← Chapters

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း (၂၉၁) မမျှော်လင့်ထားသော ဘေးဒုက္ခ

မုန့်ဝမ် သည် သူမ၏ ဓားမြှောင်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီးနောက် တိုက်ခိုက်လိုက်သည်။

သူ့မ၏ ဓားသိုင်းမှာ အားမာန်ပါပြီး ပြင်းထန်လှသလို လှုပ်ရှားမှုများမှာလည်း သဘာဝကျကျ စီးဆင်းနေသည်။ တိုက်ခိုက်မှုတိုင်းတွင် ကြီးမားသော စွမ်းအားနှင့် မလျှော့သော ဇွဲလုံ့လတို့ ကိန်းအောင်းနေသည်။

အသစ်စက်စက် သင်ယူထားသော ‘ကြယ်ကြွေခြင်း’ ၊ ‘တောင်ကွဲခြင်း’ နှင့် ‘သေစေနိုင်သော ထိုးနှက်ချက်’ ဟူသော လှုပ်ရှားမှု သုံးကွက်ကို သူမ၏ လက်ထဲတွင် လွတ်လပ်စွာ အသုံးချနေပြီး ယခင် ဓားသိုင်း သုံးကွက်နှင့် ပေါင်းစပ်လိုက်သောအခါ ပိုမိုထူးခြားသော အပြောင်းအလဲများကို ဖြစ်ပေါ်စေသည်။

ကျင့်စဉ်နည်းပြ ချင်းယီ ၏ မျက်နှာမှာလည်း တည်ငြိမ် လေးနက်သွားသည်။

သူတို့နှစ်ဦးသည် အပြန်အလှန် ထိုးနှက်တိုက်ခိုက်ကြရင်း ပြင်းထန်သော တိုက်ပွဲတွင် ပိတ်မိနေကြသည်။

မုန့်ဝမ်၏ ဓားသိုင်းမှာ တဖြည်းဖြည်း ပိုမို သန့်စင်လာသလို နည်းပြ ချင်းယီ၏ တိုက်ခိုက်မှုများမှာလည်း ပို၍ မဆုတ်မနစ် ဖြစ်လာသည်။

ထိပ်တိုက်တွေ့မှု တိုင်းသည် အကြွင်းမဲ့ စွမ်းအားချင်း ရိုက်ခတ်မှုပင် ဖြစ်သည်။

အကွက် ၃၀၊ ၄၀ ခန့် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် မုန့်ဝမ်သည် နောက်ဆုံးတွင် အနည်းငယ် အားနည်းသွားပြီး နည်းပြ ချင်းယီ၏ လက်ဝါးရိုက်ချက်ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

သို့သော်လည်း သူမ၏ မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်ရိပ် အနည်းငယ်မျှ မရှိဘဲ စိတ်လှုပ်ရှားမှုများဖြင့်သာ တောက်ပနေသည်။

သူမသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိသော နည်းပြ ချင်းယီနှင့် အကွက် ၃၀၊ ၄၀ အထိ ယှဉ်ပြိုင်နိုင်ခဲ့သည်။

ဤအရာမှာ ယခင်က သူမ အိပ်မက်ပင် မမက်ရဲခဲ့သော အရာဖြစ်သည်။

“မဆိုးဘူး၊ ပထမ ခြောက်ကွက်လုံးကို မင်း သေသေချာချာ တတ်မြောက်သွားပြီပဲ”

နည်းပြ ချင်းယီသည် သူမ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး မျက်နှာ တွင် ချီးကျူးသည့် အရိပ်အယောင်များ ပေါ်လာကာ “မင်းရဲ့ တိုးတက်မှု အရှိန်အဟုန်က တကယ့်ကို အံ့ဩစရာပဲ” ဟု ပြောလိုက်သည်။

ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် သူမသည် လက်စွပ်ထဲမှ အဖြူရောင် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ကာ မုန့်ဝမ်အား ပေးလိုက်သည်။

“ဒါက အထက်အကယ်ဒမီ ရဲ့ စာကြည့်တိုက် သွားခွင့်ပြုတံဆိပ်ပြားပဲ။ ဒီသစ်သားပြားနဲ့ဆိုရင် မင်း ထျန်းချန် ဓားသိုင်းရဲ့ သတ္တမမြောက် လှုပ်ရှားမှုကို သွားယူလို့ရတယ်”

မုန့်ဝမ်သည် ထိုသစ်သားပြားကို လက်နှစ်ဖက်ဖြင့် ခံယူလိုက်ပြီး ချက်ချင်းပင် ဦးညွှတ်နှုတ်ဆက်ကာ “နည်းပြကို ကျေးဇူးတင်ပါတယ်ရှင်” ဟု ပြောလိုက်သည်။

“အထက်အကယ်ဒမီကို ရောက်တဲ့အခါ ဂရုတစိုက်နဲ့ သတိရှိရှိ နေထိုင်ဖို့ မမေ့နဲ့၊ ပြဿနာတွေ မရှာမိအောင်လည်း ဆင်ခြင်ပါ”

နည်းပြ ချင်းယီ၏ လေသံမှာ တည်ကြည်လေးနက်သွားပြီး “နားလည်ရဲ့လား” ဟု မေးသည်။

မုန့်ဝမ်သည် နည်းပြ၏ ဆုံးမစကားကို နှလုံးသွင်းကာ ထပ်မံ ကျေးဇူးတင်စကား ဆိုပြီးနောက် အထက်အကယ်ဒမီဘက်သို့ လှည့်ထွက်လာခဲ့သည်။

