အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း (၁၃၁)
ပျားရည်ဆမ်းခရီး ပြဿနာများ
ယခုနှစ်၏ နွေဦးပွဲတော် (တရုတ်နှစ်သစ်ကူး) မှာ ဖေဖော်ဝါရီလ အစောပိုင်းတွင် ကျရောက်လေသည်။
တရုတ်နိုင်ငံသို့ ပြန်ရောက်လာပြီးနောက် တန်ယန်သည် အေးအေးလူလူပင် နေထိုင်ခဲ့၏။ သူမသည် နေ့စဉ် ဝတ္ထုရေးခြင်း၊ စာဖတ်ခြင်း သို့မဟုတ် ခွေးလေးများနှင့် ဆော့ကစားခြင်းဖြင့်သာ အချိန်ကုန်လွန် စေခဲ့သည်။
မိသားစုဝင် အားလုံးမှာလည်း အသီးသီး အလုပ်ရှုပ်နေကြချေပြီ။
တန်ယန့်ဖခင်က ကုမ္ပဏီကိစ္စများဖြင့် မအားမလပ် ဖြစ်နေစဉ် တန်ယန့်မိခင်မှာမူ တန်ချင်းရွှဲ့နှင့်အတူ မင်္ဂလာဆောင် ပစ္စည်းများ ဝယ်ယူရန် လိုက်ပါကူညီ ပေးနေရသည်။ ဟုတ်ပါသည်၊ တန်ချင်းရွှဲ့တစ်ယောက် လက်ထပ်တော့မည်ဖြစ်ရာ မင်္ဂလာရက်ကို လဆန်းရှစ်ရက်နေ့ဟု သတ်မှတ်ထားကြ၏။
ထိုသတင်းကို သိပြီးနောက် တန်ယန်က တန်ယွဲဂျားလေး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အထူးတလည် စောင့်ကြည့်မိသော်လည်း သူမ၏ စိုးရိမ်မှုမှာ အပိုသာဖြစ်ကြောင်း သိလိုက်ရသည်။ ကလေးမလေးမှာ သူမ၏မိခင်ကို မနက်ဖြန်ပင် လက်ထပ်စေချင်နေသည့်အလား မင်္ဂလာဆောင်ပစ္စည်းများ ရွေးချယ်ရာတွင် တက်တက်ကြွကြွနှင့် ပါဝင်ကူညီနေပေသည်။
တန်ချင်းရွှဲ့ လက်ထပ်သွားပြီး မိသားစုတွင် လူနှစ်ယောက် လျော့သွားမည်ကို တွေးမိတိုင်း တန်ယန် စိတ်မကောင်း ဖြစ်မိသော်လည်း ၎င်းတို့၏ အိမ်သစ်မှာ ထန်ရပ်ကွက် အတွင်းမှာပင် ရှိနေသည်ဟု သိရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။
ယန်ဝေ့ကျိန်းသည် သူ၏ ကုမ္ပဏီအနီးရှိ အဆင့်မြင့် ထန်ရပ်ကွက်တွင် အိမ်တစ်လုံး ပိုင်ဆိုင်ထားသော်လည်း တန်ယွဲဂျားက ထိုအရပ်သို့ မပြောင်းရွှေ့လိုပေ။ ထို့ကြောင့် အားလုံးညှိနှိုင်း တိုင်ပင်ပြီးနောက် တန်ချင်းရွှဲ့ အမည်ပေါက်ဖြင့်ရှိသော ဗီလာသို့သာ ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
ယန်ဝေ့ကျိန်း၏ လိုက်လျောညီထွေ ရှိမှုအပေါ် တန်ယန့်မိဘများက အလွန်ပင် စိတ်ကျေနပ်မှု ရှိကြလေသည်။
မင်္ဂလာပွဲကို အကျဉ်းရုံးသာ ပြုလုပ်မည် ဖြစ်သဖြင့် ဧည့်သည်အများအပြား မဖိတ်ကြားဘဲ မိသားစုနှစ်ဖက်မှ ဆွေမျိုးများဖြင့်သာ ထမင်းတစ်နပ် အတူစားရန် စီစဉ်ထားသည်။ ထို့ကြောင့် မင်္ဂလာပွဲကို ဝေ့ယီစားသောက်ဆိုင်တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြ၏။
ထို့အပြင် တန်ယန်သည် ဝေ့ယီစားသောက်ဆိုင်ကို လဆန်းရှစ်ရက်နေ့တွင် လုပ်ငန်းများ ခေတ္တရပ်နားထားရန်နှင့် ပြင်ပဧည့်သည်များကို လက်မခံရန်လည်း ညွှန်ကြားထားခဲ့သည်။
နောက်ထပ် နွေဦးပွဲတော် တစ်ခုသို့ ရောက်ရှိလာပြန်ရာ တန်ယန်မှာလည်း တစ်နှစ်ကြီးသွားခဲ့ချေပြီ။ နောက်ထပ် လေးလမပြည့်မီ အချိန်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရတော့မည်ကို တွေးမိကာ အချိန်တွေ ကုန်ဆုံးသွားသည်မှာ မြန်ဆန်လွန်းလှသည်ဟု သူမ တိတ်တဆိတ် အံ့သြနေမိသည်။
တန်ယန်သည် တန်ချင်းရွှဲ့အတွက် မင်္ဂလာလက်ဆောင်အဖြစ် ၎င်းတို့နှစ်ဦး အတူတူ ပိုင်ဆိုင်သော ဆိုင်နှစ်ဆိုင်၏ ရှယ်ယာအားလုံးကို ပေးအပ်ခဲ့သည်။ သူမ၏ မူလရည်ရွယ်ချက်မှာ တန်ချင်းရွှဲ့ကို အိမ်ရှင်မဘဝမှ ရုန်းထွက်စေကာ ပြင်ပလောက၏ စိတ်လှုပ်ရှား ဖွယ်ရာများကို မြင်တွေ့နိုင်မည့် ကိုယ်ပိုင်အလုပ်တစ်ခု ဖန်တီးပေးရန် ဖြစ်ပေသည်။
