သေခြင်းရှင်ခြင်းစာအုပ်
Vol. 5 Ch. 471
ဆန်းလျန်သည် ခဏတာမျှ တိတ်ဆိတ် ငြိမ်သက်နေလေသည်။
ပြီးမှ မေးလိုက်သည်။
"မင်းရဲ့ ဆရာဘိုးဘိုး ချန်စန်းကျီက ကျင့်စဉ်လမ်းအဆင့် ဘယ်အထိရောက်နေပြီလဲ ခန့်မှန်းနိုင်လား၊ သူက နတ်ဘုရားတစ်ပါး ဖြစ်နေပြီလား"
"ခင်ဗျား မေးတာတွေက တော်တော် ထူးဆန်းတာပဲ၊ ကျုပ်ရဲ့ ဆရာဘိုးဘိုး အကြောင်းကို မေးတယ်ဆိုတော့ ခင်ဗျားက ကျင့်စဉ်လမ်းမှာ ဒီလောက် အဆင့်မြင့်တာ သေခြင်းရှင်ခြင်း စာအုပ်ကို မဖတ်ဖူးဘူးလား"
ထိုစကားကြောင့် ဆန်းလျန်မှာ အနည်းငယ် လှုပ်ရှားသွားရသည်။
"သေခြင်းရှင်ခြင်း စာအုပ်ဆိုတာ တကယ်ရှိတာလား"
"သောက်ကျိုးနဲ" ဟူ၍သာ လျိုမုန့်တယ် တွေးလိုက်မိတော့သည်။
ကျင့်စဉ်လမ်း ပြီးမြောက် အောင်မြင်သွားသူ မည်သူမဆို သေခြင်းရှင်ခြင်း စာအုပ်ကို ဖတ်ကြသည်ပဲ ဖြစ်လေသည်။ ထိုစာအုပ်အကြောင်းကို ဆန်းလျန် မသိသည်မှာ ထူးဆန်းလှသည်။ သို့သော် ဆန်းလျန်က မသိဘူးဆိုမှတော့ သူက သူသိသလောက် ထပ်ရှင်းပြ လိုက်လေသည်။
"သေခြင်းရှင်ခြင်း စာအုပ်ဆိုတာ စကြဝဠာစွမ်းအားနဲ့ ဖြစ်တည်လာတဲ့ စာအုပ်ပဲ၊ လူသားဆန်မှု ကျမ်းစာလို့လည်း ခေါ်တယ်၊ စကြဝဠာထဲက သတ္တဝါတွေ အားလုံးအကြောင်းကို မှတ်တမ်း တင်ထားတယ်၊ သေခြင်းနဲ့ရှင်ခြင်း အကြောင်းတွေကိုလည်း အဲဒီစာအုပ်ထဲမှာ မှတ်တမ်း တင်ထားတယ်၊ အဲဒီစာအုပ်က နတ်ဘုရား စွမ်းအားတွေကိုလည်း ပိုင်ဆိုင်တယ်၊ သေခြင်းရှင်ခြင်း စာအုပ်ထဲမှာ ခင်ဗျားနာမည် မပယ်ဖျက်နိုင် သေးသရွေ့ အချိန်တန်ရင်တော့ ခင်ဗျားသေရမှာပဲ၊ ဆရာဘိုးဘိုး ချန်စန်းကျီရဲ့အမည်က သေခြင်းရှင်ခြင်း စာအုပ်ထဲမှာတော့ ပယ်ဖျက်မခံရသေးဘူး၊ အချိန်ကျရင် သူလည်း သေဆုံးရပြီး လူပြန်ဝင်စားရမှာပါပဲ"
ဆန်းလျန်မှာ အနည်းငယ် အံ့သြသွားရလေသည်။ သူက သူရောက်နေသည့် လောကတွင် ထိုသို့ ထူးဆန်းသည့် ကိစ္စရပ်များ ရှိလိမ့်မည်ဟု ထင်မှတ် မထားမိပေ။ လျိုမုန့်တယ်၏ စကားအရဆိုလျှင် သေခြင်းရှင်ခြင်း စာအုပ်သည် သူကြားဖူးသည်ထက်ပင် တန်ခိုးစွမ်းအား ကြီးမား နေသေးသည်။ သို့သော် သူက အဘယ့်ကြောင့် ထိုစာအုပ်နှင့် ပတ်သက်ပြီး မခံစားမိပါလိမ့်။ သူက သူရောက်ရှိနေသည့် လောကမှ လူမဟုတ်သည့် အတွက် ထိုသို့ဖြစ်နေရခြင်းလား။ သို့မဟုတ် အခြားသော အကြောင်းများ ရှိနေသေးသည်လား။
"သေခြင်းရှင်ခြင်းစာအုပ်ကနေ နာမည် ပယ်ဖျက်တယ်ဆိုတာ ဘာကိုပြောတာလဲ"