နေရောင်ခြည်မှာ သူမအပေါ် ကျရောက်နေပြီး သူမ၏ သွယ်လျ၍ ဖြောင့်စင်းသော ကိုယ်ဟန်ကို ပေါ်လွင်စေသည်။

ဂုဏ်ဒြပ်နှင့် ရာထူးကို ကိုယ်စားပြုသော ထိုနယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ပြီးနောက် မုန့်ဝမ်သည် အထက်အကယ်ဒမီ၏ နယ်မြေအတွင်းသို့ တရားဝင် ခြေချလိုက်ပြီ ဖြစ်သည်။

အထက်အကယ်ဒမီရှိ အဆောက်အဦးများမှာ ပိုမို ခမ်းနားထည်ဝါလှပြီး ဝိညာဉ်စွမ်းအင်မှာလည်း ပိုမို သိပ်သည်းသည်။ အပင်တိုင်းမှာ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

အောက်အကယ်ဒမီ ၏ ရိုးရှင်းမှုနှင့် နှိုင်းယှဉ်ပါက ဤနေရာမှာ နတ်ဘုံနတ်နန်းနှင့် ပိုတူပြီး တန်ဆောင်များ၊ ကုန်းမြင့်များ၊ လက်ရာမြောက်လှသော ပန်းပုများနှင့် ဆေးခြယ်ထားသော ထုတ်တန်းများမှာ တကယ့်ကို လှပသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

အောက်အကယ်ဒမီ၏ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော မုန့်ဝမ်မှာ အထက်အကယ်ဒမီတွင် အထူးတလည် ပေါ်လွင်နေသည်။

သူမ ခြေချလိုက်သည့် ခဏမှာပင် အထင်အမြင်သေးသော အကြည့်များ သူမထံသို့ ကျရောက်လာသည်။

“အို... ဟိုမှာ အောက်အကယ်ဒမီက အစေခံမ မဟုတ်လား။ သူ ဒီကို ဘယ်လို ရောက်လာတာလဲ”

“ဟေး... ရုပ်ရည်ကတော့ မဆိုးပါဘူး၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေတယ်။ သူ စီနီယာအစ်ကို တစ်ယောက်ယောက်ကို ကပ်ပြီး ဒီအထက်အကယ်ဒမီထဲ ခိုးဝင်လာတာများလား”

“တော်စမ်းပါ၊ သူ့လို အောက်တန်းစား နောက်ခံနဲ့ ဘယ်သူ့ကို သွားကပ်နိုင်မှာလဲ။ ငါ့အမြင်တော့ သူ့သခင်အတွက် ခိုင်းဖတ် လုပ်ပေးနေတာပဲ ဖြစ်မှာပါ”

မုန့်ဝမ်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး သူမ၏ အကြည့်မှာ ရှေ့တည့်တည့်သို့သာ စိုက်ထားကာ ကြမ်းတမ်းသော တိုးတိုးသံများကို လုံးဝ လျစ်လျူရှုထားသည်။

အောက်အကယ်ဒမီက အစေခံမ ဟုတ်လား။

သူမသည် “အစေခံ” တစ်ဦး ဖြစ်ခဲ့သည်မှာ မှန်သော်လည်း သူမ၏ ဘဝတစ်လျှောက်လုံး အစေခံအဖြစ် နေသွားမည် မဟုတ်ပေ။

မုန့်ဝမ်သည် တည်ငြိမ်သော ခြေလှမ်းများဖြင့် စာကြည့်တိုက်ထံသို့ လျှောက်သွားသည်။

တာအိုခန်းမကို ဖြတ်သွားစဉ် အပြင်ဘက်ရင်ပြင်တွင် လူအုပ်ကြီး စုရုံးနေပြီး ဆူညံသံများ ထွက်ပေါ်နေသည်ကို မုန့်ဝမ် သတိထားမိလိုက်သည်။

သူမသည် လူအုပ်၏ အလယ်ဗဟိုသို့ လှမ်းကြည့်လိုက်သည်။

ရင်ပြင်၏ အလယ်ဗဟိုတွင် ရှားပါး၍ တန်ဖိုးကြီးသော လက်ဆောင်ပစ္စည်းမျိုးစုံဖြင့် ဧရာမ နှလုံးသားပုံစံ ဖော်ထားသည်။

အဆင့်မြင့် ဝိညာဉ်သစ်သီးများ၊ ဆေးလုံးများ နှင့် မှော်လက်နက်များမှာ အရောင်စုံ လင်းလက်တောက်ပနေသည်။လေထုထဲတွင်လည်း သိပ်သည်းသော ဝိညာဉ်စွမ်းအင် နှင့် သင်းပျံ့သော ရနံ့များ ပြည့်နှက်နေပြီး လန်းဆန်းဖွယ် ကောင်းလှသည်။

“ဟင်း... ဘယ်လောက် ကြီးကျယ်တဲ့ ပြကွက်လဲ။ ဒီလို တန်ဖိုးကြီးတဲ့ ဝိညာဉ်ပစ္စည်းတွေကို နှလုံးသားပုံစံ ဖြစ်အောင် စီစဉ်ထားတဲ့ သခင်လေးက ဘယ်လောက်တောင် ရိုမန့်တစ် ဆန်လိုက်သလဲ။ အားကျဖို့ ကောင်းလိုက်တာ”

လူအုပ်ထဲမှ တစ်ယောက်က ရေရွတ်လိုက်သည်။

“ငါကြားတာတော့ သခင်လေး ကျိုး တဲ့၊ ဝူမျိုးနွယ်စု က တိုက်ရိုက်မျိုးဆက် သခင်မလေးကို မျက်နှာသာရဖို့ ကြိုးစားနေတာလေ...”