ယခုအခါ သူမ၏ ကြိုးစားမှုကြောင့် ဆိုင်နှစ်ဆိုင်လုံးမှာ အောင်မြင်ဖြစ်ထွန်းနေပြီ ဖြစ်ရာ တန်ယန်၏ ဆန္ဒမှာလည်း ပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။
လဆန်းရှစ်ရက်နေ့ ရောက်သောအခါ တန်ချင်းရွှဲ့သည် အနီရောင် တရုတ်ရိုးရာ မင်္ဂလာဝတ်စုံကို ဆင်မြန်းကာ တန်မိသားစုဗီလာမှ သူမအမည်ပေါက် ဗီလာအိမ်သစ်ဆီသို့ ထွက်ခွာသွားခဲ့လေသည်။
အကွာအဝေးမှာ မီတာရာဂဏန်းမျှသာ ရှိသော်လည်း ယန်ဝေ့ကျိန်းက သူမကို ရင်ခွင်ထဲပိုက်ကာ တစ်လှမ်းချင်း ချီပိုးသွားခဲ့သည်။ သူမသည် သူ၏ရင်ခွင်ထဲမှနေ၍ သူ၏မျက်ဝန်းများကို စိုက်ကြည့်နေမိ၏။ ထိုခဏ၌ သူမသည် သူ၏ကမ္ဘာတစ်ခုလုံး ဖြစ်နေပေတော့သည်။
ယန်ဝေ့ကျိန်း၏ မိဘများမှာလည်း သားဖြစ်သူ၏ မင်္ဂလာပွဲသို့ တက်ရောက်ရန် H မြို့တော်မှ ရောက်ရှိလာကြသည်။ တန်ယန်အနေဖြင့် သူ၏မိသားစုနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်းဖြစ်ပြီး ၎င်းတို့မှာ အလွန်ပင် သဘောကောင်းကြသည်ဟု ထင်မြင်မိသည်။
ယန်ဇနီးမောင်နှံသည် သူတို့၏ အငယ်ဆုံးသားဖြစ်သူ နောက်ဆုံးတွင် အိမ်ထောင်ကျသွားသည်ကို မြင်တွေ့ရသောအခါ ဝမ်းသာပီတိ မျက်ရည်များ ဝဲလာကြ၏။ တစ်ချိန်က သူတို့သားလေးမှာ တစ်ဦးတည်း အထီးကျန်စွာ အိုမင်းသွားတော့မည်ဟု အမှန်တကယ် ယုံကြည်ခဲ့ဖူးသည်။ ကံကောင်းစွာဖြင့် သူချစ်မြတ်နိုးရသူနှင့် ဆုံတွေ့ခွင့်ရခဲ့ပြီဖြစ်ရာ သူတို့ဇနီးမောင်နှံလည်း စိတ်အေးသွားရချေပြီ။
တန်ချင်းရွှဲ့၏ မင်္ဂလာပွဲ ပြီးစီးသည်မှာ သုံးရက်ရှိခဲ့ပြီ ဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦးမှာ ဟန်းနီးမွန်း ခရီးထွက်ရန် ပြင်ဆင်နေကြသော်လည်း တန်ယွဲဂျားမှာမူ သူတို့နှစ်ဦး၏ အချိန်များကို မနှောင့်ယှက်လိုသဖြင့် အိမ်သို့မပြန်တော့ဘဲ တန်မိသားစုအိမ်တွင်သာ နေထိုင်မည်ဟု အကြောင်းပြချက် ပေးနေလေသည်။
တန်ယန့်မိခင်က ပြုံးလျက် တန်ယွဲဂျား၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ တန်ချင်းရွှဲ့တို့ ဇနီးမောင်နှံကို ဘာမှပူပန်စရာမလိုဘဲ စိတ်အေးလက်အေး အနားယူရန်နှင့် ဂျားဂျားလေးကို သူမ ကောင်းကောင်း စောင့်ရှောက်ထားမည် ဖြစ်ကြောင်း ပြောကြားလိုက်၏။
"ဟုတ်တယ်၊ အားလပ်ရက် တစ်လျှောက်လုံး စန္ဒရားကို သေချာ မကျင့်ရသေးဘူး၊ အစ်မက သမီးကို ဆူတော့မှာ"
တန်ယွဲဂျားက နှာခေါင်းလေးရှုံ့ကာ ဧည့်ခန်းတစ်ဖက်ရှိ စန္ဒရားကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလေသည်။
"သမီးလေးရဲ့... သမီး ခရီးသွားချင်တယ်ဆို၊ ဒီတစ်ခေါက် မေမေနဲ့ ဦးဦးယန်တို့နောက်ကို လိုက်ခဲ့ပါလား"
တန်ချင်းရွှဲ့သည် သမီးဖြစ်သူနှင့် တစ်ခါမျှ မခွဲဖူးသဖြင့် ထားခဲ့ရန် စိတ်မချနိုင် ဖြစ်နေ၏။
"မေမေရယ်... သမီးက ကလေးမဟုတ်တော့ဘူး၊ ဘယ်သူက မေမေ့ကိုပဲ အမြဲကပ်နေမှာလဲ ပြီးတော့ သမီးက အဒေါ်တို့အိမ်မှာပဲ ရှိနေတာ၊ တစ်ယောက်တည်းမှ မဟုတ်တာ မေမေတို့ပဲ ဟန်းနီးမွန်းသွားပြီး သမီးအတွက် မောင်လေးတစ်ယောက်လောက် ရအောင်ယူခဲ့ပေးပါ"
"ဂျားဂျား မေမေ မောင်လေးယူမယ်လို့ ဘယ်သူပြောလဲ မေမေ့မှာ သမီးရှိတာနဲ့ ပြည့်စုံနေပါပြီ"
တန်ယွဲဂျားက မောင်လေးတစ်ယောက် လိုချင်သည်ဟု ပြောလိုက်သောအခါ တန်ချင်းရွှဲ့၏စိတ်ထဲ ဗလာဖြစ်သွားရသည်။ တစ်စုံတစ်ယောက်က ကလေးမလေးကို တစ်ခုခု ပြောလိုက်၍သာ ထိုသို့ပြောခြင်း ဖြစ်မည်ဟု သူမ တွေးမိလေသည်။
"ချင်းရွှဲ့... စိတ်မလှုပ်ရှားပါနဲ့ဦး"
