← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း ၂၅၇ - ချွမ်ရွှယ်ဂိုဏ်းတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေပြီ

လင်ချွမ်သည် လင်ယန်ရွှယ် နှင့် ပတ်သက်လျှင် အမြဲတမ်း စိတ်အေးလက်အေး ရှိခဲ့ပြီး သူမအတွက် တစ်စုံတစ်ရာ ဖြစ်ပျက်လိမ့်မည်ဟု ခဲခဲယဉ်ယဉ်ပင် စိုးရိမ်ခဲ့သူဖြစ်​၏။

၎င်းမှာ သူက သူမအပေါ် အေးစက်လွန်း၍ သို့မဟုတ် ဂရုမစိုက်၍မဟုတ်ဘဲ မလိုအပ်ဟု ထင်သောကြောင့်သာ။

တစ်ဖက်တွင် လင်ယန်ရွှယ်ကိုယ်တိုင်က အစွမ်းထက်သူဖြစ်ပြီး သူမ၏ ကျင့်စဉ်အဆင့်မှာ နယ်ပယ်တစ်ခု၏ အထွတ်အထိပ်သို့ နီးကပ်နေပြီဖြစ်ရာ ဤလောကတွင် သူမအား ယှဉ်နိုင်သူ အလွန်ရှားပါးသည်။

ဒုတိယအချက်မှာ သူမ၏ လက်ရှိအဆင့်အတန်းသည် ချွမ်ရွှယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေခြင်းပင်။

အဓိက နတ်ဆိုးဂိုဏ်းကြီး အများအပြားကို စုစည်းထားသည့် သူမ၏ အမိန့်အောက်တွင် ချွမ်ရွှယ်ဂိုဏ်း၏ ဌာနချုပ်ကို ဝင်ရောက်စီးနင်းပြီး သူမအား ရန်ပြုရန် ကြိုးစားခြင်းသည် မင်မင်းဆက်၏ နန်းတော်ကို တိုက်ရိုက်ဝင်ရောက်စီးနင်းခြင်းနှင့် မခြား ခက်ခဲလှသည်။

ရန်သူတွင် ထိုသို့သော စွမ်းဆောင်ရည် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရှိခဲ့လျှင်ပင် ထိုသို့လုပ်ဆောင်ပြီးနောက် ခံစားရမည့် အကျိုးဆက်များကို ရင်ဆိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

ကောင်းကင်ဘုံ၏ ကိုယ်စား တရားမျှတမှုကို ဖော်ဆောင်လိုကြသည့် မြင့်မြတ်ပြီး အစွမ်းထက်သော ပုဂ္ဂိုလ်များပင်လျှင် ထိုသို့လုပ်ရန် မဖြစ်နိုင်သလောက်ပင်။

လွန်ခဲ့သော နှစ်များအတွင်း လင်ချွမ်နှင့် အခြားတစ်ယောက်၏ လွှမ်းမိုးမှုကြောင့် ချွမ်ရွှယ်ဂိုဏ်းသည် သူတို့၏ အပြုအမူများကို များစွာ ထိန်းသိမ်းလာခဲ့​၏။

သဘောထားကွဲလွဲရုံမျှဖြင့် တစ်ရွာလုံးကို သတ်ဖြတ်ပစ်သည့် နေရာမျိုး မဟုတ်တော့သည်မှာ ကြာပြီ။

ထို့အပြင် ကျော်ကြားသော ကိုယ်ခံပညာဂိုဏ်း အများစုသည် လင်ချွမ်နှင့် ချွမ်ရွှယ်ဂိုဏ်း၏ ဆက်ဆံရေးကို သိထားကြသဖြင့် ပြဿနာလာရှာလောက်အောင် မိုက်မဲသူ အလွန်နည်းပါးသည်။

ဤအကြောင်းပြချက်များကြောင့် လင်ချွမ်သည် လင်ယန်ရွှယ် ဒုက္ခရောက်လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့မိပေ။

သို့သော်လည်း ထိုနေ့တွင်ပင် တောင်ခြေ၌ တစ်ပိုင်းတစ်စ နီမြန်းသော ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်ခုံးကြားတွင် အနီရောင် ကာထားသည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့သည်။

ကျောင်းထိုင်ဆရာတော်သည် သတင်းရရချင်းတွင် ထိုသူ၏ အထောက်အထားကို လျင်မြန်စွာ အတည်ပြုနိုင်ခဲ့​၏။

သူသည် ချက်ချင်းပင် အကူအညီပေးရန် လူလွှတ်ခဲ့ပြီး လင်ချွမ်ကိုလည်း သွားရောက် ပင့်ဖိတ်ခဲ့​၏။

ထိုက်ဟယ်နန်းဆောင်အတွင်းတွင် လင်ချွမ်​၏ မျက်နှာမှာ မှောင်မှိုက်နေသည်။

လင်ချွမ်သည် အနီရောင်ဝတ် အမျိုးသမီးအား 'ထျန်းရှန်း အသက်ဆက်ဆေးရည်' ကို တိုက်ကျွေးလိုက်ပြီး လက်မှတစ်ဆင့် သူ၏ အတွင်းအားများကို စီးဆင်းစေကာ ဆေးအာနိသင် ပျံ့နှံ့စေရန် ကူညီပေးခဲ့သည်။