လူအုပ်ထဲမှ အသံတိုးတိုးတစ်ခု ထွက်လာသော်လည်း တစ်ခုခုကို သတိပြုမိသွားသည့်အလား စာကြောင်းတစ်ဝက်နှင့်ပင် ရုတ်တရက် ရပ်သွားသည်။

ရင်ပြင်၏ အလယ်ဗဟို၊ တန်ဖိုးကြီး လက်ဆောင်များဖြင့် ပြုလုပ်ထားသော ဧရာမ နှလုံးသားပုံစံ အနီးတွင် .......

ကျိုးယွမ်ချွမ်းသည် သေချာစွာ ရွေးချယ်ထားသော နတ်ဘုံကိုးဆင့် ရေခဲဝိညာဉ်ပန်းစည်းကို ကိုင်ထားပြီး မျက်နှာတွင် အောင်နိုင်သူတစ်ဦးကဲ့သို့ အရိပ်အယောင်များ ပေါ်နေသည်။ ဝူမျိုးနွယ်စု သခင်မလေး၏ နှလုံးသားမှာ သူ၏ လက်ခုပ်ထဲတွင် ရောက်နေပြီဟု ထင်နေပုံရသည်။

အမှန်တကယ်တွင်မူ သူ့ကို မျက်နှာသာမပေးသော ဝူကျိဝေကို သူ၏ စိတ်ထဲတွင် ခုနစ်ကြိမ်၊ ရှစ်ကြိမ်မက ကျိန်ဆဲနေပြီးဖြစ်သည်။

သခင်မလေး ဝူ မှာ အချိန်အတော်ကြာသည်အထိ ရောက်မလာသဖြင့် လူအုပ်မှာ တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြသည်။

ကျိုးယွမ်ချွမ်းသည် သူ၏ စိတ်ထဲမှ စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်ကာ အတင်းအကျပ် ပြုံးလိုက်ပြီး “ဒီနေ့ ကျိဝေ ကိစ္စတစ်ခုခုရှိလို့ နောက်ကျနေတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် အခုပဲ သူ့ကိုသွားခေါ်ဖို့ လူလွှတ်လိုက်ပါ့မယ်” ဟု ဆိုသည်။

“ညီအစ်ကို ကျိုး... ခဏလောက် စောင့်ပါဦး။ ဒီနေ့က တကယ့်ကို ကံမကောင်းတာပဲ၊ သခင်မလေး ဝူ က အခုလေးတင် အပြင်ကို ကိစ္စတစ်ခုနဲ့ ထွက်သွားလို့ ကောင်းကင်တာအိုအကယ်ဒမီမှာ မရှိဘူးဗျ”

ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သခင်လေးကျိုး၏ မျက်နှာကို အဖက်ဆယ်ပေးရန်အတွက် အလျင်အမြန် ရှေ့ထွက်လာပြီး ကူညီပြောပေးသည်။

ကျိုးယွမ်ချွမ်းသည် စိတ်သက်သာရာရသွားပြီး အခြေအနေအရ နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“အို... ကောင်းကင်တာအိုအကယ်ဒမီမှာ မရှိဘူး ဟုတ်လား။ ငါကြားတာတော့ သခင်မလေး ဝူ ဒီနေ့ အပြင်မထွက်ဘူး ဆိုတာပဲ”

ခမ်းနားစွာ ဝတ်ဆင်ထားသော အခြားအမျိုးသားတစ်ဦးက လှောင်ပြောင်သရော်သောလေသံဖြင့် ပြောလိုက်ပြီး နှုတ်ခမ်းတွင်လည်း လှောင်ပြုံးတစ်ခု ရှိနေကာ ပွဲကြည့်မည့်သူ တစ်ဦးကဲ့သို့ အနေအထားမျိုး လုပ်နေသည်။

“ညီအစ်ကို ကျိုး ကပဲ အတင်းအကျပ် လုပ်နေလို့ သူ မလာချင်တာများလား”

ကျိုးယွမ်ချွမ်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဒေါသများ တလိပ်လိပ် တက်လာသော်လည်း သူက အတင်းအကျပ် ပြုံးလိုက်ရသည်။

“အဲဒီလို ဘယ်ဖြစ်နိုင်မလဲ။ သခင်မလေး ဝူ နဲ့ ကျွန်တော်က အပြန်အလှန် ချစ်ခင်နေကြတာလေ၊ သူ ဘာလို့ မလာချင်ရမှာလဲ။ လမ်းမှာ တစ်ခုခု နှောင့်နှေးနေလို့ ဖြစ်မှာပါ”

ထိုစကားကို ကြားသောအခါ ခမ်းနားစွာ ဝတ်ဆင်ထားသော အမျိုးသားက နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာ လုံးဝ မထောက်ဘဲ ပြောလိုက်သည်။

“သူ မလာချင်တာလား၊ ဒါမှမဟုတ် မလာနိုင်တာလား ဆိုတာ တစ်ယောက်ယောက်ကို သွားစစ်ခိုင်းလိုက်ရင် သိရမှာပဲ မဟုတ်လား။ ဘာလဲ သခင်လေး ကျိုး... မင်း ကြောက်နေတာလား”

