ထောင်တာ သိပ်မကြာသေးတဲ့ ဂိုဏ်းတစ်ခုရဲ့ ဝါးမြိုတာကို ဘယ်လိုလုပ် ခံယူနိုင်မှာလဲ…. ရွှမ်ဟွမ်ဂိုဏ်းချုပ် ကျိုးစွေ့က ချန်လန်ပင်လယ်ဒေသမှာ နာမည်ကြီးနေပြီ ဆိုပေမယ့်... ဒီလိုကိစ္စမျိုးကျ အရမ်းရယ်စရာ ကောင်းလွန်းမနေဘူးလား…”
"ဒီကိစ္စက တကယ်အစစ်အမှန်ပဲ... ပင်လယ်ဒေသ အနှံ့အပြားကို ပျံ့နှံ့နေတာ ကြာလှပြီ...”
"ပြီးတော့ မြူနှင်းနန်းတော်သခင်ကိုယ်တိုင် အတည်ပြုထားတာလေ...”
"ဂိုဏ်းတစ်ခုလုံး ရွှမ်ဟွမ်ဂိုဏ်း ဌာနချုပ်ဆီ ပြောင်းရွှေ့နေကြပြီ...”
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးက လက်မခံချင်သော်လည်း ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။ သူသည် ဤကိစ္စကို မယုံချင်သော်လည်း အမှန်တရားက မျက်စိရှေ့သို့ ရောက်နေပြီဖြစ်ရာ မယုံ၍မရတော့ပေ။
"ရွှမ်ဟွမ်ဂိုဏ်းဌာနချုပ် ဟုတ်လား... ကြယ်သုံးပွင့်ကျွန်းစု ဖြစ်မလား...”
"ဒီလောက်သေးငယ်တဲ့ ကျွန်းစုက မြူနှင်းနန်းတော်ကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ...”
လူတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"သေချာပေါက် ကြယ်သုံးပွင့်ကျွန်းစု မဟုတ်ဘူးပေါ့...”
"အတိတ်က ကုယုံဂိုဏ်းရဲ့ အပျက်အစီးနေရာလေ... အဲဒီ ပဉ္စမအဆင့်ကျွန်းကြီးပေါ့...”
"ကြားရသလောက်တော့ ကုယုံဂိုဏ်းရဲ့ အပျက်အစီးနေရာကို ရရှိသွားတဲ့သူက ရွှမ်ဟွမ်ဂိုဏ်းချုပ် ကျိုးစွေ့ပဲ...”
လူတစ်ယောက်က လျှို့ဝှက်ဆန်းကြယ်စွာ သတင်းဖြန့်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော ကိစ္စမျိုးကို ဖုံးကွယ်ထား၍မရနိုင်ပေ။ မှန်ပေသည်၊ ယနေ့အချိန်တွင် ကျိုးစွေ့သည် ဘာကိုမှ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
သူသည် ကုယုံဂိုဏ်း၏ အပျက်အစီးနေရာကို ရရှိထားကြောင်း ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား သိသွားလျှင်လည်း မည်သူမျှ ဘာမှပြောရဲမည် မဟုတ်ပေ။ ယခင်က တိုက်ပွဲတစ်ခုတည်းဖြင့် သူသည် တစ်လောကလုံးကို တုန်လှုပ်စေခဲ့ပြီး မည်သူမျှ ရန်မစရဲတော့ပေ။
အကယ်၍ သူသာ ယခင်ကကဲ့သို့ ကျင့်ကြံသူ အငယ်စားလေး ဖြစ်နေသေးလျှင်မူ သဘာဝကျကျ ကပ်ဘေးဆိုက်ရောက်လာပေလိမ့်မည်။ သို့သော် ယခုမူ ရွှေပေါ်မြတင်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
"သေစမ်း... ချန်လန်ပင်လယ်ဒေသတစ်ခုလုံးက ဝိညာဉ်သန္ဓေသားတွေကို ခြိမ်းခြောက်ငွေညှစ်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် တာအိုကျင့်ကြံသူက... ရွှမ်ဟွမ်ဂိုဏ်းချုပ် ဖြစ်နေတာလား...”
"ဒီလိုဆိုရင် ရွှမ်ဟွမ်ဂိုဏ်းချုပ်က လူတိုင်းရဲ့ ပစ်မှတ် ဖြစ်မလာဘူးလား...”