ဤဆေးရည်သည် သေအံ့ဆဲဆဲ လူတစ်ယောက်၏ သက်တမ်းကို တစ်နှစ်ခန့် ထပ်တိုးပေးနိုင်သော အဖိုးတန်ဆေးပင်။

ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမြောပါး ဖြစ်နေသူများအတွက်လည်း အသက်ကို ကယ်တင်နိုင်ခြင်း၊ နှလုံးကို ကာကွယ်ပေးခြင်းနှင့် သေဆုံးခြင်းမှ တားဆီးပေးခြင်း စသည့် ထူးခြားသော အာနိသင်များလည်း ရှိ​၏။

စနစ်တကျ အသုံးပြုပါက သေလုဆဲဆဲ လူတစ်ယောက်၏ အတွင်းအားနှင့် ကျင့်စဉ်ကိုပင် တိုးတက်စေနိုင်သည်။

လင်ချွမ်သည် ထိုအနီရောင်ဝတ် အမျိုးသမီးကို ဝေဝါးဝါး မှတ်မိနေသည်။

သူမသည် ချွမ်ရွှယ်ဂိုဏ်းအတွင်း လင်ယန်ရွှယ်၏ ယုံကြည်ရဆုံး လက်ရုံးတစ်ဦး။

သူတို့နှစ်ဦး အကြိမ်အနည်းငယ် ဆုံဖူးသော်လည်း အများအားဖြင့် ထိုအမျိုးသမီးမှာ လင်ယန်ရွှယ်ကို ဖမ်းဆီးခေါ်ဆောင်ရန် ရောက်လာခြင်းသာ ဖြစ်သော်လည်း လင်ချွမ်အတွက် စွဲထင်ကျန်ရစ်ခဲ့သည်။

ယခုအခါ ထိုသူသည် ပြင်းထန်စွာ ဒဏ်ရာရကာ သေလုမြောပါး ဖြစ်နေသဖြင့် လင်ချွမ်အနေဖြင့် လက်ပိုက်ကြည့်မနေနိုင်တော့ပေ။

အတွင်းအားဖြင့် ကုသပေးမှုကြောင့် အနီရောင်ဝတ် အမျိုးသမီးသည် နောက်ဆုံးတွင် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာနိုင်ခဲ့သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူမသည် ခန်းမကြီးတစ်ခုအတွင်း ရောက်ရှိနေသည်ကို သဘောပေါက်သွားသည်။

သူမသည် တင်ပျဉ်ခွေ ထိုင်နေပြီး အတွင်းဒဏ်ရာများမှာ ထက်ဝက်နီးပါး သက်သာသွားကာ ကျောပြင်မှ နွေးထွေးသော ခံစားချက်တစ်ခုကို ခံစားနေရ​၏။

နိုးလာသည်ကို သိသည်နှင့် လင်ချွမ်သည် သူ၏လက်ကို ပြန်ရုပ်လိုက်သည်။

သူသည် ခန္ဓာကိုယ်ကို အသာအယာ လှုပ်ရှားလိုက်ပြီး ထိုအမျိုးသမီးကို ၁၈၀ ဒီဂရီ လှည့်ကာ သူ့ဘက်သို့ မျက်နှာမူစေလိုက်သည်။

"မင်း ငါ့ကို မှတ်မိလား"

လင်ချွမ်​၏ မျက်နှာကို မြင်လိုက်ရသောအခါ အနီရောင်ဝတ် အမျိုးသမီးသည် သက်ပြင်းတစ်ချက်ချကာ အမြန်ခေါင်းငြိမ့်ပြီး ပြောလိုက်သည်မှာ...

"မှတ်မိပါတယ် အကြီးအကဲလင်...ကျွန်မတို့ဂိုဏ်းမှာ တစ်ခုခု ဖြစ်နေပါပြီ"

လင်ချွမ်က ခေါင်းငြိမ့်ပြပြီး စိတ်အေးအေးထားရန် ချော့မော့ကာ

"ငါ အကြမ်းဖျင်း သိထားပြီးပြီ၊ အသေးစိတ်ကို အရင်ရှင်းပြပါဦး"

ဟု ဆိုသည်။

"ကျွန်မနာမည် ဟုန်ယွမ်ပါ၊ လက်ရှိမှာ ဂိုဏ်းရဲ့ ဘယ်လက်ရုံး အစောင့်အရှောက်ပါ"

"လွန်ခဲ့တဲ့ လအနည်းငယ်က ဂိုဏ်းချုပ်က ဂိုဏ်းကို ပြန်လည်စုစည်းပြီး ဂျပန်ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ စီမံချက်တစ်ခု ဆွေးနွေးခဲ့ပါတယ်"