ယန်ဝေ့ကျိန်းက တန်ချင်းရွှဲ့၏ ပုခုံးကို အသာအယာ ဖက်ထားရင်း နှစ်သိမ့်ပေးလိုက်၏။
"မေမေ... ဒါကို ဘယ်သူမှ ပြောတာမဟုတ်ပါဘူး အစ်မတန်ယန်မှာ တန်ယွီဆိုတဲ့ မောင်လေးရှိသလိုမျိုး သမီးလည်း အနိုင်ကျင့်ဖို့ မောင်လေးတစ်ယောက်လောက် လိုချင်လို့ပါ အပြင်သွားပြီး ပစ္စည်းဝယ်ရမှာ ပျင်းတဲ့အခါ မောင်လေးကို ခိုင်းလို့ရတာပေါ့ မေမေက ဘာလို့ ဒီလောက်တောင် စိတ်ဆိုးနေရတာလဲ"
သူမ၏မိခင် ဘာကြောင့် ရုတ်တရက် စိတ်မကောင်း ဖြစ်သွားသည်ကို တန်ယွဲဂျား လုံးဝနားမလည်နိုင် ဖြစ်နေချေသည်။
တန်ယွဲဂျား၏ ရှင်းပြချက်ကို ကြားရမှ တန်ချင်းရွှဲ့ သက်ပြင်းချနိုင်တော့သည်။
"မေမေက သမီးကို အိမ်မှာတစ်ယောက်တည်း ထားခဲ့ရမှာ စိုးရိမ်လို့ စိတ်နည်းနည်း လှုပ်ရှားသွားတာ တကယ်လို့ ဂျားဂျား တကယ်မသွားချင်ဘူးဆိုရင် မသွားနဲ့တော့လေ၊ မေမေနဲ့ ဦးဦးတို့လည်း မသွားတော့ဘူး"
ယန်ဝေ့ကျိန်းက ခေါင်းခါလိုက်မိ၏။ အခြေအနေမှာ ဤကဲ့သို့ ဖြစ်လာမည်ကို သူကြိုတင် သိရှိထားပြီးသားပင်။ သို့သော် ဤအချက်သည်ပင် သူမကို အချစ်ဆုံး အချက်များထဲမှ တစ်ခုဖြစ်သည်။ မိမိချစ်ရသူအတွက် အရာအားလုံးကို ပုံအောပေးဆပ်တတ်သည့် သူမ၏စိတ်ထားမှာ အသည်းယားစရာ ကောင်းလောက်အောင်ပင် နုနယ်လှပေသည်။
"ဒါဆိုရင်လည်း အခုလောလောဆယ် မသွားဘဲ နေကြတာပေါ့၊ နောက်မှ အခွင့်ကြုံရင် အတူတူ သွားကြတာပေါ့"
ဟု သူပြောရန် ပြင်လိုက်သော်လည်း စကားမဆုံးမီမှာပင် တန်ယန်က ကြားဖြတ် ပြောဆိုလိုက်သည်။
"အဒေါ်... လူတိုင်းရဲ့ဘဝက ကိုယ်ပိုင်ပဲလေ၊ ပြီးတော့ ဂျားဂျားက အဒေါ်အတွက် ဘယ်တုန်းကမှ ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ပါဘူး"
တန်ချင်းရွှဲ့မှာ နှာခေါင်းလေး တရှုံ့ရှုံ့နှင့် မျက်ရည်များ ဝဲတက်လာကာ
"ဂျားဂျားကို ဝန်ထုပ်ဝန်ပိုးလို့ မေမေတစ်ခါမှ မတွေးဖူးပါဘူး၊ သမီးက မေမေ့ရဲ့ ရင်နှစ်သည်းချာလေးပါ"
ဟု ပြောရှာသည်။
ယန်ဝေ့ကျိန်းက ဇနီးဖြစ်သူ၏ ပုခုံးကိုဖက်ထားရင်း ချော့မော့သည့် အနေဖြင့် ကျောလေးကို အသာအယာ ပွတ်သပ်ပေးကာ
"ဒီနေ့ကစပြီး ဂျားဂျားက ကိုယ်တို့နှစ်ယောက်လုံးရဲ့ အသည်းကျော်လေး ဖြစ်သွားပြီလေ၊ မငိုပါနဲ့တော့"
ဟု ဆိုလေသည်။
တန်ယွဲဂျားက အနားသို့ လျှောက်သွားပြီး တန်ချင်းရွှဲ့၏ ခါးကိုဖက်လိုက်၏။
"မေမေ မငိုပါနဲ့တော့၊ မေမေငိုရင် သမီးလည်း ငိုချင်လာလို့"
ယန်ဝေ့ကျိန်းက တန်ယွဲဂျား၏ ခေါင်းလေးကို ပုတ်ပေးလိုက်ရင်း
"ဂျားဂျားလေးရေ... မေမေ့ကို မရယ်ပါနဲ့ဦး၊ မေမေက ဂျားဂျားနဲ့ မခွဲနိုင်လို့ပါ" ဟု ပြောလိုက်သည်။
တန်ယွဲဂျားက မော့ကြည့်ကာ
"ဒါပေမဲ့ သမီးတို့က ခွဲကြတာမှ မဟုတ်တာ မေမေက ဦးဦးနဲ့အတူ အပြင်ကို ရက်နည်းနည်းပဲ သွားတာလေ၊ ပြီးရင် ပြန်လာမှာပဲကို"
သမီးဖြစ်သူ၏ စကားကိုကြားမှ တန်ချင်းရွှဲ့လည်း သူမကိုယ်သူမ စိတ်ကူးယဉ်လွန်းနေသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် အားနာဟန်ဖြင့်
"ဒါဆိုရင် ဂျားဂျားက အဒေါ်တို့အိမ်မှာ ရက်နည်းနည်းလောက် နေခဲ့နော် မေမေနဲ့ဦးဦး ပြန်လာရင် လက်ဆောင်ဝယ်ခဲ့မယ်၊ ဟုတ်ပြီလား"
တန်ယွဲဂျား၏ မျက်ဝန်းလေးများမှာ ချက်ချင်းပင် တောက်ပသွားပြီး
"ဟုတ်ကဲ့"
ဟု ဖြေလေသည်။ သူမသည် လက်ဆောင်ရသည်ကို အနှစ်သက်ဆုံး ဖြစ်၏။
"ဝု ဝု"
တန်ယန် အရင်က ကောက်ရခဲ့သော ခွေးလေးမှာ တန်ယွဲဂျား၏ ခြေထောက်နားသို့ ပြေးလာပြီး ပတ်ချာလည် ဆော့ကစားနေလေသည်။
"ဒိုဒို..."