"ဘာ လူတိုင်းရဲ့ ပစ်မှတ် ဖြစ်ရမှာလဲ... အခုချိန်မှာ ဘယ်သူက ရွှမ်ဟွမ်ဘိုးဘေးကို ရန်စရဲလို့လဲ... ရွှမ်ဟွမ်ဘိုးဘေးက ပြဿနာမရှာရင်တောင် ကံကောင်းနေပြီ...”
"ပြောတာလည်း ဟုတ်တာပဲ... အရင် ကျောင်းလုံမြို့တော်တိုက်ပွဲတုန်းက ရွှမ်ဟွမ်ဘိုးဘေး ကိုယ်တိုင်ဝင်မတိုက်ဘဲ... နတ်ဘုရားအသွင်ပြောင်းအဆင့် နဂါးသုံးကောင်ကို မသတ်ဖြတ်နိုင်ရင်... အဲဒီတိုက်ပွဲမှာ ငါတို့ လူသားမျိုးနွယ်စု လုံးဝရှုံးနိမ့်သွားမှာ...”
"ဆိုလိုတာကတော့… ရွှမ်ဟွမ်ဘိုးဘေးက အခု ချန်လန်ပင်လယ်ဒေသရဲ့ နံပါတ်တစ် အားအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီ... ရွှမ်ဟွမ်ဘိုးဘေး တစ်ယောက်တည်းနဲ့တင် ပင်လယ်ဒေသတစ်ခုလုံးကို တုန်လှုပ်စေနိုင်တယ်... ဘယ်သူမှ ရန်မစရဲကြဘူး...”
"ကြားရသလောက်တော့ ရွှမ်ဟွမ်ဘိုးဘေးက အခုထိ အသက်နှစ်ရာတောင် မပြည့်သေးဘူးတဲ့... ဆိုလိုတာက သူက ဒီပင်လယ်ဒေသကို အနည်းဆုံး နှစ်တစ်ထောင်လောက် လွှမ်းမိုးထားနိုင်ဦးမှာ...”
"ဒါတင် ဘယ်ကမလဲ... တကယ်လို့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကိုသာ တက်လှမ်းနိုင်ရင် နှစ်သုံးထောင်လောက် လွှမ်းမိုးထားနိုင်ဦးမှာ...”
"ဒီလိုဆိုရင် ဂိုဏ်းကြီးတွေက ဝိညာဉ်သန္ဓေသားဘိုးဘေးတွေ လက်စားချေလို့ မရတော့ဘူးပေါ့...”
"လက်စားချေဖို့ မပြောနဲ့... တစ်ယောက်ပြီးတစ်ယောက် လက်ဆောင်တွေ သွားပေးပြီး ရွှမ်ဟွမ်ဘိုးဘေးကို မျက်နှာလိုမျက်နှာရ လုပ်ကြရဦးမှာ...
ဘာလို့လဲဆိုတော့ နောက်နောင် ရွှမ်ဟွမ်ဘိုးဘေးဆီ အကူအညီ တောင်းရမယ့်အချိန် ရှိလာမလား ဘယ်သူသိနိုင်မလဲ... ကမ္ဘာပေါင်းစည်းခြင်းက မပြီးဆုံးသေးဘူးလေ...
နယ်မြေတံခါးပေါက်ကနေ မိစ္ဆာသားရဲတွေ အဆက်မပြတ် ဝင်ရောက်လာဦးမှာ... အချိန်မရွေး ကြီးမားတဲ့ကပ်ဘေး ဖြစ်လာနိုင်တယ်...”
ကျင့်ကြံသူအများအပြားမှာ ဆွေးနွေးငြင်းခုံနေကြသည်။
လတ်တလော ပျံ့နှံ့နေသော သတင်းများသည် အလွန်တုန်လှုပ်ဖွယ် ကောင်းလွန်းသည်ဟု သူတို့ ခံစားရပြီး ချန်လန်ပင်လယ်ဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
မြူနှင်းနန်းတော်သည် ရွှမ်ဟွမ်ဂိုဏ်းနှင့် ပူးပေါင်းပြီး အဝါးမြိုခံလိုက်ရလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ထို့အပြင် ရွှမ်ဟွမ်ဘိုးဘေးသည် ကုယုံဂိုဏ်း၏ အပျက်အစီးနေရာကို ရရှိထားသူ ဖြစ်နေလိမ့်မည်ဟုလည်း မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ ထို နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးနေရာမှ အကျိုးအမြတ် အများဆုံး ရရှိသူလည်း ဖြစ်ပေသည်။