"ဂိုဏ်းသားအားလုံး ညီညွတ်စွာနဲ့ စီမံချက်တစ်ခု ရေးဆွဲပြီး အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ဂိုဏ်းအပြင်ဘက်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ရောက်လာပါတယ်"

"သူက မပီကလာ ပီကလာ မင်စကားနဲ့ ဂိုဏ်းနဲ့ ညှိနှိုင်းခဲ့တယ်"

"အကြီးအကဲ အချို့က သူ့ကို သွားတွေ့ခဲ့တော့ သူက အနောက်ဘက်ဒေသက ဂိုဏ်းတစ်ခုကဖြစ်ပြီး ကျွန်မတို့ဆီမှာ ခိုလှုံချင်တယ်လို့ ပြောခဲ့ပါတယ်"

လင်းချွမ်းက ခေါင်းငြိမ့်ပြီး တိတ်ဆိတ်စွာ နားထောင်နေလျက်။

ဤသို့သော ဖြစ်ရပ်မျိုးမှာ မဆန်းပေ။

ချွမ်ရွှယ်ဂိုဏ်းကို တည်ထောင်ပြီးနောက် နတ်ဆိုးဂိုဏ်းကြီး လေးခုကို ပေါင်းစည်းခဲ့သလို အခြားသော နတ်ဆိုးဂိုဏ်းဝင် အမြောက်အမြားကိုလည်း လက်ခံခဲ့သည်။

နတ်ဆိုးဂိုဏ်းဝင် အများစုမှာ အနောက်ဘက်ဒေသတွင် ရှိကြသဖြင့် ဂိုဏ်းငယ်လေးများ လာရောက် ပူးပေါင်းခြင်းမှာ ပုံမှန်ပင်။

သို့သော် ဟုန်ယွမ်က ယခုအချိန်တွင် ထိုအကြောင်းကို ပြောလာခြင်းမှာ ဤကိစ္စနှင့် ပတ်သက်နေရမည်။

အနောက်ဘက်ဒေသနှင့် ဆက်စပ်ပြီး နတ်ဆိုးဂိုဏ်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်သည့် တစ်ခုတည်းသော အင်အားစုမှာ အနောက်ဘက်၏ သာ၍ဝေးကွာသော နေရာမှ လာသူများသာ ဖြစ်လိမ့်မည်။

တစ်ဖက်လူ၏ စကားပြောဟန်အရ ဖြစ်နိုင်သည်မှာ...

ထင်သည့်အတိုင်းပင် ဟုန်ယွမ်၏ နောက်ထပ်စကားများက သူ၏ ခန့်မှန်းချက်ကို အတည်ပြုပေးခဲ့သည်။

"ပထမတော့ ဘယ်သူမှ ဒါကို အလေးအနက်မထားခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ဂိုဏ်းငယ်လေးတွေ လာပူးပေါင်းတာက ထုံးစံလို ဖြစ်နေလို့ပါ"

"ဒါပေမဲ့ အဲဒီလူက သူလာတဲ့နေရာက အနောက်ဘက်ဒေသရဲ့ အနောက်ဘက်စွန်းကလို့ ပြောခဲ့တယ်"

"..."

"ဂိုဏ်းချုပ်က ဒါကို ကြားတော့ အလွန်အလေးအနက်ထားပြီး သူ့ကို ကိုယ်တိုင် သွားတွေ့ခဲ့တယ်"

"တကယ်တော့ အဲဒီလူက သူ့ရဲ့ ကျင့်စဉ်အဆင့်ကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာပါ"

"တွေ့ဆုံတဲ့အချိန်မှာပဲ ရုတ်တရက် အလစ်ဝင်တိုက်ခိုက်ခဲ့ပါတယ်"

"သူ... သူက သူ့ရဲ့ ကျင့်စဉ်အဆင့်ကို ဒုတိယအဆင့်လောက်ပဲ ရှိသလိုမျိုး ဟန်ဆောင်ထားခဲ့တာမို့ ကျွန်မတို့ မရိပ်မိခဲ့ဘူး..."

"အဲဒီအတွက်ကြောင့် ဂိုဏ်းချုပ် ဒဏ်ရာရသွားခဲ့ရပါတယ်"

ဤနေရာသို့ ရောက်သောအခါ ဟုန်ယွမ်၏ မျက်နှာတွင် နောင်တရိပ်များ ယှက်သန်းသွားသည်။

လင်ချွမ်သည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ ဒေါသကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး ဆက်မေးလိုက်​၏။

"ယန်ရွှယ် အခု ဘယ်လိုနေလဲ၊ နောက် ဘာဆက်ဖြစ်လဲ"

"မင်းရော ဘယ်လိုလုပ် ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ဒီကို ရောက်လာတာလဲ"

ထိုအကြောင်းကို ပြောသောအခါ ဟုန်ယွမ်၏ မျက်နှာမှာ ပြန်လည် တည်ကြည်သွားပြန်သည်။

"ဂိုဏ်းချုပ်ရဲ့ ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး၊ ရှင်ထားခဲ့တဲ့ ဆေးတွေကြောင့် သူ အမြန်သက်သာလာပေမဲ့ အပြည့်အဝတော့ မကောင်းသေးပါဘူး"