တန်ယွဲဂျားက ဒူးထောက် ထိုင်ချလိုက်ပြီး ခွေးလေးကို ပွေ့ဖက်လိုက်သည်။
"နင်က ဘယ်ကနေ ရောက်လာတာလဲ"
ဒိုဒိုဆိုသည်မှာ တန်ယွဲဂျားက ထိုခွေးလေးကို ပေးထားသည့် အမည်ဖြစ်သည်။ အာဟာရ ဖြည့်စွက်စာများ တိုက်ကျွေးပြီးနောက်တွင် ထိုခွေးလေးမှာ သိသိသာသာ ပြန်လည် ကျန်းမာလာပြီး အလွန်ပင် သွက်လက် တက်ကြွနေပေတော့သည်။
တန်ယွဲဂျားက သူမဘာသာ ရေရွတ်လိုက်၏။
"နင် ဗိုက်ဆာနေတာလား အာ... နေဦး၊ ငါခုနကမှ စားပြီးတာပဲလေ နင်က ငါနဲ့အတူ အပြင်မှာ ထွက်ဆော့ချင်လို့လား"
ဒိုဒိုက သူမ၏အမေးကို ပြန်ထူးသည့်အလား နှစ်ချက်မျှ ဟောင်ပြလေသည်။
"အိုကေ... ဒါဆို ငါနင့်ကို အပြင်ခေါ်သွားပြီး ခဏဆော့ပေးမယ်"
တန်ယွဲဂျားက တန်ချင်းရွှဲ့နှင့် ကျန်သူများကို လှည့်ကြည့်ကာ
"မေမေ၊ ဦးဦးယန်... သမီး ဒိုဒိုကို အပြင်ခေါ်သွားပြီး ခဏဆော့လိုက်ဦးမယ် မေမေတို့က ပြန်ပြီး အိတ်တွေပြင်ထားကြလေ၊ သမီးရဲ့ ပစ္စည်းတွေကိုလည်း မေမေပဲ သိမ်းပေးထားနော်"
"ဂျားဂျားလေး... ဒိုဒိုနဲ့ သွားဆော့ချင်ဆော့လေ"
တန်ယန့်မိခင်က တန်ယွဲဂျား၏ ခေါင်းလေးကို အသည်းယားစွာ ပုတ်ပေးလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင်မူ ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေ၏။ ဤကလေးမလေးမှာ အလွန်ပင် အလိုက်သိလွန်းလှသဖြင့် ကြည့်ရသူအဖို့ ရင်ထဲတွင် တဆစ်ဆစ်နှင့် သနားစရာ ကောင်းလှပေသည်။
တန်ယန်သည် တန်ယွဲဂျားကိုခေါ်၍ ဒိုဒိုနှင့်အတူ ဆော့ကစားရန် အပြင်သို့ ထွက်လာခဲ့သည်။ ထိုသို့ထွက်လာစဉ် 'ယိတျန်တျန်' ကိုလည်း အဖော်အဖြစ် ခေါ်ခဲ့သည်။ ‘ဂျင်နရယ်’ ကမူ နှစ်သစ်ကူး မတိုင်မီကပင် လောင်ဝေအန်းနှင့်အတူ လိုက်ပါသွားခဲ့ချေပြီ။
အိမ်ထဲတွင်မူ တန်ချင်းရွှဲ့၏ မျက်ဝန်းများထဲမှ စိုးရိမ်ပူပန်မှုများမှာ ပျောက်ကွယ်မသွားသေးပေ။ အမြဲတမ်း ကြံ့ကြံ့ခံတတ်သော ထိုအမျိုးသမီးသည်ပင် သမီးဖြစ်သူ၏ ရှေ့တွင်မူ မျက်ရည်များကို ထိန်းထားနိုင်ခြင်း မရှိတော့ချေ။ ဤသည်မှာ ယန်ဝေ့ကျိန်းက သူမ၏ ဘဝထဲသို့ ယူဆောင်လာပေးခဲ့သည့် ပြောင်းလဲမှုတစ်ခုဟု ဆိုရပေမည်။ သူမသည် တင်းခံထားသမျှကို လျှော့ချတတ်လာပြီး မိမိ၏ နုနယ်သော အားနည်းချက်များကို ထုတ်ပြတတ်လာခဲ့သည်။
ယန်ဝေ့ကျိန်းက သူမကို ရင်ခွင်ထဲသို့ ဆွဲပွေ့ထားလိုက်၏။ သူသည် တန်ယွဲဂျားကို မိမိ၏ သမီးအရင်းကဲ့သို့ အမှန်တကယ် သဘောထားကြောင်း သူမအား သိစေချင်နေသည်။ သူမနှင့်အတူ လက်တွဲရန် ဆုံးဖြတ်ခဲ့သည့် အချိန်ကတည်းက သူသည် ကိုယ်ပိုင်ရင်သွေး မယူတော့ရန်ပင် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချမှတ်ထားပြီး ဖြစ်ပေသည်။
အခန်း (၁၃၂)
တီမီစတူဒီယို
တန်ချင်းရွှဲ့နှင့် ယန်ဝေ့ကျိန်းတို့ ဇနီးမောင်နှံသည် ဟန်းနီးမွန်း ခရီးစဉ်အတွင်း တန်ယွဲဂျားနှင့် နေ့စဉ် ဗီဒီယိုဖုန်း ခေါ်ဆိုကြ၏။ မိခင်နှင့် သမီးဖြစ်သူတို့သည် တစ်နေ့တာအတွင်း ကြုံတွေ့ရသမျှနှင့် မြင်တွေ့ရသမျှတို့ကို ပျော်ပျော်ရွှင်ရွှင်ပင် အပြန်အလှန် ပြောပြကြလေသည်။
မကြာမီမှာပင် စာသင်နှစ်သစ် စတင်တော့မည် ဖြစ်သည်။ တန်ယန်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် လေးလပင် မပြည့်တော့ချေ။