ကျိုးယွမ်ချွမ်းသည် သူ၏ ဒေါသကို ထိန်းချုပ်ကာ အတင်းပြုံးရင်း “ကျွန်တော် ဘာလို့ ကြောက်ရမှာလဲ။ ကျွန်တော် လူလွှတ်ပြီး စစ်ခိုင်းပြီးပြီ၊ ကျိဝေ က အကယ်ဒမီမှာ တကယ် မရှိတာပါ”

“ဒါပေမဲ့ လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ သခင်မလေး ဝူ ကို ငါ သေသေချာချာ မြင်လိုက်ပါသေးတယ်။ သူ အပြင်သွားရာကနေ ပြန်ရောက်နေတာလည်း ဖြစ်နိုင်တာပဲ။ တစ်ယောက်ယောက်ကို ထပ်ပြီး သွားအတည်ပြုခိုင်းလိုက်တာ ပိုကောင်းမယ် ထင်တယ်”

ထိုသို့ ပြောလိုက်ပြီးနောက် အခြားတစ်ဖက်၏ ငြင်းဆိုမှုကိုပင် မစောင့်ဘဲ ထိုအမျိုးသားသည် ရင်ပြင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။

သူ၏ အကြည့်မှာ လူအုပ်အပြင်ဘက်ရှိ အစိမ်းရောင် အကယ်ဒမီ ဝတ်စုံ ဝတ်ထားသော ပုံရိပ်ထံသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး မျက်ဝန်းများ တောက်ပသွားသည်။

“မင်း... ဒီကိုလာခဲ့....... အောက်အကယ်ဒမီ ဝတ်စုံ ဝတ်ထားတဲ့သူ... ဟုတ်တယ်၊ မင်းပဲ.......”

မုန့်ဝမ်သည် တာအိုခန်းမ၏ နယ်မြေအတွင်းမှ ထွက်ခွာလုနီးပါး ဖြစ်နေသော်လည်း အကြောင်းပြချက် မရှိဘဲ အခေါ်ခံလိုက်ရသဖြင့် သူမ၏ ကံဆိုးမှုကို စိတ်ထဲမှ ထပ်ခါတလဲလဲ သက်ပြင်းချနေမိသည်။

သူမသည် ထိုအမျိုးသားထံသို့ ရိုရိုသေသေ လျှောက်သွားပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။

“သခင်လေးမှာ ဘာများ ခိုင်းစရာ ရှိလို့လဲရှင်”

“မင်းက ဘယ်မျိုးနွယ်စုကလဲ”

ခမ်းနားစွာ ဝတ်ဆင်ထားသော အမျိုးသားက ခပ်ပေါ့ပေါ့ မေးသည်။

“ဟုတ်ကဲ့သခင်လေး... ကျွန်မက ဝူမျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲတစ်ခုက အစေခံ ဖြစ်ပါတယ်”

မုန့်ဝမ်သည် ခေါင်းငုံ့ကာ နှိမ့်ချသော လေသံဖြင့် ဖြေလိုက်သည်။

“သူက ဝူမျိုးနွယ်စုကလား။ ပိုတောင် ကောင်းသေးတာပေါ့”

ထိုအမျိုးသား၏ အပြုံးမှာ ပိုမို နက်ရှိုင်းသွားပြီး “သခင်လေး ကျိုး မှာ သခင်မလေး ဝူ ကို ပေးစရာ လက်ဆောင်ရှိတယ်။ မင်း သခင်လေး ကျိုး အတွက် အခိုင်းအစေ လုပ်ပေးပြီး ဝူကျိဝေ လာချင်ရဲ့လား ဆိုတာကို သွားမေးပေးနိုင်မလား”

“ဒါကတော့...”

မုန့်ဝမ်သည် အခက်တွေ့နေသည့် အမူအရာ ပြလိုက်ပြီး အိုးတင်သည့် အိုးဖင်ကဲ့သို့ မည်းမှောင်နေသော ကျိုးယွမ်ချွမ်း၏ မျက်နှာကို ခိုးကြည့်လိုက်သည်။

“ဘာလဲ... မင်းက မလုပ်ချင်ဘူးလား”

ထိုအမျိုးသား၏ လေသံမှာ အောက်သို့ ကျသွားပြီး မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်လာသည်။

“မင်းလို အောက်အကယ်ဒမီ တပည့် တစ်ယောက်က ငါ့အမိန့်ကို ဖီဆန်ရဲတယ် ဟုတ်လား..............”

“ကျွန်မမျိုးမ မလုပ်ရဲပါဘူးရှင်”

မုန့်ဝမ်သည် တုန်တုန်ရင်ရင်ဖြင့် ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး “ကျွန်မမျိုးမ အခုပဲ သခင်မလေးကို သွားဖိတ်ပါ့မယ်”

ထိုအခါမှသာ ထိုအမျိုးသားသည် ကျေနပ်စွာ ခေါင်းညိတ်ပြီး လူအုပ်ထဲမှ အခြားလူအချို့ကို လက်ညှိုးထိုးပြလိုက်သည်။

“သူက လမ်းမသိဘူး၊ ဒါကြောင့် မင်းတို့ပါ လိုက်သွားကြ”

အခန်း (၂၉၂) ရှင်တို့က ကျွန်မကို ချစ်နေကြတာဆို……….