"အဲဒီလူရဲ့ တကယ့်ကျင့်စဉ်အဆင့်က နယ်ပယ် သုံးနိုင်တဲ့ အဆင့်မှာ ရှိနေတာပါ"

"သူက အလစ်ဝင်တိုက်ခဲ့လို့ အသာစီးရသွားတာ"

"ဒါပေမဲ့ ဂိုဏ်းရဲ့ တိုက်ပွဲဝင်စစ်ဗျူဟာကြောင့် သူတို့ မြန်မြန်ပဲ ရှုံးနိမ့်သွားခဲ့ပါတယ်"

"ဒါပေမဲ့ ကျွန်မတို့ အကူအညီတောင်းဖို့ လူမလွှတ်နိုင်ခင်မှာပဲ အစွမ်းထက်တဲ့ ပုဂ္ဂိုလ် ၁၀ ယောက်ကျော်က ဂိုဏ်းရှေ့မှာ လာပိတ်ဆို့ထားခဲ့တယ်"

"အဲဒီထဲက အများစုက ပထမအဆင့် ဒါမှမဟုတ် ဒုတိယအဆင့် ကျွမ်းကျင်သူတွေ ဖြစ်ပြီး တစ်ယောက်ကတော့ နယ်ပယ်အဆင့် ကျွမ်းကျင်သူပါ"

"ကျွန်မတို့မှာ အကူအညီတောင်းဖို့ အခွင့်အရေးကို စောင့်ရင်း ဂိုဏ်းကို ကာကွယ်ရေးစနစ်နဲ့ ပိတ်ဆို့ထားဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူး"

"ဒါပေမဲ့ သူတို့က ကျွန်မတို့ကို အနီးကပ် စောင့်ကြည့်နေခဲ့တယ်"

"ဂိုဏ်းချုပ်ရဲ့ ဒဏ်ရာကလည်း တစ်နေ့ထက်တစ်နေ့ ကြာရှည်လာတာကြောင့် နောက်ဆုံးမှာတော့ အတင်းအဓမ္မ ဖောက်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်"

ဤသို့ပြောရင်း ဟုန်ယွမ်၏ မျက်ဝန်းများ နီမြန်းလာကာ စိုးရိမ်ပူပန်မှုနှင့် ဝမ်းနည်းမှုများ ပေါ်လွင်လာ​၏။

သူတို့သည် နတ်ဆိုးဂိုဏ်းဝင်များ ဖြစ်ကြသော်လည်း အတူတကွ အချိန်အတော်ကြာ နေထိုင်လာကြသည့်အတွက် အချင်းချင်း သံယောဇဉ်များ ရှိကြသည်။

အထူးသဖြင့် ချွမ်ရွှယ်ဂိုဏ်းအဖြစ် ပေါင်းစည်းပြီးနောက်ပိုင်းတွင် သူတို့၏ ကျင့်ဝတ်များမှာ ယခင်နှင့် များစွာ ကွာခြားသွားပြီ။

ယခုကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် မကြုံစဖူး ညီညွတ်မှုကို ပြသခဲ့ကြသည်။

"အကြီးအကဲ ခုနစ်ယောက်ဟာ သူတို့ရဲ့ အသက်ကို ရင်းပြီး ဒဏ်ရာအပြင်းအထန် ခံယူကာ ကျွန်မတို့ လေးယောက် ဖောက်ထွက်နိုင်အောင် ကူညီပေးခဲ့ပါတယ်"

"ထွက်ပြေးလာတဲ့လမ်းမှာ ရန်သူတွေ လိုက်လံတိုက်ခိုက်တာကြောင့် ကျွန်မတို့ လူစုကွဲသွားခဲ့တယ်"

"သူတို့ ဘာဖြစ်သွားလဲ ကျွန်မမသိတော့ဘူး... ဒီကို အရောက်လှမ်းနိုင်တာ ကျွန်မတစ်ယောက်တည်းပဲ ထင်ပါတယ်..."

"ကောင်းပြီ၊ ငါ နားလည်ပြီ၊ မင်း ဒီမှာပဲနေပြီး ဒဏ်ရာကုသပါ....ကျန်တာကို ငါ ကိုင်တွယ်လိုက်မယ်"

လင်ချွမ်က စိတ်အေးသွားစေရန် ခေါင်းငြိမ့်ပြသည်။

သူ၏ မျက်နှာထက်တွင် ဝမ်းသာခြင်း၊ စိတ်ဆိုးခြင်း အမူအရာ မရှိပေ။

သူသည် စက္ကူနှင့် ကလောင်တံကို လှမ်းယူလိုက်ရာ ၎င်းတို့မှာ လေထဲတွင် ဝဲပျံနေလျက်။

လင်ချွမ်သည် လက်ချောင်းကို အသာအယာ လှုပ်ရှားကာ စာတစ်စောင်ကို လျင်မြန်စွာ ရေးသားလိုက်သည်။

သူသည် ထိုစာကို အနားတွင်ရှိနေသော ကျောင်းထိုင်ဆရာတော်ထံ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်မှာ...