ဒသမတန်း ကျောင်းသားများ၏ ပတ်ဝန်းကျင်မှာ သိသိသာသာ တင်းမာလာခဲ့သည်။ အတန်းတိုင်းလိုလို၏ ကျောက်သင်ပုန်းပေါ်တွင် "တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် ရက်ပေါင်း (XX) သာ လိုတော့သည်" ဟု မြေဖြူဖြင့် စာလုံးကြီးကြီး ရေးသားထားကြရာ ကျောင်းသားတိုင်း၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေရတော့၏။
တန်ယန်၏ အတန်းဖြစ်သော ဒသမတန်း (၁) တွင် ကျောင်းသားများသည် ကျောင်းဆင်းချိန်များ၌ပင် ကိုယ်ရေးကိုယ်တာ ကိစ္စမှလွဲ၍ ခုံမှမထဘဲ လေ့ကျင့်ခန်း ပုစ္ဆာများကိုသာ အသည်းအသန် တွက်ချက်နေကြ၏။ ယခုအချိန်တွင် ပုစ္ဆာတစ်ပုဒ် ပိုတွက်နိုင်ခြင်းမှာ စာမေးပွဲတွင် အမှတ်တစ်မှတ် ပိုရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပြီး ထိုအမှတ် တစ်မှတ်မှာပင် သူတို့ဘဝ၏ အချိုးအကွေ့တစ်ခု ဖြစ်သွားနိုင်ပေသည်။
တန်ယန်သည် ယခင်ကလည်း သူငယ်ချင်းများကို အရေးကြီးသော သင်ခန်းစာများ ပြန်လည်နွှေးပေးပြီး ရလဒ်ကောင်းများ ရရှိအောင် ကူညီပေးခဲ့ဖူးသည့် သမိုင်းကြောင်းရှိခြင်း၊ သူမ၏ စွမ်းဆောင်ရည်မှာလည်း ထူးချွန်ထက်မြက်ခြင်းတို့ကြောင့် အတန်းပိုင်ဆရာမက ကျောင်းသားများ၏ စိတ်ဖိစီးမှု လျော့ကျစေရန်အတွက် တန်ယန်အား ပြန်လည်လေ့ကျင့်ရေး သင်ခန်းစာတစ်ခု ပို့ချပေးရန် တောင်းဆိုခဲ့လေသည်။
ထိုသို့ တန်ယန်က သင်ကြားပေးလိုက်သည့်အတွက် သင်ယူမှု ဝန်းကျင်မှာ သိသိသာသာပင် ပြန်လည်သက်ဝင် လှုပ်ရှားလာပြီး ယခင်ကကဲ့သို့ အသက်မဲ့ကာ တင်းမာနေခြင်းမျိုး မရှိတော့ပေ။
ထို့နောက်တွင်မူ နေ့စဉ်နေ့တိုင်း နေ့လယ်ပိုင်း ပြန်လည်လေ့ကျင့်ရေး သင်ခန်းစာ နှစ်ချိန်လုံးကို တန်ယန်ကပင် ဦးဆောင်ကာ သင်ကြားပေးခဲ့သည်။ ဒသမတန်း (၁) မှ ကျောင်းသားများသည် ထိပ်တန်းကျောင်းသူ တစ်ဦး၏ ပံ့ပိုးကူညီမှုကို ရရှိခြင်းကြောင့် စာသင်ရသည်မှာ ရုတ်တရက် ပျော်စရာ ကောင်းလာခဲ့၏။
ရလဒ်အနေဖြင့် ကျောင်း၏ ဝက်ဘ်ဆိုဒ်ဖိုရမ် စာမျက်နှာများပေါ်တွင် ချီးမွမ်းခန်းများ ဝေဝေဆာဆာ ထွက်ပေါ်လာပြန်သည်။ ဤသည်မှာ အခြားအတန်းများ၊ အထူးသဖြင့် တန်ယန်၏ အတန်းဖော်ဟောင်းများကို မနာလိုဖြစ်စေခဲ့ရာ ဒသမတန်း (၁) ကျောင်းသားများ တင်ထားသည့် ပို့စ်များအောက်တွင် သရော်စာများ လာရောက် ရေးသားကြတော့သည်။
ကံကောင်းသည်မှာ ပို့စ်တင်သည့် ကျောင်းသားမှာ အလွန်ပင် အကောင်းမြင်တတ်သူ ဖြစ်ပေသည်။ အခြားသူများ၏ သရော်စကားများကို မြင်သောအခါ သူက ပို၍ပင် ဘဝင်မြင့်စွာဖြင့်
"မင်းတို့ ငါ့ကို ကြည့်မရ ဖြစ်နေတာကို မြင်ရတာ သဘောကျတယ်၊ ဒါပေမဲ့ မင်းတို့ငါ့ကို ဘာမှမလုပ်နိုင်ဘူးလေ တကယ်ကို ကျေနပ်စရာပဲ"
ဟု ပြန်လည် တုံ့ပြန်ခဲ့လေသည်။
အချိန်တွေမှာ မြားတစ်စင်းအလား ကုန်လွန်သွားခဲ့ရာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြီးမှာ နီးကပ်လာခဲ့ချေပြီ။
C နိုင်ငံ၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခြင်းဖြစ်ပြီး ဗားရှင်းအေနှင့် ဗားရှင်းဘီဟူ၍ ပုံစံနှစ်မျိုးကို ကျပန်းသတ်မှတ်ပေးခြင်း ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဗားရှင်းအေမှာ ဗားရှင်းဘီထက် ပိုမိုခက်ခဲလေ့ ရှိသဖြင့် ဆရာများနှင့် မိဘများမှာ မိမိတို့၏ ကလေးများကို ဗားရှင်းဘီသာ ကျစေလိုကြ၏။
သို့သော် တန်ယန်အတွက်မူ ဗားရှင်းအေဖြစ်စေ၊ ဗားရှင်းဘီဖြစ်စေ အရေးမကြီးပေ။ အကြွင်းမဲ့ ထူးချွန်ထက်မြက်သည့် စွမ်းရည်ရှေ့မှောက်တွင် မေးခွန်းများ ပိုမိုခက်ခဲလေလေ သူမ၏ ထူးချွန်မှုမှာ ပိုမိုပေါ်လွင်လေလေ ဖြစ်ပေလိမ့်မည်။