ဆန်းလျန်က ဆက်မေးလိုက်သည်။
"ခင်ဗျားရဲ့ကျင့်စဉ်လမ်းက အရမ်းအဆင့်မြင့် လာတဲ့အခါ တန်ခိုးစွမ်းအားနဲ့ ဝိညာဉ်ဟာ တစ်သားတည်း ကျသွားတယ်၊ အဲဒီအခါမှာ မူလဝိညာဉ် ခန္ဓာမွေးဖွားလာတယ်၊ အဲဒီအဆင့် ရောက်ရင် လောကနတ်ဘုရား ဖြစ်ပြီလို့ ခေါ်တယ်၊ လောကနတ်ဘုရားဆိုတာ လောကထဲမှာ လူသားတွေနဲ့အတူ နေထိုင်နေကြသေးတဲ့ နတ်ဘုရားတွေကို ပြောတာ၊ ကျုပ်ရဲ့ဆရာဘိုးဘိုး ချန်စန်းကျီကလည်း လောကနတ်ဘုရား တစ်ပါးပါပဲ၊ တန်ခိုးစွမ်းအားလည်း အလွန်မြင့်မားတယ်၊ ဒါပေမဲ့ လောကနတ်ဘုရားဖြစ်တာနဲ့တော့ ကျင့်စဉ်လမ်းက အဆုံးသတ်မသွားသေးဘူး၊ လောကနတ် ဘုရားအဆင့်ကို ကျော်လွန်ပြီးရင်တော့ တာအို မဟာလမ်းစဉ်ကို နားလည်တဲ့ မိုးကောင်းကင် နတ်ဘုရား ဖြစ်လာမယ်၊ မိုးကောင်းကင် နတ်ဘုရားဖြစ်သွားတဲ့ သူတွေက သေခြင်းရှင်ခြင်း စာအုပ်နဲ့ သူတို့ရဲ့ကြားက ဆက်နွှယ်မှုကို ဖြတ်တောက် ပစ်နိုင်တယ်၊ အဲဒါကို သေခြင်းရှင်ခြင်း စာအုပ်ထဲက နာမည် ပယ်ဖျက်တယ်လို့ ခေါ်တာပါပဲ၊ ခင်ဗျားကြည့်ရတာ ကျုပ်ထက် အများကြီး တန်ခိုးစွမ်းအား မြင့်မားရဲ့သားနဲ့ သေခြင်းရှင်ခြင်း စာအုပ် အကြောင်းကိုတောင် မသိဘူးဆိုတော့ ခင်ဗျား လူပြန်ဝင်စားတုန်းက တစ်ခုခုများ မှားယွင်းသွားလား၊ ခင်ဗျား စိတ်မရှိဘူးဆိုရင် ခင်ဗျားရဲ့ ကျင့်စဉ်လမ်းက ဘယ်အဆင့်ကို ရောက်နေပြီလဲ ဆိုတာ သိချင်မိပါတယ်"
လျိုမုန့်တယ်၏ စကားများကို နားထောင်ရင်း ဘယ်လိုပဲ အခြေအနေတွေ ကွဲပြားပါစေ ကျင့်စဉ်လမ်းတွေရဲ့ နောက်ဆုံး အဆုံးသတ်ကတော့ အတူတူပါပဲလားဟု ဆန်းလျန် စဉ်းစား နေမိလေသည်။ သူရောက်ရှိနေသည့် လောကမှ ကျင့်ကြံသူများမှာလည်း မူလဝိညာဉ် ခန္ဓာရရှိနိုင်မှ သာလျှင် လောကနတ်ဘုရား ဖြစ်ကြလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မင်းပြောတဲ့စကားအရဆိုရင်တော့ ကျုပ်က မိုးကောင်းကင် နတ်ဘုရားတစ်ပါးပဲ"
လျိုမုန့်တယ်မှာ ဆန်းလျန် စကားကြောင့် ကြက်သေ သေသွားလေသည်။
သူက ဆန်းလျန်သည် မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
ရွှမ်ကျန်းကျောင်းတော်မှ ရွှမ်ကျန်း ဆရာသခင်ခုနစ်ပါးသည် မူလဝိညာဉ် ခန္ဓာရရှိပြီး အချိန်မရွေး လောကကို ကျော်လွန် သွားနိုင်သည့် လူများဖြစ်လေသည်။ ဆရာသခင် မုကျန်းထံတွင်ပင် တပည့် ဆယ်ယောက်ထက် မနည်း ရှိလေသည်။ ထို့ပြင် တာ့ရှားတိုင်းပြည်သည် တာအိုဝါဒကို အားမပေးသည့်တိုင် "ကျန်းရန်" အဖြစ် မှတ်ပုံတင်ထား သည့်ဆရာသခင် များစွာရှိသည့် ရွှမ်ကျန်းကျောင်းတော်ကို အရေးမထားဘဲ မနေရဲပါချေ။