"ဂိုဏ်းကို ဆရာတော်ပဲ တာဝန်ယူပေးပါ၊ ဒီစာက ယင်ဟွိုက်ယွီ အတွက်ပါ"

"အရေးပေါ်ကိစ္စရှိရင် စာထဲကအတိုင်း ငါ့ကို ဆက်သွယ်လိုက်ပါ"

"ကောင်းပါပြီ"

ဆရာတော်က ပြန်ဖြေသော်လည်း သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေ​၏။

လင်ချွမ်​၏ မျက်နှာမှာ ပြောင်းလဲခြင်းမရှိသော်လည်း သူ၏ အသံမှာ တစ်စထက်တစ်စ ပို၍ အေးစက်လာသည်။

ထိုအသံကို ကြားရရုံမျှဖြင့် ကျောချမ်းဖွယ် ကောင်းလှ​၏။

ဆရာတော်သည် စကားအချို့ ထပ်ပြောချင်သော်လည်း ထိုအခိုက်အတန့်တွင် နှုတ်ပိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။

ထို့နောက် လင်ချွမ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်

ကောင်းသော စွမ်းအင်များနှင့်အတူ ချွမ်ရွှယ်ဂိုဏ်းရှိရာသို့ လျင်မြန်စွာ ထွက်ခွာသွားသည်ကို သူမ နှင့် ဆရာတော်တို့က တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

အခန်း ၂၅၈ - စွန့်စားရမည့် အစီအစဉ်

ခါဝါဆာကီ ဇန်ဆန်မွန်။

ကောင်းကင်ယံမှ လိုက်ကာကြီးတစ်ခု ကျဆင်းလာသကဲ့သို့ မည်းမှောင်သော အရိပ်တစ်ခုသည် တောင်တံခါးရှေ့တွင် ပိတ်ဆို့ရပ်တန့်သွားလေ​၏။

ထိုအရိပ်အထက်တွင် အလင်းတန်းများ တစ်ချက်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး တံလျှပ်ကဲ့သို့ ပုံရိပ်ယောင်များ ဝဲပျံနေကြသည်။

အဝေးမှကြည့်လျှင် ထိုတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဂယက်ရိုက်ခတ်မှုများသည် ကောင်းကင်ဘုံမှ ကျဆင်းလာသော ရေတံခွန်ကြီးနှင့် တူလှ​၏။

ဒါသည် ချွမ်ရွှယ်ဂိုဏ်း ၏ တောင်စောင့်အစီရင်ပင်။

အမှန်အတိုင်း ပြောရလျှင် ဤအစီရင်သည် စွမ်းအင် အလွန်အမင်း စားသုံးပြီး ခုခံနိုင်စွမ်းမှာလည်း ထင်သလောက် မမြင့်မားလှပေ။

သို့သော် အဆင့်မြင့် သိုင်းပညာလောကတွင် အစီရင်အတတ်ပညာမှာ အလွန်ရှားပါးလှသဖြင့် ၎င်းကို ရတနာတစ်ပါးဟုပင် သတ်မှတ်နိုင်သည်။

အားနည်းချက်များစွာရှိပြီး အသုံးပြုရ ခက်ခဲသော်လည်း မကြာသေးမီက ကာလများအတွင်း ၎င်းသည် အခန်းကဏ္ဍကြီးတစ်ခုမှ ပါဝင်ခဲ့​၏။

ထိုနေ့က လုပ်ကြံသတ်ဖြတ်သူများ ရောက်ရှိလာပြီး လင်ယန်ရွှယ် ကို ချောင်းမြောင်းတိုက်ခိုက်ကာ ဒဏ်ရာပြင်းထန်စွာ ရစေခဲ့ပြီးကတည်းက အနောက်ဘက်ဒေသ မှဟု ဆိုကြသော ဧည့်သည်များသည် တောင်တံခါးကို ဝိုင်းရံထားခဲ့ကြသည်။

၎င်းတို့တစ်ဦးချင်းစီသည် ဒုတိယအဆင့်နှင့် အထက် ရှိကြသည်။

တစ်ဦးချင်း အင်အားမှာ မပြောပလောက်သော်လည်း အရေအတွက် များပြားမှုက သူတို့ကို ကြောက်မက်ဖွယ် ဖြစ်စေသည်။

တစ်ဦးချင်း ယှဉ်ပြိုင်ခြင်း မရှိဘဲ အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်သည့်အတွက် ချွမ်ရွှယ်ဂိုဏ်းမှ အကြီးအကဲများစွာ အထိနာခဲ့ကြရသည်။

ကံကောင်းထောက်မစွာဖြင့် စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်သော အစီရင်ကို ပြန်လည်အသက်သွင်းနိုင်ခဲ့၍သာ အချိန်အတန်ကြာ တောင့်ခံထားနိုင်ခြင်း။