စာမေးပွဲမဖြေမီ မီကိုက သူမကို အားပေးရန် ဗီဒီယိုကောလ် ခေါ်ဆိုခဲ့သည်။ မီကိုသည် ကိုယ်အလေးချိန် လျော့ကျသွားသော်လည်း ယခင်ကထက် ပိုမိုကျန်းမာ လှပနေသည်ကို မြင်ရသောအခါ တန်ယန် အလွန်ပင် ဝမ်းသာမိသည်။ သူမ ပြန်လည် ဝင်စားလာပြီးနောက် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများသည် ကောင်းကျိုးများကိုသာ ဆောင်ကြဉ်းပေးခဲ့ရာ ဤသည်မှာပင် သူမအတွက် လုံလောက်နေပြီ ဖြစ်ပေသည်။
ယခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို တန်ယန်အပြင် ယန်ယီအန်လည်း ဝင်ရောက် ဖြေဆိုရပေသည်။
ယုံကြည်မှုအပြည့် ရှိနေသော တန်ယန်နှင့် နှိုင်းယှဉ်လျှင် ယန်ယီအန်မှာမူ မိမိကိုယ်ကိုယ် ယုံကြည်မှု လုံးဝမရှိချေ။ နောက်ပိုင်းတွင် တန်ယန်တို့ အတန်းနှင့်အတူ ရောနှော သင်ယူခဲ့သော်လည်း သူ၏အမှတ်များမှာ ပုံမှန်အဆင့်တွင်သာ ရှိခဲ့ရာ ယခုတစ်ခေါက်တွင် ဒုတိယတန်းစား တက္ကသိုလ် တစ်ခုခုသို့ ဝင်ခွင့်ရလျှင်ပင် သူကျေနပ်လှပြီ ဖြစ်သည်။
တန်ယန်နှင့် ယန်ယီအန်တို့မှာ စာစစ်ဌာနချင်း မတူကြသဖြင့် အိမ်မှ တစ်ချိန်တည်း ထွက်ခွာခဲ့ကြသော်လည်း လမ်းခွဲကာ အသီးသီး ထွက်ခွာသွားကြ၏။
ရာသီဥတုမှာ ပူပြင်းလှပြီး သစ်ပင်များပေါ်မှ ပုစဉ်းရင်ကွဲများ၏ တစာစာ အော်သံမှာလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။
တန်ယန်သည် အသစ်ဝေငှလိုက်သော မေးခွန်းလွှာကို ယူလိုက်ပြီး ပုံနှိပ်မှားယွင်းမှု ရှိ၊ မရှိ သိရှိနိုင်ရန် အစမှအဆုံး တစ်ချက်ကြည့်လိုက်၏။
သူမ ကံကောင်းသည်ဟုပင် ဆိုရမည်လားမသိ၊ အခက်ခဲဆုံးဟု သတ်မှတ်ထားသော ဗားရှင်းအေ မေးခွန်းလွှာကို သူမရရှိခဲ့သည်။
ယခုနှစ်၏ ဗားရှင်းအေ နှင့် ဗားရှင်းဘီတို့မှာ မေးမြန်းသည့် အချက်အလက်ချင်း တူညီကြသော်လည်း ဗားရှင်းအေ၏ မေးခွန်းများမှာ ဗားရှင်းဘီထက် သိသိသာသာ ပိုမိုရှုပ်ထွေး ခက်ခဲလှသည်။ ဗားရှင်းအေ ရရှိသွားသော ကျောင်းသားများမှာ မျက်နှာများ ဖြူလျော့သွားကြပြီး စိတ်ကိုအတင်း စုစည်းကာ ပုစ္ဆာများကို ခက်ခဲစွာ ဖြေဆိုနေကြရသည်။
တန်ယန်မှာမူ မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ မေးခွန်းလွှာကို ချောချောမွေ့မွေ့ပင် ဖြေဆိုသွားခဲ့၏။ စာမေးပွဲဖြေဆိုချိန် တစ်ဝက်ကျော်ရုံသာ ရှိသေးသော်လည်း သူမသည် တစ်စောင်လုံးကို ဖြေဆိုပြီးစီးသွားပြီ ဖြစ်သည်။ ပေါ့ဆ၍ မှားယွင်းမှုမျိုး ရှိ၊ မရှိ သေချာပြန်လည် စစ်ဆေးပြီးနောက် အမှားအယွင်း မရှိသည်ကို တွေ့ရသဖြင့် သူမသည် လက်ထောင်ကာ အဖြေလွှာကို အပ်နှံလိုက်လေသည်။
အဖြေလွှာ အပ်ပြီးနောက် သူမအား နားနေဆောင်သို့ ခေါ်ဆောင်သွားကြသည်။ သူမ အလွန်ပျင်းနေသဖြင့် စာမေးပွဲ ပြီးဆုံးချိန်ကို စောင့်ဆိုင်းရင်း စိတ်ထဲမှနေ၍ ‘ယိတျန်တျန်’ နှင့်သာ စကားပြောနေမိတော့သည်။
【အရှင်... စာမေးပွဲ ဖြေပြီးသွားပြီလား】
【အင်း... စာမေးပွဲခန်းထဲမှာ နေရတာ အရမ်းအိုက်စပ်စပ်ကြီး ဖြစ်နေလို့ အဖြေလွှာ စောအပ်ပြီး အနားယူဖို့ ထွက်လာတာ】
【အရှင်က တကယ်တော်တာပဲ အရှင်ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ဘာသာစုံ အမှတ်ပြည့်ရမှာ သေချာတယ်】
【အမှတ်ပြည့်တော့ ဟုတ်ချင်မှ ဟုတ်မှာပါ ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေမှာ ဝိဇ္ဇာဘာသာတွဲ ကျောင်းသားတွေကို အထိမ်းအမှတ်အနေနဲ့ တစ်မှတ်လောက် လျှော့ဖြတ်လေ့ ရှိတယ်လေ သိပ္ပံဘာသာတွဲ ကျောင်းသားတွေကတော့ အမှတ်ပြည့်ရဖို့ အခွင့်အရေး ပိုများတာပေါ့】