ယင်းစန်းဒေသတွင် ကျင့်ကြံသူများစွာ ရှိသည့်တိုင် ထိပ်တန်း နတ်ဘုရားဂိုဏ်းတစ်ခု ဖြစ်သည့် ရွှမ်ကျန်း ကျောင်းတော်ကို မည်သူမျှ မမီနိုင်ပေ။
ထို့ပြင် ရွှမ်ကျန်းကျောင်းတော်သည် နှစ်ပေါင်း တစ်ထောင်ကျော် ကြာအောင် တည်ရှိနေခဲ့သည့် ကျောင်းတော်ကြီး တစ်ခုလည်း ဖြစ်လေသည်။ ထို့ပြင် ရွှမ်ကျန်း ကျောင်းတော်သည် စစ်မှန်သည့် တာအိုကျင့်စဉ်လမ်းကို သင်ပြပေး သည့် အစစ်အမှန် ကျောင်းတော်တစ်ခုလည်း ဖြစ်သည်။
ရွှမ်ကျန်းကျောင်းတော်တွင် မိုးကောင်းကင် နတ်ဘုရားများ ပေါ်ထွက်ခြင်း မရှိသေးသည့်တိုင် ရွှမ်ကျန်းဆရာသခင် ခုနစ်ပါးသည် အချိန်မရွေး မိုးကောင်းကင် နတ်ဘုရားများ အဖြစ် အဆင့်တက်ရောက် သွားနိုင်သူများ ဖြစ်ကြလေ သည်။
သူ၏ဆရာမုကျန်းက သူသည် သမာဓိ မီးတောက်ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်လျှင် မဟာတန်ခိုးရှင် တစ်ပါးကိုပင် အနိုင်ယူနိုင်မည် ဖြစ်သည့်အပြင် မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်လာရန် အတွက်လည်း မျှော်လင့်ချက်ရှိလာ မည်ဖြစ်လေသည်။
သို့သော် မိုးကောင်ကင် နတ်ဘုရားတစ်ပါး ဖြစ်လာရန်မှာ အပြော လွယ်သလောက် အလုပ် ခက်လေသည်။ ပါရမီရင့်သန်သည့် ထိပ်တန်း ကျင့်ကြံသူများသာလျှင် မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မည် ဖြစ်လေသည်။ ထိုအဆင့်သို့ ရောက်ရှိပါက တာ့ရှားဧကရာဇ်၏ ထိန်းချုပ်မှုအောက်မှလည်း လွတ်မြောက် ပေလိမ့်မည်။
မဟာတန်ခိုးရှင် များမှာလည်း နတ်မိစ္ဆာများထဲတွင် တာ့ရှားပြည်ဧကရာဇ်မှ ထိန်းချုပ်နိုင်ခြင်း မရှိသည့်သူများထဲတွင် ပါဝင်လေသည်။
လျိုမုန့်တယ်သည် ရွှမ်ကျန်းကျောင်းတော်မှ ဗဟုသုတများကို သိထားသော်လည်း သေခြင်းရှင်ခြင်း စာအုပ်မှ မည်သည့်နာမည်များ ပယ်ဖျက်ခြင်း ခံရသည်ကိုတော့ သိရှိခြင်းမရှိပေ။ သူ၏ ဆရာဘိုးဘိုးဖြစ်သူ ချန်စန်းကျီကတော့ သိရှိ နိုင်ကောင်းလေသည်။
လျိုမုန့်တယ်မှာ နည်းနည်းတော့ အတွေး များသွားသည်။ ဆန်းလျန်သည် မိုးကောင်းကင် နတ်ဘုရား တစ်ပါးဆိုလျှင် အဘယ့်ကြောင့် လူပြန်ဝင်စားရပါသနည်း။