ယခုအချိန်တွင် ဂိုဏ်း၏ အဓိက ခန်းမဆောင်အတွင်း၌ အကြီးအကဲ ဆယ်ဦးကျော်သည် ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်ကာ တိုက်ပွဲအစီအစဉ်ကို ဆွေးနွေးနေကြသည်။

အပြင်ဘက်မှ ကြောက်မက်ဖွယ် ဆူညံသံများနှင့်အတူ အဆက်မပြတ် အော်ဟစ်ဆဲဆို စိန်ခေါ်သံများကို ကြားနေရသဖြင့် အကြီးအကဲများ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေကြသည်။

အလယ်ဗဟို အမြင့်ဆုံးနေရာတွင် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် အလွန်လှပသော အမျိုးသမီးတစ်ဦးသည် အဖြူရောင် သားမွေးဝတ်စုံကို ဝတ်ဆင်ကာ ထိုင်ခုံပေါ်တွင် မှီလျက်ရှိ​၏။

ယခုအချိန်တွင် သူမသည် ယခင်ကကဲ့သို့ ဆွဲဆောင်မှု မရှိတော့ဘဲ မျက်နှာမှာ သိသိသာသာ ဖြူဖျော့နေသော်လည်း တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။

ဤအမျိုးသမီးသည် အခြားသူမဟုတ်၊ လင်ယန်ရွှယ် ပင်။

လင်ယန်ရွှယ်၏ တည်ငြိမ်မှုကြောင့်သာ အကြီးအကဲများက ဆက်လက်တောင့်ခံနိုင်ကြခြင်းပင်။

သို့သော် ဉာဏ်ထက်မြက်သူများမှာမူ လင်ယန်ရွှယ်၏ ဒဏ်ရာများမှာ တိုးတက်မှု မရှိသည်ကို ရိပ်မိနေကြသည်။

ဒါက အလွန် ထူးဆန်းနေသည်။

အကြီးအကဲလင် သည် တန်ဖိုးရှိသော အရာများစွာ ချန်ထားပေးခဲ့ကြောင်းနှင့် သူတို့၏ ဂိုဏ်းချုပ်နှင့် ပတ်သက်မှုမှာလည်း ထူးခြားကြောင်း သူတို့သိကြသည်။

သို့မဟုတ်ပါက ဂိုဏ်း၏အမည်ကို ချွမ်ရွှယ် ဟု မှည့်ခေါ်လိမ့်မည် မဟုတ်ပေ။

လူအများအပြားသည် ထိုဆေးလုံးများကို မြင်ဖူး၊ သောက်ဖူးကြသဖြင့် ၎င်းတို့၏ ဆေးဖက်ဝင် အစွမ်းကို ကောင်းစွာ သိကြသည်။

ထိုဆေးတစ်လုံးတည်းနှင့်ပင် သူတို့၏ ခွန်အားကို မြှင့်တင်နိုင်ပြီး ကျင့်ကြံမှုအဆင့်ကိုပင် ကျော်ဖြတ်စေနိုင်သည်။

ဆေးလုံးများစွာ ပေးထားသော်လည်း လင်ယန်ရွှယ်၏ ဒဏ်ရာမှာ အကောင်းဘက်သို့ ဦးမတည်ခဲ့ပေ။

ထို့အပြင် ကယ်ဆယ်ရေးအဖွဲ့၏ အခြေအနေမှာလည်း မည်သို့ရှိနေမှန်းမသိ၊ သတင်းလည်း ပြန်မလာသဖြင့် အကြီးအကဲများစွာ စိုးရိမ်လာကြပြီ။

ကံကောင်းသည်မှာ လင်ယန်ရွှယ်၏ ဒဏ်ရာမှာ ပြန်မကောင်းသေးသော်လည်း ပိုဆိုးမသွားပုံပေါ်​၏။

သို့မဟုတ်ပါက သူမသည် နေ့စဉ်ထွက်လာပြီး အစီအစဉ်များ ချမှတ်နေနိုင်မည် မဟုတ်ပေ။

ဒါက သူတို့ကို ယုံကြည်မှု အနည်းငယ် ပေးသည်။

သူတို့မသိသောအချက်မှာ လင်ယန်ရွှယ်ကိုယ်တိုင်လည်း ထိုအချိန်တွင် အလွန်စိတ်ပူနေခြင်းပင်။

လင်ချွမ်သည် အမြဲတမ်း အေးစက်စွာ နေတတ်ပြီး သူမ၏ ခံစားချက်များကို တိုက်ရိုက် တုံ့ပြန်လေ့ မရှိသော်လည်း၊ သူမ သိသည်မှာ အကယ်၍ လင်ချွမ်သာ ဤနေရာတွင် ဘာဖြစ်နေသည်ကို သိပါက သူ၏ စရိုက်အရ သူမကို လာရောက်ကယ်တင်မည်မှာ သေချာသည်။