【ဟီးဟီး... ပထမရရင်ပဲ တန်ပါပြီ】
ယိတျန်တျန်နှင့် ခဏမျှ စကားပြောပြီးနောက် စာမေးပွဲ ပြီးဆုံးကြောင်း လူနာမည် ခေါင်းလောင်းသံ ထွက်ပေါ်လာရာ သူမသည် စာစစ်ဌာနမှ ပထမဆုံး ထွက်ခွာလာသူ ဖြစ်ခဲ့သည်။ စာစစ်ဌာန အပြင်ဘက်မှ မြင်ကွင်းမှာ သူမအတွက် ရင်းနှီးနေသလိုပင်။ သူမသည် တံငါသည်ဦးထုပ်ကို ငိုက်အောင်ဆောင်းကာ လူအုပ်ကြားထဲမှ အမြန်လျှောက်သွားပြီး သူမ၏ကားကို ရှာဖွေလိုက်တော့သည်။
သုံးရက်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး တန်ယန်နှင့် ယန်ယီအန်တို့၏ ပျော်ရွှင်စရာ နွေရာသီ အားလပ်ရက်ကြီး စတင်ခဲ့လေပြီ။ စာမေးပွဲ ဖြေဆိုပြီးနောက် ရလဒ်ထွက်ရန် ရက်ပေါင်းနှစ်ဆယ်ခန့် စောင့်ဆိုင်းရဦးမည်ဖြစ်ရာ သူတို့နှစ်ဦးစလုံးမှာ စာမေးပွဲကို ကောင်းကောင်း ဖြေဆိုနိုင်ခဲ့သည်ဟု ခံစားရသဖြင့် လောလောဆယ်တွင် အားရပါးရ အနားယူရန်သာ ဆုံးဖြတ်လိုက်ကြသည်။
တန်ယန် အိမ်မှာ အေးအေးလူလူ လှဲနေသည်မှာ တစ်ရက်ပင် မပြည့်သေးမီ 'ယွီယင်' ဘက်မှ အရေးကြီးသော လှုပ်ရှားမှုတစ်ခု ရှိလာခဲ့၏။
"အစ်မတန်... မနက်ဖြန်ကျရင် 'ယွီယင်' ဗီဒီယိုအတို ပလက်ဖောင်းကို စတင်တော့မှာ မမပြောခဲ့တဲ့ ဗီဒီယိုအတိုတွေ၊ တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ အွန်လိုင်းစျေးဝယ် စနစ်တွေအားလုံး တစ်ပြိုင်တည်း ပါဝင်လာမှာ ဖြစ်တယ် ပြီးတော့ ကျွန်တော်တို့က 'ဒေါ့အိစ်' ပလက်ဖောင်းနဲ့လည်း ချိတ်ဆက်ထားတာမို့ ယွီယင်စတိုးမှာ ဒေါ့အိစ်ရဲ့ ဆိုင်လင့်ခ်ကို တိုက်ရိုက် ထည့်သွင်းလို့ ရပါပြီ"
ဆွန်းယီဝမ်သည် ဤအချိန်တွင် အလွန်ပင် စိတ်လက်ပေါ့ပါး နေလေသည်။ သူ၏ ကြိုးစား အားထုတ်မှုများမှာ နောက်ဆုံးတွင် အသီးအပွင့် ခံစားရတော့မည်ဖြစ်ရာ ပလက်ဖောင်း၏ အောင်မြင်မှုကို သူ မျက်ဝါးထင်ထင် မြင်ယောင်နေမိချေပြီ။
"ဒီလောက်တောင် မြန်တာလား"
တန်ယန် အတော်လေး အံ့သြသွားမိသည်။ စမ်းသပ်မှုများအတွင်း အခက်အခဲအချို့ ရှိနေသည်ကို သူမ မြင်တွေ့ခဲ့ရသဖြင့် ပလက်ဖောင်း စတင်ရန် အချိန်အတော် ကြာဦးမည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
"အဟမ်း... တကယ်တော့ အဲ့ဒီလောက်ကြီးလည်း မမြန်ပါဘူး"
ဆွန်းယီဝမ်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။ အမှန်တကယ်တွင် ပလက်ဖောင်းကို လွန်ခဲ့သော သုံးလကတည်းက စတင်ရမည် ဖြစ်သော်လည်း စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ပြဿနာ အချို့ကြောင့် ကြန့်ကြာနေခဲ့ခြင်း ဖြစ်ပေသည်။ ကံကောင်းစွာဖြင့် တန်ယန်၏ အကူအညီကြောင့် ပြဿနာများကို အမြန်ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်ပြီး မဟုတ်ပါက ပုံမှန်အတိုင်း စတင်နိုင်ရန်ပင် မသေချာနိုင်ချေ။
"ကောင်းပြီလေ၊ မနက်ဖြန်ကျရင် ငါလာကြည့်မယ်"
ဖုန်းချပြီးနောက် တန်ယန်သည် ချင်ယွီရုံထံသို့ ဆက်သွယ်လိုက်သည်။ ပြီးခဲ့သည့် ခြောက်လပတ်လုံး ချင်ယွီရုံသည် ကျင်မြို့တွင် အလုပ်များနေခဲ့ပြီး တန်ယန်အတွက် ကုမ္ပဏီတစ်ခု ဝယ်ယူနိုင်ရန် ကူညီပေးနေခဲ့ခြင်း ဖြစ်သည်။
တိတိကျကျ ပြောရလျှင် စစ်ပွဲ၏ ဂုဏ်ကျက်သရေ ဟုခေါ်သော မိုဘိုင်းဂိမ်းကို ဖန်တီးခဲ့သည့် နာမည်ကျော် 'တီမီ စတူဒီယို' ကို ဝယ်ယူရန်ဖြစ်၏။