"ခင်ဗျားက မိုးကောင်းကင် နတ်ဘုရားလို့လဲ ဆိုသေးတယ်၊ ဘယ်လို ကံဆိုးမိုးမှောင်ကျလို့ လူပြန်ဝင်စားရတာလဲ"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"တကယ်တော့ ကျုပ်က အထွတ်ထိပ်အဆင့်ကို ကျုပ်မရောက်သေးပါဘူး၊ ဒါပေမဲ့ ကျုပ်အရင်ဘဝက ပိုပြီးတော့ တောင်တန်ခိုး စွမ်းအား ကြီးမားသေးတယ်၊ မင်းက အခုမှ တန်ခိုးစွမ်းအားကို ရှာဖွေတဲ့ အဆင့်ပဲ ရောက်သေးတယ်၊ ဒါကြောင့် ကျုပ်ရင်ဆိုင်ရတာတွေကို ဘယ်နားလည် နိုင်မှာလဲ၊ မင်းရဲ့ကျင့်စဉ်လမ်းက မီးဒြပ်စင် တစ်ခုတည်းကိုပဲ အာရုံစိုက်ရမှာ၊ ဒါပေမဲ့ ကျုပ်က ဒြပ်စင်စွမ်းအား ငါးမျိုးဖြစ်တဲ့ သစ်သား၊ ရေ၊ သတ္တု၊ မြေကြီးနဲ့ မီးကို အကုန် ကျင့်ကြံခဲ့တာ၊ ဒါကြောင့် မင်းရဲ့သမာဓိ မီးတောက် ကျင့်စဉ်ကိုလည်း ကျုပ်နားလည်နေတာပေါ့"
ပြောရင်းနှင့် ဆန်းလျန်က လက်ဖျောက် တစ်ချက်တီးလိုက်လေသည်။
ထိုအခါ လက်ဖျားထိပ်တွင် အဖြူရောင်မီးတောက်လေး လင်းလက်လာလေသည်။ အဖြူရောင် မီးတောက်ဆီသို့ စကြဝဠာ အသက်ဓာတ် စွမ်းအားများ စတင် စုဝေးလာတော့သည်။
ဆန်းလျန် ဖန်ဆင်းလိုက်သည်မှာ အဆုံးစွန်ထိ သန့်စင်ခြင်းမရှိသည့်တိုင် စစ်မှန်သော သမာဓိ မီးတောက်စွမ်းအားပင် ဖြစ်ပြီး လျိုမုန့်တယ်၏ သမာဓိ မီးတောက်ထက်ပင် စွမ်းအား မြင့်မားသေးသည်။
လျိုမုန့်တယ်မှာ ဆန်းလျန် ဖန်ဆင်းထားသည့် မီးတောက်ကိုကြည့်ရင်း ဆန်းလျန်ကို လေးစားသည်ထက် လေးစား လာတော့သည်။
ဆန်းလျန်ကလည်း လျိုမုန့်တယ်ကို လိမ်လည် ပြောဆိုနေခြင်း တစ်ခုမှ မရှိပါ။ သူက မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် သူ၏ မူလဝိညာဉ်ခန္ဓာသည် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။ သူက တန်ခိုးစွမ်းအား အပြောင်းအလဲ ဖြစ်သွားခြင်းကိုသာ နားလည် သွားခြင်း ဖြစ်လေသည်။
ထို့ပြင် ယခုလက်ရှိ ဆန်းလျန်သည် အတိတ်မှ ဆန်းလျန်လောက် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိသေးပေ။
လင်ထိုင်ဖန်းကျွမ်းတောင်တွင် ယန်ရွှီးနှင့် နောက်ဆုံးတိုက်ခိုက်ခဲ့စဉ်က သူရရှိလိုက်သည့် အကြီးမားဆုံး အကျိုးကျေးဇူးမှာ တရားအလင်းကို ရှင်းလင်းစွာ သိမြင်သွားခြင်းပင် ဖြစ်လေသည်။ ထိုသို့ တရားအလင်းကို ရှင်းလင်းစွာ သိမြင်သွားရခြင်းမှာလည်း အိပ်မက် လိပ်ပြာကျင့်စဉ်နှင့် ပကတိ ဖန်ဆင်းခြင်း ပညာများကြောင့် ဖြစ်လေသည်။ ထိုကျင့်စဉ်များကြောင့် စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်အကြောင်းကိုပိုပြီး နားလည်ခဲ့ရသည်။ ထို့သို့ တရားအလင်းကို ရှင်းလင်းစွာ သိမြင်သွားရသည့် အတွက် လောကတွင် သူမသိသည့် အရာ မရှိသလောက် ရှားပါး သွားရလေသည်။