ယခင်ရရှိထားသော သတင်းများအရ အရှေ့ပင်လယ် တိုက်ပွဲမှာ မပြီးသေးဘဲ ရှိနေနိုင်သလို၊ သို့မဟုတ် သူသည် အစွမ်းထက်သူအချို့၏ ဟန့်တားခြင်းကို ခံထားရခြင်း ဖြစ်နိုင်မည်။

သို့မဟုတ် ကယ်ဆယ်ရေးအဖွဲ့များ အားလုံး သတ်ဖြတ်ခံလိုက်ရပြီး သတင်းက အပြင်သို့ မပေါက်ကြားနိုင်ခြင်းလည်း ဖြစ်နိုင်သည်။

ပထမအချက်သာ ဖြစ်ခဲ့လျှင် ကိစ္စမရှိ၊ အချိန်မပေးနိုင်လျှင်ပင် ပြဿနာမရှိပေ။

လင်ချွမ်​၏ ခွန်အားနှင့်ဆိုလျှင် သူရှုံးနိမ့်ရန် ခဲယဉ်းသည်။

သူ ခဏတောင့်ခံထားနိုင်ပါက ဤနေရာသို့ သေချာပေါက် ရောက်လာမည်။

ဒုတိယအချက်သာ ဖြစ်နေလျှင်မူ ဒါက ပြဿနာအကြီးအကျယ် ဖြစ်လိမ့်မည်။

သက်ပြင်းသဲ့သဲ့ ချလိုက်ရင်း လင်ယန်ရွှယ်၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

လက်ရှိ အကြပ်အတည်းကို ဖြေရှင်းရန် နည်းလမ်းရှိသော်လည်း အန္တရာယ်အချို့ကို ရင်ဆိုင်ရမည်။

လင်ချွမ်က မပြောခဲ့သော်လည်း သူသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် သေစေနိုင်သော တိုက်ကွက် တစ်ခုကို လျှို့ဝှက်စွာ ထည့်သွင်းပေးထားကြောင်း လင်ယန်ရွှယ် သိသည်။

ထိုတိုက်ကွက်သည် အသုံးပြုသူ၏ အသက်အန္တရာယ် ကျရောက်လာချိန်တွင် အလိုအလျောက် ပေါက်ကွဲထွက်လာမည်။

ဤနည်းဖြင့် အကူအညီတောင်းရန် လွှတ်လိုက်သော အဖွဲ့များ အသတ်ခံလိုက်ရခြင်း ရှိ၊ မရှိမှာ အရေးမကြီးတော့ပေ။

ထိုတိုက်ကွက် ထွက်ပေါ်လာသည်နှင့် ပြိုင်ဘက်က သေချာပေါက် သိရှိသွားလိမ့်မည်။

သို့သော် ဤနည်းလမ်းသည် အလွန်ပင် အန္တရာယ်များလှသည်။

အမှားအယွင်းတစ်ခု ဖြစ်သွားရုံနှင့် အသက်ဆုံးရှုံးနိုင်ခြင်း။

ထို့အပြင် ဤတိုက်ကွက်ကို အသုံးပြု၍ အင်အားအကြီးဆုံး ရန်သူကို သတ်ဖြတ်နိုင်ခဲ့လျှင်ပင်၊ သူမ၏ ဒဏ်ရာပြင်းထန်မှုကြောင့် ပြန်လည် လွတ်မြောက်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

သို့သော် အမြန်ဆုံး အရေးမယူပါက ဂိုဏ်း၏ အရင်းအမြစ်များသည် ရက်အနည်းငယ်ထက် ပိုခံမည် မဟုတ်တော့ပေ။

ဤအတွေးနှင့်အတူ လင်ယန်ရွှယ်မှာ ပို၍ စိတ်လှုပ်ရှားလာသည်။

ထိုအချိန်မှာပင် ခန်းမအပြင်ဘက်မှ လျင်မြန်သော ခြေသံများကို ကြားလိုက်ရသည်။

ထိုအသံကြောင့် အကြီးအကဲအားလုံး၏ အာရုံမှာ ထိုနေရာသို့ ရောက်သွားပြီး လင်ယန်ရွှယ်၏ အတွေးများကိုလည်း ဖြတ်တောက်လိုက်​၏။

ထိုလူသည် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသော ခေါင်းစွပ်ကို ဆောင်းထားသည်။

သူ၏ ဘယ်ဘက်မျက်လုံးအထက်ရှိ ခေါင်းစွပ်ပေါ်တွင် ထူးခြားသော ငှက်မွေးသုံးခုကို တွဲချုပ်ထားသည်။

ပထမဆုံး မြင်လိုက်ရလျှင် ပုံစံမှာ ဟာသတစ်ခုကဲ့သို့ ရယ်စရာ ကောင်းနေသည်။

သို့သော် လက်တွေ့တွင် ထိုသို့ ဝတ်ဆင်ထားသောသူများသည် 'ခါဝါစဲ' ဂိုဏ်းတစ်ခုလုံး၏ အရေးပေါ်အခြေအနေကို ကိုယ်စားပြုသည်။