လူစုသည် အခြေအနေကို ချက်ချင်းရိပ်မိသွားပြီး မုန့်ဝမ် နောက်သို့ မသိမသာ လိုက်ပါလာကြသည်။

လမ်းပြပေးသည့် ပုံစံဖြစ်နေသော်လည်း သူတို့၏ တကယ့်ရည်ရွယ်ချက်မှာ မုန့်ဝမ် ထွက်ပြေးမသွားစေရန် စောင့်ကြည့်စစ်ဆေးဖို့ပင် ဖြစ်သည်။

အထက်အကယ်ဒမီသို့ အစေခံအဖြစ်နှင့်ပင် ဝင်ရောက်နိုင်သူများသည် အနည်းဆုံး နက်နဲသောဝိညာဉ်အဆင့်ကျင့်ကြံခြင်း ရှိကြရသည်။

အကယ်၍ မုန့်ဝမ်သာ ထွက်ပြေးရန် ကြိုးစားပါက သူမသည် ပထမဆုံး အသတ်ခံရမည့်သူ ဖြစ်ပေလိမ့်မည်။

လူအုပ်၏ "ခြံရံမှု" အောက်တွင် မုန့်ဝမ်သည် ဝူမျိုးနွယ်စုထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။ သူမသည် အဖြေရှာရင်း သခင်မလေး၏ နေအိမ်ဘက်သို့ ဦးတည်နေခဲ့သည်။

အကယ်၍ သူမသာ ဒီခရီးမှာ ဝူမျိုးနွယ်စုဝင်ကို ဖိတ်ကြားနိုင်ခြင်း မရှိခဲ့ရင်... သခင်မလေးရေ၊ ရှင်ကတော့ ကျိုးယွမ်ချွမ်း ကို သေချာပေါက် အဖတ်ဆယ်မရအောင် စော်ကားမိတော့မယ်.......။

အကယ်၍ ဖိတ်ကြားနိုင်ခဲ့ရင်တောင်မှ... ဟင်း .......ထားလိုက်ပါတော့လေ၊ အကယ်၍ သခင်မလေး ဝူ သာ လာချင်တဲ့စိတ်ရှိရင် အခြေအနေတွေက ဒီလောက်အထိ ဖြစ်လာမှာ မဟုတ်ဘူး..........။

သခင်မလေး ဝူ လာဖို့မှာ မဖြစ်နိုင်ပေ။

"ဘာတွေ အချိန်ဆွဲနေတာလဲ။ မြန်မြန်လုပ်စမ်း။ ငါတို့ သခင်လေးရဲ့ အရေးကြီးတဲ့ ကိစ္စကို နှောင့်နှေးအောင်လုပ်ရင် မင်း တာဝန်ယူနိုင်လို့လား"

နောက်ဘက်မှ စိတ်မရှည်သော အသံတစ်ခု ထွက်ပေါ်လာပြီး မုန့်ဝမ်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။

မုန့်ဝမ်က အကြိမ်အနည်းငယ် ပြုံးပြလိုက်ပြီး ဝိညာဉ်ကျောက်တုံးတစ်ချို့ကို ထိုသူ့ထံ ထိုးထည့်ပေးကာ စကားကောင်းအချို့ ပြောလိုက်ပြီးနောက် ခမ်းနားစွာ ဝတ်ဆင်ထားသော သခင်လေး၏ နောက်ခံအကြောင်းကို စတင် စုံစမ်းတော့သည်။

"အစ်ကိုတို့... ကျွန်မ တစ်ခုလောက် မေးပါရစေ........ အစ်ကိုတို့ သခင်လေးရဲ့ နောက်ခံက ဘယ်လိုမျိုးလဲဟင်။ သူက ကျိုးမျိုးနွယ်စုက သခင်လေးထက်တောင် ပိုပြီး အရှိန်အဝါကြီးတဲ့သူလား"

လာဘ်ထိုးမှုကို လက်ခံရရှိပြီးနောက် ထိုသူများ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြေလျော့သွားသည်။

"ဟင်း... မင်းက အလိုက်သိတတ်သားပဲ၊ ငါပြောပြမယ်။ ငါတို့ သခင်လေးရဲ့ မျိုးရိုးက ဝမ်ဖြစ်ပြီး နာမည်ကတော့ ချန် တဲ့။ သူက ဝမ်မျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ပဲ၊ သူ့ရဲ့ အဆင့်အတန်းက ကျိုးယွမ်ချွမ်း ထက် မနိမ့်ဘူး"

"တခြားသူတွေက အဲဒီ ကျိုး ဆိုတဲ့ကောင်ကို ကြောက်ချင်ကြောက်မယ်၊ ငါတို့ သခင်လေးကတော့ နည်းနည်းမှ မကြောက်ဘူး"

"ဟုတ်တယ်...... ကျိုးယွမ်ချွမ်းက သခင်လေးက သခင်မလေး ဝူ ကို ချစ်နေမှန်း သိသိကြီးနဲ့တောင် ဒီလို ပြကွက်တွေ လာထုတ်နေတာ....... သူကတော့ တကယ့်ကို အရှက်မရှိတဲ့ကောင်ပဲ"

မုန့်ဝမ်သည် ပြုံးလျက် ထောက်ခံရင်း ထိုလူစုထံမှ အချက်အလက်များကို ပါးနပ်စွာ ထုတ်ယူနေခဲ့သည်။

သူမသည် ဝမ်ချန်၏ ညွှန်ကြားချက်ကြောင့် ဤခရီးကို လာခဲ့ရခြင်းဖြစ်ရာ ကျိုးယွမ်ချွမ်း ကို အငြိုးထားခံရဖို့မှာ မလွဲဧကန်ပင်။