အိပ်မက် လိပ်ပြာကျင့်စဉ်နှင့် ပကတိဖန်ဆင်းခြင်းပညာများမှာ ဝိညာဉ်စွမ်းအား မြင့်မားမှသာ ကျင့်ကြံနိုင်မည် ဖြစ်သော်လည်း ဝိညာဉ်စွမ်းအား မြင့်မားပြီးသူများ ကျင့်ကြံမိပါက မယုံနိုင်လောက်အောင် ပြင်းထန်သည့် တန်ခိုး စွမ်းအားသည် နှလုံးသားအတွင်းမှ ထွက်ပေါ်လာမည် ဖြစ်လေသည်။
ဆန်းလျန်၏ အရင်ဆုံးဘဝ ဖြစ်တည်ခဲ့သည့် ခေတ်ပေါ်ကမ္ဘာမှ နျူကလီးယား လက်နက်ကဲ့သို့ပင် ဖြစ်လေသည်။ နျူကလီးယား ဓာတ်သင့်ပြီဆိုသည်နှင့် လောကရှိ အလွန်သေးငယ် အရာလေးများပါ ပေါက်ကွဲဖျက်ဆီးခံရမည် ဖြစ်လေသည်။
စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်က ဝိညာဉ်စွမ်းအားမြှင့်တင်ခြင်းအတွက် ထိပ်တန်းစာအုပ် ဖြစ်လေသည်။ ထိုစာအုပ်ကို ရေးသားခဲ့သူမှာ ဆန်းလျန်စိတ်ထဲတွင် အစဉ်အမြဲ ပုံဖော်လေ့ရှိသည့် အစိမ်းရောင်ကျိုင်းတံကို ကိုင်ဆောင်ထားသည့် မူလနတ်ဘုရား လင်ပေါင် ထျန်းကျွင်းနတ်မင်းပင် ဖြစ်လေသည်။ ထိုစာအုပ်ထဲတွင် ဆန်းလျန် လိုက်မမီနိုင်သည့် အခြားသော ကျင့်စဉ်တစ်ခုလည်း ရှိနေသေးသည်။ ထိုကျင့်စဉ်က သူ၏နှလုံးသားအတွင်းမှ အနက်ရှိုင်းဆုံး ဝိညာဉ်စွမ်းအားကို ခွဲထုတ်ပေးလေသည်။
ထိုအချက်မှာ မရှိမှုတရားမှ မွေးဖွားလာခြင်းနှင့် ဆင်တူလေသည်။ ဆန်းလျန်အနေဖြင့် ထိုမရှိမှုတရားမှ မွေးဖွားလာခြင်းမှာ လင်ပေါင်ထျန်းကျွင်းနတ်မင်းနှင့် ဆက်စပ်နေမည်ဟု ဝန်ခံရမည် ဖြစ်သည်။ သို့သော် ထိုအရာများ အားလုံးကို သူနားမလည်နိုင်သေးပါ။ နားလည်ရန်အသာထား စိတ်အတွေးထဲတွင် တွေးတောကြည့်ရန်ပင် မဖြစ်နိုင် သေးပေ။
လင်ပေါင်ထျန်းကျွင်း၏ တည်ရှိမှုကိုတော့ တာအိုဆရာသခင်ကြီးနှင့် ဗုဒ္ဓတို့သာလျှင် နားလည်နိုင်မည် ဖြစ်လေသည်။ တာအိုဆရာသခင်ကြီး အဆင့်ရောက်ဖို့ ဆိုသည်က တောင်ထိပ်ပေါင်း တစ်ထောင်ကို ဖြတ်ကျော်ရသည် ထက်ပင် ခက်ခဲလွန်းသေးသည်။
ထို့ပြင် ဆန်းလျန်ထက် အဆပေါင်းများစွာ တန်ခိုးစွမ်းအားမြင့်မားသည့် မိုးနတ်မင်းတောင်မှ နောက်ဆုံးအဆင့်တွင် ကျဆုံးခဲ့ရဖူးလေသည်။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် ထိုအဆင့်သို့ ရောက်ရှိနိုင်ရန်မှာ စိတ်ကူးထဲပင် မထည့်ဝံ့ပါ ချေ။
***