ထို့ကြောင့် သူဝင်လာသည်ကို မြင်သည်နှင့် အကြီးအကဲများ အားလုံး ပါးစပ်ပိတ်သွားကြပြီး မည်သူမျှ ငြင်းခုံခြင်း မပြုကြတော့ပေ။

"အရေးပေါ် သတင်းပါ... ဂိုဏ်းရဲ့ အစီရင်အပြင်ဘက်မှာ အပြင်းအထန် တိုက်ခိုက်မှုတွေ လုပ်နေပါတယ်"

"နယ်ပယ်အဆင့် ဒါမှမဟုတ် အဲဒီအထက်က ပညာရှင်တွေ ရောက်လာပြီ ထင်ပါတယ်"

"ဘာ...နယ်ပယ်အဆင့် ပညာရှင် ဟုတ်လား"

"မင်း သေချာလို့လား"

"ဒီကောင်တွေကတော့ တကယ်ကို လွန်လာပြီ"

သတင်းကို ကြားသည်နှင့် အကြီးအကဲများစွာမှာ ဒေါသတကြီး ဆဲဆိုကြတော့သည်။

အကြီးအကဲ အများအပြားမှာ တိုက်ပွဲဝင်ရန် စိတ်အားထက်သန်နေကြပြီး အသက်ပေးတိုက်ရန် အသင့်ဖြစ်ကာ မတ်တပ်ရပ်လိုက်ကြ​၏။

"တော်ပြီ၊အားလုံး ပြန်ထိုင်ကြ"

ဆူညံသံများကြားထဲမှ လင်ယန်ရွှယ်၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။

သူမ၏ အရှိန်အဝါဖြင့် ထိုအသံများကို ချက်ချင်းပင် နှိမ်နင်းလိုက်သည်။

အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဇဝေဇဝါဖြင့် ပြန်ထိုင်လိုက်ကြ​၏။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လင်ယန်ရွှယ်သည် လက်ယမ်းပြကာ သတင်းပို့သူကို ထွက်ခွာခွင့် ပေးလိုက်သည်။

ထို့နောက် လက်ကို ဝေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်၌ တုန်ခါမှုတစ်ခု ဖြစ်ပေါ်သွားသည်။

သူမ၏ နယ်ပယ်အဆင့်နီးပါး ရှိသော ခွန်အားဖြင့် ခန်းမအတွင်းရှိ ဟင်းလင်းပြင်ကို သတင်းများ အပြင်သို့ မပေါက်ကြားစေရန် ပိတ်ဆို့လိုက်ခြင်း။

ဤလုပ်ရပ်သည် ထူးခြားဆန်းပြားလှသည် မဟုတ်သော်လည်း အကြီးအကဲများကို တိတ်ဆိတ်သွားစေရန် လုံလောက်လှသည်။

"အကြီးအကဲတို့... ရှင့်တို့အားလုံးဟာ ကျွန်မရဲ့ ဒီခရီးလမ်းမှာ အရေးပါတဲ့သူတွေပါ"

"ရှင့်တို့ဟာ ဂိုဏ်းမှာ အတော်ဆုံး ပါရမီရှင်တွေ မဟုတ်ရင်တောင်၊ ဒီနေရာမှာ ထိုင်နေနိုင်တာကပဲ ရှင့်တို့ဟာ ဂိုဏ်းရဲ့ မဏ္ဍိုင်တွေ ဖြစ်တယ်ဆိုတာကို သက်သေပြနေတာပါ"

"စိတ်အားထက်သန်မှုနဲ့ စည်းလုံးညီညွတ်မှုက ကောင်းတဲ့အရာတွေ ဖြစ်ပေမယ့်၊ လုံးဝဥဿုံ သာလွန်တဲ့ အင်အားရှေ့မှာတော့ အဲဒါတွေက အားနည်းလွန်းပါတယ်"

သူမ ခဏရပ်လိုက်ပြီး သူမ၏ ထိုင်ပုံကို ပြင်ကာ မတ်မတ်ထိုင်လိုက်သည်။

ဒါကို မြင်သောအခါ အကြီးအကဲများလည်း ကိုယ်ကို မတ်လိုက်ကြ​၏။

သူတို့သည် နတ်ဆိုးဂိုဏ်းဝင်များ ဖြစ်ကြပြီး သိုင်းလောကတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း၊ ဤဂိုဏ်းချုပ်ကိုမူ အလွန်လေးစားကြသည်။

ယခု သူမ အလေးအနက် စကားပြောတော့မည်ကို သိသဖြင့် အားလုံးက ပါးစပ်ပိတ်ကာ လင်ယန်ရွှယ်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လင်ယန်ရွှယ်က ဖြည်းညင်းစွာ စကားဆိုလာ​၏။

"ကျွန်မမှာ အစီအစဉ်တစ်ခု ရှိတယ်၊ ဒါပေမဲ့ အဲဒါက နည်းနည်းတော့ စွန့်စားရလိမ့်မယ်..."

All Chapters