ထို့ကြောင့် သူမအနေဖြင့် ဝမ်ချန်၏ မျက်နှာသာပေးမှုကို ရရှိရန် နည်းလမ်းရှာရပေမည်။

အဖွဲ့သည် စကားပြောရင်း လျှောက်လာကြရာ မကြာမီမှာပင် ဝူမျိုးနွယ်စု၏ သခင်မလေး နေထိုင်ရာ ဝင်းအတွင်းသို့ ရောက်ရှိလာသည်။

မုန့်ဝမ်သည် ရှေ့သို့တက်ကာ တံခါးခေါက်ကွင်းကို ခပ်ဖွဖွ ပုတ်လိုက်သည်။ တိတ်ဆိတ်သော ဝင်းအတွင်းတွင် ထိုအသံမှာ စူးရှပြတ်သားစွာ ထွက်ပေါ်သွားသည်။

ခဏအကြာတွင် တံခါးပွင့်လာပြီး အစေခံမိန်းကလေးတစ်ဦး၏ မျက်နှာ ပေါ်လာသည်။

ထိုအစေခံမှာ အစပိုင်းတွင် ပြုံးနေသော်လည်း မုန့်ဝမ် နောက်ကွယ်မှ လူများကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားသည်။

သူမသည် မုန့်ဝမ်ကို ခြေဆုံးခေါင်းဆုံး ကြည့်ရှုပြီးနောက် မနှစ်သက်သော လေသံဖြင့် မေးမြန်း လိုက်သည်။

"နင်က ဘယ်သူလဲ။ ဒီမှာ ဘာလာလုပ်တာလဲ"

"ကျွန်မက ဝူမျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲက ဝူချူကျွင်းရဲ့ အစေခံ ပါ" ဟု မုန့်ဝမ်က ပြောလိုက်သည်။ သူမသည် သခင်မလေး၏ အမည်အောက်တွင် မုန့်ဝမ် အဖြစ် ရှိနေခြင်းဖြစ်ပြီး သူမကို သခင်လေး ဝမ်ချန် က သခင်မလေးအား မျက်နှာပြပေးရန် တောင်းဆိုဖို့ လွှတ်လိုက်ခြင်း ရှင်းပြလိုက်သည်။

မုန့်ဝမ်သည် သူမ၏ စကားများကို နှိမ့်ချစွာ ကြားရစေရန် အနည်းငယ် ဦးညွှတ်လိုက်သည်။

"သခင်လေး ဝမ်ချန် ဟုတ်လား....... နင်က ဝူမျိုးနွယ်စုက ဖြစ်ပြီးတော့ တခြားသူတွေအတွက် အလုပ်အကျွေး ပြုနေရလောက်အောင် အားနေတာလား"

အစေခံမလေးက သရော်လှောင်ပြောင်သော စကားများဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"အဲဒီ မောက်မာတဲ့ကောင် နောက်တစ်ခါ ထပ်လာတာပဲ....... ငါတို့ သခင်မလေးက ဧည့်သည်မတွေ့ဘူး၊ နင် အိမ်ပြန်တာပဲ ကောင်းမယ်......."

ထိုသို့ပြောပြီးနောက် အစေခံမလေးသည် တံခါးကို ပိတ်ရန် ပြင်လိုက်သည်။

မုန့်ဝမ်သည် အလျင်အမြန်ပင် တားဆီးလိုက်ပြီး ရိုသေသော လေသံဖြင့် ပြောလိုက်သည်။

"အစ်မ... ကျေးဇူးပြုပြီး သက်ညှာပေးပါဦး။ အကယ်၍ သခင်မလေးသာ ကြားဝင်မပေးဘူးဆိုရင် သခင်လေး ဝမ်ချန် နဲ့ ကျိုးယွမ်ချွမ်း တို့ တာအိုခန်းမမှာ ဆက်ပြီးတော့ ထိပ်တိုက်ရင်ဆိုင်နေကြလိမ့်မယ်..."

"ဒီအတိုင်း ဆက်ဖြစ်နေရင် သခင်မလေးရဲ့ သိက္ခာကို ထိခိုက်မှာ စိုးရိမ်လို့ပါ"

အစေခံမလေးမှာ မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု ပြောချင်ဟန်ရှိသော်လည်း ထိန်းထားလိုက်သည်။

သူမက မုန့်ဝမ်ကို သေသေချာချာ ကြည့်လိုက်ပြီး "ဒီမှာ ခဏစောင့်" ဟု ဆိုကာ ဝင်းအတွင်းသို့ အပြေးအလွှား ဝင်သွားတော့သည်။

ခဏအကြာတွင် အစေခံမလေးမှာ တံခါးဝသို့ ပြန်လည်ရောက်ရှိလာပြီး "သခင်မလေးက နင့်ကို စကားပြောဖို့ ဖိတ်ခေါ်တယ်။ ငါ့နောက်ကို လိုက်ခဲ့ပါ" ဟု ပြောသည်။

မုန့်ဝမ်မှာ များစွာ ဝမ်းမြောက်သွားသည်။ အစေခံမလေးကို ကျေးဇူးတင်စကား ဆိုပြီးနောက် နောက်ကွယ်မှ လူများကို မျက်စိတစ်ချက် မှိတ်ပြကာ ဝင်းအတွင်းသို့ လိုက်ပါသွားခဲ့သည်။

ဝင်းအသွယ်သွယ်ကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် မုန့်ဝမ်သည် မုန်တိုင်းကို လှုံ့ဆော်ခဲ့သည့် အမျိုးသမီးဖြစ်သူ သခင်မလေး ဝူ နှင့် တွေ့ဆုံခွင့်ရခဲ့သည်။