နောင်နှစ်အနည်းငယ် အကြာတွင် ‘စစ်ပွဲ၏ ဂုဏ်ကျက်သရေ’ သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်သော ဂိမ်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး တရုတ်နိုင်ငံရှိ ဂိမ်းဝါသနာအိုးများ၏ ၈၀ ရာခိုင်နှုန်းကို ဆွဲဆောင်နိုင်ရုံသာမက နိုင်ငံတကာ ပြိုင်ပွဲများအထိပါ ကျင်းပနိုင်မည့် ဂိမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုအချိန်တွင် ‘စစ်ပွဲ၏ ဂုဏ်ကျက်သရေ’ ၏ ကျော်ကြားမှုနှင့် ပတ်သက်ခွင့်ရသော မည်သည့် အနုပညာရှင်မဆို အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပေသည်။
ထိုဂိမ်းသည် ဆယ်စုနှစ် များစွာတိုင် ထိပ်တန်းနေရာတွင် ခိုင်ခိုင်မာမာ ရပ်တည်နေမည်ဖြစ်ရာ သူမ ပြန်လည် ဝင်စားလာသည့် နှစ်တွင်ပင် ဤဂိမ်းမှာ နံပါတ်တစ်နေရာ၌ ရှိနေဆဲပင် ဖြစ်သည်။
"အစ်မရုံ... အခြေအနေ ဘယ်လိုရှိလဲ"
ဖုန်းချိတ်ဆက်သွားသည်နှင့် တန်ယန်က လိုရင်းကို တိုက်ရိုက် မေးမြန်းလိုက်သည်။
"တီမီ စတူဒီယိုဘက်က သဘောတူပါတယ်၊ ဒါပေမဲ့ သူတို့က သီးခြား စီမံခန့်ခွဲပိုင်ခွင့်ကို လိုချင်နေကြတယ်"
ချင်ယွီရုံ၏ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော အသံ ထွက်ပေါ်လာ၏။
"ရပါတယ်"
တန်ယန်အတွက်မူ 'သစ္စာစောင့်သိမှုကတ်' ဖြင့် ဖြေရှင်းနိုင်မည့် ကိစ္စများအတွက် စိုးရိမ်နေရန် မလိုအပ်ပေ။
【ယိတျန်တျန်... နောင်မှာ လက်တွဲမယ့် သူတွေအတွက် 'သစ္စာစောင့်သိမှုကတ်' ကို လိုအပ်သလို အသုံးပြုလိုက်ပါ】
【ဟုတ်ကဲ့ပါ အရှင် တီမီစတူဒီယိုရဲ့ အဓိက အဖွဲ့ဝင်အားလုံးကို အခုပဲ ကတ်အသုံးပြုပြီးပါပြီ】
နောက်တစ်နေ့တွင် 'ယွီယင်' ဗီဒီယိုအတို ပလက်ဖောင်းကို စတင်မိတ်ဆက်ခဲ့ရာ C နိုင်ငံရှိ လူမှုကွန်ရက် စာမျက်နှာများနှင့် 'ဒေါ့အိစ်' ပလက်ဖောင်းတို့တွင် ကြော်ငြာများကို အစီအရီ မြင်တွေ့လာရသည်။ 'ယီယွီ ဖျော်ဖြေရေး' အောက်ရှိ အနုပညာရှင်များသည်လည်း 'ယွီယင်' ဆီသို့ စုပြုံရောက်ရှိလာကြပြီး နောက်ခံတေးဂီတ အမျိုးမျိုးကို အသုံးပြု၍ ဗီဒီယိုအတိုများ ရိုက်ကူး တင်ဆက်ကြလေသည်။
၎င်းတို့၏ အိုင်ဒေါများနောက်သို့ လိုက်ပါရင်း ပရိသတ်များမှာလည်း အက်ပ်ကို အလုအယက် ဒေါင်းလုဒ်ဆွဲကာ အကောင့်ဖွင့်ကြသဖြင့် 'ယွီယင်' သည် တစ်နေ့တာ အသုံးပြုသူ အများဆုံး အက်ပ်တစ်ခု ဖြစ်လာခဲ့ချေပြီ။ 'ယွီယင်' ကို အသုံးပြုသူများမှာ သူငယ်ချင်း အချို့ကို ဖိတ်ခေါ်ရုံမျှဖြင့် ငွေသားဆုလာဘ်များ ချက်ချင်း ရရှိနိုင်ကြောင်းကိုလည်း သိရှိသွားကြ၏။
ဤကဲ့သို့သော အရောင်းမြှင့်တင်ရေး နည်းလမ်းမျိုးမှာ နောက်ပိုင်းမျိုးဆက်များ အတွက်မူ အထူးအဆန်း မဟုတ်တော့သော်လည်း ယခုအချိန်ရှိ အသုံးပြုသူများ အတွက်မူ အလွန်ပင် ဆန်းသစ်နေပေသည်။ အချို့က သူငယ်ချင်းများကို စမ်းသပ်ဖိတ်ခေါ်ကြည့်ရာ ဆယ်ယွမ် (၁၀ ယွမ်) ဆုလာဘ် ရရှိသွားသဖြင့် အခြားသူငယ်ချင်းများကိုပါ အစုလိုက် အပြုံလိုက် ဖိတ်ခေါ်ကြတော့သည်။ ထိုသို့ဖြင့် တစ်ရက်တည်းမှာပင် ယွမ်တစ်ရာ၊ နှစ်ရာခန့်ကို အလွယ်တကူ ရှာဖွေနိုင်ခဲ့ကြလေသည်။
ထို့ကြောင့် ၎င်းတို့သည် ငွေရရှိသည့်ပုံကို ချက်ချင်းပင် ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်ပေါ်သို့ တင်ကြရာမှ လူအများအပြားမှာ 'ယွီယင်' အက်ပ်ဆီသို့ ထပ်မံစုပြုံရောက်ရှိလာကြပြီး ရူးသွပ်ဖွယ်ကောင်းလောက်အောင်ပင် တစ်ဆင့်စကားဖြင့် ပြန့်နှံ့အောင်မြင် သွားခဲ့ပေ၏။