ဝူကျိဝေသည် စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေပြီး သူမ၏ ရိုးရှင်းသော မျက်နှာထက်မှ အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေသည်။

သူမက မုန့်ဝမ်ကို အေးတိအေးစက် ကြည့်လိုက်ပြီး "နင်က ချူကျွင်း ရဲ့ ညီမလေးဆီက လူလို့ ငါကြားတယ်…..အဲ့ဒီတော့ ကျိုးယွမ်ချွမ်း က နင့်ကို လွှတ်လိုက်တာလား"

မုန့်ဝမ်သည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ဦးခေါင်းကို နက်နဲစွာ နှိမ့်ချလိုက်သည်။

"ကျွန်မမျိုးမ သေထိုက်ပါတယ်....... သခင်မလေးကို အနှောင့်အယှက် မပေးသင့်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့..."

ဝူကျိဝေ က လက်မြှောက်ကာ မုန့်ဝမ် စကားဆက်ပြောခြင်းကို တားဆီးလိုက်သည်။ "ရပါတယ်၊ ငါ နင်နဲ့အတူ လိုက်ခဲ့မယ်"

မုန့်ဝမ်မှာ အံ့ဩသွားပြီး ဝူကျိဝေ ကို စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်လိုက်သည်။

"ကျွန်မမျိုးမမှာ ဘယ်လို အရည်အချင်းတွေရှိလို့ သခင်မလေးဆီက ဒီလောက်အထိ အလေးထားမှုကို ခံရတာလဲရှင်"

"ဒါက နင့်အတွက် မဟုတ်ဘူး"

ဝူကျိဝေ ၏ လေသံမှာ အနည်းငယ် ပျော့ပြောင်းသွားကာ "ထတော့။ နင်က အပြစ်မရှိဘဲ ဒီကိစ္စထဲ ဆွဲသွင်းခံလိုက်ရတာပဲ၊ ပြီးတော့ နင်က ချူကျွင်း ညီမလေးရဲ့ လူလည်း ဖြစ်နေတယ်။ ငါ နင့်ကို အခက်တွေ့အောင် မလုပ်ပါဘူး"

မုန့်ဝမ်သည် များစွာ ဝမ်းသာသွားသည်။ သခင်မလေးကို ကျေးဇူးတင်စကား ဆိုပြီးနောက် ဝူကျိဝေ ၏ နောက်မှနေ၍ ဝင်းတံခါးအပြင်သို့ လိုက်ပါလာခဲ့သည်။

ဝူကျိဝေ ဝင်းပြင်ပသို့ ခြေချလိုက်သည်နှင့် ဝမ်ချန်၏ လက်ပါးစေများမှာ သူမကို ဝိုင်းရံကာ တစ်ညီတစ်ညွတ်တည်း နှုတ်ဆက်ကြသည်။

"သခင်မလေး ဝူ"

ဝူကျိဝေ သည် ထိုလူစုကို တစ်ချက်ပင် လှည့်မကြည့်ဘဲ တာအိုခန်းမ ဆီသို့ တည့်တည့် လျှောက်သွားသည်။

လက်ပါးစေများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အခြေအနေမှာ သူတို့ ထင်ထားသည်ထက် ကျော်လွန်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

"သခင်မလေး ဝူ... ရှင် ဘယ်ကိုသွားမလို့လဲ.......တာအိုခန်းမကိုလား"

"ဒုက္ခပဲ၊ သူ တကယ်ပဲ အဲဒီ ကျိုး ဆိုတဲ့ကောင်ကို စိတ်ယိုင်သွားတာများလား"

လူစုသည် စိုးရိမ်တကြီးဖြင့် နောက်မှ လိုက်ပါလာပြီး သခင်မလေး ဝူ အနေဖြင့် ကျိုးမျိုးနွယ်စုဝင်ကို စိတ်မယိုင်ပါစေနှင့်ဟု ဆုတောင်းနေကြသည်။

မဟုတ်ပါက သူတို့၏ သခင်လေးက သူတို့ကို သေချာပေါက် အပိုင်းပိုင်း ပိုင်းပစ်ပေလိမ့်မည်။

တာအိုခန်းမ အပြင်ဘက် ရင်ပြင်သို့ ရောက်သောအခါ မျက်စိလျင်သော တစ်ချို့သူများက ဝူမျိုးနွယ်စုမှ သခင်မလေး ဤဘက်သို့ လျှောက်လာသည်ကို လှမ်းမြင်လိုက်ကြသည်။

"ဟိုမှာ လာပြီ....... သခင်မလေး ဝူ ပါလား....... အောက်အကယ်ဒမီက လူတွေက သခင်မလေး ဝူ ကို တကယ် ဖိတ်ခေါ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး"

"သခင်လေး ကျိုး က သခင်မလေး ဝူ ဒီမှာ မရှိဘူးလို့ ပြောထားတာဆိုတော့ သူက လိမ်နေတာပေါ့ ဟုတ်လား"

"မပြောနိုင်သေးပါဘူး။ သခင်မလေး ဝူ က အပြင်သွားရာကနေ အခုမှ ပြန်ရောက်လာတာလည်း ဖြစ်နိုင်တာပဲ"

အားလုံးမှာ လည်ပင်းရှည်အောင် မျှော်ကြည့်ရင်း ပွဲကောင်းကြည့်ရတော့မည်ဟု မျှော်လင့်နေကြသည်။

ယခု အခြေအနေအရ ဒီလောက်အထိ ဖြစ်လာသဖြင့် သခင်လေး ဝမ် နဲ့ သခင်လေး ကျိုး တွင် ဘယ်သူက အလှနတ်သမီးရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်မလဲဆိုတာ ကြည့်ရတော့မည်ဖြစ်သည်။

ဝူကျိဝေ လျှောက်လာသည်နှင့် သူမ၏ အကြည့်မှာ ကျိုးယွမ်ချွမ်း နှင့် ဝမ်ချန် တို့အပေါ် ကျရောက်သွားရာ လူတိုင်း၏ အာရုံမှာလည်း သူမထံသို့ ရောက်ရှိသွားသည်။

ကျိုးယွမ်ချွမ်းက အားနာဟန်ဖြင့် ပြောလိုက်သည်။

"ကျိဝေ... ဒီနေ့ကိစ္စတွေက မင်းကို ဒီလောက်အထိ အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါ ငါ့ရဲ့ အမှားပါ"

ဝမ်ချန်က ဝူကျိဝေ ကို နူးညံ့သောအမူအရာဖြင့် ကြည့်လိုက်သည်။

"ဝေဝေ... မင်း ကျိုးယွမ်ချွမ်း ကို မုန်းနေမှန်း ငါသိတယ်။ ရပါတယ်...... မင်း မုန်းတဲ့အရာအားလုံးကို ငါ ဖြေရှင်းပေးနိုင်တယ်။ မင်းကတော့ မင်းပျော်တဲ့အတိုင်းပဲ နေပါ"

ထိုစကားကို ကြားသောအခါ ဝူကျိဝေ က ရုတ်တရက် ပြုံးလိုက်သည်။

ဝူကျိဝေ သည် အလွန်လှပသော်လည်း သူမမှာ တည်ကြည်သောသူတစ်ဦး ဖြစ်ပုံရပြီး သူမ၏ မျက်နှာအမူအရာမှာ အမြဲတမ်း အေးစက်လောက်အောင် တည်ငြိမ်နေလေ့ရှိသည်။

နှင်းဖုံးနေသော တောင်ပေါ်မှ ရေခဲကြာပန်းကဲ့သို့ပင် အားကျမှုကို ဖြစ်စေသလို ကြောက်ရွံ့မှုကိုလည်း ဖြစ်စေသည်။

ထိုအပြုံးကြောင့် ရေခဲနှင့် နှင်းများ အရည်ပျော်သွားသကဲ့သို့ လေပြေထဲတွင် လှပစွာ ယိမ်းနွဲ့နေသော ကြာပန်းတစ်ပွင့်ကဲ့သို့ ဖြစ်သွားသည်။

"ငါကတော့ ငါပျော်သလိုအတိုင်းပဲ နေမှာပါ။ ဒါပေမဲ့ ရှင်တို့ကြောင့်တော့ မဟုတ်ဘူး"

အားလုံး အံ့ဩသွားသည်မှာ ဝူကျိဝေ ၏ စကားများသည် ဝမ်ချန် ၏ မျက်နှာကို လုံးဝ အလေးမထားကြောင်း ပြသနေခြင်းပင်။

သို့သော် ဝမ်ချန် ၏ မျက်နှာအမူအရာ တောင့်တင်းသွားသည့် ခဏမှာပင် ဝူကျိဝေ က မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။

"ရှင်တို့ နှစ်ယောက်လုံးက ကျွန်မကို ချစ်နေကြတာလို့ ကျွန်မ ကြားထားတယ်... ဟုတ်လား"

ထိုစကားကို ကြားသောအခါ ကျိုးယွမ်ချွမ်း က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။ "သေချာတာပေါ့....... အထက်အကယ်ဒမီ မှာ ရှိတဲ့သူတိုင်း သိကြပါတယ်၊ ငါ့နှလုံးသားက ကျိဝေ အတွက်ပဲ ဖြစ်တည်နေတာပါ။ ကျိဝေ အတွက်ဆိုရင် ငါ ဘာမဆို လုပ်ပေးနိုင်ပါတယ်......."

ဝမ်ချန် မှာ အရင်ဆုံး ပြန်ဖြေခွင့် ဆုံးရှုံးသွားသော်လည်း တည်ငြိမ်စွာဖြင့်ပင် ပေါ့ပါးသော လေသံဖြင့် ပြောလိုက်သည်။

"ဘယ်သူမဆို စကားကြီးစကားကျယ် ပြောနိုင်တာပဲ၊ ဒါပေမဲ့ ငါက ပိုပြီး ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်တယ်ဆိုတာကို ငါ့ရဲ့ လုပ်ရပ်တွေနဲ့ သက်သေပြပါ့မယ်"

"ဟုတ်လား"

ဝူကျိဝေ က အေးစက်စွာ ပြုံးလိုက်ပြီး "အဲဒီလိုဆိုရင်လည်း ရှင်တို့ နှစ်ယောက်လုံး အထုပ်အပိုးတွေ ပြင်ပြီး ကျွန်မရဲ့ ဝူမျိုးနွယ်စုမှာ လာပြီး အိမ်ထောင်ဖက် လာလုပ်ကြလေ"

(note- တာအိုလက်တွဲဖော်နဲ့ကွာခြားချက်က အိမ်ထောင်ဖက်ဆိုတာက အမျိုးသားက အမျိုးသမီးအိမ်ကို လိုက်ပြီး နေရမှာကို ပြောတာဖြစ်ပါတယ်။)

All Chapters